အခန်း(၃)
ကျွန်ုပ်၏ အမှတ်အသား ၀ါးတုတ်ကလေးများကို ရေတွက်ခြင်းဖြင့် ကျွန်ုပ် နောင်စငဲ့ ဒေသသို့ ရောက်နေ သည် မှာ ငါးကျော်ပေပြီ။ ဤရက်များအတွင်း ကျွန်ုပ်နေထိုင်ရာ ဥယျာဉ်အတွင်းဝယ် သူတို့ဓလေ့အတိုင်း တောင်ယာ ပဲခင်း စိုက်သည်။
အားလပ်သော အချိန်၌ ကျွန်ုပ်သည် စောဝေဖော်ထံ သူတို့၏စာပေကို သင်ကြားသည်။ စောဝေဖော်အား လည်း ကျွန်ုပ်က ဓားခုတ်လှံထိုးအတတ် သင်ပေးသည်။ ဓားလွှတ်နှင့် လှံအစား ခိုင်မာသော ၀ါးရင်းတုတ်ကို အသုံးပြုပေး၏။
စောဝေဖော်နှင့်ကျွန်ုပ်မှာ အတော်ပင်ခင်မင်ကာ သံယောဇဉ်တွယ်နေရာမှ စောဝေဖော်နှင့် အစ်မဖြစ်သူ နန့်မထေ့ တို့ အကြောင်းကိုလည်း သိရပါ၏။
စောဝေဖော် နှင့် နန့်မထေ့တို့ မောင်နှမမှာ မိဘများ ငယ်စဉ်ကပင် သေဆုံးကြကြောင်း သိရ၏။ သို့သော် နေရေး စားရေးမပူရ၊ သူတို့ဓလေ့ထုံးစံအတိုင်း တစ်ယောက်အလုပ် တစ်ယောက် ကူညီလုပ်ပေးသည်။
တစ်ယောက်အိမ် တစ်ယောက် တက်စားသည်။ အလုပ်မလုပ်နိုင်သော လူမမယ်မိဘမဲ့များ၊ မစွမ်းမသန် သူများ၊ သက်ကြီး ရွယ်အိုများကိုကား အလှည့်ထားပြီး မငြိုမငြင် ကျွေးမွေးပြုစုကြသည်။ ဘာပူစရာရှိပါ သနည်း။ အမှန်တကယ်ပင် သူတော်ကောင်းတရား ပြည့်ဝသူများ ဖြစ်ကြ၏။
နန့်မထေ့မှာ ဘုရင်မ၏ ရံရွှေတော်တစ်ဦး ဖြစ်ကြောင်း သိရသည်။ ရံရွှေတော်များမှာ အမြဲတစေ အမှုထမ်း နေရသည်ကားမဟုတ်၊ ဤဒေသရှိ လင်ယောက်ျား မယူသေးသော မိန်းမပျိုများ၊ ဆယ်ယောက်တစ်တွဲ အလှည့် နှင့် အမှုထမ်းရသည်။
ကျွန်ုပ်ရောက်စက နန်ပမထေ့မှာ အမှုထမ်းအလှည့်ကျနေသည်ဖြစ်၍ မတွေ့ရခြင်းဖြစ်သည်။ ယခု ကျွန်ုပ် နေသောအိမ် မှာ နန့်မထေ့တို့မောင်နှမ၏ အိမ်ဖြစ်ကြောင်း သိရ၏။
အမဲသားငါး မပါဘဲ သက်သတ်လွတ်ချည်း စားနေရသော ကျွန်ုပ်မှာ တဖြည်းဖြည်းနှင့် သူတို့ ရေမြေ လိုက် ကာ အသားအရည် ဖြူဖပ်ဖြူရော်အသွင်သို့ ပြောင်းလာပါ၏။ မျက်ခွံမမို့ခြင်း၊ ကြောင်တက်တက် မျက်လုံး မရှိခြင်းမှလွဲ၍ သူတို့ ဘာသာစကား စာပေကို ကောင်းစွာ တတ်မြောက်နေသော ကျွန်ုပ်သည် အသွေးအမွေး၊ အဆင်အပြင်၊ ခေါင်းတုံးပြောင်ခြင်းမှာ တူညီနေပြီဖြစ်၍ သွားမှု၊ လာမှု၊ ဆက်ဆံမှုတို့၌ အတော်အသင့် လွယ်ကူ နေပြီဖြစ်ပါ၏။
