အခန်း(၆၆)
ဂျိန်း၊ အယ်လီ၊ လင်ကီ
ဂျိန်း၊ အယ်လီ၊ လင်ကီ
"ရွှေမြို့တော်" တွင် အားလုံးက သေပြီထင်သည့် ဘားလက်၏ ဆောင်းပါး ပါလာသည်။ ၀တ္ထု ကောင်းတစ်ပုဒ် အဖြစ် ပို့ထားပြီး၊ သူကိုယ်တိုင် ရေးချင်ခဲ့သည့် ၀တ္ထုမျိုး ဖြစ်ကြောင်း သို့သော် မရေး နိုင်ခဲ့ကြောင်း ထုတ်ဖော် ၀န်ခံ ထားသည်။
"အမုန်းတရားကို ရေးသားရာတွင် ပေါက်ကွဲသံများကို ကြားနေရသလို ခံစားပြီး၊ ချစ်ခန်း ကြိုက်ခန်းများတွင် တယောသံနွဲ့နွဲ့စောင်းသံညင်းညင်းကို နားဆင်ရသလို ရေးနိုင်စွမ်းပေသည်ဟု ပို့ထားသည်။
ပြီးတော့ ယောက်ျားတို့အကြောင်းကို မိန်းမတစ်ယောက်အနေဖြင့် ရေးသွားပုံမှာ သူကိုယ်တိုင် မစဉ်းစား ဖူးသည့် မရေးနိုင်သည့် ရှုထောင့်မှ ရေးသွားခြင်းဖြစ်ကြောင်းဖြင့်လည်း ချီးကျူးသေးသည်။
"ဣတ္တိယခေါ် မိန်းမတို့သည် သူတို့၏ ချစ်သူများ၊ လင်ယောက်ျားများနှင့်အတူ အိပ်နေလျှင်တောင် မှ ရောဘတ်ရက်ဒ်ဖို့နှင့် မောင်ဂိုမာရီကလစ်ကို သူတို့မျက်စိထဲမြင်နေတတ်ကြသည့် သတ္တ၀ါမျိုးများ ဖြစ်သည်။ သို့သော် မောင့်ကိုသာ အချစ်ဆုံးပါဟု တတွတ်တွတ် ပြောတတ်ကြပြီး မောင်နဲ့ကျမှ ကမ္ဘာမြေကြီး သိမ့်သိမ့်ခါသွားတာမျိုးကို ခံစားရတာပါဟု ပြောတတ်သူများ ဖြစ်သည်။ သည်အကြောင်းများကို ဂျိန်းဂရက်ခ်ျ က ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ထားသည်" ဟု ဘားရက်က သူ့ဆောင်းပါးတွင် ရေးထားပြီး သည် စာအုပ် ဖတ်ပြီး သူတကယ် ပြန်ငယ်သွားပြီဟု နိဂုံးချုပ်ထား သည်။
"ရွှေမြို့တော်" က ဘားရက်၏ ဆောင်းပါးကို မျက်နှာဖုံးဆောင်းပါး တင်ပေးသည်။ ရှင်နဲ့ကျွန်မ သည် နေ့ချင်းညချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားလေတော့သည်။ စာအုပ်ဆိုင်များတွင် လူတွေ ကြိတ်ကြိတ်တိုး လုဝယ်နေကြသည်။ အယ်လီ့စားပွဲပေါ်တွင် ဝေဖန်စာတွေ ပလူပျံနေပြီ။
ဘော့စတွန်၊ နယူးယောက်၊ ဒါးလက်စ်၊ မိုင်ယာမီနှင့် ချီကာဂို သတင်းစာကြီးများတွင်လည်း ဆောင်းပါးတွေ ဝေဖန်စာတွေ အကောင်းအဆိုး၊ အမျိုးမျိုးအဖုံဖုံ ၀ိုင်းဝန်း ရေးသားကြသည်။
"ကိုယ် အဲဒီလောက် ဖြစ်လာမယ်လို့ လုံးဝမမျှော်လင့်ခဲ့ဘူး" ဟု ဂေါ်ဒွန်က ဖွင့်ဟ ၀န်ခံသည်။
"လင်ကီကတော့ လုံးဝ မျှော်လင့်နေတာလေ"
ကြော်ငြာမှ တစ်ဆင့်ကြော်ငြာခြင်း အတတ်ပညာကို လင်ကီ နောကျေနေပြီ။ ဘားရက်နှင့် ဂျိန်းကို ဓာတ်ပုံ တွဲရိုက်ခိုင်းသည်။ အဘိုးကြီးက ဂျိန်းကို ဖက်ထားသည့်ပုံ၊ သူ့လက်ချောင်းတွေက ဂျိန်း၏ ရင်သားများကို ဆုပ်နယ်တော့မည်နှယ်။ သည်ပုံနှင့် စာအုပ်သတင်းကို သတင်းစာတိုင်းတွင် အယ်လီပါအောင် လုပ်သည်။
စောင်ရေ တိုးရိုက်သည်။ ကြော်ငြာဘတ်ဂျတ် ထပ်ဖြည့်သည်။ လင်ကီက နိုင်ငံအနှံ့ ဂျိန်းကို ကြော်ငြာခရီး ထွက်ဖို့ အယ်လီ့ကို စီစဉ်ခိုင်းသည်။
"ဘော့စတွန်"၊ ချီကာဂို၊ ဆန်ဖရန်စစ္စကို ပြီးတော့ လော့စ်အိန်ဂျလိစ်"
လင်ကီက အရောင်းစာရေးကို ကြည့်ပြီး စံချိန်အမြင့်ဆုံး ရောင်းရသည့်မြို့ကြီးများကို ရွေးခြင်း ဖြစ်၏။
ရုပ်မြင်သံကြား ကုမ္ပဏီများက အယ်လီ့ဆီ လှမ်းပြီး ဆက်သွယ်ကြသည်။ ဂျိန်းကို သူတို့ ဗျူးချင်နေ ကြပြီ။ နှုတ်သွက် အာသွက် ဂျိန်းနှင့် ရုပ်သံကုမ္ပဏီတို့ တွေ့ဆုံမေးမြန်းခန်းများ ပါလာတော့ စာအုပ်က ရောင်းမလောက်အောင် ဖြစ်ပြန်၏။ လင်ကီက တတိယအကြိမ် ရိုက်ဖို့ စီစဉ်ခိုင်းလိုက် သည်။
ဤသို့ဖြင့် နယူးယောက် တိုင်းမ်စ် ရောင်းအစွံဆုံး စာရင်းတွင် အောက်ဆုံးမှ စပြီး "ရှင်နှင့်ကျွန်မ" သည် စာအုပ်ဆိုင်တိုင်း၏ ရှေ့ဆုံးတန်းသို့ ရောက်လာသည်။ ပြတင်းပေါက်နားသို့ ရောက်လာ သည်။ ဖြန့်ချိရေးဌာနမှ စာအုပ်ပို့သည့် ယာဉ်မောင်းဆရာလည်း နားရသည် မရှိတော့။
အိုဝင်လို ဖြစ်လာဖို့ အခြေအနေအရပ်ရပ်သည် ဂျိန်းတွင် လာဖြစ်နေသကဲ့သို့ ရှိလေသည်။
ဂေါ်ဒွန်ဂေဂျာက "ရှင်နဲ့ကျွန်မ" ကို စကတည်းက ဘယ်လို သူကိုယ်တိုင် မျက်စိကျပုံ၊ ဘယ်လောက် ကြိုးစားရှာဖွေခဲ့ရပုံများ လျှောက်ပြောနေသံကြားတော့ လင်ကီ လုံးဝ မအံ့သြပါ။
"ဒီစာအုပ် တိုက်ကို ရောက်လာကတည်းက ကိုယ်တို့ ပွပြီဆိုတာ တန်းသိလိုက်တယ်" ဟု ကဒ်စတင်ဖို့ကို ခပ်တည်တည်ဖိန့်၏။ သို့သော် လင်ကီနှင့် နှစ်ယောက်ချင်း ကျတော့ သူက ရိုးသား နေပြန်၏။
"မင်းဇွတ်လုပ်လို့ တို့ထုတ်ဖြစ်တာ၊ မင်းလုပ်တာ မှန်ပါတယ်၊ နှစ်ကုန်ရင် မင်းအတွက် ပေးမယ့် ဆုကြေး မနည်းစေရဘူး" ဟု သူက ဆို၏။
"ဒါ့ထက် အယ်ဒီတာချုပ်ဆိုတဲ့ ရာထူးကလေးရော မစဉ်းစားသေးဘူးလား"
"စဉ်းစားပါ့မယ်၊ ဒါပေမယ့် အာဝင်း စိတ်ဓာတ်ကျသွားမှာလဲ စိုးရသေးတယ်"
"ဘာစိတ်ဓာတ်ကျစရာရှိလဲ၊ တစ်နေ့လုံး ဂျင်နဲ့ ဗေလီယံမူးနေတဲ့ဟာကို၊ တစ်ခုခု ပြောချင်ရင် သူကို နှိုးယူရတာချည်းပဲ မဟုတ်လား"
တဖြည်းဖြည်းနှင့် "ရှင်နဲ့ကျွန်မ" ကို ကြိုက်ကြသည့် ပရိသတ်တွေ တဖြည်းဖြည်း ရှေ့တန်းသို့ ထွက်လာ ကြသည်။
စာအုပ်လုပ်ငန်း နှီးနှောပွဲများတွင် စာအုပ်လောကမှ အမျိုးသမီးငယ်များ လင်ကီ့ဆီ ရောက်လာကြ ပြီး "ရှင်နဲ့ကျွန်မ" ကို ဘယ်လောက် ကြိုက်ကြောင်း ပြောကြသည်။
ပါမင်းနိုက် ပုံနှိပ်တိုက်မှ စင်ဒီဟော့ဖ်မင်ကတော့
"ဒီစာအုပ် ပုံနှိပ်ရဲတဲ့အတွက် စင်ဒီအရမ်း ၀မ်းသာရပါတယ်၊ ကျွန်မတို့ တိုက်ကို ရောက်လာတုန်းက စင်ဒီက သိပ်လိုချင်တာပေါ့၊ အဒရီယံက အတင်းဖျက်လို့" ဟု ရှင်းပြသည်။
"ဒီမှာလဲ အတူတူပါပဲ၊ ဂေါ်ဒွန်က ကြမ်းတယ်ဆိုပြီး ပထမ မယူချင်ဘူး၊ လုပ်ချင်တာ မလုပ်ရရင် အလုပ် ထွက်မယ် လို့ ခြိမ်းခြောက်လို့ ယူဖြစ်သွားတာ" ဟု လင်ကီက ထုတ်ပြောသည်။
မိုးမခတိုက်မှ ရိုဒါဘလက်ကတော့
"ကျွန်မလည်း တက်ဒ်ကို ပြောသေးတယ်၊ ထုတ်ကြရအောင်လို့၊ ဒါပေမယ့် သူက ဖရန်စင်းနဲ့ အီဗန်တို့ သောင်းကျန်းတဲ့ကိစ္စကို ဘယ်သူက စိတ်ဝင်စားမှာလဲ" တဲ့။
ဂျိန်းအတွက် ချီးကျူးစာတွေ ဥတ္တရကြယ်တိုက်သို့ စုပြုံရောက်လာသည်။ နာမည်ကျော် စာရေး ဆရာကြီးများကတော့ စာနယ်ဇင်းများတွင် ထုတ်ဖော်ရေးသားကြ၏။
အမျိုးသမီးအဖွဲ့အစည်းအသီးသီးကလည်း ဂျိန်းကို ဟောပြောပွဲများသို့ ဖိတ်ကြားသည်။ တက္ကသိုလ်အသိုင်းအ၀ိုင်းမှ ခပ်ရဲရဲ အမျိုးသမီးများက ကျောင်းတွင် ရည်ညွှန်းစာအုပ်အဖြစ် ရွေးချယ်ဖို့ပင် အားထုတ်နေကြသည်။
ဥတ္တရကြယ်သို့ ငွေတွေ စီးဝင်နေပုံက မယုံကြည်နိုင်စရာ၊ ဘယ်တုန်းကမှ မဆက်သွယ်ခဲ့ဖူးသည့် စာပေပွဲစားတိုက်တွေက ဥတ္တရကြယ်သို့ အလုအယက် လာရောက် ဆက်သွယ်နေကြ၏။
"မီလာနီကော်နယ်ဆီက အသစ်တစ်အုပ်ရတယ်" ဟု အာချီဘော်လ်က လင်ကီကို ပြောသည်။ အာချီဘောလ် ၏ တိုက်မှာ အလွန် အားကောင်းသည့် ပွဲစားတိုက် ဖြစ်၏။
မီလာနီကလည်း ရေးတိုင်း ရောင်းအစွံစာရင်းကို အလယ်လောက်ထိတော့ ရောက်သည့် စာရေး ဆရာမ။
"ထုတ်နေကျတိုက်က ကိုယ်နဲ့ အပေးအယူ သိပ်မတည့်ချင်ဘူး၊ ဂျိန်းဂရက်ခ်ျကို ပေးတဲ့ မူနဲ့ဆိုရင် မင်းတို့တိုက်က လက်ခံနိုင်မလား၊ မီလာနီကလည်း နာမည်ကြီးတိုက်နဲ့ပဲ လုပ်ချင်တယ်"
ဟန့်ဂရင်နီသည် မေ့တတ်သူမဟုတ်၊ သူနှင့်လင်ကီ လောင်းထားသည့် ကိစ္စကို အမြဲ သတိရနေသူ ဖြစ်၏။ "ရှင်နဲ့ကျွန်မ" စာရင်းဝင်သွားပြီး နံပါတ်ခုနစ်သို့ တက်သွားသည့်နေ့တွင် ဖုန်းဆက်သည်။
"မင်း ကိုယ့် ကို ညစာ ကျွေးဖို့ ကြွေးတင်နေတယ်နော်"
"ကတိဟာ ကတိပဲပေါ့၊ နေရာ ရွေးပြီးပြီလား"
"ရွေးပြီးပြီ၊ "မက်ဇင်" မှာ စားမယ်"
"မက်ဇင်က ပါရီမှာပဲဟာ"
"သိတယ်လေ"
"ဒီမယ် ဟန့်၊ လင်ကီက ညစာကျွေးမယ် ပြောထားတယ်၊ ကျွေးမယ်၊ ဒါပေမယ့် ပါရီမှာတော့ ဘယ်သူက လိုက်ကျွေးနိုင်မလဲ"
"မင်းကို လိုက်ပြီး ကျွေးခိုင်းတာ မဟုတ်ဘူးလေ၊ မင်းက ညစာပဲကျွေး၊ လက်မှတ်ခ ကိုယ်ခံမယ်လေ၊ လက်မှတ်နှစ်စောင် ၀ယ်ထားပြီးပြီ"
"အမယ် ရှင်နဲ့ မလိုက်ပါဘူး"
"ဒါနဲ့ ကတိဟာ ကတိပဲဆို"
"ဟုတ်တယ်လေ"
"ဒါဆို နေရာကို မင်းကိုယ့်ကို မရွေးခိုင်းဘူးလား"
"ရွေးခိုင်းတယ်လေ"
"အေး ကိုယ် ရွေးတယ်လေ၊ ကဲ မင်းကတိတည်မလား၊ ဖျက်မလား"
ဟန့်က မြစ်တစ်ဘက်ကမ်းမှ "အေသင် ပလာဇာ" ဟိုတယ်တွင် နေသည်။ လင်ကီက သည်မှာ ဘက်ကမ်းမှ "လီနောက်စ်" ဟိုတယ်တွင် တည်းသည်။ လင်ကီက အခန်းနံပါတ် ၅၄ကို ယူထား သည်။ အားလုံး အဖြူရောင် သုတ်ထားသည့် အခန်းကြီး၊ လသာဆောင်ပါအဖြူ၊ ပါရီတက္ကသိုလ် ကျောင်းကြီးကို လှမ်းမြင်နေရသည့်အခန်း။
တခြားစီ တည်းပေမယ့် ရုံးပိတ်ရက်များတွင် ဆုံပြီး မက်ဇင်စားသောက်ဆိုင်ကြီးတွင် ညစာ စားကြ သည်။ စာအုပ်ဆိုင်တန်းတွေကို လျှောက်ကြည့်သည်။ မက်ဒီလင်းတွင် ငါးဥကြော်မြည်းပြီး ရေခဲစိမ် ဗောဒ်ကာသောက်ကြသည်။ ပြီးတော့ ကုန်တိုက်ကြီးများသို့ ဈေးဝယ်သွားကြသည်။ စားစရာ သောက်စရာတွေ ၀ယ်ပြီး လူဇင်ဘတ် ဥယျာဉ်တွင် ပျော်ပွဲစားကြသည်။
လင်ကီက ဘူးတွေ ဖွင့်နေရင်း
"ဟိုတစ်ခါ ဒီလို စားစရာတွေ လင်ကီ ၀ယ်လာတယ်၊ မှတ်မိလား၊ အဲဒါ စားဖြစ်ရဲ့လား"
ဟန့်က ဂျီဂွန်ဒါဝိုင်ကို စုပ်ရင်း
"အဲဒီတုန်းက ကိုယ် အရမ်းဒေါပွနေလို့ ၀ိုင်ပုလင်းကို ရိုက်ခွဲမယ် လုပ်သေးတယ်၊ ပြီးတော့မှ မူးအောင် သောက်ချင်တာနဲ့ ဖွင့်သောက်တယ်၊ အရမ်းကောင်းတဲ့ ၀ိုင်ပဲ၊ အဲဒီတော့မှ မင်းဟာ ၀ိုင်ကုန်သည်ကြီးတစ်ယောက်ရဲ့ သမိးပါလားဆိုတာ ပြန်သတိရတယ်၊ မင်းအကောင်းဆုံး ၀ိုင်ကို ရွေးဝယ်လာမှန်း သဘောပေါက်တယ်၊ အဲဒီတော့ ပိုပြီး ယူကျုံးမရ ဖြစ်ရတယ်၊ မင်းကို မောင်းထုတ် လိုက်မိတဲ့အတွက် ဒါလောက် ဆုံးရှုံးမှုကြီးမျိုး ဖြစ်လိမ့်မယ်လို့ ကိုယ်မထင်ခဲ့ဘူး"
"လင်ကီ အံ့သြစွာ နားထောင်နေသည်။ ဇာတ်လမ်းဆုံးခဲ့ရခြင်းကို ဟန့်က သူကတစ်ယောက်တည်း ၏ အပြစ်ဟု ပြောနေခြင်းပါလား"။
"ဟန့်က တကယ်ပဲ အဲဒီလိုထင်လား၊ လင်ကီကတော့ လင်ကီ့ကြောင့် ဖြစ်ရတာလို့ စွဲနေတယ်၊ လင်ကီလုပ်ပုံက ခွင့်မလွှတ်နိုင်စရာပဲလေ"
"ကိုယ်တို့ နှစ်ယောက်စလုံး ခြောက်ပြစ်ကင်းတွေတွေ မဟုတ်ကြဘူး၊ ဒါက သေချာတယ်၊ မင်းကြောက် နေတယ်လို့ ကိုယ်ပြောတာ အမှန်အတိုင်းပဲ၊ ဒါပေမယ့် အဲဒီတုန်းက ကိုယ်မသိတာ တစ်ချက်ရှိတယ်၊ ကိုယ်ကိုယ်တိုင်လည်း ကြောက်နေတယ်ဆိုတဲ့ အချက်ပဲ၊ မင်းကိုကိုယ် ကြောက် နေတာ မင်းဟာ ကိုယ့်ထက် အများကြီး မြင့်နေတဲ့ ပင်မြင့် ငွေသဇင်လို့ ကိုယ်စိတ်မှာ ထင်နေတယ်၊ ကိုယ့်ကို အောက်တန်းစားလို မင်း ဆက်ဆံတယ် ထင်လေ။ ကိုယ် မကျေနပ်လေပဲ။ ကိုယ့်ရဲ့ အဲဒီ အားနည်းချက်ကို ဖုံးကွယ်ဖို့ ကိုယ်ဟာ အရူးတစ်ယောက်လို အထူးသဖြင့် တဏှာရူးတစ်ယောက် လို လုပ်ခဲ့မိတာ၊ အတွေ့အကြုံလည်း သိပ်မရှိဘူး၊ ငယ်လည်း ငယ်သေးတယ်လေ"
"လင်ကီလည်း အတူတူပါပဲ"
နှစ်ယောက်စလုံး အကြာကြီး တိတ်နေကြသည်။
"ကိုယ်ခု လုံးဝ ပြောင်းလဲသွားပါပြီ"
"အင်း သိပါတယ်"
"အ၀တ်အစားနနဲ့ အမူအရာလောက်သာ ပြောင်းတာမျိုး မဟုတ်ဘူးနော်၊ ကိုယ့်အတွင်းစိတ်ပါ ပြောင်းလဲသွားပြီ၊ ကလေးဘ၀က ခံခဲ့ရတဲ့ဒဏ်တွေ ကျန်နေသေးပေမယ့်၊ ကိုယ့်ကိုယ်ကိုယ် တစ်ခုခုလိုနေတဲ့လူ တစ်ယောက်လိုတော့ မထင်တော့ဘူး၊ မင်း ကိုယ့်ကို လုပ်သွားတဲ့ဒဏ်ချက်ဟာ သေရာပါမယ့် ဒဏ်ချက်ပဲ၊ အဲဒါကြောင့်လည်း ကိုယ့်ဘ၀ကို ပြန်လည် တည်ဆောက်နိုင်ခဲ့တာပါ"
"၀မ်းသာပါတယ်၊ လင်ကီကို ဟန့် ဒါလောက် အရေးမထားဘူးပဲ ထင်ခဲ့တာ"
"မီဂါတန် ၂၀ ဗုံးနဲ့ ပစ်လိုက်တာထက်တောင် ပြင်းပါသေးတယ်ဗျာ"
ဘူးတွေ ခွက်တွေ သိမ်းဆည်းပြီး ပြန်ခဲ့ကြသည်။ ဟန့်က လင်ကီကို သူ တည်းသည့် ဟိုတယ်ရှေ့ တွင် ချခဲ့ပြီး
"ညမှ ပြန်တွေ့မယ်နော်" ဟု နှုတ်ဆက်သည်။ ညစာကို ပြင်သစ်တွင် နာမည်ကျော် ကြက်ကင် စားဖို့ ချိန်းထားပြီး ဖြစ်၏။
လင်ကိက ခဏတွေနေပြီးမှ ရှက်နေသည့် အမူအရာဖြင့်
"လင်ကီ့အခန်းကို လိုက်မကြည့်တော့ဘူးလား၊ ပါရီမှာ အလှဆုံးတဲ့"
ဟန့်က သဘောပေါက်သည့် အမူအရာဖြင့် ပြန်မေးသည်။
"သေချာရဲ့လား"
"အင်း သေချာပါတယ်၊ ပါရီမှာ ပြောတာနော်"
လင်ကီက စည်းခြား၍ သဘောတူလိုက်သည်။
သူတို့နှစ်ယောက် လရောက်အောင်တွင် ပြန်ပေါင်းထုပ်ကြသည်။ နာရီများစွာကြာမှ အကောင်းဆုံး ညစာကို မြိန်ရေရှက်ရည် ထွက်စားကြသည်။
ဆက်ရန်
.
No comments:
Post a Comment