Sunday, June 5, 2011

မဝင်းမြင့် ၏ မြသေလာတောင် ဆွေးဖွယ်နှောင်သည် အပိုင်း (၄)

ကိုဘဆွေ က သာယာ ညင်းပျောင်းသောအသံဖြင့် အကျိုးသင့်အကြောင်းသင့် ပြောနေသည်။ မခင်မျိုးသည် စကား မပြောနိုင်အောင် ငိုင်နေရှာလေသည်။ ဤအတိုင်းမှန်နေလျှင် ဘခင်တစ်ယောက်လုံး သေဆုံး သွားသည်ကိုပင် မသိနိုင်အောင် အစအနပျောက်ကွယ်နေသော ချစ်သူ ကိုစောခိုင်ကား အသက်ရှင်လျက်မှ ရှိပါလေမည်လား။ သတ္တ၀ါအပေါင်းကို ကယ်တင်နိုင်မည့် ဆေးပင်ရှိရာသို့ ထွက်ခွာသွားမည်ဟူ၍သာ စာထဲမှာ ပါသည်။ ဘယ်ဆီဘယ်ဒေသဟူ၍လည်း ညွန်ပြခြင်းမရှိခဲ့။

အဖော်အဖြစ်နှင့် ကိုဘဆွေအား ခေါ်သွားမည်ဟု စာထဲမှာ ရေးထားသော်လည်း ယခုမူ ကိုဘဆွေက သူလုံးဝ မသိပါဟု အကြောင်းအချက် ခိုင်လုံစွာ တင်ပြနေသည်။ မည်သည့် ရည်ရွယ်ချက်ဖြင့် မည်သည့် ဒေသသို့ ထွက်ခွာသွားမှန်း မသိရသော ကိုစောခိုင်ကား ဘခင်မေ့၊ ချစ်သူမေ့လောက်အောင်ပင် တစ်ရပ် တစ်ရွာ မှာ ပျော်နေပြီလော။ အသက်ပင် သေရှာပြီလားဟု မခင်မျိုးသည် တွေးကာ ဆွေးစိတ်ကြောင့် မျက်လုံး ထဲမှာ ဝေ့လည်လာသော မျက်ရည်ကို စီးမရအောင် အံကို တင်းတင်းခဲပြီး ရှည်လျားကော့မြူးသော မျက်တောင် များကို သာ တဖျပ်ဖျပ်ခတ်နေလေသည်။ ကိုဘဆွေသည် မခင်မျိုးအား စိမ်းစိမ်း စိုက်ကြည့် နေ၏။ အတန်ကြာမှ ပျော့ပျောင်းညင်သာသော လေသံဖြင့်..
    'ဘဘနဲ့မယ်မယ်တို့ နေကောင်းကြရဲ့လား..'ဟု မေးလိုက်သည်။ မခင်မျိုးက နှုတ်ဖြင့်မဖြေ။ ခေါင်းညိတ် ရုံသာ ညိတ်ပြလိုက်သည်။

    'အခုအိမ်မှာရှိလား မခင်မျိုး၊ ဘဘနဲ့မယ်မယ်ကို ကျွန်တော် ကန်တော့ချင်လို့ပါ'
    ကိုဘဆွေ က ရိုသေကျိုးနွံဟန်ဖြင့် မေးလိုက်၏ မခင်မျိုးသည် ဆို့ကြပ်နေသော ရင်ကို ရှင်းလိုက်သလို သက်ပြင်း တစ်ချက်ချလိုက်ပြီး....
    'မရှိဘူး ကိုဘဆွေ၊ တောရကျောင်းမှာ ကမ္မဋ္ဌာန်းသွားထိုင်နေကြတယ်။ ကျွန်မဘဘ နဲ့ မယ်မယ်တို့ဆီ စားသောက် စရာ သွားပို့ရဦးမယ်'ဟု ပြောရင်း တိုင်ကပ်နာရီကို မော့ကြည့်လိုက်၏။
    'ဟော...ကိုးနာရီတောင် ထိုးနေပြီ၊ သွားရမယ့် ခရီးက အလှမ်းသား၊ ဘဘနဲ့မယ်မယ်တို့ ဆာလှ ရောက်မယ်'
    'ကျွန်တော်လိုက်ပို့ရဦးမလား မခင်မျိုး'

ကိုဘဆွေ၏ မေးခွန်းကြောင့် မခင်မျိုးက ကိုဘဆွေ၏ မျက်နှာကို ဖျပ်ခနဲ လှည့်ကြည့်လိုက်သည်။ သို့သော် ပကတိ ရိုးသားလှသော ကိုဘဆွေ၏ မျက်နှာထားကြောင့်....
'ကျေးဇူးတင်ပါတယ် ကိုဘဆွေ၊ ကျွန်မအဖော်တွေ ပါမှာပါ၊ ကျွန်မသွားနေကျလမ်းမို့ ကြောက်စရာ မရှိပါဘူး'
    ဟုစကားလုံး ယဉ်ယဉ်ဖြင့် ငြင်းပယ်ပြီး ဆွေးရိပ်သန်းနေသော မျက်နှာကလေးကို အိမ်အတွင်းဘက်သို့ လှည့်လိုက်၏ ကိုဘဆွေသည် အလိုက်သိစွာ နှုတ်ဆက်ပြီး ထွက်ခဲ့လေ၏။

    ရွှေမန်းတောင် သေလာသည် ရီပြာပြာ တောင်ခိုးတွေ ဆိုင်းပြီးမှိုင်းနေသည်ကို တောရကျောင်း တည်ရှိရာ သစ်ပင်အုပ် မှ ကောင်းစွာ လှမ်းမြင်နေရ၏။ မိုးကောင်းကင်ဝယ် မှိုင်းညှို့သော မိုးသားတိမ်တိုကများက ဟိုတစ်စု သည်တစ်စုဖြင့် လေယူရာ ရွေ့လျားပြီး မန္တလေးတောင်ထိပ်ပေါ်မှာ တရိပ်ရိပ်ဖြတ်သန်း သွားလာ နေကြသည်။ အတာကူးသည့် လတန်ခူးကုန်ကာ ကဆုန်လဆန်းပြီးဖြစ်၍ မိုးရိပ်ပါသော တောလေပြည် တသုန်သုန် တိုက်ခိုက်သည်တွင် သစ်ကိုင်းသစ်ခက်တို့မှာ  တဖျပ်ဖျပ်တရှဲရှဲမြည်နေ၏။

    မိုးစောင့်၊ မိုးစွေဟူသော ကြည်လင်ပြီသလှသည့် မိုးခေါ်ငှက်ကလေးများ၏ မြည်ကြွေးသံသည် မခင်မျိုး၏ နား ထဲတွင် စောင့်ပါခင်ရေဟု ပြောနေသော ချစ်သူ ကိုစောခိုင်၏ အသံလိုလိုထင်မိ၏ မခင်မျိုးသည် သပြေပင်ကြီး တစ်ပင် ၏ အရင်းမြစ်ပျဉ်းကြီးတစ်ခုအပေါ်မှာ ထိုင်ကာ မှိုင်းမှောင် ပြာဝေနေသော မန္တလေးတောင် ကို ငေးမျှော်ကြည့်နေလေသည်။ တရိပ်ရိပ် ပြေးလွှားနေသော မိုးသားတိမ်လိပ်များကို စီးလိုက် ၍ရ လျှင် အာကာဝေဟင်မှာ ကမ္ဘာမြေတစ်ခွင်ကို ငုံ့ကြည့်ကာ ချစ်သူကိုစောခိုင်ကို ရှာချင်သည်။

    'သြော်...ဘယ်ဝယ် ဘယ်ဆီကို ရည်ရော်တမ်းတပြီး ခင်မှန်းဆလို့ လွမ်းရပါ့မလဲ ကိုစောရယ်၊ လူလဲမလာ၊ စာလဲ မရောက်၊ ကမ္ဘာမြေပေါ်က ကိုစောပျောက်ကွယ်သွားပြီလား။ ထွက်ခွာသွားတာ တစ်နှစ်ကျော်ခဲ့ပြီ ကိုစော ရေ....။ ဆေးပင်ရှာရင်း ၀ိဇ္ဇာတွေနဲ့ တွေ့လို့ ခင့်ကိုမေ့ပြီး သူယောင်တောများ ပါသွားလေပြီ လားနော်..'
    မခင်မျိုးသည် လွမ်းဆွတ်သောစိတ်ဖြင့် ထင်မိထင်ရာတွေးနေစဉ်မှာ...
    'သမီးငယ် နေမကောင်းဘူးလား...'
ဟူသော အသံကြောင့် လှည့်ကြည့်လိုက်သည်။ စိပ်ပုတီးကို လည်ဝယ်စွပ်ထားသော မိခင် ဒေါ်ခင်ခင်ထား ရပ်နေ သည်ကို တွေ့၏။

" သမီးနေကောင်းပါတယ် မယ်မယ် " ဟုဖြေလိုက်၏။
" မဟုတ်သေးဘူးလေ၊ မနက်က သမီးလာကတည်းက မျက်နှာမကောင်းဘဲ ဖြစ်နေတာ မယ်မယ် အကဲခတ် မိပါတယ်၊ သမီးဘဘကလဲ နေမကောင်းဘူးထင်ပြီး စိတ်ပူနေတယ် "
" ဘာမှ မဖြစ်ပါဘူး မယ်မယ်၊ ဘဘနဲ့ မယ်မယ်က ဒီတရားအားထုတ်ပြီး ပျော်နေတော့ သမီးငယ်အိမ်မှာ ပျင်းပါတယ်၊ ဒါကြောင့်ပါ မယ်မယ် .... "
မခင်မျိုးက အဆင်ပြေအောင် လျှောက်လဲလိုက်၏။

" အေး .... အေး .... မယ်မယ်တို့လဲ အဓိဋ္ဌာန်ရက် စေ့ခဲ့ပါပြီ။ နောက် အရက်လေးဆယ်ဆိုရင် စေ့မှာပါ။ သမီး က အငြီးပြေအောင် အိမ်တစ်လှည့် ပြန်လိုက်ဦးမယ်လေ ...၊ ကဲ လာ လာ ... သမီးဘဘက မေးနေ သေးတယ် "
ဒေါ်ခင်ခင်ထားက ပြောပြီး လှည့်ထွက်သွားသဖြင့် မခင်မျိုးသည် မိခင်နောက်မှ လိုက်လာခဲ့သည်။
" မယ်မယ်နှင့် ဘဘတို့ ကမ္မဋ္ဌာန်းထိုင်ရာ သင်္ခမ်းကလေးခုက မအေးဆေး မဆိတငြိမ်ဘူးလား သမီးငယ် "
ရှေ့မှ သွားနေသော ဒေါ်ခင်ခင်ထားက မေးလိုက်၏။

" အေးဆေး ဆိတ်ငြိမ်ပါတယ် မယ်မယ်။ ဘဘနဲ့ မယ်မယ်တို့ ကမ္မဋ္ဌာန်းကျောင်းလေး နှစ်ခုက ကိုက် သုံးဆယ်ကျော်လောက် ဝေးတယ်။ တစ်သီးအသံကို တစ်ဦး မကြားနိုင်ပေါ့၊ ဆိတ်ငြိမ်တာပေါ့ မယ်မယ်ရဲ့ "
မခင်မျိုး က တောရကျောင်းနှင့်ကမ္မဋ္ဌာနးကျောင်းကလေးတစ်ခုတည်ရာကို မျှော်ကြည့်ပြီး ဖြေလိုက်၏။
" ဒီလို ဆိတ်ငြိမ်လို့လဲ သမာဓိကို ထိန်းနိုင်တာပေါ့ သမီး"
သားအမိ နှစ်ယောက် စကားတပြောပြောနှင့် လာကြရာက တောရကျောင်းအစရှိ ခရေပင်ကြီးအရိပ်မှာ ဖျာတစ်ချပ် ခင်းထိုင်နေသော ဦးတင်မျိုးရှိရာ ရောက်လာကြလေသည်။
ဦးတင်မျိုး ရှေ့တွင် သားအမိနှစ်ယောက် ရိုသေစွာ ထိုင်လိုက်ကြ၏။

" သမီးငယ်က နေကောင်းပါတယ် မောင်မောင်၊ ထားထား မောင်မောင်က တောရကျောင်းမှာချည်း လာနေ တော့ သမီးငယ် က အိမ်မှာ တစ်ယောက်ထဲ ပျင်းလို့ပါတဲ့ ... "
ဒေါ်ခင်ခင်ထားက ပြောလိုက်။ ဦးတင်မျိုးသည် သမီးအား ချစ်ခင်နှစ်သိမ့်စွာ ကြည့်ပြီး ...
" မိန်းကလေးတွေ အိမ်မှာ အဖော်ရှိတယ် မဟုတ်လား သမီးငယ် " ဟု မေးလိုက်၏။
" ရှိတာတော့ ရှိတာပေါ့ ဘဘ။ ဒါပေမယ့် သူတို့ရှိတာနဲ့ ဘဘနဲ့ မယ်မယ် တို့ရှိတာနဲ့ မတူပါဘူး။ ဘဘနဲ့ မယ်မယ် ရှိတာက သမီး စိတ်ပျော်ပါတယ် "
မခင်မျိုး ၏ အဖြေကြောင့် ဦးတင်မျိုးက သမီးကို ကြင်နာသွားလေသည်။

" ဘဘတို့မကြာပါဘူးကွယ်။ တစ်လနဲ့ဆယ်ရက်ဆို အဓိဋ္ဌာန်ပြည့်ပါပြီ။ ဒါနဲ့ မနက်က လုလင်ပျိုနှစ်ယောက် ဘိုင်စကယ် နဲ့ ဒီတောရကျောင်းရောက်လာပြီး တို့များတရားထိုင်တဲ့ ကမ္မဋ္ဌာန်းကျောင်းနားမှာ ရစ်သီရစ်သီနဲ့ လို့ဆရာတော်က မိန့်ကြားတယ်။ ထားထား တွေ့လိုက်သေးလား "
ဦးတင်မျိုးက မေးလိုက်သည်။
" မတွေ့လိုက်ဘူး မောင်မောင် ဘယ်အချိန်ကလဲ "
" မနက် ခပ်စောစောကလို့ ဆရာတော် မိန့်ကြားတာပဲ ဒီအချိန်က တို့ ကမ္မဋ္ဌာန်း ၀င်နေချိန်ကိုးကွဲ့။ မောင်မောင် လဲ မတွေ့လိုက်ဘူး။ ဆရာတော်က ဘာကိစ္စလဲ မေးတော့၊ တစ်မြို့တစ်ရွာက ရောက်လာတဲ့ ဧည့်သည်တွေမို့ မရောက်ဘူးလို့ လာကြည့်တာပါလို့ လျှောက်သတဲ့။ ပြီးတော့ ဆရာတော်ကို တစ်ခုမေး သွားသေးတယ် ပြောတယ် "

" ဘယ်လို မေးသွားလဲ မောင်မောင် "
ဒေါ်ခင်ခင်ထား က သိလိုဇောဖြင့် မေးလိုက်၏။ မခင်မျိုးကား ကိုစောခိုင်နှင့ ပတ်သက်လေသလားဟု စိတ်ဆန္ဒ ရှိရာကိုတွေးပြီး နားစွင့်နေလေသည်။
" ဒီ ကမ္မဋ္ဌာန်း ကျောင်းထဲက အဘိုးကြီး အဘွားကြီးတွေက နေ့ရောညရော ထိုင်သလားတဲ့ "
" ဆရာတော်က ဘယ်လို မိန့်လိုက်သတဲ့လဲ "
နေ့ဆိုရင် ခဏတစ်ဖြုတ် နားတယ်။ ည လူခြေတိတ်ဆိတ်ငြိမ်တဲ့ အချိန်ကစပြီး နောက်တစ်နေ့ မိုးလင်းအထိ ထိုင်တယ် လို့ မိန့်လိုက်သတဲ့ "
ဒေါ်ခင်ခင်ထားက အတန်ငယ် စဉ်းစားသလို ငြိမ်နေပြီးမှ ...

" အခုခေတ်က လူဆိုး သူဆိုး အေးချမ်းပါတယ်လေ။ ငယ်ရွယ်သူတွေဆိုတော့ ကမ္မဋ္ဌာန်းထိုင်တယ်ဆိုတာ အထူးအဆန်း ထင်ပြီး မေးတာထင်ပါရဲ့ "
ဟု ပေါ့ပေါ့ဆဆပင်တွေးပြီး ပြောလိုက်၏။ မခင်မျိုးကား သူကြားလိုသော သတင်းမဟုတ်၍ ဆိတ်ငြိမ်စွာ နေ လိုက်သည်။
" အေး ... မောင်မောင်လဲ ဒီလိုပဲ ထင်ပါတယ်။ ကဲ အချိန်လဲ အတော်နည်းပေါ့၊ သမီးငယ်ပြန်ဖို့ ပြင်ပေတော့။ ဘယ်မှာလဲ သမီးငယ် အဖော်ခေါ်လာခဲ့တဲ့ မယ်မှုံ .... "
" ရှိပါတယ်ဘဘ၊ ထမင်းဟင်း ထည့်လာတဲ့ ချိုင့်တွေ သွားယူနေပါတယ။ သမီး ပြန်တော့မှာမို့ ဘဘနဲ့ မယ်မယ် ကို ဦးတင်ပါတယ် "
မခင်မျိုးက ပြောပြီး မိခင်-ဘခင်အား ရိုသေစွာ ကန်တော့လိုက်သည်။

" အေး ... သာဓု ... သာဓု ... သာဓု သမီးငယ် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းနဲ့ ပြည့်စုံစေ ..."
 အဘိုးကြီး နှင့် အဘွားကြီး၏ ဆုပေးသံကြောင့် မခင်မျိုး၏ ရင်ထဲမှာ နင့်သွားလေသည်။ သမီး ချစ်သူ အတွက် စိတ်မချမ်းသာဖြစ်နေတာ ဘဘနဲ့ မယ်မယ်တို့ မသိရှာလေဟု စိတ်မကောင်းစွာ တွေးမိရှာ လေ သည်။
--------------------------------------

မခင်မျိုးသည် ကိုဘဆွေအား စိတ်ရှုပ်သော မျက်နှာဖြင့် ကြည့်လိုက်၏။
" အဖြေပေးပါ မခင်မျိုး၊ ကိုယ်က မန္တလေးမှာ သိပ်ကြာကြာနေလို့ဖြစ်တာ မဟုတ်ပါဘူး။ ကိုယ့်အလုပ်ကိစ္စနဲ့ ရန်ကုန်သွားရမှာပါ။ ဟိုမှာ အခြေတည်ထားတဲ့ ရတနာဆိုင်ကို တခြားလူနဲ့ သိပ်ကြာကြာ လွှဲထားလို့လဲ မသင့်တော် ပါဘူး။ အတိအကျ သိပါရစေနော် "

ချစ်မေတ္တာကို ဖွင့်ဟတောင်းခံနေသော ကိုဘဆွေပြောလိုက်တိုင်း ငြင်းပယ်နေသော မခင်မျိုးအား စုံမက် မြတ်နိုးလှစွာ စေ့စေ့ကြည့်ပြီး မလျှော့သောဇွဲဖြင့် ပြောနေသည်။ မခင်မျိုးအား နိုင့်ထက် စီးနင်း အဓမ္မ ကြံစည် ၍ မရမှန်း ကိုဘဆွေ ကောင်းကောင်းသိသည်။ ဣနြေ္ဒသိက္ခာရှိစွာဖြင့် အိမ်ထဲမှာသာ နေတတ်ပြီး မိဘများ ရှိရာ တောရကျောင်းကို သွားလျှင်လည်း ယုံကြည်စိတ်ချရသော အဖော်အပေါင်းနှင့်သာ သွားလေ့ ရှိသော မခင်မျိုးကို ကိုဘဆွေသည် အိမ်တိုင်ယာရောက် မျက်နှာပြောင်တိုက်ပြီး ချစ်မေတ္တာကို တောင်းခံ နေ တော့၏။

" ကျွန်မ ပြောခဲ့ပါပြီလေ ကျွန်မ မြတ်နိုးသူဟာ သေမှန်း ရှင်မှန်းမသိ ပျောက်ကွယ်နေပါတယ်။ သူ့ကိုသာ ကျွ်မ အသက်ထက်ဆုံး သစ္စာရှိရှိနဲ့ စောင့်မျှော်ပါတော့မယ် ဆိုတာ အဖြေပေးပြီးသားပဲ။ ဘာကြောင့် ကျွန်မ ကို ဒါလောက် အနှောင့်အယှက် ပေးချင်ရတာလဲ ကိုဘဆွေ "
မခင်မျိုးက ရှင်းရှင်းလင်းလင်း ပြတ်ပြတ် သားသားပင် ပြောလိုက်သည်။ သို့သော် ကိုဘဆွေကား ရွေးစေ့ မျှပင် စိတ်မပျက်ပေ။ အမျိုးအနွယ်ကလည်းမြင့်၊ အကျင့် သိက္ခာကလည်း ပဲစွန်းမထင်၊ ပစ္စည်းဥစ္စာကလည်း အသင့်အတင့် ပြည့်စုံ၊ ပညာကလည်း ဆယ်တန်းအောင်ပြီးသား၊ ရုပ်ရည်ကလည်း ချောမောလှပသော မခင်မျိုးအား ကိုဘဆွေ အဘယ်မှာ လက်လွတ်မခံနိုင်ပါမည်နည်း။

" စဉ်းစားပါအုံး မခင်မျိုးရယ်၊ ကိုယ့်မှာ အခု ပစ္စည်းဥစ္စာဘယ်လောက် ချမ်းသာနေတယ်ဆိုတာ စဉ်းစား ကြည့်ပါ။ ဒီပစ္စည်းတွေ အားလုံးကို မခင်မျိုး ကိုသာ စံစားစေချင်တယ်။ မခင်မျိုးကိုသာ ပေးဖို့ စေတနာ ရှိပါ တယ်။ မခင်မျိုးထက် အစစအရာရာသာတဲ့ မိန်းမတွေကို ကြိုက်ရာရွေးယူနိုင်တဲ့ အခြေအနေမှာ ကိုယ် ရောက်နေပေမယ့် ချစ်မေတ္တာ က မခင်မျိုးကိုသာ စူးစိုက်မိလို့ စိတ်မပျက်နိုင်ဘဲ ပြောနေရတာပါ "

ကိုဘဆွေ၏ စကားကြောင့် မခင်မျိုးသည် ဒေါသထောင်းခနဲ ထွက်လာသည်။
" ကိုဘဆွေ စကားပြောတာ ဆင်ခြင်ပြောပါ။ ကျွန်မပစ္စည်း မက်မောတဲ့၊ မိန်းမ မှတ်နေသလား။ ကျွန်မထက် သာတာတွေကို ရနိုင်ပါတယ်ဆိုရင် ဘာကြောင့် ကျွန်မထံ မရှက်မကြောက် မျက်နှာပြောင် တိုက်ပြီး ခဏခဏ လာ နားပူနေရသလဲ။ ဒီမှာ ကျွန်မ နောက်ဆုံးစကားပြောမယ်။ ကျွန်မ ရှင့်မေတ္တာကို ဘယ် နည်းနဲ့ မှ လက်မခံနိုင်ဘူး "
မခင်မျိုး က စိတ်ဆိုးစွာ ပြောလိုက်သော်လည်း ကိုဘဆွေက အပြုံးမပျက်ပေ။

" ကိုယ်ကတော့ စိတ်မပျက်တမ်း စောင့်မှာပဲလေ ... တစ်နေ့ကျတော့ မခင်မျိုးကို ဘယ်လောက် စွဲစွဲမြဲမြဲ ချစ်တယ်ဆိုတာ မခင်မျိုး အလိုလို သိလာပါလိမ့်မယ်။ အဲဒီ အချိန်ကျတော့ မခင်မျိုး ကိုယ်တိုင်က ကြည် ကြည်ဖြူဖြူ လက်ထပ်ခွင့်ပေးမှာပဲလို့ မျှော်လင့်မိပါတယ် "
မာဒင်္ဂထုံး နှလုံးမူနေသော ကိုဘဆွေအား မခင်မျိုးက ခပ်မဲ့မဲ့ ကြည့်လိုက်သည်။
" ကောင်းပါပြီ၊ အဲဒီနေ့ ရောက်တဲ့အထိ ရှင် - ဇွဲကြီးကြီးနဲ့ စောင့်ပေရော့ ...၊ အဲဒီနေ့ မရောက်မချင်းတော့ ကျွန်မ ကို ဘာမှ အနှောင့်အယှက် လာမပေးပါနဲ့၊ ဟုတ်လား ...၊ ကိုဘဆွေ "
မခင်မျိုး က ခပ်ရွဲ့ ရွဲ့ ပြောပြီး ကိုဘဆွေအား ဆက်စကားမပြောလိုတော့သော ဟန် အမူအရာကို ပြကာ ထိုင်ရာ မှ ထလိုက်၏။

" ကောင်းပါပြီခင်ဗျာ၊ ကံတရား လှည့်စားပြီး ကိုယ့်ဘက်က ကူညီ ဖေးမလိမ့်မယ် ထင်ပါတယ်၊ ပြန် မယ်နော် "
ကိုဘဆွေ က အကျိတ်အခဲ ကြီးသော မျက်နှာဖြင့် မခင်မျိုးအား စေ့စေ့ ကြည့်ပြောကာ ထိုင်ရာမှ ထရင်း နှုတ် ဆက် လိုက်၏။
" ဟုတ်ကဲ့၊ ပြန်ပေရော့၊ ကျေးဇူး အများကြီးတင်ပါတယ် "
မျက်နှာလွှဲ ပြောလိုက်သော မခင်မျိုး အား ကိုဘဆွေ က ကျားပြုံး ပြုံးပြီး ကြည့်လိုက်သည်။
------------------------
ဆက်ရန်
.

1 comment:

KMC@ချင်းလေး said...

ကျားပြုံးပြုံးသွားတယ်ဆိုပါလား... အင်း ဟုတ်တော့ဟုတ်နေပြီ....... :)