အခန်း(၆၁)
ဂျိန်း
ဂျိန်း
ဂျိန်း ထပ်ကြိုးစားသည်။ စတုတ္ထ၀တ္ထု ပထမနှင့် ဒုတိယကမ္ဘာစစ်အတွင်းကာလကို နောက်ခံထား သည့် ရာဇ၀င် ၀တ္ထု၊ ရည်ညွှန်းမှီငြမ်းစရာ စာအုပ်တွေ တပွေ့ကြီး ၀ယ်လာပြီး ဖတ်သည်။ စစ်ပွဲတွေ၊ နေ့ရက်တွေကို သုတေသန လုပ်ပြီးသား အချက်အလက်တွေကို ဇာတ်ကွက်ချသည်။
သို့သော် စကားပြောခန်း မပါဘဲ အဖြစ်သနစ်နှင့် မြင်ကွင်းတွေချည်း ရေးနေရသဖြင့် ကြာတော့ စိတ်ကုန် လာသည်။
"ဂလင်က စာရေးချိန်ကို နံနက် ၉နာရီကနေ ညနေ ၅နာရီခွဲထိ သတ်မှတ်ပြီး နေ့တိုင်း ထိုင်တယ်၊ ဂျိန်းကတော့ ဆယ့်ငါးမိနစ် လောက် ထိုင်နိုင်ရင် ကံကောင်း" ဟု အဲလျော့ကို ပြောပြသည်။
အိမ်ထောင်သက် သုံးနှစ်မြောက်လို့ ဂျိန်းတစ်ပုဒ်မှ မပြီးဘဲ စိတ်ဓာတ်ကျစပြုလာသည့်အခါ အဲလျော့ စိုးရိမ် လာသည်။ ဇနီးသည်ကို ပို၍ ဂရုစိုက်ပြသည်။ အားပေးသည်။ သို့သော် ဂျိန်းက သူ့ ဦးနှောက်ထဲတွင် ဘာမှ မရှိ သလို ဖြစ်နေပြီဟု ခေါင်းမာမာ ပြောနေ၏။
အဲလျော့သည် အင်နာနှင့် ကွာပြီး နောက်အိမ်ထောင်ပြုခဲ့ခြင်းမှာ သည်လိုနှင့် ဇာတ်သိမ်းသွားဖို့ မဟုတ်ပေ။ မိန်းမ ကို အောင်မြင်အောင် တွန်းပို့ချင်သေးသည်။ ပြီးတော့ မိန်းမ အောင်မြင်မှုအတွက် ဂုဏ်ယူချင် သေးသည်။
"မင်း စိတ်ဓာတ်ကျတော့၊ ကိုယ်ပါ ရောကျချင်နေပြီ ဂျိန်း၊ ကိုယ် မင်းကို လက်ထပ်တုန်းက မင်းဟာ လျှပ်စစ် စီးနေတဲ့ ဓာတ်ကြိုးတစ်ချောင်းပါ၊ အဲဒီ မိန်းကလေး ဘယ်ရောက်သွားပြီလဲ" ဟု အဲလျော့ က ဆွပေးသည်။
သို့သော် ဂျိန်းက "ခေါင်းထဲမှာ ဘာမှ မရှိတော့ဘူး" ဟုသာ တွင်တွင် ပြောနေ၏။
"မင်းခေါင်းထဲမှာ ဇာတ်လမ်းတွေ အများကြီးပါ"
"ကဲ ဒါဖြင့် တစ်ခုပြော"
"ဥပမာ မင်းနဲ့ အိုဝင်ကာဆယ်ရဲ့ ဇာတ်လမ်းမျိုးပေါ့"
ဝိုင်ကလေး နည်းနည်းထွေလာလျှင် ဂျိန်းက နာကျည်းခါးသီးစွာဖြင့် ဇာတ်ကြောင်း ပြန်တတ်၏။ အဖြစ်အပျက်တို့သည် မနေ့တစ်နေ့က ဖြစ်ခဲ့သလို ပြက်ပြက်ထင်ထင် ရှိနေဆဲ။ ထိုအခါ မုန်းတီး စိတ် မနာလိုဝန်တိုစိတ်တို့သည် အသစ်တစ်ဖန် နိုးထလာကြပြန်၏။
"အိုဝင်နဲ့ ဂျိန်း အကြောင်း ရေးရမယ် ဟုတ်လား"
ဂျိန်းက မျက်မှောင်ကုတ်ပြီး ပြန်မေးသည်။ သည်အကြောင်း ဟန့်နှင့် နှစ်များစွာက ဆွေးနွေးခဲ့ဖူးပြီ။ ထိုစဉ်က စာအုပ်ရေးဖို့ ခေါင်းထဲ ၀င်မလာဘဲ သူ့အကြောင်း ဆောင်းပါးတစ်ပုဒ်ရေး ဖြစ်သည်။ ဆောင်းပါးနာမည်ကို "ငတုံး" ဟု ပေးထား၏။ ရေးလိုက်၊ ဖျက်လိုက်၊ ပြန်ရေးလိုက်နှင့်။
