ဖက်ရွက်ဝတ်ခွက်
ခင်ခင်ထူး
ခင်ခင်ထူး
ကျွန်မတို့မိသားစု မန္တလေးမြို့သစ်ရပ်ကွက်ထဲကို ပြောင်းရွှေ့လာခဲ့တာ တစ်နှစ်ကျော်ကျော်လောက် ရှိခဲ့ပြီ။ အထိုင်ကလေးကျလာတော့ ပတ်ဝန်းကျင် အခြေအနေအားလုံးနှင့် အားကျသင့်သလောက်လည်း ကျလာပြီိ ဆိုနိုင်ပါ၏။ နေမှုထိုင်မှု၊ သွားမှု၊ လာမှုက အသားကျသော်လည်း ကျွန်မတို့ကိုယ်တိုင်ကတော့ နေ့စ္စဓူဝ ကိစ္စ များကြောင့် အသားမကျနိုင်သေးသလို ဖြစ်နေသည်။ ဇနီးခင်ပွန်းနှစ်ယေက်နှင့် သမီးကလေးတစ်ယောက်သာ ရှိသော အိမ်ထောင်ဆိုသော်လည်း အိုးကြီးချက်ရသည့် အိမ်လို ချွေးတစ်လုံးလုံး၊ အိုးမည်းတပေပေ ရှိရတာ များသည်။ ညဖက်သမီးငယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျပြီဆိုမှ စာထရေးရတော့အိပ်ရာဝင် နောက်ကျ တတ် ပါသည်။ စာမူအလောတကြီး ပေးစရာရှိသည့် အခါမျိုးဆိုလျှင် ညနှစ်ချက် သုံးနာရီကူးရသည်လည်းရှိ၏။ ညဖက်အိပ်ရာဝင် နောက်ကျလျှင် မနက်ရှစ်နာရီ ကိုးနာရီမှ ကျွန်မနိုးတော့သည်။
ဈေးပြေး၊ မီးမွှေး၊ ချက်ပြုတ်၊ ၀ယ်လာခြမ်းလာတာတွေ သိမ်းရ ဆည်းရ၊ သိုရလှောင်ရ၊ သူ့နေရာနှင့်သူ နေရာချရ။ ပြီးတော့ တစ်အိမ်လုံးလှည်းကျင်းဖုန်ခါ။ ကလေးကတစ်ဖက် အလုပ်ကတစ်ဖက်။ ကျွန်မမှာ ကိုယ်ခွဲ လည်း မရှိ။ အ၀တ်ခြင်းထဲမှာ အ၀တ်တွေ ပြည့်နေပြီဆိုရင်တော့ စိတ်ဓာတ်များပင် ကျချင်ချင်။ ကျလို့ ကလည်း မဖြစ်ပါ။ ကျွန်မ မလျှော်လျှင် ဘယ်သူလျှော်မှာလဲ။ သိပ်များလွန်းလျှင် လူငှားလျှော်ရတာ မျိုး ရှိသော်လည်း တော်ရုံတန်ရုံနဲ့တော့ ငှားမနေချင်။ အ၀တ်လျှော်သည့် မိန်းမကိုရှာရတာ မခက်သော်လည်း ပိုက်ဆံ များများ ပေးပါမှ အဆင်ပြေသည်။ နေ့ခင်းဘက် လျှပ်စစ်မီးလာလျှင်တော့ မီးပူခါးချိအောင် တိုက် ဦးရော့။
"လူငှားရှာမှပေါ့ ဆရာမရဲ့၊ အကုန်သိမ်းကျုံးလုပ်နေလို့ ဘယ်ဖြစ်ပါ့မလဲ။ ဆရာမစာတွေလည်း မတွေ့ ရတာ ကြာပြီ၊ စာရေးပါဦး"
မိတ်ဆွေတွေက အကြံဥာဏ်ပေးကြပါသည်။ စာရေး၊ စာဖတ် မလုပ်ရခြင်းအတွက်တော့ ကျွန်မ ၀မ်းအနည်း ရဆုံး ဖြစ်သည်။ လူငှားဆိုတာ အိမ်ဖော်ကို ဆိုလိုခြင်းဖြစ်သည်။ လူငှားဆိုတာ အိမ်ဖော်ကို ဆိုလိုခြင်း ဖြစ်သည်။ ကျွန်မတို့မှာ အိမ်ဖော်ထားနိုင်လောက်အောင် ပြည့်စုံသူတွေ မဟုတ်တာက တစ်ကြောင်း၊ အနည်းဆုံး တော့ ကိုယ်ပါမှ အဆင်ပြေတာက တစ်ကြောင်းဆိုတော့ အိမ်ဖော်လည်းကိုယ်၊ အိမ်ရှင်လည်း ကိုယ် သဘောထားရတော့သည်။
မြန်မာမိန်းမသား အိမ်ထောင်ရှင် တစ်ယောက်အတွက် ကျွန်လုပ်ရသည့် အလုပ်တွေက အထူးထူး ဆန်းဆန်း တော့ မဟုတ်ပါ။ မြန်မာအိမ်ရှင်မတိုင်း လုပ်နေကျ သမရိုးကျအလုပ်တွေသာ ဖြစ်သည်။ အမေကြီး တို့ခေတ်ကလည်း လုပ်ခဲ့သည်။ အမေတို့လည်း မီးဖိုချောင်က ထွက်ရသည်မရှိ၊ ရေဆိပ်ကတက်ရသည်မရှိ။ သည်ကြား ထဲ ကလေးတစ်အုပ်တစ်မကြီးကို ပြုစုစောင့်ရှောက်ခဲ့ကြသည်။ ၀မ်းစာရှာခဲ့ကြရသည်။ အနည်းဆုံး အိမ်ရှေ့မှာ လာရပ်သော ဆွမ်းခံကိုယ်တော်လောက်ကို ဆွမ်းတစ်စလောင်းတော့ လောင်းလှူနိုင်ခဲ့ကြသည်။
တစ်ရက် ကျွန်မ လုပ်လက်စ အလုပ်ကလေးတွေကို ခဏ ချထားခဲ့ပြီး ၀ါသနာပါရာ သစ်ပင်ပန်းပင် ကလေး တွေ စိုက်ပျိုးနေခိုက် ဦးပဉ္စင်းနှစ်ပါး အိမ်ရှေ့မှာ ရပ်တော်မူကြတာ သတိထားမိပါသည်။ အလှူခံကြတာ များလား။ ကျွန်မတတ်နိုင်သလောက် ၀တ္တုငွေကလေး လှူဒါန်းဖို့ လက်ဆေးလိုက်သည်။
"ဒကာမကြီး ဦးဇင်းတို့ သည်ရပ်ကို ဆွမ်းခံဖို့ အိမ်စဉ်ဝကမှာပဲ ဒကာမကြီးတို့အိမ်က ဆွမ်းဖိတ်ရင် ဆွမ်းခံအိမ် အဖြစ် ကြွပါမယ်"
ဦးပဉ္ဇင်း နှစ်ပါးက ဆွမ်းစဉ်ရပ်ရန် ထိုင်ကိုယ်တော်အဖြစ် ဆွမ်းခံခြင်း အကျင့်မြတ်ကို ကျင့်တော် မူမည့်အကြောင်း မိန့်ကြခြင်းဖြစ်ပါသည်။ ယခင်က ကျွန်မတို့ ရပ်ကွက်အတွင်းထဲအထိ ဆွမ်းခံကြွတော် မူကြသော ရဟန်းမရှိပါ။ လမ်းမတန်းတွေမှာတော့ ဆွမ်းခံသံဃာများကို တွေ့ရမိပါသည်။ ကျွန်မ ဘယ်လို လျှောက်ရမှန်း မသိအောင် တွေဝေသွားမိပါသည်။ ဆွမ်း၊ ဆွမ်းဟင်းကိုလည်း မနက်တိုင်း ၀တ်မပျက် လောင်းလှူ ချင် သည့် ဆွမ်းကုသိုလ်ယူချင်သည်။ အိမ်မှာနေရင်း ဆွမ်းလောင်းရင်း ကုသိုလ်ရသည်။ ဒါနကို ကျွန်မ အလွန်ပြုချင်ပါသည်။
ကျွန်မတို့မိဘများက အိမ်မှာထိုင်ကိုယ်တော်၊ ရပ်ကိုယ်တော် ဆယ်ပါး, ဆယ့်ငါးပါး တာဝန်ယူကာ တစ်သက်လုံး ဆွမ်းဒါနပြုခဲ့ကြသူများဖြစ်သည်။ အိပ်ရာက မနက်စောစောထ၊ ထမင်းတစ်အိုး ဒီးတိုက် တည်ကာ ဦးပေါင်း ကို ဆွမ်းတော်တင်သည် ဆွမ်းအတွက် သန့်သန့်ခူးကာ ဆွမ်းဇလုံကို အိမ်ရှေ့က စားပွဲ ပေါ်မှာ တင်ထားတတ်သည်။ ရသေ့ကျောင်းတန်းလျားရှည်မှာ တစ်ဖက်တစ်ထည်ခင်းကာ ဆွမ်းခံ ကိုယ်တော်များ အတွက် နေရာထိုင်ခင်း ထားတတ်သည်။ အိမ်ရှေ့မှာ ဆွမ်းခံကိုယ်တော် ရပ်တော်မူလျှင် ကျွန်မ တို့ မောင်နှမတွေကလည်း ကြုံသူကကြုံသလို လောင်းလှူကြသည်။ တစ်ခါတစ်လေ မောင်နှမ တွေကြားမှာ သူလောင်းငါလောင်း ဆွမ်းလောင်း တွက်ကပ်ကြလျှင် အဖေက ဆူတတ်ပါသည်။
"ဆွမ်းခံတယ်ဆိုတာ ဘုရားရှင် အဆူဆူကျင့်ဆောက်မြဲ ကျင့်ဝတ်ကို အလေးအမြတ်ပြုပြီး သံဃာတော်များက ၀ိနည်း တစ်ရပ်အနေနဲ့ ကျင့်ဆောင်ကြတာကွယ့်။ အိမ်စဉ်ရပ်ပြီး ဆွမ်းခံကြတယ်ဆိုတာ လှူကြတန်းကြတဲ့ ဆွမ်းအလှူရှင်တွေရဲ့ ကုသိုလ်အကျိုးကို ဆောင်တဲ့သဘောပဲ။ ဆွမ်းခံခြင်း ဆွမ်းလောင်းလှူခြင်းဟာ ဆွမ်းဒကာ, ဒကာမကို ၀မ်းမြောက်အောင် သဒ္ဓါကြည်ညိုဖြစ်အောင် ကုသိုလ်ဖြစ်အောင် ပြုမြဲဝတ်ကို ပြုကြတယ် လို့ အောင်းမေ့ရတယ်။ မင်းတို့က မအေချက်ပြီးသားဆွမ်းကို လောင်းရတာတောင် တွက်ကပ် နေကြတာ အဖေဖြင့် ကြားရမြင်ရတာတောင် စိတ်မချမ်းသာဘူး။
အဖေက ကျွန်မတို့ကို ဖြစ်ရလေခြင်းဆိုသည့် ကြေကွဲမှုဖြင့် ပြောနေသလို ခံစားရသည်။ သည့်နောက်တော့ ကျွန်မတို့ ဆွမ်းလောင်း မပျင်းကြတော့ပါ။ ဆွမ်းလောင်းခြင်းကို သပ္ပူရိသဒါနခေါ်ကြောင်းနောင်မှာ အဖေက ကျွန်မတို့ကို ရှင်းပြပါသည်။ သပ္ပူရိသ ဒါနငါးပါးဖြစ်သည့် ကံ ကံ၏အကျိုးကို ယုံကြည်၍ ပေးလှူရခြင်း၊ ရိုသေစွာ ကပ်လှူရခြင်း၊ အချိန်ကာအားလျော်စွာ ကပ်လှူရခြင်း၊ ငြိကပ်တွယ်တာမှုကင်းစွာ ကင်းလှူရခြင်း၊ မိမိရော သူတစ်ပါးပါ မထိခိုက်အောင် ကပ်လှူရခြင်းတို့ကိုလည်း တစ်ခုချင်း ရှင်းပြသည်။ အမေကတော့ အဖေ့ လို တရားတော်နှင့်ယှဉ်ကာ မပြောတတ်ရှာပါ။ ခံစားနားလည်သလိုသာ ပြောပြတတ်ပါသည်။
"အမေ့မှာ တစ်သက်လုံး အိမ်ထောင့်တာဝန်တွေနဲ့ ပြီးခဲ့ရသာ၊ သားရေးသမီးရေးတွေနဲ့ အချိန်တွေပဲ့လှပေါ့။ တခြား ကုသိုလ်ကြီး တွေ မပြုနိုင်ဦးတော့ အိမ်ဝလာရပ်သဲ့ ရဟန်းသံဃာတော့ ဆွမ်းတစ်စလောင်း တစ်ယောက်မ လှူနိုင်ရမှာပေါ့။ သိန်ဒပတ်ဆွမ်းတော့ ၀တ်မပျက်အောင်ကို အမေပြုမယ်"
အမေက သိန်ဒပတ်ဆွမ်းလို့ အသံထွက်သည်။ နောင်စာတွေ ပေတွေ ကျွန်မဖတ်သည့်အခါ ပိဏ္ဍပါတ၊ ပိဏ္ဍပါတ်ဆွမ်း ကို ဆိုလိုမှန်းသိလာရပါသည်။ ပိဋိပါတကို ဆွမ်း၊ လှူဒါန်းသော စားဖွယ်ဟု ဗုဒ္ဓသာသနာတော် ဝေါဟာရ အဘိဓာန်မှာ တွေ့ရပါသည်။
"သင့်သောအကြောင်းအားဖြင့် ပညာဖြင့် ဆင်ခြင်၍ ဆွမ်းအစရှိသော အာဟာရကို မှီဝဲသုံးဆောင်၏။ မြူးတူး ပျော်ပါးခြင်းငှာ မမှီဝဲပါ။ အရေအဆင်းလှပတင့်တယ်ခြင်းငှာ မမှီဝဲပါ၊ အသားအရေပြည့်ဖြိုးခြင်းငှာ မမှီဝဲပါ။ ဤရူပကာယ ရပ်တည်ရုံအတွက် မျှတရုံသာလျှင် ပင်ပန်းခြင်းငြိမ်းအေးရုံသာလျှင် သာသနာနှင့် ဗြဟ္မစရိယ အကျင့်မြတ်နှစ်ပါးကို ချီးမြှောက်ရုံသာလျှင် ဆွမ်းစသော အာဟာရကို မှီဝဲ၏။ ဤသို့မှီဝဲသဖြင့် အဟောင်းဖြစ်သော ဆင်းရဲဝေဒနာကိုလည်း မဖြစ်စေအံ့။ အသစ်ဖြစ်သော ဝေဒနာကိုလည်း မဖြစ်စေအံ့။ ချမ်းသာစွာ နေရခြင်းသည် ဖြစ်ပါအံ့ဟူ၍ နှလုံးပြုကာ မှီဝဲသုံးဆောင်၏"ဟု ဖတ်ရပါသည်။ ပိဏ္ဍပါတ် ဆွမ်းလောင်း သူတို့သည် နောင်ပွင့်လတ္တံ့ ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်ကြပါသည်။
မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသော ကျွန်မတို့မိသားစုသည် တတ်စွမ်းသမျှ လှူဒါန်းခြင်း၊ ပေးကမ်းခြင်း ရှိသော်လည်း ဆွမ်းခံကိုယ်တ်ေကို ၀တ်မပျက် ပိဏ္ဍပါတ်ဆွမ်းလောင်းသည့် ဒါန၀နတ်ကို ပြုနိုင်လောက်သည့် အခြေအနေ မပေးခဲ့။ သို့သော် ဘုန်းကြီးကျောင်းကို ဆွမ်းပို့သည့် အလေ့တော့ရှိပါ၏။ နှစ်စဉ် ကျွန်မတို့ မိသားစု ၏ မွေးနေ့ရက်များ၊ ကျွန်မအိမ်သား၏ မိဘနှစ်ပါး ကွယ်လွန်သည့်ရက်များနှင့် ကျွန်မအဖေ ကွယ်လွန်သည့်ရက်တွေမှာတော့ ၀တ်မပျက် ဆွမ်းတစ်ချိုင့်ပို့လှူမြဲ ဖြစ်သည်။
အခုတော့ အိမ်ဝမှာ ဦးပဉ္စင်းနှစ်ပါးက ဆွမ်းခံအိမ်ဖိတ်ကာ ကုသိုလ်ယူဖို့ မိန့်နေကြပြီ။း ကျွန်မမှာ ငြင်းဖို့ရာ လည်းခက်၊ နေ့စဉ် ၀တ်မပျက် လောင်းလှူနိုင်ဖို့အခြေအနေကလည်း မရှိဆိုတော့ မယုတ်မလွန် လျှောက် ရတော့သည်။
"တပည့်တော်တို့အိမ်က ၀တ်မပျက် လောင်းလှူဖို့တော့ ခက်ပါတယ်ဘုရား။ ဦးဇင်း တို့ ဆွမ်းစဉ်ရပ်ရင်း ကြွတဲ့ အခါ ဆွမ်းဝတ်မကျေမှာ စိုးလို့ပါဘုရား"
ဦးပဉ္စင်းနှစ်ပါး ပြန်ကြွသွားတော့ ကျွန်မမှာ စိတ်မကောင်းဖြစ်ရသည်။ ဗုဒ္ဓဘာသာ မိသားစုတစ်စုက ဖြေရမည့် အဖြေမှ ဟုတ်ရဲ့လားလို့ ကျွန်မကိုယ်ကျွန်မ မေးရပါသည်။ ကျွန်မတို့ ငယ်ရွယ်စဉ်ကတည်းက အသက် ခုနှစ်ဆယ် ကျော် ရှစ်ဆယ်နား သီသီဝေ့နေပြီဖြစ်သည့် ကနေ့အထိ ဆွမ်းလောင်းနေဆဲအမေ့ကို ဖျတ်ခနဲ သတိရမိ၏။ ကျွန်မတို့လမ်းထဲမှာ ဆွမ်းခံပင့်နေသည့် အိမ်တွေရှိတော့ မနက်တိုင်း ဦးပဉ္စင်းနှစ်ပါး ကြွတော်မူကြသည်။
ကျွန်မတို့ လောင်းလှူနိုင်သည့် နေ့တွေမှာတော့ လောင်းလှူဖြစ်သည်။ အဝေးဖိတ်၊ အဖိတ်နေ့နှင့် ဥပုသ်နေ့ မှာမှ ဆွမ်းဆန်ခံကြသည့် သီလရှင်များကိုလည်း ဆွမ်းဆန်တော်ဝတ်မပျက် လောင်းလှူကြပါသည်။ ဆွမ်းဆန်ခွက် မှာ ဇွန်းတပ်ကာ လောင်းရတာဆိုတော့ အပတ်စဉ် အမြဲလောင်းဖြစ်ပါ၏ ကျွန်မ မအားလပ်သည့် အခါ ကျွန်မအိမ်သားက ဆွမ်း၊ ဆွမ်းဆန်တော်တို့ကို ထွက်လောင်းတတ်ပါသည်။
"မနက်က ဦးဇင်းတွေ ဆွမ်းလောင်းတော့ သပိတ်ပေါ်မှာ ကျွတ်ကျွတ်အိတ်ကလေးတွေနဲ့ ဆွမ်းဟင်း ထည့်လောင်းကြတာ တွေ့တယ် ၀တ်ခွက်ဆွမ်းဟင်းခွက် ယဉ်ကျေးမှုကလေး ပျောက်မှာ စိုးရတယ်"
ကျွန်မ အိမ်သားက တစ်ရက်မှာ ဆွမ်းထွက်လောင်းရင်း မြင်လာတာကို ပြောခြင်း ဖြစ် သည်။ ဆွမ်းကို သပိတ် လက်ရောက် လောင်းလှူကြသော်လည်း ဆွမ်းဟင်းကိုတော့ ကျွတ်ကျွတ် အိမ်ကလေးတွေထဲ ချထည့်ကာ တစ်ပါးတစ်ထုပ် လောင်းနေကြတာ ကျွန်မလည်း တွေ့ပါသည်။ ကျွန်မ စိတ်ထဲမှာ ဆွမ်းဟင်းလောင်း လှူကြတာကိုပဲ ကြည်ညိုရသဖြင့် ထူးထူးဆန်းဆန်း သဘော မထားမိခဲ့။ အခု ကျွန်မ အိမ်သားပြော မှ ၀တ်ခွက် ယဉ်ကျေးမှု ပျောက်မှာ စိုးတယ်ဆိုသည့် စကား ကို ကျွန်မ စူးကနဲ ခံစား လိုက်ရပါသည်။ ဟုတ်ပေသားပဲ။ ကျွန်မတို့ ရွာမှာနေစဉ်က သစ်ရွက်များ ဖြင့် ၀က်ခွက်ချိုးခဲ့ရတာကို ဖျပ်ခနဲ သတိရလိုက်မိ၏။
နေ့စဉ် ဆွမ်းလောင်းရာမှာတော့ သပိတ်ထဲကို ဆွမ်းလောင်း သပိတ်ပေါ်တင်ထားသည့် ၀တ်ခွက် အလွတ် ကိုယူကာ ဆွမ်းဟင်းခပ်ထည့် လောင်းလှူကြတာမျိုး။ ဦးဇင်းနောက်က ဆွမ်းဗျပ် နှစ်ချပ်ကို ဆိုင်းထမ်းလာသည့် မောင်ကျောင်းသားဆီက ၀တ်ခွက်ကိုယူကာ လောင်းလှူတာမျိုး ဖြစ်သည်။ ၀တ်ခွက်ကလေးတွေက ဒန်ဝတ်ခွက်၊ နောက်တော့ ပလတ်စတစ်ခေတ်၊ စတီးခေတ် တွေ ရောက်လာတော့ ပလတ်စတစ် ၀တ်ခွက်၊ စတီးဝတ်ခွက်ကလေးတွေ တွင်ကျယ်လာသည်။ ရွာပွဲ၊ ဘုရားပွဲ၊ ကျောင်းပွဲတွေမှာ ဆွမ်းကြီးလောင်း ကြရာမှာတော့ သံဃာတော်အပါးနှစ်ရာ၊ သုံးရာ ရှိတတ်တာမို့ ၀တ်ခွက်စုံစေ့အောင် ရှာဖို့ ခက်သည်။ သည်တော့ ငှက်ပျောရွက်၊ သရက်ရွက်၊ ပိန္နဲ ရွက်ကလေးတွေကို ခူးကာ ရေစင်စင်ဆေး၊ အ၀တ် သန့်သန့်ဖြင့် ပြောင်နေအောင် သုတ်ပြီး ဖက်ရွက် ၀တ်ခွက် ချိုးကြရသည်။
မနက်ဖြန် ဆွမ်းကြီးလောင်းရက်ဆိုလျှင် သည်ကနေ့လိုနေ့ မနက်ကတည်းက ငှက်ပျော ခုတ်သူကခုတ်၊ သရက်ရွက်၊ ပိန္နဲရွက်ခူးသူက ခူးကြပြီ။ ကျွန်မတို့ကလေးများက ၀တ်ခွက်လုပ်သည့် နေရာမှာတော့ ပါဝင်ခွင့် ရသည်။ သစ်ရွက်တွေ ကောက်ပြီး တောင်းကြီးတွေထဲထည့်ကာ မြစ်ဆိပ် ဆင်းပြီး ရေစင်အောင် ဆေးရသည်။ ဖုန်တွေ၊ ပိုးမျှင်တွေ စင်အောင် တစ်ရွက်ချင်း ပွတ်တိုက် ဆေးကြသည်။ ညနေ အမေကြီးတို့ ၀တ်ခွက်ထိုးသည့် ဘေးမှာ ငုတ်တုတ်ထိုင်ရင်း ကျွန်မတို့က အ၀တ်သန့်သန့်ဖြင့် သစ်ရွက်တွေကို ပြောင်လက်နေအောင် တိုက်ပေးရတာကို မှတ်မိနေပါသည်။ ငှက်ပျော်ဖတ်ရွက်ကို ၀တ်ခွက်ချိုးရတာ မခက်သော်လည်း သစ်ရွက် ကလေး တွေကျတော့ တစ်ရွက်ချင်းစီထပ်ကာ တည်းစပ်ဖြင့် ထိုးကာ သီရသည်။ တစ်ရွက်အပေါ် တစ်ရွက်နဘေ ထပ်ကာထပ်ကာ သီထားသော သစ်ရွက်တွဲကြီးကိုမှ သစ်ရွက်ဖျားကလေးတွေချင်း ပြန်စုကာ တည်းစပ်ဖြင့် တည်းလိုက်တော့ လေးထောင့်ကျကျ ကြာခွက်သဏ္ဍန် ၀တ်ခွက်ကလေးတွေ ဖြစ် လာရသည်။ တည်းစပ် ဆိုသည်မှာ သွားကြားထိုးတံလောက် ၀ါးစကလေးများကို ပြောခြင်း ဖြစ်ပါ၏။
"၀တ်ခွက်ထိုးသာများတော့ ညည်းတို့ကြီးတော် မလှစိန်တို့အဖြစ်ပေါ့တော်၊ ခွက်ကလေးတွေက လှည်လည်း လှသေး၊ သပ်ရပ်လိုက်တာကလည်း ဆီတောင်လုံသာတော်။ ဟိုတုံးကတော့ ရွာမှာ ဖောဖောသီသီ ရှိတဲ့ အရွက် နဲ့ လုပ်ကြရသာကိုးအေ့"
အမေက ရွာအကြောင်း ရပ်အကြောင်း စကားရောက်လျှင် ဖက်ရွက် ၀တ်ခွက်ထိုးသည့် ဓလေ့ ကလေးကို တအောင့် မေ့မေ့ ဆိုတတ်သည်။ မန်က အရုဏ်ဦးမှာ ဆွမ်းကြီးလောင်းနိုင်ဖို့ မိုးမသောက်ခင်ကတည်းက ၀တ်ခွက် တွေထဲ ဆွမ်းဟင်း ခပ်ထည့်ကြရပြီ။ ၀တ်ခွက်စိမ်းစိမ်းကလေး တွေထဲ ဟင်းကလေးတွေ ထည့်လိုက်တာ တစ်မျိုးပင် ကြည့်လို့ လှနေတတ်ပါ၏။ ဆွမ်းဟင်းက တစ်အိမ်လျှင် လေးငါးမျိုး လောင်းလှူတတ်ကြသည်။ ၀က်သားဟင်း၊ ပဲနှပ်၊ ငရုတ်သီးကြော်၊ ပဲတီချဉ်သုပ် စသဖြင့် တစ်ကျောင်းလေ၊ ငါးခွက်ဆိုတော့ လောင်းလှူရမည့် ကျောင်းအရေအတွက် နှင့် ကိုက်ညီအောင် ၀တ်ခွက်ထိုးကြရသည်။ ဘုရားပွဲဖြစ်သည့် နှစ်တွေမှာ နရန်းဂေါစရဂါမ်ရွာတွေ က ကျောင်းတွေရော၊ ရွာကျောင်းကချည်းလေ ကျောင်းပါ ပေါင်းလျှင် ကျောင်းပေါင်း နှစ်ဆယ် သုံးဆယ်။ ၀တ်ခွက်ကလည်း ထိုးပေတော့ တစ်ရာ ကျော် နှစ်ရာ။
"ကိုင်းဟေ့ ၀တ်ခွက်တွေထဲ ဆွမ်းဟင်းထည့်ကြစို့၊ ကြက်ဦးတောင် တွန်သွားပြီ၊ ၀တ်ခွက် တွေထဲ ပိုးပုရွက် ပါဦးမယ် သေချာကြည့်ဟဲ့။ မြတင် က ပဲနှပ်ထည့် ငွေကြည် နဲ့ မိထိုက်က ငရုတ်သီး ကြော်နဲ့ ပဲတီချဉ်ထည့်၊ ၀က်သား ကို လက်ဆကောင်းသူထည့်ခိုင်း၊ ဆီပျားအနှစ်နဲ့ မျှပစီ ပြည့်ပြည့် ဖြိုးဖြိုးထည့် သဟာလေး ကုသိုလ် ယူကြရသာ ၀မ်းသာကြဟဲ့၊ သာသနာတော်ကြီးနဲ့လည်း ကြုံလို့ လှူလည်း လှူနိုင်လို့ အလှူခံပုဂ္ဂိုလ်များလည်း ရှိလို့ လှူရသာ၊ အကြောင်းဆိုက်ဖို့လွယ်သာ မှုတ်ဘူး၊ လက်သန့်ပစေ စိတ်သန့်ပစေ လက်မတွန့်နဲ့ စိတ်မတွန့် နဲ့"
အမေကြီးက ပါးစပ်က ပြောသလို လက်ကလည်း ပါသူ ဖြစ်ပါသည်။ ဆွမ်းကို ယောက်ျားသန်သန် ကြီးတွေက အိုးကြီး များဖြင့် ချက်ကြရသည်။ ဆွမ်းလောင်းတောင်းကြီးတွေထဲ လှယ်ထည့်လိုက် တော့ အငွေ့တွေ တထောင်းထောင်း။ ဘေးမှာ မုန့်ဆီကြော်တွေကို အယှက်လိုက်ရစ်ခွေ ထည့်ထားသော တောင်းကြီးလည်း ရှိပြီ။ ၀တ်ခွက်တွေထဲ ဆွမ်းဟင်းထည့်ပြီးပြီဆိုတာနှင့် ဆွမ်းလောင်းဇရပ်ကို သွားဖို့ ပြင်ကြပြီ။ ဆွမ်းဝတ်ခွက် တွေ စီထည့်ထားသည့် ၀တ်ခွက်လင်ပန်းကို မိန်းမသားတွေက ရွက်ကြပြီး ယောက်ျားသားတွေက ဆွမ်းတောင်း၊ မုန့်ဆီကြောင်တောင်းကြီးတွေ ထမ်းကြရသည်။ ဆွမ်းလောင်းဇရပ်ကို သူသွားပြီ ငါသွားပြီ ဟစ်ကြ အော်ကြရင်း နောက်ကျသူတွေ မှာ ကပျာကသီ ရှိကြရသည်။
"ရှင်ထွေးတင်တို့ ရှင်ဘုတ်မတို့ သွားကြစို့အေး"
မနေ့ညနေကတ်ညးက နေရာသွားခင်းထားသည့် စားပွဲခုံရှည်ကြီးပေါ်မှာ ဆွမ်းလောင်းဖို့ သယ်ယူ လာသမျှ နေရာချ ကြသည်။ အရွာရွာက သံဃာတော်တွေ ရောက်လာကြပြီ။ သင်္ကန်းပြင်ရုံကြပြီ။ သပိတ်ပိုက်ကြပြီ။ ကိုရင် တွေ၊ မောင်ကျောင်းသားတွေက ဆွမ်းခံတောင်းကြီးတွေ ထမ်းပိုးဖြင့် လျှိုသူကလျှို၊ ဗျပ်ဆိုင်းဖြင့် ထမ်းသူက ထမ်းကြရင်း ကိုယ့်ဆရာတော်နောက်က နေရာယူကြသည်။ ဆွမ်းတောင်းဆွမ်းဗျပ်တွေထဲမှာ ၀တ်ခွက်တွေများပြီဆိုတော့ ဆွမ်းဟင်းတူရာတူရာ ၀တ်ခွက်တွေ ကို ဇလုံကြီး ဇလုံငယ်တွေထဲ ပေါင်းကြ ရသည်။ သံဃာတန်းကြီးကုန်အောင် လောင်းပြီးကြပြီဆို လျှင်တော့ ဆွမ်းတောင်းထမ်းသူတို့ ဂုတ်ကျိုးမတတ် ထမ်းကြပေတော့။ အညာကျေးလက်တောသူ တောင်သားများ၏ ဆွမ်းကြီးလောင်းလှူပွဲကား ၀က်ဝက်ကြီး ကွဲလေသည်။
ဘုရားပွဲ ကျောင်းပွဲမဟုတ်သည့်တိုင် နေ့စဉ် လောင်းလှူရသော ပိဏ္ဍပါတ်ဆွမ်းကို ၀တ်မပျက် လောင်းလှူ တတ်ကြသော တောသူတောင်သားဆွေဆွေမျိုးမျိုးများကြားမှာ ကျွန်မ ကြီးပြင်းခဲ့သည်။ သည်ဓလေ့ကို မြို့ရောက် နေသူ ကျွန်မ မိဘနှစ်ပါးကလည်း ဆက်ခံခဲ့သည်။
"ဆန်ကို ပြောင်အောင်စင်အောင်ရွေး၊ စပါးလုံးအဖြုံးအမှော် ကျောက်ခဲသလဲ သေချာကြည့်ဟဲ၊ အိမ်စားဖို့ဆိုတာထက် မနက်မနက် ဆွမ်းချက်လောင်းရမယ့် ဆွမ်းဆန်လို့ သဘောထား၊ ထမင်း ချက်လည်း သံဃာတော်များ ဆွမ်းလောင်းဖို့ ရည်မှတ်ပြီး စင်ကြယ်အောင် ဆေးပြီး မှချက်၊ ဦးပေါင်းကို သန့်သန့်ခူး၊ သံဃာဂုဏ်တော်ကို ရည်မှတ်ပြီး ဆွမ်းခူးရတယ် ကြားလား သမီး"
ကျွန်မ ထမင်းချက်ဝင်သည့်အခါတိုင်း အမေဆုံးမတတ်သော စကား ဖြစ်ပါသည်။ အိမ်မှာ ဆွမ်းခံ လာကြသော ထိုင်ကိုယ်တော် များ အပါးစေ့လောင်းလှူနိုင်ရန် ဆွမ်းဟင်းတစ်ခွက်တော့ အမေက ဦးအောင် ချက်သည်။ သပိတ် ကိုဖွင့် ဆွမ်းလောင်း၊ ၀တ်ခွက်ကလေးကို ယူလာကာ ဆွမ်းဟင်း ထည့်။ ဟင်းကြီးဟင်းကောင်း လောင်း လှူနိုင်သည့်နေ့လောင်း ဟင်းကြီးဟင်းကောင်း မဟုတ်သည့် တိုင် ပဲပြုတ်ဆီဆမ်းကလေးဖြင့် တစ်ခွက်စီ၊ အကြော်ကလေးဖြင့် တစ်ကွင်းစီဆိုသလို အမေ လောင်းနေကျ ဖြစ်သည်။
ကျွန်မတို့ ငယ်ငယ်က ရွာတွေ တွင်ကျယ်ခဲ့သော ဖက်ရွက်သစ်ရွက် ၀တ်ခွက်ကလေးတွေ အကြောင်း စဉ်းစားရင်း ရှေးက ဘိုးဘွားမိဘများ ဆွမ်းလောင်းလှူခဲ့ကြတာကို ကျွန်မ သတိရမိခြင်း ဖြစ်ပါ၏။ ရှေးရှေးက မြန်မာ တွေကတော့ သည်ဓလေ့ကိုပဲ ယဉ်ကျေးမှုအမွေလို ထိန်းသိမ်းရင်း လက်ဆင့်ကမ်းခဲ့ကြသည်။ ဆွမ်းမှ မလောင်းလိုက်ရသည့် နေ့တွေမှာ စိတ်မချမ်းမသာ ဖြစ်တတ်ကြ သည်။ "ကနေ့များ ကသီချက်တော့ အေ ဆွမ်းမမီ လိုက်ဘူး။ ဖြစ်မှဖြစ်ရလေအေ ငါ့နှယ်" လို့ ညည်းတွားတတ်ကြတာကိုလည်း သတိရသည်။ သည်အမွေကောင်းကို ဆက်ဆံနိုင်ဖို့ ကျွန်မတို့ အချိန်ဇယားတွေ ပြင်ရတော့မည်။ ဘိုးဘွားမိဘများတုံးကလို စိတ်သွားတိုင်း ကိုယ်မပါနိုင်ကြသည့် တိုင် ကျွန်မတို့ စဉ်းစားရတော့မည်။ ကျွန်မတို့ ဇနီးမောင်နှံ တိုင်ပင် ကြရပြီ။
"မြတ်စွာဘုရားရှင်ဟာ ကိုယ်တော်တိုင် ဆွမ်းခံတော်မူတယ်။ တခြားမကြည့်နဲ့ ဘုရားရှင် လက်ထက်တော် ကလည်းကဆိုတော့ တွက်ကြည့်ရင်း ဆွမ်းခံခြင်း၊ ဆွမ်းလောင်းခြင်း ယဉ်ကျေးမှု ကပဲ နှစ်ပေါင်း နှစ်ထောင့်ငါးရာ ကျော်ပြီ၊ တို့မိဘများအထိ ဆွမ်းဝတ်ကို တစ်သက်ပတ်လုံး ကျေခဲ့ ကြပြီဆိုတော့ တို့ခေတ် မှာမှ နင်းကျိုးနင်းကျွံ ဖြစ်နေရင်လည်း မဟုတ်သေးပါဘူးကွာ၊ သည်ယဉ်ကျေးမှုက သမီးကိုပါ ပေးရမယ့် အမွေပဲ"
ငှက်ကလေး တွေ စိုးစီစိုးစီဝင်းပေါက်မှာ မြည်ချိန်ဆိုလျှင် ကျွန်မ အိပ်ရာမှထကာ ဆွမ်းချက်ရမည်။ ဆွမ်းဟင်းဝတ်ခွက် တစ်ခွက်စာ နှစ်ခွက်စာလောက်တော့ ကျွန်မတို့လည်း လောင်းလှူနိုင်ရမှာပေါ့။ သည်ဝတ် ကို ပြုခြင်းသည်ပင် သာသနာတော်ကို တတ်စွမ်းသမျှ ချီးမြှောက်ရာ ရောက်သည်ဟု ကျွန်မ ခံစားမိရပြီ။ ဖက်ရွက်ဝတ်ခွက် ထိုးကာ လောင်းလှူခဲ့ကြသည့် အညာကျေးလက်ဓလေ့ ကလေးကိုလည်း ဆွမ်းလောင်း တိုင်း လွမ်းမိရပါသည်။
ဆက်ရန်
.
7 comments:
Thank you Ma Ma Shwe Zin U for sharing this and looking forward to read the part II.
ခင်ခင်ထူး တင်ပေးလို့ ကျေးဇူးပါ မမရွှေစင်.........
ညီမ။အနော်။
"မြတ်စွာဘုရားရှင်ဟာ ကိုယ်တော်တိုင် ဆွမ်းခံတော်မူတယ်။ တခြားမကြည့်နဲ့ ဘုရားရှင် လက်ထက်တော် ကလည်းကဆိုတော့ တွက်ကြည့်ရင်း ဆွမ်းခံခြင်း၊ ဆွမ်းလောင်းခြင်း ယဉ်ကျေးမှု ကပဲ နှစ်ပေါင်း နှစ်ထောင့်ငါးရာ ကျော်ပြီ၊ တို့မိဘများအထိ ဆွမ်းဝတ်ကို တစ်သက်ပတ်လုံး ကျေခဲ့ ကြပြီဆိုတော့ တို့ခေတ် မှာမှ နင်းကျိုးနင်းကျွံ ဖြစ်နေရင်လည်း မဟုတ်သေးပါဘူးကွာ၊ သည်ယဉ်ကျေးမှုက သမီးကိုပါ ပေးရမယ့် အမွေပဲ"
ဒီစကားလေးက ဆရာမခင်ခင်ထူးအမျိုးသား ဆရာနေဝင်းမြင့် ပြောတာထင်တယ်။ တန်ဖိုးရှိလိုက်တာနော်။ သမီးကိုပါ ပေးရမယ့်အမွေ တဲ့။
ဆရာမခင်ခင်ထူးရဲ့ ဆွမ်းလောင်းလှူခြင်း
အကြောင်းလေးကိုတင်ပေးတဲ့အတွက်ကျေးဇူးပါ
အမရွှေစင်ချမ်းမြေ့ပါစေ။
Thank you for the post.I miss my grannies and aunties by reading it.
Gyidaw
ဒီလို ဘုရားတရားရိုသေကိုင်းရှိုင်းတဲ့ မိသားစုက ပေါက်ဖွားလာရတာ ကံကောင်းလိုက်တာဗျာ။
ကျွန်တော့်မိဘတွေ ငယ်ငယ်ရွယ်ရွယ်မှာ လူပေါင်းမှား စာဖတ်မှားမိတော့ ကွန်မြူနစ်စာအုပ်ကြီးတွေဖတ်၊ ကွန်မြူနစ်တွေနဲ့ပေါင်း၊ တိုးတက်တဲ့ ဇနီးမောင်နှံဆိုပြီး အိမ်မှာ ဘုရားစင်မထားဘူး..။ ဘုရားတရားစကား မပြောဘူး။ ဘုန်းကြီးဆွမ်းမလောင်းဘူး..။ အိမ်နီးနားချင်းတွေ ဘုရားတရားလုပ်ရင်လဲ ကွယ်ရာမှာ ကဲ့ရဲ့ခဲ့မိရှာတယ်..။ ကွန်မြူနစ်တွေစကားနားယောင်ပြီး ဘာသာရေးလုပ်တာကို ရှုတ်ချမှ တိုးတက်တဲ့အတွေးအခေါ်ရှိတယ် ထင်ခဲ့မိကြတာကိုး..။ ကြီးလာလို့ အိုဘေးသေဘေးကြောက်ပြီး ဘာသာတရား ပြန်ကိုးကွယ်လာတော့ ငယ်ငယ်က စော်ကားမော်ကား ပြောခဲ့မိတဲ့ အပြစ်တွေ ခံနေကြလို့လား မသိဘူး... တ၇ားထိုင်လို့တောင် မရဘူး..ကျူးလွန်ပြစ်မှားခဲ့မိသမျှ ဝစီကံအပြစ်ကို ဝန်ချတောင်းပန်ပါ၏လို့ ဘုရားရှေ့မှာ ကန်တော့လိုက်ရင် ကောင်းမယ်လို့ ကျွန်တော် တွေးမိသား...။ လူကြီးတွေက မာနက ခံနေတော့ ပြောလဲလက်ခံမှာမဟုတ်ဘူး..
Thanks for your post. I am really miss my Grandmother, my parents and my country too.
Post a Comment