ကျွန်ုပ်သည် ဤ နောင်စငဲ့ဒေသမှ မိန်းမ၊ ယောက်ျား ကလေးများအား (ဘုရင်မမှလွဲ၍) တညီတည်း ၀တ် စားဆင်ပြင်ကာ ခေါင်းတုံးပြောင်အောင် ရိတ်ထားရခြင်းသည် အထိမ်းအမှတ် တစ်ခုခုတော့ ရှိမည်ဟု တွေး မိပါသည်။
စောဝေဖော်အား မေးမြန်းကြည့်သောအခါ အကြောင်းအချက်ရှိသည် မှန်သော်လည်း သူလည်း ကောင်းစွာ မပြောတတ်၊ သို့သော် ဘုရင်မစံရာ အိမ်မြင့်ဝယ် ရှေးဟောင်းစာပေများရှိသည်။
၎င်း စာပေများကိုဖတ်မှ သိရမည်ဟု ဖြေပါသည်။ အထိမ်းအမှတ် တိတ်နိမိတ်ကိုပြသော ကျောက်ဥဒေါင်း ရုပ်ကြီး အကြောင်း မေးသောအခါ ဘုရင်မစံရာ အိမ်မြင့် အနီးရှိ တောင်ကုန်းထိပ်မှာ ရှိပါသည်။
ဒူးလေးကိုင် အစောင့်များက ဘုရင်မစံရာ ပတ်ဝန်းကျင်တွင် မသက်ဆိုင်သူများအား လာခွင့်မပြုဘဲ ကြပ် တည်းစွာ စောင့်ရှောက်နေကြောင်း ပြောပြသည်။
မိုးသားများ အုံ့ဆိုင်းမှိုင်းမှောင်ကာ တောင်ခိုးတွေ ဝေနေသော နေ့တစ်နေ့ဝယ် ကျွန်ုပ်သည် အပျင်းပြေ အလည် အပတ် ထွက်လိုကြောင်း၊ လူကြီးများအား မတိုင်ကြားဘဲ မသိဟန် ဆောင်နေစေလိုကြောင်း စောဝေဖော် အား ချော့မော့ဖျောင်းဖျပြောရာ ကျွန်ုပ်အား ခင်မင်နေပြီဖြစ်သော စောဝေဖော်က သဘောတူ ခွင့်ပြု ပါသည်။
သို့သော် စောဝေဖော်က စိုးရိမ်သောစိတ်ဖြင့် ကျွန်ုပ်အား မှာကြားလိုက်ပါသေးသည်။ ဤ ကျွန်ုပ်တို့နေထိုင် ရာ ဥယျာဉ်အ၀တွင် အစောင့်အကြပ် မရှိသော်လည်း " နောင်စငဲ့" တောင် အနှံ့အပြားတွင် ဒူးလေးကိုင် အစောင့် များ အမြဲတစေရှိနေ၍ ထွက်ပြေး၍မရကြောင်း သတိပေးလိုက်ပါ၏။
မည်သည့်နေရာဒေသများမှာ စောင့်ကြပ်နေကြကြောင်းကိုကား စောဝေဖော်သည် မေးမရအောင် နှုတ်ပိတ် နေတော့၏။ ကျွန်ုပ်စိတ်ထဲတွင် အကြံတစ်ခု ပေါ်လာပါသည်။
မြဆင်းတု စံတော်မူရာ မြတောင်ထွတ်ကို နောင်စငဲ့ ဒေသရှိ လူများ တစ်နှစ်တစ်ကြိမ် ပူဇော်ပွဲကျင်းပသည့် နေ့မှာသာ တက်ပြီး တစ်နှစ်လုံးလုံး တစ်ကြိမ်မျှမသွားကြခြင်း၊ ဗုဒ္ဓဆေးပင်များ ပေါ်ပေါက်နေရာ ကမ်းပါးစွန်း မှာ ကြောက်မက်ဖွယ်ရာ နက်ရှိုင်းလှသော ချောက်ကြီးများဖြစ်၍ မည်သည့်နည်းနှင့်မျှ တက်ရန် ဆင်းရန် မဖြစ်နိုင် ၍ ထိုနေရာဘက်တွင် အစောင့်အရှောက်များ မရှိခြင်းကို ကျွန်ုပ် ကောင်းစွာ သိထားပြီးဖြစ်ရာ မြ တောင်ထွတ် သို့ ရောက်အောင် သွားနိုင်မည် ဆိုပါက ဗုဒ္ဓဆေးပင်ပေါက်ရာ ကမ်းပါးဆိုလျှင် ဗုဒ္ဓဆေးပင်များ နှင့် တကွ ကံကောင်းထောက်မလျှင် လွတ်နိုင်မည်ဟု ကျွန်ုပ် တွက်ဆမိပေသည်။
ကျွန်ုပ်သည် ဣနြေ္ဒမပျက် လျှောက်လာခဲ့၏။ သူတို့ အရပ်ဒေသကား အကြောင်းကိစ္စရှိသည်ကလွဲပြီး အိမ် ထဲက ထွက်ရိုးထုံးစံမရှိလေရော့သလား မသိချေ။
လမ်းသွားလမ်းလာ တစ်ယောက်စ နှစ်ယောက်စ ပြတ်တောင်း ပြတ်တောင်း တွေ့ရသည်ကလွဲပြီး လူရှင်းလှသည်။
ဘုရင်မစံရာ တောင်ကုန်းမြင့်ကို လှမ်းမြင်ရသော နေရာသို့ ရောက်သောအခါ ကျွန်ုပ်သည် လမ်းရိုးမှရှောင် ကာ သစ်ပင်တောချုံထူထပ်သော နေရာများကို ရွေးချယ်ပြီး လာခဲ့ပါသည်။
အကယ်၍ တောင်ကုန်းမြင့်မှ အထက်စီးကြည့်နေသော ဒူးလေးကိုင်များ မြင်တွေ့လျှင်လည်း ကျွန်ုပ်အဖို့ မသက် သာချေ။ ကျွန်ုပ်သည် သတိကြီးစွာထားပြီး သွားနေရာမှ တဝေါဝေါစီးကျနေသော ရေတံခွန်သံကို ကြားရ လေသည်။ ဘုရင်မစံရာအိမ်နှင့် အတော်ပင် နီးကပ်နေပြီဖြစ်ကြောင်း သိရ၏။ ရေသံကို ကြားမှပင် ကျွန်ုပ် သည် ပင်ပန်းနွမ်းနယ်မှုကို သတိရကာ ရေသောက်လိုသောဆန္ဒပေါ်လာ၏။
ရေတံခွန်ရှိရာကို မှန်းဆကာ တရွေ့ရွေ့လာခဲ့ရာ ရေတံခွန်ကျရာ စမ်းအိုင်ကြီးကို မြင်ရသည်နှင့် တစ်ပြိုင် နက် ကျွန်ုပ်သည် ထူထပ်သော ချုံကြီးတစ်ခုအတွင်းသို့ ကပျာကယီ တိုးဝင်ကာ ဆိတ်ငြိမ်စွာ ၀ပ်လျှိုးနေ လိုက်မိ ပါသည်။ အဘယ်ကြောင့်ဆိုသော် ...
ဘုရင်မ ရေချိုးဆင်းလာတော့မည်ဖြစ်၍ စမ်းအိုင်ပတ်ဝန်းကျင်ရှိ ဒူးလေးကိုင်များ အထူးသတိထားကြရန် ဟစ်အော်နှိုးဆော်လိုက်သောအသံကို ကောင်းမွန်စွာ ကြားလိုက်ရသောကြောင့်ဖြစ်၏။
ဤစမ်းအိုင် ပတ်ဝန်းကျင်မှာ အစောင့်များရှိကြချေသည်။ ကံကောင်း၍ ကျွန်ုပ်နှင့် မတွေ့ရခြင်းဖြစ်သည်။ ကျွန်ုပ်သည် ချုံအတွင်းမှ စိတ်အားထက်သန်စွာ ဘုရင်မအလာကို ချောင်းမြောင်း ကြည့်နေမိသည်။ ကျွန်ုပ် ပုန်းနေသော ချုံနှင့် စမ်းအိုင်မှာ များစွာ မဝေးလှချေ။
ထိုအခိုက် ရံရွှေတော်နှစ်ဦးသည် ဖြူဖွေးသော အ၀တ်တစ်ထည်၊ သင်တိုင်းအသစ် တစ်ထည်ကို အသီးသီး ပွေ့ကိုင်ကာ ရှေ့မှလာသည်။ သူတို့နှစ်ဦးနောက်မှ ဘုရင်မသည် အဖြူနှင့်အနီစင်း သင်တိုင်း၊ ဖိနပ်ကိုစီးကာ တည်ငြိမ်စွာ ထွက်ကြွလာ၏။ ဘုရင်မ၏နောက်မှ ရံရွှေတော်ငါးဦး လိုက်ပါလာကြသည်။
ရှည်သွယ်များပြား အဖျားညွတ်ကော့သော ဆံပင်များမှာ ဖားလျားချလာသည်။ ဖနောင့်သို့ပင် ထိလုနီးမျှ ရှည်လျားမည်းမှောင်သော ဆံပင်များမှာ လေအသိမ်းတွင် တယိမ်းနွဲ့နွဲ့ လွင့်ပါးနေသည်မှာ ချောမောလှ ပပြီးသော ဘုရင်မ၏ ရုပ်အဆင်းကို ပိုမိုတင့်တယ် ရှုချင်စဖွယ်ဖြစ်အောင် ဖန်တီးပေးနေပေတော့၏။
ရေတံခွန်မှ သွယ်ဖြာ စီးဆင်းလာသောရေသည် အောက်ခြေမှ ကျောက်တုံး ကျောက်ဆောင်ကြီးများ စီး လျက် စမ်းအိုင်သဖွယ် ဖြစ်နေသော နေရာများတွင် ညီညာပြန့်ပြူးသော ကျောက်ချပ်ကြီးသည် ထိုင်ခုံသဖွယ် အချိုးအဆက်ကျစွာ တည်ရှိနေ၏။
ထိုနေရာသို့ ဘုရင်မ ရောက်လာသောအခါ ဘုရင်မသည် ကျောက်ခုံပေါ်မှာ ညင်သာစွာ ထိုင်လိုက်၏။ ရှေ့ ပြေးအဖြစ် လိုက်ပါလာသော ရံရွှေတော်နှစ်ဦးသည် သူတို့ လက်ထဲမှာ ပွေ့ကိုင်လာသော အ၀တ်များကို ကျောက်ခုံပေါ်မှာ ရိုသေစွာ တင်ပြီး ဘုရင်မ၏ ခြေရင်းမှာ ဒူးတုပ်ထိုင်လိုက်ကြသည်။ နောက်မှလိုက်လာ သော ရံရွှေတော် ငါးဦးအနက် တစ်ဦးသည် ဘုရင်မ၏ ခြေနင်းကို ဒူးတုပ်ပြီး ချွတ်ပေးလိုက်သည်။
တစ်ဦးသော ရံရွှေတော်က ဖားလျားချထားသော ဘုရင်မ၏ ဆံပင်များကို အသာအယာလက်ဖြင့် သိမ်းယူ ကာ မ,ပြီး အထက်သို့ ခပ်မြင့်မြင့် ပင့်တင်ကာ ထုံးပေးလိုက်သည်။ ထိုသို့ ဘုရင်မသည် ဆံထုံး ထုံးလိုက် သောအခါ ရုပ် ရူပကာမှာ တစ်မျိုးပင် ပိုလှသွားသည်ဟု ကျွန်ုပ်ထင်လိုက်၏။
ဆံထုံး ထုံးပြီးသောအခါ ဘုရင်မသည် ထိုင်ရာမှ သိမ်မွေ့စွာထပြီး ရွှေတစ်သန်းတန်သော ခြေလှမ်းမျိုးဖြင့် စမ်းအိုင်ရှိရာသို့ လျှောက်သွားသည်။ ရံရွှေတော်တစ်ဦးသည် ဒူးတုပ်ခစားနေရာမှ ထကာ ကျောက်ခုံးပေါ် တင်ထားသည့် ဖြူဖွေးသောအ၀တ်ကို ယူငင် ပိုက်ပွေ့ကာ ဘုရင်မနောက်ပါးမှ လိုက်ပါသွားလေသည်။
ကျွန်ုပ်၏ စိတ်တွင် မအပ်မရာ ပြဿနာတစ်ခု ပေါ်လာပါသည်။ ဘုရင်မသည် စမ်းအိုင်အတွင်းသို့ ရေဆင်း ချိုးရာမှာ သင်တိုင်းကို မည်သို့ မည်ပုံချွတ်ပြီး မည်သည့်အ၀တ်နှင့် လဲလှယ်ဝတ်ဆင်ကာ ရေချိုးမည်နည်း။
သင်တိုင်းဝတ်လျက်ပင် ရေချိုးမည်လော ဟူသော မတွေးအပ်သည့် ပြဿနာကြောင့် အာရုံစူးစိုက်စွာ ကြည့်နေမိသော်လည်း စမ်းအိုင်ပတ်လည်တွင် ဖြူဖွေးလှပသော ပန်းပွင့်များ အဆုပ်လိုက် အခိုင်လိုက် ဖူး ပွင့်နေသည့် အမျိုးအမည်မသိ ပန်းပင်များမှာ စည်းရိုးသဖွယ် ထူထပ်စွာ ကာရံနေသဖြင့် စမ်းအိုင်စပ်သို့ ရောက်သွားသော ဘုရင်မအား လုံးဝမမြင်ရအောင် မျက်ခြည်ပြတ်သွားလေသည်။
ကျွန်ုပ်သည် ငြိမ်သက်စွာ ပုန်းအောင်နေရသည်မှာ ညောင်းညာလှပြီဖြစ်၏။ ဒူးလေးကိုင် အစောင့်များ မည် သည့်နေရာမှာ ရှိနေမှန်း မသိရ၍လည်း ချုံထဲမှ မထွက်ဝံ့ချေ။ ဘုရင်မ၏ အကြောင်းသည် ကျွန်ုပ်အာရုံမှ ပျောက်ကွယ် သွားပြီး မြတောင်ထွတ်ကို မည်သည့်နည်းဖြင့် အရ တက်ရပါမည်နည်း။ ဗုဒ္ဓဆေးပင်များကို ယူဆောင် နိုင်သည် ဆိုစေကာမူ ဤနောင်စငဲ့ဒေသမှ လွတ်မြောက်ရာလမ်းစကို ရှာဖွေ၍ ရပါမည်လောဟု တွေးတော စဉ်းစားနေမိသည်။ မည်မျှ ကြာသွားသည်မသိ ...
" မြဗုဒ္ဒ ကယ်တော်မူပါ "
ဟု ချိုလွင်သာယာသောအသံဖြင့် မြည်တမ်းလိုက်သည်ကို ကြားရသည်နှင့် တစ်ပြိုင်နက် ...
" မြွေနဂါးသည် ဘုရင်မအား ရန်ပြုနေလေပြီ "
ဟူသော စူးရှသည့် အော်ဟစ်သံများ စီစီညံညံ ထွက်ပေါ်လာသဖြင့် ကျွန်ုပ်သည် တစ်စုံတစ်ရာ စဉ်းစား မနေအား၊ အသက်ဘေးကိုလည်း ဂရုမထားတော့ဘဲ ကျွနုပ် ပုန်းအောင်းနေရာ ချုံတွင်းမှ လွှားခနဲခုန်ထွက် ကာ စမ်းအိုင်ရှိရာသို့ လျင်မြန်စွာ ပြေးလာခဲ့လေသည်။
ကျွန်ုပ်၏ မြင်ကွင်းတွင်ကား ရေစိုနေသည် ဖြူဖွေးသော အ၀တ်ကို ရင်လျားထားသော ဘုရင်မသည် ကမ်း စပ်ရှိကျောက်ဘုံတစ်ခုအနီးမှာ လဲနေပြီး တစ်ဖက်သော ခြေထောက်ကို ယောက်ျားခြေသလုံးမျှ အလုံးရှိ သောမည်းနက်သည့် မြွေတစ်ကောင်က ရစ်ပတ်ထားသည်။
ရံရွှေတော် ငါးဦးကား ကျောက်ခဲများ ကိုယ်စီကိုင်ပြီး အရပ်လေးမျက်နှာကို လှည့်ပတ်ကြည့်ကာ အကူအညီ ကို အော်ဟစ် တောင်းခံနေသည်။ သူတို့၏ သဘောထားကား မြွေကို ကျောက်ခဲနှင့်ပစ်လျှင် မြွေသည် မာန် ထွက်ကာ ဘုရင်မအား ကိုက်ပေလိမ့်မည်။
သူတို့ပစ်သော ကျောက်ခဲသည် မြွေကို ပြောပလောက်အောင် မနာကျင်သော်လည်း ဘုရင်မမှာ နာကျင်ပေ လိမ့်မည် ဟူသော သဘေိာဖြင့် အကူအညီကိုသာ အော်ဟစ် တောင်းခံနေကြောင်း ကျွန်ုပ် သဘောပေါက်မိ သည်။
အတော်ကွာလှမ်းသည့် သစ်ပင်ကွယ် ချုံကွယ်များမှ ဒူးလေးကိုင် သက်တော်စောင့်များ အနား မရောက်လာ မီပင် ကျွန်ုပ်သည် ပါးပျဉ်းထောင်ကာ မာန်ဖီနေသည့် မည်းနက်သော မြွေကြီးအား လည်မျိုမှဆုပ်ကိုင်ကာ ဘုရင်မ ခြေကို ရစ်ပတ်နေသည့် ကိုယ်အခွေကို ဆွဲဖြေလိုက်လေသည်။
ရံရွှေတော် ငါးဦး နှင့် အနားရောက်လာပြီဖြစ်သော သက်တော်စောင့်များသည် မကြောက်မရွံ့ရဲဝံ့စွာ မြွေကို ချုပ်ကိုင်နေသော ကျွန်ုပ်အား အံ့သြစွာ ကြည့်နေကြ၏။
ကျွန်ုပ်သည် မြွေကြီးအား ကျောက်တုံးတစ်ခုနှင့် အသေကိုက်သတ်လိုက်ပြီးမှ လဲနေသော ဘုရင်မအား ပြုစု ရန် ရံရွှေတော်များအား ပြောလိုက်သည်။
ရံရွှေတော် ငါးဦးသည် ဘုရင်မအား တွဲထူနေစဉ် ဘုရင်မ စံရာနန်းမှ ကျန်ရစ်သော ရံရွှေတော်များသည် လည်းကောင်း သာကိုကွီခေါင်းဆောင်သော အကြီးအကဲများနှင့် အခြားလူများသည် လည်းကောင်း၊ လာ ရောက်ကြပြီဖြစ်၍ ကျွန်ုပ်သည် ထိုနေရာမှ ထွက်ခွာရန် ဟန်ပြင်လိုက်လျှင်ပင် ဒူးလေးကို အစောင့်စစ်သား လေးယောက်သည် ကျွန်ုပ်အနီးသို့ ရုတ်ခြည်းရောက်လာကာ နေမြဲတိုင်းနေရန် အမိန့်ပေးပြီး ကျွန်ုပ်အား ၀ိုင်း ရံထားကြသဖြင့် ကျွန်ုပ်မှာ အခြားသို့ ထွက်ခွာရန် မပြုနိုင်တော့ချေ။
ဘုရင်မရံရွှေတော်များကတွဲယူကာအခါ စံအိမ်တော်ထွက်ခွာသွားသည်။ ဖူးသာကိုကွီနှင့်တကွ၊ အကြီးအကဲ များပါ လိုက်ပါသွားကြသည်။ သို့တစေလည်း ဒူးလေးကိုင် အစောင့်လေးယောက်နှင့်ကျွန်ုပ်မှာ နေမြဲတိုင်း နေရာမှာ ငြိမ်သက်စွာ နေခဲ့ရ၏။
အချိန်အတော်ကြာသောအခါ ဖူးသာကိုကွီနှင့် ဒူးလေးကိုင် ငါးယောက်သည် ကျွန်ုပ်ရှိရာသို့ ရောက်လာကြ သည်။ ဘုရင်မထံ အခစားဝင်ရန် လာခေါ်ကြောင်းပြော၏။ ကျွန်ုပ်သည် သူတို့ခေါ်ရာကို ဆိတ်ငြိမ်စွာပင် လိုက်ခဲ့ သည်။ မည်သူကမှ စကားတခွန်းမပြော၍ ကျွန်ုပ်ကလည်း မေးမြန်းခြင်းမပြုဝံ့ချေ။
ကျွန်ုပ်၏ မျက်စိထဲတွင်ကား ရေစိုအ၀တ်က တစ်သားတည်းကပ်နေ၍ သာမုန္ဒြီကျမ်းတွက်အတိုင်း အချိုး အဆက် လှပသော ဘုရင်မ၏ ဖြူဖွေးကြည်လင်သည့် အသားအရည် ကိုယ်ခန္ဓာကိုလည်းကောင်း၊ ဖြူဖွေး သော အသားပေါ်လှပစွာ ပနံရလှသော မြလည်ဆွဲနှင့် မြလက်ကောက်ချစ်စဖွယ် ပေါ်ပေါ်လွင်လွင် တည်နေ ပုံကို လည်းကောင်း၊ ဖျောက်ဖျက်မရအောင် မြင်ယောင်နေမိပါသည်။
ဆက်ရန်
.
1 comment:
ဖတ်သွားပြီ ညီမရေ။ ဖတ်တဲ့သူက ဖတ်ရတာ အားမရပေမယ့် ရေးရတဲ့သူကို ကိုယ်ချင်းစာတာမို့ အဆက်ကိုပဲ မျှော်နေပါတယ်ကွယ်။ စိတ်ရှည်စွာဖြန့်ဝေပေးတာ ကျေးဇူးပါနော်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment