အခန်း ၁ဝ
အကြီးကြီးကိုရခြင်း
အကြီးကြီးကိုရခြင်း
ကျွန်တော်၏ကလေးဘ၀စိတ်ကူး အိမ်မက်များတွင်အစောဆုံးအိမ်မက်ကား ကျွန်တော်သွားရောက် လည်ပတ် ခဲ့သောအပန်းဖြေဥယျာဉ်တစ်ခု သို့မဟုတ်ပွဲတော်တစ်ခုတွင် ကျွန်တော်က သဘောကျစရာ အကောင်းဆုံး သူတစ်ယောက် ဖြစ်လိုခြင်းပေတည်း။ ကျွန်တော်သည်ထိုသို့ သဘောကျစရာ အကောင်းဆုံး အဖြစ် သို့ ဘယ်ပုံဘယ်နည်းရောက်ခဲ့ရသည်ကို အမြဲသဖြင့်တိတိကျကျသိသည်။
သဘောကျစရာအကောင်းဆုံးသူကို ကြည့်လိုက်လျှင် အလွယ်တကူနှင့်မြင်တွေနိုင်၏။
ထိုသူ သည်တရစ္ဆာန်အသေကောင်၏ အရေခွံထဲ၌ နဂိုပုံသဏ္ဌာန်မပျက်အောင် အဆာသွတ်ထားသည့် အကြီးဆုံး အဆာသွတ် တိရစ္ဆာန်ရုပ်ကြီးနှင့် လျှောက်ပတ်သွားနေသူဖြစ်သည်။ ကဘေးဘ၀၌ ကျွန်တော် သည် ထိုသို့သော သူတစ်ယောက် ခပ်လှမ်းလှမ်းတွင်သူ၏ ခေါင်းနှင့်ကိုယ်ခန္ဓာကို အဆာ သွတ် တရစ္ဆာန်ကြီး နှင့် ကွယ်၍ လျှောက်သွားသော နေရာသို့လိုက်ကြည့်တတ်သည်။ ထိုသူသည် ဘယ်လိုလူပင် ဖြစ်ဖြစ် အရေးမကြီးပါ။ သူ့မှာအကြီးဆုံးအဆာသွတ်တိရစ္ဆာန်ရုပ်သာ ပါပါစေ၊ ထိုသူသည် ထိုပွဲတော်တွင် သဘောကျစရာ ကောင်းဆုံးသူပင်ဖြစ်တော့သည်။
ကျွန်တော့်ဖခင်ကလည်း ထိုယုံကြည့်ချက်မျိုး သွင်းပေးသည်။ ဖဲရစ္စဘီးပေါ်၌ ရဟတ်စီးသည့်အခါ သူ့တင်ပါး ပေါ်မှာ မကြာခင်ကမှ ရထားသောဝက်ဝံသို့မဟုတ် မျောက်ဝံကြီး တစ်ကောင်ကောင် မပါဟု ဆိုလျှင် သူ့ကိုယ်မှာ ဘာမှမပါသကဲ့သို့ ခံစားရသည်ဟုပြောသည်။ ကျွန်တော်တို့မိသားစု အတွင်း၌ယှဉ်ပြိုင်မှုက ရှိကြရာ ကစားပွဲတစ်ဝက်လောက်ရောက်ပြီးဆိုလျှင် ထိုကစားပွဲသည် တိုက်ပွဲတစ်ခု ဖြစ်လာတော့သည်။ စတပ်ပ်ဖ် အဲနီးမဲလ်ကင်းဒမ်းရှိ အကြီးဆုံးတရစ္ဆာန်ရုပ်ကို ကျွန်တော်တို့အထဲမှာ မည်သူရယူနိုင်မည်နည်း။
သင်သည်ပွဲတော်တစ်ခုတွင်အဆာသွတ်တရစ္ဆာန်ကြီးတစ်ကောင်ကို ပွေ့လျက်လှည့်ပတ် လျှောက်ဖူး ပါသလား။ ထိုသို့လျှောက်လာသော သူကိုလူတွေက၀ိုင်းကြည့်ပြီး မနာလိုဝန်တိုဖြစ်နေ ကြသည်ကို ကြည့်ဖူး ပါသလား။ အမျိုးသမီးတစ်ယောက်ကို ပိုးပမ်းဖို့ထိုသို့သော အဆာသွက်တရစ္ဆာန်ရုပ် တစ်ရုပ်ကို အသုံးချဖူး ပါသလား။ ဟုတ်ကဲ့ခင်ဗျာ။ ကျွန်တော်ကတော့ပိုးပမ်းဖူးရုံမျှမက ထိုအမျိုးသမီးနှင့် ညားတောင်ညားနေပါပြီ။
အဆာသွတ် တရစ္ဆာန်ရုပ်ကြီးများသည် ကျွန်တော့်ဘ၀တွင်အစကတည်းက တစ်ခန်းတစ် ကဏ္ဍ ပါဝင်ခဲ့ သည်။ ကျွန်တော်ကသုံးနှစ်သား ၊ ကျွန်တော် အစ်မ က ငါးနှစ်သမီးအရွယ်များက အကြောင်းကို ပြောရဦးမည်။ ကျွန်တော်တို့မောင်နှမသည်စတိုးဆိုင်ကြီးတစ်ခုထဲမှ ကစားစရာများ ရောင်းချသည့် အခန်းထဲ သို့ ရောက်နေကြသည်။ ကျွန်တော့်ဖခင်က သူဝယ်ပေးမည့်ပစ္စည်းကို နှစ်ယောက်စလုံးက သဘောတူညီပြီး ဝေမျှကစားကြမည်ဟုဆိုပါလျှင်ကြိုက်ရာပစ္စည်းတစ်ခု ၀ယ်ပေးမည်ဟု ပြောပါသည်။ နောက်ဆုံး ၌ အပေါ်သို့မောင်နှမနှစ်ယောက်သည်လျှောက်ပတ် ကြည့်ကြသည်။ နောက်ဆုံး၌အပေါ်သို့ မော့ကြည့် လိုက်ရာ အမြင့်ဆုံးစင်ပေါ်တွင် အဆာသွတ်ထား သောယုန်ကြီး တစ်ကောင်ကို တွေ့လိုက် ကြသည်။
"အဲဒီဟာကို ယူကြရအောင်ဟာ"ဟု အစ်မကပြောပါသည်။
ဤကစားစရာပစ္စည်းများ ရောင်းသည့်ဌာနတွင် ဤယုန်ကြီးသည်ဈေးအကြီးဆုံး ဖြစ်နေနိုင်သည်။ သို့ရာတွင် ကျွန်တော်တို့ဖခင်သည် ပြောပြီးလျှင် ပြီးပြီးပျောက်ပျောက်သမား မဟုတ်ပေရာ သူ့ကတိ အတိုင်း ထိုယုန်ရုပ်ကြီးကိုဝယ်ပေးပါသည်။ သူကထိုကဲ့သို့ ပြုပေးလိုက်ခြင်းသည် ပင်လျှင် ရင်းနှီးမြှုပ်နှံမှု တစ်ခုဟု တွက်ချင်တွက်ပါလိမ့်မည်။ အိမ်တစ်အိမ်တွင် အဆာသွတ်တရစ္ဆာန်ကြီးတစ်ကောင်ကို ထပ်၍ ထပ်၍လည်း အမြဲသုံး၍ ရနိုင်သည်မဟုတ်လော။
ကျွန်တော်သည်အရွယ်ရောက်လာသည်။ အရွယ်ရောက်လာသည်နှင့်အမျှ ကျွန်တော့်မှာပိုကြီးသော အဆာသွတ်တိရစ္ဆာန်ရုပ်ကြီးတွေ ပိုများလာပါသည်။ ကျွန်တော့်ဖခင်ကတောင် ကျွန်တော်သည် လူတွေကို ပိုက်ဆံပေးပြီး ရအောင် လုပ်ရော့သလားဟု သံသယဖြစ်သည်။ ကျွန်တော်သည် လေသနတ်တွေနားမှ နိုင်လာသည့် လူတွေကိုစောင့်နေပြီးလျှင် အဆာသွတ် တိရစ္ဆာန်ရုပ်ကြီးများသည် လောကကြီးကသူ့အပေါ် ထင်မြင်ထားသည့် အထင်အမြင်တွေကို ပြောင်းပစ်နိုင်သည်ဟူသော တန်ဖိုးကိုမသိသည့်သူများအား ဒေါ်လာ၅၀ လောက် ပစ်ပေးပြီး ဤအရုပ်တွေကိုယူလာသည်ဟု သူက မှတ်ယူထားသည်။ သို့ရာတွင် ကျွန်တော် သည် ဤအဆာသွတ် တိရစ္ဆာန်ရုပ်များကို ပိုက်ဆံပေးခဲ့ရသည်မဟုတ်ပါ။
ထို့ပြင် ကျွန်တော်လိမ်လည်လှည့်ဖျား၍ ရယူလာခဲ့ခြင်းသည် မဟုတ်ပါ။
ကျွန်တော့် ကိုယ်ကလေးတော့ ကုန်းညွတ်ခဲ့ရသည်ဟူ၍ကား ကျွန်တော် ၀န်ခံပါ၏။ ကွင်းပစ်သည့် ကစားပွဲမျိုး တွင်ကိုယ်ကို ကုန်းညွတ်ခြင်းတော့လည်း ပြုရသည်ပေါ့ခင်ဗျာ။ ကျွန်တော်သည် ကိုယ်ကို ကုန်းညွတ်သူ ဆိုလျှင်တော့ မှန်ပါ၏။ သို့ရာတွင် လိမ်လည်လှည့်ဖျားသူတော့ ကားမ ဟုတ်ပါပေ။
သို့ရာတွင်ကျွန်တော်အနိုင်ရလာသည့် အရာကိုကျွန်တော့်မိသားစုမမြင် ရအောင်ပြုသည်။ ထိုသို့ပြုခြင်းဖြင့် ပို၍ သံသယတိုးလာစေမည်မှန်း ကျွန်တော်သိပါသည်။ သို့ရာတွင် အဆာသွတ် တိရစ္ဆာန်ရုပ်များကို အိတ်ထဲ ထည့် ထုတ်လာသော နည်းလမ်းသည် အကောင်းဆုံးနည်းအဖြစ် ကျွန်တော်တွေ့ရှိခဲ့ခြင်းသည် ကား မိသားစု၏ ဖိအားကြောင့်မဟုတ်ပါ။ ကျွန်တော်ဤသို့အောင်မြင် မှုရအောင်အဘယ်မျှ အချိန်ယူ ခဲ့ရကြောင်း ကိုလည်း ကျွန်တော်က မည်သူ့ကိုမျှမသိစေချင်ပါ။ တစ်ခုခုအတွက် အဘယ်မျှ ကြိုးကြိုး ပမ်းပမ်း လုပ်ဖို့လိုသည်ဟူသော အချက်သည်လူတိုင်းအဖို့ ကားအရေးကြီးချင်မှ ကြီးပါမည်။ သို့ရာတွင် ကျွန်တော် အဖို့ကား မလျှော့သောဇွဲလုံ့ကရျိခြင်းက တစ်ပန်းသာသွားခြင်းပင် ဖြစ်ပေသည်။
ယခုတော့ကျွန်တော်၏ လျှို့ဝှက်ချက်များကို ထုတ်ဖော်ပြောပြပါတော့မည်။ အဆာသွတ်တိရစ္ဆာန် ရုပ်များ ကို ရရှိခဲ့ခြင်းအတွက် လျှို့ဝှက်ချက်နှစ်ချက်ရှိပါသည်။ တစ်ချက်ကလက်တံရှည်ခြင်း ဖြစ်ပါသည်။ နောက်တစ်ချက် ကား ပိုက်ဆံကိုကိုယ်ကြိုက်သလို သုံးနိုင်ခွင့်ရှိသော ၀င်ငွေကလေး မျိုးလည်း ရှိဖို့လိုခြင်းဖြစ်သည်။ ကျွန်တော်အား ထိုအချက်နှစ်ချက်စလုံးနှင့် ပြည့်စုံသူတည်း။
ကျွန်တော်သည် ကျွန်ောတ်၏ နောက်ဆုံးဟောပြောချက်တွင် ကျွန်တော်၏ အဆာသွတ်တိရစ္ဆာန် ရုပ်များအကြောင်းကို ထည့်ပြောခဲ့၏။ ထိုတိရစ္ဆာန်ရုပ်များ၏ ဓာတ်ပုံများကိုလည်း ပြသခဲ့သည်။ နည်းပညာ ကို အငန်းမရ လိုက်စားနေသူများက ဘယ်လိုတွေးလာနိုင်သည်ကိုလည်း ကျွန်တော်ကြို တင် ခန့်မှန်း ထားနိုင်ခဲ့သည်။ ယခုကဲ့သို့နည်းပညာတွေ ထွန်းကားနေသည့် ဒစ်ဂျစ်တယ်ခေတ်ကြီး တွင် ဓာတ်ပုံမှာ ကျွန်တော် နှင့် အတူရှိနေသည့် အဆာသွတ် ၀က်ဝံရုပ်များသည် တကယ်ဟုတ်နိုင် ပါ့မလားဟု သံသယ ဖြစ်နိုင်ကြသည်ကို ကျွန်တော်ကြိုမြင်ထားသည်။ တကယ်ဆုရရှိထားသူများ အား မျက်နှာချိုသွေး၍ သူတို့၏ ဆုရပစ္စည်းများ အနီးတွင် ကျွန်တော်ဓာတ်ပုံရိုက်လိုပါသည်ဟု ကျလောက်အောင် ပြောကာသူတို့၏ ခွင့်ပြုချက် ရအောင် လုပ်ယူခဲ့ခြင်းဖြစ်မှာပေါ့ ဟူ၍လည်း တွေး မည်ဆိုကာ တွေးနိုင်ကြမည် ဖြစ်ပါသည်။
ဘာကိုမှမယုံကြည်ချင်ကြသော ဤခေတ်ကြီးတွင် ကျွန်တော်သည် ကျွန်တော့်ဟောပြော ချက်ကို လာရောက် နား ထောင်ကြသည့်ပရိသတ်ကြီးအား ဤပစ္စည်းတွေမှာ ကျွန်တော်တကယ်ပ ပင်ဆုရခဲ့သော ပစ္စည်း တွေဖြစ်သည့်အကြောင်း ယုံကြည်အောင် မည်သို့ပြရပါမည်နည်း။ ကျွန်တော် သည် ထိုပရိသတ်ကြီးအား ကျွန်တော့်ပစ္စည်းများသည် တကယ့်အဆာသွတ် တိရစ္ဆာန် ရုပ်များ ဖြစ်ကြောင်းကို ပြသ ရပေလိမ့်မည်။ ထို့ကြောင့်ကျွန်တော်သည် ကျွန်တော့်တပည့် အချို့အား ဟောပြောစင်၏ ၀ဲယာဘက် များမှ လျှောက်လာစေပါသည်။ နှစ်အဆက်ဆက်ကာလ အတွင်းကျွန်တော်ရရှိထားခဲ့သော အဆာသွတ် တိရစ္ဆာန်ရုပ် များကို ကိုယ်စီကိုင်၍ လျှောက်လာစေ ခြင်းဖြစ်ပါသည်။
ကျွန်တော်သည် ယခုအခါဤဆုများကိုလည်း မလိုအပ်တော့ပါ။ ကျွန်တော်ဇနီးနှင့် မရခင် သူ့ကို ကျွန်တော် ပိုးပန်းနေစဉ်က ကျွန်တော့်ရုံးခန်းထဲ၌ အဆာသွတ်ဝက်ဝံရုပ်ကို ချိတ်ဆွဲထား သည့်အခါ ကျွန်တော်ဇနီးသည် ထိုဝက်ဝံရုပ် ကို အလွန်ချစ်မြတ်နိုးခဲ့သည် မှန်သော်လည်း ယခု ကလေးသုံးယောက်ရပြီးသည့်အခါ ကျွန်တော် တို့ အိမ်သစ်၌ ဤသို့သော အဆာသွတ် တိရစ္ဆာန် ရုပ်တွေ တစ်အုပ်တစ်မကြီးနှင့် ရှုပ်ယှက်ခတ် နေမှာကို သူလည်း လိုလားတော့မည် မဟုတ်ပါ။ (ယင်းတို့မှ နူးညံ့သောပလတ်စတစ်အရည်များသည် ချလို ၏ ပါးစပ်ထဲသို့လည်း စိမ့်ယိုကျနေ တတ်သည်။)
ကျွန်တော်ဤအဆာသွတ်တိရစ္ဆာန်များကို ဆက်လက်ထားရှိပါလျှင် တစ်နေ့နေ့တွင် ဂျေးသည် ဂွတ်ဝစ်လ် ကို ဖုန်းဆက်ခေါ်၍ ဒါတွေယူသွားပါတော့ဟု လုပ်ပစ်ပေလိမ့်မည်။ ထိုထက် ပိုဆိုးမည်မှာ သူဒါတွေကို မကြည့်နိုင် မကြည့်ရက်တော့ဘူးဟု ခံစားလာမိမှာမျိုး ဖြစ်သည်။ ထို့ကြောင့်ကျွန် တော်က ငါဘာကြောင့် ဒါတွေကို မိတ်ဆွေတွေကို မပေးပစ်နိုင်မှာလဲဟု ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
သို့ဖြစ် ကျွန်တော့်တပည့်များ စင်ပေါ်မှာ တန်းစီ၍ရပ်နေသောအခါ ကျွန်တော်က ကြေညာလိုက်သည်။
ကျွန်တော်ပစ္စည်းတွေထဲက တစ်ခုခုကို ကြိုက်နှစ်သက်တယ်ဆိုရင် မည်သူမဆို သည်ပွဲပြီးရင် တက်လာပြီး ၀က်ဝံ တစ်ကောင်စီ ယူသွားကြပါ။ အရင်ရောက်သူ အရင် ရ စနစ်ဖြစ်ပါတယ်
အဆာသွတ် ၀က်ဝံကြီးများသည် အားလုံးပင် နေစရာအိမ်အမြန်တွေ့သွားကြသည်။ တိရစ္ဆာန်တစ် ကောင်ကို ကာနက်ဂီမယ်လွန် တက္ကသိုလ်မှာ ကျောင်းသူတစ်ဦးက ယူသွားရာ ထိုကျောင်းသူ မှာ ကျွန်တော့် လိုပင် ကင်ဆာရောဂါသည် တစ်ဦးဖြစ်ကြေင်း နောက်ရက်အနည်းငယ်အကြာတွင် သိရ သည်။ ဟောပြောချက် အပြီးတွင် ထိုကျောင်းသူသည် တက်လာပြီး ကြီးမားသောဆင်ကြီးကို ရွေးယူသွားခြင်း ဖြစ်သည်။ ကျွန်တော်သည် ထိုသင်္ကေတလက္ခဏာ ကို သဘောကျပေသည်။ ထို ကျောင်းသူသည် ဆင်ကြီး ကို အခန်းထဲမှာ ရရှိသွားခြင်း ဖြစ်ပေသည်။
အခန်း (၁၁) ဆက်ရန်
.
2 comments:
မမရေ...အခန်းဆက်လေးကို
လာဖတ်သွားပါတယ်။ ဘာများဆက် ဖြစ်မလဲလို့
စိတ်ဝင်တစား စောင့်မျှော်လျှက်..။
မမရေ..ကောင်းသောနေ့လေးဖြစ်ပါစေရှင်။
Thanks.
Ray
Post a Comment