ဒီနေ့ညအဖို့ အပြောများတဲ့ ကိစ္စကတော့ ရင်ရင်ငြိမ်း လှတယ် ဆိုသောအကြောင်းပင်။ စားကောင်း သောက် ကောင်း အောင် ၀ိုင်းမြှောက်ကြတာလည်း ပါသည်။ တကယ်လှတာလည်း ပါသည်။
ရင်ရင်ငြိမ်းသည် ပုံမှန်အတိုင်းဆိုလျှင် အလှပြင်လေ့မရှိ၊ သနပ်ခါးလောက်၊ ကရင်မ်ပတ်ဖ်လောက်က အလွန်ဆုံးပဲ။ ရိုးရိုးလေးသာ နေတတ်သူဖြစ်၏။ ဒီနေ့တော့ သတို့သမီးအဖြစ် မပြင်လို့မရ။ အလှဖန်တီး ရှင် မိတ်ကပ် ဟန်နီ ကလည်း ရင်ရင်ငြိမ်းနှင့်လိုက်ဖက်သည့် ဆံထုံး၊ မိတ်ကပ်၊ နှုတ်ခမ်းနီအရောင်က အစ အစွမ်း ကုန် ပညာပြထားသဖြင့် ရုတ်တရက် မမှတ်မိနိုင်လောက်အောင်ကို လှနေသည်။ မင်္ဂလာပွဲ လာသူ တိုင်း က "လှလိုက်တာ... ကျက်သရေရှိလိုက်တာ"ဟု ပြောကြရ၏။
ပေါ်ဋ္ဌေးမှာ သူငယ်ချင်းတွေရဲ့ ချီးကျူးစကားကို နားထောင်ရင်းက ရင်ရင်ငြိမ်းကို မျက်စိထဲ မြင်ယောင် လာသည်။ ခုချက်ချင်းပဲ အိမ်ကို ပြန်ပြေးချင်စိတ်တောင် ပေါက်လာမိ၏။ နာရီတကြည့်ကြည့် လုပ်နေ တာကို ရဲမော် က ရိပ်မိသည်။
ည ၉ နာရီထိုးသောအခါ ရဲမော်က ၀ိုင်းသိမ်းဖို့ပြောသည်။ ကောင်းထွန်းက မ၀သေး။ အောင်ချိုက လည်း ဒီပုံစံမျိုးနဲ့ အိမ်ကို မပြန်ရဲဘူး ဆိုသဖြင့် အတော်ပဲဖြစ်သွား၏။ နောက်တော့ အေဘီကျော်၊ ကံညွန့်မောင်နှင့် ရဲမော် တို့ပါ လွတ်လွတ်လပ်လပ်ရှိသော ကောင်းထွန်း တို့အိမ်သို့ လိုက်အိပ်ကြသည်။ ဆိုင်က ပုလင်း တစ်လုံး ၀ယ်သွားကြသည်။
ပေါ်ဋ္ဌေး အိမ်ပြန်ရောက်သောအခါ အမေက တံခါးဖွင့်ပေးသည်။ အဖေကတော့ အလိုက်သိစွာ စောစော ၀င် အိပ် ပေးသည်။ အမေကလည်း တစ်နေကုန် ပင်ပန်းခဲ့လို့ အိပ်တော့မယ်ဟု ပြောပြီး အခန်းထဲ ၀င် သွားသည်။ ပေါ်ဋ္ဌေးတို့ လွတ်လွတ်လပ်လပ် နေလို့ရအောင် အပေါ်ထပ် တစ်ထပ်လုံးကို ပေးထား သည်။
သူ အပေါ် တက်လာခဲ့သည်။ အိပ်ခန်းထဲ ၀င်သည်။ ရင်ရင်ငြိမ်းသည် ခုတင်ပေါ်မှာ တစ်ပါးလွှဲ ထိုင်နေ ၏။ ပေါ်ဋ္ဌေး ကို မျက်လုံးတစ်ချက် လှန်ကြည့်သည်။ ဘာမှတော့ မပြော။ နောက်ကျလို့ စိတ်ကောက် နေ သလား ဟု ထင်မိသေးသည်။ ပြီးမှ ကြောက်နေတာ ဖြစ်မယ်၊ စိတ်လှုပ်ရှားနေတာလည်း ဖြစ်နိုင်တာပဲ ဟု တွေးသည်။
ရင်ရင်ငြိမ်း၏ မျက်နှာပေါ်မှာ မိတ်ကပ်တွေ မရှိတော့။ အရင်နာရီပိုင်းလောက်က မိတ်ကပ်လိမ်းထားခဲ့ဖူး တယ် ဆိုသော အရိပ်အယောင်တွေတော့ ကျန်နေသေးသည်။ မိတ်ကပ်ဆိုတာ သူ့ကို ဖျက်ပစ်ပြီးသည့် တိုင် အချိန် အတန်ကြာ တဲ့ အထိ လေထဲမှာ ရနံ့တွေ ကျန်ရှိနေတုန်းပဲဆိုတာ ပထမဆုံးအကြိမ် သတိပြု လိုက်မိ၏။
ရင်ရင်ငြိမ်း သည် ဆံပင်ကို ဖြေချထားသည်။ နက်မှောင်သန်စွမ်းသော်လည်း ပျော့ပျော့ပျောင်းပျောင်း ရှိပုံရသော ဆံပင်များသည် ကျောပေါ်သို့ ၀ဲကျနေသည်။ ဒါတောင် ဆံထုံးထုံးဖို့ အဆင်ပြေအောင် ဆိုပြီး အလှ ဖန်တီးရှင် က တိပစ်လိုက်လို့။ နဂိုကဆို ခါးလယ်လောက်ထိ ရှည်သည်။
ရင်ရင်ငြိမ်း ခုလို ဆံပင် ဖားလျားချထားတာ ပေါ်ဋ္ဌေး တစ်ခါမှ မမြင်ဖူးသေး။ အရင်က ဆံပင်ကို နောက် မှာ စုပြီး စည်းထားလေ့ရှိသူသာဖြစ်၏။ ဆံပင်တွေ ၀ဲကျနေသဖြင့် မျက်နှာ၏အစိတ်အပိုင်း အချို့ ဖုံး ကွယ် နေသည်။ ထင်ထင်ရှားရှား ရှင်းရှင်းလင်းလင်းကြီး မမြင်သာ။ ဒီလိုပုံစံမျိုးကိုက ရင်ဖိုစရာကောင်း နေ၏။
ပေါ်ဋ္ဌေး က အရည်ကလေးဝင်ထားသဖြင့် သွေးကြွနေသည်။ သတ္တိလည်း ရှိနေသည်။ ထို့ကြောင့် သိပ် တုံ့ဆိုင်း မနေဘဲ ရင်ရင်ငြိမ်းနားကို ကပ်သွားသည်။ လက်မောင်းနှစ်ဖက်ကို ခပ်ရဲရဲပင် ဆုပ်ကိုင်ပြီး နှုတ် ခမ်း ကို ငုံ့နမ်းလိုက်သည်။ ထိလုထိခင်ကလေးမှာပဲ ရင်ရင်ငြိမ်းက ဟင်... ဆိုပြီး မျက်နှာကို လွှဲဖယ် လိုက်လေ၏။ ပါးပြင် ကိုသာ နှာခေါင်းစွန်းနှင့် ခြစ်မိသွား၏။
ပေါ်ဋ္ဌေးက ခေါင်းကို အလိုက်သင့် ယိမ်းပြီး ထပ်ကြိုးစားမည်ပြုစဉ် ရင်ရင်ငြိမ်းထံမှ အစ်ခနဲ အသံတစ်ခု ထွက် လာသည်။ သူ့မျက်နှာမှာ မအီမသာဖြစ်နေပြီး ပျို့ချင် အန်ချင်ပုံပေါ်နေ၏။ ထို့နောက် ပေါ်ဋ္ဌေး၏ လက်ထဲ မှ ရုန်းလိုက်ပြီး အခန်းပြင် ပြေးထွက်သွားသည်။ ပေါ်ဋ္ဌေး ခဏမျှ ကြောင်နေပြီးမှ နောက်က လိုက် သွားသည်။
ရင်ရင်ငြိမ်းသည် ၀ရန်တာမှာ ရောက်နေ၏။ ကိုယ်ကို အပြင်သို့ကိုင်းထားပြီး အော့ခနဲ အော့ခနဲဖြစ်နေ သည်။ အစာတော့ မပါ။ လေတွေချည်း အန်နေခြင်း ဖြစ်၏။
"ဟင်... အခုကတည်းက အန်နေပြီ"ဟု ပေါ်ဋ္ဌေးက ယောင်ပြီး ပြောမိ၏။ ပြီးမှ သတိရပြီး ရင်ရင်ငြိမ်း၏ ကျော ကို ဖိပေးရင်း-
"ဘာဖြစ်လို့လဲဟင်"ဟု မေးလိုက်သည်။
"ငါ... အဲဒီအနံ့ ကို မခံနိုင်ဘူး"
အရက် သောက်ထားသူများသည် ကိုယ့်ဟာကိုယ်တော့ ဘာမှမသိ။ ဘေးလူကသာ ချဉ်စုတ်စုတ်အနံ့ကို ရလေ့ ရှိသည်။ ကောင်းထွန်း ဆီက ဒီလိုအနံ့မျိုး ရတတ်ကြောင်း မှတ်မိသည်။
"ဆေးသောက်လိုက်ပါလား" ရင်ရင်ငြိမ်းက ခေါင်းခါသည်။
"သံပရာရည် သောက်လိုက်ရင် ကောင်းမယ်"
"ရပါတယ်၊ ကောင်းသွားပြီ၊ အစာမရှိလို့ ဖြစ်သွားတာ"
"အစာ မရှိလို့... ဟုတ်လား၊ ညနေက ဘာမှမစားဘူးလား၊ အမေ က မကျွေးဘူးလား"
"ကျွေးပါတယ်။ ငါက မစားတာ"
"ဟာ... မစား လို့ ဘယ်ဖြစ်မလဲ၊ မနက်စာလည်း ဟုတ်တိပတ်တိ မစားဘူး မဟုတ်လား၊ တစ်ခုခုတော့."
"ငါ စားလို့ မဖြစ်ဘူး"
"ဘာဖြစ်လို့"
ရင်ရင်ငြိမ်းက ဒီဘက်ကို ပြန်လှည့်လိုက်သည်။ ပျို့အန်ထားသဖြင့် မျက်နှာက နည်းနည်းအစ်နေသည်။ မျက်လုံး ထဲ မှာလည်း မျက်ရည်တွေနှင့်။ ငိုထားတာတော့ မဟုတ်။ အင်း... ဒီလိုလည်း လှနေတာပဲဟု တွေးနေတုန်း...
"ဒီနေ့က လပြည့်နေ့လေ" ဟု ရင်ရင်ငြိမ်းက ပြောသည်။
"အဲဒါနဲ့ ဘာဆိုင်လို့လဲ"
"လပြည့် လကွယ် နေ့တိုင်း ငါ ဥပုသ်စောင့်တာ နင် သိသားပဲ"
"ဟာ... မင်္ဂလာဆောင် တဲ့ နေ့မှာတော့ မစောင့်သင့်ပါဘူး"
"မဖြစ်ဘူး၊ ငါ ငယ်ငယ်ကတည်းက အဓိဋ္ဌာန်လုပ်ထားတာ၊ မဖျက်နိုင်ဘူး"
ပေါ်ဋ္ဌေးသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရမပြီး ချောက်ချောက်ချားချား လေသံဖြင့်-
"ဒါဆို ဒါဆို.... ဟိုသင်း... ဟိုကိစ္စ... အဲ... အိပ်ဖို့က"
"အဲဒါ ပြောမလို့၊ ဒီနေ့ညတော့ ငါ ဘုရားခန်းထဲမှာ သွားအိပ်မလို့"
"ဟာ... ဘယ်ဖြစ်မလဲ"
ပေါ်ဋ္ဌေးက ပျာပျာသလဲ ပြောသည်။ ပြီးမှ အကြံတစ်ခု ရသွားပြီး-
"ဥပုသ်သည်ဆိုတာ ပန်းမပန်ရဘူး၊ အမွှေးနံသာ မလိမ်းရဘူးတဲ့၊ ဧည့်ခံပွဲတုန်းက သစ်ခွပန်းတွေလည်း ပန် ထားတယ်၊ မိတ်ကပ်တွေလည်း လိမ်းထားတယ်၊ နင် ဥပုသ်ကျိုးသွားပြီ"
ပြောရင်း ရင်ရင်ငြိမ်း၏လက်မောင်းနှစ်ဖက်ကို ကိုင်မည်ပြုသည်။ ရင်ရင်ငြိမ်းက ကိုယ်ကို နောက်သို့ ယို့ ၍ ရှောင်လိုက်ပြီး-
"အဲဒါ မွန်းမလွဲခင်ကပဲ၊ ပြီးတော့ အိမ်ပြန်ရောက်ရောက်ချင်း မိတ်ကပ်တွေကို ဖျက်ပစ်ခဲ့ပြီးပြီ"
"ဒီတစ်ရက် ကိုတော့ ခွင့်ယူလိုက်ပါလားဟာ"
ပေါ်ဋ္ဌေး က တိုးလျှိုးသော လေသံပြောင်း၍ ကြိုးစားကြည့်သည်။ ရင်ရင်ငြိမ်းက ခေါင်းခါသည်။
"ဘုရားခန်း မှာ အိပ်လို့ အဆင်ပြေမှာ မဟုတ်ဘူး၊ ခြင်လည်း သိပ်ကိုက်တယ်"
"ခြင်ထောင် ရှိသားပဲ၊ ငါက အိပ်ရာတောင် ပြင်ထားပြီးပြီ"
"နင် အိပ်ရဲလို့လား၊ အဲဒီမှာ ညည ခြေသံတွေ ကြားရတတ်တယ်" စိတ်ကူး တည့်ရာ ပြောပြီး ခြောက်ကြည့် သည်။
"မဖြစ်နိုင်တာဘဲ၊ ဘုရားခန်းမှာ ဘယ်သူက လာလုပ်ရဲမှာလဲ၊ ပြီးတော့ ငါက ဘုရား တရားနဲ့နေတာ၊ ကြောက် စရာ မလိုပါဘူး"
ပေါ်ဋ္ဌေး နောက်တစ်မျိုး ကြံပြန်သည်။
"နင်က ဘုန်းကြီးကျောင်းလည်း မသွားဘဲနဲ့ ဘယ်လိုလုပ် သီလယူသလဲ"
"အိမ် မှာပဲ ယူတာပေါ့"
"အဲဒါ တရားမ၀င်ဘူး၊ ဘုန်းကြီးရှေ့မှာ ယူမှ အတည်ဖြစ်တာ"
"နားမလည်ဘဲ လျှောက်မပြောပါနဲ့ဟာ၊ ငါက ဘုရားရှေ့မှာ သီလယူတာ၊ ပိုပြီးတော့တောင် တရားဝင် သေး တယ်"
ဟု ပြောပြီး အိမ်ရှေ့ခန်းထဲ ပြန်ဝင်သည်။ ထို့နောက် ဘုရားခန်းဆီ ဦးတည်သွားနေ၏။ ပေါ်ဋ္ဌေး ရုတ်တ ရက် ကြောင်ပြီး ကျန်ခဲ့သည်။ ထိုအခိုက်တွင် မခံချိမခံသာ ဖြစ်ရမှုက ဘွားခနဲ ပေါ်လာသည်။ ဒီနေ့ပဲ လက်ထပ် ခဲ့တဲ့ သူ။ ဒါ... ငါ့မိန်းမ၊ ငါ ပိုင်တယ်၊ ငါ ပြုသမျှ နုရမယ်၊ ငါ လိုချင်တာကို လိုက်လျောရမယ်.. ဆိုသော အတွေး နှင့် တစ်ပြိုင်တည်း သူ့ခြေလှမ်းတွေ စတင်လှုပ်ရှားသည်။ ရင်ရင်ငြိမ်းကို ကျော်၍ ဘုရားခန်း တံခါးဝ မှာ ပိတ်ရပ်လိုက်ပြီး-
"နင်... ဟိုအခန်းထဲမှာပဲ လိုက်အိပ်ရမယ်"
"ကိုပေါ်... နင် ငရဲကြီးလိမ့်မယ်နော်"
"ငရဲ က အဝေးကြီး လိုသေးတယ်"
ရင်ရင်ငြိမ်းက ပေါ်ဋ္ဌေးကို တည်ငြိမ်သော မျက်နှာနှင့်စိုက်ကြည့်ပြီး-
"ငါ့ဆန္ဒ ကို ဘာမဆိုလိုက်လျောပါ့မယ်လို့ နင် ကတိပေးထားတယ်နော်"
တံခါးဘောင် ကို ထောင်ပြီး ကာထားသော ပေါ်ဋ္ဌေး၏လက်နှစ်ဖက်ပြုတ်ကျသွားသည်။ သူ သက်ပြင်းချ လိုက်၏။ ဒီအတိုင်းကြီးတော့ အလျှော့မပေးချင်။ ထို့ကြောင့်-
"ကောင်းပြီလေ... ဒါပေမဲ့ နင့်ကို ငါ တစ်ခုမေးမယ်၊ မှန်မှန်ဖြေနော်"
"ဘာလဲ"
"နင် ငါ့ကို ချစ်ရဲ့လား"
ရင်ရင်ငြိမ်း တွေသွား၏။ အခက်တွေ့နေဟန်တူသည်။ ပေါ်ဋ္ဌေးက-
"နင် သီလယူထားတယ်နော်၊ မုသားစကား ပြောလို့မရဘူး၊ အမှန်အတိုင်းပြော"
ရင်ရင်ငြိမ်း မျက်နှာ ပြုံးယောင်သမ်းသွားသည်။ ထို့နောက် ခေါင်းညိတ်တာလား၊ ခေါင်းငုံ့လိုက်တာလား၊ ဦးခေါင်း ၏ လှုပ်ရှားပုံမှာ နှေးကွေးလွန်းသဖြင့် ဝေခွဲလို့မရခင် ပေါ်ဋ္ဌေး ၏ ဘေးမှ ဖြတ်ပြီး ဘုရားခန်းထဲ ၀င် သွားသည်။
မင်္ဂလာဆောင်တဲ့နေ့မှာ ဥပုသ်စောင့်သော သတို့သမီးနှင့် အချိန်နှင့်အမျှ ဇိမ်နှင့်ဘ၀ ဆိုသော နှစ် ယောက်အိပ် မွေ့ရာကြီးပေါ်မှာ ဆန့်ဆန့်ကြီးလှဲနေသော သတို့သားမျိုးကို မမြင်ဖူးရင် ကြည့်ထားကြ။
တကယ် ဆိုလျှင် နင် ဆန္ဒရှိသမျှကို လိုက်လျောပါ့မယ်လို့သာ ကတိပေးခဲ့သည်။ နင် ဆန္ဒ "မရှိ"တာကို လိုက်လျော ပါ့မယ်လို့ မဆိုခဲ့။ သို့ရာတွင် ခုမှတော့ ဘာမှမတတ်နိုင်။ ၀တ္ထုတွေ... ရုပ်ရှင်တွေထဲမှာ ဖတ် ဖူး ကြည့်ဖူး သော မင်္ဂလာဦးညမျိုးကို အကြိမ်ကြိမ် အထပ်ထပ် စိတ်ကူးယဉ်ခဲ့ဖူးသည်။ လူပျိုကြီးတွေက လွဲလျှင် ယောက်ျားတိုင်းလိုလို စိတ်ကူးတွေက လက်တွေ့ဖြစ်လာခွင့်ရကြသည်။ သူ့အဖြစ်ကတော့ စိတ်ကူး လောက်တောင် အသုံးမကျ။
ဘာပဲဖြစ်ဖြစ် ရင်ရင်ငြိမ်းသည် လပြည့်၊ လကွယ်နေ့တိုင်း ဘုရားခန်းထဲ သွားအိပ်တတ်သော အလေ့ အထကို ထိုမင်္ဂလာဦးညကပင် စတင် ကျင့်သုံးခဲ့လေသည်။
ဘုရားခန်းသည် တားမြစ်နယ်မြေ။
ဒုတိယပစ်မှတ်အဖြစ် ကောင်းထွန်းကို ရွေးချယ်ရတဲ့အကြောင်းကတော့ ဒီကောင်က မိန်းမတွေ မကောင်း ကြောင်း အမြဲပြောတတ်သောကြောင့် ဖြစ်၏။ ဒီတော့ သူ့ကို စည်းရုံးရတာ လွယ်နိုင်သည်။ နောက်တစ်ချက် ကတော့ သူသည် သူငယ်ချင်းတွေနှင့် သီးခြားကင်းကွာနေသောကြောင့် ဖြစ်၏။ ဒါကလည်း အရက် ကိစ္စ ကြောင့်ပဲ။
ကောင်းထွန်းသည် သူတို့ သူငယ်ချင်းအုပ်စုထဲမှာ ဥာဏ်အကောင်းဆုံး၊ အထက်မြက်ဆုံးဖြစ်၏။ ချက် ချက်ချာချာရှိသဖြင့် အတန်းထဲမှာ မော်နီတာအဖြစ် ခန့်အပ်ခြင်းတောင် ခံရသည်။ တက္ကသိုလ် ရောက် တော့ လူငယ်တွေပီပီ ယမကာကို မြည်းစမ်းကြည့်ကြသည်။ ကျန်တဲ့ လူတွေက အပျင်းပြေ အပျော် သောက် အဆင့် မှာပင် ရပ်နေသည်။ ကောင်းထွန်းက ပုံမှန်သုံးစွဲသူ ဖြစ်သွား၏။
သူ၏လုပ်ရည်ကိုင်ရည်နှင့်ဆို ကြီးပွားတိုးတက်နိုင်သည်။ သူကတော့ ငွေထက် ယမကာကို ပိုပြီး ခင် တွယ်သည်။ သူ့စိတ်ရင်းကောင်းကြောင်းသိသဖြင့် သူငယ်ချင်းတွေက ချစ်ကြသည်။ အရက်လျှော့ သောက် ဖို့ ပြောသော်လည်း မရ။ အလုပ်ကို ဖိဖိစီးစီး မလုပ်ဘဲ ရရသောက်သောက်ဖြင့်သာ ပျော်မွေ့နေ သည်။
ပြီးခဲ့သော ခြောက်လလောက်ကတော့ အောင်ချိုမွေးနေ့တွင် စားသောက်ဆိုင်တစ်ခုမှာ သူငယ်ချင်း တွေ ဆုံကြသည်။ ကျန်တဲ့ကောင်တွေကတော့ အပျော်တမ်းသမားတွေ ဖြစ်သောကြောင့် ဘီယာ လောက်နှင့် ပြီးသည်။ ကောင်းထွန်းက-
"ငါ အရက်သောက်ဖို့လာတာကွ၊ ဆီးရွှင်ဆေး သောက်ဖို့ မဟုတ်ဘူး"
ဆိုသဖြင့် ၀ီစကီတစ်ပြား မှာပေးသည်။
"အပြား သောက်တာ မတန်ဘူး၊ တစ်လုံးမှာလိုက်"
"ဟာ... တစ်ယောက်တည်း သောက်မှာပဲဟာ"
"တစ်ပြား မလောက်ဘူး"
"အဲဒီလောက်ကြီးတော့..."
"မှာလိုက်ပါကွာ၊ ပိုတော့လည်း အိမ်ယူသွားပေါ့"
ဟု ဒကာဖြစ်သူ အောင်ချို က လိုက်လျောပေးလိုက်သည်။
နှစ်ဖက်စလုံးက ပြောတာမှန်သည်။ တစ်ယောက်တည်းသောက်မယ့်ဟာ တစ်လုံးလုံးဆိုတော့ များတယ် ဆိုတာလည်း ဟုတ်သည်။ တစ်ပြားတည်းနဲ့ မလောက်ဘူးဆိုတာလည်း ဖြစ်နိုင်သည်။ ကောင်းထွန်းက သောက်လုံးကြီးသဖြင့် သိပ်မကြာခင် ပုလင်းတစ်ဝက်နီးပါး ကျိုးသွားသည်။ သူက ထပ်ငှဲ့ဖို့ ပုလင်းကို လှမ်း ကိုင်စဉ်-
"ဟေ့ကောင်... စွတ်တင်မနေနဲ့၊ ဒါ ၀ီစကီနော်"
ဟု ကံညွန့်မောင်က ပြောလိုက်သည်။ သူ့စကား မှားသွားပြီ။ မင်းသောက်နေကျ အပေါစား အရက်မျိုး တွေ မဟုတ်ဘူး။ ဒါမှမဟုတ် ၀ီစကီကို ကောင်းကောင်းမသောက်ဖူးဘဲနဲ့ အခွင့်အရေးရတုန်း နင်းကန် သောက်ပြီး မှောက် နေဦးမယ်ဟု ဖမ်းနှိမ်လိုက်သလိုဖြစ်သွား၏။ တမင်ရည်ရွယ်ပြောတာတော့ ဟုတ်ပုံ မရ။
ကောင်းထွန်း က ဘာမှမပြော။ ကံညွန့်မောင် စကားကို မကြားလိုက်သလို နေသည်။ ပုလင်းကို ယူပြီး ဖန်ခွက် ထဲ ဖြည့်သည်။ ပြီးခဲ့သော အလှည့်တွေထက် ပိုများများထည့်သည်။ နောက်ထပ် တစ်ခွက် လောက် ကြာမှ စကားစ ပြောသည်။ ထုံးစံအတိုင်း မိန်းမတွေ မကောင်းကြောင်း ဖြစ်၏။
"တချို့ မိန်းမတွေဟာ ယောက်ျားကို မလေးစားဘူး။ သူတို့ရဲ့ အစေအပါး ခိုင်းဖတ်လောက် သဘော ထားတာ။ အထူးသဖြင့်တော့ စီးပွားရေးကို ဦးဆောင်လုပ်နေတဲ့ မိန်းမတွေ အဆိုးဆုံးပဲ"
ထိုစကား က ကံညွန့်မောင်ကို ထိသွားသည်။ ထို့နောက် သူတို့နှစ်ယောက်ငြိကြတော့သည်။ အထေ့ အငေါ့ စကားလုံး တွေနဲ့ သွယ်ဝိုက်ပြီး အပြန်အလှန် ရိကြသည်။ ရဲမော်က ဖျန်ဖြေဖို့ ကြိုးစားသေးသည်။ အောင်ချို က ဒီကောင်တွေ ပြောတာ နားထောင်လို့ကောင်းတယ်၊ ၀ိုင်းစိုတယ် ဆိုပြီး ချွန်ပေးရာက ရင့် ရင့်သီးသီးတွေ ပါလာသည်။
ကံညွန့်မောင်က-
"ဒီအကျင့်တွေကြောင့် မင်း လူမွေးလူတောင် မပြောင်တာ"
ပြောတော့ ကောင်းထွန်းက-
"မပြောင်ချင်ရင်လည်း နေ၊ မိန်းမ ထဘီနား ခိုစားတဲ့ကောင် မဖြစ်ရင် ပြီးတာပဲ"
ဟု ပြန်ပက်လိုက်သည်။
"မင်း ဘာစကားပြောတာလဲ"
ကံညွန့်မောင်က ကောင်းထွန်း၏အင်္ကျီရင်ဘတ်စကို ဖမ်းဆွဲလိုက်သည်။ ဒေါသကြောင့် ရုတ်တရက် ဆွဲမိခြင်းသာဖြစ်၏။ ဘာမှတော့ မလုပ်။ သို့ရာတွင် ကောင်းထွန်းက လက်မြန်သည်။ ကံညွန့်မောင်ကို ခွပ်ခနဲ ဆွဲထိုး လိုက်လေသည်။
"ဒါတော့ မင်း လွန်သွားပြီ ကောင်းထွန်း"
ရဲမော်နှင့် ကောင်းထွန်းတို့ ဆက်ငြိကြသည်။ အားလုံးကပဲ ကောင်းထွန်းမှားသည်ဟု ၀ိုင်းပြောကြသည်။ ကောင်းထွန်းက-
"အေး... ဟုတ်တယ်၊ ငါက အရက်သမား လူမိုက်ကြီးပဲ၊ မင်းတို့ သိက္ခာကျမှာစိုးရင် ငါနဲ့ မပေါင်းကြနဲ့၊ ဒါပဲ"
ဖန်ခွက် ကို ပေါက်ခွဲပြီး ထွက်သွားသည်။ ထိုစဉ်က စ၍ ကောင်းထွန်းနှင့် အဆက်အသွယ် ပြတ်နေကြ ခြင်း ဖြစ်၏။
ခုတော့ ဒီလိုဖြစ်သွားတာကိုက ပေါ်ဋ္ဌေးအတွက် အကွက်ကောင်းဝင်သွားတာလို့ ဆိုနိုင်သည်။ အုပ်စု တစ်ခုထဲကနေ တစ်ယောက်တည်း ဘက်ပဲ့နေတဲ့သူကို ချဉ်းကပ်ရတာ ပိုလွယ်တတ်တာကိုး။
ကောင်းထွန်းတို့ အိမ်ကို သူ ရောက်သွားတော့ ည ၇ နာရီကျော်ကျော်လောက်ရှိပြီ၊ ကောင်းထွန်းရဲ့ မိန်းမ မငယ် ကိုသာ တွေ့ရသည်။
"ဒီအချိန် အိမ်မှာ အစ်ကို့ကို လာရှာတာ အံ့သြစရာပဲ" မငယ်က ပြောသည်။
"ဘယ်အချိန်မှ ပြန်လာတတ်သလဲ"
"အစောဆုံး ဆယ်နာရီပဲ"
"နေ့တိုင်းပဲလား"
မငယ်က ခေါင်းညိတ်ပြသည်။ ပေါ်ဋ္ဌေးက လက်မကို ထောင်၊ ပါးစပ်နားတေ့ပြရင်း- "ဒါလား" ဟု မေးတော့-
"ဘုရား ပေါ်တက်ပြီး ပုတီးစိပ်နေတယ် ထင်လို့လား"
ဟု ပြောပြီး ရယ်နေသည်။
"ဒီကောင် ဘယ်ဆိုင်မှာ ထိုင်တတ်လဲ"
"အဲဒါတော့ မသိဘူး၊ သြော်... တစ်ခုရှိတယ်၊ ဆိုက်ကားဂိတ်မှာ မေးကြည့်ပါလား၊ တစ်ခါ တစ်ခါကျရင် အစ်ကို က ဆိုက်ကားနဲ့ ပြန်လာတတ်တယ်"
မငယ် ကို နှုတ်ဆက်ပြီး ထွက်လာခဲ့သည်။
"ကိုပေါ် တို့ သူငယ်ချင်းကို နည်းနည်းပါးပါး လျှော့သောက်ခိုင်းပါဦး"
ဟု သွားခါနီးမှာ မငယ်က မှာလိုက်သေးသည်။
တကယ်တော့ သူတို့သူငယ်ချင်းအုပ်စုတွေရဲ့ မိန်းမတွေထဲမှာ မငယ်သည် အရိုးဆုံး၊ အအေးဆုံးဖြစ်၏။ ကောင်းထွန်း ကိုလည်း တော်တော်ချစ်သည်။ ကောင်းထွန်း ဘာလုပ်လုပ်၊ ဘယ်လိုနေနေ သည်းညည်း ခံသည်။ အရက်သောက်တဲ့ကိစ္စကိုလည်း အပြစ်မပြော။ သိပ်လွန်ကဲပြီး ကျန်းမာရေးထိခိုက်မှာကို စိုးရိမ် နေခြင်းသာ ဖြစ်၏။
ဆက်ရန်
.

1 comment:
Thanks Sis.
Ray
Post a Comment