လွမ်းရတဲ့သူတွေ (၁၃)
စာရေးသူ - မင်းသစ်
စာရေးသူ - မင်းသစ်
ဧည့်သည်ကြီး
ဆေးလိပ်လည်း တို
နေလည်း ညိုပြီ
ငါ့ကို ပြန်ပို့ကြပါလေ ...။
တင်မိုး
(၁၉၃၃-၂၀၀၇)
၁၉၆၁ ခုနှစ်။(၁၉၃၃-၂၀၀၇)
တစ်ခုသော မန်းသင်္ကြန်မှာ ဖြစ်ပါသည်။
ကျွန်တော်က ဟိုက်စကူးဖိုင်နယ် (၉တန်း) ကျောင်းသား။
ကျွန်တော့်ဦးလေးဖြစ်သူ ဦးလှမောင် (ယခု မြို့နယ် ပညာရေးမှူးအငြိမ်းစား)က ကျွန်တော့်အား မန္တလေး သင်္ကြန် မှာ လိုက်ပြရင်း လမ်း၈၀နှင့် ၃၆လမ်းထိပ် လက်သမားတန်းသို့ ရောက်နေချိန်။
"ဟေ့ကောင် အဘိုးကြီး၊ အဘိုးကြီး"
ရေပက်ခံကားတစ်စီးပေါ်မှ လူရွယ်တစ်ယောက်က ကျွန်တော့်ဦးလေးအား အော်ဟစ်နှုတ်ဆက် လိုက်ပါသည်။
"ဟာ ... ဟေ့ကောင် ဘဂျမ်း"
သူစကားမဆုံးမီမှာပင် သူတို့ကားက အဝေးရောက်သွားပြီ။
"အဲဒါ မင်းကြိုက်တဲ့ ကဗျာဆရာတင်မိုးပေါ့ကွ"
ကျွန်တော့်ရင် တစ်ချက်ခုန်သွားသည်။ ၉တန်းကျောင်းသားဖြစ်သော်လည်း တက္ကသိုလ်ကို ကြိုတင် ရင်ခုန် နေသော ကျွန်တော်သည် သူ၏ ကဗျာများ ဖြစ်ကြသော ...။
"နံ့သာမွှေးမြ ပန်းတစ်ခက်ကို
အညာကျေးက မန်းတက္ကသိုလ်" သို့လည်း ရောက်ဖူးချင်လှပါပြီ။ ထိုအချိန်တွင် သူ၏ "ဖန်မီးအိမ်" ကဗျာစာအုပ် တစ်အုပ်လုံးကို ကျွန်တော် အလွတ်ရနေပြီ။
"နေခြည်အစောင်း၊ လေပြည်လောင်းတော့
ဆွေမဒီအပေါင်းက လမ်းလျှောက်လာ
ရေနီမြောင်းက လွမ်းလောက်စရာလေ့" ဟု သူဖွဲ့ခဲ့သော၊ မန်းတက္ကသိုလ်မမှ ဆွေမဒီအပေါင်းတို့ လည်း အိပ်မက်မက်နေတတ်ပါပြီ။
ထို့ကြောင့် ...
"လေးလေးလှမောင်၊ ကျွန်တော်နဲ့ မိတ်ဆက်ပေးလေဗျာ"
"အေးပါကွ"
သို့သာ် သူနှင့် ဆုံခွင့်မရခဲ့ပါ။ ပထမဆုံးအကြိမ် ကြုံခွင့်ရခဲ့ခြင်းမျှသာ ဖြစ်ပါသည်။ အဝေးမှ မှန်းဆရုံ မျှသာ။
သို့ဖြင့် တက္ကသိုလ်ဝင်တန်း (မက်ထရစ်) သို့ ရောက်သောအခါ သူရေးသမျှ ကဗျာသာမက စကားပြေနှင့် စာစီစာကုံး များပါ မကျန် နှုတ်တက်ရွရွ ကျွန်တော် အလွတ်ရနေပါပြီ။
ထို့ကြောင့် ၁၉၆၂ ခုနှစ် ပညာတံခွန်နေ့ စာစီစာကုံးပြိုင်ပွဲတွင် မေမြို့ (ယခု ပြင်ဦးလွင်) အစိုးရ အထက်တန်း ကျောင်း ကို ကိုယ်စားပြုလျက် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ မြန်မာတစ်ပြည်လုံးတွင် ပထမရခဲ့ပါ သည်။
ကြွားတာ မဟုတ်ပါခင်ဗျား။ ကျွန်တော့်အပေါ် ဆရာတင်မိုး၏ လွှမ်းမိုးမှုနှင့် ဂုဏ်ကျေးဇူးကို ထုတ်ဖော်ခြင်း မျှသာ ဖြစ်ပါသည်။
ကျွန်တော် မန္တလေးတက္ကသိုလ်သို့ ၀င်ရောက်ခဲ့ပြီးသည့် အချိန်မှာလည်း သူ့ကို ဆုံခွင့်၊ သိကျွမ်းခွင့် မရသေးပါ။ တက္ကသိုလ်ပညတစ်ပိုင်းတစ်စဖြင့် ကျောင်းဆရာလုပ်နေသည်ဟု သတင်းရပါသည်။
၁၉၆၅ ခုတွင် ကျွန်တော်၏ ပထမဆုံး ကဗျာလုံးချင်းဖြစ်သော "အညာပလွေကဗျာများ" ကို ထုတ်ဝေရန် စီစဉ်ရသောအခါ အတန်းဖော်သူငယ်ချင်းနိုင်သူ (မန်းတက္ကသိုလ်)နှင့် တိုင်ပင်နှီးနှော ရာမှ သူ့ထံသို့ ရောက်ရတော့၏။ နိုင်သူကား ဆရာတင်မိုး၏လက်က သုံးတောင်ဝှေး။
ထိုစဉ်က ဆရာနေထိုင်ရာ ရသာနတ်းရပ်နေအိမ်သို့ ရောက်သောအခါ ဆရာ့ဇနီးမမစန်း နှင့် သမီး ဦးလေး မိုးစံ တို့ နှင့်ပါ ခင်မင်ရင်းနှီးခွင့်ရခဲ့သည်။ မိုးစံက ၁နှစ်သမီး၊ တောက်တဲ့ပြေးစပြုချိန်။
ကျွန်တော်က ဦးလေးဖြစ်သူ ဦးလှမောင်အကြောင်း ပြောပြသောအခါတွင်မူ တစ်သွေးတည်း တစ်သားတည်း ဖြစ်သွား ရတော့၏။
အကြောင်းမူ ဦးလေးလှမောင်နှင့် သူတို့သည် ညီရင်အစ်ကိုမက ချစ်ခင်ရင်းနှီးကြသော ငယ်ပေါင်း ကြီးဖော် များ ဖြစ်သောကြောင့်ပင်။
"ငါ့အပေါ်မှာ မင့်ဦးလေးရဲ့ ကျေးဇူး ရှိတယ်ကွ။ သူက ငါ့အရင် တက္ကသိုလ်ရောက်တာ။ ငါရောက် လာတော့ ရွှေပြည်အေး ဆောင် က သူ့အခန်းမှာ ငါ့ကိုခေါ်ထားတာ။ မင့်ဦးလေး က တုံ့နှေးတုံ့နှေး။ လှုပ်စိလှုပ်စိမို့ ငါ တို့က သူ့ကို အဘိုးကြီးလို့ခေါ်တာ" သည်တော့မှ ဇာတ်ရည်လည်တော့၏။
တကယ်တမ်း သားအဖရင်းချာတမျှ ချစ်ခင်ရင်းနှီးကြရသည်မှာကား ၁၉၆၇ သိပ္ပံအပိုင်း (ခ) Final Year B.Sc (Bio:) စနစ်ဟောင်း စာမေးပွဲ ကျွန်တော် ကျရှုံးသောအခါ ရန်ကုန်တက္ကသိုလ်စာစစ် ဌာနသို့ ပြောင်း၍ ဖြေဆိုရင် ကျွန်တော် ကြိုးစားခဲ့၏။ ဖဆပလ ၀န်ကြီးချုပ်ဟောင်း ဦးဗဆွေ နှင့် ဆရာတင်မိုးတို့၏ ကျေးဇူး ကြောင့်သာ ကျွန်တော်ဘွဲ့တစ်ခုရခဲ့ခြင်း ဖြစ်ပါ၏။ ဘဘကြီး ဦးဗဆွေက နေစရာ၊ စားစရာပေး၏။ အထူး သဖြင့် ဆရာတင်မိုးကြောင့် ထိုစာမေးပွဲကို ကျွန်တော်ဖြေဆိုဖြစ်ခဲ့ ခြင်းက ဖြစ်ပါသည်။ ထိုစဉ်ကာလမှာ ကျွန်တော် က "ကျားဖမ်းမယ်၊ ဆင်ဖမ်းမယ်" ဟု ကြုံးဝါး နေချိန်။
ဆရာ က တစ်ခွန်းပဲ ပြောသည်။
"မင်းလိုကောင်မျိုးကတော့၊ ဗဟိုမပြောနဲ့ ရွှေကျင် မဒေါက်မှာတင် အသတ်ခံရမယ့်ကောင်။ စာမေးပွဲပြီး အောင်ဖြေ။ ဘွဲ့ရအောင်ယူ၊ ပြီးမှ မင်းလုပ်ချင်တာလုပ်"
လေနောက်မှာ လက်ပါ ပါသည်။ မနက်မိုးလင်းလျှင် ဦးဗဆွေအိမ်မှ သူ့အိမ်ရှိရာ ပုဂံလမ်းသို့ သွားရ ပါသည်။ ထိုစဉ် က သူသည် ဆရာမင်းသုဝဏ် လှမ်းခေါ်သဖြင့် ရန်ကုန်တက္ကသိုလ်၊ ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေ ရေး ဌာနတွင် စာပြုအရာရှိ ဖြစ်နေပါပြီ။
နေ့စသ် သူ့အိမ်ရောက်လျှင် နံနက်စာ ကျွေးပါသည်။ သူတို့လင်မယားနှစ်ယောက် ကျောင်းနှင့် ရုံးသို့ သွားကြ သော အခါ (ထိုစဉ်က မမစန်းက အမေ့ကျောင်းဆိုသော မူကြိုကျောင်းလေးထောင် ပြီးပါပြီ။) အမှတ် ၅၅၅၊ ကုန်သည်လမ်းရှိ ဆရာပေါ်ဦးသက်၏ ပန်းချီစတူဒီယိုသို့ သွားခိုင်းပါသည်။ ဆရာပေါ်ကျွေးတာစားပြီး စာကျက် စာရေး လုပ်ရပါသည်။ (ကျေးဇူးပဲ၊ ဆရာပေါ်ရေ့)
ညနေစောင်း လျှင် သူ့ဆီသွားပြီး ရှိပါတယ် ခင်ဗျာ" လုပ်ရပါသည်။ ညနေစာ ကျွေးမွေးပြီးမှ ဦးဗဆွေ အိမ်သို့ ပြန်ရပါသည်။
စာမေးပွဲနီးလာသောအခါ သုခလမ်းရှိ စာရေးဆရာမိုးဝေ၏အိမ်သို့ ညအိပ်ညနေ စာကျက်ရန် လွှတ် ပါသည်။ ထိုစဉ်က ဆရာ၏သမက်ဖြစ်သူ Samule Thar Myint မှာလည်း ပထမအကြိမ်ကျ၍ ကျွန်တော့်လိုပင် နောက်ဆက်တွဲ စာမေးပွဲဖြေဆိုရမည့်သူ ဖြစ်ပါသည်။ စကားစပ်၍ပြောရလျှင် Samuel ၏ ဖခင်မှာ ထိုစဉ်က သတ္တဗေဒ ပါမောက္ခကြီးဒေါက်တာသာမြင့် ဖြစ်ပါသည်။ Samuel သည် ထိုသတ္တဗေဒဘာသာရပ်တွင် ကျရှုံးခြင်း ကြောင့် နောက်ဆက်တွဲ စာမေးပွဲဖြေရခြင်း ဖြစ်ပါ သည်။ သြော် ... ဟိုတုန်းက တက္ကသိုလ်။
သို့ဖြင့် ကျွန်တော် ဘွဲရခဲ့ပါ၏။
သို့ဖြင့်ပင် ကျွန်တော်သည် တင်မိုး၏ကိတ္တိမသားမင်းသစ် ဖြစ်ခဲ့ရပါလေ၏။ လွမ်းတယ်၊ ဂျမ်းရယ် ...။
"လွမ်းရတဲ့သူတွေ (၂) မြတ်လေး" ကိုရေးတုန်းက ကျွန်တော် ဒီလို ရေးခဲ့ဖူးပါတယ်။
"ကျွန်တော့်ရဲ့ ငယ်ဘ၀မှာ အားကျကြည်ညိုကိုးကွယ်ခဲ့တဲ့ ပုဂ္ဂိုလ် ၁၂ယောက် ရှိပါတယ်။ ရှင်မဟာရဋ္ဌသာရ၊ စလေဦးပုည၊ သခင်ကိုယ်တော်မှိုင်း၊ မိုပါဆွန်း၊ လီနင်၊ တဂိုး၊ မောင်ထင်၊ မင်းသုဝဏ်၊ ဗန်းမော်တင်အောင်၊ မြသန်းတင့် နှင့် မြတ်လေး ..."
အထက်ကနာမည်တွေကို ရေတွက်ကြည့်ရင်း ၁၁ယောက်ပဲ ရှိတာ တွေ့ရပါလိမ့်မယ်။ "တင်မိုး" ကျန်ခဲ့တာပါ။
ကဲ ... အခု ၁၂ယောက်မြောက်ဖြစ်တဲ့ သူ့အကြောင်းကို လွမ်းတော့မယ်ဗျာ။
ဆရာတင်မိုး ကား ဘိုလိုပြောရလျှင် ကျွန်တော်၏ GOD FATHER (ခေါင်းကိုင်ဖခင်) တစ်ဦး ဖြစ်ပါ၏။ ကျွန်တော်၏ သမီးရည်းစားရေး၊ အိမ်ထောင်ရေးကအစ ကျွန်တော်က တိုင်ပင်၏။ ပူဆာ၏။ ဂျီကျ၏။
၁၉၆၇-၆၈ ခုနှစ်တွင် ရန်ကုန်အလုံ အ.ထ.က (၄)တွင် ကျွန်တော် ဓာတုဗေဒဆရာဝင်လုပ်သော အခါ ရောဂါတစ်ခု စွဲကပ်ငြိပါ၏။ ထိုစဉ်က ကျွန်တော့်ချစ်သူမှာ တက်သစ်စ ရုပ်ရှင်မင်းသမီးလေး ဖြစ်သော ယနေ့ အကယ်ဒမီဆုရ ရုပ်ရှင်မင်းသမီးကြီး။
ကျွန်တော် ဖျပ်ဖျပ်လူး လိုချင်လှပါပြီဖြစ်သောအခါ ဆရာက အေးအေးဆေးဆေးပဲ ဖျောင်းဖျရှာပါ သည်။
"မင်းလည်း မပြည့်စုံသေးဘူး၊ သူလည်း မအောင်မြင်သေးဘူး၊ ရုပ်ရှင်နယ်ဝင်မှာဆိုတော့ ဘာမှ ကြိုတွက်ထား လို့ မရဘသေးဘူး၊ စောင့်ကြည့်ပါဦးကွာ"
မှန်၏။ ကြာကြာစောင့်လိုက်ရပါ။ ကျွန်တော့်ရွှေမင်းသမီးသည် မကြာမီ ကျွန်တော်နှင့် လမ်းခွဲ၏။ မကြာမီ ရုပ်ရှင် အသိုင်းဝိုင်း နှင့် နီးစပ်သူတစ်ဦးနှင့် အိမ်ထောင်ကျ၏။ မကြာမီ အကယ်ဒမီရ၏။ ဆရာက "ငါပြောတယ် မဟုတ်လား" ဟူသော အပြုံးလေးဖြင့် ကျွန်တော့်ကို ပြုံးပြ၏။
ထိုစဉ်က ကျွန်တော့်မှာ အောင့်သက်သက်။
ခုတော့လည်း ကျေးဇူးတင်လိုက်တာ ဆရာရယ်။
ကျွန်တော့်ရည်းစားမှန်သမျှ သူတွေ့ဖူးသည်ချည်း။
ကြာတော့ သူသာမက သူ့ဇနီးမမစန်းကပါ ဆူတော့၏။
"မယူနိုင်ရင် မတွဲနဲ့မောင်မြတ်သူ" တဲ့။
ယခုဇနီးနှင့် လက်ထပ်သောအခါတွင်ကား မမစန်းက မုဒိတာ စကားဆို၏။
"အခုမှပဲ၊ မင်းခြေငြိမ်တော့မှာ"
ဆရာတင်မိုးကတော့ တစ်ခွင်းဝင်ပြောသည်။
"ဒီကောင်နှင့် မတန်ပါဘူးကွာ။ ဘာ့ကြောင့်များ၊ မင်းသစ်လိုကောင်မျိုးများ ယူရသလဲ ရှယ်လီရာ"
ထိုစကားမျိုးပြောသူ နောက်တစ်ယောက်မှာ ကိုမြတ် (ဆရာမြတ်လေး) ဖြစ်ပါချေ၏။
အခုတော့ ထိုအစ်ကို ဆရာနှစ်ယောက်စလုံး မရှိကြတော့။
သြော် .. လွမ်းရတဲ့ သူတွေပါခင်ဗျာ။
ဆရာဂျမ်းနှင့် ပတ်သက်လာလျှင် လွမ်းစရာတွေသာမက ရယ်စရာပျော်စရာတွေကလည်း အများသား။
လက်ဖက်ရည်ဆိုင်ထိုင်လျှင် စကားတပြောပြောဖြင့် စားပွဲပေါ်ရှိသမျှ မီးခြစ်တွေကို သူ့တိုက်ပုံအင်္ကျီ ၏ မြောက်မြားလှစွာသော အိတ်များထဲသို့ ကောက်ထည့်၏။ ညနေအိမ်ပြန် ရောက်ပြီး အင်္ကျီ ရှင်းလင်းရေး လုပ်တော့မှ မီးခြစ်ပေါင်းများစွာ ထွက်လာ၏။ ဘယ်သူ့မီးခြစ်တွေမှန်းလဲ သူမမှတ်မိ။ ကြာတော့ ကျွန်တော် တို့ ကလည်း မီးခြစ်ပျောက်တိုင်း ဆရာဂျမ်းဆီပါသွားတာနေမှာဟု ထင်တတ် ကြပြီ။ ထိုစဉ်က သည်အဖြစ်မှာ ကျွန်တော် တို့အတွက် ဟာသတစ်ခု။
ဆရာက ခပ်တည်တည်နှင့် ဟာသလည်း လုပ်တတ်သည်။
"စောစောက ငါ့ရုံးကို ရှယ်လီလာသွားတယ်။ အရေးကြီးလို့ အိမ်စောစောပြန်ခဲ့ပါတဲ့"
အိမ်ပြန်ရောက်တော့ ဘာမှမဟုတ်။ သူ့ကို ပြန်ပြောတော့
"မင်း အပြင်မှာ မူးရူးသောက်စားပြီး အိမ်ပြန်နောက်ကျမှာစိုးလို့ကွ" ပြောရင်း မျက်လုံးပိတ်မတတ် ရပ်သည်။
ထိုဟာသဓာတ်ခံရှိသောကြောင့်လည်း လောကဓံကို ခံနိုင်လျက် လောကကြီးကို ခွင့်လွှတ်နိုင်ခဲ့ သည်ဟု ထင်သည်။
တစ်ခါက ဘားလမ်းအချုပ်မှတစ်ဆင့် သူ့ကို ရုံးထုတ်လာသည်။ ကျွန်တော်တို့ လင်မယားသွားတွေ့ ကြသည်။
သူကား ဆေးလိပ်ကို အလွန်နှစ်ခြိုက်စွဲလမ်းလွန်းသူ တစ်ယောက် ဖြစ်ချေ၏။ သူ၏နာမည်ကျော် ကဗျာ ထဲမှာပင် ဆေးလိပ်က ဇာတ်ကောင် ဖြစ်နေသေးသည်။
ဧည့်သည်ကြီး
ဆေးလိပ်လည်းတို
နေလည်း ညိုပြီ
ငါ့ကို ပြန်ပို့ကြပါလေ။ ။
ထို့ကြောင့် ရုံးအထုတ်သွားတွေ့ရာတွင် သူ့အကြိုက်တွေ့စေရန် အစီခံပါသော Lucky Strike စီးကရက်ဘူး များ ယူသွား၏။
"ဘာစားချင်သလဲ ဆရာ"
"ဟို အင်္ဂလိပ်မုန့်လက်ဆောင်း စားချင်တယ်ကွာ"
"ဘာလဲ ဆရာရဲ့"
"ဟိုတစ်ခါတုန်းက အင်းလျားလိပ်မှာ မင်းနဲ့ငါသွားစားတာလေ"
စိတ်မကောင်း နေရသည့် အထဲ ရယ်ချင်လာမိသည်။
"ဟာ ... ဒိုမီနိုကော်ပလာ ပါ ဆရာရဲ့"
"အေး ... အေး၊ အဲဒါပြောတာ ဟဲ ... ဟဲ"
ဒုက္ခနွံထဲမှာပင် ရယ်နိုင်သော ကျွန်တော့် ဆရာပါတကား။
သို့သော် တစ်သက်မှာ တစ်ခါဆိုသလို ဆရာဒေါသကြီးသောအခါတွင်မူ ကျွန်တော်တို့အားလုံး နေစရာ မရှိ အောင် ကြောက်ကြရ၏။
ဒေါသမကြီးတတ်သူမို့ ပိုလန့်ကြရ၏။
အထူးသဖြင့် ကျွန်တော်နှင့် ပတ်သက်သည့် အိမ်ထောင်ရေး တာဝန်မကျေမှု၊ မူးယစ်သောက်စား သုံးဖြုန်းမှု သတင်း များကို ကြားရသောအခါတွင်မူ "ခွေးမသား" ချင်း မိုးမွှန်အောင်ဆဲ၏။
ကျွန်တော်ကလည်း ပန်းနှင့်ပေါက်သလောက်သာ ထင်ပါသည်။
ဆရာသည် ငွေကြေးကိုလည်း ခုံမင်တွယ်တာတတ်သူ မဟုတ်။
ဤသည်ကို အခွင့်ကောင်းယူလျက် ကျွန်တော်နှိပ်စက်သမျှကို ဆရာနှင့်မမစန်းတို့ ခံကြရ၏။ မျက်နှာမပျက် ခွင့်လွှတ်ကြ စမြဲ။
ဆရာ့ကဗျာပေါင်းများစွာကို ကိုယ်ပိုင်သံစဉ်ထည့်ပြီး ကျွန်တော် သီချင်းများ ရေးဖူး၏။ အများစုမှာ ရုပ်ရှင် သီချင်း များ ဖြစ်ကြပြီး ရုပ်ရှင်ပြပြီးလျှင် ပျောက်သွားကြသဖြင့် ကျွန်တော် နှမြော၍ မဆုံး။
ဆရာ၏ "လှေတစ်စင်းနှင့် သီချင်းသည်" ကဗျာစာအုပ်ထဲမှ "တစ်သက်မှာ သည်တစ်ပွင့်" ကဗျာ သည် ဓာတ်ပြားရသီချင်းတစ်ပုဒ်အဖြစ် မြန်မာအသံတွင် ကျန်ရစ်ခဲ့၏။ ချစ်စပယ် ဆို၏။
သို့သော် ထိုကဗျာများနှင့် ပတ်သက်၍ သီချင်းရေးခကို ကျွန်တော် သုံးသည်။ ထို့အတွက် ကဗျာ စာမူခဟူ၍ ဆရာ့ ကို တစ်ခါမှ မပေးဖူးပါ။ ဆရာကလ်ညး စကားစပ်၍ပင် မပြောဖူးပါ။
ကျွန်တော့် အောင်မြင်မှု ကိုသာ ကျေနပ်နေရှာပါသည်။
ကျွန်တော်ကလည်း ကိုယ့်အဖေအမွေ ကိုယ်သုံးသည်ဟုသာ သဘောထားပါသည်။
ထို့အတူ ဆရာ့တွင် စိတ်ပျက်စရာ။ စိတ်ညစ်စရာ အကျင့်လေးတွေလည်း ရှိသည်။ ကဗျာအကြောင်း၊ စာအကြောင်း၊ မြန်မာအကြောင်း၊ ကမ္ဘာအကြောင်းတို့ကို ၀ိုင်းထဲရှိ ကျန်လူများ က အားတက်သရော ဆွေးနွေး နေကြချိန် တွင် သူ့ကြည့်လိုက်တော့ အိပ်ပျော်နေပြီ။
ထုံးစံအတိုင်း စည်းချက်မှန်မှန် ဟောက်သံပေးလျက်။
တစ်ခါတစ်ရံ သူအနုပညာဈာန်ဝင်သွးလျှင် အတူပါလာသူ မသက်သာတော့။
ကြုံရ ဖူးသည်ကို လွမ်းပြပါဦးမည်။
ထိုနေ့က သူနှင့်ကျွန်တော် နှစ်ယောက်သား အင်းလျားကန်ဘောင်တွင် လမ်းလျှောက်ကြပါသည်။ လူအများနှင့်ဝေးရာ ရေစပ်နှင့်အနီးစားပွဲမှာ ထိုင်လျက် အကြော်စားကြပါသည်။ ရေနွေးကြမ်း သောက် အာရှင်းလျက် သီချင်းဆိုကြပါသည်။
မန္တလေးအလွမ်းပြေ မန်းတေးများတစ်ပုဒ်ပြီးတစ်ပုဒ် ဆိုကြပါသည်။ မှတ်မှတ်ရရ ထိုနေ့က မြို့မငြိမ်း ၏ "ချိုအီ" သီချင်း ကို ကျွန်တော့်အား သင်ပေးပါသည်။
မှောင်စပျိုးလာသဖြင့် ကျွန်တော်က ပြန်ကြရန် ပြောသောအခါ
"နေစမ်းပါဦးကွ၊ ခုမှ ပျိုးရုံရှိသေးတာ"
ငယ်ဆရာ ငယ်ကြောက်မို့၊ စိတ်ညစ်ညစ်နှင့် ဆက်ထိုင်ရင်း မိုးချုပ်သွားသဖြင့် ဆိုင်လည်း ပိတ်ချေ ပြီ။ စိတ် လည်း ညစ်ချေပြီ။
သည်တွင် သူ၏စိတ်ပျက်လက်ပျက် စကားတစ်ခွန်းကြောင့် ကျွန်တော် ရယ်ရသည်။
"မန္တလေးမှာတုန်းကပေါ့ကွာ။ မင်းလည်း သိသားပဲ။ ငါက မြို့မငြိမ်းခရေဇီဆိုတော့ စန္ဒရား ကိုသိန်းမောင် က တစ်ဆင့် ဓားတန်း ဦးသန့်ကို သွားတွေ့တာကွ။ ဆရာငြိမ်းအကြောင်း ပိုသိချင်လို့လေ။
"ဟုတ်တာပေါ့။ ဦးသန့်က မြို့မငြိမ်းရဲ့ဆရာလို့ ကြားဖူးတယ်"
"ဟုတ်တယ်လေ၊ ဒါ့ကြောင့် သွားတွေ့တာပေါ့၊ အဲဒီမှာ ပက်လက်လန့်တော့တာပဲ"
"ဘာဖြစ်လို့လဲ"
"ဦးသန့်က ပြောတယ်ကွ။ သြော် .. မောင်ငြိမ်း၊ မောင်ငြိမ်း ဘာမှမလုပ်ရသေးခင် သေသွားရှာတယ် ... တဲ့"
"ခွီး"
မအောင့်နိုင်သောကြောင့် ကျွန်တော် ပါးစပ်ပိတ်ရယ်မိ၏။
"ခွေးမသား၊ မင်းက ရယ်နေ၊ ငါ့မှာဖြင့် ဘာဆက်ပြောရမှန်းကို မသိတော့ဘူး၊ ကပျာကယာ နှုတ်ဆက်ပြီး ပြန်ပြေးခဲရတယ်"
"ဟား ... ဟား ... ဟား ... ဟား"
ကျွန်တော် ဟားတိုက်ရယ်သောအခါ "ခွေးမသား" ချင်း မိုးမွှန်အောင် ဆဲပြန်၏။
သူနေထိုင်ရာ ပုဂံလမ်းအိမ်သို့ရောက်တော့လည်း အိမ်ထဲမ၀င်သေး။ ခြံဝအုတ်ခုံတွင် ထိုင်ခိုင်းပြီး သီချင်း ဆိုခိုင်း ပြန်ပါသည်။
ခေတ်ဟောင်း၊ ကာလပေါ်၊ စတီရီယို မျိုးစုံအောင် ဆိုပြပြီးမှ ပြန်ခွင့်ပြုတော့၏။
အိမ်ပြန်နောက်ကျသော ကျွန်တော့်အား "ဆရာဂျန်းနဲ့ စကားကောင်းသွားလို့ပါကွာ" ဟူသော စကားတစ်ခွန်း ဖြင့်ပင် ကျွန်တော့်ဇနီးက ခွင့်လွှတ်၏။
ထိုဆရာတင်မိုး (ခေါ်) ဆရာဂျမ်းသည် ကျွန်တော့်ဇနီးနှင့် တွေ့သောအခါမှပင် သူ့နဖူးကိုသူ လက်ဝါးနှင့် ရိုက်ရ ပါချေ၏။
ထိုစဉ်က ကျွန်တော်တို့လူစုတွင် "သောကြာဝိုင်း" ဟုခေါ်သော စကားဝိုင်းလေးတစ်ခု ရှိ၏။ ဆေးတက္ကသိုလ်(၁)၏နောက်ဘိအိုစီကောလိပ်ဘေးရှိ ဒေါ်ကြည်၏ဆိုင်တွင် သောကြာနေ့တိုင်း စခန်းချကြ၏။
မပျက်မကွက် လာကြသူများမှာ ဆရာမောင်သာနိုး၊ ဆရာတင်မိုး၊ ဆရာဦးဟုန်ဝမ်၊ ဆရာဝင်းဖေ၊ ကိုကျော်ကျော်(ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ်၏သား)၊ ကိုအာသာမြင့် (ဆရာဦးသိန်းဖေမြင့်၏ သား)၊ ဆရာမောင်စံဖော်၊ ကိုသိန်းထိုက် (ပြည်သူ့ရဲဘော်ဗိုလ်ညိုမှိုင်း၏သား)နှင့် ကျွန်တော်တို့ ဖြစ်ကြပါ၏။
ထိုနေ့ ကတော့ ကျွန်တော့်ဇနီးပါ ပါလာ၏။
ကျွန်တော့်ဇနီးကတော့ အစားအသောက်ကိုသာ ဦးစားပေးသူဖြစ်၍ ကျွန်တော်တို့၏ စာရေးပေရေး၊ တိုင်းရေး ပြည်ရေးနှင့် ကမ္ဘာ့အရေးတို့တွင် ပါဝင်ဆွေးနွေးခြင်း မရှိပါ။ ထိုစဉ် ဆရာတင်မိုးက မှတ်ချက် တစ်ခုပေး၏။
"ဆရာမောင်သော်က ၀တ္ထုတွေ သိပ်ထက်တာဗျ"
မပြောစဖူး ကျွန်တော့်ဇနီးက တစ်ခွန်းဝင် ပြော၏။
"ဟုတ်တယ်၊ ဟုတ်တယ်။ ကျွန်မလည်း သူ့ရဲ့အရိုင်း ဆို သိပ်ကြိုက်တာ"
တစ်ဝိုင်းလုံး ကြောင်ပြီး ငြိမ်ကျသွားသည်။ ပြီးမှ ၀ါးလုံးကွဲ ရယ်ကြတော့၏။ ဆရာတင်မိုးကတော့ သူ့နဖူးကို လက်ဝါးလေးဖြင့် ရိုက်ကာ ... ရိုက်ကာဖြင့်။
"သွားပါပြီ ရှယ်လီ ရယ်၊ နင်လုပ်လိုက်မှ သွားပါပြီ"
ထိုသတင်းသည် သူ၏မောင်းထုမှုကြောင့် ရန်ကန်ုတက္ကသိုလ်တစ်ခုလုံး ပျံ့လေတော့၏။ ကျွန်တော့် ဇနီးကား စာရေးဆရာမောင်သော်ကနှင့် ကာတွန်းဆရာမောင်သော်ကတို့ကိုပင် မခွဲခြားတတ်သူပါ တကား။
ကြားရသူတိုင်း ရယ်၍မဆုံး။
သူ့ဇနီးမမစန်းဆုံးသောအခါ ထုံးစံအတိုင်း ကျွန်တော် ရန်ကုန်မှာ မရှိပါ။ သွားပေဦးတော့ ကျေးဇူးရှင်ကြီးရေ။
သို့သော် သတင်းတစ်ခုကြားရ၍ လူတိုင်းအံ့သြ၍ မဆုံးကြ။ ကျွန်တော်ကတော့ လုံးဝမအံ့သြမိပါ။ ကျွန်တော့် ဆရာ အကြောင်း ကျွန်တော်အသိဆုံး။
အသုဘ ကို မြေမချခင် မမစန်း၏ ရုပ်ကလာပ်ကို ဆရာက ထိုင်ကန်တော့သည်ဆို၏။ သူက တစ်ခွန်းပဲ ပြော သည်။
"ကျေးဇူးတရားကို ကန်တော့တာပါဗျာ" တဲ့။
ဤသည်ပင် "တင်မိုးအစစ်" ဖြစ်တော့၏။
၂၀၀၇ ခုနှစ်တွင် ဆရာ ကွယ်လွန်သွားခဲ့သည်။
"လှေတစ်စင်းနှင့် သီချင်းသည်" ကား ခရီးဆက်သွားပြန်လေပြီ။
"ဧည့်သည်ကြီး" အိမ်ပြန်စောလှသည်ဟု ကျွန်တော်ထင်သည်။
ဆရာ့ကို ကျွန်တော် ကန်တော့ခွင့်မရလိုက်ပါ။
မည်သို့ပင်ဖြစ်စေ ...
ကန္တာရနှစ်များကို ဖြတ်ကျော်အပြီး၊ နှင်းဆီပွင့်ပေါ် အိပ်ပျော်ရင်။ စိမ်းလန်းသောအိပ်မက်များကို မက်နေ နိုင်ပါစေ ဟု ကျွန်တော် ဆုတောင်းနေပါသည်။
"သြော် ... ဆေးလိပ်မတို
နေမညိုဘဲ
သူ့ကို ပြန်ပို့ရပြီကော"
ဆရာ့ရဲ့ သားဆိုး-ညီမိုက်
မင်းသစ်

(မဟေသီ မဂ္ဂဇင်း ဂျွန်လ ၂ဝ၁၁)
.
8 comments:
လာဖတ်သွားတယ် အမရွှေစင်ရေ ...
ဆရာကြီး ဦးတင်မိုးရဲ့ အကြောင်းတွေ ဖတ်တိုင်း ဆရာကြီးကို ပိုချစ်ခင် လေးစားမိတယ်။
ဆရာမင်းသစ်စာတွေလဲ မဖတ်ရတာကြာပြီမို့ စာသစ်လေးတွေ တင်ပေးတာ ကျေးဇူး အမရေ ... ။
အင်း...
မမရွှေစင် ၊ ဆရာကြီးဦးတင်မိုးရဲ့ 
ဆေးလိပ်တိုတဲ့ ကဗျာလေးကိုဖတ်ရင်း
အကြိမ်ကြိမ် ပြန်ရွတ်နေမိတယ်ဗျာ...။
ဘဘဦးတင်မိုးအကြောင်းတွေကို အစ်မချိုသင်းဆီမှာဖတ်ဖူး
ပေမယ့် ဖတ်လို့မဝနိုင်ဘူး...။သိပ်ဖတ်လို့ကောင်းတယ်...။
ဆရာမင်းသစ်ရဲ့အရေးအသားကလည်း ကောင်းတာကိုး..။
ကျေးဇူးပါအစ်မရေ....။
ဆေးလိပ်တိုကဗျာလေးကတစ်ခါဖတ်ပြီး
တော်တော်စွဲတာပဲအမရွှေစင်ရေ.....
ချမ်းမြေ့ပါစေ။
မရွှေစင်ရေ ဆရာကြီးအကြောင်းဖတ်ရတာ အရမ်းကျေးဇူးတင်ပါတယ်။ ဦးတင်မိုးဆိုတာ လူသေပေမယ့် နာမည်ဘယ်တော့မှမသေမယ့် ဆရာကြီးပါ။ ကလေးတိုင်းလိုလို သူ့ရဲ့ ကဗျာလေးတွေနဲ့ မကင်းဘဲကြီးပြင်းလာခဲ့ကြရတာပါ။ မိနီကလေးဘယ်ကလာတို့ ယုန်ကလေးကနားရွက်ထောင်တို့ ကဗျာလေးတွေက အခုထိတောင် ရိုးမှမရိုးနိုင်သေးတာဘဲ။
ဖတ်သွားပါတယ်နော်
Thank you Ama for not only this post but also the remembrance post for Ba Kyauk
ူသူ့ကဗျာလေးတွေက သူ့စိတ်ထားနူးညံ့
သိမ်မွေ့ ပုံကိုဖေါ်ပြနေတယ်။ကျွန်တော်
လေးစားချစ်ခင်ရတဲ့ ကဗျာဆရာတစ်ယောက်ပေါ့။
Post a Comment