Thursday, June 30, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၅၂)

အခန်း (၇၂)
လင်ကီ

၁၉၇၆ ခုနှစ်သည် နှစ်ဆယ်ရာစုထဲသို့ တိုးဝင်နေသည့်နှစ် ဖြစ်သည်။ " ချာလီ၏ နတ်သမီးကလေးများ"တွင် ဖာရာဖောက်နာမည်ကျော်သွားသည့် နှစ်လည်းဖြစ်၏။ ရုပ်သံ ဇာတ်လမ်းတွင် လင်ဒါကာတာ စူပါမင်းသမီး ဖြစ် သွား သည့် နှစ်လည်းဖြစ်၏။ ပြီးတော့ ဖေးဒွန်းနဝေး။
လင်ကီသည် စူပါ မင်းသမီးတစ်ယောက် မဟုတ်ပေ။ ကြယ်တစ်ပွင့်လည်း မဟုတ်ပေ။ သို့သော် သူအလုပ် တွင် သူ အဟုတ် အောင်မြင်နေသည့် မိန်းကလေးဖြစ်၏။
" လုပ်သမျှ ဖြစ်ရမည်ဆိုတဲ့ ဇွဲရှိတယ်။ နောက်ဆုံးတော့ ဖြစ်လာတာပဲ"ဟု အယ်လီကို ပြောပြသည်။ ငယ်ငယ်ကတည်းက မိဘတွေ ဂုဏ်ယူလောက်အောင် လုပ်ပြမည်ဟူသည့် အစွဲရှိခဲ့ဖူးသည်ကို ပြန် သတိရ နေ၏။

လူတွေက လင်ကီကို အလုပ်ကို ဘိန်းစွဲသလို စွဲနေတယ်လို့ ပြောကြတယ်။ ခုတော့ အဲဒီလို မပြောကြတော့ ဘူး၊ အတုယူလောက်တဲ့ စံပြမယ်တဲ့လေ" ဟု ဂျိန်းကို ပြောပြသည်။
ဂျိန်းရှ်နှင့် ဇာတ်လမ်းဆုံးပြီးကတည်းက ယောက်ျားတွေကို လင်ကီ ရှောင်သည်။ ဟန့်နှင့် ပြန်တွဲဖြစ်သော် လည်း တစ်ယောက်တည်း ဆက်နေပြီး အလုပ်သည် ပထမ၊ အလုပ်သည် ဒုတိယဟုပင် သဘောထားသည်။

သည်အကြောင်း ဟန့်ကို ထုတ်ပြောတော့
" တော်ပါပြီ၊ မင်းအကြောင်း မင်းထက် ကိုယ် ပိုသိတာပေါ့၊ အမြဲသိနေတယ်၊ နောင်လည်း သိနေမယ်" ဟု ပြန်ပြော၏။
" ရှင်နဲ့ကျွန်မ" ထွက်ပြီးနောက် ဥတ္တရကြယ်မှ ရောင်းအစွံဆုံးစာအုပ်တွေ ဆက်တိုက်ထုတ်နိုင်ခဲ့၏။ လင်ကီ သည် စာမူကို ကိုယ်တိုင်ရှာ၊ ကိုယ်တိုင်ရွေး၊ ကိုယ်တိုင်တည်းဖြတ်ကာ ဥတ္တရကြယ်သည် သူ့လက် သူ့ခြေ ချည်းဖြစ်နေ၏။
လင်ကီက ခေတ် အခြေအနေကို ကြည့်ပြီး စာအုပ် ထုတ်သည်။ ဗေဒင် စာအုပ်၊ နက္ခတ်စာအုပ်က စစွံသည်။

စာရေးဆရာမ ကတ်သလင်း ဒိုရင်းနှင့်နေ့လယ်က စားရင်း လင်ကီ ဆွေးနွေးသည်။
" နှစ်ဆယ်ရာစု နှစ်ကုန်ဖို့ တဖြည်းဖြည်း နီးလာနေပြီ။ နှစ်ဆယ်ရာစု နောက်ခံနဲ့ ၀တ္ထုတစ်ပုဒ် ထုတ်ချင် တယ်၊ အမျိုးသမီး ဇာတ်လိုက် သုံးယောက်ပါမယ်၊ ခေတ်သုံးခေတ်ပါမယ်။ ၁၇၇၆ ခုနှစ်က တစ်ပိုင်း၊ ၁၈၇၆ ခုနှစ်က တစ်ပိုင်း၊ နောက်ဆုံးအပိုင်းက ၁၉၇၆ ပေါ့၊ ပထမပိုင်း မင်းသမီးက တော်လှန်ရေးကာလရဲ့ သမီးပျို ပေါ့၊ ဒုတိယ က နာမည်ကျော်စံပြမယ်၊ တတိယကတော့ ကက်သလင်း ရေးနေကျ ဒီနေ့ခေတ် အမျိုးသမီးပေါ့၊ ဘယ်လိုလဲ စိတ်ဝင်စားရဲ့လား "
" စိတ်ဝင်စားပါတယ် လင်ကီရဲ့ ကိုယ်လည်း ဇာတ်အိမ်ကျယ်ကျယ် ရေးချင်နေတာနဲ့ အတော်ပဲ "
သတ်သတ်လွတ်စားသည့် စာရေးဆရာမက ဆက်ပြောသေးသည်။

" ကိုယ် သတိထားမိတာ တစ်ခုရှိတယ်၊ စာအုပ်အထူကြီးတွေက ပါးပါးကလေးတွေထက် ရောင်းကောင်း နေတယ်"
လင်ကီနှင့် ကက်သရင်း ဇာတ်ကောင်တွေ၊ ဇာတ်ကွက်တွေအကြောင်း ဆွေးနွေးကြသည်။ ဇာတ်အိမ်ကအစ အသေးစိတ် တိုင်ပင်ကြသည်။ စာအုပ်ကို " အမေရိကန် အမျိုးသမီးများ" ဟု ရိုးရိုးကလေး နာမည်ပေး လိုက်သည်။

ကက်သလင်း ရေးသမျှ စာအုပ်များထဲတွင် အရောင်းရဆုံးဖြစ်သွား၏။ ဟန့်က ရုပ်သံကုမ္ပဏီတစ်ခုသို့ ဇာတ် လမ်းတွဲ ရိုက်ဖို့ စပ်ရောင်းပေးသည်။
" လင်ကီကိုပါ ပိုက်ဆံခွဲပေးဖို့ ကောင်းတယ်၊ အဲဒါ အားလုံး သူ့ခေါင်းထဲက ထွက်လာတာတွေချည်းပဲ" ဟု ကက်သလင်း က သူ့အေးဂျင်ဖြစ်သူ ဟန့်ကို ပြောပြသည်။

လင်ကီသည် ကြီးကျယ်ခမ်းနားပြီး ထူးထွေ ဆန်းပြားသည့် အချစ်ဝတ္ထုတွေ ထုတ်သည်။ စီအိုင်အေ လူထွက် ဇာတ်ကောင်များ ပါသည့် သူ့လျှိုဝတ္ထုတွေ ထုတ်သည်။ စိတ်ပညာစာအုပ်တွေ၊ ၀ိုင်အရက်အကြောင်းတွေ၊ ထမင်းဟင်းချက်နည်း စာအုပ်တွေပါ ထုတ်သည်။
ထွက်သမျှလိုလို ရောင်းအစွံဆုံး စာရင်းဝင်သွားသည်ချည်း။

" မင်းကို ဥတ္တရကြယ်ရဲ့ ဥက္ကဌ ရာထူးကို ပေးတော့မယ်၊ မင်းရသင့်ပြီ၊ လုပ်ငန်းအတွက်လည်း ပိုပြီး ခန့်ခန့် ထည်ထည် ဖြစ်သွားမယ်" ဟု ပြောပြီးပြီ ဂေါ်ဒွန်ကချယ်ယာမင် ရာထူး ယူလိုက်သည်။
အချိန်မှာ ၁၉၇၆ ခုနှစ်ဖြစ်၏။
ဤသို့ဖြင့် လင်ကီဒက်စမွန်သည် အမေရိကန်နိုင်ငံတွင် လက်ချိုးရေတွက်၍ ရသော အမျိုးသမီး ဥက္ကဌရာထူးကို ရရှိသွားလေသည်။
အမျိုးသမီး မဂ္ဂဇင်းများ၊ ဂျာနယ်များက လင်ကီ့အကြောင်း အလုအယက် သတင်းယူပြီး ရေးကြ၏။ တိုင်းမ်စ် မဂ္ဂဇင်းက မျက်နျာဖုံးသတင်းနေရာပေး၏။ နယူးယောက် တိုင်းမ်နှင့် ပြည်သူ့ဂျာနယ်တို့ကလည်း ဆောင်းပါး တွေ ဝေေ၀ဆာဆာ ရေးကြ၏။

စာရေးဆရာတိုင်း သတင်းသမားတိုင်းက အမျိုးသမီးများအကြောင်း ခံတွင်းတွေ့နေကြချိန်၊ လုပ်ငန်းခွင်မှ အမျိုးသမီး များ အကြောင်း ရေးကြ၏။ ရာထူးကြီးများ ရနေသည့် မိန်းကလေးများအကြောင်း ရေးကြ၏။ အောင်မြင် နေသည့် အမျိုးသမီးများအကြောင်း ရေးကြ၏။ သူတို့အားလုံး လင်ကီနှင့် တွေ့ဖို့ အလုအယက် ကြိုးစားကြ၏။
" စာရေးဆရာတွေ ဆရာမတွေ နာမည်ကြီးသလောက် လင်ကီနာမည်ကြီးသွားပြီ" ဟု အယ်လီက ၀မ်းသာ အားရ ပြောသည်။
လင်ကီနှင့် အင်တာဗျူးဖို့ စာတွေ ၀င်လာမစဲ ဖြစ်နေပြီ။

" ကိုယ်သာ ဂျူးမ တစ်ယောက်ဖြစ်ရင် ဒါမှမဟ်ုတ် မဟူရာမကလေးဖြစ်နေရင် ဒါမှမဟုတ် မိန်းမလျာဆိုရင် ဒါထက်တောင် လူတွေ စိတ်ဝင်စားဦးမယ် "
ဟု လင်ကီက ရယ်စရာလုပ်ပစ်သည်။
အယ်လီက သူနှင့် လိုက်မရယ်ဘဲ အတည်ဆက်ပြော၏။
" မင်း လက်ထပ်ပြီး ဘ၀ကို အခြေပြန်ချမှ ပိုစိတ်ဝင်စားဖို့ ကောင်းမှာ "
" အင်း အစီအစဉ်တော့ ရှိသလိုလိုပဲ၊ ဒါပေမယ့် ဒီအတိုင်းပဲ ကောင်းပါတယ် အယ်လီရယ် "
လင်ကီက အလန်ဂိုးလ်မတ်၊ အက်ဂါဆင်တာဒန်နှင့် ဂျိုးရှ်ဘတ်တာဖီးလ်တို့ အကြောင်းတွေးမိပြီး ယောက်ျားတွေကိုလည်း စိတ်ကုန်၊ ကိုယ့်ကိုကိုယ်လည်း စိတ်ပျက်လျက်ရှိသည်။ နောက်ဆုံး သည်ကိစ္စမျိုး တွေ မစဉ်းစားတော့ဘဲ အလုပ်ထဲတွင် နှစ်ထားလိုက်ခြင်းဖြစ်၏။ ထို့ကြောင့်လည်း ဆက်တိုက် အောင်မြင်ခဲ့ ခြင်းဖြစ်လေသည်။

" ဘယ်တော့မှ ယောက်ျားမယူတော့ဘူး၊ မင်းရော "
ခါးသီးနာကြည်းစွာဖြင့် အဲလျော့နှင့် ကွဲပြီးနောက် ဂျိန်းက လင်ကီ့ကို မေးခြင်းဖြစ်၏။
" ဟင့်အင်း တစ်ခါသေဖူးပြီပဲ၊ အမျိုးသမီးတွေက လွတ်လပ်ပြီး ယောက်ျားတွေက အနှောင်အဖွဲ့နဲ့ဖြစ်နေတာ ဂျိန်းရဲ့၊ သူတို့ ဘာတွေ ပြောနေပြောနေ သူတို့က အိမ်ထောင်ဘက်အဖြစ်ကျတော့ ရိုးရိုးအိမ်ရှင်မတွေကိုပဲ လိုချင်ကြတာ၊ ကိုယ်တွေ့ဖူးသမျှထဲမှာ တစ်ဝက် လောက်က ကိုယ့်ကို လန့်ကြတယ်၊ ကျန်တစ်ဝက်က ကိုယ့်ကို အပြိုင်လို့ သဘောထားကြတယ် "
" လင်ကီပြောတာ၊ ဂျိန်းနားလည်တယ်၊ တွေ့လိုက်ရင် ဟုတ်မလိုလိုနဲ့ နောက်ကျတော့ သူတို့က ဂျိန်းထက် ပို ချမ်းသာ ကြောင်း ပြဖို့ လိုအပ်သလိုလို၊ ဘာလိုလိုနဲ့ ပြီးတော့ မဟုတ်ရင် ခြေမကိုင်မိ လက်မကိုင်မိနဲ့ လစ်ရော" ဟု ဂျိန်းက အတွေ့အကြုံဖလှယ်သည်။

" လင်ကီ အောင်မြင်တာကို ကြည့်ချင်တယ်လို့ ပြောဖော်ရတာ တစ်ယောက်တော့ရှိတယ် ဂျိန်း၊ ဟန့်လေ "

လင်ကီသည် တဖြည်းဖြည်းနှင့် စာအုပ်လောက အ၀န်းအ၀ိုင်း၏ ပြင်ပသို့ပင် ထွက်ကာ စွန့်စားခန်းများ ဖွင့် သေးသည်။ ဘက်ကီရီးစ်ကို ငွေထုတ်ချေးပြီး စားသောက်ကုန် လုပ်ငန်းတစ်ခု တည်ထောင်စေသည်။
မိမိ အရှိန်အ၀ါကို သုံးပြီး ကော်ရယ်ဝင်စတိန်းကို " ချမ့်အယ်လီစီ" ရေမွှေးကုမ္ပဏီကြီးတွင် ဥက္ကဌ ရာထူးရ အောင် လုပ်ပေးသည်။ အယ်လီကိုလည်း ဥတ္တရကြယ် ဒုတိယဥက္ကဌ ဖြစ်အောင် တွန်းတင်ပေးသေးသည်။

" ဒုတိယ ဥက္ကဌ ဟုတ်လား "
အယ်လီက မယုံသလို လင်ကီ့ကို ပြန်မေးနေသည်။ အယ်လီက သိပ်မမျှော်မှန်းတော့။ ခုတလော အလုပ် ထဲတွင် အာရုံစိုက်လို့ သိပ်မရချင်။ အိုဝင်နှင့် အမြဲ တိုက်ပွဲဆင်နေရသည်။ မဟုတ်လား။ သူတို့ အိမ် ထောင်ရေးကလည်း ခပ်လှုပ်လှုပ်။

အိုဝင်၏ တာဝန်မဲ့မှု၊ သစ္စာမဲ့မှုတွေကို အယ်လီ ခါးသီးစွာ မုန်းတီးစ ပြုလာပြီ။ တစ်ဖက်တွင် အယ်လီ အောင်မြင်နေသည်ကိုလည်း အိုဝင် လုံးဝ မရှုဆိတ်ဖြစ်နေ၏။
" အင်း အိုဝင် ဘာပြောမလဲ မသိဘူး " ဟု အယ်လီက မရေမရာ ပြောတော့ လင်ကီက
" ဂုဏ်ယူပါတယ်၊ မိန်းမရယ်လို့ ပြောမှာပေါ့ကွာ " ဟု နှစ်သိမ့်သည်။

ဆေးစက်ကျရာ အရုပ်ထင်နေသော်လည်း လင်ကီက တင်းတိမ်ခြင်းမရှိ။ ရှေ့ဆက်လောဘကြီးဆဲ။ စာအုပ် တစ်အုပ် ရောင်းအစွံဆုံး စာရင်းဝင်သွားရင် ထိုစာရင်းဝင် အပေါ်သို့ တစ်ဆင့်တက်ရန် ထပ်ကြိုးစား၏။ စာရင်းထဲတွင် ခြောက်ပတ်ကြာ ၀င်လျှင် ခုနစ်ပတ် ခံအောင် ကြိုးစား၏။ နံပါတ်တစ်သို့ ရောက်လျှင်လည်း တစ်မှ အောက်သို့ ပြန်မဆင်းအောင် ကြိုးစား၏။ ပြီးတော့ တစ်ခု အောင်မြင်နေရုံဖြင့် ဘယ်တော့မှ ရပ်မနေ။ နောက်တစ်ခုကို ဆက်စဉ်းစားနေမည်သာ။

" မင်းဟာက လောဘကြီးလှချေလားကွာ "
ဟု ပီတာက သတိပေးသည်။ သို့သော် သူ ဂုဏ်ယူနေ၏။ တစ်ပြိုင်တည်းတွင် လမ်းခွဲဖြစ်သည့်အတွက်လည်း မှန်သည် ထင်နေသည်။ လင်ကီသည် ဥတ္တရကြယ်နှင့် သူ့လုပ်ငန်းတာဝန်မှ လွဲ၍ ဘာခံစားမှုမှ မရှိတော့ဟု ပီတာ ထင်၏။ သူ ရယ်တာ ပြုံးတာလည်း ပီတာ မတွေ့သည်မှာ ကြာပြီ။

" လောဘကြီးတာက ကောင်းသောကြီးခြင်းပဲ " ဟု လင်ကီက ချေပသည်။ လင်ကီသည် အကျိုးရှိသော အောင်မြင်မှုကို ရယူလိုခြင်းဖြစ်၏။ သို့သော် ဂျိန်းလို အောင်မြင်မှု၏ သားကောင် မဖြစ်ဖို့တော့ အမြဲ သတိရှိ သည်။ ပြီးတော့ သွားရမည့် လမ်းကြောင်းပေါ်မှ ဆူးညှောင့်ခလုတ်များကိုလည်း အမြဲရှောင်ရှားတတ်လေ သည်။
ဟန့်ကလည်း လင်ကီ့ကို ကြည့်ပြီး ပီတာ့လိုပင် ချီးကျူးစကားဆိုသည်။

" မင်းဟာ အောင်မြင်မှုရော၊ အမြတ်အစွန်းရော၊ တစ်ပြိုင်တည်း ရအောင် လုပ်နိုင်တဲ့ စာအုပ်လောကရဲ့ နတ်သမီးကလေးပဲ "
" လုပ်စရာတွေ ရှိသေးတယ်၊ စံချိန်တစ်ခုတင်ပြီးတိုင်း နောက်တစ်ခု ထပ်ချိုးဖို့ ရှိနေတယ်လေ" ဟု လင်ကီက ပြန်ပြောသည်။
" ဒါပေါ့၊ မင်းရှေ့ဆက်ကြိုးစားရဦးမှာပေါ့၊ ဘာဘရာဝေါလ်တာက တစ်နှစ်ကို ဒေါ်လာတစ်သန်း ၀င်တယ်တဲ့ "ဟု ဟန့်က ပြောတော့
" လင်ကီက ဘယ်သူနဲ့မှ မယှဉ်ပါဘူး "
" ကိုယ်ကတော့ယှဉ်တယ်၊ ဘယ်တော့မှ မလျှော့ဘူး၊ ဘယ်တော့မှ အရှုံးမပေးဘူး မင်းအနားက ဘယ်တော့မှ ထွက် မသွားဘူး" ဟု ဟန့်က ဆိုသည်။
 
အခန်း (၇၃)
အယ်လီ

အလုပ်ထဲတွင် တစ်ထစ် တက်တိုင်း အိမ်တွင်းရေးတွင် တစ်ထစ် ဆင်းနေရ၏။ လင်ကီက ဒုတိယ ဥက္ကဋ္ဌ ရာထူး ရအောင် လုပ်ပေးတော့ အိုဝင်က လင်ကီပြောသည့် အတိုင်း ဂုဏ်ယူပါသည်။ သို့သော် တစ်ပြိုင်တည်းတွင် အယ်လီအား အရေးမပါသည့် အလကား အလုပ်ထဲတွင် ဘ၀ကို နစ်မွန်းခံနေသည်ဟု လည်း စွပ်စွဲ၏။
" လင်ကီကတော့ အဲဒီလို မထင်ဘူး၊ ဂေါ်ဒွန်ကလည်း မထင်ဘူး "
" အလကား အလုပ်ပါ၊ မင်းအရည်အချင်းနဲ့ မတန်ပါဘူး "

" ဒါဖြင့် အယ်လီ ဘာလုပ်ရမှာလဲ၊ ပါမင်းနိုက်မှာ တစ်ပတ်ဒေါ်လာ တစ်ရာ့ငါးဆယ်နဲ့ ကဗျာစာအုပ်ကြော် ငြာတွေ လုပ်ပေးရမှာလား "
" ဘာပဲဖြစ်ဖြစ် ခေါင်းမော့ထားနိုင်တဲ့ အလုပ်မျိုး လုပ်သင့်တာပေါ့ "
" ခု အယ်လီ ခေါင်းငုံ့ထားရလို့လား၊ နေပါဦး ဘယ်တုန်းက စပြီး ရှင် အယ်လီကို မကျေနပ်နေတာလဲ "
တစ်ဖက်တွင် အယ်လီ အောင်မြင်လာလေ၊ သူက အပြင်မှာ ပိုရှုပ်လေလေ ဖြစ်နေကြောင်း အယ်လီသိသည်။

" မကျေနပ်လို့ ပြောတာ မဟုတ်ဘူး၊ မင်း အချိန်တွေ အလကား ကုန်နေတာ ကိုယ်မကြည့်ချင်လို့ ပြောတာ ပါ"
" ရှင် မြီးကောင်ပေါက်ကလေးတွေနဲ့ အချိန်ကုန်နေတာကျတော့ကော ကျွန်မက ကြည့်ချင်နေတယ် ထင်လား "
" ဒီအကြောင်း စဦးမလို့လား "
" ကျွန်မ စိတ်ကုန်လာပြီ အိုဝင် "
" အဲဒါက တို့အိမ်ထောင်ရေးနဲ့ ဘာဆိုင်တာမှတ်လို့ "
" ရှင်က ကျွန်မအလုပ်နဲ့ ကျွန်မ မတန်ဘူး ပြောတယ်၊ ရှင် ကောင်မလေးတွေနဲ့ ရှင်နဲ့ကျတော့ တန်တယ်ပေါ့၊ ဟုတ်လား "
" ဒါတွေက ကစားစရာတွေပါကွာ "
" ရှင်ဟာ ယောက်ျားပြည့်တန်ဆာပဲ "

အယ်လီက ပြောပြီး ကလေးတွေကို ညစာကျွေးဖို့ မီးဖိုဆောင်ဘက်သို့ထွက်ခဲ့သည်။ အိုဝင် အပြင်မှာ ရှုပ်သည့်ကိစ္စသည် အယ်လီတစ်ယောက်တည်းကိုသာ ထိ ခိုက်သည် မဟုတ်ဘဲ နှစ်ယောက်စလုံးကို ရောင်ပြန်ဟပ်လာသည်။ ၁၉၇၅ ခုနှစ်တွင် အိုဝင်က အယ်လီကို စွပ်စွဲသည်။
" မင်းကိုယ့်ကို စိတ်မပါတော့ဘူး မဟုတ်လား "
" ဘယ်လိုလုပ်ပြီး စိတ်ပါတော့မှာလဲ၊ ရှင်က တွေ့ကရာ မိန်းမနဲ့ ဖြစ်မှမော့ "
" ဘာဆိုင်လဲကွ၊ မင်းက ကိုယ့်မိန်းမပဲ "
" ဒါဆို ရှင် လင်ယောက်ျားတစ်ယောက်လို နေပါလား "
" ယောက်ျားဆိုတာ အပြောင်းအလဲကလေးတွေတော့ လုပ်ချင်ကြတာချည်းပဲ "

" မိန်းမတွေကျတော့ မလုပ်ရဘူးပေါ့ ဟုတ်လား "
" မင်း ကိုယ့်ကို ခြိမ်းခြောက်နေတာလား၊ ဇာတ်လမ်းတစ်ပုဒ် စမလို့လား "
" ရှင့်ကို ခြိမ်းခြောက်တာလည်း မဟုတ်ဘူး၊ ဇာတ်လမ်းလည်းမရှိဘူး၊ ဒါပေမယ့် ရှင် ကျွန်မ အနားမကပ်နဲ့ "

အယ်လီ ဒုတိယ ဥက္ကဌရာထူးရပြီး တစ်လအကြာတွင် အိုဝင်က ချစ်သူတွေ့ပါပြီဟု အယ်လီ့ကို ထုတ်ပြော သည်။ သည်တစ်ခါ အတည်ဖြစ်ပြီဟုလည်း ဆိုသည်။
" သူ့နာမည်က ဂျနီဖာတဲ့ "
အိုဝင်က ကောင်မလေး၏ နာမည်ပါ ပြောသည်။
" ဘာဆန်းလဲ၊ ခုခေတ်ကောင်မလေးတွေ အားလုံး ဂျနီဖာချည်းပဲ "
" ပြပွဲတစ်ခုမှာ တွေ့တာ "
" သူက ဘာလုပ်လဲ၊ ကော်ဖီဆိုင်ကလား "
" မဟုတ်ဘူး၊ အတွင်းရေးမှူး "
" ဟုတ်လား၊ အနိမ့်စားပဲ၊ အသက်ဘယ်လောက် ရှိပြီလဲ၊ အသက်တော့ ပြည့်ပါတယ်နော် "

" နှစ်ဆယ့်နှစ်နှစ် "
အိုဝင်က လေးဆယ့်ငါးထဲ ၀င်နေပြီ။
" ဟင် သိပ်မငယ်တော့ပါလား "
" မင်း ဘာကြီးထင်ထင်၊ ကိုယ့်အစီအစဉ်တွေ ပြောင်းမယ်တော့ မထင်နဲ့ "
" ဘာ အစီအစဉ်တွေ များပါလိမ့် "
" ကိုယ် ဒီအိမ်ကဆင်းတော့မယ်၊ ဂျနီဖာနဲ့ သွားနေမယ် "
နောက်တစ်နေ့ စနေနေ့တွင် သူ့အချစ်သစ်ကလေးနှင့် အိုဝင် ရောက်လာသည်။ ကောင်မလေးနာမည်က ဂျနီဖာ ချဒ်ဆင်တဲ့။ ဆံပင်ကုတ်ဝဲနှင့် မျက်လုံးပြူးပြူး၊ အသားအရေက ၀ါဝါ၀င်းဝင်း။ အင်း သူ အသားကလေး ချောမွေ့သလို စိတ်ထား ချောမွေ့ပါ့မလားဟု အယ်လီ တွေးနေ၏။

" ညီမရေ ကိုယ့်ကို ကူပါဦးကွာ "
ရှက်ရွံ့ရွံ့ ဖြစ်နေပုံရသော်လည်း အပေါ်စီးရထားဟန်ဖြင့် အိုဝင့်ကို ကူညီထုပ်ပိုးသည်။ ဘယ်ဟာတွေထည့်၊ ဘယ်ဟာတွေ ထားခဲ့ဟု အိုဝင်က ညွှန်ကြား၏။
အယ်လီက ဘာမှ မပြော၊ မြင်ကွင်းကို လက်ပိုက်ကြည့်နေ၏။
ထုပ်ပိုးပြီးစီးသည်နှင့် အိုဝင်သည် ဆံတိုကုပ်ဝဲမကလေးနောက်သို့ ကောက်ကောက်ပါသွားလေတော့၏။
ကောင်မလေးက အယ်လီကို နှုတ်ဆက်သွားသေးသည်။
အသံသေးသေးကလေးဖြင့်
" ပျော်စရာနေ့ဖြစ်ပါစေနော်" တဲ့ ။
သူတို့ထွက်သည်နှင့် အယ်လီက တံခါးကို တအားဆောင့်ပိတ်လိုက်သည်။ နံရံမှ ဓာတ်ပုံတွေ လှုပ်ခါသွား၏။

အသံဗလံများကြောင့် အင်ဂျလာ နိုးလာသည်။ အဖေ ထွက်သွားသည်ကို ရိပ်ကနဲ လှမ်းမြင်လိုက်၏။
" ဖေဖေ ဘယ်သွားတာလဲ မေမေ "
" ကိစ္စရှိလို့ အပြင်သွားတာ "
အံကြိတ်ထားရင် အယ်လီ ပြောလိုက်ခြင်းဖြစ်၏။ စိတ်ဆိုးလွန်းသဖြင့် မနည်းအားယူပြောရသည်။

သမီးငယ်က အမေ့စကားကို မယုံသလို ပုံမျိုးဖြင့်
" သမီး လိုက်သွားမယ်နော် "
" ဟာ အပြင်မှာ မှောင်နေပြီလေ "
မီးဖိုထဲတွင် မုန့်စားနေသည့် သား ဘရိန်ကလည်း တံခါး ဆောင့်ပိတ်သံ ကြားသဖြင့် ရှေ့ထွက်လာသည်။

" ဖေဖေ စိတ်ဆိုးသွားလားဟင် မေမေ "
" အင် နည်းနည်း စိတ်တိုင်းမကျဖြစ်သွားတာ ထင်တယ် "
" ပြန်လာရင် သားချော့လိုက်ပ့ါမယ်" ဟု ဘရိန်က ပြောသည်။ အင်ဂျလာကလည်း " သမီးလည်း ၀ိုင်းချော့မယ်" ဟုဆိုသည်။ ခြောက်နှစ်သားအရွယ် သားငယ် ဘရိန်က ဖအေတူ၊ တစ်ကိုယ်ကောင်းဆန် ဆန်၊ ကစားစရာဆိုလျှင် ဒုံးပျံတွေ စက်သေနတ်တွေမှ။ အင်ဂျလာက အယ်လီ အမေနှင့် သွားတူသည်။ လေးနှစ်သမီးအရွယ်တွင် လှချင် ပချင်နေပြီ။ အ၀တ်အစားရွေးတတ်နေပြီ။ မကြိုက်သည့် အင်္ကျီကို ဘယ်တော့မှ မ၀တ်။ ပြီးတော့ အလွန်မတန် သေသေသပ်သပ် နေတတ်သည်။ သူ့အခန်းထဲတွင် ရှုပ်ပွနေလျှင် စားလည်း မစား၊ အိပ်လည်း မအိပ်။ အားလုံး စီစီညီညီ သိမ်းဆည်းပေးမှ ကြိုက်သည်။
သားကိုရော သမီးကိုပါ အယ်လီ ချစ်ပါသည်။

