Thursday, June 30, 2011

မဝင်းမြင့် ၏ မြသေလာတောင် ဆွေးဖွယ်နှောင်သည် အပိုင်း (၂၆)

အခန်း (၁၀)

ညီလေးရေ ... ညီလေး
ခြံဝမှ ဟစ်ခေါ်လိုက်သော ကိုမျိုးခိုင်အသံကြောင့် ကိုစောအောင်သည် အိမ်ငယ်ပေါ်မှ ပြေးဆင်းလာကာ ပိတ်ထားသော ခြံတံခါးကို ဖွင့်ပေးရင်း ကိုမျိုးခိုင်နှင့်ပါလာသော ဧည့်သည်နှစ်ယောက်ကို အကဲခတ်လိုက်၏။ သူ့ အဖေနဲ့ အမေ ထင်ပါရဲ့ဟု တွေးလိုက်မိသည်။
" အစ်ကို ဒီပစ္စည်းတွေ နဲ့ ဘယ်လို သယ်လာခဲ့သလဲ "
ကိုစောအောင် က အိပ်ရာနှစ်လိပ်၊ သေတ္တာနှစ်လုံး၊ ထန်းခေါက်ဖာ တစ်ခုနှင့် သားရေလက်ဆွဲသေတ္တာတစ် လုံး စုပုံထားသည်ကို ကြည့်ရင်း မေးလိုက်၏။

" ဆိုက္ကားသမားကို ပိုက်ဆံပိုပေး၊ တောင်းပန်ပြီး ဒီအရောက် သယ်ခဲ့ရတာပေါ့ ညီလေးရာ၊ အဘရော နေ ကောင်းတယ် မဟုတ်လား "
ကိုမျိုးခိုင်က နှုတ်ခွန်းတုံ့ပြန်လိုက်၏။
" နေကောင်းတယ်အစ်ကို၊ မနက်ကပဲ အစ်ကို့ကို သတိရကြောင်း အဖေက ပြောသေးတယ် "
ကိုစောအောင်က ပြောပြီး ကိုမျိုးခိုင်နှင့်ပါလာသော ဧည့်သည်နှစ်ယောက်ကို တစ်ချက်ကြည့်ကာ ...
" ဒါ အစ်ကို့မိဘတွေလား "
ဟု မေးလိုက်၏။

ကိုမျိုးခိုင်က ခပ်ပြုံးပြုံးမျက်နှာဖြင့် ...
" အိမ်ပေါ်ရောက်မှ အေးအေးဆေးဆေး ပြောကြတာပေါ့ ညီလေးရာ၊ သူတို့ အိမ်ပေါ် အရင်သွားနှင့် ပါစေ၊ ဒီပစ္စည်းတွေ အစ်ကိုနဲ့ညီလေး နှစ်ခေါက်စီလောက်တော့ သယ်ရလိမ့်မယ် ထင်တယ် "
ဟု ပြောလိုက်၏။
" သယ်နိုင်ပါတယ်၊ အစ်ကိုက ပေါ့တဲ့ပစ္စည်းသယ်၊ ကျွန်တော်က လေးတဲ့ပစ္စည်းသယ်မယ် "
လူတွေရော ပစ္စည်းပါ အိမ်ပေါ် အားလုံး ရောက်ကြသောအခါ ကိုမျိုးခိုင်သည် သူခေါ်လာခဲ့သော အဘိုးကြီး အား ...
" ဒီအထိ ကျွန်တော် ဦးကြီးကို ခေါ်လာတဲ့ကိစ္စ အခုချက်ချင်း ရေလည်ပါလိမ့်မယ်၊ ဒီမှာညီလေး၊ အဘအိပ် နေ သလား "
ဟု အဘိုးကြီးနှင့် ကိုစောအောင်အား စကားတစ်ဆက်တည်း ပြောလိုက်၏။ ဒေါ်မှုံကား ကိုမျိုးခိုင်၏ အရိပ် အကဲ ကိုကြည့်ကာ ဆိတ်ငြိမ်စွာပင် ထိုင်နေသည်။

" အဖေ ပုတီးစိပ် အပတ်မပြည့်သေးဘူးနဲ့ တူတယ် "
ကိုစောအောင်က ပြောရင်း ဖခင် ဦးစောခိုင်ရှိရာ အခန်းဆီသို့ စောင်းငဲ့ကြည့်လိုက်ပြီး ...
" ဟော အဖေ ပုတီးစိပ် ပြည့်ပြီထင်တယ် "
ဟု ပြောလိုက်၏။
ကိုမျိုးခိုင်သည် ဦးစောခိုင်ရှိရာ အခန်းတွင်းသို့ သွက်လက်စွာ ၀င်သွားသောအခါ ဦးစောခိုင်ကလည်း စိပ်ပုတီးကို ခေါင်းအုံးအောက်မှာထားပြီး အခန်းပြင်ထွက်မည့်ဆဲဆဲ ဖြစ်၏။
" အဘ ကျွန်တော် ပြန်လာပါပြီ "
ကိုမျိုးခိုင်က ရိုသေစွာ နှုတ်ဆက်ကာ ဦးစောခိုင်အား အခန်းအပြင်သို့ ယုယစွာ တွဲခေါ်လာလေသည်။

" အေး ... အေး ... ကျန်းကျန်းမာမာ ပြန်တွေ့ရတာ ၀မ်းသာတယ် မောင်ရင် "
ဦးစောခိုင်က တုံ့ပြန်ပြောဆိုကာ ကိုမျိုးခိုင် တွဲခေါ်ရာသို့ အလိုက်သင့် ပါလာသည်။
" ဒီမှာ ဦးကြီး ဦးကြီးတွေ့ချင်တဲ့ လူကလေးလေ "
ကိုမျိုးခိုင်က အခန်းထဲမှထွက်၍ အပြင်ရောက်လျှင်ပင် သူခေါ်လာသော အဘိုးကြီးအား လှမ်းပြော လိုက်၏။
" ဘယ်သူများပါလိမ့်မောင်ရင် ... "
ထိုင်နေသော အဘိုးကြီးက နားမလည်သလို မေးလိုက်၏။ ကိုမျိုးခိုင်က ဘာမျှ မဖြေဘဲ ဦးစောခိုင်အား သူ ခေါ်လာသော အဘိုးကြီးနှင့် မျက်နှာချင်းဆိုင်နေရာမှာ ထိုင်စေလိုက်၏။ အဘိုးကြီးနှင့် ဦးစောခိုင်သည် အံ့ အားသင့်ဟန်ဖြင့် အတန်ကြာစွာ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြပြီးမှ ...။

" လူလေး ... ကိုစောခိုင် ... "
" အဘ ဦး ... "
ဟူသောအသံများ ပြိုင်တူထွက်လာကာ တစ်ယောက်နှင့် တစ်ယောက်ဖက်ပြီး လှိုက်လှိုက်လှဲလှဲ ငိုကြွေး လိုက်ကြသည်။ မျိုးခိုင်နှင့် ကိုစောအောင်မှာ ဇာတ်ကြောင်း သိကြပြီးဖြစ်၍ စိတ်မကောင်းစွာဖြင့် မျက်ရည် လည်နေကြသည်။ ဒေါ်မှုံကား အံ့သြစိတ်ရှုပ်သောမျက်နှာဖြင့် ဆိတ်ငြိမ်စွာ ငေးကြည့်နေသည်။

