Wednesday, April 13, 2011

အရှက် (စိန်စိန် ရေးသည်) အပိုင်း (၅)

"ဟောတော့ ဘုရားရေ ... ဒီကောင်မလေး ဘာဖြစ်လာတာတုန်း"
မမသစ်က မေးတော့မှပင် အညိုသည် ပွင့်လင်းစွာ ရှိုက်ငင် ငိုချလိုက်လေ၏။
မမသစ်ရဲ့ ... အညို  အညို ရှက် ရှက် ရှက်လွန်းလို့ပါ မမသစ်ရယ်"
"အေး ... အေး ... ငို ငို အားရအောင် ငိုလိုက်အုံး၊ ပြီးတော့မှ မမသစ်ကို အေးအေးဆေးဆေး ပြောပြစမ်း"
မမသစ်  က အချိန်ပေးသည့်အနေနှင့် ထသွားကာ ကရားတလုံးနှင့် ကော်ဖီဖျော်လာခဲ့လေသည်။

"ကဲ ... ကော်ဖီကလေးလဲ သောက်လိုက်အုံး"
သည်တော့မှ အညိုက အရှိုက် အငို အနည်းငယ်  ရပ်သွားသည်။ မမသစ်က ကော်ဖီကို ကရားထဲမှ ငှဲ့ ထည့်ကာ ကမ်းပေးလိုက်သည်။
"ကဲ ... ရော့ မုန့်ကော ယူအုံးမလား"
အညိုက ခေါင်းရမ်းပြလိုက်ကာ ကော်ဖီခွက်ကိုသာ လှမ်းယူလိုက်၏။ ကော်ဖီကို တကျိုက်ချင်း ဖြေးလေးစွာ သောက်လိုက် ပြီးတော့မှ အညိုက စကားစသည်။
"အညို ဘာဖြစ်နေမှန်း မသိဘူး ... အညို့စိတ်တွေ သန့်သန့်စင်စင်မှ ရှိသေးရဲ့လား မသိဘူး။ အပြစ်ဖြစ်မှာ ကိုလဲ အညို သိပ်ကြောက်ပါတယ်။ နောက်ဆုံးတော့ မမသစ်ရယ်၊ ရှက်တာ ရှက် တခုသာ ကျန်ရစ်တော့ တာပါဘဲ"
အညိုက ဤမျှ နိဒါန်းပျိုး၍ အရှိန်ရလာသောအခါ ဖြစ်ကြောင်းကုန်စင်ကိုပင် ဇာတ်လှန်ပြောတော့ သည်။

"အင်း ... အင်း ... ဒါဘာဆန်းလို့လဲ အညို"
အညို ပြောသမျှကို ဂရုတစိုက် နားထောင်ပြီးသောအခါ ဒေါ်ခင်သစ်က အေးဆေးစွာ မှတ်ချက် ချလိုက် သည်။
"မမသစ်ကသာ မဆန်းဘူးဆိုပေတဲ့ အညို့ရင်ထဲမှာ ခံနေရတာကတော့ မသက်သာပါဘူး၊ အညို တခါမှလဲ ဒီလို မဖြစ်ဖူးပါဘူး ...၊ ရှက်လိုက်တာဘဲ ဘယ်လို နေရမှန်းတောင် မသိတော့ပါဘူး"
"ဒါက ကိုယ့်ဟာကိုယ်  ပုံကြီးချဲနေတာကိုး အညိုရဲ့၊ ဒို့တတွေဟာ ပုထုဇဉ်တွေ ဆိုတာကိုလဲ သတိ ထားဦးမှပေါ့၊ စိတ်ဆိုတာ သူဖြစ်ချင်ရာဖြစ်နေတာ ဘယ်သူနိုင်တာမှတ်လို့လဲ၊ ဒါလောက်လို အပြစ်ကြီး တခုလုပ်ပြီး တငွေ့ငွေ့ တွေးနေမယ့်အစား မေ့ပစ်လိုက်၊ ပျောက်ပစ်လိုက်၊ လူသစ် စိတ်သစ် လုပ်ပစ်လိုက်၊ အဲ့ဒါ အကောင်းဆုံး ဆေးတခွက်ဘဲ"

