အခန်း (၁၃)
သည်တစ်ပတ် ဝေဖန်ရေး စာတမ်းများတွင်တော့ အားလုံးလိုလို ပြတိုက်လေ့လာရေး ခရီးအကြောင်း ရေး ကြသည်။ သူတို့အမြင် ကို လွတ်လွတ်လပ်လပ် တင်ပြကြသည်။ သူတို့ကိုယ် သူတို့ ပြန်ဝေဖန်သည့် ကျောင်းသား များပါရှိလာ၏။
သူတို့စာအုပ်တွေကို ဖတ်ပြီး ဆရာကြီးက နှစ်ထောင်းအားရ ဖြစ်နေ၏။ နောက် လေ့လာရေးခရီး ထွက်ချင် လျှင်လည်း အကူအညီပေးမည်ဖြစ်ကြောင်း ပြောသည်။
ကျွန်တော့် စာသင်သက် နှစ်လ ရှိခဲ့ပြီ။ သင်ခန်းစာတွေလည်း တဖြည်းဖြည်း မြင့်လာပြီ။ ပို၍ ပို၍ စိတ်ဝင် စားစရာ ကောင်းလာသည်။ ကျွန်တော်က စာကို သမားရိုးကျ မသင်ဘဲ လွတ်လွတ်လပ်လပ် သင်သည်။ ကျောင်းသုံး စာအုပ်များတွင် ပါသည့် အချက်များကိုပင် ဝေဖန်ချင် ဝေဖန်ဖို့ ကျွန်တော် လမ်းဖွင့်ပေးသည်။
သိပ္ပံခန်းထဲတွင် နှစ်ရှည်လများ ချိတ်ထားသည့် အရိုးစုကြီး အလုပ်များစ ပြုလာ၏။ အရိုးနှင့် အဆစ်အမြစ် အကြောင်း သင်တော့ သူတို့ဆီမှ မေးခွန်းတွေ မြားပစ်သလို လာတော့၏။ ကျွန်တော်က အတတ်နိုင်ဆုံး ဖြေသည်။ သူတို့ကို ကလေးသူငယ်တွေလို မဖြေဘဲ အရွယ်ရောက်နေသည့် လူငယ်လူရွယ်တွေကို ဖြေသလို ဖြေသည်။ သူတို့ တုံ့ပြန်မှုကလည်း အားရစရာကောင်းလှ၏။
သည်အရိုးစုကို ကျွန်တော်က မိန်းမအရိုးစုဖြစ်ကြောင်း ပြောတော့ သူတို့က အထောက်အထားပြခိုင်းသည်။ တင်ပါးဆုံရိုး ခွင်အကျဉ်းအကျယ်ကို ကြည့်ပြီး ခွဲခြားနိုင်ကြောင်း ရှင်းပြရသည်။ သည်ဘာသာရပ်တွင် မလွှဲ သာမရှောင်သာဘဲ လိင်ကိစ္စ၊ အိမ်ထောင်သားမွေးကိစ္စ အမေးအဖေတွေ ပါလာတော့သည်။
သူတို့တစ်တွေသည် ကျွန်တော် ထင်ထားသည့်ထက် သည်ကိစ္စများနှင့် ယဉ်ပါးနေကြောင်း အံ့သြစွာ တွေ့ရ သည်။ မိသားစုများသည် အိမ်ထောင်စုများမှ လာကြသူတွေမို့ အကြားအမြင်များခြင်း ဖြစ်မည်ဟု ကျွန်တော် ကောက်ချက် ချမိပါသည်။
အလွန် စကားနည်းသည့် ဆီးလ် ပင် အသံထွက်လာပြီး သူလည်း အများနည်းတူ ဗဟုသုတ မနည်း လှကြောင်း၊ ဟာသဥာဏ်ရှိကြောင်း မကြာခင်တွေ့ရသည်။
တစ်နေ့ ပထ၀ီဝင် သင်နေစဉ် ဖြစ်၏။
" ပထ၀ီဝင် ဆိုတာ တိုင်းပြည်နဲ့ လူမျိုးတွေ၊ ရုက္ခဗေဒ၊ သတ္တဗေဒနဲ့ သယံဇာတ ပစ္စည်းတွေကို လေ့လာတဲ့ ပညာရပ်ပဲ"
" ရုက္ခဗေဒ ဆိုတာ ဘာလဲ ဆရာ "
" ရုက္ခဗေဒ ဆိုတာ ကုန်းပေါ်မှာရော ရေထဲမှာပါ စိုက်ပျိုးပေါက်ရောက်တဲ့ အပင်တွေကို လေ့လာတဲ့ ပညာ ရပ်ပဲ၊ သတ္တဗေဒ ဆိုတာက တိရစ္ဆာန်တွေ အကြောင်း လေ့လာတာလေ၊ ဒီနေ့ ဆရာတို့ အာဖရိကတိုက် အကြောင်း ဆွေးနွေးကြရအောင် "
" ဆရာက အာဖရိကတိုက်သားလား ဟင် "
ဆီးလ် နောက်ထပ် မေးပြန်သည်။
" မဟုတ်ဘူး ဆီးလ်၊ ဆရာက ဗြိတိသျှဂီနီကပါ"
" အဲဒါ ဘယ်မှာလဲ ဆရာ "
" တောင်အာဖရိကတိုက် မြောက်ပိုင်းကမ်းခြေမှာပေါ့၊ တောင်အမေရိကမှာရှိတဲ့ တစ်ခုတည်းသော ဗြိတိသျှ ပိုင် ကိုလိုနီနိုင်ငံလေ၊ မင်းတို့ မြေပုံပေါ်မှာ လွယ်လွယ်ကလေး ရှာလို့ရပါတယ်၊ ဆာရီနိမ်းနဲ့ ဗယ်နီဇွဲလား ကြားမှာပေါ့"
" ဒယ်မီရာရာလို နိုင်ငံလား ဆရာ၊ သကြား ထွက်တယ်လေ "
ဖာမင် ၏ မေးခွန်း။ ဆရာမ တချို့ပင် မသိကြ၍ ကျွန်တော့်အားမေးဖူးသည့် မေးခွန်း။ ကိုလိုနီနိုင်ငံများ အကြောင်း ဆရာ ဆရာမတွေ နားလည်ထားကြပုံမှာ တစ်ပုံစံတည်း ဖြစ်သည်။ လက်အောက်ခံ နိုင်ငံများ အပေါ် လူမျိုးကြီးဝါဒဖြင့် အပေါ်က စီးကြည့်သည့် အမြင်။
သူတို့သိသည်မှာ ဂျမေကာကျွန်းသည် သကြား၊ ရမ်နှင့် ငှက်ပျောသီးထွက်၏။ နိုက်ဂျီးရီးယားက ကိုကိုး၊ ဗြိတိသျှ ဂီနီက သယံဇာတ။ ဤသို့ ထွက်ကုန်နှင့်တွဲပြီး တိုင်းပြည်တွေကို မှတ်မိနေခြင်းဖြစ်၏။ သည်တိုင်း ပြည်က လူတွေ၏ လွတ်လပ်ရေးတိုက်ပွဲ၊ နိုင်ငံရေးအမြင်၊ စီးပွားရေး တိုးတက်မှုတွေ သူတို့ ဘာမှ မသိ။ စိတ် လည်း မ၀င်စားကြ။
သူတို့ သုံးနေကျ စကားလုံးကို ကြည့်ပါ။ ကိုလိုနီ နိုင်ငံသားများကို ပြည်သူတွေဟု ဘယ်တော့မှ မသုံး။ တိုင်း ရင်းသားများဟုသာ ခေါ်သည်။ နီဂရိုးများအပေါ် သူတို့အမြင်မှာလည်း စာအုပ်တွေ၊ ရုပ်ရှင်တွေထဲက အတိုင်း ခြေသလုံးအိမ်တိုင် လူရိုင်းတွေ၊ ရွှံ့ထဲထဲတွင် နေပြီး အမဲလိုက်စားသည့် ကြောက်စရာ လူသား တွေ။
သည်လို မြင်ကြသည့်အတွက် သူတို့တွင် အပြစ်မရှိပါ။ သူတို့ငယ်ငယ်က သင်ခဲ့ရသည့် ကျောင်းသုံး စာအုပ်များ ထဲတွင် သည်အတိုင်း သင်ကြားခဲ့ရခြင်းကြောင့် ဖြစ်ပါ၏။ သည်နေ့ ကလေးများကို လည်း သည် စာအုပ်များ ကိုပင် ဆက်လက်သင်ကြားလျက်ရှိပါသည်။
သူတို့ကလေးတွေ လက်ထက် ကျပြန်တော့လည်း လူမည်းများကို လူမှုရေးအရရော၊ ယဉ်ကျေးမှုအရပါ သူတို့ထက် များစွာ အောက်တန်းကျသည့် လူမျိုးများအဖြစ် စွဲလမ်းယုံကြည်ကြပြန်၏။ သည်လို အ မနာပ ပြောရခြင်း အတွက် ကျွန်တော် စိတ်မကောင်းပါ။
ကိုလိုနီတိုင်းပြည်များ၏ သရုပ်မှန်ဘ၀ကို ကျွန်တော် တတ်နိုင်သလောက် သူတို့ကလေးတွေအား ရှင်းပြပါ သည်။ သို့သော် လက်ခံဖို့ သူတို့ အင်တင်တင် ဖြစ်နေကြ၏။ ပုံနှိပ်စာလုံး၏ သြဇာသက်ရောက်မှုက ခွန်အား ကြီးမားသည် မဟုတ်လား။ သည်ပုံနှိပ်စာလုံးတွေက သူတို့မိဘတွေလက်ထက်ကတည်းက သင်ကြားခဲ့ရပြီး သူတို့ အသွေးထဲ အသားထဲအထိ စိမ့်ဝင်နေသည့် စာလုံးတွေ။ အကွက်ဆိုက်လာလျှင် ကျွန်တော်က ကျွန်တော့် ကိုယ် ကျွန်တော် ဥပမာပေးပြီး ပြောသည်။ ဒါကိုလည်း သူတို့ ဘ၀င်မကျ။ "ဆရာက တစ်မျိုးပဲ ဆရာရဲ့" တဲ့။
ဖာမင် ကို ကျွန်တော် ဆက်ရှင်းပြသည်။ ကမ္ဘာ့မြေပုံကို ဖြန့်ပြပြီး ဒယ်မီရာရာမှာ ဗြိတိသျှကိုလိုနီ နယူးဂီနီ၏ အကြီးဆုံး ပြည်နယ်ဖြစ်ကြောင်း၊ သီးနှံကုန်မျိုးစုံ ထွက်ပြီး သကြားမှာ အဓိကထွက်ကုန် ဖြစ်ကြောင်း စသည် .... စသည်။
" ကဲ ဆရာတို့ အာဖရိကတိုက်အကြောင်း သင်ရင်း တခြား ချော်ထွက်သွားတယ်၊ အာဖရိကတိုက်မှာ သိပ် စိတ်ဝင်စားစရာ ကောင်းတာက တိုက်သားတွေထဲမှာ လူမျိုးစုတွေ၊ ကိုးကွယ်တဲ့ ဘာသာတွေ၊ ယဉ်ကျေးမှု တွေနဲ့ ရာသီဥတုတွေ မျိုးစုံလွန်းလို့ပဲ။ သူတို့ရဲ့ အသားရောင်က နီဂါမြစ်ဝှမ်း နီဂရိုးတွေလို မည်းတာ ရှိတယ်၊ အာရေဗျ လူမျိုးတွေလို ခပ်ဖျော့်ဖျော့ မည်းတာ ရှိတယ်၊ ဥရောပတိုက်သားတွေလို ဖြူတဲ့ လူမျိုးလည်း ရှိတယ်"
" တောင်အာဖရိက နိုင်ငံသားတွေက ဖြူတယ် မဟုတ်လား ဆရာ"
" အဲဒါက အသားရောင်နဲ့ မဆိုင်ဘူးလေ၊ တောင်အာဖရိကမှာ မွေးတဲ့လူကို တောင်အာဖရိက နိုင်ငံသားလို့ ခေါ်တယ် မဟုတ်လား "
"ါဒပေမဲ့ တိုင်းရင်းသားတွေ အားလုံး မည်းတာ မဟုတ်ဘူးလား ဆရာ "
" မဟုတ်ဘူး ဖာမင်၊ တိုင်းရင်းသားဆိုတာ မင်းလည်း တိုင်းရင်းသားပဲ၊ ဆီးလ်လည်း တိုင်းရင်းသားပဲ၊ မင်းတို့ ဟာ အင်္ဂလန် တိုင်းရင်းသားတွေလေ။ ဒါပေမဲ့ မင်းတို့ကျတော့ ဖြူတယ်၊ ဆရာ့ကျတော့ ဗြိတိသျှဂီနီရဲ့ တိုင်း ရင်းသား၊ ဆရာတို့ တိုင်းရင်းသားထဲမှာ ဖြူတဲ့လူတွေ အများကြီးရှိတယ်။ ရွှေရောင်ဆံပင်တွေ၊ အနီရောင် ဆံပင် တွေလည်းရှိတယ် "
ကျောင်းသုံးစာအုပ်၏ အကူအညီ များများ မပါဘဲ သင်ကြားရမည့် အလုပ်မှာ မလွယ်လှပါ။ သူတို့ကလေး တွေ၏ စိတ်အားထက်သန်မှုကြောင့်သာ ခရီးရောက်သင့်သလောက် ရောက်နေခြင်းဖြစ်ပါ သည်။
တစ်နေ့ ကျောင်းဆင်းချိန်တွင် ကုန်စုံဆိုင်ရှင် အဘိုးကြီးက ကျွန်တော့်ကို ဆိုင်ထဲမှ လှမ်းခေါ်သည်။ ကျွန်တော် ၀င်သွားတော့ သူက အတွင်းဘက် လှည့်ပြီး ဂျူးဘာသာဖြင့် တစ်စုံတစ်ရာ လှမ်းပြောလိုက်သည်။ အတွင်းဘက် မှ ပြန်ထူးသံနှင့်အတူ အမျိုးသမီးကြီးတစ်ယောက် ထွက်လာသည်။
" အမေကြီး၊ ဒါ ဂရင်းစလိတ်က ဆရာ အသစ်လေ "
ကျွန်တော်က အဒေါ်ကြီးကို ပြုံးပြီး ဦးညွှတ်အရိုအသေ ပေးလိုက်သည်။ အဒေါ်ကြီးက နှစ်နှစ်ကာကာ ပြန်ပြုံး ပြသည်။
" မောင်ရင့်နာမည် ဘယ်လိုခေါ်လဲ "
ဆိုင်ရှင် အဘိုးကြီးက မေးသည်။
" ဘရိတ်ဝိတ်ပါ ခင်ဗှာ၊ ရစ်ကီ ဘရိတ်ဝိတ်ပါ "
" ကျုပ်နာမည်က ပင်းကပ်စ်၊ ဒါက မေမေ ပင်းကပ်စ်ပေါ့ "
" တွေ့ရတာ ၀မ်းသာပါတယ် မေမေ ပင်းကပ်စ် "
" မောင်ရင့်အတွက် ကျုပ် တစ်နေရာ တွေ့ထားတယ် "
မစ္စတာ ပင်းကပ်စ်က ပြောပြောဆိုဆို ကြောငြာသင်ပုန်းဆီသို့ လျှောက်သွားပြီး ကတ်ပြားကလေးတစ်ခု ထုတ်ယူလာသည်။
" မောင်ရင်နဲ့ အကိုက်ဆုံး ဖြစ်မယ်လို့ မေမေ ပင်းကပ်စ်က ပြောနေတယ်ကွယ့် "
ကတ်ပြားကလေး ကို လှမ်းယူပြီး အဘိုးကြီး၊ အဘွားကြီး လင်မယားကို ကျေးဇူးတင်ကြောင်း ပြောလိုက် သည်။ ကျွန်တော့်ကို ဂရုတစိုက် အကူအညီပေးခြင်းပါကလား။ သူတို့ ဇနီးမောင်နှံ၏ ကြင်နာမှုကို ကျွန်တော် နွေးထွေးစွာ ခံစားလိုက်ရပါသည်။
သည်နေရာကို အမြန်ဆုံး ပြောင်းနိုင်အောင် ကျွန်တော် ကြိုးစားရတော့မည်။ ကျွန်တော် ကျောင်းနောက် ကျပေါင်းများနေပြီ။ ရထားများ၏ အခက်အခဲကို ဆရာကြီး ဖလောရင့် သိနေ၍သာ တော်တော့သည်။
အဖေနှင့် အမေတို့ ကျွန်တော့်ကို နားလည်ခွင့်လွှတ်ကြတန်ကောင်းပါရဲ့။ ကြိုးစားပြီး ခွင့်တောင်းရမည်။ မရလျှင်လည်း ကျွန်တော် ဘာမှ တတ်နိုင်မည် မဟုတ်ပါ။
အိမ်မှာ ရှုပ်ရှုပ်ပွေပွေ လမ်းကလေးထဲတွင် ဖြစ်သည်။ သို့သော် အိမ်ဥပစာမှာ ရှင်းသန့်နေ၏။ နံဘေးအိမ်များ လည်း အလားတူ သန့်သန့် ရှင်းရှင်း ရှိသည်။ တံခါးဝတွင် ကြေးဝါ ခေါင်းလောင်းကလေး တွဲလဲဆွဲထားသည်။ ဇာခန်းဆီး တွေက အိမ်ရှင်၏ အဆင့်အတန်းကို အကဲခတ်လို့ရသည်။ အဆင့်မြင့်မြင့် ရှင်းရှင်းသန့်သန့် နေ တတ်မည့်ပုံ။
ခေါင်းလောင်းကလေး ကိုင်လှုပ်လိုက်သည်နှင့် ချက်ချင်း တံခါးပွင့်လာသည်။ မျက်နှာနီနီနှင့် အမျိုးသမီး တစ်ယောက် ပြုံးပြီး ထွက်လာသည်။
"မင်္ဂလာပါ ခင်ဗျာ၊ ကျွန်တော် အခန်း စုံစမ်းချင်လို့ပါ "
နှုတ်ခမ်းပေါ်မှ အပြုံးချက်ချင်း ပျောက်ကွယ်သွားသည်။ အခြေအနေကို ကျွန်တော် နားလိုက်ပါပြီ။
" ၀မ်းနည်းပါတယ်၊ အခန်း မငှားတော့ပါဘူး "
" ခုလေးတင်ပဲ မစ္စတာပင်းကပ်စ် လွှတ်လိုက်တာပါ ခင်ဗျာ "
" ဟုတ်လား၊ ကျွန်မ စိတ်ပြောင်းသွားပြီလေ "
ဟန်ပါပါ လက်ပိုက်လိုက်ပြီး မျက်နှာရှစ်ခေါက်ချိုးနှင့် ပြောလိုက်ခြင်းဖြစ်၏။ နောက်ထပ် ဘာမှ ပြောစရာ မရှိ တော့ ဟူသည့် အမူအရာ။
" မေမေ၊ ဘယ်သူလဲ ဟင် "
အတွင်းဘက်မှ ကလေးမတစ်ယောက်အသံ ပေါ်လာသည်။
" ဒီမှာ လူမည်းတစ်ယောက် အခန်းလာမေးနေလို့ "
တစ်တစ်ခွခွ ပြောလိုက်ခြင်းဖြစ်၏။ အရှက်ကြီးရှက်ကာ ကျွန်တော့် မျက်နှာတွေ ထူပူသွားသည်။ ချာခနဲ လှည့်ထွက် မည့် ဆဲဆဲတွင် -
" ဟာ ... ဒုက္ခပါပဲ မေမေရာ၊ အဲဒါ သမီးတို့ ဆရာလေ "
မှဲ့ယင်ချေးသဲ့သဲ့နှင့် ဘာဘရာပက်၏ မျက်နှာကလေးကို လှစ်ခနဲ ကျွန်တော် မြင်လိုက်သည်။
" ဒုက္ခပါပဲ မေမေရယ် "
သူတို့ သားအမိကို ကျောခိုင်းကာ ကျွန်တော် သုတ်ခြေတင်ခဲ့၏။ အခန်းငှားနေဖို့ ကျွန်တော် စိတ်လျှော့ လိုက်ပါ သည်။
သည် အဖြစ်အပျက်၏ နောက်ပိုင်းတွင် ဘာဘရာကလေးသည် မျက်နှာအပျက်ကြီးပျက်လျက် ကျွန်တော် နှင့် မျက်နှာချင်း မဆိုင်မိအောင် ရှောင်နေသည်။ ကျွန်တော်က မေ့မေ့ပျောက်ပျောက် သဘောထားကာ သူ့ ကို လိုက်လိုက်လျောလျော လုပ်သည့်တိုင် ဘာဘရာ တစ်ယောက် မျက်နှာပူ၍ မဆုံးသလို ခေါင်းငိုက်စိုက် ချထား လေသည်။
နောက် ရက်သတ္တပတ် အနည်းငယ် အကြာတွင် ကျွန်တော်နှင့် ဂျီလီယံတို့ ချိန်းတွေ့ဖြစ်ကြသည်။ ပြတိုက် လေ့လာရေး ခရီးနေ့ နောက်ပိုင်းတွင် ကျွန်တော်နှင့် ဆရာမသည် ထုတ်ဖော်ပြောကြားခြင်း မပြုသည့် သဘော တူညီမှုတစ်ခု ရရှိခဲ့ကြသည်။
နှစ်ယောက်စလုံး ပြောချင်နေသည့် စကားများကို မပြောဘဲ မျိုသိပ်နေကြခြင်းဖြစ်၏။ သို့သော် တစ်ယောက် နှင့် တစ်ယောက် ရစ်ပတ်နှောင်ဖွဲ့နေသည့် သံယောဇဉ်ကြိုးများက တင်းသည်ထက် တင်းလာသည်။ တစ်ည နေတွင် အပြင်မှာ ချိန်းတွေ့ရန် လမ်းဖွင့်ပေးသူက ဂျီလီယံ ဖြစ်၏။ မမေ့နိုင်စရာ ညနေခင်း ဖြစ်ပါ ၏။ စကားတွေ ဖောင်ဖွဲ့ လိုက်ကြ၊ ရယ်လိုက်ကြနှင့်။ ရုပ်ရှင်ရုံထဲ ရောက်တော့ တစ်ယောက်လက်ကို တစ် ယောက် မလွှတ်တမ်း ကိုင်ထားကြသည်။ တစ်ဦး၏ ရင်ခုန်သံကို တစ်ဦး ကြားနေရ၏။ သည်နေ့လို နေ့မျိုး ကျွန်တော့် ဘ၀တွင် ဘယ်တုန်းကမျှ မရှိခဲ့ဖူးပါ။
နောက်ပိုင်းတွင်တော့ ရုပ်ရှင်ရုံ၊ ကပွဲရုံတွေကို ကျွန်တော်တို့ နှစ်ယောက် မှန်မှန် သွားဖြစ်ကြသည်။ ဂျီလီယံ က သူ့အကြောင်းကို အိတ်သွန်ဖာမှောက် ပြောပြသည်။
ဂျီလီယံ၏ မိဘများသည် ရစ်ခ်ျမွန်းတွင် နေကြသည်။ ဖခင်လုပ်သူမှာ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး တာဝန်ဖြင့် မကြာခဏ နိုင်ငံခြားသို့ သွားရတတ်သည်။ မိခင်က ဖက်ရှင်ဒီဇိုင်း ထုတ်လုပ်သူ။ ဂျီလီယံက ချယ်လ်စီ တွင် အခန်းတစ်ခန်းငှားနေပြီး အိမ်မှာ လူစုံချိန်တွင် ရစ်ခ်ျမွန်းကို ပြန်သည်။ ဂျီလီယံ သည် ကောလိပ် ကျောင်းသူ ဘ၀ကတည်းက လွတ်လွတ် လပ်လပ် နေခဲ့သည်။
အမျိုးသမီး မဂ္ဂဇင်းတစ်စောင်တွင် ၁၈ လတိတိ အယ်ဒီတာ ၀င်လုပ်ခဲ့သေးသည်။ ငြီးငွေ့လာသည်နှင့် ကျောင်းဆရာ ၀င်လုပ်ခြင်းဖြစ်သည်။ ငွေရေးကြေးရေးအတွက် လုပ်ခြင်းမဟုတ်ပါ။ မိဘများက သူ့အတွက် နှစ်စဉ် ထုတ်သုံးဖို့ လုံလုံလောက်လောက် ထားပေးပြီးဖြစ်သည်။။
တစ်နေ့ နေ့လယ်ပိုင်း မုန့်စားဆင်းချိန်တွင် စာသင်ခန်းထဲ၌ ကျွန်တော် တစ်ယောက်တည်း လေ့ကျင့်ခန်း စာအုပ် တွေကို အမှတ်ခြစ်နေသည်။ တံခါးခေါက်သံနှင့်အတူ မစ္စက်ပက် ၀င်လာသည်။
" မင်္ဂလာပါ မစ္စက်ပက် "
" မင်္ဂလာပါ ဆရာ၊ ဆရာ ကျွန်မကို မှတ်မိတယ်နော် "
ကျွန်တော် ဘာမျှ ပြန်မပြောဘဲ သူ့အပြောကို စောင့်နေလိုက်သည်။
" အခန်းကိစ္စ ဆရာနဲ့ ထပ်ပြောချင်လို့ လာခဲ့တာပါ၊ ဆရာ့ကို ဘာဘရာ့ ဆရာရယ်လို့ ကျွန်မ မသိခဲ့လို့ပါ ဆရာ၊ ကျွန်မ ပြောတာ ဆရာနားလည်ပါတယ်နော် "
ဟိုတုန်းက သူ ပြောသည်ကိုလည်း ကျွန်တော် နားလည်ပါ၏။ ခုဘာဆိုလိုသည်ကိုလည်း ကောင်းကောင်း သိပါသည်။
" ပြီးခဲ့တာ တွေ အားလုံး မေ့ပစ်လိုက်ကြရအောင်လား မစ္စက်ပက်"
" ကျွန်မ အနေနဲ့တော့ မေ့လို့မရဘူး ဆရာ၊ ဘာဘရာက နေ့ရော ညပါ ဒီကိစ္စကို ဂျီကျနေတယ်၊ ဆရာ့ဆီ သွား ရှင်းပြဖို့လေ၊ ဆရာ ကြိုက်တဲ့အချိန် လာနေနိုင်ပါတယ် ဆရာ "
" ကိစ္စ မရှိတော့ပါဘူး မစ္စက်ပက်၊ ကျွန်တော် အခန်းငှား မနေဖို့ ဆုံးဖြတ်လိုက်ပါပြီ"
" ဒုက္ခပါပဲ ဆရာ၊ ကျွန်မ ဘာဘရာ့ကို ဘယ်လို ပြန်ပြောရမလဲ၊ ဆရာ ကျွန်မကို ခွင့်မလွှတ်နိုင်လို့ အခန်း မယူတာ လို့ ထင်တော့မှာပဲ "
အမျိုးသမီးက ပူပူပင်ပင် ပြောနေသည်။ ဘာဘရာသည် တကယ့် သတ္တိခဲမလေးပါကလား။ ဒေါင်းတင် မောင်းတင်နှင့် အလွန်ကြမ်းပုံရသည့် သူ့အမေကို လွှမ်းမိုးနိုင်သည့် ဘာဘရာ။
" အဲဒီအတွက် မပူပါနဲ့ မစ္စက်ပက်၊ ကျွန်တော် ဘာဘရာ နားလည်အောင် ရှင်းပြလိုက်ပါ့မယ် "
" သြော် ... ဆရာရယ်၊ ကျေးဇူးတင်လိုက်တာ၊ ဟိုနေ့ကလည်း ဆရာ့ကို ထိခိုက် နစ်နာစေလိုတဲ့ဆန္ဒ ကျွန်မ မှာ မရှိပါဘူး "
အမျိုးသမီး ပြန်ထွက်သွားမှ ကျွန်တော့်စိတ်ထဲ ပေါ့သွားသည်။ သူပြောသည်ကို ကျွန်တော် လုံးဝ မယုံပါ။ သမီး အလိုကို မလွန်ဆန်နိုင်၍ ကျွန်တော့်ဆီ တကူးတက လာခဲ့ခြင်းဖြစ်ပါသည်။
ထိုနေ့ ညနေပိုင်းတွင် ဘာဘရာနှင့် ကျွန်တော် စကားပြောခွင့် ကြုံသည်။ သူ့အမေ လာသွားကြောင်း၊ အခန်း ယူဖို့ ပြောကြောင်း ရှင်းပြပြီး -
" ဆရာ မယူတော့ဘူးလို့ ပြောလိုက်တယ်၊ ဆရာ့လက်ရှိ နေရာမှာပဲ ဆက်နေဖို့ ဆုံးဖြတ်လိုက်ပြီလေ "
" ဒါပေမဲ့ အဲဒီတုန်းက မေမေ သဘောတူရင် ဆရာ နေမှာ မဟုတ်လား "
" မှန်တယ် မစ္စပက်၊ ဒါပေမဲ့ လူတွေဟာ ဒီလိုပဲ စိတ်ပြောင်းတတ်ကြတယ်လေ "
" ဆရာ မေမေ့ကို ခွင့်မလွှတ်နိုင်ဘူးလား ဟင် "
ကလေးမက စိတ်ထိခိုက်ဟန်ဖြင့် မေးသည်။
" ဒီလို မဟုတ်ပါဘူးကွယ်၊ ဟိုနေ့က စိတ်ခုခဲ့တာတော့ မှန်ပါတယ်၊ ဒါပေမဲ့ ဆရာ အခု စိတ်မဆိုးတော့ ပါဘူး။ မင်းတို့ သားအမိရဲ့ စေတနာကို ဆရာ ကျေးဇူးတင်ပါတယ်၊ ကဲ မင်း စိတ်ကျေနပ်အောင် ဆရာ တစ်ခု ပြောမယ်၊ ဆရာ အိမ်ခန်းငှားဖို့ စိတ်ကူးရင် မင်းတို့အခန်းကို ပထမဆုံး စိတ်ကူးမယ်၊ အားသေးရင်ပေါ့လေ၊ ဘယ့်နှယ်လဲ "
" ကျေးဇူးတင်ပါတယ် ဆရာ "
" ကောင်းပြီလေ၊ ဒါဖြေင့် အားလုံးကို မေ့ပစ်လိုက်၊ ဟုတ်ပြီလား ... "
" ဟုတ်ကဲ့ ဆရာ "
ခုမှ စိတ်အေးသွားဟန်ဖြင့် နှစ်နှစ်ကာကာ ပြုံးသည်။ အလွန်ထက်မြက်သည့် ကလေးမလေးဖြစ်သည်။ နောက်တွင်လည်း မအေလုပ်သူကို အရေးကြီးသည့် လူမှုရေး နီတိတွေ သူ သင်ပေးနိုင်လိမ့်မည် ထင် ပါသည်။
---------------------------
ဆက်ရန်
.
1 comment:
Always thank you very much..
Post a Comment