"အဲဒီတုန်းကလည်း မပြီးပါဘူး၊ ဒါနှင့် လွှတ်ပစ်လိုက်ရော"
"အဲဒါက ဆောင်းပါး မဟုတ်လား၊ ကိုယ်က မင်းကို ၀တ္ထု ရေးဖို့ ပြောနေတာလေ၊ အဲဒီလို ထူးခြားတဲ့ လူမျိုး၊ ပြင်းထန်တဲ့လူမျိုး အတွေ့အကြုံများတဲ့ လူမျိုးကို ၀တ္ထုတွေထဲမှာ ဇာတ်လိုက် လုပ်ပြီး ရေးတာ၊ စာပေလောက ရဲ့ ထုံးစံ မဟုတ်ဘူးလား"
"အင်း စဉ်းစားသေးတာပေါ့လေ"
ဂျိန်း က စိတ်မပါ လက်မပါ ပြန်ပြောသည်။ နောက်ထပ်
"ဘာစဉ်းစားစရာ လိုသလဲ" သူ့အကြောင်း မင်း နောက်ထပ် သုတေသန လုပ်စရာ လိုသေးလို့လား"
"အင်း ဟုတ်တယ်"
နောက်တစ်နေ့ နံနက်တွင် ဂျိန်း စောစော နိုးသည်။ အဖြစ်သနစ်တွေ၊ မြင်ကွင်းတွေ၊ စကားလုံးတွေ ခေါင်းထဲတွင် ပလူပျံနေ၏။ အလုအယက် ၀င်ရောက်နေရာယူနေ၏။ ရှစ်နာရီထိုးဖို့ ဆယ့်ငါးမိနစ် အလိုတွင် အဲလျော့ ရုံးသွားသည်။ တစ်နေ့လုံး စာရေး စားပွဲမှ ဂျိန်း ထလို့ မရတော့။
အဲလျော့ ညနေ ပြန်ရောက်တော့ ဂျိန်းက ဆီးပြောသည်။
"ကြည့်စမ်း ဂျိန်း နံနက်ရှစ်နာရီခွဲကတည်းက ထိုင်ရေးတာ နေ့လယ်စာ စားချိန်မှာ ဒိန်ချဉ် တစ်ခွက်နဲ့ ကော်ဖီ တစ်ခွက် ထသောက်တာပဲ ရှိတယ်။ အချိန်တွေ ဘယ်လိုလုပ် ကုန်သွားမှန်း မသိ လိုက်ဘူး"
ညဥ့်နက်မှ အိပ်လေ့ရှိသော နံနက်စောစော ထပြီး ရေးချင်သဖြင့် စောစော အိပ်ရာဝင်သည်။ "တရားစွဲ မခံရအောင်လုပ်" ဟု ဟန့် သတိပေးသည်ကို ဂျိန်း အမှတ်ရပြီး အမည်၊ လိပ်စာ၊ နေရပ်၊ မိသားစု နောက်ခံ သမိုင်း အလုပ်အကိုင် အားလုံး ပြောင်းထားသည်။
မင်းသမီးကို ဖရန်စင်း၊ မင်းသားကို အီဗန်ရိန်လင်းဒါဟု အမည်ပေးထားသည်။ ဖရန်စင်းသည် ဂျိန်း ဖြစ်ပြီး အီဗန်က အိုဝင် ဖြစ်၏။ အချက်အချို့ကို ပြောင်းထားသော်လည်း ဇာတ်တစ်ခုလုံးက အဖြစ်မှန်တွေချည်း ဂျိန်းက စိတ်ကို လွှတ်ပေးပြီး ဖွင့်ချထားခြင်း ဖြစ်၏။ ရာဇ၀င်ကြွေး ဆပ်ရမည့် အချိန် ရောက်လာခြင်းပင်။
"ဂျိန်းက သူခိုးဖမ်းပြလိုက်တာလေ" ဟု အဲလျော့ကို ပြောပြသည်။ ဇာတ်လမ်းထဲတွင် ဖရန်စင်း၏ ကိုယ်ပိုင်အတွေးအခေါ်တွေကို အီဗန် မည်သို့ မည်ပုံ ခိုးချကြောင်းများ ဂျိန်းက ရည်ညွှန်းပြောခြင်း ဖြစ်၏။
"အီဗန်နှင့် အိုဝင်က အတွင်းအပြင်အားလုံး တစ်ပုံတည်း ဖြစ်အောင် ကိုယ်လုပ်ထားတယ်" ဟု ဟယ်လင့်ကို ပြောပြပြီး ၀ီလ်မာ့ကိုတော့
"မယုံကြည်နေ အဲဒီစာအုပ် ထွက်လာရင် အိုဝင်လို တစ်ဘို့တည်း ရှိတဲ့ကောင်မျိုးကို ဘယ်မိန်းကလေးကမှ လှည့်ကြည့်တော့မှာ မဟုတ်ဘူး၊ ပြီးတော့ ယောက်ျားအချင်းချင်းတောင် သူ့ကို မုန်းတီးလာကြလိမ့်မယ်၊ မိန်းကလေး တွေက သူ ဘယ်လောက်ပဲ ကျွမ်းကျွမ်း လည်ပင်းကို ကြိုးကွင်းစွပ် သတ်ချင်ကြလိမ့်မယ်" ဟု နိမိတ် ဖတ်ပြသည်။
တစ်နေ့တာ အလုပ်ပြီးလို့ စားပွဲမှ ထလိုက်လျှင် လူရောစိတ်ပါ အရမ်းပင်ပန်းနေကြောင်း အံ့သြစွာ တွေ့ရ သည်။
"အားအင်တွေ ဘာမှ မကျန်တော့သလိုပဲ၊ မျက်လုံးတွေလည်း ဝေနေပြီ၊ ကျောတွေလည်း အရမ်း အောင့် တာပဲ"
ဂလင့် ရှေ့တွင် ထုတ်ညည်းတော့ ဆရာဟောင်းက
"ကလပ်တစ်ခုခုကို သွား" ဟု ပြောပြီး အနှိပ်သည်ကောင်းကောင်းတစ်ယောက်၏ နာမည်ကို ပေးသည်။
အဲလျော့ အလုပ်မှ ပြန်ရောက်လာတိုင်း ဂျိန်း၏ စားပွဲမှ စာမူအထပ်ကြီးက မြင့်သည်ထက် မြင့်လာသည်ကို သတိထားမိ၏။ ယမကာကလေးတစ်ခွက် သောက်ရင်း ရေးပြီးသမျှ စာမူတွေကို အဲလျော့က တွင်တွင် ဖတ်သည်။ ပြီးတော့ ဘယ်လောက် ကောင်းကြောင်း ချီးကျူးစကားဆိုသည်။
"မနက်ဖြန် ရေးမယ့် အခန်းကို ကိုယ်ကြိုဖတ်ချင်နေပြီ" ဟုလည်း ပြောတတ်၏။ ရံဖန်ရံခါလည်း ဝေဖန် ပေးတတ်၏။
"ဂျိန်းက အိုဝင့်အပေါ် မစ္ဆရိယစိတ် များလွန်းနေတယ်၊ သူကောင်းတာ၊ တော်တာလေးတွေ ညှပ် ရေးသင့် တယ်၊ ဘာကြောင့် သူ့ကို ပထမပိုင်းမှာ ဖရန်စင်း ချစ်တယ် ဆိုတာ စာဖတ်ပရိသတ် လက်ခံအောင် ရေးရမယ်လေ"
"ဟုတ်တယ်၊ ဟုတ်တယ်၊ အဲလျော့ ပြောတာ မှန်တယ် နာမည် ရှာမရတော့ဘူး မဟုတ်လား။ ဂျိန်းကို စားသောက်ဆိုင်ကြီးတွေ ခေါ်သွားတဲ့အကြောင်းတွေ၊ လက်ဆောင်ပစ္စည်း အကောင်းစား တွေ ပေးဖူးတဲ့ အကြောင်းတွေ ထည့်ရေးရမယ်၊ အဲဒီတုန်းက သူနဲ့တွဲရတာ အပျော်ဆုံး ထင်ခဲ့တယ် လေ၊ ဒီဟာကြီးကို ပြီးစေချင် လှပါပြီ။ အရမ်း ပင်ပန်းတာပဲ"
"ဒီဟာကြီး ဟုတ်လား၊ မင်းနာမည် မပေးရသေးဘူးလား"
"ခုချိန်ထိတော့ စိတ်ကြိုက်နာမည် မတွေ့သေးဘူး"
နောက်ရက်ပေါင်းများစွာကြာမှ ဂျိန်းသည် သည်အကြောင်း ပြန်စသည်။
"ယောက်ျား ပြည့်တန်ဆာလို့ ပေးမလားလို့"
အဲလျော့က ခေါင်းခါပြီး
"ဟာ မဟုတ်တာ၊ မကောင်းပါဘူး"
ဂျိန်း က နောက်သုံးလေးမျိုး ရွတ်ပြသည်။ မကြားဝံ့ မနာသာ စကားလုံးတွေချည်း။
"အဲဒါမျိုးတွေက ၀တ္ထုနာမည်တပ်ဖို့မှ မဟုတ်ဘဲ ဂျိန်းရဲ့၊ နာမည် ရှာမရတော့ဘူး မဟုတ်လား"
ပြောနေရင်း ဂျိန်း၏ ခေါင်းထဲတွင် လျှပ်စီးတစ်ချက် ၀င်းလက်သွားသည်။ ဂျိန်း အစစ်၏ ပုံသဏ္ဍာန် ပေါ်လာ သလို ပြုံးလိုက်ပြီးမှ အဲလျော့ကို ကြည့်ကာ မေးခွန်းထုတ်သည်။
"လောင်းမလား"
အခန်း(၆၂)
လင်ကီ
လင်ကီ
ဂျိန်းက သူ့ဝတ္ထုကြီးထဲတွင် နစ်မြုပ်နေစဉ် အိုဝင်နှင့် အယ်လီတို့၏ ဘ၀သည် တစ်စတစ်စ ပြောင်းလဲနေသည်။ ဂျိန်းကိုယ်တိုင် နှင့် အဲလျော့တို့၏ ဘ၀သည်လည်း ရွေ့လျားနေသည်။ ဂျိန်း ကိုယ်တိုင်နှင့် အဲလျော့တို့၏ ဘ၀ သည်လည်း ရွှေ့လျားနေသည်သာ။ မပြောင်းမလဲသည့်အတိုင်း ရပ်နေသည်က လင်ကီနှင့် ဟန့်ဂရင်နီ ဖြစ်၏။
၁၉၆၈ ခုနှစ်တွင် ပီတာနှင့် ကွဲပြီး ၁၉၇၀ ပြည့်နှစ်တွင် အလန်ဂိုးလ်မတ်နှင့် လင်ကီ တွေ့သည်။ ရုပ်ရှင်ကုမ္ပဏီကြီးတစ်ခုမှ ဥက္ကဋ္ဌ ဖြစ်သည်။ ၃၈ နှစ်အရွယ် ရှိပြီး ၀က်ဝံကြီး တစ်ကောင်လို ကြီးမား ကြံ့ခိုင်သူ ဖြစ်၏။ အလုပ်တအားလုပ်သူမို့ သူ့တွင် မိန်းမယူချိန် မရှိ။
"စိတ်ကြိုက်လည်း မတွေ့သေးလို့ပေါ့လေ၊ မင်းကတော့ တစ်မျိုးကို" ဟု လင်ကီ့ကို စည်းရုံးသည်။
ချစ်လှပါသည်၊ ကြိုက်လှပါသည်ဟု အကြိမ်ပေါင်းများစွာ ပြောသည်။
"မင်းဟာ ကိုယ့်အတွက် အသင့်တော်ဆုံး မိန်းကလေးပါ လင်ကီ၊ တစ်သက်မှာ တစ်ခါပဲ တွေ့ရ မယ့် မိန်းကလေး မျိုးပါ"
လက်ထပ်ဖို့ စီမံချက်တွေ၊ ရှေ့ရေးတွေ အသေးစိတ် ရေးဆွဲပြသည်။
"နယူးယောက်မှာ တိုက်ခန်းတစ်ခန်း ၀ယ်မယ်၊ အယ်လ်အေမှာ အိမ်တစ်လုံး ရှာမယ်၊ ဟင့်ပ်တန်မှာ လည်း တစ်နေရာ ရှာထားမယ်၊ မင်းက ဥတ္တရကြယ် အလုပ်ဆက်လုပ်လေ၊ ကိုယ်ကတော့ ရုပ်ရှင် လုပ်ငန်း ဆက် လုပ်မယ်၊ ကလေးနှစ်ယောက်ယူမယ်၊ ဘယ်လောက် ပျော်စရာ ကောင်းလိုက်မလဲ"
အလန် သည် လက်ထပ်ဖို့ချည်း တကျည်ကျည် ပြောနေသော်လည်း လင်ကီကို တစ်ခါမှ ချစ်ရေး မဆိုသေး။
"လက်ထပ်တယ်ဆိုတာ ဘ၀မှာ အကြီးမားဆုံး ခြေလှမ်းကို လှမ်းရမှာ ဆိုတာ ကိုယ် သိပါတယ်။ လုပ်ငန်းထဲမှာ ဒေါ်လာ သန်းနှစ်ဆယ်လောက် သုံးဖို့ မျက်စိတစ်မှိတ်အတွင်းမှာ ကိုယ်ဆုံးဖြတ် နိုင်တယ်။ ငွေက ဘာအရေးကြီးလဲ၊ အဲ အိမ်ထောင်ရေးကိစ္စက တစ်မျိုး၊ ဘ၀နဲ့ချီပြီး အရေးကြီးတာ၊ တဖြည်းဖြည်း ဒီကိစ္စ ကိုယ်စဉ်းစားလို့ ရလာပါပြီ၊ စိတ်မပူနဲ့သိလား၊ အားလုံး အဆင်ပြေသွားမှာပါ"
တစ်ည။
သည်ညတော့ သူ လင့်ကီကို ချစ်ရေးဆိုတော့မည်ဟု လင်ကီ ထင်လိုက်၏။ သူ ရှမ်ပိန်သောက် သည်၊ ပြီးတော့ ဗေလီယံတစ်ပြားစားသည်။ ပြီးမှ လင်ကီ့ကို ဖြောင့်ချက်တစ်ခုပေးသည်။ ကမ္ဘာကြီး ချာချာလည်သွားသလို လင်ကီ ခံစားလိုက်ရ၏။
"မင်း ကိုယ့်သူငယ်ချင်း ဂျိမ်းစ်ကို သိတယ်နော်၊ သူနဲ့ကိုယ်နဲ့က သူငယ်ချင်းလည်း မကဘူး၊ မင်းကို ကိုယ်ချစ်ပါတယ်၊ ဒါပေမယ့် သူ့ကိုတော့ ကိုယ် မပြတ်နိုင်ဘူး" တဲ့။
လင်ကီ့ကို သဘောကျသည့် နောက်တစ်ယောက်က ကြော်ငြာလုပ်ငန်းကြီး တစ်ခုမှ အရာရှိကြီး။ သူ့နာမည်ကို အက်ဂါဘင်ဒါတန်၊ လင်ကီ့ထက် သုံးနှစ်ကြီးသည်။ လခတွေ အများကြီးရသည့် ရာထူးပိုင်ရှင်။ လင်ကီ့လိုပင် အိမ်ထောင် ကျဖူးသည်။ ကွာရှင်းပြတ်စဲထားသည်။
"ကိုယ်မိန်းမနဲ့ ကွဲတော့ သေမလောက် ခံစားရတယ်။ ကိုယ့်ကိုယ်ကိုယ် ခံနိုင်ရည် ရှိတယ်လို့ ထင်ခဲ့ တာ၊ အိမ်ထောင်ပျက်တော့မှ ကိုယ်ဘယ်လောက် ပျော့မှန်းသိတော့တယ်" ဟု အက်ဂါက ရင်ဖွင့် သည်။
လင်မယားကွဲပြီးတော့ အကြောင်းရင်းကို အက်ဂါ ပြန်လည် ဆန်းစစ်သည်။ ပြဿနာဖြစ်လို့ မိန်းမ ကို မောင်းထုတ်ခဲ့ခြင်းမှာ သူ့အမှားဟု ပြောသည်။ သည်အမှားမျိုး ဘယ်တော့မှ မကျူးလွန်တော့ပါ ဟုလည်း ဆိုသည်။ အက်ဂါသည် ဘာကိုလုပ်လုပ် သူ့စိတ်ကုဆရာဝန် မာတင်၊ ဘရဇီလမ်ပါဘဲ ဆုံးဖြတ်ချက် မကျ။
"မာတင်နဲ့ တိုင်ပင်လိုက်ပါရစေဦး" ဆိုသည့်စကားလုံးမှာ အက်ဂါ၏ လက်သုံး စကား ဖြစ်သည်။
သည်တနင်္ဂနွေ ဘာလုပ်ကြမည်လဲ၊ လင်ကီ မွေးနေ့ကို ဘယ်လို စီစဉ်မလဲ၊ ပြီးတော့ လက်ထပ်ဖို့ ကိစ္စ အားလုံး မာတင် မပါမပြီး ဖြစ်နေတော့ လင်ကီ စိတ်ကုန်လာသည်။
"ပီတာတုန်းက နောက်မိန်းမတွေ ပါလာလို့၊ အလန်ကျတော့ ယောက်ျားတစ်ယောက်ကို မခွဲနိုင်လို့၊ ဒီတစ်ယောက်ကျတော့လည်း ရင်ဖွင့်ခြေင်း ဖြစ်သည်။
လင်ကီက ကော်ရယ် ၀င်စတိန်းကို ရင်ဖွင့်နေခြင်း ဖြစ်သည်။
အက်ဂါနှင့် တစ်နှစ်လောက်တွပြီးတော့ လင်ကီရာဇသံပေးတော့သ်ည။
"လင်ကီတို့နှစ်ယောက် အရွယ်ရောက်၊ အသက်ပြည့်တဲ့လူတွေနော်၊ အားလုံးပဲ ညှိပြီးပြီ၊ ၀ါသနာ လည်း တူတယ်၊ ရည်ရွယ်ချက်ချင်းလည်း တူတယ်၊ အနာဂတ်မှာ လက်တွဲ လို့ ရမရ လင်ကီ သိချင် ပြီ"
"ကိုယ် မာတင်နဲ့ တိုင်ပင် ပါရစေဦး လင်ကီရယ်" ဟု ထုံးစံအတိုင်း တုံ့ပြန်သည်။
လင်ကီ ခေါင်းရမ်းလိုက်သည်။
"အာရုံထွေပြားတဲ့ လူမျိုးကို လင်ကီသည်းခံနိုင်ရင်၊ ပီတာ့ကို ဘယ်ကွာပစ်ပါ့မလဲ"
"သိပ်အရေးကြီးတဲ့ ကိစ္စမို့ပါကွာ၊ ပိုပြီး ရှင်းရှင်းလင်းလင်း ဖြစ်ချင်လို့ပါ"
လင်ကီ ယောက်ျားအများအပြားနှင့် တွေ့ဆုံ သိကျွမ်းခဲ့ရသည်။ အချို့ အိမ်ထောင်ပျက် ဝေဒနာ နာလန်ထခါစများ၊ အချို့က မိန်းမတွေနှင့် ကင်းကင်းနေချင် သလိုလို၊ ထွေးရှောက်တင် နေချင် သလိုလို မရေမရာ များ၊ အချို့က အတူတူနေချင်ပြီး ဘာတာဝန်မှ မယူချင်သူများ၊ အချို့က အတူတူ မနေချင်၊ ခဏတစ်ဖြုတ် ရင်ခုန်ရလျှင် တော်ပြီဆိုသည့် တဒင်္ဂ အချစ်ခံလိုသူများ။
မက်ဟင်တန် ရှိ ယောက်ျားအားလုံးသည် မိန်းမသားတို့ လက်စားချေခံထားရသူများ၊ သို့မဟုတ် မိန်းမ များကြောင့် မီးစာကုန် ဆီခန်းဖြစ်နေကြသူများနှင့် တူနေ၏။
ယောက်ျားတွေကို စိတ်ကုန်နေချိန် ၁၉၇၂ ခုနှစ်၊ ဇန်န၀ါရီလထဲတွင် ဘဏ်သူဌေး ဂျိုးရှ်ဘတ်တာ ဖီးလ်နှင့် လင်ကီ တွေ့ပြနသ်ည်။ လူက အရပ်မြင့်မြင့်၊ ဥပဓိရုပ်ကောင်းကောင်း။ ကလင့်စ် အိစ်ဝုဒ် ပုံစံမျိုး၊ ဘဏ်လုပ်ငန်း တွင် အောင်မြင်နေပြီး မိန်းကလေးယောက်ျားလေး နှစ်မျိုးစလုံးကို ချစ်တတ် သူ။
မအောင်မြင်သော ပန်းချီဆရာမဇနီးကို ကွာရှင်းဖို့ လုပ်နေကြောင်း သိရ၏။
လူချင်း ရင်းနှီးလာသည့်အခါ ဂျိုးရှ်က လူပျိုစကား ပြောသည်။
"ကိုယ်က လူပွေတစ်ယောက် မဟုတ်ဘူးနော်၊ မင်းကို လက်ထပ်မှာ ကိုယ့်ကို အလေးအနက်မထား ဘူးဆိုရင်တော့ ရှေ့မတိုးတာကောင်းမယ်" ဟူ၍လည်းကောင်း။
"ကိုယ် လူလွတ်ဖြစ်သွားတာနဲ့ မင်းကို ယူမယ်၊ မင်းလို မိန်းကလေးမျိုးကို ဘယ်မှာမှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် မင်းကို ကိုယ်ဘယ်တော့မှ အလွတ်မခံဘူးဟူ၍ လည်းကောင်း ပြောတတ် သည်။
ဥတ္တရကြယ်တွင် လင်ကီ၏ လုပ်ဆောင်ချက်များသည် တစ်မျိုးပြီးတစ်မျိုး မရိုးရအောင် အောင်မြင်မှု အဆင့်ဆင့် ရလျက် ရှိသည်။ ကတ္တူဖုံး ၀တ္ထုကြီးများ ထုတ်ဝေရေးသည် စီမံချက်အတိုင်း အောင်မြင်လျက် ရှိသည်။ ဥတ္တရကြယ်မှ ထွက်သည့်အဖုံးပျော့များကလည်း ဒဲလ်တို့ဘင်တန်တို့မှ ထုတသ်ည့ စာအုပ်တွေနှင့် အပြိုင် ဖြစ်လာနေပြီ။
"လင်ကီ ဘ၀ကိုလည်း အတည်တကျ ဖြစ်အောင် လုပ်တော့လေ၊ ဂျိုးရှ်နဲ့ ဘယ်တော့ လက်ထပ် ကြမှာလဲ"
၁၉၇၃ ခုနှစ်ဦးပိုင်းတွင် အယ်လီက လင်ကီ့ကို မေးသည်။
"သူ့ ကွာရှင်းတဲ့ကိစ္စ ပြီးရင်ပေါ့"
"သူတို့ အမှုက ကမ္ဘာပေါ်မှာ အကြာဆုံး ဖြစ်လိမ့်မယ်၊ သူ့မိန်းမက ဘယ်လောက်ပေးပေး မကျေနပ် နိုင်ဘူးတဲ့"
အယ်လီ က ဘ၀င်မကျသလို ထပ်မေးသည်။
"နေပါဦး လင်ကီ၊ သူက စောင့်နေရလောက်အောင် အလေးအနက်ထားရတဲ့ လူမျိုးလား"
သိပ် ပျော်ပျော်ရွှင်ရွှင် ရှိပုံ မရသည့် လင်ကီ့ကို ကြည့်ပြီး အယ်လီ မေးခြင်း ဖြစ်၏။
"ဘာဖြစ်လို့လဲ၊ ဂျိုးရှ်က လူတော်ပါ၊ ပီတာ့မှာ မရှိတဲ့ အရည်အချင်းတွေ သူ့မှာ အားလုံး ရှိတယ်၊ ကိုယ်တော့ သူ့ကို ယုံတယ် အယ်လီ"
ဇွန်လ အစောပိုင်းတွင် သည်တစ်ပတ် ရုံးအားရက်အတွက် အစီအစဉ်ဆွဲဖို့ ဂျိုးရှ်၏ ရုံးခန်းကို လင်ကီ တယ်လီဖုန်း ခေါ်သည်။ အတွင်းရေးမှူးအသစ်ကလေးက ပြန်ထူးသည်။
"မစ္စတာ ဘတ်တာဖီးလ် ရှိပါသလား"
လင်ကီ သူ့အိမ်ကို ဆက်သည်။ သူချက်ချင်း ဖုန်းကောက်ကိုင်သည်။ လင်ကီက ဘာကြောင့် ခေါ်သည်ကို သူတန်း သိမည် မုချ။
"မဲလွန်း စားသောက်ဆိုင်မှာ ဆုံမယ်၊ ကိုယ် ခုပဲ လာခဲ့မယ်"
လင်ကီ ဘာမှ မပြောနိုင်ခင် ဖုန်းချသွားသည်။
မဲလွန်းဆိုင်ကို လင်ကီ ရောက်တော့ သူရောက်နှင့်နေပြီ။ ထောင့်ကျကျ စားပွဲတစ်လုံးတွင် ထုံးစံ အတိုင်း ရေခဲနှင့် ၀ီစကီခွက်ကို ရှေ့မှာ ချလျက်။ သို့သော် လုံးဝ မသောက်ရသေး။ ဆွယ်တာ အင်္ကျီနှင့် ချော နေသော်လည်း မျက်နှာမကောင်း၊ လင်ကီကို မျက်နှာလွှဲထားပြီး ၀င်ထိုင်သည့်အခါ တစ်ချက်သာ ငဲ့ကြည့် သည်။
"ကဲ မေး ကိုယ်ဖြေမယ်"
သူ့ မျက်လုံးတွေက လင်ကီကို ရှောင်နေဆဲ။
"မစ္စက်ဘတ်တာဖီးလ်တဲ့၊ ဟုတ်လား၊ ရှင် သူ့ကို မုန်းတယ်ဆို၊ သူဟာ ငွေကလဲပြီး ဘာမှ မသိဘူးဆို၊ ပန်းချီ ပါရမီ မရှိဘဲ ပန်းချီဆရာမ ဖြစ်ချင်သူဆို၊ သူနဲ့ ဘယ်တော့မှ မတွေ့ချင်တော့ဘူး ဆို"
"အဲဒီတုန်းက အဲဒါအားလုံး ကိုယ်တကယ် ပြောတာ"
ဂျိုးရှ်က ပခုံးတွန့် ပြောသည်။
"နောက်တော့ကော"
"ပြီးတော့ ကိုယ်တို့ ကွာလိုက်ကြတယ်လေ"
"ဘာ ရှင်တို့ ကွာပြီးပြီ ဟုတ်လား၊ ဘာလို့ လင်ကီ့ကို အဲဒီအကြောင်း မပြောတာလဲ၊ ရုံးက အမိန့်မချသေးဘူးလို့ ဘာလို့ ပြောလဲ"
သူ့ကို ကြည့်ရသည်မှာ အရမ်း စိတ်ညစ်နေပုံ
"ကိုယ် ဘာလုပ်ရမှန်း မသိဘူး လင်ကီ၊ ကိုယ် လိမ်ပြောမိတယ်၊ မင်းကို ဆုံးမှာလည်း စိုးတယ်"
"ဒါဆို ရှင်တို့နှစ်ယောက် အမြဲ တွေ့နေတယ်ပေါ့"
လင်ကီအားလုံး သိချင်နေသည်။ အချိန်၊ နေရာ၊ ပြီးတော့ သူတို့ ပြောသည့် စကားလုံးများ။
"အမြဲတမ်းတော့ မဟုတ်ပါဘူး"
"ဒါဖြင့် ဘယ်တုနးက စလဲ"
"လွန်ခဲ့တဲ့ နှစ်ပတ် သုံးပတ်ပဲ ရှိပါသေးတယ်၊ ဘာပဲဖြစ်ဖြစ် သူဟာ ကိုယ့်မိန်းမပဲလေ၊ ကိုယ်တို့ အကြာကြီး ပေါင်း လာခဲ့တာ မဟုတ်လား"
"ဇနီးဟောင်းလို့ ပြင်ပြောပါ၊ သူနဲ့ရှင်နဲ့ ကွာထားပြီးပြီပဲ"
လင်ကီ အဖြစ်မှန်ကို ရိပ်မိလိုက်ပြီ။ သူ့မျက်နှာကို လက်သီးနျင့် စွတ်ထိုးထည့်လိုက်ဖို့ စိတ်ကူးသေး သည်။ မနည်း စိတ်ကို ထိန်းထားရ၏။
"ဟုတ်တယ် မဟုတ်လား"
လင်ကီ ထပ်မေးသည်။
ဂျိုးရှ် က ခေါင်းညိတ်ပြီး ဖြေ၏။
"ဘယ်တုန်းက ပြန်လက်ထပ်သလဲ"
"တစ်လလောက် ရှိပြီ"
"ဘယ်လောက် ကြာကြာ ရှင်တို့ ကွဲလိုက်ကြသလဲ"
"ခြောက်ပတ်လောက် ကြာတော့ တို့နှစ်ယောက် တစ်နေရာမှာ ဆုံတယ်။ အဲဒီမှာ ပြန်ရှုပ်ကုန်တာ"
"အဲဒီအချိန်က ရှင် သူ့ကို ဘယ်လောက် မုန်းပြီး၊ ကျွန်မကို မရရင် ရှင်သေရမလောက် ပြောနေတဲ့ အချိန် မဟုတ်လား"
ဂျိုးရှ်က အားလုံးကို လက်မြှောက်အရှုံးပေါးပြီဆိုသည့် သဘောဖြင့် ငြိမ်ခံနေသည်။
"ကိုယ်လည်း ဘာလုပ်ရမှန်း မသိတော့ဘူးလေ"
"ကဲထားတော့၊ ရှေ့လျှောက် ရှင်ဘာလုပ်မယ် စိတ်ကူးထားလဲ၊ ဘာမှ မဖြစ်သလို ကျွန်မနဲ့ ဆက်တွဲ နေ မှာလား"
"အင်း အဲဒီလိုပဲ ကောင်းပါတယ်၊ တို့နှစ်ယောက် အဆင်ပြေနေသားပဲ"
"ဒါပေမယ့် ရှင်တို့လင်မယားလောက်တော့ ဘယ်အဆင်ပြေနိုင်မလဲ"
"မင်းတို့ နှစ်ယောက်က လုံးဝ မတူပါဘူး လင်ကီ"
"သွားစမ်းပါ"
"တစ်နေ့နေ့ မင်းသိမယ်ဆိုတာ မျှော်လင့်ထားပြီးသားပါ"
သူ့လေသံက အားလျှော့ထားသည့် လေသံမျိုး၊ လင်ကီ နာကျည်းစွာ ပြုံးလိုက်သည်။ ဘာမှ ပြောစရာ မရှိတော့။ သူ့ဖန်ခွက်ကောက်ယူပြီး ရေခဲရောပြီးသား ၀ီစကီတွေကို သူ့ခေါင်းပေါ်သို့ ခပ်ဖြည်းဖြည်း လောင်းချ လိုက်သည်။ သူ လုံးဝ တားဖို့ မကြိုးစား၊ အရက်တွေ ခေါင်းပေါ်မှတစ်ဆင့် မျက်နှာပေါ်သို့ စီးဆင်းသွားကြ၏။ ရေခဲတုံးကလေးများက သူ့ပခုံးပေါ်မှ တစ်ဆင့် မျက်နှာပေါ်သို့ ကျသွားသည်။
ဖန်ခွက်ထဲတွင် ပြောင်သွားမှ ခွက်ကို စားပွဲပေါ် ပြန်ချသည်။ နောက်မှ လက်သုတ်ပ၀ါတစ်ထည် သူ့ဆီ ပစ်ပေးပြီး လှည့်ထွက်ခဲ့သည်။
"တစ်ခါတစ်ခါ လင်ကီမှာ ဂျစ်ပစီ ကျိန်စာသင့်နေရသလို ခံစားရတယ်" ဟု ကော်ရယ်ကို အဖြစ်အပျက် ပြန်ပြော ရင်း တိုင်တည်မိသည်။
"ကျိန်စာသင့်နေသော မင်းမဟုတ်ဘူး လင်ကီ၊ ယောက်ျားတွေ၊ သူတို့ အားလုံး အရူးတွေ" ဟု ကော်ရယ်က မှတ်ချက် ချသည်။ လင်ကီကတော့ သူလို့ မတွေးမိဖို့ ကြိုးစားရဦးမည်။
ဆက်ရန်
.
.
No comments:
Post a Comment