ဒေါ်ခင်သစ်က ထက်ထက်သန်သန် ပြန်ပြောသောအခါ အညို့ရင်မှာ ဝေဒနာ အနည်းငယ် သက်သာရာ ရရှိသွားလေ၏။
"၀င်းဝင်းလေး ကသာ အညို့ကို ချစ်မယ်ဆိုရင်တော့ အညိုစိတ်မှာ အများကြီး သက်သာသွားမှာဘဲ"
ခဏ နေတော့ သူတွေးမိတာကို အညိုက ပြန်ပြောပြသည်။

"ဒါဖြင့် နက်ဖန် မင်္ဂလာဆောင်ကို လိုက်မလား"
"ဟင့်အင်း ... နက်ဖန်တော့ မလိုက်ချင်သေးပါဘူး၊ လက်ဖွဲ့ပစ္စည်းကို မမသစ်နဲ့ဘဲ ပေးလိုက်မယ်လေ"
"ကောင်းပြီ ... ကောင်းပြီ ... ကြိုက်သလိုလုပ်"
ထိုနေ့က အညိုသည် ဈေးသို့ တဆက်တည်းတန်းသွားကာ မင်္ဂလာလက်ဆောင်အတွက် ပုထိမ်ထီးကလေး တလက် ကို စိတ်ကြိုက်ရွေးဝယ်ပြီး ဒေါ်ခင်သစ်ထံသို့ ပြန်ပို့ပေးထားခဲ့လေသည်။
 
(၅)

ဆောင်းဦးမှသည် နွေနှောင်းလသို့ တိုင်လေသောအခါ ပိတောက်တို့ ဝေမြိုင်ကြပြန်သည်။ အညို၏ ရင်ထဲမှ  ဝေဒနာ သည်လည်း ပျောက်ကင်းသလောက် ရှိ၍လာလေ၏။
မင်္ဂလာဆောင်ပြီး၍ တပတ်ခန့် အကြာမှာ ကိုတင်မြင့် က ၀င်းဝင်း ကို အညို့ထံခေါ်လာ မိတ်ဆက် ပေးသည်။ ထိုမှစ၍ ၀င်းဝင်းနှင့်အညို ခင်မင်သွားကြသည်။
လူပုံအေးအေး နွဲ့နွဲ့ကလေးနှင့် ချိုပြုံးသွက်လက်သော ၀င်းဝင်းအား ညီမကလေးတမျှ ချစ်ခင် လာသည်နှင့်အတူ သူ၏စိတ်မှာလည်း သန့်သန့်စင်စင် ကြည်ကြည်လင်လင် ဖြစ်ရှိလာသည် ဟု အညို ထင်မိ သည်။

ညအိပ်ရာဝင်သည့်အခါမှာ ၀င်းဝင်းကလေးကို ဦးစားပေးကာ ပထမဆုံးရည်ညွန်းပြီး မေတ္တာပို့ရသည်မှာပင် သူ့စိတ် နှင့် သူကျေနပ်စရာ ဖြစ်လာသည်။
''ငါ့စိတ်ထဲမှာ မသန့်စင်တာတွေ မရှိတော့ပါဘူး '' ဟု အညိုက မှတ်ချက်ချသည်။
ကိုတင်မြင့် ၏မျက်နှာကိုလည်း ၀ံ့ဝံ့စားစားပင် ကြည့်ရဲ ရှုရဲဖြစ်လာ၏။

အညို့ထံသို့လည်း တခါတရံ ကိုတင်မြင့်က ကားမောင်းကာ ၀င်းဝင်း နှင့် တင်တင်စိုးပါ သုံး ယောက်လုံး လာသည့် အခါ လာသည်။ တခါတရံ ကိုတင်မြင့်နှင့် ၀င်းဝင်းချည့်လာသည့်အခါ လာ သည်။ ရံခါတော့လည်း ကိုတင်မြင့် မပါဘဲ တင်တင်စိုးက ကားမောင်းကာ ၀င်းဝင်းနှင့် နှစ်ယောက် တည်း လာချင်လာသည်။
သူတို့လာပြီးနောက်အညို့ ကိုပါခေါ်ဆောင်ကာ ဘုရားသို့၎င်းရုပ်ရှင်သို့၎င်း၊ မမဒေါ်ခင်သစ် တို့ အိမ်သို့၎င်း တပျော်တပါး သွားလာ လည်ပတ်ကြသည့် အခါများလည်း ရှိသည်။
ကိုတင်မြင့် လာသည့်အခါတိုင်း ပန်းတမျိုးမျိုးကိုယူဆောင်လာတတ်သည့်အစဉ်အလာကို လည်း  ကိုတင်မြင့် က ဆက်လက်ကျင့်သုံးနေဆဲပင် ဖြစ်သည်။

