Thursday, June 30, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၄)

ဆရာသုခ
ဦးပေါင်းကျားနှင့် မြင်းကျားရှင်
လူထု ဒေါ်အမာ

တန်ဆောင်မုန်းလပြည့်ညက "ရဟန်းစားရသော ဆွမ်းတစ်နပ်" ဗွီဒီယို ရုပ်ရှင်ကား မြန်မာ့ ရုပ်မြင်သံကြားက ကြည့် လိုက်ရတယ်။ ဆရာ့လက်ရာကို ကျေနပ်လွန်းလို့ သာဓုခေါ်မိပါတယ်။
ဆရာ ဒီကားရိုက်နေတယ်လို့ ရိုက်ကတည်းက ကြားပါ၊ သိပါတယ်။ ဆရာ့သဘောနဲ့ ဆရာရွေးတဲ့ ဇာတ်လမ်းမို့ ဘာမှတော့ မပြောမိပါဘူး။ ဒါပေမယ့် ဘာသာရေးသက်သက်ကြီးမို့ ဆရာဘယ်လိုများ ရိုက်ပါလိမ့်လို့ တွေးမိပါတယ်။ ဆရာ့ကားက ၀ါဆိုလပြည့် လဲ မပြသေးဘူး။ သီတင်းကျွတ်လပြည့်မှာလည်း မပြသေးဘူး။ နိုဝင်ဘာလဆန်း ၁ရက် တန်ဆောင်မုန်းလပြည့်နေ့ တော့ ပြမယ်လို့ သတင်းရလာပါတယ် တကယ်ပါပဲ စိတ်ပူ လိုက်တာ။

"ရဟန်းစားရတဲ့ ဆွမ်းတစ်နပ်" ဆိုတာကို ဆရာရေးတဲ့ "ရာမာခရစ်ရှနာ၏ သုတ္တန်ပုံပြင် များ"ထဲက ကျွန်မ ဖတ်ဖူးပါတယ်။ ဆရာ "ဘယ်သူပြိုင်လို့ လှပါတော့နိုင်" ကားကို ရိုက်တုန်းက ထက် ဒီကားက ဇာတ်လမ်း မဲ့ ပါသေးတယ်။ ဘာသာရေးမှ တကယ့် ဘာသာရေးစစ်စစ်ကြီးပါ။ ဒါကို လူကြိုက်တဲ့ ဗွီဒီယို ကားတစ်ခု ဖြစ် လာအောင် ဆရာဘယ်လို ဖန်တီးမှာပါလိမ့်ဆိုပြီး စိတ်ပူမိတာပါ။
နိုဝင်ဘာ (၁)ရက်နေ့ ကို ရောက်ပါပြီ။ တီဗွီက ဘာလာလာ မနက်အစောကြီး ထသူမို့ ညဥ့်နက်မခံပဲ အိပ်နေကျ။ ဒီကနေ့တော့ အချိန်တန်လို့ အိပ်ချင်တာကို အောင့်အည်းပြီး ဆရာ့ကား ကို စောင့်ကြည့်ပါတယ်။ ကားက (၁၀)နာရီကျော်မှ လာတာပါ။

ဆရာဦးသုခ က ဘုရားသားတော်သံဃာတော်များ ဆွမ်းကွမ်းအတွက် ဘယ်လိုပြုမူ ကျင့်ကြံ၊ နှလုံးသွင်းပြီးမှ ဘယ်လို ၀မ်းမီးကို ဖြည့်ဆည်းတယ်ဆိုတာကို ပြောပြသွားလိုက်တာ။ တစ်ကွက်ပြီးတစ်ကွက် အပြတွေနဲ့ တယ်လဲ ကြည့်ကောင်းသကိုး၊ ဆရာပြသွားတာတွေက ဗုဒ္ဓ ဘာသာ မြန်မာလူမျိုးတွေရဲ့ ဘ၀င်ကို ခိုင်လောက် တဲ့ အကွက်ကလေးတွေချည်းမို့ ဇာတ်လမ်းမရှိ တာကို ဒါရိုက်တာရဲ့ ပညာနဲ့ ဆရာဖန်တီးသွားပုံတွေကို မချီးကျူး ဘဲ မနေနိုင်ဘူး။ ဦးလှသာရှိရင် ကားပြပြီးတာနဲ့ တပြိုင်နက် ၁၁နာရီကျော်လို့ သန်းခေါင် ရောက်ရောက် သူချက်ချင်း ဆရာ့ဆီ တယ်လီဖုန်းဆက်မှာပဲ။ ကိုသုခရေ ကောင်းတယ်ဗျာလို့ သူ့အရင်ဆုံး ဖုန်းဆက် မှာ ဧကန်ပါ။

တကယ် ကတော့ ဆရာဦးသုခဟာ အသက်အားဖြင့်လည်း ၈၁နှစ် ရှိပါပြီ။ မျက်စိကလည်း စာရေးနိုင် ဖတ်နိုင် လောက်အောင် မသန်စွမ်းတော့ပါဘူး။ ဒါကြောင့် ဆရာ့မှာ အလုပ်မရှိဘဲ ငိုင်နေတာမြင်ရန် ကျွန်မက သိပ် ရင်ထုမနာ ဖြစ်မိတယ်။
ဆရာ အခုလို တီထွင်ဖန်တီးနိုင်သေးတယ် ဆိုတာကို လူအိုချင်း အနေနဲ့ နားလည်ရမယ် ဆိုရင် နည်းတဲ့ စွမ်းအား မဟုတ်ပါဘူး။ အဲဒီအထဲမှာ အခုဆရာ့လက်ရာက အင်မတန်ကြီး ကောင်းမွန်အောင်မြင်နေပြန်တော့ ကျွန်မ ဖြင့် ဘယ်လိုဝမ်းသာအားရ ဖြစ်မိမှန်း မသိဘူး။

ဒါရိုက်တာ ဦးသုခ နာမည်ကြီးတာ ဇာတ်ရုပ် အရွေးကောင်းတာလဲ ပါတယ်လို့ ရုပ်ရှင်လောက က ပြောလေ့ ရှိတယ်။ သူ့နေရာနှင့်သူ အံဝင်ခွင်ကျအောင် စရိုက်နဲ့ လိုက်ဖက်သူကို ဆရာက ရွေးလေ့ရှိသတဲ့၊ ဟုတ်ပါတယ်။ ဆရာရိုက်ပြီးသား နာမည်ကြီးကားတွေမှာ မင်းသမီး လည်း မင်းသမီးမို့၊ မင်းသားလည်း မင်းသား မို့၊ ဇာတ်ပို့ဇာတ်ရံတွေလည်း ဇာတ်ပို့ ဇာတ်ရံတွေမို့ သူ့အကွက်နဲ့သူ အံဝင်လို့ သိပ်ကောင်း တာ တွေပါ။

အနို့ပေမယ့် အခုကား ရဟန်းစားသော ဆွမ်းတစ်နပ်မှာ ရွေးထားတဲ့ ဇာတ်ရုပ်တွေ အနေတည့်လိုက်ပုံက တခြား ကားတွေတုန်းကထက် သာတယ်လို့တောင် ပြောချင်ပါတယ်။
မိုးတွေရွာနေလို့ ရဟန်းငယ်တစ်ပါးဆွမ်းခံရင်း မိုးဝင်ခိုတယ်။ သပိတ်ကလေးပိုက်လို့၊ ရဟန်းငယ်ကလေးက ဖြူဖြူစင်စင်နဲ့  ဒီသင်္ကန်းကလေး၊ ဒီသပိတ်ကလေးနဲ့ သူ့ရုပ်ရည်လေးနဲ့က သမဏသာရုပ္ပ ဖြစ်လိုက်တာလို့ အောက်မေ့မိတယ်။ ပဉ္စင်းငယ်က ဆွမ်းတစ်နပ်အတွက် ဘယ်လို ပြုမူကျင့်ကြံ နှလုံးသွင်းရတယ် ဆိုတာတွေ၊ ဘုန်းကြီး ဆိုတာ အချောင်စားနေရတယ်လို့ ထင်ထား တဲ့ ဒကာကို ပြောပြတဲ့အခါတော့ ရဟန်းဣနြေ္ဒလေးနဲ့ သူပြောပုံက ကြည်ညိုဖွယ် ကောင်းလိုက် တာ။ မြန်မာကားတွေမှာ စကားပြောခန်းကို သဘာဝကျအောင် ပြောတာက နည်းသေးတော့ ကြည့်ရရင် သည်းခံရတာတွေများလို့ တော်တော် ၀န်လေးပါတယ်။

ခု မိုးခိုနေတဲ့ ရဟန်းကလေး ပြောပုံဆိုပုံကိုတော့ သဘောကျလွန်းလို့ ဆရာ့ကို မေးကြည့် တော့ သူ့ကားမှာ အဓိက ဇာတ်ကောင်တွေ ရုပ်ရှင်နယ်ကဆိုရင် အံ့ကျော်နဲ့ဇော်လင်းပဲ ပါတာတဲ့၊ တခြားဟာတွေက အရပ်သား တွေ တဲ့လေ။ ဒီသူငယ်က ရှုမ၀မိတင်အေးရဲ့ သားကလေးတဲ့။ ပြီးတော့ ဒီသူငယ်ကို စာကျက်ခိုင်းတာ သုံးလ ကြာတယ်၊ မင်းသားတွေက စာမကျက်ချင်ဘူး မအမာရဲ့လို့ ဆရာက ပြောပါသေးတယ်။ စာကျက်ခိုင်းလို့ စာပဲ ရပါစေဦးတော့ ဒီဣနြေ္ဒမျိုးနဲ့ ဒီလို ပြောနိုင်ဖို့က ဒါရိုက်တာ အကိုင်အတွယ် ကောင်းလွန်းလို့ ဖြစ်ရတာနေမှာပါ။

ကျွန်မတို့ ဗမာကားတွေ သရုပ်ေ်ဆာင်ပုံတွေက ပိုတာတွေ၊ လိုတာတွေ၊ ဇာတ်ဆန် ကုန်တာတွေက တစ်မျိုး၊ အပြအသ က အီအောင်၊ အိုင်အောင် မရှည်သင့်ဘဲ အရှည်ဆွဲပြတတ်တာ က တစ်မျိုး၊ အမျိုးမျိုး စိတ်ဆင်းရဲ ရတတ်တယ်။ ခုကားမှာ ဇာတ်လမ်းမရှိဘဲနဲ့ ဇာတ်ဝင် ပြကွက်တွေ ကို ဆရာဖန်ပုံ က ကောင်းလဲကောင်း၊ လှလဲလှ၊ ဖျတ်ခနဲ ဖျတ်ခနဲ အကူးအဆက်တွေ မြန်လဲမြန်မို့ ၅၅ မိနစ် ကြည့်ရတဲ့ကားဟာ သူများ ၂နာရီခွဲလောက် ပြကြတာထက် ပြည့်စုံပါတယ်။

"မအမာရေ၊ ရေတံခွန်လေးတစ်ကတ်လောက် လိုချင်လို့ ကျွန်တော် ဇင်းကျိုက်ကိုတစ်ည လောက် သွားမယ်လို့" ပြောတုန်းကများ တက်ကြွနေတဲ့ ဆရာ့အသံကို ဖုန်းတစ်ဖက်က နားထောင် ရင်း ကျွန်မ ၀မ်းသာနေမိတယ်။ ဆရာအခုလို တက်တက်ကြွကြွ လုပ်ချင်လာအောင် ဆရာ့အနား မှာ အမြဲတမ်း ကူညီ နေတဲ့ ရာမတို့၊ မောင်နှင်းမိုးတို့ကိုလဲ ကျေးဇူးတင်နေပါတယ်။

သံဃာတန်းကြီး ဆွမ်းခံထွက်လာပုံကို ရိုက်ချင်လို့ ပြည်မှာ ဆရာက သံဃာကို ဆွမ်းလောင်းခဲ့တာ ၆၀၀၀ တန်ဖိုးရှိသတဲ့၊ သီဟိုဠ်က ရဟန်းတစ်ပါး အနုရာဓကို ကြွပုံလမ်းမှာ ရေတံခွန်ကြီးအနီးက ဖြတ်ကြွပုံ ဇင်းကျိုက်သွားရိုက်တာ စရိတ် ၄၀၀၀၀ကျပ်လောက် ကုန်သတဲ့။ မြန်မာရဟန်းတော်တွေကိုင်တဲ့ ပေ ယပ်တောင်ကြီးတွေကလည်း အခုရှားပါးပစ္စည်း ဖြစ်နေပြီ။ ရဟန်းတော်တွေက ပေယပ်အစား စလူယပ်ကို ပေါ့ပေါ့ပါးပါး ကိုင်ဆောင်တော်မူနေကြပြီမို့ ပေယပ် ကြီးတွေကို တပင်တပန်း လိုက်ရှာရတာ သထုံမှာမှ သွားတွေ့သတဲ့။ ဆရာက အဲဒီလို အသေးစိတ် ကလေးတွေအထိ အပင်ပန်းခံထားတယ်။ ဒါ ဆရာ့ ဥာဉ်ပဲ။

"မအမာရေ ဒီကားကို ကားဆက်ခန်းထဲ တစ်ခါဝင်ရင် ဆယ်နာရီလောက်ကြအောင် ဆယ်ကြိမ်ဝင်ပြီး နေ ပေမယ့် ကျန်းမာရေးလဲ ဘာမှ မဖြစ်ဘူးဗျ" လို့လဲ ၀မ်းသာအားရ ပြောပြပါ သေးတယ်။
ဆရာဦးသုခ က ဒီကားကို သဒ္ဓါတရားအပြည့် ယုံကြည်မှုအပြည့်နဲ့ ရိုက်တာကိုး။ အဲဒီတော့ ပိုကောင်းရောပေါ့။

ကျွန်မ တွင် ကောင်းနေတာလား လူငယ်လူရွယ်တွေကရော ကြိုက်ကြရဲ့လား ဆိုတာ သိချင်လို့ ကျွန်မတို့ဆီ ၀င်ထွက် နေကြတဲ့ စာရေးဆရာ လူငယ်တွေကို မေးကြည့်ရသေးတယ်။ သူတို့လည်း ကြိုက်ကြပါတယ်။ လူကြီးနဲ့ လူငယ်ဆိုတာ အတွေ့အကြုံချင်း ကွာတော့ ဘ၀အမြင် ချင်းလဲ ကွာဟနေတတ်လို့ လူကြီးတွေ ကြိုက် ပေမယ့်  လူငယ်တွေရော ကြိုက်ရဲ့လားဆိုတာ မေးကြည့်ရတာပါ။
ပြည်မြို့ က ဇောတိကာရာမကျောင်းတိုက်ကြီးက ဆရာတော်ကြီးနဲ့ သံဃာတွေက ဒီကား ကို သာဓု ခေါ်ကြသတဲ့၊ ပြည်မြို့သာမက မန္တလေးမြို့၊ ပခုက္ကူမြို့၊ ရန်ကုန်၊ မုံရွာ၊ စစ်ကိုင်း စသဖြင့် မြန်မာတစ်နိုင်ငံလုံး က သံဃာတွေတွေကလဲ ကြိုက်ကြမှာပါ။ ရဟန်းသံဃာဆိုတာ သူဌေးတွေ ဆောက်လုပ်လှူဒါန်းထားကြတဲ့ တိုက်ကြီး တွေ သီတင်းသုံးရပေမယ့်  နိစ္စဘတ် ဆွမ်းအတွက်တော့ ဆင်းရဲသားလှူတဲ့ တစ်ဇွန်းတစ်ယောက်မ ကို အားပြုပြီးနေ့တိုင်း ခံယူဘုဉ်းပေးကြတာ ဟုတ်လား ဆရာ့ကားထဲမှာ လူဆင်းရဲ သားက သမီးလေးကိုယ် နေကြေးရွေးရအောင်လို့ သုံးနှစ်သုံးမိုး ငွေစု လာခဲ့တယ်။

လမ်းမှာ ဆွမ်းငတ်တော့မယ့် သံဃာကိုတွေ့တော့ သူ့သဒ္ဓါကို မချုပ်တည်းနိုင်လို့ ဆွမ်းထုပ် ကို သမီး ကိုယ်နေကြေး နဲ့လဲဝယ်ပြီး ကပ်လှူတယ်။ ရဟန်းက ဒါလောက် ဆင်းရဲတဲ့ ဆင်းရဲသား ဆွမ်းကို ငါဒီအတိုင်း ဘုဉ်းပေး လို့ဖြင့် မတော်လေဘူး။ ရဟန်းကိစ္စပြီးဆုံးအောင် အရင် ကျင့်ပြီး ရဟန်းကိစ္စပြီးတဲ့ ဘ၀နဲ့မှ ဘုဉ်းပေးမယ် လို့ တရားကျင့်ကြံ အားထုတ်တယ်။ ရဟန္တာ ဖြစ်သွားတဲ့အခါမှာတော့ ဆွမ်းဒကာ လူဆင်းရဲကို ပရိနိဗ္ဗာန် စံ တဲ့အခါ စောင်မကူညီသွားတယ်။ ဆရာဒကာ အပြန်အလှန် စေတနာထားကြတာတွေကို သိပ်သဘာဝ ကျတယ် ဟုတ်လား။ ကျွန်မတို့ မန္တလေးမှာ ရဟန်း၊ သံဃာတွေရဲ့ ဆွမ်းဝတ် ကွမ်းဝတ်ကို မန္တလေးမြို့သူမြို့သားတွေ ကိုယ်တတ်အားသမျှ ဆင်းရဲ ချမ်းသာမရွေး နိစ္စဓူဝ လောင်းလှူနေကြတာတွေ ဖြစ်လေတော့ "ရဟန်းစားရသော ဆွမ်းတစ်နပ်" ကို ကြည့်ပြီး သဒ္ဓါပို ဖြစ်ရ၊ ပိုကြည်ညိုပီတိ ဖြစ်ရတယ်ဆရာ။ ဒီကားကြည့်ရင်း ရတဲ့ ကုသိုလ်တွေကို ဆရာ့အား အမျှပေးလိုက်ပါရဲ့။

ပြီးတော့ ဆရာဒီကားရိုက်နေတုန်းက ကျွန်မစိတ်ထဲ သိပ်မကြည်တဲ့ ပြစ်မှားမှုအတွက် ဆရာက "ဦးပေါင်းကျား နှင့် မြင်းကျားရှင်ကို လိုက်ဖမ်းကြစမ်း" လို့ အလောင်းစည်းသူမင်းကြီး စေလွှတ်သလို စေလွှတ်တာ ကျွန်မတို့ ခံလိုက်ရပြီမို့ ဆရာ မအိုသေးတာကို ကျွန်မတို့ မြင်ပါ တွေ့ပါပြီ ဆရာ။ ကိုအံ့ကျော် ရှုမ၀ မတင်အေးတို့ သားအမိသုံးယောက်နဲ့ ကိုဇော်လင်း သားအဖ ကိုလဲ ဆရာ့ပါရမီဝိုင်းဖြည့်ကြသလိုမို့ ကျေးဇူးတင်ပါတယ်။

ဆရာက ဒီကားပြီးရင် "အမေစားရတဲ့ ထမင်းတစ်နပ်" ကို ရိုက်မယ်လို့ ပြောတယ်။ အဲဒီ ဟာကတော့ စာပေဟောပြောပွဲတွေမှာ ပြောတတ်တဲ့ ဆရာ့အကြောင်းပဲ။ ဒီဟာက ဒါရိုက်တာရဲ့ အတ္ထုပ္ပတ္တိဖြစ်လေတော့ ဘာသာရေး ကားတွေထက် စိုပြည်မှာပေါ့။ ပြီးတော့ ဆရာ့ဘ၀ကလည်း စိုပြည်တယ် ဟုတ်လား။

သူကြီး နဲ့ ကွဲလာတဲ့ သူကြီးကတော်က သူ့သားလေးကို သူကြီးက ဘုရာထူးရတဲ့ ရာထူး ရာခံမျိုး မြို့အုပ် ၀န်ထောက် ဖြစ်စေချင်လို့ ဆရာ့ကို ကျောင်းထားတယ်၊ စီးပွားက ဖြစ်နေလေတော့ ဖအေမရှိတဲ့သား ဖြစ် ပေမယ့် ရွှေပေါ်မြတင် ဆရာ့ကို မွေးတယ်။ ဆရာက စာကောင်းကောင်း မသင်ဘဲ သိသိက်ဆရာ နောက် လိုက်တယ်။ ဆိုင်းနောက် လိုက်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ မိန်းမ ယူတယ်။ မအေစီးပွားပျက်လို့ ပင်ပန်းတဲ့ ဘ၀ရောက်တာကို ဆရာကိုယ်တိုင်က စာရေးဆရာဘ၀ ပေါက်စမှာ ယက်ကန်ယက်ကန်နဲ့မို့ အမေ့ကို တစ်ပြားတစ်ချပ်မှ မထောက်ပံ့ မကူညီနိုင်ခဲ့ဘူး။ တစ်နေ့ ဒုလ္လဘရန်ဟန်းဝင်ဝတ်တော့မှ ဆွမ်းခံပြီး အမေ့ကို သပိတ် ထဲက ဆွမ်းနဲ့ ထမင်းတစ်နပ် လာကျွေးတယ်။ အလွမ်းရော၊ အသောရောစုံတဲ့ ဆရာ့ အဖြစ်အပျက် ကလေးတွေကို ဆရာက ဗွီဒီယိုရိုက်ဦးမယ်ဆိုတော့ ဒီကားက ကောင်းမှာ သိပ်သေချာနေတယ်။ ၁၉၉၁ ခုနှစ်ထ မှာ ကျွန်မတို့ ကြည့်မယ်ဆရာ။

ဆရာ အသက်ရှည်ပြီး တိုင်းပြုပြည်ပြုကားတွေ အများကြီး ရိုက်နေနိုင်ပါစေ။

လူထု ဒေါ်အမာ
ပေဖူးလွှာမဂ္ဂဇင်း၊ ဒီဇင်ဘာ (၁၉၉၀)

.

2 comments:

Angelhlaing(May everybody be happy and healthy! said...

ရသစာပေကောင်းလေးတွေ အမြဲရှာဖွေတင်ပေးလို့ ကျေးဇူးပါ မမရေ..
ကောင်းသောနေ့လေး ဖြစ်ပါစေလို့...

Thet Oo said...

Good!