အဘိုးကြီးနှစ်ယောက်က ရှေးဟောင်း နှောင်းဖြစ်ကို မ၀နိုင်အောင် အဆွေးဋီကာချဲ့နေစဉ်မှာ နောက်ဖေး မီးဖိုချောင် တွင်ကား ဒေါ်မှုံ၊ ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့ နှစ်ယောက် တက်ညီလက်ညီ စားသောက်ဖွယ် များ ချက်ပြုတ်နေကြရင်း ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့ နှစ်ယောက်က ညီအစ်ကိုအရင်းသဖွယ် အပေး အယူ ဖြောင့်ဖြူး စွာ တိုင်ပင် ပြောဆိုနေကြသည်ကို ဒေါ်မှုံသည် အလုပ်လုပ်နေရာက တစ်ခွန်းမှ စွက်ဖက် မေးမြန်းခြင်း မပြုချေ။ ဆိတ်ငြိမ်စွာ နားထောင်ခြင်းဖြင့် ဇာတ်ကြောင်းကို သိတန်သလောက် သိပြီဖြစ်၏။

" ညီလေး အစ်ကို့ဒေါ်ကြီးရယ်၊ ဦးဘိုးဦးရယ်၊ အဘရယ် အိမ်မှာ တစ်စည်းတစ်လုံးတည်းထားခဲ့မယ်ဆိုရင် တို့ညီအစ်ကို နှစ်ယောက် မြသေလာတောင်ကို သွားဖို့ အဆင်ပြေရော မဟုတ်လား ညီလေးရဲ့ "
" ဒီလိုဆို အဖေ့အတွက် ကျွန်တော် စိတ်အေးရတာပေါ့ အစ်ကို၊ ကျွန်တော်တို့ ခရီးထွက်လာတဲ့အချိန် တိုင်း ပြည်မှာ စစ်ဘေးစစ်ဒဏ်ဖြစ်နေဦးတော့ ကျွန်တော်တို့ ဒူးရင်းခြံက လူနေလဲဝေး၊ မြို့စွန်လဲ ကျ၊ တောင် ရိပ်ကလဲ ကာကွယ်နေတော့ ကောင်းကောင်းလွတ်နိုင်ပါတယ်၊ လိုလိုမယ်မယ် ပုန်းကျင်းတစ်ခုတော့ တူး ပေးခဲ့ဦးမယ်လေ၊ အမိုးနဲ့ အခင်းနဲ့ လုံလုံခြုံခြုံပေါ့ အစ်ကို မသင့်ဘူးလား ... "
" ကောင်းတာပေါ့ညီလေးရ၊ နက်ဖြန် ကစတူးမယ် ... အစ်ကို ညီလေး နှစ်ယောက်ပေါင်း ဂရုစိုက်လုပ်ရင် မကြာ ပါဘူး ဆောင်ရွက်စရာ အားလုံး ပြီးတာနဲ့ တစ်ပြိုင်နက် မြသေလာတောင်ကို ခရီးထွက်ကြတာပေါ့၊ မဟုတ်လား ညီလေး ... "

" ထွက်တာကတော့ ဟုတ်ပါတယ်အစ်ကို၊ ကျွန်တော်က အကြမ်းနေလာတဲ့လူမို့ တောတောင်ခရီးကို မမှုပါ ဘူးအစ်ကို အပင်ပန်းခံနိုင်မှ လိုက်ပါ "
" ဒါလောက်တော့ ဖြစ်ပါတယ် ညီလေးရာ၊ ယောက်ျားပဲ အစ်ကိုစိတ်ကို ခိုင်ခိုင်ဆုံးဖြတ်ပြီးသားပါ၊ ဒါကြောင့် လိုလိုမယ်မယ် နှစ်လုံးပြူးသေနတ်နှစ်လက်၊ ခြောက်လုံးပြူးနှစ်ဖက် ရအောင် ကြိုးစားဝယ်လာခဲ့တယ်၊ တောတောင်ထဲမှာ လိုမယ်ထင်တဲ့ဆေးတွေလဲ အစ်ကို စုံအောင် ၀ယ်လာခဲ့တယ်။ ဒီမျာ ကျန်ရစ်သူတွေ မပူမပင်စားဖို့လဲ ဟောဒီ အစ်ကို ဒေါ်ကြီးကို ငွေကြေး အပြည့်အစုံပေးပြီး မှာကြားထားပြီးပါပြီ ညီလေးရဲ့။

" ဟာ ... သိပ်ကောင်းတာပေါ့အစ်ကို၊ ငွေကြေးက အရေးမကြီးပါဘူး၊ အဖေ့ဆီမှာပဲ သင့်တော် သလောက် ရှိပါတယ် သေနတ်တွေပါလာတာ သိပ်ဝမ်းသာတာပဲ၊ တောထဲတောင်ထဲသွားရင် လက်နက်ကတော့ ပါမှ အစ်ကိုရဲ့၊ ဓားတစ်ချောင်းစီလဲ ယူသွားဦးမှ "
" ဟုတ်တယ် ... ညီလေး၊ ဓားလဲယူသွားမယ်၊ ဒါထက် ညီလေး သေနတ်ကောင်းကောင်း ပစ်တတ်တယ် နော် "
" ခြောက်လုံးပြူးရော၊ နှစ်လုံးပြူးရော၊ ကောင်းကောင်း ထိုင်တတ်တယ်၊ ကျည်ဆံ ထည့်တတ်တယ်၊ ဘယ်လို ပစ်ရမယ်ဆိုတာ သိတယ်၊ ဒါပေမယ့် တစ်ခါမှတော့ မပစ်ဖူးသေးဘူး၊ အစ်ကိုရဲ့ ... "
" ဟင် ... ညီလေးမျာ သေနတ်ရှိသလား "
ကိုမျိုးခိုင်၏ အမေးကို ကိုစောအောင်က ရယ်မောရင်း ဖြေလိုက်သည်။

" ကျွန်တော့်မှာ သေနတ်တစ်လက်မှမရှိဘူးအစ်ကို၊ ကျွန်တော့်ခြံမှာ မင်းဂွတ်သီး၊ ကြက်မောက်သီးဝယ်ရင်း အပြင်းပြေလည်ပတ်ရင်း မကြာခဏ လာတတ်တဲ့ မျက်နှာဖြူ သစ်တောအရေးပိုင် လင်မယားရောက်လာရင် သေနတ်တွေ ပါလာတတ်တယ် သူတို့နောက်ပါးက သေနတ်ထမ်းပါလာတဲ့ အချွေ အရံတွေနဲ့ လေပေးဖြောင့်လို့ သေနတ်ကိုင် ကြည့်ခွင့်ရပြီး နားလည်ထားတာ အစ်ကိုရဲ့ "
" ဘယ်လိုပဲဖြစ်ဖြစ် ညီလေးရယ်၊ သေနတ်ကိုင်ကျင်လည်ပြီး ဖြစ်နေတာ အစ်ကို ၀မ်းသာတယ်၊ ပစ်တာ မခဲ ယဉ်းပါဘူး၊ ညီလေးနဲ့အစ်ကို တစ်ယောက်ကို ခြောက်လုံးပြူးတစ်လက်စီ၊ နှစ်လုံးပြူး တစ်လက်စီ၊ ဓားတစ် ချောင်းစီ ပါတယ်ဆိုရင် တော်တော် လုံခြုံနေပြီ ညီလေးရဲ့ "

ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့ လက်ကလည်း အလုပ်လုပ်၊ နှုတ်ကလည်း တိုင်ပင်ပြောဆိုနေကြရာမှ ...
" ကဲ ... ကဲ ... ပြောရင်းဆိုရင်း ချက်လို့ပြုတ်လို့လဲ ပြီးပါပြီ ထမင်းပဲပြင်ကြစို့၊ တို့ကတော့ ခရီးပန်း မော လာတဲ့လူမျိုး ဆာပြီဟေ့ "
ဟု ဒေါ်မှုံ ပြောသံကြောင့် နှစ်ယောက်လုံးကလည်း သဘောတူပင် ...
" ဟုတ်ကဲ့ "
" စားကြတာပေါ့ ဒေါ်ကြီးမှုံ "
ပြိုင်တူ ပြောလိုက်ကြလေသည်။
----------------------------------
အခန်း (၁၁)

တောတန်း တောင်ကွေ့၊ မှုန်၍မှိုင်းရီ၊ မြူခိုးချီလျက်၊ လျှိုတစ်ဘက်၊ မြောင်တစ်ဘက်၊ ခါးပန်းထက်၊ ဖျန်း ပက်ကျသွန်၊ ရေတံခွန်တို့၊ ထွေသွန်ရစ်ခွေ လွမ်းဖွယ်သာထွေသော ရေမြေတောတောင်မှာ စိမ်းညို့ညို့ မှောင်နေသည်။
ချစ်သူ ခင်ခင်လေးကို မြင်ယောင်တမ်းတကာ လွမ်းလျသောစိတ်ဖြင့် ကိုမျိုးခိုင်သည် ကျိတ်၍သာ ပူ ဆွေးနေမိတော့၏။ ဦးစောခိုင်ပြောလိုက်သော ခရီးလမ်းစဉ်အတိုင်း မှန်းဆကာ ကိုမျိုးခိုင်နှင့် ကိုစောစောင်တို့ လိုက်လာခဲ့၍ တောကြီးမျက်မည်းထဲ ရောက်နေသည်မှာ တစ်လကျော် နှစ်လနီးပါး မျှကြာမြင်ခဲ့ပြီဖြစ်၏။
နှစ်ယောက်သား မြေပုံကိုကြည့်လိုက်၊ အိမ်မြှောင်ဖြင့်အရပ်ဒေသကို မှန်းဆလိုက်ဖြင့် လာခဲ့ကြသည်။

ဦးစောခိုင်က ခရီးလမ်းစဉ်ကို သေချာစွာ မှတ်မိနေသည့်အလျောက် တိကျစွာ ပြောပြလိုက်သော်လည်း နှစ် ပေါင်းမှာ နှစ်ဆယ်ကျော်ခဲ့ပြီဖြစ်၍ အချို့ အမှတ်အသားများက ဦးစောခိုင်ပြောသည့်အတိုင်းတွေ့သည်။ အချု့ အမှတ်အသားများမှာ လုံးဝ ရှာမရ၊ မတွေ့ရချေ။
တောတောင်အတွင်းမှာ တွေ့ရသော အမဲသားငါးကောင်းများကို ပစ်ခတ်စားသောက်ခြင်းမပြုရန် ဦးစောခိုင်က တင်းကြပ်စွာ မှာကြားလိုက်သည်ကို စွဲမြဲစွာ လိုက်နာခဲ့သော ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့ သည် တ၀ဲလည်လည် လာခဲ့ရာ ကံကောင်းထောက်မ၍ ရွာသိမ်ရွာငယ် ကလေးများတွေ့လျှင် ဆန်နှင့်ဆားကို အထူးဂရုစိုက်ရှာဖွေကာ ၀ယ်ယူရသည်။
ဆန်ဝယ်၍ ရသည့်အခါ ထမင်းချက် ဆားနယ်ကာ အခြောက်လှန်းပြီး လွယ်အိတ်တွင် ထည့်ကာ တစ်ယောက်က ထမင်းလွယ်အိတ်၊ တစ်ယောက်က ရေဘူးလွယ်ကာ သေနတ်ကိုယ်စီ၊ ဓားကိုယ်စီဖြင့် ခရီး ဆက်ကြပြန်၏။

ပေစာ၏ အဆိုအတိုင်း ဦးစောခိုင်၏ စကားအတိုင်း နှစ်ယောက်သား အိမ်မြှောင်ကိုကြည့်ကာ အရှေ့တောင် ယွန်းယွန်းဆီသို့ ဦးတည်လိုက်လာကြရာ သုံးလကျော်မျှ ကြာညောင်းသွားကြပြန်သည်။
လမ်းဟူ၍ မရှိဘဲ သောနုတ္ထိုရ်မုဆိုး ဆဒ္ဒန်အိုင်သွားသလို ချောက်ကိုခုန်ကျော်၊ ညွှန်ပေါ်တုံးခင်း၊ ထုံးအင်း မြစ်ရေ၊ တားဆီးနေလည်း၊ လှေလုပ်၍ကူး ဟူသော ဦးပုညဆိုထားသည့်စာအတိုင်း ခက်ခဲပင်ပန်းစွာ လမ်း ထွင်ပြီး သွားနေရာမှ တစ်ခုသော တောင်ကမ်းပါးယံတွင် လူလေးငါးယောက်စာမျှ ချောင်ချိစွာနေနိုင်သော ကျောက်ဂူတစ်ခုကို တွေ့ရသည်။

ထိုနေရာသို့ ရောက်လျှင်ပင် တစ်သက်လုံး မြို့ပေါ်မှာသာ နုနုနယ်နယ် နေလာသော ကိုမျိုးခိုင်သည် ပန်းဖျား ဖျားလေတော့သည်။ ကျောက်ဂူရှိရာ တောင်ကမ်းပါးယံကိုပင် မတက်နိုင်တော့ချေ။
တောင့်တင်း သန်စွမ်းသော ကိုစောအောင်က ပစ္စည်းရော ကိုမျိုးခိုင်ရော ကျောက်ဂူရှိရာသို့ ထမ်းပြီး တင်လာခဲ့သည်။

ကျောက်ဂူအတွင်းသို့ ရောက်သောအခါ ပါလာသော စောင်နှစ်ထည်အနက် တစ်ထညကို ခင်းကာ ကိုမျိုးခိုင် ကို သိပ်ပြီး တစ်ထည်ကို ခြံပေးထားပြီး ကိုစောအောင်သည် မီးဖိုလိုက်၏။ တောင်စောင်းတွင် ပေါက်နေသော ၀ါးပိုးရုံတစ်ရုံမှ ကြီးမားသော ၀ါးတစ်လုံးကို ခုတ်ယူကာ ၀ါးကျည်းတောက် ပြုလုပ်ပြီး ကမ်းပါးယံ အောက်ခြေမှာရှိသော စမ်းချောင်းမှရေကို ဆင်းခပ်ပြီး မီးဖိုထဲမျာ ရေအပြည့် ၀ါးကျည်တောက်ကို ထောင်ပြီး တည်ထားလိုက်၏။

ထို့နောက် ကိုစောအောင်သည် ကိုမျိုးခိုင်အား အသာအယာ သွားရောက်စမ်းသပ်ကြည့်သည်။ အဖျားရှိန် သိပ်မရှိဘဲ ပင်ပန်းလှသောကြောင့် အားကုန်နေဟန်တူကြောင်း အကဲခတ်မိသောအခါ ကိုစောအောင်မှာ စိတ်သက်သာရာရသွားလေသည်။

ရက်အနည်းငယ်မျှ ဤဂူမျာ ငြိမ်ငြိမ်ကလေး အနားယူလိုက်လျှင် ကိုမျိုးခိုင် ကျန်းမာလာနိုင်သည်ကို တွေးမိ ၍ စောစောကလောက် စိတ်မပူတော့ချေ။ မီးဖိုထဲမှ ၀ါးကျည်းတောက်တွင် ရေဆူလာသောအခါ ကိုစော အောင်သည် ထိုဝါးကည်တောက်ကို ထုတ်ယူကာ အအေးထားလိုက်ပြီး ရေထည့်ထားသော အခြားဝါးကျည်တောက်မှာ ထမင်းခြောက်များ ထည့်ကာ ဆန်ပြုတ်သလို မီးဖိုထဲထည့်ပြီး ပြုတ်လိုက်၏။
 ညီလေး
ကိုမျိုးခိုင်၏ ခေါ်သံကြောင့် မီးဖိုနားမှာ ဆန်ပြုတ်ကို ဂရုစိုက်နေသော ကိုစောအောင်က အပြေးအလွှား ထသွား လိုက်၏။

 ကျွန်တော် ရှိပါတယ် အစ်ကို၊ နေလို့ သက်သာရဲ့လား
ကိုစောအောင်က ကိုမျိုးခိုင်အား အစ်ကိုရင်းသဖွယ် ယုယစွာဖက်ပြီး မေးလိုက်၏။
 အေးကွယ်၊ နည်းနည်း အိပ်ပျော်သွားလို့လား မသိဘူး၊ နေလို့ သက်သာတယ်၊ ညီလေး ဘာလုပ်နေလဲ
 အစ်ကို ဆေးသောက်ဖို့ ကျွန်တော် ရေနွေးလဲ တည်ပြီးပြီအစ်ကို၊ အခု ထမင်းခြောက် ပြုတ်ထားတယ်၊ အစ်ကို ဆေးသောက်လိုက်ဦး
ကိုစောအောင်က ကြင်နာစွာ ပြောကာ ကိုမျိုးခိုင်အား ဆေးတိုက်လိုက်၏။

 ခဏနေရင် ထမင်းခြောက် နူးပါလိမ့်မယ်၊ အစ်ကိုဆာပြီလား
 အဆာပါဘူး ညီလေးရာ ဖြည်းဖြည်းလုပ်ပါ၊ ညီလေး ပင်ပန်းနေပြီ
တစ်ယောက်ကိုတစ်ယောက် ယုယငဲ့ညှာစွာဖြင့် ကျောက်ဂူဘေးမှာ လေးငါးရက်မျှ နေမိသောအခါ ကိုမျိုးခိုင် မှာ ကောင်းစွာ ကျန်းမာလာသည်။
 အစ်ကို ဒီကျောက်ဂူမှာ တစ်ချိန်က လူနေသွားဖူးတယ်လို့ ကျွန်တော် ယူဆတယ်အစ်ကို၊ ခြေရာလက်ရာ အစအနတွေ့တယ်အစ်ကို
ဂူတွင် တစ်ပတ်ကျော်မျှ အနားယူပြီး ထွက်ခွာမည့်နေ့တွင် ကိုစောအောင်က ပြောလိုက်၏။

 ဟုတ်တယ် ညီလေး ... အစ်ကိုလဲ ထင်တယ်၊ ဂူအ၀က ကျောက်တုံးကြီးအနားမှာ မြေကြီးထဲမြုပ်နေတဲ့ ဒန်အိုး တစ်လုံး တွေ့တယ် ညီလေးရဲ့၊ နှုတ်ခမ်းသားလေးတင် ပေါ်နေလို့ အစ်ကို ဓားနဲ့ထိုးကော်လိုက်တော့ ဒန်အိုး ဖြစ်နေတယ်၊ ဆွေးပြီးပေါက်ကွဲပျက်စီးနေပါပြီ၊ ဟိုကျောက်တုံးကြီးနားမှာတွေ့လား ညီလေး "
ကိုမျိုးခိုင်က ပြောပြီး လက်စဖြင့် ညွှန်ပြလိုက်သည်။ ကိုစောအောင်က လှည့်ကြည့်လိုက်၏။
" တွေ့တယ်အစ်ကို၊ နောက်ပြီး အစ်ကို ဖျားနေတုန်းက ဂူထဲ ကျွန်တော်လျှောက်ကြည့်တော့ စုတ်ပြဲနေတဲ့ ဘွတ်ဖိနပ်တစ်ရံ နဲ့ ပစ်ပြီးသား ကျည်ဆန်အခွံ လေးငါးခုတွေ့တယ်၊ ဟောဟိုဂူထောင့်ထဲမှာ ကြည့်မလား အစ်ကို၊ ဖိနပ်ကတော့ ဆွေးနေပါပြီ"

" နေပါစေ ညီလေးရယ်၊ လူနေဖူးကြောင်း သေသေ ချာချာ သိရပြီပဲ၊ တောပုန်းဓားပြတွေနဲ့ တူပါတယ် "
ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့ စကားပြတ်သွားကာ အတန်ကြာ ဆိတ်ငြိမ်နေပြီးမှ ...
" အစ်ကို ကောင်းကောင်း နေကောင်းပြီနော် "
ဟု ကိုစောအောင်က မေးလိုက်၏။
" နေကောင်းပါပြီ ညီလေး "
ကိုမျိုးခိုင်က ဖြေလိုက်၏။

" ဆောင်ရွက်မယ်လို့ ရည်ရွယ်ထားတဲ့ကိစ္စ ပြီးမြောက်သွားရင် တာဝန်ပေါ့တယ်အစ်ကို၊ မနက်ဖြန် ခရီးဆက် ချင်တယ်၊ အစ်ကို့ကျန်းမာရေး စိတ်ချရပါ့မလား "
" လိုက်နိုင်ပါတယ် ညီလေးရာ "
ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့သည် လုံ့လ၀ီရိယ ဇွဲဖြင့် အားခဲလာကြသည်။ တစ်နေ့တစ်လံ ပုဂံဘယ်ပြေး မလဲဟူသော ထုံးကို နှလုံးမူကာ တရွေ့ရွှေ့လာခဲ့ကြရာမှ နက်ခေါင်လှသော တောတွင်းတစ်နေရာမှာ လေး ငါးအိမ်မျှ စုနေသော ကရင်ရွာကလေး တစ်ရွာကို တွေ့ကြရ၏။ အစားရိက္ခာကိုလည်း စုဆောင်းရင်း လမ်း ခရီးအခြေအနေကိုလည်း စုံစမ်းရင်း နှစ်ယောက်သား ထိုရွာကလေးကို ခေတ္တမျှဝင်ရောက်ကြလေသည်။ ကရင်ဘာသာစကားကို တတ်မြောက်ပြီးဖြစ်သော ကိုစောအောင်ကြောင့် ဆက်ဆံရေးမှာ လွယ်ကူပေသည်။

" နင်တို့ ဘယ်ကလာပြီး ဘယ်ကိုသွားမှာလဲ "
အစွန်ဆုံး တဲအိမ်ငယ်တစ်ခုကို ၀င်မိလျှင်ပင် အိုမင်းနေပြီဖြစ်သော ကရင်မကြီးက ပါးမြိုင်းမွှေး၊ မုတ်ဆိတ် မွှေးဗရပျစ် မတိုမရှည်ဖြစ်နေသော ဆံပင်များဖြင့် ပေရေညစ်နွမ်းနေသော ကိုမျိုးခိုင်နှင့် ကိုစောအောင်အား စေ့စေ့ကြည့်ကာ မေးလိုက်၏။
" တို့နှစ်ယောက်က ခရီးသည်တွေပဲအမေ၊ ခဏထိုင်ပါရစေ "
ကိုစောအောင်ကပြောပြီး ခွင့်တောင်းလိုက်သည်။
" အေး ... ထိုင်ကြ၊ ဘယ်သွားကြမှာလဲ "
ကရင်အမယ်ကြီးက ထိုင်ခွင့်ပေးပြီး မေးလိုက်ပြန်၏။

" ဟို ... နောင်စငဲ့ဆိုတဲ့တောင်ကို သွားမှာ အမေ ... အမေ သိလား၊ ဘယ်နားဆီမှာရှိလဲ၊ ဘယ်လောက်ဝေး သလဲ "
ကိုစောအောင်၏ အမေးကြောင့် ကရင်မကြီး မျက်လုံးပြူးသွားသည်။
" ဘာ နောင်စငဲ့ ဟုတ်လား "
အမယ်ကြီးက ထိတ်လန့်အံ့သြသံဖြင့် မေးလိုက်၏။
" ဟုတ်တယ် အမေ "
" ဝေး ... နင်တို့ သေလိမ့်မယ်၊ မသွားကြနဲ့ "
အမယ်ကြီးက တားမြစ်လိုက်၏။

" ဘာကြောင့်လဲ အမေ "
ကိုစောအောင်က သိလိုဇောဖြင့် မေးလိုက်သည်။ ကိုမျိုးခိုင်က ကရင်စကား မတတ်သည့်အလျောက် ကိုစော အောင်နှင့် အမယ်ကြီး ပြောနေသည်ကို ငေးစိုက်ကြည့်နေသည်။
" နေပါဦး၊ နင်တို့က ဘာလူမျိုးလဲ "
အမယ်ကြီးက စူးစမ်းဟန်ဖြင့် မေးလိုက်၏။
" ငါက ကရင်၊ သူကလဲ ကရင်ပဲ၊ ဒါပေမယ့် သူက လူဖြစ်စေတည်းက စကားမပြောတတ်ဘူး၊ အ နေတယ် "
ကိုစောအောင်က အမယ်ကြီးကို အဖြေပေးပြီး ကိုမျိုးခိုင်အား စကားမပြောဘဲနေရန် ပါးစပ်ကို မသိမသာ လက်ညိုးနှင့် ကန့်လန့်ဖြတ် ပိတ်ပြသဖြင့် အကင်းပါးသော ကိုမျိုးခိုင်က စကားတစ်လုံးမှမပြောဘဲ တိတ် တိတ်ပင် နေလိုက်၏။ ကရင်လူမျိုး အချင်းချင်း ပါလားဟူသော အသိဖြင့် အမယ်ကြီးက လေးနက်သော အသံ၊ စေတနာထားသော မျက်နှာဖြင့် ပြောပြလိုက်၏။

" ဟိုးလွန်ခဲ့တဲ့ ဆယ်နှစ်လောက်က အသားဖြူဖြူ အရပ်မြင့်မြင့် ဆံပင်ဝါ၀ါ မျက်လုံးပြာပြာနဲ့ လူလေးယောက် လာဖူးတယ်ဟဲ့၊ အဲဒီ နောင်စငဲ့ဘက်ကို သွားကြတ်ယ၊ ဘာသွားလုပ်တယ်ဆိုတာတော့ တိုပမသိဘူး၊ လမ်းပြပါလို့ တို့ရွာက ကရင်တစ်ယောက်ကို ပိုက်ဆံအများကြီးပေးပြီး ခေါ်သွားတယ်၊ ရက် ပေါင်း အများကြီး ကြာတော့ တို့ရွာက ပါသွားတဲ့ ကရင်ပြန်ရောက်လာတယ်၊ ဒါပေမယ့် သူ့နံရိုးကြားမှာ အနာ ကြီးဖြစ်လာတယ်၊ နောင်စငဲ့ က လူတွေက ဒူးလေးနဲ့ ပစ်လိုက်တဲ့ အနာလို့ ပြောတာပဲ၊ ပြန်ရောက်ပြီး မကြာ ပါဘူး၊ အဲဒီကရင်လဲ အနာနဲ့သေရောဟဲ့ "
" ဟိုလူလေးယောက်ကတော့ အမေ "
ကိုစောအောင်က စိတ်ဝင်စားစွာ မေးလိုက်သည်။

" အေး ... တို့လဲ သိချင်တာနဲ့ ၀ိုင်းမေးကြတယ်၊ နောင်စငဲ့ကို သူတို့အားလုံး ရောက်တယ်တဲ့ကွယ့်၊ နောင်စငဲ့က လူတွေက ဒူးလေးနဲ့ပစ်၊ အဲဒီလူလေးယောက်က ဘာမှန်း မသိဘူး၊ ကြောက်စရာကောင်းတဲ့ အသံတွေမြည်တဲ့ဟာနဲ့ ပြန်ပစ်တော့ နောင်စငဲ့က လူတွေလဲသေ၊ သူတို့ လေးယောက်လုံးလဲ သေတယ်တဲ့ "
အမယ်ကြီးက စကားများကြောင့် ကိုစောအောင်သည် လမ်းခရီး တောင်ကမ်းပါးယံ ကျောက်ဂူထဲမှာ တွေ့ခဲ့ရသော ကျည်ဆန်ခွံများကို သတိရမိသိဖြင့် ကိုမျိုးခိုင် မျက်နှာကို လှမ်းကြည့်လိုက်၏။
" သူတို့ ဘာသွားလုပ်တယ်ဆိုတာ အဲဒီလမ်းပြက မပြောဘူးလား အမေ "
ကိုစောအောင်က မေးလိုက်သည်။

" မသိပါဘူးကွယ်၊ နောင်စငဲ့က တောင်ချွန်ချွန်ကြီး တစ်ခုပေါ်ကို တွယ်တက်ကြရင်းက ပစ်ကြခတ်ကြပြီး သေကြတယ်လို့ ပြောတာပဲဟဲ့ "
အမယ်ကြီးက စကားဖြတ်ကာ တိတ်နေလိုက်ပြီးမှ ...
" နင်တို့ကတော့ ဘာသွားလုပ်မှာလဲ " ဟုမေးလိုက်၏။
" တို့ဆွေမျိုးတွေ ရှိတယ်ဆိုလို့ သွားရှာမလို့ပါ၊ နောင်စငဲ့က ဘယ်လောက်ဝေးသလဲ အဖေ၊ လမ်းသိရင် ပြလိုက်စမ်းပါ "
ကိုစောအောင်က ဆီလျော်အောင်ဖြေပြီး တောင်းပန်လိုက်၏။