အညိုကလည်း ဘုရားပန်းကို အသစ်လဲလှယ်ကပ်လှူပြီးတိုင်းတွင် ''ကိုမြင့်နဲ့ ညီမလေးဝင်း တို့'' သံသရာ ဆုံးတိုင် ပျော်မွေ့နိုင်ပါစေ'' ဟု ဆုပေးတတ်လေသည်။
သို့သော် အညို၏သာယာသော လောကလေးထဲသို့ ကြမ္မာမုန်တိုင်းသည် ရိုင်းစိုင်းရက်စက် စွာ ၀င်မွှေ့ လာပြန်လေ၏။ ပထမဦးစွာ အညိုကြုံတွေ့ရသည်အတော့ သူ၏ တဦးတည်းသော မှီခို အားထားရာ ဖြစ်သည့် ဖွားလေးဘုရားသည် ကောင်းသားကြီး ရှိနေရင်းမှ ရုတ်တရက်နှင့် တညဥ့်အတွင်းမှာ ကွယ်လွန် သွားခြင်း ဖြစ်လေသည်။

အညို့ ဘ၀သည် ယခုမှပင် အထီးကျန် တွယ်ရာမဲ့ ဖြစ်ပါလေပြီ။ ဖွားလေး ဘုရား၏ ဈာပန ကို သင့်တင့် လျောက်ပတ်စွာ စီစဉ် ပြုလုပ်ကြပြီးနောက် မမဒေါ်ခင်သစ်နှင့် အကိုကြီး ကိုဘမောင် ဦးလေးဇော်စသော ရင်းနှီးသူ လူကြီးများက အညို၏ရှေ့ရေးနှင့် နေရေးများအတွက် မည်သို့ပြုလုပ် မည်ကို မေးမြန်း ဆွေးနွေး ခဲ့ကြ၏။
အညိုမှာ ရင်ထဲတွင်၎င်း၊ ခေါင်းထဲတွင်၎င်း၊ ရှုပ်ထွေးနောက်ကျိ၍ နေကာ ပြတ်သားသော အဖြေကို မပေးနိုင် စွမ်း ဘဲ ရှိနေသည်။

''အခု လောလောဆယ်မှာတော့ ဆရာလေး မစောရီနဲ့ ဆရာကြီး ဒေါ်ဓမ္မ၀တီတို့ အဖော် အဖြစ် လာနေ ပေးတဲ့ အတိုင်းရှိပါစေဦး---- နောက်ပိုင်းမှာ ခပ်ဖြေးဖြေး အချိန်ယူပြီးမှဘဲ အညိုပြော နိုင်ပါလိမ့်မယ်။''ဟု မတင်မကျ မျှပြောထား နိုင်ခဲ့သည်။
တိုက်အုပ်တိုက်ပိုင် ဆရာဘုရားက အညိုအား အထူးသီးသန့် ခေါ်ယူကာ ယခုအချိန်မှာ သီလရင်လုပ်ဘို့ရာ အကောင်းဆုံး အခြေအနေပင်ဖြစ်ကြောင်း တိုက်တွန်း ဆွေးနွေးသည်ကိုလည်း အညိုသည် အချိန် အနည်းငယ် ထပ်၍ စဉ်းစားခွင့် ပေးပါရန်သာ ပန်ကြားနိုင်ခဲ့သည်။

အကိုသန်းအောင်နှင့် ကိုတင်မြတို့က သူတို့အိမ်သို့ စိတ်ပြေ လက်ပျောက် လိုက်နေရန် ပြောတော့လည်း အညိုသည် ခေါင်းကိုသာ ခါရမ်းနိုင်ခဲ့သည်။
သူ၏ အဖို့မှာ ဘာကိုမျှလည်း မစဉ်းစားချင် ဘာကိုမျှလည်း မပြုလုပ်ချင်ဘဲ ကြိုးဖြတ်ချလိုက်သည့် အရုပ် ကလေး လိုသာ အားကုန် ပုံကျ၍ နေချင်တော့လေသည်။
ဘုရားဆွမ်းကပ် ဘုရားဝတ်တက် ပြုလုပ်ပြီးစ နံနက်ခင်းကလေးများတွင်တော့ အညိုသည် ဖွားလေး ဘုရား နှင့် အတူပြန်လာမြဲ ဖြစ်သောသူ၏ ဇရပ်ကလေးကို ဖွားလေးဘုရားမပါဘဲ သူတစိမ်းများနှင့် ၀င်သွားရမည့် အဖြစ် ကို ရင်ထဲမှာ အနေခက်ကာ နုံးဟာနေတတ်သည်။

တရားဓမ္မနှင့် ဒုန်းဝေးလှသူ မဟုတ်သည်တိုင် သည်အဖြစ်ကို ဖြေဖျောက်၍ မရနိုင်အောင် ရှိသေးသည်မို့ သည်အချိန် သို့တိုင်လျှင် အညိုသည် ကျောင်းဝင်း အုတ်တံတိုင်းကြီးထဲမှ ထွက်သွားကာ တယောက်တည်း လမ်းဝေးဝေး လျှောက်သွားတတ်လေ၏။

သီရိမာလာ ကျောင်းတိုက်၏ ရှေ့မျက်နှာစာ ၀င်းတံခါးမှ ထွက်သွားလျှင် လမ်းကြားကလေးတခုကို အတော် ဝေးဝေးလျှောက်ပြီးနောက် ဘတ်စ်ကားလမ်းမကြီးပေါ်သို့ ရောက်သွားနိုင်၏။ ထိုလမ်းမှာ လူသူ အဖြတ် အသန်း များသဖြင့် အညိုမနှစ်သက်ပေ။ ကျောင်းနောက်ဖေးဘက် ခြံတံခါးငယ်ကလေးမှ ထွက်သွား လျှင်ကား --- ကျောင်းဝင်း အုတ်တံတိုင်းနှင့် အပြိုင်သွယ်တန်းနေသော ချောင်းရိုး ကလေးကို တွေ့ရပေမည်။ ချောင်းရိုးကလေး နံဘေးမှ ကိုက်တရာလောက် လျှောက်သွားမိလျှင် ချောင်းကူးသစ်သား တံတားငယ်ကို တွေ့နိုင်၏။ ကျောင်းဝင်ပေါက်နှင့် တည့်တည့်တွင်ကား---- ၀ါးလုံး ၄လုံးမျှကို အုန်းဆံကြိုးနှင့် တုတ်ကာ စီခင်း ထားသော တံတားကလေးရှိသည်။

အညိုသည် ၀ါးတံတားငယ်ကို မဖြတ်မကူးဝံ့သောကြောင့် ကိုက်တရာလောက်ဆီမှ သစ်သားငယ်ကို ဖြတ်ကူး လိုက်လျှင်ကား ချောင်းရိုးတဖက်ဘေးတွင် ပုံစံအမျိုးမျိုးနှင့်  တိုက်အိမ်ပု ကလေးတွေကို ၀င်းခြံ ကျယ်ကြီးများ အတွင်း၌လှပစွာ တွေ့မြင်နိုင်လေသည်။ ၀င်းခြံကျယ်ကြီး တွေမှာလည်း သီးမျိုးပွင့်မျိုးစုံသည်မို့ ရှုမငြီးစရာ ဖြစ်ပေသည်။ ထိုသီးသန့်ရပ်ကွက်ထဲမှာပင် အညို၏ စာသင်သား တပည့်ကလေးများသည် နေထိုင်ကြသည်။

အညိုသည် အလုပ်မှ တလမျှ အနားယူထားသည်တိုင် ရံခါတွင် သူကျူရှင် ပေးရသော တပည့်ကလေး များ အိမ်သို့ တိုင်အောင် ရောက်၍ သွားတတ်သည်။
တနေ့တွင်မူ အညိုသည် တပည့်ကလေးတဦးထံမှ ဆရာမစားဘို့ဆိုကာ ပေးလိုက်သော ခြံထွက် နံ့သာပု ငှက်ပျောတဖီး ကို လက်မှကိုင်ကာ ပြန်လာခဲ့သည်။ ရေစပ်စပ်သာ ရှိတော့သော ချောင်းရိုးကလေး တဖက်သို့ သစ်သားတံတားငယ်မှ ဖြတ်ကူးကာ ချောင်းရိုးကလေးတဖက်သို့ သစ်သားတံတားငယ်မှ ဖြတ်ကူး ကာ သီရိမာလာ ကျောင်းတိုက်နံဘေး မြေညီ လမ်းကလေးအတိုင်း လာခဲ့၍ ကျောင်းနှင့် မလှမ်းမကမ်းဆီသို့ ရောက်သောအခါ အညိုသည် သူတခါမျှမမြင်ဘူးသော မြင်ကွင်းတခုကို ချောင်းရိုးလေး၏ တဖက်ကမ်း ၀ါးတံတားကလေးထိပ်တွင် လှမ်းမြင်ရလေ၏။

ထိုမြင်ကွင်းမှာ အသက် ၂၀ ခန့် လူငယ်ကလေးတဦးသည် ပန်းချီကားတချပ်ကို ထောင်ကာ ဆေးစုတ်တံ အစုံအလင်ကို အနီးမှာ ချထားပြီး ပန်းချီ ဆွဲနေခြင်းဖြစ်သည်။
အညိုသည် ပန်းချီဆွဲနေသော လူငယ်ကလေးကလည်း နောက်သို့ လှည့်ကြည့်ရာမှ သူ့ကို မြင်သွားသည်။
''ဟာ --- အတော်ဘဲ အမကြီးရေ ကျွန်တော် ဆာလိုက်တာ စားစရာ တခုခု ရောင်းတဲ့ ဈေးသည်လာရင် ကောင်းမှာဘဲလို့  တွေးနေတုန်း အမကြီးရောက်လာတာ အတော်ဘဲ--- အတော် ဘဲ'' ငှက်ပျောသီး ၄-၅ လုံး လောက် ပေးခဲ့ပါလားဟင်---

သူငယ်ကလေးသည် ၀မ်းသာ အားရနှင့် ချိုချိုရွှင်ရွှင် ပြောလိုက်၏။ အညိုက လွတ်လွတ် လပ်လပ် ရှိလှသော လူငယ် တို့၏ဘ၀ကို သဘောတွေ့မိကာ ဖော်ရွေစွာ ပြုံးလိုက်သည်။
"မင်းဘယ်လိုလုပ်ယူမှာလဲ ဒီကပစ်ပေး လိုက်မယ်လေ---- ဖမ်းပေါ့''
''အာ--- ဒီလိုမလုပ်ပါနဲ့ အမကြီးရာ မတော်တဆ အောက်ပြုတ်ကျလို့ ပျော့စိပြီး စားမရဘဲ နေပါအုံးမယ်----
''သြော် --မင်းကလဲ ဒါလောက် ကလေးမှ အဖမ်းမတော်ဘူးလားကွဲ့''

''ကျွန်တော်က အဖမ်းတော်ပေတဲ့ အမကြီးက အပစ်မတော်မှာ စိုးရသေးတာကိုး''
''အောင်မယ်---- အောင်မယ်---- ပေးရမယ့် လူမှာဘဲ အပြစ်ဖြစ်ရပြန်ပါပြီ နို့---- ဘယ်လို လုပ်ယူမလဲ ----
''အမကြီး လာပေးပါလားဗျာ''
''ဒီဝါးတံတားကလေးကို အမကြီး မလျှောက်ဝံ့ဘူးကွ မင်းလာယူ---''
သူငယ်ကလေး က ဟူး---ကနဲ လေတချက်မှုတ်ထုတ်လိုက်ကာ ၀ါးတံတား ပေါ်မှ အပြေးကလေး လျှောက်ကူး လာခဲ့သည်။

အညို့လက်ထဲမှာ ငှက်ပျောဖီး တခြမ်းကို ရသောအခါ ''ကျေးဇူးပါဘဲဗျာ'' ဟု ပြောပြီး ချက်ခြင်းပင်  အခွံနွှာကာ ကိုက်စားလိုက်သည်။ အညိုက သူပြောပုံ လုပ်ပုံကို ပြုံးကြည့်ပြီး ဆက်လျှောက်လာခဲ့ သည်။
''အမကြီး က ဘယ်မှာနေတာလဲဗျ''
အညို သူ့ကို ကျော်လွန်လာတော့မှ သူငယ်ကလေးက ပလုပ်ပလောင်း အသံနှင့် လှမ်းအော် မေး နေပြန်သည်။
''ဟောဒီ သီလရှင် ကျောင်းဝင်းထဲမှာဘဲကွ'' ဟု အညို့ လှည့်မကြည့်ဘဲ ဖြေလိုက်သည်။

ဆက်ရန်
.

No comments: