Friday, May 6, 2011

ကူမွန်တောင်တန်းလွမ်းစေဘို့ဖန် (မဝင်းမြင့် ) အပိုင်း (၁၉)

ထိုလူသည် ခင်မောင်အေးကို မြင်သောအခါ ကြောက်ရွံ့ဟန်တော့မရှိချေ၊ ထိုလူမျက်နှာပေါ်မှာ ခင်မောင်အေး ကို သနားကြင်နာသည့် အသွင်မျိုးပေါ်နေသည်ဟု ခင်မောင်အေးထင်မိသည်၊ အဘယ်ကြောင့် ဆိုသော် တောတောင်ထဲမှာနေစဉ်က သူတွေ့ဘူးသည့် တောကောင်တွေသည် မြက်သစ်ရွက် ကိုသာ စားသည့် သမင်၊ဒရယ်စသည့် အကောင်လေးတွေက သူ့ကိုကြည့်သော မျက်လုံး က တမျိုး၊ လူကိုရန်မူတတ်သည့် ကျား၊ ကျားသစ်စသည့် သားစားသတ္တ၀ါတွေက သူ့ကိုကြည့်သည့် မျက်လုံးက တမျိုး...
    ရန်မူသည့်မျက်လုံးနှင့် ရန်မမူသည့် မျက်လုံးကို ခင်မောင်အေး ခွဲခြားသိနေခဲ့သည်၊ ထိုကြောင့် သူ့ကို ကြင်နာ ဟန် ကြည့်နေသော ထိုလူကို ခင်မောင်အေးကလဲ စေတနာမေတ္တာရောင်ပြန်ဟပ်သော သဘော ထင်သည်၊ ခင်မောင်အေးကလဲ စိတ်ထဲမှာ ထိုလူကိုသနားနေသည်။

    အတုပ်အနှောင်ခံနေရသည့်လူ အချင်းချင်း တယောက်ကိုတယောက် စေတနာမေတ္တာဓာတ်ချင်း ကူးယှက် နေကြသည်။
    ထိုသို့သောအခါမှာ ခင်မောင်အေးသည် သူ့ကို ဖမ်းဆီးချုပ်နှောင်ခေါ်လာခဲ့သော သူတွေကို မုန်းတီးရင်း ရှိရာ မှာ ပိုပြီးမုန်းနေမိသည်၊ မိမိတို့ ၀မ်းထဲက အတွေးကိုယ်စီဖြင့် ခင်မောင်အေးနှင့် ထိုလူတို့သည် မည်မျှ ကြာအောင် တယောက်ကိုတယောက် ကြည့်နေမိသည်မသိ၊ အခန်းတံခါးကိုဖွင့်ကာ ဦးအေးထွန်းနှင့် ထိုလူ တို့သည် မည်မျှကြာအောင် တယောက်ကိုတယောက် ကြည့်နေမိကြသည်မသိ၊ အခန်းတံခါးကို ဖွင့်ကာ ဦးအေးထွန်း နှင့် သူ့တပည့် နှစ်ယောက်ဝင်လာသောအခါမှ ဦးအေးထွန်းတို့ဘက်ကို အာရုံ ပြောင်း လိုက်ကြသည်။

    'ဘယ်လိုလဲ ကြင်ဖေ၊ မင်းကိုယ်မင်း လည်လှပြီဆိုပြီး ရွှေတွေကို ယူထွက်ပြေးသွားတယ်၊ အခု တို့ လက် ထဲက လွတ်နိုင်သေးလားကွ'
    ခင်မောင်အေးသည် သူလိုပင် ကြိးတုပ်ခံထားရသည့် လူကို ဦးအေးထွန်းက မောက်မာစွာပြောပြီး ခြေဖြင့် ခပ်လိုက်သည် ကို စိတ်ထဲက မခံချိဖြစ်လိုက်သည်၊ သို့သော် သူကိုယ်တိုင်ပင် နိုင်လွန်ကြိုးများဖြင့် တုပ်နှောင် ထားခြင်းကို ခံနေရသည့်အတွက် မည်သို့မှ မကူညီနိုင်ဘဲ ဖြစ်နေသည်။

    'ဟေ့ကြင်ဖေ ပါးစပ်မှာ စည်းထားတဲ့ အ၀တ်ကို ဖြေပေးလိုက်စမ်း၊ ဒါမှ ငါမေးတာကို သူဖြေနိုင်မှာ၊ ဒီအကော်ငအော်လို့ အရေးစိုက်စရာမလိုဘူး၊ အခန်းတံခါးကိုသာ လုံလုံပိတ်လိုက်'
    ဟုတ်ပါသည် ဦးအေးထွန်း အရေစိုက်စရာ မလိုပါ၊ အခန်းက အသံလုံအခန်းဖြစ်ပြီး လေ၀င်၇န် အထူး စီမံ ဆောက်လုပ်ထားသော အခန်းဖြစ်သည့်အတွက် ကြင်ဖေဆိုသူ အော်သော်လဲ မည်သူမှ ကြားနိုင်မည်မ ဟုတ်ချေ၊ ထိုအပြင် ခြံဝင်းကြီးလဲ ကျယ်ဝန်းလှသည်၊ နေရာကလဲ လူနေအိမ်ခြေ ကျဲသည့် မြိ့အစွန် နေရာဖြစ်သည်။
    တပည့်တယောက်က ကြင်ဖေဆိုသူ၏ ပါးစပ်မှာ ပိတ်စည်းထားသည့် အ၀တ်ကို ဖြေလိုက်သည်၊ ထိုအခါ ခင်မောင်အေး မျက်လုံးထဲတွင် ထိုကြင်ဖေဆိုသူသည် အသက်ငယ်သူမဟုတ်ဘဲ ဦးအေးထွန်းနှင့် ရွယ်တူလောက် ရှိနေသည်ကို မြင်ရသည်။

    ဦးကြင်ဖေ ကို ဆိုသူကား အစာမ၀တ၀ ကျွေးထားသလား အလျှင်းပင် မကျွေးဘဲ အစာငတ် ထားသလားမသိ၊ ကိုယ်ခန္ဓာသည် အားအင်လျော့ပါး နွမ်းခွေနေသည့် ဟန်မျိုးဖြစ်သော်လဲဦးကြင်ဖေ၏ မျက်နှာ သည် အသနားခံ မာန်လျော့နေသည့် မျက်နှာမျိုးမဟုတ်ချေ၊ တင်းမာလွန်းသည်။

    'ဟေ့...မင်းသူခိုးက လူပြန်မဟစ်ပါနဲ့၊ မင်းလို လူယုတ်မာနဲ့ပေါင်းလို့ ငါမိုက်လို့ ငါ့အမနဲ့ ယောက်ဖ လဲသေ၊ ငါ့အကို လဲသေ၊ အမမဲ့ ယောက်ဖ က မွေးထားတဲ့ ငါ့တူလူမမယ်လေး ကျားစားသလား၊ ဆင်နင်း သလား၊ တောထဲမှာ ပျောက်ကျန်ရစ်ခဲ့တယ်၊ ဒါတွေ အားလုံးဟာ မင်းလို လူယုတ်မာနဲ့ ပေါင်းမိလို့ ငါခံစားရတဲ့ ဒဏ်ရာဒဏ်ချက်တွေဘဲ အေးထွန်းရ'
    ဦးကြင်ဖေစကားကြောင့် ဦးအေးထွန်းသည် ဒေါသထွက်သွားသည၊ ဦးကြင်ဖေကို ခြေနှင့်ကန်လိုက်ပြီး ပြော လိုက်သည်။

    'အောင်မာ...ကစားသမား ဖဲသမား လူစကားပြောလို့ နင်ဖဲရှုံးလို့ ဖဲကြွေးမပေးနိုင်တော့ ကြွေးရှင် လူမိုက် က သတ်မယ်လုပ်တာနဲ့ ငါက၀င်ကယ်ထားလိုက်တဲံ ကျေးဇူးကို ဆပ်တာပေါ့လေ၊ နင်ဘာပြောပြော ငါက ပြင်းပြင်း ထန်ထန် ရိုက်နှက်မလုပ်ချင်ဘူး၊ နင့်ကို လမ်းဆုံးပို့ရတော့မဲ့ဟာ ငါရိုက်နေလို့ အကြောင်း မထူး တော့ပါဘူး၊ နင်ရွှေတွေကို ဘယ်မှာဝှက်ထားလဲ ဒါဘဲပြော'
    ဦးကြင်ဖေကို မေးသော်လဲ ဦးကြင်ဖေကို မေးသော်လဲ ဦးကြင်ဖေက မပြောချေ။

    'တော်တော် ခေါင်းမာပါလား၊ ထွန်းဇင်နဲ့ ခင်မေသေသလို သေချင်သလား'
    ဦးအေးထွန်း စကားကြောင့် ဦးကြင်ဖေဆိုသူက မည်သို့မျှ မတုန်လှုပ်သော်လဲ ခင်မောင်အေးသည် ပြင်းထန်စွာ တုန်လှုပ်သွားသည် သူ့မိဘနှစ်ပါးနာမည်ဖြစ်သော ကိုထွန်းဇင်နှင့် မခင်မေဆိုသည်ကို ခင်မောင်အေး မည်သည့်အခါမှ မမေ့ခဲ့ချေ။ ထိုသို့ မမေ့အောင်ပင် သူ့အသက်တမျှ ချစ်သူ ညာမေတင်ကို သူ့ မိခင်နံမည် မခင်မေ ဟု အမှတ်သညာ ပြုထားခဲ့ချေသည်။
ဦးအေးထွန်းကို မည်သူဟုမသိ နာမည်ကိုလဲ မသိသော်လဲ ယခု ဦးအေးထွန်းနှုတ်မှ ထွက်လာသော သူ့ မိဘနှစ်ပါး နာမည်ကို ကြားရသောအခါ သူ့မိဘနှစ်ပါးနှင့် သူ့ဘကြီး သူတို့အသိုက်အ၀န်းတခုလုံး တောထဲ မှာ မရှုမလှ အသတ်ခံခဲ့ရ သေခဲ့ရသည်ကို ခင်မောင်အေးသည် မမေ့နိုင်ဘဲ ဖြစ်နေရာမှ မျက်လုံးထဲတွင် ကွက်ကွက် ကွင်း ကွင်း ပြန်မြင်လာမိသည်။

    ယုတ်တရက် ဖြစ်ပေါ်လာသော စိတ်ထိခိုက်မှုကြောင့် ခင်မောင်အေး နှုတ်မှ တောထဲတောင်ထဲတွင် ဖြစ်နေစဉ် ဒေါသဖြစ်စရာ ပေါ်လာသည့်အခါ တောရိုင်းတိရစ္ဆာန်တွေ ဟစ်အော်သလို အသံကြီးမျိုးကို ဒေါသ ကြီးစွာ ဟစ်အော်လိုက်မိသည်။
    အခန်းထဲရှိ လူတွေ တုန်သွားကြသည်၊ ချက်ချင်းပင် ဦးအေးထွန်းသည် သူ့တပည့် တွေကို အမိန့် ပေး လိုက်သည်။

    'ဟေ့ကောင်တွေ ဒီသတ္တ၀ါ အစာဆာပြီနဲ့တူတယ်၊ တောသံပေးနေပြီ၊ တို့တရားကို မြန်မြန်စီရင်ပြီး ဒီသတ္တ၀ါ ကို ကြင်ဖေ နဲ့ လွှတ်ပေးရအောင်၊ တောရိုင်းကောင် အစာဆာတော့ စိတ်ပိုပြီး ဆိုးမယ်ကွ၊ စိတ်ဆိုး တော့ အနားမှာ ရှိနေတဲ့ အကောင်ကို သတ်ဖို့သေချာနေပြီ၊ ကြင်ဖေ ဆိုတာက ဒီတောရိုင်းကောင် လည်မြို တချက် ညှစ်ဘဲ ဖြစ်နေပြီ၊ မင်းတို့အသင့်ပြင်ထားကြ'
    ဦးအေးထွန်း စကားကြောင့် ဦးကြင်ဖေသည် ခင်မောင်အေးကို လှမ်းကြည့်ခါ မျက်နှာပျက်သွားသည်။

    ထိုအချိန်ဝယ် ခင်မောင်အေးကိုယ်ပေါ်မှာ ဦးအေးထွန်းတို့ အယောက်ဆောင် ခြုံပေးထားခဲ့သည့် ညိုညစ်ညစ် ရောင်အ၀တ်က ကိုယ်ပေါ်မှာ လုံလုံခြုံခြုံ မရှိတော့ချေ၊ နဂိုရ်က အမွှေးအမှင်တွေ ဖုံးပြီး ကြောက်စရာ ကောင်းသော ခင်မောင်အေး၏ အသွင်သဏ္ဍာန်သည် ယခုစိတ်ထိခိုက် ဒေါသဖြစ်စရာတွေကို ကြား ရခြင်းကြောင့် ပိုပြီးခက်ထန်ကြမ်းကြုပ်သော အသွင်မျိုး ပေါ်နေသည်။
    ခင်မောင်အေး၏ ရင်တွင်း အသည်းနှလုံးသားထဲက စိတ်နေစိတ်ထား အမှန်ကိုမသိရသော ဤလူသိုက် အဘို့ ခင်မောင်အေး သည် တကယ်ပင် အစာဆာဒေါသဖြစ်တာ သတ်ချင်ဖြတ်ချင်စိတ် ပေါက်နေသည့် တောရိုင်း ကောင် လူရိုင်းတယောက် ဖြစ်နေချေသည်။

    ဦးကြင်ဖေ စိတ်ထဲမှာလဲ ဤအတိုင်းပင် ထင်မြင် ယူဆနေသည့်အတွက် မျက်နှာပျက်သွား ခြင်းဖြစ်သည်။
    တပည့် တွေက ဘာတွေပြင်ဆင်နေကြသည်မသိ၊ ဦးအေးထွန်းက ရင်တွင်း ထိတ်လန့်စိတ်ကြောင့် မျက်နှာ ပျက်နေသော ဦးကြင်ဖေကို ပြောလိုက်သည်။
    'ဘယ်လိုလဲ သိပ်ကြောက်သွားပြီလား၊ ထွန်းဇင်နဲ့ ခင်မေ သေရတာက ဓါားနဲ့ ခုတ်လို့ တချက်ထဲနဲ့ သေရတာ ဆိုတော့ အလွန်သက်သာသော သေခြင်းမျိုး ကြင်ဖေရဲ့၊ မင်းကတော့ ဟောဒီ တောရိုင်းကောင် အစာ ဆာလွန်း လို့ ဒေါသဖြစ်နေတဲ့ တောရိုင်းကောင် လက်ထဲမှာ တော်တော်နဲ့ မသေနိုင်ဘဲ ဝေဒနာကို တစိမ့်စိမ့် ခံစားနေရမှာ တွေးကြည့်စမ်း၊ အဲဒီတော့ ငါတို့လက်ထဲက ထွက်ပြေးစဉ်က ယူသွားတဲ့ ရွှေတွေကို ပြန်ပေး မလား မပေးဘူးလား၊ ရွှေတွေ ပြန်ပေးရင် လွတ်မယ် မသေချင်ရင် ပြန်ပေး'

    ကြောက်လန့်စိတ်ကြောာင့် မျက်နှာပျက်နေသော ဦးကြင်ဖေ၏ မျက်နှာသည် ပြန်လည် တင်းမာ သွားသည်၊ ဦးအေးထွန်း စကားကြောင့် ကြီးစွာသော ဒေါသဖြင့် အံကြိတ်လိုက် သော ခင်မောင်အေး၏ သွားခြင်း ထိသံ ကြိတ်သံသည် ဦးအေးထွန်းနှင့် ဦးကြင်ဖေတို့ ကောင်းစွာ ကြားလောက်အောင်ပင် ကျယ်သွားသည်။
    'ဟော...ကြားလား အစာဆာလို့ တောကောင်ဒါသဖြစ်နေတာ၊ အခုလွှတ်ပေးလိုက်ရင် မင်းကို ကိုက်ဖဲ့ စား မှာ သေချာတယ်၊ ပြောစမ်း'
    ဦးကြင်ဖေက ခင်မောင်အေးကို တချက်လှည့်ကြည့်လိုက်သည်၊ ခင်မောင်အေး ကလဲ အကြည့် ဆုံ သွားသည်၊ ဒေါသဖြစ်၍ စိမ်းနေသော ခင်မောင်အေး မျက်လုံးသည် မြင်ရသူအဘို့ အမှန်ပင် ကြောက်စရာ ကောင်း နေပေသည်။

    ဦးကြင်ဖေက ခင်မောင်အေးကို မျက်နှာလွှဲပြီးပြောလိုက်သည်။
    'လူဆိုး ဓားပြလူသတ်သမား အေးထွန်း၊ နင့်ကို ဘာမှမပြောနိုင်ဘူး၊ ဘာမှ မပေးနိုင်ဘူး၊ ငါ့အမနဲ့ ငါ့ ယောက်ဖ က တပင်တပန်း ရှာထားတဲ့ ပစ္စည်းကို ခံစားထိုက်သူဟာ ငါ့အမနဲ့ ယောက်ဖက မွေးထားခဲ့တဲ့ ငါ့တူလေး ခင်မောင်အေးဘဲရှိတယ်၊ ငါ့တူလေး နင်တိုက လက်ချက်ကြောင့် တောထဲမှာ ပျောက်သွားတာ သေလား ရှင်လား မသိဘူး၊ ဒီပစ္စည်းတွေကို ငါ့တူလေး ခင်မောင်အေးကလွဲရင် ဘယ်သူ့ကိုမှ မပေးဘူးကွ၊ နင်တို့ သတ်ချင်ရင် အချိန်မရွေး သတ်လိုက်၊ ငါပေးလဲ သတ်မှာဘဲ၊ မပေးလဲသတ်မှာဘဲ၊ ဘာကြောင့် ငါ့ကို အမိုက်ခံ ပြီး ပေးခဲ့ရမှာလဲ ငါမြှုပ်ထားခဲ့တဲ့ နေရာမှာဘဲ မြေကြီး သြာဇာဖြစ်ပေစေတော့ နင်တို့ကို မပေးဘူး'
    ဦးကြင်ဖေ က ပြတ်သားစွာပြောလိုက်သည်။

    ခင်မောင်အေးသည် သူတို့နှစ်ယောက်ပြောနေသည့်စကားတွေကို ကြားရခြင်းဖြင့် ကြိုးတုပ် ခံထားရသူသည် သူ့မိဘတွေ၏ ရန်သူမဟုတ်ဘဲ သူ့ကို ရှာနေသူဖြစ်ကြောင်း အသေအချာ သိလိုက် ရသော အခါ ဦးအေးထွန်းဆိုသူကို ဒေါသဖြစ်လွန်းသောကြောင့် နေရာမှ ခုန်ထလိုက်မိသည်၊ သို့သော် ခြေရော လက်ရော ကြိုးတွေ ခိုင်မာမြဲမြံစွာ တုပ်နှောင်ထားခြင်း ခံနေရသော ခင်မောင်အေး သည် စိတ်ရှိ သလို မဖြစ်နိုင်ရှာဘဲ ဟန်ပျက်ကာ တုံးလုံးလဲသွားသည်။

