Wednesday, April 13, 2011

တောလား (စာရေးသူ - စိုးလှိုင်တင့်) ဇာတ်သိမ်း

"အဖေရာ... ခွက်လက်ပြဖို့ ကျုပ်မွေးထားတဲ့ ကြက်ဖလေးကိုဗျာ..."
"ဟေ့ကောင် လျှာမရှည်နဲ့၊ တို့ထန်းတောမှာ တိုက်ကြက်တွေပေါတယ်။ မင်းကြက်ဖ ငါအစား ရှာပေး မယ်"

နောက်တစ်နာရီလောက်ကြာတော့၊ ကြက်ကာလသားချက်၊ ပဲဟင်း၊ ငါးပိချက်၊ သရက်ကင်း၊ တို့စရာတွေနဲ့ ကျုပ်တို့ ညီအစ်ကို ထမင်းလွေးကြပါတယ်။ ကြက်ဖလေးက နုနုမို့၊ အရိုးအသားပျောက် အောင် ၀ါးပစ်ကြတာပါ။ စားကောင်းကောင်းနဲ့ ထမင်းအ၀အသိပ်စားထားလို့ ထမင်းဆိပ်တက်ကာ မျက်လုံးတွေထဲ တဖျပ်ဖျပ် ထင်ဟပ်လာတာက တောနဲ့မတန်အောင် လှပတဲ့ အေးကြည်မဆိုတဲ့ လမင်းလေးပါ။
"ဦးလေးစံ၊ အေးကြည်မကို သိလားဟင်၊ ကျုပ်သဘောကျလို့ ပြောပေးစမ်းပါဗျ"

"တို့တောအလှပဂေးက မင်းတို့မြို့သားတွေနဲ့လားလားမှ မတန်ပါဘူးကွာ။ တို့ရွာသူတွေက သေစာ ရှင်စာ လောက်တတ်ကြတာ၊ မင်းက ၁၀ တန်းတောင် ရောက်နေပြီ။ မောင်စိုးရာ မြို့မှာသာ ရှာပါကွာ တို့ရွာသူ တွေဟာ တောသား နဲ့ ပဲ ညားကြတာပါ။ ဒါမှလည်း သဘာဝကျမယ်လေ။ အေးကြည်မက ရည်းစားရှိတယ် ကြား တယ်ကွ"
"ဟာဗျာ၊ ဦးလေးစံကလည်း မဟုတ်က ဟုတ်က"
"အစ်ကို၊ ငါဗိုက်နာနေလို့၊ ၀မ်းသွားချင်တာ"
အရေးထဲ အရာပေါ်၊ ကျုပ်ညီက တမှောင့်။

"ဦးလေးစံ၊ အိမ်သာက ဘယ်နားမှာလဲ"
"တို့ထန်းတော စည်းရိုးပြင်ဘက်၊ ကန်သင်းရိုးက အပင်တွေအောက် ကြိုက်တဲ့နေရာ အိမ်သာချည်း ပဲ။ အဲဒီနေရာ တွေမှာ "တောထိုင်"ကြရတာပဲ။ မြွေပါး၊ ကင်းပါးလည်း ကြည့်ကြဦး"
ကျုပ်တို့ညီအစ်ကို ထန်းတောပြင်ဘက် ခပ်သုတ်သုတ်ထွက်ခဲ့ကြတယ်။ တန်ဆောင်းပြသာဒ်ရုံကြီး အောက် မှာ အိမ်သာထိုင်ဖို့နေရာ ရွေးပေးလိုက်တယ်။ ကျုပ်က တန်ဆောင်းပြသာဒ်ရုံကြီး ပတ် ကြည့်ပြီး တန်ဆောင်းဖူး တွေခူးနေတာပေါ့။ တန်ဆောင်းဖူးက ချက်စားရင် ကောင်းတယ်လေ။ အဲဒီ အချိန်မှာ "၀ီခနဲ" အသံကြားလိုက်တာနဲ့ ကျုပ်နားထင် "ပူခနဲ"နာသွားတယ်။

"ဟာ ပျားတုပ်တယ်ဟ၊ ဟေ့ကောင် မောင်မြင့် ပျားတုပ်လိမ့်မယ်၊ မြန်မြန်ထ"
ကျုပ်တို့ညီအစ်ကို တန်ဆောင်းပြသာဒ်ရုံထဲဝင်၊ ပုဆိုးခြုံပြီး ပျားအုံသုံးအုံဖွပ်၊ ပျားရည်စား ပျား သလက်နု သုံးခုကို ထန်းတောဆီ ယူလာခဲ့တယ်။ ကျုပ်တို့ညီအစ်ကို ထန်းတောဝိုင်းအ၀င်၊ တောင် တောရိုးက ပြန် လာတဲ့ ဦးလေးစံနဲ့ဆုံလာကြတယ်။ ဦးလေးစံက လက်ထဲမှာ ယုန်တစ်ကောင်နဲ့ ပဒပ်တစ်တွဲပါလာတယ်။

"မင်းတို့ ကံကောင်းတယ်ကွ၊ တောစပ်စည်းတန်းမှာ ယုန်နဲ့ပဒပ်ထောင်ထားတာ၊ ဒီနေ့မှ မိလာတာ ကွ။ ညစာဟင်းစားရပြီပေါ့ကွာ။ မင်းတို့လည်း ပျားသလက်သုံးခုတောင် ရလာကြတာကိုး၊ ပျားတုပ် မခံရဘူး လားဟေ့။ "တောထိုင်"တဲ့ အနံ့နဲ့ ပျားတွေက တကယ်တုပ်လို့ ဒီနားက ပျားအုံတွေ မဖွတ်ရဲ ကြလို့ ကျန် နေတာကွ"
"ကျုပ်တို့အိမ်ဝိုင်းထဲက ဆီးပင်က ပျားအုံတစ်အုံကို ဖွတ်ဖူးပါတယ်ဗျ၊ ရဲရဲဖွတ်ရင် မတုပ်နိုင်ပါဘူးဗျ"

နွားရိုင်းသွင်းချိန် ညနေစောင်းရောက်တော့ နေ့လယ်ထန်းတစ်ကြော့လှီးပြီး ဦးလေးစံ ပြန်လာ တယ်။
"မောင်စိုး တို့လာကြဟေ့၊ ငှက်ခါးတောင် ပင်ကျရည်ပါတယ်၊ ထန်းရေခါးအလျင်ကုန်နေတော့။ "ပုစွန်ဆိတ်ခုန်" ပေါ့ကွာ။ ခဏနေရင် ထန်းပင်ကျရည်၊ ချိုတမြမြရပြီပေါ့၊ မင်းတို့မြို့်သားတွေ မြည်း စမ်း ရအောင် ငါအပင်ပေါ်ဆွဲထားတာကွ"

ဦးလေးစံက ထန်းပင်ပေါက်စ၊ ထန်းရွက်ငယ်လေးတစ်လက်ကို ဓားနဲ့ခုတ်ယူလာ၊ ကန်တော့ပုံ အောက်စ ထန်းရွက် ကို လိပ်လိုက်တယ်။ ကန်တော့ပုံ ထန်းငယ်ရွက်ထဲကို ပျားနုပျားသလက် သုံးခု ထည့်ပြီး ထန်းရွက်ထိပ်စ တွေ စုစည်းလိုက်တယ်။ ထန်းငယ်လက်စိမ်း၊ ပျားသလက်ထုပ်ကို ထန်း လျက်မီးလင်းဖို မီးကျီးရဲရဲထဲ ထည့်လိုက်တယ်။ မီးကျီးအပူရှိန်ကြောင့် ထန်းရွက်စိမ်းက "ဖျစ်ဖျစ်" မြည်ကာ ခြောက် သွားတယ်။ ခြောက်ရာက ထန်းရွက်လွှာတွေ မီးတောက်လာတယ်။ ထန်းရွက်မီး ငြိမ်းတာနဲ့ ဖိုထဲက ဆွဲထုတ် ယူလိုက်ပြီး ထန်းရွက်မီးကျွမ်းကို လက်နဲ့တယုတယ ခွာလိုက်တော့ မီး ကျက်နေတဲ့ ပျားလောင်းနုနုတွေရဲ့ အနံ့ တသင်းသင်းမွှေးရနံ ရလာတယ်။ ပျားနုလေးတွေကို ပန်းကန်ထဲ ထည့်၊ ကြက်သွန်နီ အတွင်းလိုက် လှီးထည့် ဆားနှင့်ဆီပြက်သိကာ ဆမ်းလိုက်တော့ ပျားသလက်မီးကင် ကို ထန်းရည်ခါးနဲ့မြည်းဖို့ အမြည်းကောင်း ရတယ်။

မြူအိုးသစ် ထဲက ထန်းရည်ခါး၊ ပင်ကျရည်ကို အုန်းခွံ ထန်းရည်ခွက်နဲ့တစ်ခွက် တစ်လားသောက်၊ ပျားသလက် မီးကင်တစ်ဇွန်း၊ ပဒပ်ကျော် တစ်နှိုက်၊ ယုန်ဝမ်းတွင်းသားဟင်း တစ်ဖတ်၊ တစ်လှည့်စီ စိတ်ကြိုက် မြည်းလိုက်တာ လျှာကျွမ်းပစ်အောင် ကောင်းလှသဗျာ။
ညနေစောင်း ညီအစ်ကိုမသိတသိအချိန်ရောက်တော့၊ တောင်လေ တသွေးသွေး၊ ထန်းရွက် လေတိုး တိုက်သံ၊ ပုရစ်မြည်သံတွေဟာ ထန်းပင်တွေကြားက ကျုပ်တို့တူဝရီးထန်းရည်ခါးဝိုင်းကို တေးသံသာ ဖြစ်အောင် နရီကိုက်ဖြစ်အောင် တွဲစပ်ပေးနေရပါတယ်။

"ဒါနဲ့ စကားမစပ်၊ ထန်းတောထဲမှာ ဦးလေးစံက ဘာလို့နွားမွေးထားတာလဲ၊ ဟိုစာဥလေးနှစ်ကောင် က ဘာလုပ် ဖို့လဲ။ ဦးလေးစံက လယ်တောင်သူလုပ်ဦးမလို့လား"
"ငါ့မှာ တောင်သူလယ်လုပ်ဖို့ မြေတစ်ထွာ၊ တစ်ညှိုမှမရှိပါဘူး ငါ့တူရာ၊ ဒီထန်းတောတောင် မင်းတို့ အမေနဲ့ မင်းဒွေးကျင်တို့အမွေဆိုင်လေ။ မင်းတို့အမေ မြို့ပြောင်းနေလို့ "ထန်းစု"အနေနဲ့ ငါထန်း တက်ခွင့် ရတာပါကွာ၊ မြေမရှိတော့ သူရင်းငှားလည်း မလုပ်နိုင်ပါဘူးကွာ၊ ဒီစာဥလေးနှစ်ကောင် အ ရွယ်ရောက်ရင် ထမ်းပိုးကျင့်ပေးပြီးရင် "ခြောက်စထောင်လှည်းယဉ်"ဆင်မလို့ကွ။ မင်းတို့ဒွေးကျင်၊ မြို့တက် ထန်းလျက် ရောင်းဖို့ ထန်းခေါက်တောင်း၊ ခံတောင်းရွက်၊ ခြေကျင်သွားရတာ၊ ပင်ပန်းလှသ ကွာ၊ ရွာနီးချုပ်စပ်၊ ဘုရားပွဲ၊ ကျောင်းပွဲလေး သွားချင်ရင်လည်း အဆင်ပြေနိုင်တာပေါ့ကွာ"
ပက်လန်လန် အုန်းခွက်နဲ့ ထန်းရည်ခါး သုံးခွက်လောက်ဝင်သွားတော့ ကျုပ်ရင်တွေ ပူနွေးလာသလို တစ်ကိုယ်လုံး ထုံထိုင်းပြီး ရီဝေေ၀ဖြစ်လာတယ်။ အေးကြည်မတို့ ထန်းတောဘက်က ချိုးငှက်ဖိုမရဲ့ တစ်လှည့်စီ ချွဲချွဲနွဲ့နွဲ့ကူတာက ကျုပ်ကိုလွမ်းအောင်ဖန်ရော့သလား။ ထန်းရည်မူးလာတော့ ကျွဲမခိုး တဲ့ ကျုပ် ဟာ တိတ်တခိုးချစ်ကတော့ ပေါ်လာပြန်ပေါ့။
"အေးကြည်မ ကို ကျုပ်သိပ်ချစ်မိသွားပြီ ဦးလေးစံရာ"

"ဒီမယ် ငါ့တူ၊ မင်းရဲ့"အုံ့ပုန်းချစ်" ချစ်ဒုက္ခဆိုတာ မင်းတို့မြို့သားတွေ ပြောပြောနေကြတဲ့ "ထမင်း စား ရေသောက်" အပရိက ဒုက္ခမျိုးပါကွာ၊ တို့တောမှာ ဒီလိုဒုက္ခမျိုးကို ရေးကြီးခွင်ကျယ်လုပ်ပြီး မ နေနိုင်ကြပါဘူး၊ အိုကွာ တို့တောမှာတော့ ဘယ်ဟာမှရေးကြီးခွင်ကျယ် လုပ်မနေကြတာပါ ငါ့တူရာ၊ အေး တို့တောမှာ တကယ်အရေးကြီးတာက ခုနက မင်းတို့မြို့သားတွေ လွယ်လွယ်ပြောဖြစ်တဲ့၊ လွယ်တယ်လို့ထင်နေကြတဲ့ "ထမင်းစား ရေသောက်" ကိစ္စပဲပေါ့။ ထမင်းလေးနပ်မှန်အောင်စား၊ ရေအေးအေး တကျိုက်ကျိုက် သောက်ပြီး အေးအေးချမ်းချမ်း အသက်ရှည်ရှည်နေချင်ကြတာပါကွာ ဒါတွေ မင်းကြီးလာလို့ အချိန်တွေ ကြာလာတဲ့ အခါ မင်းသဘောပေါက်လာမှာပါ ငါ့တူရာ"

ကျုပ်ရဲ့ ရီဝေေ၀မျက်ဝန်းမှာ မျက်ရည်ပူတွေ ပြည့်လျှံနေတာကို ဦးလေးစံ မြင်နိုင်ရဲ့လားဗျာ။ အပရိ က ဒုက္ခလေးတဲ့ ဦးလေးစံ ပြောရက်လိုက်တာဗျာ၊ ကျုပ်မှာ တနင့်တပိုး ခံစားနေရတဲ့ချစ်ဒုက္ခပါဗျာ၊ ကျုပ်ဟာ ပင်ကျရည်ခွက်ဆင့်သောက်လို့ မူးမူးမေ့မေ့၊ လူမှန်းသူမှန်းမသိ၊ အဲဒီည ညစာထမင်း လွတ်ခဲ့ပါတယ်။

ကျုပ်မြို့တော်ကြီးမှာ ပညာဆက်သင်ခွင့်ရလို့ ဒုတိယနှစ်တက္ကသိုလ်ကျောင်းသားဘ၀မှာ ညီမလေး ဆီက စာ တစ်စောင် ရောက်လာတယ်။ ကျုပ်ဇာတိရွာက အေးကြည်မ တစ်ယောက် ရွာမက ဦးချက်ကြီး သား ဘိုကြည် နဲ့ အိမ်ထောင်ကျ၊ သားဦးလေး မီးမဖွားနိုင်လို့ အေးကြည်မရော သူ့သားလေးပါ ဆုံးသွားကြောင်းနဲ့ အဲဒီလ မှာပဲ ဦးလေးစံ "ထန်းလျော၊" ထန်းပင်ပေါ်က ရင်းဆွဲပြုတ်လို့ ထန်းပင် ထိပ်က ကျကြောင်း၊ ခါးရိုးကျိုး လို့ ဆေးကုရတာ၊ စာဥနွားသိုးလေးနှစ်ကောင် ဆေးဖိုးဝါးခဖြစ်သွား ကြောင်း သတင်းဆိုးတွေပါလာတယ်။ ကျုပ် စိတ်မကောင်း လိုက်တာဗျာ၊ သိပ်လှတဲ့ တောပန်းလေး တစ်ပွင့်၊ အချိန်မသင့်ခင် ကြွေလွင့်ရ ရှာတာ ရယ် ရိုးစင်းလှတဲ့ ဦးလေးစံရဲ့လှည်းယဉ်ကျော့ အိပ်မက် ကလေးရယ်ကို လောကဓံက နင်းချေရက်ခဲ့ပြီ။ နောက် ၆ လလောက်ကြာတော့ ဦးလေးစံ ကွယ် လွန်ကြောင်း စာရောက်လာပြန်တယ်။ ကလေးတွေ တစ်ပြုံတစ်မကြီး နဲ့ ဒွေးကျင်ခမျာ သောကပွေ ရှာပြီပေါ့။

ကျုပ်ရွာလေးဆီ ကျုပ်မရောက်နိုင်ခဲ့တာ အခုဆို ဆယ်စုနှစ်တော်တော်ကျော်နေပြီ။ မြန်မာပြည် တစ်နံ တစ်လျား ပြောင်းရွေ့တာဝန်ထမ်းဆောင် နေရပြီလေ။ ရွာသတင်းကိုတော့ မြို့လေးမှာ ကုန် ခြောက် ရောင်းနေ တဲ့ ညီမလေးမပြည့်ဆီက အဆက်မပြတ်ကြားနေရတာပါ။ ရွာလေးနားမှာ မီးရ ထားလမ်းကြီး ဖြတ်ဖောက် လာကြောင်း၊ မြို့လေးက လူဦးရေတိုး၊ ရုံးအဆောက်အအုံတွေ ချဲ့ထွင် လာလို့ ရွာရဲ့ ထန်းတောမြေ တွေ  ကျုံ့သွားကြောင်း၊ လုပ်ငန်းရှင်ကြီးတွေရဲ့ ကုန်ကြမ်းလိုအပ်ချက်၊ ရွာသားများရဲ့ ၀မ်းရေး ကြောင့် သက်ရင့်မန်ကျည်းပင်ကြီးတွေကို ဈေးကောင်းရတာနဲ့ ရောင်းကြ ကြောင်း၊ ထင်းအတွက်နဲ့ တောများပြုန်း နေကြောင်းတွေ ရင်တမမဖတ်နေရတယ်။

ကျုပ် ရောက်လာရာအရပ်တွေမှာ တွံတေးသိန်းတန်ရဲ့ "အသီးတစ်ရာ၊ အညှာတစ်ခု"လို၊ စန္ဒရား ထွန်းညွန့် ရဲ့ "ကိုယ့်ရပ်ဌာနီ"လို တောဓလေ့သီချင်းလေးတွေ ကြားရတိုင်း ကျုပ်ဇာတိရွာလေးကို လွမ်းချက်နာမိပါရဲ့။
အခုဆိုရင် ကျုပ်ဟာ မန္တလေးမြို့ကြီးရဲ့ မန်းတောင်ရိပ်နဲ့ လှမ်းလှမ်း၊ မြို့သစ်မှာ အခြေချနေထိုင်ခဲ့ပြီ အဲဒီတော့မှ ကျုပ်ရွာက ရွာဆွေ၊ ရွာမျိုးတွေ ၀မ်းကွဲတော်စပ်တဲ့ညီ၊ ညီမတွေနဲ့ ဆုံကြရတော့မှာ။ အနာဂတ် အိပ်မက်တွေ တစ်လှေကြီးတင်လို့ ကျုံးရုန်းလှော်ခတ်ဖို့ မြို့ကြီးဆီ တစ်ထွေးကြီး တက်ကြလို့ ကျုပ်လိုပဲ ရွာလေး နဲ့ ဝေးနေကြပြီပေါ့။

ကျုပ်တို့ရွာသားတွေ မြို့တက်အလုပ်ရှာဖွေလုပ်ကြရလို့ ဇာတိရွာလေးနဲ့ မိုင်ရာကျော်လောက် ဝေး ကွာ နေကြရတာ ဘာဟုတ်သေးတုံး၊ ကျုပ်ညီ မောင်မြင့်ကမှ တကယ့် တနယ်တကျေး အဝေးကြီးမှာ။ မလေးရှား ရောက်နေတာ တစ်နှစ်တောင်ရှိပြီလေ။

ဒီနေ့ကတော့ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ မလေးရှားရောက်ညီ မောင်မြင့်ဆီက စာတစ်စောင်နဲ့ မြို့လေး မှာနေတဲ့ ညီမငယ်မပြည့် ဆီက စာတစ်စောင်။ တစ်ရက်တည်း နှစ်စောင်ပြိုင်တူရောက်လာ တယ်။
ညီ့စာထဲမှာ "အမြင့်တက်၊ အမှည့်ရနိုးနိုး"မျှော်လင့်ချက်ကြီးနဲ့ မလေးရှားရောက်တော့ အလုပ်ရှာရ တာ ခက်ခဲကြောင်း၊ ရရာအလုပ် လုပ်ပြန်တော့၊ အဆောက်အအုံအမြင့်ကြီးတွေတက်၊ သန့်ရှင်းရေး ဆေးသုတ်၊ ပိုက်ဆက်၊ ဂဟေဆော် အလုပ်တွေဆိုတော့ အသက်အန္တရယ်သိပ်နီးကြောင်း၊ အသက် ကို ဖက်နဲ့ ထုပ်ထားရလို့ ရင်တထိတ်ထိတ် စိုးရွံခံစားရကြောင်း၊ ငွေပိုလေးစုမိအောင် အချိန်ပိုအလုပ် လုပ်ပြန်တော့ သိပ် ပင်ပန်း ကြောင်း၊ သူတို့နိုင်ငံသားတွေ မလုပ်ချင်ကြတဲ့ အလုပ်မျိုးတွေသာ လုပ်ရ ကြောင်း၊ ငွေရှာရတာ ငွေတွင်း နက်ကြောင်း၊ အမိမြန်မာပြည်ကိုလည်း လွမ်းလှကြောင်း၊ အမိမြေဆီ ပြန်လာချင်ကြောင်း၊ အစ်ကို့ သဘောထား ပြန်စာ ရေးပါဦးလို့လည်း ပါသေးသဗျ။

ညီမငယ် မပြည့်စာထဲမှာ ဇာတိရွာလေးအကြောင်း တော်တော်စုံစုံရေးထားတယ်။ "ရွာမှာ ထန်းလျက်ဈေး ကျနေပြီး သီးနှံအထွက်လည်း ဆွံ့နေလို့ ရွာကလူတော်တော်များများ မန္တလေး-ရန် ကုန်မြို့ကြီးတွေဆီ အလုပ် ရှာဖို့ သွားကြကြောင်း၊ မန္တလေးမြို့ရဲ့ တောင်ဘက်နဲ့ အရှေ့ဘက် အစွန် အဖျားတွေက မြို့သစ်တွေ ဆင်ခြေဖုံး တွေမှာ ဖြစ်သလိုအိမ်ငှားနေကြပြီး ပေါက်ပေါက်ကြဲသလို မြို့ အနှံ့ရရာ အလုပ်တွေ လုပ်ကြ ရကြောင်း၊ လက်သမားနောက်လိုက်၊ ၀က်သားတုတ်ထိုး၊ စုံစီနဖာ ရောင်းကြသလို ပျံကျုလုပ်ငန်းစုံတွေ လုပ်ကြ ကြောင်း၊ အစ်ကိုကြီးစိုးလည်း မြို့သစ် မှာ ရှိနေတော့ ကြုံရင်ဆုံရင် ရွာကအမျိုးတွေကို အကူအညီ ပေးပါ"လို့ ရေးထားတာပါ။

နိုင်ငံခြားရောက် ကျုပ်ညီမောင်မြင့် နဲ့ မြို့ကြီးတွေဆီ တစ်ပြုံတစ်မကြီး တက်လာကြတဲ့ ကျုပ်ရွာသား တွေရဲ့ ဘ၀ ဟာ ကံတူ အကျိုးပေးပုံတူနေကြပါလား။ ကျုပ်ညီဆီ စာပြန်ဖို့ ကျုပ်စဉ်းစားရဦးမယ်လေ။

 စာရေးသူ - စိုးလှိုင်တင့်
.

5 comments:

သဒ္ဓါလှိုင်း said...

မမရွှေစင်..
ရေခဲရေအေးအေးလေးနဲ့ ရေလာလောင်းပါတယ်။
ကျန်းမာရွှင်လန်းပါစေမမ..။

ချစ်တဲ့
ညီမသဒ္ဓါ

Angelhlaing(May everybody be happy and healthy! said...

ဟုတ်တယ်နော်မမ အဝေးရောက် မြန်မာတွေရဲ့ ဒုက္ခလေး ကိုပေါ်လွင်စေတဲ့ ပို့စ်လေးပဲ..
အားပေးလျှက်ပါမမ..မင်္ဂလာရှိသောနှစ်သစ်လေး ဖြစ်ပါစေမမ။

ကိုကိုမောင်(ပန်းရနံ့) said...

ဖြစ်ရလေ အေးကြည်မရယ်... သနားလိုက်ပါဘိ (း

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Anonymous said...

Feeling "anyar lun chin" n seeing "khit kyae Hmon"
Gyidaw

Anonymous said...

တကယ့်ကို ခောတ်ရဲ့ ကြေးမုံပါပဲ မမရေ.... အနော်။