" ကလေးတွေနဲ့ ပတ်သက်လို့တော့ အောင်မြင်တဲ့ အမေဖြစ်လာပါ့မလား မသိဘူး " ဟု လင်ကီ့ကို အယ်လီ ထုတ်ပြောဖူးသည်။
ပထမနှင့် ဒုတိယ အိမ်ထောင်တို့မှ ရသည့် ကလေးများကို အိုဝင် လုံးဝ သံယောဇဉ် မရှိ။ ဘရိန်နှင့် အင်ဂျလာ ကိုတော့ အံ့သြစရာ ကောင်းလောက်အောင် သူ ချစ်သည်။ အနွံနာခံသည်။
ဘရိန်ကလေး ၀က်သက်ပေါက်တုန်းက အိုဝင်တစ်ညလုံး ထိုင်စောင့်ပေးသည်။ ပုံပြင်တွေ ပြောပြီး ချော့ချော့ မော့မော့ ဆေးတိုက်သည်။ အင်ဂျလာကလေး ကစားရင်း လက်ကျိုးတုန်းကလည်း အိမ်မှာ အယ်လီ မရှိ၊ သူပဲ ဆေးရုံသို့ ပွေ့ပြီး ပြေးသည်။

" ကိုယ့် သားနဲ့ သမီး ဘာမှမဖြစ်စေရဘူး၊ ကိုယ်အသက်နဲ့လဲပြီး ကာကွယ်မယ် " ဟု အယ်လီ့ကို ပြောဖူး သည်။
အိုဝင် အိမ်မှ ဆင်းသွားပြီး တစ်ပတ်အကြာတွင် အယ်လီ ပြန်ခေါ်သည်။
" ကလေးတွေကို သိပ်ချစ်တယ်ဆို၊ ပြန်လာခဲ့ပါလား "
" ကိုယ်သူတို့ကို အောက်မေ့ပါတယ် "
" ဟုတ်လား၊ ဒါတောင် တစ်ခါမှ လာမကြည့်ဘူးနော်၊ သူတို့ကလေးတွေ သိပ်စိတ်အားငယ်နေတယ်၊ အဖေ့ကို တမေးတည်း မေးနေတယ်၊ သူတို့ ဘာမှ နားမလည်ဘူးလေ၊ ဘာဖြစ်မှန်းလည်း မသိဘူး၊ ဘာ ကြောင့် ပျောက်သွားမှန်းလည်း မသိဘူး "

အဖေ ပျောက်သွားကတည်းက ဘရိန်က သောင်းကျန်းလာသည်။ ဧရာမ ဒုံးပျံကြီးကို ရိုက်ချိုးပစ်သည်။ အဖေ့ ကော်ဖီပန်းကန်ကို ကိုင်ပေါက်ခွဲသည်။ ပျားရည် ပုလင်းကို အဖေ့လက်နှိပ်စက်ထဲ လောင်းချသည်။ အငယ်မက အစ်ကို့ သံယောင်လိုက်ပြီး ဂျီတိုက်သည်။
" ဖေဖေ ဘယ်မှာလဲ၊ ဖေဖေ့ကိုခေါ်ပေး၊ သမီးတို့ကို ဖေဖေ စိတ်ဆိုးသွားတာ "
ညညဆိုလည်း မအိပ်ဘူး။ ထထ ငိုသည်။ မအေ ချော့လည်း မရ၊ အငယ်မငိုတော့ အကြီးကောင်က လိုက်ငို သည်။

ကလေးတွေ ဖြစ်နေပုံကို အယ်လီက အိုဝင်အား ပြောပြတော့ ပထမ ဘာမှ မပြောဘဲ ငြိမ်နားထောင်နေသည်။ ပြီးမှ အနေရအထိုင်ရ ကျပ်နေသည့် လေသံဖြင့်
" ဂျနီဖာက ကလေးမချစ်တတ်ဘူး၊ ခေါ်ထားလို့ မဖြစ်ဘူး" ဟု ၀န်ခံသည်။
အိုဝင်တစ်ယောက် အိမ်မှ ဆင်းသွားပြီး ဂျနီဖာဆိုသူ ကောင်မလေးတစ်ယောက်နှင့် သွားနေသည်။ ကြာတော့ ဂျိန်းက အယ်လီအတွက် ရင်ထဲ ပေါ့သွားသည်။ အယ်လီတစ်ယောက် ၀ဋ်ကျွတ်သွားပြီပေါ့။
" ကောင်းတာပေါ့၊ ဒါလောက် တစ်ကိုယ်ကောင်းဆန်တဲ့ သူတောင်းစား၊ သွားပစေ" ဟု ဂျိန်းက ဒိုးဒိုးဒေါက်ဒေါက် ပြောသည်။

" သူ တစ်ကိုယ်ကောင်းသမားမှန်း အယ်လီ သိပါတယ်၊ ဂျိန်းရယ် ဒါပေမယ့် ကလေးတွေကိုကကို သူ့ကိုပဲ အောက်မေ့နေတယ် "
" ဒါဆိုလဲ သူ့ကို ဒေါသဖြစ်နေလိုက်ပေါ့၊ ဒါမှ မင်း သက်သာမှာ၊ မင်းက သိပ်ပျော့တာကိုး၊ သူလိုလူမျိုးကို အလျော့မပေးရဘူး "
" ဂျိန်းက သတ္တိရှိတယ်၊ အယ်လီက အသည်းငယ်တယ်လေ၊ သူ့ကို နာကြည်းပေမယ့် သူပြန်လာရင် အယ်လီ ချက်ချင်း လက်ခံမိမှာပဲ "
" ရုတ်တရက်တော့ ပြန်လာမှာ မဟုတ်ဘူး ထင်တယ် "
" ဟုတ်တယ် ဂျိန်း၊ အယ်လီလည်း မထင်ဘူး "
အယ်လီက ဖြစ်ကြောင်းကုန်စင်မှာ သူ့အပြစ်ပါဟု သူ့ကိုယ်သူ အပြစ်ဖို့နေလို့ ဂျိန်းက နှစ်သိမ့်ရသေးသည်။

" ယောက်ျားဖြစ်ကြောင်းကုန်စင်မှာ သူ့အပြစ်ပါဟု သူ့ကိုယ်သူ အပြစ်ဖို့နေလို့ ဂျိန်းက နှစ်သိမ့်ရသေးသည်။
" ယောက်ျားတွေဟာ မိန်းမတွေ တစ်ဖက်မှာ အောင်မြင်လာရင် သူတို့မခံနိုင်ကြဘူး "
ဂျိန်းက လင်ကီနှင့် တစ်လေတည်း ထွက်လာသည်။
" မင်း ပထမ ရာထူးကြီးကြီး ရတော့ အိုဝင် စဖောက်တယ်လေ၊ မင်း ဒုဥက္ကဌဖြစ်တော့ အိမ်ပေါ်က ဆင်းသွားရော မဟုတ်လား "
ဂျိန်းက ချက်ကျလက်ကျ ထောက်ပြသည်။

" ဟုတ်တယ်နော်၊ အယ်လီက ချိန်ကို မှတ်မထားမိလို့၊ ဒါပေမယ့် ကိုယ့် အမေအောင်မြင်တာကိုတော့ အဖေက သဘောကျတယ် ဂျိန်း "
" ဒါကတော့ မင်း အဖေကိုယ်တိုင် အောင်မြင်နေတာကိုး အယ်လီရဲ့၊ အိုဝင်က အဲဒီလို မဟုတ်ဘူးလေ၊ နောက်ပိုင်း ရုပ်သံ ဇာတ်ညွှန်းတွေနဲ့ အပေါစား ၀တ္ထုတွေရေးပြီး ရပ်တည်ရတဲ့ ဘ၀ကို သူ့ကိုယ်သူ သိမ်ငယ် လာလေလေ မင်းအပေါ်မှာ ကြိတ်ပြီး အနိုင်ကျင့်လေ လုပ်တာ "
" ဒါဆို အယ်လီ ဘာလုပ်ရမလဲ၊ ဒီအလုပ်က ထွက်ပြီး သူများ အတွင်းရေးမှူး ပြန်လုပ်ရမှာလား "
ဂျိန်းပြောတာ မှန်တယ်ဟု တွေးမိပြီး ပြန်မေးလိုက်ခြင်းဖြစ်၏။ မိမိက အတွင်းရေးမှူးဘ၀ဖြင့် ဆက်နေလျှင် ကော အိုဝင်က အောင်မြင်မှာလား။ သည်လိုပင် အယ်လီယုံကြည်ချင်ပါ၏။ သို့သော် လက်တွေ့တွင် ဖြစ်လာဖို့ မလွယ်ပါ။

" ဟာ ဘယ်ကလာ၊ မင်းအဲဒီ သူတောင်းစားကို မပြတ်နိုင်ရင် ပြန်ခေါ်၊ ရအောင်ပြန်ခေါ်၊ အတင်း တရွတ်ဆွဲ ခေါ်"
ဘရိန်နှင့် အင်ဂျလာကလည်း ဂျိန်းနှင့် တစ်သဘောတည်း ရှိကြသည်။
" ဖေဖေ ဘယ်တော့ ပြန်လာမှာလဲ၊ သွားပြီး အတင်းဆွဲခေါ်မယ်လေ "ဟု အမေ့ကို ခဏခဏ ပူဆာနေကြ၏။

ဆက်ရန်
.

No comments: