အခန်း (၄၀)
ဂျိန်း
ဂျိန်း
နောက်တစ်နေ့တွင် မိဘတွေက အိုဝင့်ကို တွေ့ချင်နေကြပြီဖြစ်ကြောင်း ဂျိန်းက ထုတ်ပြောသည်။ အိုဝင်က မထုံတက်တေး နှင့် ဘာမှ ပြန်မပြောဘဲ စီးကရက် မီးညှိကာ အပြင်သို့ ငေးနေသည်။
သမက်လောင်းကို အဖေနှင့် အမေ သဘောကျကြမည် မုချဟု ဂျိန်းက တွက်ပြီးသား သတင်းမဂ္ဂဇင်း ပရိသတ် တွေ မဟုတ်လား။
" လူကြီးတွေနဲ့ တွေ့ရအောင် သွားကြမယ်နော်၊ သူတို့ သဘော တူကြမှာပါ "
" ဘာ စိန့်လူးဝစ်ကို သွားမယ် မဟုတ်လား "
အိုဝင် က အထိတ်တလန့် ပြန်မေးသည်။ အရပ်ကို အိုဝင်မပြန်ချင်။ အရပ်အကြောင်း စဉ်းပင် မစဉ်းစားချင်။ အောက်တန်း နောက်တန်းကျကျ ဘ၀ကို ပြန်မတွေးချင်။
" ဒါပေါ့ စိန့်လူးဝစ် ကို မသွားလို့ ဘယ်သွားရမှာလဲ "
" မင်းအဖေနဲ့ အမေကို ကိုယ် လိုက်တွေ့ရမယ် ဟုတ်လား၊ ဟာ သေတော့မှာပဲ "
သည်တော့မှ အိမ်ထောင်မှု ဘုရားတည်၊ ဆိုသည့် ကိစ္စကို တွေးမိပြီး အိုဝင် ကျောထဲ စိမ့်သွားသည်။ ယောက္ခမများ နှင့် တစ်ဆက်တည်းပါလာမည့် တာဝန်တွေ၊ ၀တ္တရားတွေ။ ဒါတွေကို အိုဝင် လုံးဝ ထည့်မ တွက်ခဲ့။ လွတ်လပ်မှု မှန်သမျှကို ဘာမှ မကျန်အောင် ဆုံးရှုံးတော့မှာပဲလား။
" နောက်ပိုင်းမှာ ကိုယ် မျက်နှာသုတ်ပ၀ါနဲ့ ကိုယ် သုံးဖို့ နားမည်ထိုးရဦးမလား "
" မျက်နှာသုတ် ပ၀ါမှာ နာမည်ထိုးတာ အဆန်းလား "
ဂျိန်း က မျက်နှာသုတ်ပ၀ါကိုသာမက အိပ်ရာခင်းကိုပါ နာမည်ထိုးချင်သူ။
" ဆန်းလား မဆန်းလား ကိုယ် မင်းကို ရှင်းမပြတော့ဘူး "
အိုဝင်က အေးစက်စက်အသံဖြင့် ပြန်ဖြေသည်။ ဂျိန်းက သူ့ကို တစ်ခါမှ မမြင်ဖူးသူ တစ်ယောက်အား ကြည့် သလို လှမ်းကြည့်လိုက်သည်။ သူ ဘာများ မကျေမနပ် ဖြစ်နေပါလိမ့်။
ဤသည်မှာ သူတို့နှစ်ယောက်၏ ဇာတ်လမ်း အစမျှသာ ဖြစ်လေသည်။
လက်ထပ်ပြီးလျှင် ဘယ်မှာ နေကြမှာလဲလို့ ဂျိန်းက မေးတော့ အိုဝင်က ၁၃ လမ်းက သူ့အခန်းမှာပဲ နေတာ ပေါ့တဲ့။
" ကိုယ့်အခန်းမှာ မနေလို့ ဘယ်သွားနေရမှာလဲ " ဟု အိုဝင်က ပြန်မေးသေးသည်။ သူ့အခန်းကို အိုဝင်က သဘောကျသည်။ မျက်နှာကျက် အမြင့်ကြီးနှင့် ပြတင်းပေါက် တွေကလည်း ကျယ်မှ ကျယ်။ ဥရောပဆန် သည်။ ပတ်ဝန်းကျင် သန့်သည်။ အိမ်နီးနားချင်း ကောင်းသည်။ ဈေးသက်သာသည့် စားသောက်ဆိုင်များ နှင့်လည်း နီးသည်။ အကောင်းဆုံး စာကြည့်တိုက်တွေလည်း ရှိသည်။ အိမ်လခ သက်သာပြီး ပန်းခြံတစ်ခုကို စီးမြင်နေရကြောင်း လည်း အိုဝင်က ထည့်ပြောသည်။
သို့သော် အခန်းက ကျဉ်းလွန်းသဖြင့် ကျယ်ကျယ်တစ်ခန်း ရှာဖို့ ဂျိန်းက တိုက်တွန်းသည်။ ရပ်ကွက်ကို သဘောကျသော်လည်း အ၀တ်ဘီဒိုနှစ်လုံး၊ လက်နှိပ်စက်စားပွဲ နှစ်လုံးနှင့် စာရေးဆရာနှစ်ယောက်အတွက် အခန်း မှာ သေးငယ်လွန်းသည်ဟု ဂျိန်းထင်သည်။
"ဟာ ကိုယ်မှ မတတ်နိုင်တာပဲ" အိုဝင်က အောင့်သက်သက် နှင့် ပြန်ပြော၏။
"အို ဂျိန်းလည်း ထည့်မှာပေါ့"
"အဓိပ္ပာယ်မရှိ"
ဂျိန်းက သူတို့ ပျော်ရွှင်မှုကို အပေါင်းအသင်းများနှင့် မျှဝခံစားချင်သည်။ အိုဝင် က ဒါကို လုံးဝ စိတ်မ၀င်စား၊ ဂလင် နှင့် တစ်ဝိုင်းလောက် ထိုင်ဖို့လည်း အိုဝင် စိတ်မပါ။
"ဂလင်ကို ကိုယ် ခင်ပါတယ်၊ ဒါပေမယ့် သူနဲ့ ကိုယ်နဲ့ ပြောစရာအကြောင်း ဘာရှိမှာလဲ"
သတင်း မဂ္ဂဇင်းတိုက်၏ သတင်းထောက် ကတ်ပြားပြန်အပ်ခဲ့ရပြီးကတည်းက စိတ်ထဲတွင် မသိမသာ သိမ်ငယ် သလိုလို ဖြစ်နေကြောင်းတော့ အိုဝင် ၀န်ခံခြင်းမပြု။
မာရှာဖိတ်သည့် ညစာစားပွဲကိုလည်း အိုဝင် မသွားချင်။
"ဟိုတုန်းက မာရှာတို့ အိမ်ကို သွားတာ ဂျိန်း မှတ်မိပါတယ်"
"အဲဒီတုန်းက ကိုယ် ဘယ်သူနဲ့မှ မပတ်သက်သေးဘူးလေ၊ အတွဲလေး ဘာလေး တွေ့မလားဆိုပြီး သွားတာ"
ညစာစားပွဲ များသည် အိုဝင့်အတွက် အလုပ်ကိစ္စသက်သက်၊ ဒါမှမဟုတ် မြာပွေဖို့အတွက် သက်သက် ဖြစ်၏။ သည်ကိစ္စနှစ်ခုအတွက် မဟုတ်လျှင် သည်လိုပွဲများသည် သူ့အတွက် ပျင်းစရာ အတိ ဖြစ်နေ တတ်သည်။
"ထားပါတော့၊ ခု အတွဲ ရသွားတာနဲ့ ရသေ့ ရဟန်းဘ၀ကို ကူးသွားရောလား"
"မဟုတ်ဘူး၊ စာရေးဆရာဘ၀ကို ကူးတာ၊ ဒီလိုမလုပ်ရင် စာရေးချိန် ဘယ်မှာ ရှိတော့မှာလဲ"
ဝီလ်မာနှင့် သူ့အတွဲ ဆရာဝန်ကိုလည်း တစ်ခါဆုံပြီးကတည်းက နောက်ထပ် မတွေ့ချင်တော့။
"ကိုယ်တို့အတွက် တခြားလူတွေ များများ မလိုပါဘူးကွာ" ဟု အိုဝင်က ညည်းညူသည်။
"ဂျိန်းအတါက် လိုရင်လိုမှာပေါ့"
"မင်းအတွက် ကိုယ်ရှိနေပြီပဲ၊ ဘာလဲ ကိုယ့်တစ်ယောက်တည်းနဲ့ မလုံလောက်လို့လား"
အိုဝင် ဆေးစစ်ချက် မှတ်တမ်းကို ကြည့်ပြီး ဂျိန်းက ဆေးလိပ်ဖြတ်ဖို့ ပြောတော့ "ဟ ဘယ်လိုလဲ ဂျိန်း၊ လက်တောင် မထပ်ရသေးဘူး မင်းက ကိုယ့်ကို ပုံသွင်းချင်နေပြီလား"ဟု ရန်ထောင်ပြီး မကျေမနပ် ဆက်ပြော သေးသည်။
"အင်း မင်းလည်း သွားလေသူ နှစ်ယောက်နဲ့ ဘာမှ မထူးပဲလား"
ပြောပြီး ဆေးလိပ်မီးညှိနေသည်။
အိုဝင် ရုတ်ချည်း ပြောင်းလဲသွားပုံကို ကြည့်ပြီး ဂျိန်း နားမလည်နိုင်အောင် ဖြစ်နေသည်။ နှစ်လလုံးလုံး လက်ထပ်ဖို့ အရေးကို လူနာအမဲခြောက် တောင်းသလိုလို တိုးလျှိုးတောင်ပန်ခဲ့သည့် အိုဝင်။ မရလျှင် သေရတော့ မလောက် အဖြစ်သည်းခဲ့သည့်တိုင် အိုဝင်။
လက်ထပ်ပါ့မယ်ဆိုတော့မှ အပြောင်းလဲကြီး ပြောင်းလဲသွားလေသည်။ တစ်လအတွင်း အလွန် အချစ်သည်း သည့် ချစ်သူဘ၀ မှ အလွန်အေးစက်စက် နိုင်လှသည့် ခင်ပွန်းလောင်းဘ၀သို့ ပြောင်းလဲသွား၏။ ရန်ပွဲ များသည် ဟိုတုန်းကလို အိပ်ရာထဲတွင် ပြေငြိမ်းသွားခြင်း မရှိတော့။ နေ့လယ်က ဖြစ်ခဲ့သည့် ရန်ကြွေးသည် အိပ်ခန်းထဲ တွင် ပို၍ ပွဲကြမ်းလေတာ့၏။
အိုဝင်က သူ့စာကြမ်းမူတွေကို ဂျိန်းအား မပြတော့။ ပြစရာမရှိဟု ဆို၏။ စာရေးလို့ မရအောင် ခေါင်းတွေ ပူနေသည် ဟု ပြော၏။
"မင်းကြောင့်၊ မင်းတရားခံ၊ အလကားနေရင်း လျှောက်ဝေဖန်နေတော့ ကိုယ်ရေးဖို့ စိတ်ပျက်လာ တာ" ဟု စွပ်စွဲ၏၊ စားသောက်ဆိုင်ကြီးများဆီသို့လည်း အိုဝင် ဦးမလှည့်တော့။ ၁၃လမ်းနှင့် ဆဌမ ရိပ်သာထောင့်မှ တရုတ်ဆိုင် ကလေးအတွင်းမှာပဲ ကျေနပ်နေ၏။
"ဆိုင်ကလေးက ကောင်းလည်း ကောင်းတယ်၊ နီးလည်း နီးတယ်" ဟု အကြောင်းပြသည်။
ဒီဆိုင်မှာချည်း သုံးရက် ဆက်တိုက် လာစားခဲ့ပြီး ဖြစ်ကြောင်းနှင့် ဂျိန်းက ပူညံ ပူညံ လုပ်တော့
"ဟိုဆိုင်တွေက ကြက်ပေါင်းနဲ့ အသားလိပ်ကြော်တွေကို ညည်းငွေ့လာပြီ" ဟု ဆင်ခြေပေးသည်။
"ဒါဆိုလဲ တခြားဟင်း မှာစားပေါ့" ဟု ဂျိန်းက စောဒကတတ်သည်။
အလုပ်ထွက်ခဲ့တာ မှားပြီဟု အိုဝင် နောင်တရစပြုလာ၏။ "ဒီ ၀တ္ထုရှည်ကလည်း ဘယ်တော့မှ ပြီးမယ် မသိဘူး၊ သတင်းမဂ္ဂဇင်းမှာ ဆက်နေတာကမှ ပူလစ်ဇာချိတ်ချင်ချိတ်ဦးမယ်" ဟု မှုန်တေတေနှင့် တွတ်ထိုးစ ပြုလာ၏။
နိုးကြားမှု အာရုံကို ပိတ်ဆို့နေသည်ဆိုကာ စာမရေးဖြစ်သည့်အတွက် ဂျိန်းကို အပြစ်တင်ရုံမက သတင်း မဂ္ဂဇင်း မှ ထွက်လာခဲမိတာလည်း ဂျိန်းကြောင့်ဟု လက်ပံသား ဓားနှင့် ချိုင်သည်။
စာရေးဆရာဘ၀သို့ ကူးပြောင်းချင်စိတ်လည်း သိပ်မတတ်ကြွတော့။ ဂျိန်းကြောင့် အလုပ်ထွက်ခဲ့ ခြင်း ဖြစ်ကြောင်း ခဏခဏ ထုတ်ပြောသည်။ ခုမှ သတင်းထောက်ဘ၀ကို ပြန်လည် တသနေမိ၏။ အပြိုင်အဆိုင် သတင်းလိုက်ကြရသည့် ကာလတွေ၊ လူတော သူတော တိုးခဲ့ရသည့် အဖြစ်တွေ၊ အချိန်တန် လျှင် လစာမှနမှန်ရနေသည့် အာမခံချက်တွေ၊ အားလုံးကို တမ်းတမ်းတတ ဖြစ်နေမိ သည်။ စာအုပ်ကို ဆုံးအောင် ရေးနိုင်ပါ့မလား၊ ရေးဖြစ်ပါ့မလား ဆိုပြီး တွေးတော ထိတ်လန့်စ လည်းပြုလာပြီ။
"အလုပ်ထွက်ဖို့ မင်း တိုက်တွန်းတာ။ ရေး ဂျက်ဆပ်ရဲ့ စကားကို နားထောင်ခဲ့မိရင် အကောင်းသား၊ ၀တ္ထုက အားတဲ့အချိန်ရေးရင် ရတာပဲ" ဟု ပြောတော့ ဂျိန်းက "အားတဲ့အချိန် ဟုတ်လား၊ ရှင့်မှာ အားတဲ့အချိန် ဘယ်တုန်းက ရှိဖူးလို့လဲ" ဟု ကြက်ခေါင်းဆိတ်မခံ နှုတ်လှန်ထိုးသည်။
သူတို့နှစ်ယောက်အကြားမှ အဆိုးဆုံး ပြဿနာမှာ အိုဝင်က အိပ်ရာထဲတွင် အေးစက်စက် ဖြစ်လာ ခြင်း ဖြစ်၏။ ဂျိန်းက ပြဿနာ လုပ်တော့။
"ကိုယ် က စူပါမင်း မဟုတ်ဘူး၊ မင်း မကျေနပ်ရင် ကိုယ့်အခန်းကိုယ်ပြန်အိပ်" ဟု နှင်လွှတ်သည်။
သို့သော် နောက်တစ်ညတွင်မူ ယခင်ကတိုင်း တစ်လောကလုံးကို မေ့လျော့ထားနိုင်လောက်အောင် အချစ် ကြူးကြ ပြန်၏။
"တော်သေးတာပေါ့၊ ဂျိန်းက အဲဒါမျိုးတွေ သူ မေ့များ ကုန်ပြီလားလို့" ဟု တီးတိုးပြောသည်။
"မေ့ရမယ် ဟုတ်လား၊ မင်းလို မိန်းကလေးမျိုးနဲ့ဆို ဘယ်တော့မှ မမေ့ဘူး၊ မှတ်ထား" ဟု အိုဝင်က ပြန်ပက် သည်။ နောက်တစ်နေ့ မနက် ဂျိန်း အလုပ်သွားတော့ အားပါးတရ နမ်းပြီး နှုတ်ဆက်ဖော် ရသည်။ ဤသို့ဖြင့် အရာတိုင်း သည် ပုံမှန်အတိုင်း ပြန်ဖြစ်လာပြန်၏။
လူလွတ်ဘ၀ကို စွန့်လွှတ်ဖို့၊ သူ ခဏတွေဝေသွားတာ ဖြစ်မှာပါ။ အားလုံး အဆင်ချော သွားမှာပါဟု ဂျိန်း တွေးနေမိ လေသည်။
နောက်တစ်နေ့တွင် အိုဝင် ဖုန်းဆက်မလာတော့။ ဂျိန်းက သူ့ဘက်မှ အကြောင်းအမျိုးမျိုးပြပြီး ခွင့်လွှတ် လိုက်သည်။ သူစာရေးနေပြီ မဟုတ်လား။ သူ့ဆီ ဆက်လို့ မရလျှင်လည်း ရေးချိုးခန်းထဲ ၀င်နေတာ ဖြစ်မှာပါ။ စာတိုက်သွားနေတာ ဖြစ်မှာပါ၊ တစ်ယောက်နဲ့တွေ့ပြီး အရက်ဝိုင်းဖွဲ့နေတာ ဖြစ်မှာပါ စသည်ဖြင့် ခွင့်လွှတ်ထားလိုက်သည်။ တစ်နေ့ ရုံးမသွားခင် ကောက်ဆက်လိုက်သည်။ အမျိုးသမီးတစ်ယောက် အထူး သဖြင့် ဖုန်းခွက် ကို အသာပြန်ချထားလိုက်၏။
ဒေါသကို မထိန်းနိုင်တော့။ ၁၃လမ်းရှိ သူ့အခန်းကို တန်းလိုက်သွားသည်။ တံခါးခေါက်တော့ အိုဝင် က ဖွင့်ပေးသည်။
ဂျိန်းက အသံမာမာဖြင့် မေးသည်။
"ခုတင်က ဖုန်းကိုင်တာ ဘယ်သူလဲ"
"ဒီမေးခွန်းမျိုး မင်းကိုလဲ ကိုယ်မမေးဘူး၊ ကိုယ့်ကိုလဲ မမေးနဲ့လေ"
သူ့နောက်ဘက်တွင် ပိန်ပိန်သွယ်သွယ် မိန်းမချောကလေးကို ဂျိန်း လှမ်းမြင်လိုက်တော့ "သြော် ပန်းရောင် နှုတ်ခမ်းနီဘူး ပိုင်ရှင်ပါလား၊ ကိုယ် မရှိတဲ့ ညတွေမှာ မင်းက အစားဝင်နေတာကိုး" ဟု ပြောပြီး တံခါးကို တအား ဆောင့်ပိတ်ကာ လှည့်ထွက်လာခဲ့၏။ အောက်ထပ်မှ ခွေးတစ်ကောင် အလန့်တကြား ထဟောင်သံ ကြားလိုက်သည်။
အခန်းကို ပြန်လာပြီး လက်စားချေဖို့ အမျိုးမျိုး စဉ်းစားသည်။
"ခွေးမသားကို ကိုယ် သတ်မယ်" ဟု ၀ီလ်မာကို ပြောသည်။
"ပြီးတော့ နင် ထောင်ထဲမှာ သွားနေမလို့လား" ဟု ၀ီလ်မာက ထောက်ပြသည်။
"သူ့ အခန်းထဲ ခိုးဝင်ပြီး ရေးပြီးသား စာမူတွေကို မီးရှို့ပစ်မယ်"
"ဘယ်လိုလုပ်ပြီး ၀င်မလဲ၊ နင့်ကို ဟိုက သော့တစ်စုံတောင် ပေးထားလို့လား"
"သူ့ ကောင်မလေးကို ငါသွားပြောမယ်၊ သူနဲ့ မတွေ့တဲ့ ညတိုင်း ငါနဲ့အတူတူ အိပ်နေတာလို့"
"အဲဒါ သွားပြောတော့ နင့်အတွက် ဘာထူးမှာလဲ၊ သူက လူပွေပဲ ဥစ္စာ၊ ဟိုကောင်မလေးက သိပြီးသား ဖြစ်ချင် ဖြစ်နေမှာပေါ့"
"ဒါဆို ငါဘာလုပ်ရမှာလဲ ၀ီလ်မာ"
"ချမ်းသာအောင်လုပ်၊ နာမည်ကျော်အောင်လုပ်"
"အေး ဟုတ်တယ်၊ ငါ့မှာ ပိုက်ဆံတွေ အများကြီး ရှိလာရင်၊ ငါနာမည်ကျော်ဖြစ်လာရင် ခွေးသူတောင်းစား ဘယ်လောင် ဖင်ကြားခဲခု ဖြစ်လိုက်မလဲ"
အခန်း(၄၁)
အယ်လီ
အယ်လီ
မေမေ လူစီသည် ဆံပင် တိုတိုကလေး ညှပ်ပြီး ဆန်းပေ့ ညွန့်ပေ့ ဆိုသည့် အ၀တ်အစားများကို ၀တ်ကာ ခေတ်နှင့်အပြိုင် နေသော်လည်း အယ်လီက အိုဝင်ကာဆယ်နှင့် အတူသွားနေမည်ဟု ဖွင့်ပြောသောအခါ မျက်ကလူးဆန်ပျာ ကန့်ကွက်သည်။
"လက်မထပ်ဘဲ အတူတူနေမယ် ဟုတ်လား
ခပ်သွက်သွက် အသက်ရှူရင်း မေးသည်။
"ချက်ချင်း လက်ထပ်လို့ မဖြစ်သေးဘူးလေ"
အိုဝင်က သူ့တွင် အလုပ်အကိုင် အတည်တကျ မရှိသေးကြောင်း၊ ၃၉မျဉ်းပြိုင်သာလျှင် မျှော်လင့် စရာရှိကြောင်း၊ ထို့ကြောင့် မရေမရာဘ၀ဖြင့် လက်မထပ်သင့်ကြောင်းဖြင့် အယ်လီ့ကို ပြောထား သည်။ သို့သော် ချစ်နေမိပြီဖြစ်လို့ အတူတူတော့ နေချင်ပြီတဲ့လေ။
"ကိုယ်တို့နှစ်ယောက် အတူနေပြီး လက်ထပ်သင့် မသင့် စဉ်းစားကြတာပေါ့၊ အဆင်ပြေမယ် ထင်ရင် အချိန် မရွေး လက်ထပ်လို့ရတာပဲ"ဟု နားချ၏။
"နောက်မှတော့ ဘာလို့ လက်ထပ်နေတော့မှလဲ"
မေမေလူစီ မကျေမနပ် ပြန်မေးသည်။
"ဘာဖြစ်လို့လဲဆိုတော့ အယ်လီက သူ့ကို ချစ်နေပြီ၊ သူကလည်း အယ်လီ့ကို ချစ်နေလို့ပေါ့"
"သမီးကို ချစ်ရင် အစကတည်းက လက်ထပ်ရမှာပေါ့၊ သမီး ပျော့လို့ သူ အခွင့်ကောင်း ယူနေတာ" အယ်လီ့ အဖေကလည်းအလားတူပင် ဆန့်ကျင်သည်။
"အိုဝင်က နာမည်ကျော် ငပွေတစ်ယောက်ပဲ၊ ပြီးတော့ သမီးထက် ဆယ်နှစ်တောင် ကြီးတာ၊ အိမ်ထောင် နှစ်ခါ ပျက်ပြီးပြီ၊ အင်မတန် အလားအလာရှိတဲ့ အလုပ်တစ်ခုကို ထားခဲ့ပြီး စာအုပ်ရေး မလို့တဲ့"
ဘရိန်မက်ဂရက်က ပြောရင်း စိတ်ကျရောဂါအကြောင်း စဉ်းစားမိသည်။
သတင်းမဂ္ဂဇင်းလို့ လျှမ်းလျှမ်းတောက် မဂ္ဂဇင်းတစ်စောင်၏ ထိတ်ထိတ်ကျဲ သတင်းထောက်ဘ၀ကို စွန့်လွှတ် ခဲ့သည့် အိုဝင့်ကို ဘရိန်က နားမလည်နိုင်အောင် ဖြစ်နေ၏။
"တကယ်လို့၊ အဲဒီစာအုပ်ကို ပြီးအောင် သူ မရေးနိုင်ရင် ဘယ့်နှယ်လုပ်မလဲ"
"သူ ပြီးမှာပါ ဖေဖေ၊ အိုဝင့်မှာ ပါရမီ ရှိပါတယ်"
"ပါရမီဆိုတာ မရေမရာပါ။ အရေးကြီးတာက ဆုံးဖြတ်ချက် တိကျဖို့နဲ့ လောကကြီးနဲ့ လိုက်လျော ညီထွေ ရှိဖို့ပဲ၊ စာအုပ်ကို သူပြီးအောင် ရေးနိုင်တယ် ထားဦး၊ စာမူဘ၀က စာအုပ်ဖြစ်လာမယ်လို့ ဘယ်သူ အာမခံမလဲ၊ စာရေးဆာ တော်တော်များများ ငတ်နေကြတာပဲ"
"အိုဝင်က အဲဒီလိုလူစာမျိုးမှ မဟုတ်တာ"
"ဘာများ ထူးလို့လဲ၊ သတင်းမဂ္ဂဇင်းမှာ ဆောင်းပါးလေး ရေးဖူးပြီး အပေါစားဝတ္ထုကလေးတွေ ရေးဖူးတာ လောက် နဲ့၊ ၀တ္ထုကောင်းတစ်ပုဒ် ထွက်ဖို့၊ ဘ၀တစ်ခုကို တည်ဆောက်ဖို့ အလှမ်း ကွာလွန်းပါတယ် သမီး ရယ်၊ သမီးကို တကယ် တလေးတစား ချစ်ရင် အတည်တကျ အလုပ်တစ်ခု ရှာလုပ်ပြီး အားလပ်ချိန်မှာ ၀တ္ထုရေးပေါ့၊ အောင်မြင်လာတဲ့ တစ်ချိန်မှာ လက်ထပ်ပေါ့"
"သူ သမီးကို လေးစားပါတယ်၊ ချစ်လည်း ချစ်ပါတယ်"
"ဒါဆို ဘာလို့ လက်မထပ်နိုင်ရမှာလဲ"
"အတူနေပြီး တစ်ယောက်နဲ့တစ်ယောက် လေ့လာဖို့လိုတယ်လို့ သူက ထင်တယ်။ အဲဒါ မကြားဝံ့ မနာသာကိစ္စကြီးလား ဖေဖေ"
"အဓိပ္ပာယ်မရှိတဲ့အကြောင်း သမီး မသိတောင် သူသိရမယ်၊ လက်ထပ်ပြီး ပေါင်းသင်းကြည့်မှ တစ်ယောက် နဲ့ တစ်ယောက် တကယ် နားလည်ကြရတာ၊ အပျော်နေကြည့်ရုံနဲ့ အိမ်ထောင်ရေး ပြဿနာကို မသိနိုင်ဘူး၊ အလျော့အတင်းကို နားမလည်နိုင်ဘူး"
"မသိနိုင်စရာ နားမလည်နိုင်စရာ သမီးတော့ မမြင်ပါဘူး၊ စာချုပ်ကလေး တစ်ရွက်ကကော ဘ၀မှာ ဘယ်လောက် အဓိပ္ပာယ် ရှိလို့လဲ"
အမေ ဘယ်လို ပြောပြော အဖေဘယ်လိုဆူဆူ အယ်လီက ဆုံးဖြတ်ပြီးပြီ။ ချစ်သူ့ ရင်ခွင်မှာ နားနေ တော့ မည်။
"အဖေနဲ့အမေက ကြီးပြီလေ၊ အချစ်အကြောင်း သူတို့ ဘယ်သိတော့မလဲ၊ ဘယ်အလေးထားတော့ မလဲ" ဟု အီသယ်လ် ကို အယ်လီက တိုင်တန်းလေသည်။ မတ်လလယ်လောက်တွင် အယ်လီက သူ့အ၀တ်အစားတွေ၊ တိတ်ခွေ တွေ၊ စာအုပ်တွေ အားလုံး အမေ့အိမ်မှ သယ်လာပြီး အိုဝင့် တိုက်ခန်းသို့ ပို့ထားခဲ့သည်။
ထုပ်ပိုး ပြင်ဆင်ပြီးချိန်တွင် အမေက
"သမီး အရမ်းမှားသွားပြီ၊ သမီးကို သူ အသုံးချနေတာ၊ တစ်နေ့မှာ သမီး အသည်းကွဲလိမ့်မယ်" ဟု ပြောသေး သည်။
အဖေကမူ အောက်ထပ်သို့ အထုပ်အပိုးတွေ ကူချပေးရင်း နားချသည်။
"သမီး ဆုံးဖြတ်ချက်ကို ပြင်ဖို့ အချိန်ရပါသေးတယ်ကွယ်"
မိမိ တစ်သက်လုံး နေထိုင်ကြီးပြင်းလာသည့် အိမ်ကြီးရှေ့တွင် ရပ်လျက် ပြောနေခြင်း ဖြစ်၏။
"သမီး မသွားပါနဲ့လား၊ သူဟာ သမီးထက် ၁၀နှစ်လဲ ပိုကြီးတယ်၊ ပြီးတော့ မိန်းမလည်း လိုက်စားတယ်"
အယ်လီ က တက္ကစီတစ်စင်းကို လှမ်းတားပြီး
"သမီး ဆုံးဖြတ်ပြီးနေပြီ ဖေဖေ၊ အိုဝင့်ကို သမီး ချစ်တယ်၊ သူနဲ့ အတူနေမယ်၊ သမီး မမှားပါဘူး"
မိဘနှစ်ပါး ကို တော်လှန်ပြီး အိမ်မှ ဆင်းလာခဲ့သော်လည်း အဖေနှင့်အမေတို့ စိုးရိမ်တကြီး သတိပေးချက် များသည် ကြီးမားသော အဟုန်ဖြင့် အယ်လီအား လှုပ်ခတ်စေခဲ့သည်။
မိမိ ကို သူ တကယ် အပျော်သက်သက် သဘောထားနေသည်။
သူ့စာအုပ်ကြီးကို ပြီးအောင် မရေးနိုင်ဘူး ဆိုလျှင်
မိမိအား ထားခဲ့ပြီး နောက်တစ်ယောက်ဆီ ကို ပါသွားလျှင် ဟို ဆံပင် ပွယောင်းယောင်း ကောင်မလေးနှင့် ဆက်တွဲ နေလျှင် သူနဲ့ ဘယ်တော့မှ မတွေ့တော့ပါဘူး။ အလေးအနက် မဟုတ် ပါဘူးလို့ ကျိန်တွယ် ပြောတာ ကိုကော ယုံသင့်သလား၊ တစ်ဆင့်တက်ပြီး သူ့ကိုကော တကယ် ယုံသင့်ရဲ့လားဟု အယ်လီ တွေးစ ပြုလာသည်။ ၁၃လမ်း သူ့အခန်းကို ရောက်ရောက်ချင်း ငိုချလိုက်မိ၏။
"အလို ဘာဖြစ်တာလဲ၊ ဘာလို့ ငိုတာလဲကွာ"
အိုဝင်က သူ့ပစ္စည်းတွေ ၀ိုင်းသယ်ပေးရင်း မေးတော့ အယ်လီက ကြိုးကြိုးစားစား ပြုံးပြီး ဖြေသည်။
"ငိုတာ မဟုတ်ပါဘူး မောင်ရယ်၊ ၀မ်းသာာလွန်းလို့ ကျတဲ့ မျက်ရည်တွေပါ"
အတူနေပြီး ပထမအပတ်တွင် သူတို့နှစ်ယောက်သည် ချစ်သူဘ၀မှ သမားရိုးကျ အကြင်လင်မယား ဘ၀ကို ပြောင်းလဲလိုက်ကြသည်။ အယ်လီအလုပ်သွားလျှင် အိုဝင်က အိမ်မှာ စာရေးသည်။ ဥတ္တရကြယ် စာအုပ်တိုက်တွင် ၁၉၆၄ခုနှစ် ဇန်န၀ါရီလတွင် အယ်လီ အလုပ်ဝင်ခဲ့၏။ အလုပ်က အတွင်းရေးမှူး။ သို့သော် အရောင်းဌာနနှင့် ပြန်ကြားရေးဘက်တွင်လည်း ၀င်ကူရသည်။
ရုံးပိတ်ရက်များတွင်တော့ အမေရိကန် အစိုးရ ဆန့်ကျင်ရေး ပြည်သူ့အခွင့်အရေး လှုပ်ရှားမှုများတွင် လယ်လီ တက်ကြွစွာ ပါဝင်လေသည်။
အိုဝင့်အခန်းကို ရောက်သည့်နေ့မှစ၍ အယ်လီက သူ့အ၀တ်အစားတွေကို အိုဝင့် အ၀တ်ဘီဒို ထောင့် တစ်နေရာတွင် ထည့်ထားသည်။ ဘ၀နှစ်ခုတို့ ပေါင်းစည်းကြလေပြီ ဆိုသည့် သဘော။ အယ်လီသည် အိမ်ရှင်မကောင်း တစ်ယောက်ဖြစ်ဖို့ ကြိုးစားလေသည်။ သူတို့နှစ်ယောက်လောက် ပျော်စရာကောင်းသည့် စုံတွဲမျိုး မရှိနိုင်ဟု ယုံကြည်ထား၏။
"အိုဝင်နဲ့ ပတ်သက်ပြီး သူတို့ အထင်အမြင် လွဲမှားကြောင်း အဖေနဲ့အမေ့ကို ငါသက်သေပြမယ်၊ အိုဝင် ငါ့ကို ပျော်အောင်ထားမယ် ဆိုတာ ငါ ယုံတယ်လေ။ သူဟာ ဘယ်သူနဲ့မှ မတူအောင် တော်တဲ့လူဆိုတာ ငါ သိတယ်" ဟု မာဂရက်ကို အယ်လီ ပြောဖြစ်သည်။
"အေးလေ၊ နင် ပြောတဲ့အတိုင်း ဖြစ်ပါစေလို့ ငါဆုတောင်းပါတယ်" ဟု မာဂရက် ပြန်ပြော၏။
တစ်ဖက်တွင် အိမ်ရှင်မတစ်ယောက် ပီသအောင် ထိန်းပေးပြီး တစ်ဖက်ကလည်း အိုဝင်ကို စာရေး ဖြစ်အောင် အားပေးသည်။ ဂျိန်းနှင့် တုန်းကလို အိပ်ရာထဲတွင်ရော စာမူကိစ္စတွင်ပါ ငြင်းရခုန်ရ အားကုန် ရခြင်း မရှိဘဲ ၃၉မျဉ်းပြိုင်သည် တစ်မျက်နှာတစ်မျက်သို့ လျင်မြန်စွာ ကူးလျက် ရှိ၏။
အယ်လီအလုပ် မသွားမီကတည်းက စာရေးစားပွဲတိုင်းတွင် ထိုင်သည်။ အယ်လီ ရုံးဆင်းချိန်ထိ မထ။ ညစာကို စာရေးစားပွဲတွင် ပြင်ပေးရသည်။ စနေ၊ တနင်္ဂနွေတွင်လည်း အိုဝင် မနား၊ ရုပ်ရှင် ကလေး ဘာလေး ထွက်ကြည့်ဖို့ပင် စိတ်မကူး၊ ဘယ်အပေါင်းအသင်းနှင့်မှလည်း မတွေ့တော့။ သည်အတွက် အယ်လီ က ဂျိန်းလို ရန်မလုပ်၊ တစ်ခွန်းမျှ မပြော။
"မိန်းမတိုင်း မင်းလို ပြည့်ဝရင် ကောင်းမှာပဲ၊ ယောက်ျားတစ်ယောက်ကို ဘယ်လိုပြုစုရမယ်ဆိုတာ မင်းလောက် ဘယ်မိန်းမမှ မသိဘူး" ဟု အိုဝင်က ချီးမွမ်းခန်းဖွင့်သ်ည။
၁၉၆၄ခုနှစ်တွင် နွေဦးတွင် တိုးတက်သော အုပ်စုနှင့် အမေရိကန် အုပ်ချုပ်ရေးပိုင်း၏ ပဋိပက္ခမှာ ပို၍ပို၍ နက်ရှိုင်းလာ၏။ အိုဝင်သည် ပတ်ဝန်းကျင်မှ ဆူဆူညံညံ အသံဗလံတွေကို နားမထောင်ဘဲ လက်နှိပ်စက်ကို မိုးသီးမိုးပေါက်ကျသလို သည်းကြီးမည်းကြီး ရိုက်လျက် ရှိသည်။ ဤသို့ဖြင့် ဇွန်လ တနင်္ဂနွေနေ့ တစ်နေ့တွင် စာမူကြီး ပြီးစီးသွားလေတော့၏။
ပြည်သူ့ပန်းခြံ လူထု ဆန္ဒပြပွဲမှ ပြန်လာသည့် အယ်လီကို အိုဝင်က ရေခဲစိမ် ရှမ်ပိန်ပုလင်းဖြင့် ဆီးကြိုသည်။
"ပြီးသွားပြီ" ဟု ပင်ပန်းနွမ်းနယ်ဟန် ရှိသော်လည်း ၀မ်းသာနေသည့် လေသံဖြင့် ပြောရင်း သေသေ သပ်သပ် စီထားသည့် စာမူအထပ်ကြီးကို ပြသည်။
နောက်တစ်နေ့တွင် စာမူကို စာပေပေါင်းကူဆရာ ဟန့်ဂရင်နီဆီ ယူသွားသည်။
"ဟောဒီမှာ ပြီးပြီ" ဟု ထိုးပေးလိုက်၏။
ဟန့်က အသားလုံးကျော်ကို မြုံ့ရင်း
"နိပ်ပေ့ကွာ၊ ကိုယ်တော့ မောင်ရင့် စာမူ စွံမယ်လို့ ယုံနေတယ်"
"ခင်ဗျား စိတ်ပျက်မှာပဲ ကျွန်တော်က စိုးရိမ်နေတာ ဟန့်"
ဟန့်က စာမူ ထပ်ကြီးကို လှန်လှောကြည့်ရှုရင်း
"သွားစမ်းပါ၊ စာပေသိက္ခာ ကျန်ရစ်စေချင်သလား၊ ပိုက်ဆံ များများ ရချင်သလား၊ မောင်ရင် ကြိုက်တာပြော၊ ဖြစ်စေရမယ်"
စာပေတိုက်မျာနှင့် စာရေးဆရာများကို ထိုစဉ်က သူရွေးခိုင်းနေကျ လမ်းနှစ်သွယ်။
"ပါမင်းနိုက် စာအုပ်တိုက်တော့ ကျွန်တော် သဘောကျတယ်၊ သိက္ခာရှိတယ်၊ ဟု အိုဝင်က အဆိုပြ သည်။
"ကောင်းပြီလေ၊ အဒရီယံ ဟော်လန်ကို ကိုယ်ပြောကြည့်မယ်၊ ပြီးတော့ မောင်ရင့်ကို အကြောင်းပြမယ်"
"ပါမင်းနိုက်က ထုတ်ဖြစ်မယ်၊ ဒေါ်လာတစ်သောင်းပေးမယ်တဲ့"
ရက်သတ္တပတ် များစွာကြာမှ အဖြေရသဖြင့် မင်္ဂလာသတင်းကို အိုဝင်က အယ်လီ့ကို ပြောပြသည်။ သူ့ကြည့်ရသည်မှာ မျက်နှာမသာဘဲ ညိုမှိုင်းနေ၏။ ၁၉၆၄ခုနှစ်ပိုင်းက ပထမဆုံး ထွက်သည့်စာအုပ် အတွက် ရသည့်ငွေမှာ နည်းနည်းနောနော မဟုတ်။ အများအားဖြင့် ရကြသည်မှာ ဒေါ်လာ ထောင့်ငါးရာခန့်သာ ဖြစ်၏။ စာပေစားပွဲက ခပ်ထက်ထက်ဖြစ်ပြီး၊ စာအုပ်လည်း စွံမည်ဆိုလျှင် လွန်ရောကျွန်ရော နှစ်ထောင့်ငါးရာ။
"ပျော်စရာကြီးပေါ့နော်၊ အယ်လီ ၀မ်းသာလိုက်တာ မောင်ရယ်"
အဖေနဲ့ အမေကို အယ်လီ အကြောင်းကြားချင်လှပြီ။
ပါမင်းနိုက် စာအုပ်တိုက်သည် နာမည်ကျော် တိုက်ကြီးတစ်တိုက် ဖြစ်ကြောင်း အယ်လီ သိထားသည်။ တိုက်ပိုင်ရှင် အဒရီယံဟော်လန်သည် စာအုပ်ကောင်းတွေကို ရွေးထုတ်သူအဖြစ် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတတ်သူ ဖြစ်သည်။ သူ့တိုက်မှ ထွက်သည့် စာအုပ်မှန်သမျှ တိုက်ရှိန်ဖြင့် အလိုအလျောက် တလေး တစား နေရာပေးခံကြရ၏။ ကြိုတင်ငွေ မြက်မြက်ကလေးပေးပြီး စာအုပ် ကို စွံအောင် လုပ်ပေးတတ်သည့် တိုက်ဖြစ်သဖြင့် အိုဝင်၏ ၃၉မျဉ်းပြိုင်သည် တန်းဝင် ၀တ္ထုတစ်ပုဒ် ဖြစ်လာမည်ဟု အယ်လီ ယုံကြည်လေသည်။
"ပွဲဦးထွက် စာအုပ်အတွက် ဒေါ်လာတစ်သောင်းဆိုတာ မနည်းဘူး မောင်ရဲ့၊ ပါမင်းနိုက်က မောင့် စာအုပ်ကို တကယ် ကြိုက်လို့ ပေးတာဖြစ်မှာ"
အယ်လီ့ မျက်လုံးပြာ အစုံသည် ၀မ်းသာလွန်းသဖြင့် တဖျပ်ဖျပ် လင်းလက်နေသည်။ ရင်ခုန်စရာ ကောင်းလှသည့် သည်သတင်းကို ဘယ်လို အသုံးချရပါ့မလဲဟုလည်း စဉ်းစားနေ၏။
"ထုတ်ဝေသူ" အပတ်စဉ် ဂျာနယ်က အယ်ဒီတာ တစ်ယောက်ကို အယ်လီ သိတယ်၊ စာအုပ် ဝေဖန်ခန်းမှာ သူ့ကို ရေးခိုင်းမယ်လေ"
အယ်လီ့အမြင်တွေ အိုဝင်သည် အတော်ဆုံး စာရေးဆရာ၊ ၃၉မျဉ်းပြိုင်သည် အကောင်းဆုံးဝတ္ထု၊ တစ်ကမ္ဘာလုံး က ဒါကို သိအောင် ကိုယ်စွမ်းရှိသမျှ ဥာဏ်စွမ်းရှိသမျှ ကြိုးစားမည်။ လုပ်နေရသည့် အလုပ် တာဝန် တစ်ပိုင်း ကလည်း ထုတ်ဝေရေး မဟုတ်လား။
ဆက်ရန်
.
No comments:
Post a Comment