Thursday, April 14, 2011

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၃၈)

အခန်း (၅၅)
မေးဖို့ ၀န်မလေးပါနှင့်

ကျွန်တော်နှင့် ကျွန်တော်ဖခင်တို့ ဒစ္စနေးဝေါ့လ်သို့ နောက်ဆုံးအကြိမ်အဖြစ် သွားခဲ့စဉ်က ဖေဖေ နှင့် ကျွန်တော် သည် ဒီလန်ကလေးနှင့်အတူ တစ်လမ်းပြေးရထားကို စောင့်နေကြသည်။ ထိုအချိန် က ဒီလန်မှာ ၄ နှစ်သားသာ ရှိသေး၏။ ဒီလန်သည် ရထားမောင်းသူနှင့်အတူ ထိုင်၍ ရထားပေါ်မှ ကြည့်၍ကောင်းသော နေရာတွင် ထိုင်ချင်သောဆန္ဒ ပြင်းနေ၏။ အပန်းဖြေဥယျာဉ်ကို ချစ်တတ် သော ကျွန်တော့်၏ဖခင်သည် ဒီလန် ဆန္ဒအတိုင်း စီးရလျှင် ပြင်းပြသော စိတ်လှုပ်ရှားမှုကို ပေးနိုင် မည်ဟု ယူဆလေသည်။

'သူတို့ဆီ ပုံမှန်လာနေတဲ့ လူတွေကို အဲဒီနေရာမှာ ထိုင်ခွင့်မပေးတာ သိပ်ဆိုးတာပဲ' ဟု ဖေဖေက ပြောသည်။
'ဒါပေမဲ့ ဖေဖေ၊ ကျွန်တော်က အပျော်စီးယန္တရား အင်ဂျင်နီယာ လုပ်လာတဲ့ သူဆိုတော့ အဲဒီရှေ့ ပိုင်းက နေရာ မှာ ထိုင်ခွင့်ရနိုင်မယ့်နည်းကို သိတယ်၊ ဖေဖေ အဲဒါကို လက်တွေ့မြင်ချင်သလား'
ဖေဖေ က တွေ့မြင်လိုကြောင်း ပြောသည်။

ထို့ကြောင့် ကျွန်တော်က ပြုံးနေသော ဒစ္စနေး တစ်လမ်းပြေး ရထားဝန်ထမ်းထံ လျှောက်သွားကာ ပြော လိုက်သည်။ 'စိတ်မရှိပ်နဲ့နော်၊ ကျွန်တော်တို့ သုံးယောက်များ အဲဒီရှေ့က အတွဲမှာ စီးလို့ရ မလားလို့'

'ဟာ ရပါတယ်၊ ရပါတယ်' ဟု ထိုဝန်ထမ်းက ပြောသည်။ သူသည် တံခါးကို ဖွင့်ပေးလိုက်ရာ ကျွန်တော် တို့လည်း ရထားမောင်းသူဘေးတွင် နေရာယူလိုက်ကြ၏။ ကျွန်တော့်ဖခင် ဤမျှ လောက် အံ့အားသင့် မျက်လုံးပြူး သွားသည်ကို ကျွန်တော့်တစ်သက်တွင် ဤတစ်ကြိမ်သာ မြင်ဖူ သည်။ 'နည်းရှိပါတယ်ဆို' ကျွန်တော် က ပြောလိုက်ပါသည်။ ကျွန်တော်တို့ရထားသည် မက်ဂျစ် ကင်းဒမ်းဟု ခေါ်သည့် ကြည်နူးဖွယ် နိုင်ငံသို့ ပြေးလျက်ရှိပေသည်။ 'အဲဒီနည်းက ခက်တယ်လို့ တော့ ကျွန်တော်မပြောခဲ့ဘူးနော်' ဟုလည်း ကျွန်တော် က ကျွန်တော့်ဖခင်အား ပြောလိုက်ပါသည်။
တစ်ခါတစ်ရံမှာ ကျွန်တော်တို့ လုပ်ရမည့် အလုပ်မှာ အခြားမဟုတ်။ မေးကြည့်ရုံသာ ဖြစ်သည်။

ကျွန်တော်သည် တစ်ခုခုကိုလိုချင်လျှင် ဤသို့ မေးတောင်း တောင်းသည့်အရာတွင် အတော်ကလေး ကျွမ်းသည်။ ကမ္ဘာတွင် အလေးစားရဆုံး ကွန်ပျူတာသိပ္ပံပညာရှင်တစ်ဦးဖြစ်သူ ဖရက်ဘရွတ် ဂျူနီယာနှင့် ဆက်သွယ် ရဲသည့်သတ္တိရှိခဲ့ပြီး အဆက်အသွယ်လည်းရခဲ့ခြင့်အတွက် ကျွန်တော်ဂုဏ် ယူသည်။ ဘရွတ် သည် ၁၉၅၀ ပြည့်လွန်နှစ်အတွင်းက သူ၏ကွန်ပျူတာသိပ္ပံပညာရှင် အသက်မွေး ဘ၀ကို အိုင်ဘီအမ်တွင် စတင်ခဲ့သည်။ ထို့နောက် သူသည် မြောက်ကာရိုလိုင်းနား တက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံဌာနသို့ ရောက် သွားသည်။ သူပြောခဲ့သော မှတ်သားဖွယ် စကားများကြောင့် သူ သည် ကျွန်တော်တို့၏ ကွန်ပျူတာ လုပ်ငန်း တွင် ကျော်စောသည်။ သူ့စကားတစ်ခွန်းမှာ 'နောက်ကျသော ဆော့ဖ်ဝဲလုပ်ငန်းတစ်ခု အတွက် လူအင်အား ထပ်တိုးခြင်းသည် ပို၍နောက်ကျစေ သည်' ဟူ၍ ဖြစ်သည်။ (ယခုအခါ ဤစကားမှာ 'ဘရွတ် နိယာမ' ဟု လူသိများနေကြပြီး ဖြစ် သည်။)

ကျွန်တော်သည် အသက် ၃၀ နားသို့ ရောက်နေပြီး ဖြစ်သော်လည်း ဘရွတ်ကို မတွေ့ဖူးသေးခဲ့။ ထို့ကြောင့် ကျွန်တော် သူ့ထံသို့ အီးမေးလ်ပို့သည်။ အီးမေးလ်ထဲ၌ ဤသို့မေးသည်။ 'ကျွန်တော် ဗာဂျင်းနယားမှ မြောက် ကာရိုလိုင်းနား သို့ ကားဖြင့် မောင်းလာခဲ့ပါလျှင် ကျွန်တော့်အား နာရီဝတ်မျှ စကားပြောခွင့် ပေးနိုင်ပါမည်လား' သူက အီးမေးလ်ပြန်ပို့သည်။ 'လာသာ လာခဲ့ပါ၊ နာရီဝက်မက အချိန်ပေးပါမည်'

ဘရွတ်သည် ကျွန်တော့်အား မိနစ် ၉၀ အချိန်ပေးခဲ့ကာ ကျွန်တော်၏ ရာသက်ပန် ဆရာလည်း ဖြစ် သွား ခဲ့ ပါသည်။ နောင် နှစ်အနည်းငယ်ကြာသောအခါ သူသည် ကျွန်တော့်အား မြောက်ကားရိုလိုင်း နားတက္ကသိုလ် သို့ လာရောက်၍ ဟောပြောပို့ချမှုတစ်ခု ပြုပေးပါဟု ဖိတ်ကြားပါသည်။ ကျွန်တော့် ဘ၀တွင် လွမ်းမောတသ မေ့မရဆုံး သော ခရီးတစ်ခုလည်း ဖြစ်ပါပေသည်။ ဤခရီးတွင်ပင် ဂျေးနှင့် စတင် တွေ့ခဲ့ရခြင်း မဟုတ်ပါလော။
အခန်း (၅၆)
တစ်ဂါးလား၊ အေယိုလား ဆုံးဖြတ်ပါ

ကျွန်တော်က ကာနက်ဂီမယ်လွန်တက္ကသိုလ်ဥက္ကဋ္ဌ ဂျရက်ကိုဟွန်းအား ကျွန်တော်၏ နောက်ဆုံး ဟောပြောချက် ကို ဟောပြောပါမည်ဟု ပြောသောအခါ ကိုဟွန်း က ပြောသည်။ 'ပျော်စရာတွေပဲ ပြောပါဗျာ၊ ဘာကြောင့်တုန်းဆိုတော့ ကျွန်တော် ခင်ဗျားကို သတိရနေမှာက ခင်ဗျားရဲ့ ပျော်စရာ တွေ အကြောင်း ဖြစ်နေလို့ပါပဲ' တဲ့။

ကျွန်တော်က ပြန်ပြောပါသည်။ 'ကျွန်တော်ပြောလို့တော့ရပါတယ်၊ ဒါပေမဲ့ အဲဒီလိုပြောရင် ငါးက ရေရဲ့ အရေးပါပုံ ကို ပြောနေသလို ဖြစ်နေမလားလို့ပါ'
ကျွန်တော်ဆိုလိုသည်မှာ ကျွန်တော်က မပျော်အောင်နေနည်းကို မသိသူပါ။ ကျွန်တော်သည် သေ ရ တော့မည် ဖြစ်သည်။ သို့ပင်ဖြစ်သော်လည်း ကျွန်တော်သည် ပျော်လျက်ပင်ရှိသည်။ နေရသမျှ အချိန်ကလေး မှာ နေ့စဉ် ပျော်အောင်လည်း နေသွားမည်သာ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော့် မှာ ထိုနည်းမှလွဲ၍ အခြားနေနည်းလည်း မရှိတော့သောကြောင့် ဖြစ်သည်။

ကျွန်တော်သည် ကျွန်တော့်ဘ၀ စောစောပိုင်းမှာကတည်းကပင် ဤအသိကို သိလာခဲ့သည်။ အေအေမီလ်နေ (AA Milne) ဖန်တီးထားသော '၀င်နီသပူးလ်' ဟူသော ဇာတ်ကားထဲတွင် ဇာတ် ကောင် နှစ်ကောင်ရှိသည်။ ဇာတ်ကောင် တစ်ကောင်မှာ ပျော်ပျော်နေတတ်သူ တစ်ဂါး ဖြစ်သည်။ ကျန်ဇာတ်ကောင် တစ်ကောင် မှာ အမြဲတမ်း ပူဆွေးနေသော အေယိုးဖြစ်၏။ ကျွန်တော်တို့သည် ဆုံးဖြတ်ချက်တစ်ခုကို ချရဖို့ ရှိ၏။ မိမိသည် တစ်ဂါးဖြစ်မည်လား၊ အေးယိုး ဖြစ်မည်လား။ ထိုနှစ်ခု တွင် တစ်ခုကိုတော့ ရွေးရပေမည်။ ကျွန်တော် သည် တစ်ဂါးလား အေးယိုလား ဟူသော စကားစစ် ထိုးပွဲတွင် ဘယ်ဘက်မှာ ရပ်တည်လျက် ရှိကြောင်းကား ထင်ရှားနေပြီးဖြစ်မည် ထင်ပါသည်။

နောက်ဆုံး ကျင်းပခဲ့သည့် ဟောလိုးဝင်းနေ့ကဆိုလျှင် ကျွန်တော်အတော်ကြီး ပျော်ခဲ့သည်။ ဂျေးနှင့် ကျွန်တော် တို့သည် မယုံကြည့်နိုင်လောက် သူများအဖြစ် ၀တ်စားဆင်ယင်ခဲ့ကြသည်။ ကျွန်တော်တို့ သားသမီး သုံးယောက်ကလည်း အလားတူ ၀တ်စားဆင်ယင်ခဲ့ကြသည်။ ကျွန်တော် သည် လူတိုင်းက ကျွန်တော် တို့ မိသားစုသည် အဘယ်မျှ မယုံကြည်နိုင်လောက်ဖွယ် မိသားစုဖြစ် သည်ကို သိရှိနိုင်စေရန် ဓာတ်ပုံတစ်ပုံ ကိုပင် ၀က်ဘ်ဆိုက်မှာ တင်ခဲ့လေသေးသည်။ ကျွန်တော်တို့ သားသမီးများမှာလည်း သိပ်ကို ပျော်နေပုံ ပေါက်နေသည်။ ကျွန်တော်ကလည်း ကာတွန်၊ ကြွက် သားတုကြီးနှင့် မည်သူမျှ နိုင်အောင်တိုက်၍ မရနိုင်သူ အသွင် ဆောင်နေ၏။ ကင်ဆာအတွက် သွင်းရသည့် ဆေးရည် (ခီမို) ကလည်း ကျွန်တော်၏ စူပါပါဝါ တွေကို သိသိသာသာ ထိခိုက်မှု မရှိကြောင်း ကျွန်တော် ရှင်းပြခဲ့သည်။ ကျွန်တော့်ထံ ၀မ်းသာစွာဖြင့် ပြန်လည်ေ ပးပို့ခဲ့ကြသည့် အီးမေးလ်များကိုလည်း အမြောက်အများ ရရှိခဲ့ပါပေသည်။

မကြာသေးမီက ကျွန်တော် အချိန်တိုနားရက်ယူ၍ သူငယ်ချင်း သုံးယောက်နှင့်အတူ စကူဘာဒိုင်ဗင် (ကျောပိုး ၍ သယ်ဆောင်နိုင်သော ရေအောက်အသက်ရှူ ကိရိယာဖြင့် ရေငုပ်ခြင်း) လုပ်ကြပါ သည်။ သူငယ်ချင်း သုံးယောက်မှာ အထက်တန်းကျောင်းသား ဘ၀ သူငယ်ချင်း ဂျက်ရှရစ်ပ်၊ တက္ကသိုလ် ကျောင်းသား ဘ၀ တစ်ခန်းတည်း အတူနေသူငယ်ချင်း စကောရှာမန်နှင့် အီလက်ထ ရောနစ်အတ်ကုမ္ပဏီမှ သူငယ်ချင်း စတိဗ်ဆီးဘော့ထ်တို့ ဖြစ်ပါ၏။ ဤသူငယ်ချင်းများမှာ ကျွန်တော့်ဘ၀တွင် အချိန်ကာလ အမျိုးမျိုး ၌ တွေ့ခဲ့ရသော သူငယ်ချင်းများဖြစ်ကြသည်။ အားလုံးက သိထားကြသည်။ ဤသူငယ်ချင်း များသည် ဤသီတင်းပတ် နောက်ဆုံးရက်၌ ကျွန်တော့်အားခွဲခွာကြရန် နောက်ဆုံးနှုတ်ဆက်သည့်အနေဖြင့် အတူ လက်တွဲ ပါလာကြခြင်း ဖြစ်ပါ သည်။

ကျွန်တော်သူငယ်ချင်း သုံးယောက်သည် ယခင်က အချင်းချင်းသိခဲ့ဖူးသူများ မဟုတ်ကြပါ။ သို့ရာတွင် အချိန်တို အတွင်းမှာပင် ခိုင်မာသည့် သံယောဇဉ် နှောင်ကြိုးများ ဖွဲ့ချည်သွားမိကြသည်။ ကျွန်တော်တို့ အားလုံး သည် လူကြီးတွေဖြစ်ကြ၏။ သို့ရာတွင် ဤအနားယူကာလ တစ် လျှောက်လုံးနီးပါးတွင် ကျွန်တော် တို့မှာ ၁၃ နှစ်သားကလေးများသဖွယ် ဖြစ်သွားခဲ့ကြသည်။ ကျွန်တော်တို့အားလုံးသည် တစ်ဂါးတွေ ဖြစ်ကုန် ကြသည်။

ကျွန်တော်တို့အားလုံး ကျွန်တော်၏ ကင်ဆာရောဂါနှင့် ဆက်စပ်သည့်စကားမျိုး၊ 'သူငယ်ချင်းကို ကိုယ် ချစ်တယ်ကွာ' ဟူသော စိတ်ထိခိုက်ဖွယ်စကားမျိုးကို အောင်မြင်စွာ ရှောင်ရှားနိုင်ခဲ့ကြသည်။ စိတ်ထိခိုက် ရမည့် စကားတွေ မပြောကြဘဲ ကျွန်တော်တို့သည် ပျော်ရွှင်မှုကိုသာ ရအောင်ရှာခဲ့ကြ သည်။ ကျွန်တော် တို့သည် ရှေးဖြစ်ဟောင်းတွေ ပြန်အောက်မေ့ကြ၊ စာမြုံ့ပြန်ကြ၏။ ကလေးငယ် များလို ဗြောင်းဆန်အောင် ဆော့ကြသည်။ တစ်ယောက်နှင့် တစ်ယောက် စကြ နောက်ကြ၏။ (အမှန်တော့ ကျွန်တော်၏ နောက်ဆုံး ဟောပြောချက် ကို ဟောပြောပြီးချိန်၌ ကျွန်တော် ရခဲ့သော 'ပစ္စဘတ်က စိန့်ရန်ဒီ' ဟူသော ဘွဲ့ထူးနှင့် ပတ်သက် ၍ သူတို့က ကျွန်တော့်ကို စကြ နောက်ကြ သည်က များပါသည်။)

ကျွန်တော်သည် ကျွန်တော်ရင်တွင်းက တစ်ဂါးကို အပျောက်မခံပါ။ အေယိုးဖြစ်သွားလျှင် ကျွန်တော် ဘာတွေ ကပြောင်းကပြန် ဖြစ်သွားမည်ကို ကျွန်တော်မသိနိုင်ပါ။ ကျွန်တော့်ကို မေးကြ၏။ ကျွန်တော်က ပြန် ဖြေပါသည်။
'ရန်ဒီပေါက်ရှ်၊ ကုမရသည့်ရောဂါဖြစ်ပြီးနောက် အနှစ်သုံးဆယ်နေသွားသည်'
အကယ်၍ တကယ်လည်း ကျွန်တော်နောက်ထပ် အနှစ်သုံးဆယ် နေရခဲ့ပါလျှင် ကျွန်တော် ပျော် ပျော် နေသွားမည်ဟု ကတိပေးပါသည်။ သို့ရာတွင် ထိုသို့ မဖြစ်နိုင်ဟုဆိုပါလျှင်လည်း ကျွန်တော် ရသမျှ အချိန်ကလေး မှာ ပျော်ပျော်နေသွားရုံသာ ရှိပါသတည်း။
အခန်း ၅၇
အကောင်းမြင်ဝါဒကို နားလည် သဘောပေါက်စေသောနည်း

ကျွန်တော့်မှာ ကင်ဆာရောဂါရှိနေပြီဟု သိလိုက်ရပြီးနောက် ကျွန်တော့်အား ကုသသည့် ဆရာဝန် များထဲမှ တစ်ဦး က အကြံပေးသည်။ 'ခင်ဗျားဟာ နေရာအနှံ့ ခဏတဖြုတ်လျှောက်သွားမယ့် လူအ လားကဲ့သို့ နေတတ် ဖို့ အရေးကြီးတယ်ဗျ' ဟူ၏။
အမှန်က ကျွန်တော်သည် ထိုဆရာဝန်ထက် ရှေ့ကပြေးနေပြီး ဖြစ်ပါသည်။

'ဒေါက်တာ၊ ကျွန်တော် မကြာခင်ကလေးကမှ အမိုးဖွင့်ပိတ် လုပ်နိုင်တဲ့ ကားသစ်တစ်စီး ၀ယ်ထားပါ တယ်၊ ကျွန်တော် သားကြောလည်း ဖြတ်ထားပြီးပါပြီ၊ ဆရာ' ကျွန်တော့်ကို နောက်ထပ် ဘာများ ဖြစ်စေချင် သေးပါသလဲ'
ကြည့်ပါ။ ကျွန်တော်သည် ရှောင်လွဲ၍ မရနိုင်မှန်းကို အမြင်ရှင်းရှင်းနှင့် ကြည့်တတ်သည့် အသိ ဥာဏ်မျိုးကို ထိန်းသိမ်းထားနိုင်သူ ဖြစ်ပါသည်။ ကျွန်တော်သည် သေနေပြီးကဲ့သို့ သဘောထားပြီး နေနေသူဖြစ်ပါသည်။ သို့ရာတွင် တစ်ချိန်တည်းမှာပင် ကျွန်တော်သည် အသက်ရှင်နေဆဲ ဖြစ်သ ကဲ့သို့လည်း နေနေသူ ဖြစ် ပေသည်။

အချို့ ကင်ဆာရောဂါကုဆရာဝန်များ၏ ရုံးများက ကင်ဆာရောဂါသည် လူမမာများကို ခြောက်လ တစ်ကြိမ် လာတွေ့ရန် အချိန်ဇယားဆွဲပေးထားသည်။ လူမမားများအဖို့ကား ဤအစီအစဉ်မှာ ဆရာဝန်များက ၄င်းတို့ အသက်ရှင်နေဦးမည်ဟု မျှောင့်လင့်ထားကြောင်းကိုပြသည့် အကောင်း မြင် သင်္ကေတ ဖြစ်နေ ပေသည်။ အချို့သော ကုမရတော့သည့် ရောဂါခံစားနေရသည့် လူမမာများသည် ဆရာဝန်၏ ကြော်ငြာ သင်ပုန်း တွင် ပြထားသော ဆရာဝန်က တွေ့ရန် ချိန်းဆို ထားသည့် ကတ်ပြားများကို ကြည့်လျက် ကိုယ့်ဘာသာကိုယ် ပြောမိ ကြသည်။ 'အင်း၊ ငါ ဆရာဝန် နဲ့ တွေ့တော့ တွေ့ဦးမှာပဲ၊ ဆရာဝန်ဆိ ရောက် သွားရင်တော့ သတင်းကောင်းတော့ ကြားရမှာပါ'

ပစ္စဘတ်မှ ကျွန်တော်၏ ဆရာဝန် ဟားဘတ်ဇေးက ပြောဖူးသည်။ အကောင်းမြင်စိတ်မထားသင့် ဘဲလျက် အကောင်းမြင် နေသူများ လူမမာ သို့မဟုတ် အခြေအနေမှန်ကို မသိရသည့် လူမမာများ အတွက် သူ စိတ်ပူ မိသည်တဲ့။ တစ်ချိန်တည်းမှာပင် လူမမာ၏မိတ်ဆွေများ အသိအကျွမ်းများက ကောင်းသွားမှာပါဟူ၍ ဖြစ်စေ၊ ဆေးကု နေလည်းရတော့မှာ မဟုတ်ပါဘူး ဟူ၍ ဖြစ်စေ လူမမာအား ပြောကြားကြသည့် အခါ တွင်လည်း သူ စိတ်ပျက်ရကြောင်း ဟားဘတ်ဇေးက ပြောပါသည်။

အကောင်းမြင်စိတ်ဓါတ်နှင့် ပတ်သက်၍ ကျွန်တော်ကမူ ဤသို့ ယူဆသည်။ အကောင်းမြင်ခြင်း သည် စိတ်ပိုင်း အခြေအနေတစ်ရပ် ဖြစ်သည်။ စိတ်ပိုင်ဆိုင်ရာ အခြေအနေတစ်ရပ်သည် ရုပ်ပိုင်း ဆိုင်ရာ အခြေအနေ ကို တိုတက်မှုရှိလာအောင် ထင်ထင်ရှားရှား ပြုပေးနိုင်သည်။ အကောင်းမြင် စိတ်ဓာတ် ရှိနေလျှင် ခီမိုဆေးသွင်းခြင်းလို အလွန်းဆိုးဆိုးဝါးဝါးခံစားရသော ဝေဒနာမျိုးကို ခံနိုင်စွမ်း ရှိလာသည်။ နောက်ဆုံး ပေါ် ဆေးဝါးကုသမှုမျိုး ကို ဆက်လက်ရှာဖွေနေစေနိုင်သည်။

ဒေါက်တာဇေးက ကျွန်တော့အား သူ၏ နံရံကပ်ကြော်ငြာထဲ ထည့်ရမည့် လူဟု ခေါ်ဝေါ်ပြောဆို သည်။ ကျွန်တော်သည် 'အကောင်းမြင်စိတ်နှင့် ပကတိအရှိတရားကို ချိန်ခွင်ညှာ မျှအောင်ထားနိုင် သူ' ဟု ဆိုလေသည်။ ကျွန်တော်သည် ကင်ဆာရောဂါကို နောက်ထပ် ဘ၀အတွေ့အကြုံတစ်ခု အဖြစ် ခံယူ နိုင်အောင် ကြိုးစားနေသူဟု မြင်ပေသည်။

ကျွန်တော်ကတော့ သားကြောဖြတ်လိုက်ရတာကို အကျိုးနှစ်ခုပြီးသဖြင့် သဘောကျသည်။ သားသမီးရမှု့ ကို တားဆီးပေးနိုင်သလို ကျွန်တော်၏ အနာဂတ်အတွက် အကောင်းမြင်လက္ခဏာလည်း ပိုတိုး လာစေပါသည်။ ကျွန်တော်သည် ကျွန်တော်၏ အမိုးဖွင့်ပိတ်ရ ကားကို မောင်းရတာကို သ ဘော ကျလှသည်။ နောက်ဆုံးအဆင့်သို့ ရောက်နေသည့် ကင်ဆာရောဂါကို အနိုင်ယူနိုင်သော တစ်သန်းမှာ တစ်ယောက် ဆိုသလောက်လူမျိုး ဖြစ်လာစေမည့် နည်းလမ်းများတွေ့ချင်လည်း တွေ့လာမှာပေါ့ဟု တွေးနေရတာကို ကျွန်တော် မျှော်လင့်သည့်အတိုင်း ဖြစ်မလာ ဟု ဆိုသော် တောင်မှလည်း နေ့စဉ် ဖြတ်သန်း ရမည့် တစ်နေ့တာအချိန်ကို ဖြတ်သန်းသွားတတ်အောင် အထောက်အကူပေးသည့် တွေးခေါ်ပုံ တွေးခေါ်နည်း တစ်ခုတော့ ဖြစ်နေသေးသောကြောင့်ပါတည်း။

ဆက်ရန်
.

1 comment:

Anonymous said...

အရမ်းဖတ်လို့ကောင်းတယ် မမရေ.... အနော်။