" ငါတော့ သွားလဲမသွားဘူး၊ ဘယ်နား ရှိမှန်းလဲမသိဘူး၊ အဲ ဟိုလမ်းပြတဲ့အကောင် မသေခင်က ပြောသံ ကြားလိုက်ရတာ ကတော့ အခုတို့ရွာက အရှေ့စူးစူး ဘက်ကိုသွားရင် သုံးရက်လောက် ခရီးပြင်းပြင်း သွားရတဲ့ အခါမှာ ပျက်စီးပြီး တောဖြစ်နေတဲ့ ယာခင်းပျက်တစ်ခုနဲ့ ယာခင်းပျက်အလယ်မှာ အင်မတန်ကြီးတဲ့ နွယ်ပင်ချုံကြီး တစ်ခုရှိတယ်တဲ့၊ အဲဒီချုံကြီးက အမှတ်မဲ့ ကြည့်ရင် ချုံကြီးလို့ထင်ရပေမယ့် ချုံအစစ် မဟုတ်ဘူးတဲ့၊ လွန်ခဲ့တဲ့အနှစ် နှစ်ဆယ်ကျော်က လူနေသွားဖူးတဲ့ တဲအိမ်တစ်လုံးဖြစ်တယ်တဲ့၊ လူမရှိတော့ ပျက်စီးယိုယွင်းပြီး နွယ်ပင်တွေ ဖုံးနေလို့ ချုံကြီးကို ထင်ရတာတဲ့ "
အမယ်ကြီး၏ စကားကြောင့် ကိုစောအောင် မျက်နှာမှာ ညိုးပြီး ၀မ်းနည်းရိပ်သန်းလာသည်။ ဖခင်ဦးစောခိုင် ပြောပြခဲ့သော အကြောင်းအချက်များအရ ထိုယာခင်းပျက်နှင့် တဲပျက်ချုံကြီးမှာ မှတ်မှတ်ရရ မသိမမြင် လိုက်ရသော မွေးမိခင် နန်းဝေတို့မိသားစု နေခဲ့ရာပင်ဖြစ်မည်ဟု အတတ်တွေးကာ များစွာ စိတ်မကောင်း ဖြစ်မိ၏။ အမယ်ကြီးက စကားဆိုက်လိုက်ပြန်သည်။

" အဲဒီ ယာခင်းပျက်နေရာက တစ်မွန်းတည့်ခရီးလောက် တောင်ဘက်ကို သွားမိတော့ စမ်းချောင်းတစ်ခု ရှိတယ်တဲ့၊ ဒီစမ်းချောင်းအစက နောင်စငဲ့တောင်က လာတာလို့ဆိုကိုး၊ စမ်းချောင်းအတိုင်း မြှောင်ပြီးလိုက် သွားရင် နောင်စငဲ့တောင်ကို ရောက်နိုင်တယ်လို့ ပြောသွားတာပဲ၊ ဘယ်လောက်ဝေးတယ်တော့ ငါမသိဘူး ကွယ့် "
လမ်းခရီးနှင့် နေရာဒေသကို အတိအကျ သိရပြီးဖြစ်၍ ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့မှာ တအားတက်လာ ကြသည်။ အမယ်ကြီးအား ဆက်မေးလျှင်လည်း ဤထက်ပိုပြီး ပြောနိုင်တော့မည်မဟုတ်၍ ဆက်မမေး တော့ဘဲ အမယ်ကြီးထံမှာရှိသော ပြောင်းဖူးမငန့် အခြောက်များ၊ ဆားပေါက်မြေကို ချက်ထားသည့် မည်း ညစ်သောဆားကို သယ်ယူနိုင်သရွေ့ ၀ယ်ကာ နှစ်ယောက်သား ခြေလှမ်းသွက်သွက်ဖြင့် ခရီးဆက်ခဲ့ကြလေသည်။

ကိုမျိုးခိုင်အား ကိုစောအောင်က ဘာသာပြန်ပြောခဲ့ပြီးဖြစ်၏။ အမယ်ကြီး ပြောသည့်အတိုင်း ယာခင်းပျက်နှင့် ချုံများ ကို မြင်ရသောအခါ ကိုစောအောင်သည် ချုံနွယ်ပိတ်ပေါင်းများကို တိုးကာ ချုံကြီးနှင့် မလှမ်းမကမ်း မှာရှိသော သစ်ပင်အောက်ဝယ် ခြေပစ်လက်ပစ်ထိုင်ကာ မမှတ်မိတော့သော မွေးမိခင် နန်းဝေ အား လွမ်းဆွတ် တသသောစိတ်ဖြင့် ငေးစိုက်ကြည့်နေလေသည်။ ကိုမျိုးခိုင်က ရိပ်စားမိသည့် အလျောက် တစ်စုံတစ်ရာ မမေးဘဲ ကိုစောအောင်အနားတွင် တိတ်ဆိတ်စွာ ထိုင်လိုက်၏။

ကိုစောအောင်၏ စိတ်အာရုံတွင် မိခင်ကြီး နန်းဝေအား ထင်မြင်လာအောင် ကြိုးစားစိတ်ကူးပြီး လွမ်းမော နေသည့် အချိန်မှာ ကိုမျိုးခိုင်၏ စိတ်ထဲတွင်ကား လွန်ခဲ့သောအနှစ် နှစ်ဆယ်ကျော်အထက်က ထွားထွား မိုပမို့ ခမျှစ်စို့ကြီး ဖြူဖွေးစင်ကြယ်သော နန်းဝေအား ညစ်ညမ်းသော မျက်စိဖြင့် ကြည့်နေသော ကိုဘဆွေကို မြင်ယောင်လာသည်။
တစ်ယောက်နှင့် တစ်ယောက် အတန်ကြာ စကားမပြောဘဲ တိတ်ဆိတ်နေကြရာမှ အတန်ကြာသောအခါ ကိုမျိုးခိုင်က စတင်လှုပ်ရှားသံပေးလိုက်၏။
" ကဲ ... တော်လောက်ပါပြီ ညီလေးရာ ... ဒီမှာ ကြာကြာနေလဲ ညီလေးအဖို့ အဟောင်းအသစ်ဖြစ်ပြီး စိတ် မချမ်းသာရုံဘဲ ရှိမှာပေါ့၊ ခရီးဆက်ကြပါစို့နော် ... "
ကိုမျိုးခိုင်က ယုယကြင်နာစွာ ပြောလိုက်၏။

" ဟုတ်ပါတယ်အစ်ကိုရယ် ... ကျွန်တော့်အဖို့တော့ မွေးမိခင်ဆိုပေမယ့် ဖြူတယ် မည်းတယ်လို့မှ မကွဲပြားတော့ပါဘူး စိတ်မှန်းနဲ့ လွမ်းနေရတာပဲလေ ... ကဲ သွားကြစို့ အစ်ကို "
ကိုစောအောင် က သက်ပြင်းချပြောကာ ထိုင်ရာမှ ထလိုက်ပြီး နှစ်ယောက်သား ယာခင်းပျက်မှ တိတ်ဆိတ်စွာ ထွက်ခွာလာခဲ့ရာမှ အမယ်ကြီး ညွှန်လိုက်သည့် စမ်းချောင်းသို့ရောက်လာသည်။
ပြာလဲ့ ကြည်လင်သောရေများ တသွင်သွင် စီးဆင်းနေသော စမ်းချောင်း၏ ကမ်းပါးကျောက်တုံးကြီးပေါ်မှာ အမောဖြေကြရင်းမှ ကိုစောအောင်က ပြောလိုက်၏။
" အစ်ကိုရေ ... ဒီစမ်းချောင်းမှာပဲ ဖြစ်မယ်နော် "
" ဘာလဲ ညီလေး "
ကိုမျိုးခိုင်က မေးလိုက်သည်။

" သြော် ... အဖေ့ကို ဟိုလူက ဘဆွေဆိုဘာက ကျောက်တုံးနဲ့ထုပြီး အသေသတ်တာလေ၊ ဒီနေရာများ ဖြစ်နေလေသလား "
ကိုစောအောင်၏ စကားကြောင့် ကိုမျိုးခိုင်မှာ မျက်နှာပျက်အောင် ချုပ်တည်းလိုက်ရသည်။
သို့သော် ကိုစောအောင်ကား မရိပ်မိချေ။
" နေနေနားနားထိုင်ဖို့ ရေသောက်ဖို့ သိပ်အဆင်သင့်တဲ့နေရာ အစ်ကိုရဲ့၊ မဟုတ်ဘူးလား၊ အခု ကျွန်တော် တို့ ထိုင်နေရာက ... "
ကိုမျိုးခိုင်က ကိုစောအောင်အမေးကို မဖြေလျှင် မသင့်တော်သဖြင့် ...
" ဟုတ်တာပေါ့ ညီလေးရာ "
ဟု အမူအယာ မပျက်စေဘဲ အသံကို မှန်အောင်ထိန်းပြီး ဖြေလိုက်သည်။

" အဖေက ဒီကျောက်တုံးပေါ်မှာ ဟောဒီလိုထိုင်ပြီး ရေကိုဒီလိုငုံ့သောက်မှာ ဖြစ်ရမှာပေါ့၊ ဟို ဘဆွေဆိုတဲ့ လူကရိုက်ချတာ၊ အဖေ သွေးခြောက်တွေများ ရှိဦးမလားမသိ "
ကိုစောအောင်က ပုံသဏ္ဍာန်ကိုလည်း လုပ်ပြသည်။ နှုတ်ကလည်းပြောသည်။
ကိုမျိုးခိုင်ကား မကြည့်ဝံ့၊ မကြားဝံ့အောင် ဖြစ်နေလေသည်။
စိတ်မကောင်းစရာတွေ ပြန်မတွေးပါနဲ့ ညီလေးရာ၊ သွားကြပါစို့ "
ဟု တိုက်တွန်းလိုက်ပြီး ထိုင်ရာမှထလိုက်၏။ ဤနေရာမှာ ကိုမျိုးခိုင် ကြာရှည်မနေလိုချေ။ ဖခင် ဦးဘဆွေ၏ ယုတ်မာရက်စက်မှုကို သားအရင်းဖြစ်သူ မိမိကိုယ်တိုင်ပင်လျှင် မတွေးဝံ့၊ မတွေးရဲအောင် ဖြစ်နေသေးလျှင် ကိုစောအောင်၏ စိတ်မှာ မည်သို့ခံစားနေမည်နည်းဟု စဉ်းစားလိုက်မိ၏။

" ကဲ ... သွားကြစို့ အစ်ကိုရေ "
ကိုစောအောင်က သဘောတူ တုံ့ပြန်ကာ ထိုင်ရာမှ ထလိုက်၏။ တစ်တောဝင် တစ်တောထွက်၊ ကုန်းအတက် ကမ်းပါးယံစောင်းများ တစ်လျောက် စမ်းချောင်းများကို မျက်ခြည်ပြတ်မခံဘဲ လိုက်လာကြရာ မှ သုံးရက်မြောက်သောနေ့ဝယ်၊ အုံ့ဆိုင်းမှိုင်းဝေ မြူခြေတောင်ခိုးတို့ ဖုံးလွှမ်းလျက်၊ ပြာနှမ်းနှမ်းအသွင်ဖြင့် ကောင်းကင်တိမ်တိုက်ထဲသို့ ထိုးဝင်မည်သို့ ညို့ညို့ရီမှောင်သော နောင်စငဲ့ တောင်တန်းကြီးကို လှမ်းမြင် နေရပြီဖြစ်၏။
" အစ်ကိုရေ ... ဟော ဟို တွေ့နေရတဲ့ တောင်တန်းဟာ နောင်စငဲ့ တောင်တန်း အမှန်ပဲ အစ်ကိုရဲ့ "
ကိုစောအောင်က တောင်တန်းကို လှမ်းမျှော်ကြည့်ရာမှ ၀မ်းသာအားရ ပြောလိုက်၏။

အေး ... အစ်ကိုလဲမြင်တယ်၊ ဟုတ်မယ်ထင်တယ်ဟေ့ "
ကိုမျိုးခိုင်ကလည်း ရွှင်လန်းသောအသံဖြင့် ထင်မြင်ချက် ပေးလိုက်၏။
" ဟုတ်ကို ဟုတ်တယ်အစ်ကို ကြည့်ပါလား တောင်တန်း တည်နေပုံက ညီညီညာညာ တစ်တန်းတည်းဖြစ်နေ တဲ့တောင်တန်း အလယ်ဗဟိုနေရာမှာ ထီးထီးကြီးချွန်နေတဲ့ တောင်ထွက်ကြီးတစ်ခု ရှိနေတာပဲ၊ ပေစာထဲမှာရော၊ အဖေ ပြောလိုက်တာရော နောင်စငဲ့ တောင်တန်းဟာ ဒီပုံစံအတိုင်းပဲ အစ်ကို "
" ချွန်နေတဲ့ တောင်ထွတ်ကြီးက မြဗုဒ္ဓစံတော်မူရာ တောင်ထွတ်ပဲ ဖြစ်မယ်နော် ညီလေး "
" ဟုတ်တယ် အစ်ကို "
ကိုစောအောင်က ပြောပြီး အတန်ငယ် စဉ်းစားနေလိုက်သည်။

" ဘာစဉ်းစားနေသလဲ ညီလေး "
ကိုမျိုးခိုင်က မေးလိုက်၏။
" ကျွန်တော်တို့ ထွက်လာခဲ့တဲ့အချိန်ကို ပြန်တွက်ကြည့်တာအစ်ကို၊ အခု ဒီနေ့အထိဆိုရင် ကျွန်တော်တို့ သထုံက ထွက်လာတာ ငါးလကျော်ကြာခဲ့ပြီ၊ နောင်စငဲ့ကို အခုမှ မြင်ရတယ် အစ်ကိုရဲ့ "
ရည်မှန်းချက်ပြည့်ရန် လမ်းစကို ကောင်းစွာမြင်နေရပြီဖြစ်သော ကိုစောအောင်က အားတက်ရွှင်လန်းစွာ ပြောနေသော်လည်း ကိုမျိုးခိုင်ကမူ ဆိတ်ငြိမ်နေမိသည်။
သူတို့ခရီးထွက်ခဲ့သော အချိန်က အင်္ဂလိပ်နှင့် ဂျပန် စစ်ကြေညာပြီးဖြစ်၍ လူတွေ ရွှေ့ပြောင်းပုန်းအောင်း နေသည့် အချိန်ဖြစ်ရာ ယခုဆိုလျှင် ခင်ခင်လေးတို့သားအဖ စစ်ကိုင်းတောင် ပဲစားချောင်မှာ ရောက်နေပြီ ဖြစ်ပေလိမ့်မည်။

နေထိုင်ရေးမှာ စိတ်ချမ်းသာမှုမှ ဖြစ်ကြမည်လားဟု ကိုမျိုးခိုင် သတိရတွေးတောမိ၏။
ခင်ခင်လေးတို့ သားအဖ လူဆိုးသူဆိုးဘေးရန်မျ ကင်းကာ ကျန်းမာစွာ ရှိပါလေစ။
ဗုံးဒဏ်၊ စက်သေနတ်ဒဏ်များ ခံနေကြရရှာသလားဟု တွေးမိနေရာမှ ...
" အသိုင်းအ၀ိုင်း တောင့်တာနဲ့ မောင်လိုက်လာတာနဲ့ မတူဘူးလို့ နိုငလေးထင်ပါတယ်၊ ဆွေမျိုးမိတ်သင်္ဂဟ၊ မိဘရဲ့ အကာအကွယ်ကတစ်မျိုး၊ ချစ်သူရဲ့ အကာအကွယ်ကတစ်မျိုးပါမောင် လိုက်ခဲ့ပါလို့ ခင်လေး တောင်းပန်ပါတယ်၊ သွားပါမောင် သွားပါ၊ ခင်လေးကတော့ ရောက်ရာအရပ်က မောင့်ကို တမ်းတ စောင့်မျှော်နေမယ်ဆိုတာတော့ မမေ့ပါနဲ့နော် "
ဟု တုန်ယင် လှိုက်လှဲသောအသံဖြင့် မှာကြားလိုက်သော ခင်ခင့်အသံနှင့် ချစ်သနားဖွယ် မျက်ရည်ဝေနေရှာ သောမျက်နှာလေးကို ကြားယောင်မြင်ယောင်လာသည်။

သစ်ပင်ကြီး ၀ါးပင်ကြီးများကို ယိမ်းနွဲ့အောင် တိုက်ခတ်လာသော လေရူးတွင် ကြည်နူးဖွယ်မြည်ကြွေးလိုက် သောမိုးခေါ် ငှက်ကလေး၏ မိုးစောင့်မိုးစွေဟူသောအသံသည် ကိုမျိုးခိုင်၏ နားထဲတွင် စောင့်မယ်မောင် ရေ ... ဟု ကြားနေမိသည်။
ကိုမျိုးခိုင်သည် မိုးသားတိမ်တိုက်များနှင့် ရောနေသည့် ရီဝေမှိုင်းမှောင်သော နောင်စငဲ့တောင်တန်းကို မျက်လုံးက လှမ်းမျှော်ကြည့်နေသော်လည်း စိတ်အာရုံကား ချစ်သူခင်ခင်လေးထံ ရောက်နေသည်။
" အစ်ကို ဘာစဉ်းစားနေတာလဲ "
ငြိမ်ချက်သားကောင်းနေသော ကိုမျိုးခိုင်အား ကိုစောအောင်က အကဲခတ်ရင်းမေးလိုက်သည်။ ကိုမျိုးခိုင် သည် စိတ်အာရုံလွင့်ပါးနေရာမှ ကိုစောအောင်၏ အမေးကြောင့် လှည့်လိုက်၏။

" အစ်ကို့ မျက်နှာက ပူပုံပန်းကြီးပါကလား၊ သာယာတဲ့တောတောင် စိမ့်စမ်းတွေ မြင်ရတော့ လွမ်းနေပြီ ထင် တယ်အစ်ကို့မှာ ချစ်သူရှိတယ်ထင်တယ် "
အစ်ကိုကြီးအား နွဲ့နေကျညီငယ်ကဲ့သို့ ကိုစောအောင်က မေးလိုက်သည်။ ပူပုံပန်းဖြင့် လွမ်းနေသော ကိုမျိုး ခိုင်၏ မျက်နှာမှာ မချိပြုံးအမူအရာ ပေါ်လာသည်။
" ညီလေးကို အစ်ကို မလိမ်ပါဘူးကွယ်၊ ဟုတ်ပါတယ်၊ အစ်ကို့မှာ ချစ်သူရှိလို့ လွမ်းမိတာ အမှန်ပဲ ညီလေးရဲ့ "
" ဒါနဲ့များ ဘာဖြစ်လို့ အစ်ကို ကျွန်တော်နဲ့ လိုက်လာရတာလဲ၊ သထုံမှာသာ သိရရင် ကျွန်တော် အစ်ကို့ကို မခြေဲ အတင်းထားခဲ့မှာ၊ ဒုက္ခံလိုက်ပလေ အစ်ကိုရယ် "
ကိုစောအောင်က တကယ်ပင် စိတ်မကောင်းစွာ ပြောလိုက်၏။ ကိုမျိုးခိုင်ကမူ ဘာမျှ ပြန်မပြောဘဲ ငေးမြဲ တိုင်းငေးနေသည်။

" အဖေ့အတွက် စိတ်ချရအောင် စီစသ်ပေးတာကိုပဲ ကျေးဇူးတင်လှပါပြီ အစ်ကို၊ အစ်ကို မလိုက်ခဲ့ဘဲ နေရစ်ရင်လဲ ကျွန်တော် ကြိုးစားချက် အောင်မြင်လို့ ဆေးပင်တွေ ရလာရင် အစ်ကိုပါ အကျိုးခံစားစေရမှာ ပေါ့၊ တကယ်ပါ အစ်ကို၊ ကျွန်တော့် စိတ်ထဲမှာ အစ်ကို အရင်းလိုပဲ ချစ်ပါတယ် "
ကိုစောအောင်က လှိုက်လှဲစွာ ပြောလိုက်သည်ကို ကြားရသော ကိုမျိုးခိုင်မှာ မျက်ရည်ပင် မသိမသာ လည် လာမိသည်။ ကိုမျိုးခိုင်သည် ကိုစောအောင်အား ညီရင်း တစ်ယောက်လို ယုယစွာ ပခုံးကို လှမ်းဖက်လိုက် သည်။

" အစ်ကို လိုက်လာတာလေ နောင်စငဲ့ကို ရောက်လိုဇောထားပြီး မြရတနာတွေ၊ ဆေးပင်တွေ ရကောင်းစေ ဟ့ ဆိုတဲ့ စေတနာ လုံးဝမရှိရိုး အမှန်ပါကွယ်၊ အခု နောင်စငဲ့ကို အောင်မြင်ချောမောစွာ ရောက်ပြီး ဆေးပင် ဆွေရလာလဲ အစ်ကိုမယူပါဘူး၊ ညီလေးပဲယူပါ "
" ဒါဖြင့် ဘာဖြစ်လို့ ဒါလောက် ပင်ပန်းဆင်းရဲခံလိုက်လာသလဲ အစ်ကို "
ကိုစောအောင်က ကိုမျိုးခိုင်၏ ထူးဆန်းသော စကားကြောင့် အံ့သြစွာ မေးလိုက်၏။ ကိုမျိုးခိုင်က ကိုစော အောင်အား အတန်ငယ် တွေကြည့်နေပြီးမှ သက်ပြင်းကို မသိမသာချကာ ...
" ညီလေးကို ချစ်လို့ပေါ့ "
ဟု ခပ်ပြတ်ပြတ် ဖြေလိုက်ပြီး ...

" နေ၀င်သွားပြီ ညီလေး၊ အိပ်ဖို့ နေရာရှာကြရအောင် "
ဟု စကားဖြတ်လိုက်၏။
" နေရာ ကျွန်တော် ကြည့်ပြီးပါပြီ အစ်ကို၊ ဟောဟိုသစ်ပင်ခွဆုံမှာ တက်အိပ်ကြတာပေါ့၊ နောင်စငဲ့ကို မြင်နေ ရပြီပဲ၊ ဒီညတော့ ကောင်းကောင်း အိပ်ပျော်မှာ၊ နှစ်ရက်လောက် ပြင်းပြင်းနှင်လိုက်ရင် တောင်ခြေ ရောက် တော့ မှာပဲ၊ ကဲ ... ကျွန်တော်မီးဖို ၀ါးကျည်တောက်ခုတ်ပြီး ပြောင်းဖူးမှုန့် ပြုတ်လိုက်ဦးမယ် "
ကိုစောအောင် က ပြောကာ ဖျတ်လတ်စွာဖြင့် မီးမွှေးရန် ထင်းခြောက်များ ကောက်လိုက်၏။

ဆက်ရန်
.

1 comment:

mstint said...

စိတ်ရှည်စွာနဲ့ မျှဝေပေးတဲ့အတွက် ကျေးဇူးပါညီမရေ။
ပျော်ရွှင်ပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်