    'ဟား....ဟား...ဟား...ဟား... ဒီအကောင် ဒေါသတော့ သဘောကျတယ်ဟေ့၊ ကြင်ဖေရေ မင်း အသားအသွေးကို အစာဆာနေတဲ့ သတ္တ၀ါတကောင်ကို လှူလိုက်ရတာ ကုသိုလ်ရတယ်လို့ သဘောထား လိုက်တော့ ပေါ့ကွာ၊ မင်းက ငါပြောတဲ့ စကားကို နားမ၀င်ဘဲ ခေါင်းမာတော့လဲ ငါ့အဘို့ မင်းကို စီရင်စရာ ဒီနည်းက လွဲပြီး မရှိတော့ဘူးလေ'
    'မင်းတို့လက်ထဲ ရောက်နေမှတော့ မင်းတို့ကြိုက်တဲ့ နည်းနဲ့ စီရင်ပါ၊ ရန်သူဆိုတာ ဦးရာလူက လုပ်တန်း ဘဲ၊ ငါသေရမှာ မကြောက်ဘူး၊ တခုဘဲ ငါဝမ်းနည်းတယ်၊ မင်းလိုလူယုတ်မာနဲ့ ပေါင်းမိလို့ ငါ့အမနဲ့ ငါ့ယောက်ဖ ရော ငါ့အကို ရော သေရပြီး ငါ့တူလေး လူမမယ် ခင်မောင်အေးလေးကို ရှာမတွေ့နိုင်အောင် ဖြစ်ရတာရယ်၊ မင်းတို့ မင်းတို့အလွန်အမင်း လောဘတက်နေတဲ့ ငါ့အစ်မနဲ့ ယောက်ဖပိုင်ရွှေတွေကို တကယ် ခံစားထိုက်တဲ့ ငါ့တူလေး ခင်မောင်အေးကို မပေးနိုင်ဘဲ ဖြစ်ရတာရယ်'

    ဦးကြင်ဖေ စကားမဆုံးမှီ  ဦးအေးထွန်းက...
    'နောက် ဘာတွေများ ၀မ်းနည်းစရာ ကျန်သေးလဲ ကြင်ဖေရ၊ မင်းကိုယ်ခန္ဓာကို လူရိုင်းတကောင်ထံမှာ အစာ အဖြစ်နဲ့ မလှူခင်မှာ ကြေနပ်အောင် ပြောသွားစမ်း'   
    ဟု ဖြတ်ပြောလိုက်သည်။
    'ပြောမှာဘဲ အေးထွန်း၊ မင်းတို့တမြုံလုံးကို ငါစိတ်တိုင်းကျ လက်စားမချေခဲ့နိုင်တာဘဲ'
    ဦးကြင်ဖေ က အကြိတ်အခဲကြီးစွာ ပြောနေသော် နိုင်နေသူ ဦးအေးထွန်း အမူအရာက အေးအေး ဆေးဆေး ပင် ဖြစ်နေသည်'
    'ပြီးကြပြီလားဟေ့'
    ဦးအေးထွန်း က အသံကိုမြှင့်ပြီး မေးလိုက်သည်။

    တပည့်တယောက်က ၀င်လာသည်။
    'ဟိုအရိုင်းကောင် စားသောက်ပြီးလို့ ကျန်တဲ့ အစအန ဖျောက်ဖျက်ဘို့အတွက် အားလုံး လုပ်ပြီးပါပြီ ဆရာ ၊ လေ၀င်ပေါက် တွေ ကိုလဲ အားလုံး ပိတ်ထားလိုက်ပြီးပြီ၊ မတော်တဆ လေ၀င်ပေါက်တွေက အသံ ထွက်သွားမှာ စိုးလို့ပါ'
    'အေးကောင်းတယ်၊ ကဲအရိုင်းကောင်ကိုပြင်လိုက်စမ်း'
    ဦးအေးထွန်း က အမိန့်ပေးလိုက်သည်။

    ခင်မောင်အေးကို ကြိုးချည်ထားပုံမှာ ခြေချင်းဝတ် နှစ်ဖက်ကို ပူးချည်ထားသည်၊ လက်နှစ်ဖက်ကိုမူ ကြိုး တချောင်းစီ ဖြင့် လက်ပြန်သဘောမျိုး ခါးဘက်မှာ ချည်ထားသည်၊ ခင်မောင်အေးကို အစာ ကျွေးသည့် အခါမှာ လက်တဖက်ကိုသာ ကြိုးဖြေပေးထားသဖြင့် ကျန်လက်တဖက်သည် ခါးမှာ ချည်မြဲတိုင်း အခြေ အနေ မှာ ရှိနေသည်။
    ထိုကြောင့် ဦးအေးထွန်းက အရိုင်းကောင်ကို ပြင်လိုက်စမ်းဆိုသည်မှာ လက်တဖက်က ကြိုးကို ဖြေခိုင်း လိုက်ခြင်းဖြစ်သည်၊ ခင်မောင်အေး ယာဘက်လက်သည် အနှောင်အဖွဲကမှ လွတ်သွားလေပြီ၊ သို့သော် ခြေနှစ်ချောင်းကို ပူးချည်ထားသည့် ကြိုးလက်တဖက်ကို ခါးမှာကပ်ပြီး နောက်ပြန်ချည်ထားသည့် ကြိုးတွေက ရှိနေသေးသည့်အတွက် ခင်မောင်အေးသည် မည်သို့မှ ရန်မမူနိုင်သေး၊ မခုခံနိုင်သေးချေ။

    ဦးအေးထွန်းနှင့်တကွ သူ့တပည့်တွေအားလုံးသည် အခန်းထဲက လျှင်မြန်စွာ ထွက်လိုက်ကြသည်။ အခန်းတံခါးကို ပိတ်ရန်ဆွဲလိုက်ကြပြီး ပိတ်လုဆဲဆဲမှာ အသွားဆယ်လက်မမျှလောက်ရှိသည့် ဓားမြောင် တချောင်း ကို ခင်မောင်အေး အနားရောက်အောင် ပြစ်ပေးလိုက်ကြသည်၊ ထိုနောက် တံခါးကို လျှင်မြန်စွာ ပိတ်လိုက်ကြသည်။
    အပြင်ဘက်က သော့ခတ်သွားသည့်အသံကို ခင်မောင်အေး မသိလိုက်သော်လဲ ဦးကြင်ဖေက သိ လိုက်သည်၊ အစာအလွန်အမင်း စာနေသော တောရိုင်းကောင်လက်ထဲမှာ ဓားပေးထားခဲ့သည်၊ ဦးအေးထွန်း တို့ကမူ သူတို့ တွက်ကိန်းဖြင့် သူတို့ကြေနပ်စွာ အေးအေးဆေးဆေး ထွက်ခွာသွားကြလေပြီ။

    ရုတ်တရက်တံခါးတွေ ပိတ်လိုက်သည့်အတွက် အခန်းထဲမှာ မှောင်သွားသည်၊ သို့သော် နေ့အချိန်ဖြစ်၍ တောထဲတောင်ထဲ ညအမှောင်တွင် ကျက်စားခဲ့ဘူးသည့် ခင်မောင်အေး၏ မျက်လုံးများက ဤမျှလောက် အမှောင် ထဲမှာ ကောင်းစွာမြင်နေသည်၊ ခင်မောင်အေးသည် သူ့အနားရောက်လာသော ဓားဖြင့် သူ့ကိုယ် မှာ နှောင်ဖွဲ့ထားသည့် ကြိုးတွေကို ဖြတ်လိုက်သည်၊ ခြေရောလက်ရော လွတ်လပ်သွားသောအခါ ခင်မောင်အေး သည် ဓား ကို ကိုင်ကာ ဦးကြင်ဖေအနားသို့ ကြောင်တကောင်လို ငြင်သာစွာကပ် သွားသည်။

    ဦးကြင်ဖေသည် ခင်မောင်အေး သူ့ကိုယ်မှာ တုပ်ထားသည် ကြိုးတွေကို ဖြုတ်နေစဉ်မှာ မှောင်ထဲတွင် ကျင့်သား အနည်းငယ် ရလာသော မျက်လုံးဖြင့် ကြိုးစားကြည့်၍ မြင်နေခဲ့သည်၊ ယခု ခင်မောင်အေးက ဓားကြီး ကိုင်ပြီး သူ့ထံလာနေပြီ၊ ဦးကြင်ဖေ၏ စိတ်ထဲမှာ ဦးအေးထွန်း ပြောစကားအရ အစာအလွန်အမင်း ဆာလောင် နေသော လူသားစား လူရိုင်းတယောက်ဖြစ်သည့်အတွက် သူ့ကိုသတ်ပြီး သူ့အသားကို လှီးဖြတ် စားရန် လာခြင်းဖြစ်မည်ဟု ဦးကြင်ဖေက ထင်လိုက်သည်၊ အစာငတ်ထားခဲ့သည်မှာ သုံးရက်တိုင်ပြီဖြစ် သောကြောင့် အားအင်ကုန်ခန်းနွမ်းနယ်နေသည့် ဦးကြင်ဖေသည် ယခုတင်က ပြင်းထန်သော ဒေါသ ဖြင့် စကား ပြောလိုက်ရသဖြင့် ပိုပြီး မောပန်းအားကုန်နေသည်။

    ရုန်းကန်အော်ဟစ်လိုစိတ်မရှိတော့၊ ကြိုးတွေ တုပ်ထားသဖြင့်   ရုန်းကန်ခုခံ၍လဲ မဖြစ်နိုင်ချေ၊ လူစကား နားမလည် သည့် အရိုင်းကောင်လက်ထဲမှာ အော်ဟစ်ပြောဆို အကူအညီ တောင်းနေခြင်းဖြင့် မည်သည့် အကျိုး မှ မရှိနိုင်သည်ကို စဉ်းစားကာ ဖြစ်ချင်ရာဖြစ်စေတော့ ဟူသည့်သဘောဖြင့် မျက်လုံးကို မှိတ် နေ လိုက်သည်။

    သူ့အနားကို ခင်မောင်အေး ရောက်လာပြီး သူ့အသားကို ထိလိုက်သည်ကို သိလိုက်သည်၊ မည်မျှပင် စိတ်ကိုလျှော့ထားစေကာမူ သတ္တ၀ါမှန်လျှင် သေဘေးကို ကြောက်ကြသည်ချည်း ဖြစ်သည့်အလျှောက် ဦးကြင်ဖေ သည် တကိုယ်လုံး ဆတ်ဆတ်တုံနေရှာသည်၊ ဓားကြီးနဲ့ ငါ့လည်မြိုကို ထိုးဖောက်လိုက်မည်လား၊ လက်မောင်း က အသားကို လှီးမည်လား၊ ဗိုက်ကို ဖော်လိုက်မည်လားဟူသော အတွေးဖြင့် ဇောချွေးတွေ ပြန့်နေသည်၊ သို့သော် ဦးကြင်ဖေထင်သလို မဟုတ်ဘဲ အရိုင်းကောင်သည် သူ့ကိုယ်ပေးမှာ တုတ်နှောင် ထားသည့် ကြိုးတွေကို အသား မထိခိုက်ရအောင် ငြင်သာစွာ ဖြတ်ပေးနေသည်ကို သိရသော အခါ ဦးကြင်ဖေ သည် ကြီးစွာသော အံသြခြင်း ဖြစ်မိသည်။

ဆက်ရန်
.

1 comment:

Ei said...

thanks..awaiting next post