Thursday, May 5, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၇)

အခန်း(၉)
လင်ကီ

၁၉၆၁ခုနှစ်တွင် မင်ဟက်တန်သို့ လင်ကီ ပြောင်းလာခဲ့သည်။ စာအုပ်နှစ်အုပ် ၀က်ဝက်ကွဲအောင် စွံ သွားသည့် ကာလ ဖြစ်၏။ တစ်အုပ်က ဂျိုးဇက် ဟယ်လာ၏ ဒုတိယကမ္ဘာစစ် နောက်ခံ ဟာသ၀တ္ထု၊ နောက်တစ်အုပ် က ဂျေဒီ ဆလင်ဂျာ၏ စိတ်နယ်လွန်ဝတ္ထု။
ဒုတိယ ၀တ္ထုမှာ ခြောက်ဆယ်ခုနှစ်များက အမေရိကန်တွင် အလွန် ခေတ်စားသည့် အရှေ့တိုင်း စိတ်နယ်လွန် ဖြစ်ရပ်ဆန်းများကို နောက်ခံထားသည့် ၀တ္ထု ဖြစ်သည်။ ပေါက်သွားသည့် ဟာသ ၀တ္ထုမှာ အမေရိကန် စစ်တပ် အုပ်ချုပ်ရေးပိုင်းကို သရော်သည့် ၀တ္ထု ဖြစ်သည်။ ဆယ်နှစ်လောက် ရောင်းစွံနေသည့် စာအုပ် မျိုး။

မိသားစုပိုင် ၀က်စ်ပို့အိမ်ကြီးမှာ လင်ကီ တစ်ယောက်တည်းအတွက် ကြီးမားလွန်းနေသည်။ ပြီးတော့ သတိရ စရာ တွေ အပြည့်၊ ထို့ကြောင့် နယူးယောက်ကို ပြောင်းနေဖို့ ဆုံးဖြတ်လိုက်၏။ မက်ဟက်တန်လို စည်ကား သည့် ရပ်ကွက်မှ လူတွေထဲတွင် ရောနှောမျောပါနေလိုက်မည်။
အိမ်ကြီးကို ရောင်းဖို့ ရှေ့နေကြီးအား လွှဲအပ်ပြီး နယူးယောက်မြို့၊ မင်ဟက်တန်ရပ်ကွက်တွင် တိုက်ခန်း တစ်ခန်း ၀ယ်လိုက်သည်။ စာအုပ်တိုက်များတွင် စာရင်းဖွင့်ပြီး စာအုပ် ၀ယ်ဖတ်ရင်း ထုတ်ဝေရေး လောက ကို ၀င်ဖို့ ဆုံးဖြတ်လိုက်၏။

"သမီးက စာဖတ်ချင်တယ်လေ။ စာလည်း ဖတ်ရမယ်။ ပိုက်ဆံလည်း ရမယ်ဆိုရင် အဲဒီ အလုပ်ဟာ သမီးနဲ့ အလိုက်ဆုံး ပေါ့"
ဟု အယ်လ်ဗင်အား ပြောပြသည်။
အလုပ်တစ်ခုခုကို ၀င်လိုက်ခြင်းအားဖြင့် စိတ်လည်း ငြိမ်တန်ကောင်းရဲ့ဟု လင်ကီ မျှော်လင့်သည်။ အလုပ် ကို မနားမနေ လုပ်ခြင်းအားဖြင့် အခက်အခဲတွေ၊ ပြဿနာတွေကို ကျော်လွန်နိုင်သည် ဟူသည့် အယူအဆ ကို မိဘနှစ်ပါး ထံမှ လင်ကီ အမွေရထားခြင်း ဖြစ်၏။

အဖေနှင့် အမေအတွက် ခံစားနေရသည့် ဝေဒနာကို အလုပ်နှင့် ကုစားခြင်းက အကောင်းဆုံး မဟုတ်လား။ ဘ၀ ကို မတ်မတ်လျှောက်နိုင်ပြီ။ ကိုယ့်ကိုယ်ကိုယ် အခိုင်အမာ ထိန်းနိုင်ပြီဟု လင်ကီ ယုံကြည်လိုက်၏။

သတင်းစာ တွင် ပါသမျှ အလုပ်ခေါ် ကြော်ငြာတွင် စိတ်ပါလက်ပါ  မရှိလှဘဲ ၀တ်ကျေတန်းကျေ လျှောက်လွှာ တင်သည်။ အမျိုးသမီးလောက မဂ္ဂဇင်းမှ လူတွေ့ စစ်ဆေးဖို့ ခေါ်သည်။ "အမျိုးသမီး လောက" မှာ "မေ့ဂေဟာ" မဂ္ဂဇင်းနှင့် တွဲလျက်ဖြစ်ပြီး အိမ်အလှဆင်နည်း၊ ချက်နည်းပြုတ်နည်း ကဏ္ဍတို့ ပါဝင်သည့် နာမည်ရ မဂ္ဂဇင်း တစ်စောင် ဖြစ်၏။
ရသစုံ ပါဝင်ပြီး အရှိန်သြဇာ အကြီးဆုံး မဂ္ဂဇင်းတစ်စောင် ဖြစ်၍ ရရာအလုပ်လုပ်ဖို့ လင်ကီ လျှောက် လိုက်ခြင်း ဖြစ်၏။ ဖြန့်ချိသော စောင်ရေက သန်းကျော်၊ ကြော်ငြာခနှင့် ထိုင်စားနိုင်သည့် မဂ္ဂဇင်းမျိုး။ စာဖတ် ပရိသတ် က လူတန်းစားပေါင်းစုံ။

"အယ်ဒီတာအဖွဲကမှာတော့ အတွင်းရေးမှူးတစ်ယောက်လိုနေတာ" ဟု ဒါရိုက်တာ အဖွဲ့ဝင် တစ်ယောက်က လင်ကီ ၏ ကျောင်းထွက်လက်မှတ်မှ ဘာသာတိုင်း ဂုဏ်ထူးထွက်သည့် အမှတ်တွေနှင့် ကျောင်းမဂ္ဂဇင်းတွင် အယ်ဒီတာ လုပ်ခဲ့သ်ည့ ထောက်ခံစာတိုကို မသိကျိုးကျွံပြုပြီး ပြောသည်။
"မင်း လက်နှိပ်စက် ရိုက်တတ်သလား"
"ဟုတ်ကဲ့" လင်ကီ ရိုက်ပြရသည်။ စံချိန်က တစ်မိနစ်မှာ လုံးရေ ငါးဆယ့်ငါး။

စက်တင်ဘာလ ဒုတိယပတ်တွင် လင်ကီ အလုပ် ၀င်သည်။ သူနှင့် တွဲရမည့် အယ်ဒီတာဆရာက ချာလီလ၀့်။ ဆံပင် တွေ ကော မုတ်ဆိတ်တွေပါ ဖြူဖွေးနေပြီ။ မျက်လုံးပြာများကမူ အရောင် တဖျတ်ဖျတ်။ ခရစ္စမတ် ဘိုးဘိုး လို ချစ်စိရာ ကောင်းမည့် လူကြီးဟု လင်ကီ အကဲခတ်လိုက်၏။

ဟင်း မိတ်ဆွေကောင်းတစ်ယောက်တော့ ရပြီထင်ရဲ့။ အဖေ့လို အားကိုးလို့ ရနိုင်သည့် လူစားမျိုး ဆိုလျှင် ဘယ်လောက် ကောင်းမလဲနော်။
ချာလီသည် အသက် ငါးဆယ်ကျော်ခဲ့ပြီ ဖြစ်သော်လည်း သားသမီး မရခဲ့။ ဘ၀ကို ဘယ်ဒီတာ လောကတွင် မြှုပ်နှံ ထားခဲ့၏။ "အမျိုးသမီး" တွင် အယ်ဒီတာ လုပ်သက် နှစ်ဆယ်ကျော်ခဲ့ပြီး၊ ဒါဘယ်လ်ဒေး စာအုပ်တိုက် တွင် စာတော်ဖတ် ဘ၀မှ တစ်ဆင့် အယ်ဒီတာ ဖြစ်ခဲ့ပြီးမှ "အမျိုးသမီး" ကို ပြောင်းလာခြင်း ဖြစ်၏။ ဒါဘယ်လ်ဒေး တွင် ထုတ်လုပ်မှု ဌာနမှ အတွင်းရေးမှူး အမျိုးသမီးနှင့် အိမ်ထောင်ကျခဲ့သည်။ အမျိုးသမီးက ယခုထိ ဒါဘယ်လ်ဒေးတွင် အလုပ်လုပ်ဆဲ ဖြစ်သည်။

ချာလီက ၀တ္ထုကောင်းတွေ ရှာဖွေရာတွင် အလွန်တော်သည့် စာအုပ်မုဆိုး ဖြစ်သည်။ "အမျိုးသမီး လောက" တိုးတက် လာခြင်းမှာ ၀တ္ထုကောင်းတွေကို အနှစ်ချုပ်ထည့်သွင်းသည့် ကဏ္ဍကြောင့် ဖြစ် သည်။
လင်ကီ အလုပ်ဝင်သည့် အချိန်တွင်တော့ ချာလီတစ်ယောက် ရေစုံမျောစပြုနေပြီ။ တည်ဆောက် မွေးမြူ ခဲ့သည့် စာတည်း ပညာရပ်ကို သုံးပြီး ငြိမ့်ငြိမ့်ကလေး ကိုယ်ဖော့မျောပါနေခြင်းမျိုး။
"ကိုယ် ခု သိပ်မဖတ်တော့ဘူး။ ထုတ်ဝေသူ မဂ္ဂဇင်းမှာ ပါတဲ့ စာအုပ်အညွှန်းတွေ ကြည့်ပြီး ကိုယ်တို့ မဂ္ဂဇင်း ပရိသတ် ကြိုက်မယ့် ၀တ္ထုမျိုး ရွေးလိုက်တာပဲ" ဟု ချာလီက ၀န်ခံသည်။

ချာလီလင့်သည် ယမကာကလေး တမြမြနှင့် ရှည်ကြာသော နေ့လယ်စာကို ဇိမ်ဆွဲစားတတ်ခြင်း အတွက် လည်း နာမည်ကြီးသူ ဖြစ်သည်။ နေ့လယ်စာကို မာတီနီ နှစ်ခွက်၊ ၀ိုင်ဖြူပုလင်းဝက် လောက်နှင့် မျှောချမှ မျိုကျသူ ဖြစ်၏။ အောင်မြင်မှု အထိမ်းအမှတ်တစ်ခုခု ရှိလျှင်တော့ အစာပိတ်ကော်ဖီထဲကို ဘရန်ဒီ ထပ် ထည့် သေးသည်။
"မနေ့က ညနေပိုင်းမှာ သူမူးနေတယ် ထင်တယ် မမ" ဟု လင်ကီက ပျိုမေတို့အလှကဏ္ဍ အယ်ဒီတာ ကော်ရယ် ၀င်စတိန် ကို ပြောပြတော့ မမ ကော်ရယ်က
"သူမူးတာများကွယ်၊ အဆန်းလုပ်လို့" ဟု ပြန်ပြောသည်။

တဖြည်းဖြည်းမှ လင်ကီ နားလည်လာသည်။ မနက်ပိုင်းက ချာလီလင့်နှင့် နေ့လယ်စာ စားပြီး ပြန်ရောက် လာသည့် ချာလီလင့်သည် တစ်ယောက်စီလို ဖြစ်နေသည်။
မနက်ပိုင်းတွင် ပြောခဲ့သည့် စကားလုံးတွေ အစီအစဉ်တွေကို ညနေပိုင်းတွင် သူ အားလုံး မေ့နေ တတ်၏။ အရှိန် နှင့် အိပ်ငိုက်နေတတ်၏။
အရေးတကြီး ဆုံးဖြတ်ချက် ချစရာများကို လင်ကီက နောက်တစ်နေ့မှ တင်ပြရသည်။

ကြာတော့ လင်ကီ ကျင့်သားရလာသည်။ ဘာမှ ထူးထူးထွေထွေ မစဉ်းစားတော့ဘဲ မနက်ရှစ်နာရီခွဲ တွင် တိုက် အရောင်လာသည်။ ဆရာ အယ်ဒီတာ ရောက်လာလျှင် ကော်ဖီကရားကို ပြုံးပြုံးကလေး သွားပို့သည်။ ပြီးမှ လုပ်စရာရှိသည်များကို တင်ပြသည်။
"တေးဆိုငှက်ကလေးကို သတ်ရမယ်ဆိုရင်" ၀တ္ထုလစဉ်ထည့်ဖို့ ကိစ္စ ဒီနေ့ အဖြေပေးရမယ်"
"ဂါရီဘိုဒိုင်း က အိုင်ဗင်းစတုန်းကို ချုံ့ရေးနေတာ မပြီးသေးဘူး၊ သူ့ကို ခေါ်ပေးရမလား"
စသည်ဖြင့် လင်ကီက အရက်နာကျနေပုံရသည့် အယ်ဒီတာကြီးအား သတိပေးရသည်။

အိုင်ဗင်ဝေါလေ့စ်ရဲ့ စာမူအသစ်တစ်ပုဒ် ဒီနေ့ ရောက်လာတယ်။ စာပေနိုဘဲလ်ဆုရတွေရဲ့ နောက်ကွယ်က အကြောင်း တွေ ဇာတ်အိမ်ဖွဲ့ ရေးထားတာ၊ တိုက်တိုင်းက ဒီစာမူကို လိုချင်နေကြ တာ၊ လင်ကီတို့ ယူမယ်ဆိုရင် အဒမ်ကာလိုနဲ့ ညှိလိုက်ပါလား"
အဒမ်ကာလို မှာ စာရေးဆရာကြီး အိုင်ဗင်ဝေါ့လစ်၏ ကိုယ်စားလှယ် ဖြစ်သည်။

အလုပ်ထဲတွင် လင်ကီလုပ်ရင်း လုပ်ရင်း စိတ်ဝင်စားလာသည်။ "ထုတ်ဝေသူ မဂ္ဂဇင်း" ကို အပတ်စဉ် ဖတ်သည်။ စင်စစ် သည်မဂ္ဂဇင်းမှာ အပတ်စဉ် ထွက်သည့် ဂျာနယ် ဖြစ်၏။ ရံခါတွင် မထွက်သေးသည့် စာအုပ်မျိုး ကို "အမျိုးသမီး" အတွက် ကြိုရွေးဖို့ အကြံပြုတတ်သည်။
ဘယ် စာရေးဆရာက ဘယ်တိုက်မှ ဘယ်တိုက်သို့ ပြောင်းသွားကြောင်း သတင်းများကိုလည်း ဆရာ အယ်ဒီတာ ကို ပြောပြတတ်၏။ စာအုပ်သင်း၏ ဘယ်စာအုပ် ရွေးသင့်ကြောင်း၊ ဘယ်စာအုပ် ကို ဘယ်ရုပ်ရှင် ကုမ္ပဏီက ၀ယ်သွားကြောင်းများကိုလည်း သတင်းပေးတတ်၏။

အိမ်ထောင်စုမရှိ၊ ရည်စားသနံမရှိသဖြင့်လည်း အလုပ်ထဲတွင် ပို၍ အာရုံ စုစည်းနိုင်လေသည်။ အလုပ်တွေကို အိမ်ယူလုပ်သည်။ စာမူတွေကို စာကြည့်တိုက်သွားသည့်အခါ ဖတ်သည်။
လင်ကီ့ အလုပ်တာဝန်တွင် မည်သည့် ကဏ္ဍတွေ ပါဝင်ကြောင်း ဘယ်သူမှ တိတိကျကျ ပြောမထား။ ချာလီလင့်ကိုယ်တိုင်လည်း သတ်မှတ်ပေးထားခြင်း မရှိ။
အလုပ်ထဲတွင် စိတ်မ၀င်စားတော့ပြီဖြစ်သော အလွန်မတန် မေ့မေ့လျော့လော့ နေတတ်သော အယ်ဒီတာ၏ လက်အောက် တွင် လင်ကီသည် မညည်းမညူ အောက်ခြေသိမ်း ကျုံးရုန်းလုပ်သည်။ သူနှင့် ထိတ်တိုက် မတွေ့ဘဲ လုပ်ငန်း တစ်ခု ပြတ်သွားအောင် လင်ကီ လုပ်တတ်နေပြီ။

"မင်းဘာလို့ ဒါလောက် အပင်ပန်းခံနေရတာလဲ၊ ချာလီက အဲဒီအတွက် မင်းကို ဆုချမယ်များ ထင်နေလား" ဟု မမကော်ရယ်က သတိပေးသည်။
"ဆုကလေး ဘာလေးများ ရမားလို့ မမရေ" ဟု အလိုက်သင့် လင်ကီ ပြန်ပြောတတ်သည်။
"ရသင့် ရထိုက်တဲ့ ရာထူးကိုလည်း မင်း သူ့ဆီမှာ တောင်းကြည့်ပါဦး"
"မင်းသာ မရှိရင် ကိုယ့်တော့် ဒုက္ခပဲ"

သုံးလအကြာတွင် ချာလီက ဤသို့ ပြောဖော်ရလာသည်။ ဘာမှ လှည့်မကြည့် ငဲံမကြည့်ရ လောက်အောင် တော်သည့် သူ့အတွင်းရေးမှူးကလေး ကို ချာလီလင့်က သဘောအကျကြီး ကျနေ၏။
လင်ကီ အလုပ်ပိုလုပ်လာလေလေ၊ သူက လုပ်ပိုင်ခွင့်တွေပို ပေးလာလေလေ။
"မင်းလောက် တော်တဲ့ မိန်းကလေး ကိုယ်တစ်ခါမှ မတွေ့ဖူးဘူး၊ မင်းကြောင့် ကိုယ် ခုလို နေနိုင်တာ" ဟု နေ့လယ်စာ ၀ိုင်းမှ ပြန်ချိန်များတွင် ပြောတတ်၏။ သူ၏ နေ့လယ်စားချိန်မှာလည်း တစ်နေ့တစ်ခြား ကြာ သည် ထက် ကြာလ၏။  ပြန်လာလျှင် မျက်နှာတစ်ပြင်လုံး နီရဲလျက်။

တစ်နေ့ခင်းလုံး ရုံးမှ ပျောက်နေပြီး ချာလီတစ်ယောက် ယမကာနှင့် ငြိမ့်နေချိန်တွင် သူ လစ်နေမှန်း အယ်ဒီတာချုပ် မသိအောင် လင်ကိက ဖုံးရဖိရသည်။ တယ်လီဖုန်းတွေ ၀င်လာလျှင် အကြောင်း အမျိုးမျိုး ပြပြီး ကာကွယ်ရသည်။ ချက်ချင်း ပြန်စရာ ရှိသည့် စာများ ၀င်လာလျှင် လက်မနှေးဘဲ ကိုယ့်သဘော နှင့်ကိုယ် ပြန်ရသည်။
ဒီဇင်ဘာလ ရက်တစ်ရက်တွင် ချာလီက လင်ကီကို သူ့ ရုံးခန်းထဲ ခေါ်မေးသည်။

"မင်း ဧည့်ခံပွဲတစ်ခု တက်မလား လင်ကီ"
စာအုပ်လောကနှင့် ကြော်ငြာလောကမှ ဧည့်ခံပွဲအမျိုးမျိုး၊ ဖိတ်စာတွေ ချာလီထံ အမြဲ လာတတ် သည်။ ချာလီ က သည်လို ပွဲမျိုးတွေကို လုပ်ငန်းနှင့် ဆက်စပ်နေသဖြင့် အလုပ်ဟု သဘောထား၏။ ထို့ကြောင့် ညနေ ငါးနာရီထိုးသည်နှင့် ပွဲတစ်ပွဲသို့ အရောက်သွားပြီး နွှဲ၏။ စင်စစ် နေ့လယ်က ချထားသည့် အရှိန် ကလေး မပြယ်မီ စောစော အားဖြည့်ခြင်း ဖြစ်သည်။
"သြော် ပလာဇာမှာလုပ်တဲ့ ဒါဘယ်လ်ဒေး တိုက်ရဲ့ ခရစ္စမတ် အကြိုပွဲလား၊ အင်း ကောင်းသားပဲ" လင်ကီ က သူ နှင့် အတူ သွားရမည်အထင်နှင့် ပြောလိုက်ခြင်း ဖြစ်သည်။

"မဟုတ်ဘူး၊ ဒါဘယ်လ်ဒေးကို ကိုယ်တစ်ယောက်တည်း သွားမှာ။ ဥတ္တရကြယ်တိုက်က ဖိတ်တဲ့ပွဲ ကို ပြောနေတာ"
သူက လင်ကီ့ကို ဖိတ်စာ ကမ်းပေးရင်း ပြောသည်။ သည်စာအုပ်တိုက်ကို လင်ကီ တစ်ခါမှ မကြားဖူးသေး။ လျှို့ဝှက်သည်းဖို အဖုံးပျော့တွေ ထုတ်ဝေသည့် တိုက်သစ်တစ်ခုဟု သိရ၏။ သည်တိုက်မှ ထွက်သည့် စာအုပ် များမှာ သူလျှိုဇာတ်လမ်းတွေ များပြီး လူစွမ်းကောင်း ဇာတ်လိုက် မှာ မင်းသားတွေချည်း။

တတိယရိပ်သာလမ်း ဥတ္တရကြယ် ဧည့်ခံပွဲကို လင်ကီ တက်သည်။ တိုက်ပိုင်ရှင် ဂေါ်ဒွန်ရေဂျာနှင့် တွေ့ရ၏။ သူ က အဖုံးပျော့ ၀တ္ထုစာအုပ်များ၏ အလားအလာနှင့် ပတ်သက်ပြီး အရမ်း မျှော်လင့် နေသူ။
"အဖုံးပျော့ စာအုပ် တွေဟာ ခေတ်တစ်ခေတ် ဖြစ်လာလိ့မ်မယ်၊ ဘာနဲ့မှ တားလို့ မရနိုင်ဘူး။ ထုတ်ဝေသူ တွေ ကောင်းကောင်း စားရမှာ သေချာတယ်" ဟု နိမိတ်ဖတ်သည်။
ရော့ဖ်ဝိတ်စ်နှင့်လည်း လင်ကီ တွေ့ခဲ့သည်။ ရော့ဖ်က ကမ္ဘာကျော် ဟန့်ဂရင်နီ၏ စာပေပေါင်းကူး အေဂျင်စီ တွင် အလုပ်လုပ်နေသည့် အယ်ဒီတာ တစ်ဦး ဖြစ်သည်။
"ကိုယ်က ဟန့်ဂရင်နီရဲ့ လက်နက်ပုန်းလေ" ဟု လင်ကီက သူ့စာအုပ်တိုက်နာမည်ကို မေးတော့ ထုတ် ပြောသည်။

"သူက လူတွေ ပြောသလောက် ဆိုးသလား ဟင်"
ဟန့် ဂရင်နီ၏ တုန်လှုပ် ချောက်ချားဖွယ်ရာ သတင်းများကို နားမဆံ့အောင် ကြားဖူးနေသဖြင့် လင်ကီက ထပ်မေးခြင်း ဖြစ်၏။
"အင်း သူတော်စင် တစ်ယောက်တော့ မဟုတ်ဘူးပေါ့ကွယ်" ဟု ရော့်ဖ် ဖြေသည်။

အဖုံးပျော့ဝတ္ထုတွေ လှိုင်လှိုင်ရေးနေသည့် စာရေးဆရာ ဂလင်ဆင်ကလဲယားနှင့်လည်း လင်ကီ စကားပြောဖြစ်၏။ အုပ်ခြောက်ဆယ်ကျော် ထွက်ပြီးပြီ ဆို၏။ အများစုမှာ အပျော်ဖတ် ပရိသတ် အတွက် ရေး သည့် ခပ်ပေါ့ပေါ့ လျှို့ဝှက်သည်းဖို ဇာတ်လမ်းများဖြစ်ကြောင်း စာရေးဆရာက ပြောပြ သည်။
"အုပ် ခြောက်ဆယ် ဟုတ်လား" လင်ကီက မယုံကြည်နိုင်စွာဖြင့် တအံ့တသြ ပြန်မေးသည်။

"လွယ်ပါတယ်၊ ကိုယ်က ပိုက်ဆံရဖို့ ရေးတာပဲ" ဂလင်ဆင်ကလဲယားက မျက်နှာတစ်ချက် မပျက်ဘဲ ပြောလိုက်ခြင်း ဖြစ်၏။ ရသစာပေ ဖန်ဆင်းရျင် စာရေးဆရာများကို ကြည်ညိုချင်စိတ် ကုန်သလို ဖြစ်သွား၏။
"ည က အခြေအနေ ဘယ်လိုလဲ"
နောက်တစ်နေ့ တွင် ချာလီက လင်ကီ့ကို မေးသည်။ ညက ဒါဘယ်လ်ဒေး စာအုပ်တိုက် ဧည့်ခံပွဲ တွင် များ လာပုံရ၏။

"အင်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ လင်ကီ ပျော်ပါတယ် ချာလီ"
နောက်ပိုင်းတွင် လာသမျှ ဖိတ်စာများကို ရွေးပြီး သူစိတ်မ၀င်စားသည့်၊ သူမသွားနိုင်သည့် ဧည့်ခံပွဲ များကို လင်ကီ အား တက်စေ၏။ ဧရာမပွဲကြီးပွဲကောင်းများကို သူကိုယ်တိုင် သွားသည်။ ရှန်ပိန်နှင့် ၀ီစကီကို ဆယ်လ်မွန် ငါးကင်၊ ငါးဥ တို့ နှင့် အ၀အပြဲ မြည်းသည်။ ဒါကို အလုပ်လုပ်နေသည်ဟု ယုံယုံကြည်ကြည် ပြောတတ်၏။

လင်ကီက သူ စိတ်မ၀င်စားသည့် သေးသေးမွှားမွှား ဧည့်ခံပွဲကလေးများကို တက်ပြီး အချိုရည် တစ်ဘူး တလေ သောက်ရသည်ကို ကျေနပ်နေ၏။ အချိန်ပိုများတွင် သွားစရာ တစ်နေရာရာ လုပ်စရာတစ်ခုခု ရှိနေခြင်း သည် လင်ကီအတွက် ရှိသင့်သည့် လိုအပ်ချက်တစ်မျိုး ဖြစ်သည်။
သည်လို ဧည့်ခံပွဲကလေးများတွင် လူငယ်လူရွယ် အယ်ဒီတာနှင့် တွေ့ရ၏။ ဝေဖန်ရေးဆရာတွေ နှင့် သိကျွမ်း ရ၏။ စာရေးဆရာတွေ၊ စာအုပ်ပွဲစားတွေနှင့်လည်း မိတ်ဆွေ ဖြစ်ရ၏။ ရုပ်ရှင်နှင့် ကြော်ငြာ လောက မှ ပုဂ္ဂိုလ်များနှင့်လည်း ကြုံရဆုံရ၏။

၁၉၆၂ခုနှစ် ဇန်န၀ါရီလထဲတွင် စီးပွားရေး လောက၏ ရင်းနှီးမြှုပ်နှံမှုအကြောင်း ရေးထားသည့် စာအုပ် တစ်အုပ် အတွက် ကျင်းပသည့် ဧည့်ခံပွဲ ခပ်ညံ့ညံ့တစ်ခုတွင် စတော့ပွဲစား ပီတာဒက်စမွန်နှင့် လင်ကီ ဆုံဖြစ်သည်။ သည်စာအုပ်ကို ရေးမည့် ဟယ်ရီ ဒက်စမွန်က ပီတော့ ဦးလေး။ ဒက်စ်မွန်စကော့ လုပ်ငန်းကို ဦးဆောင် နေသူ။
"မင်း ခုလို ရလာတဲ့အတွက် အန်ကယ် ဟယ်ရီဆီက တစ်ခုခု ရသလား" ဟု ပီတော့က လင်ကီကို မေး လာသည်။ လင်ကီတင်းအက်ကို ၀တ်ကောင်းစားလှနှင့် မိန်းမချောကလေးတစ်ယောက်က စတော့ပွဲစားတွေ စုဝေးရာ သည်လိုနေရာမျိုးကို ရောက်လာခြင်းအတွက် ပီတာ အံ့သြနေသည်။

"အမျိုးသမီး လောက မဂ္ဂဇင်းက လခပေးထားတယ်လေ။ တာဝန်နဲ့ လာတဲ့ သဘောပါ"
လင်ကီ က ပြုံးပြုံးကလေး ပြန်ဖြေပြီး အကဲခတ်လိုက်၏။ ယောက်ျားပီသသည့် ကိုယ်နေဟန်၊ မျက်လုံးပြာ များနှင့် ရွှေရောင် ဆံပင်၊ ၀တ်ထားသည့် ရှပ်အင်္ကျီနှင့် ၀တ်စုံက အဖေ၀တ်တတ်သည့် အကောင်းဆုံး ၀တ်စုံမျိုး။

 ခဏငယ်မျှ စကားပြောကြည့်ရုံဖြင့် လင်ကီတင်းအက်၏ အနေအထားကို ပီတာ သိလိုက်ပြီ။ ၀က်စက်ပို့တွင် ကြီးပြင်သည်။ ၀က်စလေ ကော်လိပ်က ဘွဲ့ရသည်။ တင်းနစ် ကစားသည်။ မျက်လုံးအစုံက မိုးပြာရောင်၊ ကိုယ်လုံး သွယ်သွယ်၊ ဒါ့အပြင် လင်ကီတွင် လက်ထပ်လက်စွပ် မရှိ သေးကြောင်းလည်း သတိထားလိုက်မိ၏။
အလွန် ပျင်းစရာကောင်းသည့် အန်ကယ်ဟယ်ရီ၏ ဧည့်ခံပွဲသည် ပီတာ့အတွက် ခုမှ အသက်ဝင် လာသလို ရှိ၏။

"မပြန်ချင်သေးဘူးလား၊ ကိုယ့်မှာ ကားပါတယ်လေ။ အီတလီဆိုင်တစ်ဆိုင်ဆိုင်မှာ သွားစားကြရ အောင်လား" ဟု ပီတာ ပြောတော့ "အင်း ကောင်းသားပဲ" ဟု လင်ကီ သဘောတူလိုက်သည်။ သူတို့ နှစ်ယောက် ထွက်လာတော့ လူတွေ ၀ိုင်းကြည့်နေသည်ကို လင်ကီ သတိထားလိုက်မိသည်။ ကြည်နူး သလိုလို ဖြစ်သွား၏။ အမျိုးသမီးတစ်ယောက်၏ ဝေဖန်သံကိုလည်း ကြားလိုက်၏။
"တော်တော် ကြည့်ကောင်းတဲ့ အတွဲပဲ၊ အရမ်းလိုက်တယ်နော်" တဲ့။

ဆက်ရန်
.

No comments: