Sunday, March 13, 2011

မဝင်းမြင့် ၏ ပဏ္ဍုသေလာ အပိုင်း (၂၇)

"မကြောက်ပါနဲ့ ဟိုလူယုတ်မာတွေလက်ထဲက မင်းကို ကယ်တာပါ"
အလွန် ကျွမ်းကျင်ပြီသသော ပါဠိဘာသာဖြင့် ထိုလူက ပြောသောအခါ သိင်္ဂမာလာသည် အတိုင်းမသိ ၀မ်း မြောက်ခြင်း၊ ကျေးဇူးတင်ခြင်းဖြစ်ရသည်။
" မင်းဗုဒ္ဓဘုရား ကို တမ်းတသံကြားလိုက်တယ်၊ ဗုဒ္ဓဘာသာဝင်လား "
" ဟုတ်တယ် အသင်ကရော" သိင်္ဂမာလာက ပြန်မေးသည်။

" ငါလဲ ဗုဒ္ဓဘာသာဘဲ" ထိုလူက ဖြေ၏။
ထိုအခိုက်မှာ တကြိမ်တခါမှ မကြားဘူးသည့် မိုးချုန်းသံတမျှ ပြင်းထန်သော အသံကြီးတွေကြောင့် ရေတံခွန် နောက်နား ဆီမှ နှစ်ဆယ်ခန့် လူအုပ်စုတစုသည် မြေကြီးထဲက ခွဲထွက်သလိုပေါ်လာသည်။ ထိုလူ တွေ မည်သို့ မည်ပုံ ရောက်လာသည်ကိုပင် မသိလိုက်ချေ။ သိင်္ဂမာလာနှင့် စကားပြောနေသောကြောင့် မသိလိုက်ချေ။ သိင်္ဂမာလာနှင့် စကားပြောနေသောကြောင့် သတိမထားမိခဲ့သော ထိုလူသည် သူ့နောက်နား ထိုလူတွေ ရောက်လာမှပင်မြင်မိတော့၏။

သွေးရဲရဲဖြင့် သေပွဲဝ်ပြီးဖြစ်နေကြသော လူငါးယောက်ကိုလည်းကောင်း၊ ၀တ်ဆင်ထားသော အ၀တ်တွေ အချို့ နေရာမှာ စုတ်ပြဲနေသော သိင်္ဂမာလာကိုလည်းကောင်း၊ ထူးဆန်းသော ပစ္စည်းတခုကို လက်ထဲမှာ ကိုင်ပြီး သိင်္ဂမာလာနှင့် စကားပြောနေသော ထိုလူကိုလည်းကောင်း၊ ရောက်လာသော လူနှစ်ဆယ် အုပ်စုက စူးစမ်းသော အကြည့်ဖြင့် ကြည့်ကြသည်။ သူတို့လက်ထဲတွင်ကား လေးနှင့်မြားကိုယ်စီပါလာကြသည်။

သိင်္ဂမာလာက ဖြစ်ပျက်ပုံကို ပြောပြသောအခါ လူနှစ်ဆယ်အုပ်စုထဲက အကြီးအကဲဖြစ်သူက မေးသည်။
" သင် ငါတို့စကားမျိုး ကောင်းကောင်းတတ်တယ်လား"
" တတ်ပါတယ်" ထိုလူက ဖြေသည်။
" သင့်နာမည်က ဘာလဲ"
" ဇယမင်္ဂလ"
" ကောင်းပြီ သင်က ဘယ်လိုနည်းနဲ့ ဒီရောက်လာတာလဲ"
ထိုအခါ "ဇယမင်္ဂလ"ဟု သူ့ကိုယ်သူ နာမည်ပေးထားသူက နေရာဒေသ တခုသို့သွားရန် တောလမ်းခရီး ဖြတ်လာရာမှ မျက်စေ့လည် လမ်းမှားပြီး ရောက်လာကြောင်း၊ သေသူ ငါးယောက်သည် မိန်းမပျိုကို စော် ကားရန် ကြံသည့်အတွက် ဤသို့ ယုတ်မာသော အပြုအမူကို မုန်း၍ သတ်လိုက်ကြောင်း ဇယမင်္ဂလံကပြန် ဖြေသည်။

" ကောင်းပြီ သင် ဗုဒ္ဓကို ကိုးကွယ်သူဖြစ်တယ်။ ဒါပေမဲ့ ဗုဒ္ဓဂေါတမရဲ့ တကဲ့မျက်နှာတော်ပုံ အစစ်ကို မြင်ဘူး ရဲ့လား ... "
" မမြင်ဘူးပါ"
" အေး ... ငါတို့အမျိုး မိန်းခလေးကို ကယ်တင်တဲ့ ကျေးဇူးကြောင့် ဗုဒ္ဓဂေါတမရဲ့ မျက်နှာတော် အစစ်ကို ဖူးခွင့် ပေးမယ် လိုက်ခဲ့"
" ကောင်းပါပြီ"

သူတို့အုပ်စုသည် ဇယမင်္ဂလံ၏ မျက်လုံးကို အ၀တ်ဖြင့်စည်း၍ ခေါ်သွားသည်၊ခေါ်သွားသောခရီးမှာ ဝေးကွာ လှသည် မဟုတ်သော်လည်း တနေကုန် သွားရသော ခရီးဟုထင်အောင် ခရီးကို တို့ကလေးကို ခေါက်တုံ့ ခေါက်ပြန်ပတ်ချာလှည့်ပြီး သွားနေစေသည်။ နေ၀င်မိုးချုပ်သောအခါမှ ပတ်ချာလှည့်သွားနေစေသော တောင်စောင်းမှ သူတို့နေရာ တောင်ဝှမ်းသို့ လှေကားထစ်အတိုင်း ဆင်းစေသည်။ သိင်္ဂမာလာသည် သူ့ အသက် နှင့် အရှက်ကို ကယ်တင်သော ကျေးဇူးရှင်အား မျက်နှာ အ၀တ်စည်းပြီး ပင်ပင်ပန်းပန်း လျှောက် ခိုင်းနေသည်ကို စိတ်ထဲက သနားကြင်နာလာသည်။ ကျေးဇူးပြုထားသူ တယောက်အား ဤမျှလောက် မလျှို့ဝှက် သင့်ဟု ယူဆ၏။

ဇယမင်္ဂလံ၏ မျက်နှာမှာ စည်းထားသော အ၀တ်ကို ဖြေလိုက်သောအခါ၊ သူသည် အလွန့်အလွန် ကြည်ညို ဖွယ် ကောင်းလှသော ရတနာအတိပြီးသည့် ရွှေသားတုတော်ကြီး တဆူရှေ့မှာ ရောက်နေသည်ကို သိရ သည်။ ဇယမင်္ဂလံ ကား အတိုင်းမသိသော ကြည်ညိုစိတ်ဖြင့် ရှိခိုးပူဇော်လေသည်။

ဗုဒ္ဓကိုးကွယ်သူချင်းလည်း ဖြစ်သည်။ သူတို့ ဘာသာစကားကို တတ်မြောက်သူလည်းဖြစ်သည်။ ပြန်ရန် လမ်းစခန်းကိုလည်း မသိသူဖြစ်သည်။ ချစ်ခင် နှစ်သက်အောင် စကားပြောတတ်သူလည်းဖြစ်သည်။ ထို့ကြောင့် ဇယမင်္ဂလံကို ခင်မင်နှစ်သက်ကြသည်။ သိင်္ဂမာလာ၏ မိဘတွေက ဆိုလျှင် သူတို့သမီး၏ ကျေးဇူးရှင်ဖြစ်၍ အစားအသောက်ကို ကျွေးသော်လည်း ဇယမင်္ဂလံကိုကား မည်သူ့အိမ်မှာမှ မနေစေဘဲ သိင်္ဂမာလာ တို့အိမ် နှင့် ခပ်လှမ်းလှမ်းမှာ ရှိသော ဇရပ်လိုလို အဆောက်အဦတခုမှာ သီးသန့်ထားလေသည်။ သို့သော် လည်ပတ်ခွင့် စကားပြောခွင့်ကိုကား ခွင့်ပြုသည်။

ဇယမင်္ဂလံ ထိုနေရာမှာ ရက်သတ္တ တပတ်ကျော် ကြာသွားသည်။ ဤမျှလောက် တိုတောင်းသော အချိန် ကလေးအတွင်းမှာ သူနှင့်သိင်္ဂမာလာတို့ ကြင်နာခြင်း အားနာခြင်းကို အရင်းခံပြီး တယောက်နှင့်တယောက် စွဲလမ်း ချစ်ကြိုက်နေကြလေသည်။ ချစ်မိပြီ ဆိုတော့လည်း လူငယ်တို့ ဘာဝ ကြောက်လန့်ခြင်း တွေးခေါ် မြော်မြင် ဆင်ခြင်ခြင်း မရှိတော့ချေ။ တညသောအခါဝယ် ဇယမင်္ဂလံရှိရာ ဇရပ်လိုလို အဆောက်အဦသို့ သိင်္ဂမာလာ က အမှောင်ရိပ်ခိုပြီး ရောက်လာခဲ့သည်။ မှောင်မဲဆိတ်ငြိမ်သော နေရာမှာ ချစ်သူ လူငယ် တစ်ဦး တို့လွန်လွန်ကျူးကျူးပင် ချစ်မိကြလေတော့သည်။
လေးကြိမ်မျှ ချိန်းချက်တွေ့ဆုံမိသောအခါ၌ သိင်္ဂမာလာ၏ မိဘအုပ်ထိန်းသူများနှင့် အုပ်ချုပ်သူ အကြီးအကဲ များ သိကုန်ကြလေသည်။

ထိုတရားကို စီရင်သောအခါ ...
သိင်္ဂမာလာ သည် မိမိတို့ အမျိုး၏ အစဉ်အလာကို ဖေါက်ဖျက်ကာ၊ အခြားသူတပါး နှင့် ချစ်ကြိုက်ပေါင်းသင်း ခြင်းအတွက် မြှားဖြင့် အသေပစ်သတ်ရမည်ဟု လူကြီးများအားလုံးက၊ တသဘောတည်း စီရင်ဆုံးဖြတ်ကြ လေသည်။
ထိုအခါ၌ သိင်္ဂမာလာသည် အသက်သေရမည်ကို အလွန်ထိတ်လန့် ကြောက်ရွံ့စွာဖြင့် ထိုနေရာဒေသမှ လွတ်မြောက် ထွက်ပြေးလာခဲ့သည်။ သိင်္ဂမာလာထံမှာ ပါလာသည့် ပစ္စည်းအား သူ့ချစ်သူက ပေးထားသည့် ချစ်သူ ဇယမင်္ဂလံ၏ ရုပ်ပုံလေးတခုသာပါသည်။ ထိုရုပ်ပုံကလေးကို သိင်္ဂမာလာက အသက်နှင့်အတူ မြတ်နိုး စုံမက်စွာ ဆောင်ယူလာသည်။

ချစ်သူသည် အသက်သေမည်မဟုတ်ဘဲ အိပ်ဆေးတန်ခိုးကြောင့် အိပ်ပျော်နေမည်သာဖြစ်သည်။ မည်သည့် နေရာ မှာ သူ့ကို စွန့်ပစ်မည်နည်း၊ ချောင်းရေအတိုင်း မျှောချလေမည်လားဟု တွေးကာ ချောင်းရိုးအတိုင်း ထွက်ပြေးလာရင်း ချစ်သူကို ရှာသည်။ တောထဲမှာ တ၀ဲလည်လည် အငတ်ငတ် အပြတ်ပြတ်ဖြင့် ချောင်းရိုး အတိုင်း လာခဲ့ရာမှ ခရီးက အတော်ကွာလှမ်းလာသည်။ တောထဲတွေ့သည့် သစ်သီးသစ်ရွက်စားကောင်း သည် ထင်သမျှ ခူးဆွတ်စားသောက်လာရင်းပင် ချစ်သူ နှင့် လွန်ကျူးခဲ့သော ပဋိသန္ဓေက တဖြည်းဖြည်း ပေါ်လာ လေသည်။

ကံအားလျော်စွာ ချောင်းကမ်းဘေးတနေရာမှာ အိမ်ခြေလေးငါးအိမ်မျှရှိသော ရွာကလေး တရွာကို တွေ့သဖြင့် တောင်းပန်ခိုလှုံနေရင်းပင် သမီးကလေးကို မွေးဖွားလာခဲ့သည်။ ထိုရွာသူ ရွာသားတွေကား သိင်္ဂမာလာ၏ စကားကို မတတ်သိင်္ဂမာလာကလည်း သူတို့ ဘာသာစကားကိုမတတ်၊ သို့သော်... ဒုက္ခ ရောက်လာသူ ဟူ၍ကား အဓိပ္ပာယ်ပေါက်သည်။ ထို့ကြောင့် ကောင်းစွာ လက်ခံကျွေးမွေး စောင့်ရှောက် ထားခြင်းဖြစ်၏။ ခြေဟန်လက်ဟန်ဖြင့် အဓိပ္ပာယ်ဖော် ဆက်ဆံလာရာမှ သူတို့စကားကို ထမင်းစား ရေသောက် လောက် နားလည်လာသည်။ သူတို့သည် ချင်းလူမျိုးတွေ ဖြစ်ကြောင်းကို နောင် သောအခါမှ သိင်္ဂမာလာ သိရသည်။ သိင်္ဂမာလာက မွေးသောသမီးလေးအား မာလာဒေ၀ီဟု အမည်ပေးလေသည်။

" အဲဒီ မာလာဒေ၀ီ ဆိုတာ မမပေါ့ဟုတ်လား "
မောင်တင်ဦးကမေးသည်။
" ဟုတ်ပါတယ် မောင်တင်ဦးရယ်"
မာလာဒေ၀ီကဖြေသည်။

" ဆက်ပြောပါအုံးမမရယ်၊ ဘယ်လိုဖြစ်ပြီး ဟိုလူ့သရဲတွေလက်ထဲရောက်နေရတာလဲ"
မောင်တင်အုံးကမေး၏။ မောင်တင်ဦးကမူ နက်နဲစွာ စဉ်းစားနေသည်။ သူ့အဖေပြောခဲ့သော စကားတပိုင်း တစကို လည်းကောင်း၊ နွေရာသီပြောင်း မိန်တံပေါင်းဝယ် ရှေးဖြစ်ဟောင်းကို တွေးတော ဆွေးမောနေလေ့ရှိ သော ဘခင်၏ ဟန်မူရာကိုလည်းကောင်း၊ ဘခင်သည် ပါဠိဘာသာ၊ ဟိန္ဒူဘာသာကို ကျွမ်းကျင်စွာ တတ် မြောက်ခဲ့သည်ကိုလည်းကောင်း၊ သာကီဝင် ဆွေမျိုးစုကို နာမည်ပေးခဲ့သည့် ဇယမင်္ဂလံဆိုသည်မှာ သူ့ နာမည် မောင်အောင် ကို ပါဠိဘာသာဖြင့်သာ ပေးခဲ့ခြင်းဖြစ်ရမည်ဟူ၍ ၄င်းဆက်စပ် တွေးတောရင်း ဇယမင်္ဂလံ ဆိုသူသည် သူ့ဖခင် ဦးအောင်ဖြစ်နေပါက မာလာဒေ၀ီသည် သူနှင့် အဖေတူ အမေကွဲ အမ အရင်း ဖြစ်ရမည်ဟု ယူဆ၏။

ထိုသို့ ဖြစ်လျှင် သူ့အဖေ ဦးအောင်၏ ရုပ်ရည်သဏ္ဍာန်သည် မာလာဒေ၀ီမှာ တစိတ်တဒေသတော့ ပေါ်လွင် ရပေမည် ဟူသောစိတ်ဖြင့် မာလာဒေ၀ီကို စိမ်းစိမ်းစားစားကြည့်နေမိသည်။
သို့သော် ... မာလာဒေ၀ီကား ချောမော လှပလွန်းသည်ဖြစ်ရာ သူ့အဖေ ရုပ်ရည်အရိပ်အရောင်ကို ရှာမတွေ့ အောင်ဖြစ်ရသည်။
" ကြည့်ပုံ ထူးလျချည့်လား မောင်တင်ဦး၊ မမပြောတာတွေ မယုံလို့လား "
မာလာဒေ၀ီက မေး၏။

" ယုံပါတယ် မမ၊ ကျွန်တော် ကြည့်တာက မမကို အမအရင်းလို ထင်မှတ်ပြီး သန့်ရှင်းစင်ကြယ်တဲ့ မေတ္တာ စိတ် နဲ့ ကြည့်နေတာပါ"
သူ့ကို အထင်လွဲမည်စိုး၍ မောင်တင်ဦးက ဖြေသည်။ သူ့စိတ်ထဲက ထင်မြင်ချက်ကိုကား မဖွင့်သေးချေ။ မာလာဒေ၀ီ ၏ စကားကိုသာ ဆုံးအောင် နားထောင်ဦးမည်ဟု ဆုံးဖြတ်၏။ မောင်တင်အုံးကမူ ရွှန်းရွှန်းလဲ့လဲ့ တောက်ပသော မျက်လုံးဖြင့် ချောမောလှပသော မာလာဒေ၀ီကို စူးစူးစိုက်စိုက်ကြည့်ကာ -
" ဆက်ပါအုံး မမရယ်" ဟု ထပ်မံတိုက်တွန်းသည်။

ထိုအခါ မာလာဒေ၀ီက သူ့ကို ရွှန်းလဲ့သောမျက်လုံးဖြင့် စိုက်ကြည့်နေသော မောင်တင်အုံးကို မျက်လုံး တချက် ၀င့်ကြည့်ပြီး ဆက်ပြောလေသည်။
သိင်္ဂမာလာသည် အခါလည်နီးပါးရှိနေပြီဖြစ်သော သမီးကလေး မာလာဒေ၀ီကို ပွေ့ချီကာချောင်းရေစပ်သို့ ရေချိုး ရန် ဆင်းလာခဲ့သည်။ ထိုအချိန်၌ ချောင်းရေသည် မိုးရာသီမဟုတ်ပါဘဲနှင့် ခါတိုင်းထက်များသောရေ ဖြင့် အဟုန်ပြင်းစွာ စီးဆင်းနေသည်ကို တွေ့ရသည်။

" ဘေးရန် အနှောက်အယှက် တခုခုရှိလို့ ရေခလုတ်ဖွင့်ချလိုက်ပြီထင်တယ်" ဟု သူတို့ သာကီဝင် တိုင်း ပြည်ကလေး၏ လျှို့ဝှက်ကို သိပြီးဖြစ်သော သိင်္ဂမာလာက တွေးရင်း ရေချိုးရန် ကိစ္စကို ဆိုင်းငံ့ကာ ချောင်း ကမ်းဘေး သစ်တုံးကြီး တစ်တုံးပေါ်တွင် သမီးငယ်ကို ပွေ့ချီ ထိုင်နေလေသည်။ ချောင်းရေကို ငေးစိုက် ကြည့်နေရင်း သူ့ချစ်သူ ဇယမင်္ဂလံ အလွန်အမင်း လွမ်းဆွတ်တသမိသည်။ အလွန်စင်ကြယ်သော သာကီဝင် မင်းမျိုး မင်းဆွေ ဖြစ်သူတို့သည် သူတို့ မျိုးထဲကို အခြားသွေးရောမည့်အရေး အလွန်ပင် ၀န်လေး တတ်သည်ဖြစ်၍ ပသေနဒီတိုင်းပြည်ရှင် ကောသလဘုရင် ဆွေမျိုးဆက်လို၍ တောင်းလာသည်ကို ရှင်ဘုရင် တပါး စစ်ဖြစ်လျှက်နှင့် သာကီဝင်သွေး မင်းသမီးကိုမပေးဘဲ အစေခံကျွန်မ သာ အယောင်ဆောင် ပေးခဲ့ဘူးရာ ယခုအမျိုးနွယ် နေရပ်ဇာတိကို လုံးဝ မသိရသူ ဇယမင်္ဂလံဆိုသူကို မျက်စိ မှိတ်ချစ်ကြိုက်၍ တိတ်တဆိတ် ပေါင်းသင်းသော သိင်္ဂမာလာအနေဖြင့်လည်း ထိုဒဏ်ကို ခံယူသင့်သည်ဟု ကျေနပ်သည်။ သို့သော် ကံအားလျော်စွာ ထွက်ပြေး လွတ်မြောက်စေခဲ့၍ အသက်မသေသော်လည်း အသက်တမျှ ချစ်ရသူ ဇယမင်္ဂလံ နှင့် ကား မတွေ့ရတော့ချေ။

" အိပ်ဆေးအလွန်အကျွံ တိုက်လွှတ်ပြီး ဒီလိုဘဲ ချောင်းထဲ ပစ်ချလိုက်ပြီ ထင်ပါရဲ့" ဟု ကြေကွဲစွာ တွေးနေ ဆဲ ပစ်ချလိုက်ပြီ ထင်ပါရဲ့ဟု ကြေကွဲစွာ တွေးနေဆဲသစ်တုံးတတုံးကို ဖက်တွယ်မျောလာသော လူသဏ္ဍာန် ကို တွေ့ရသည်။ ထိုသဏ္ဍာန်သည် ကမ်းခြေကို ကပ်နိုင်အောင် ကြိုးစားကူးခတ်နေပါသော်လည်း အတော်အသင့် လျင်မြန်သော ရေစီးကြောင်း ပင်ပန်းကြီးစွာ ဖြစ်နေရ သည်ကိုတွေ့ရသည်။ သိင်္ဂမာလာ သည် ထိုသူကို ကယ်တင်လိုစိတ်ပေါ်လာသည်။ ထို့ကြောင့် ပွေ့ထား သောသမီးငယ်ကို မြေပေါ်သို့ အသာအယာ ချကာ နွယ်ပင်တပင်ကို ကြိုးအဖြစ် လှမ်းပစ်ပေးမည်ဟု စိတ်ကူး ပြီး ကြိုးစားအားထုတ် ဖြတ်နေဆဲဝယ် ထိုလူသည် ကမ်းပေါ်ကလူကိုမြင်၍ အားတက်လာဟန်တူသည်၊ ဖက်ထားသော သစ်တုံး ကိုလွှတ်၍ ကြိုးစားကူးခတ်လာသည်။

ကမ်းခြေနှင့် ခပ်လှမ်းလှမ်းအရောက်တွင် ခြေကုန်လက်ပန်းကျကာ နစ်လုဆဲဆဲ အခြေရောက်မှ သိင်္ဂမာ လာက နွယ်ကြိုးဖြတ်၍ရသည်။ နွယ်ကြိုးတစကို လျှင်မြန်စွာ ပစ်ပေးလိုက်၏။ ချိန်သားကောင်းစွာ ပစ် လိုက်သည်ဖြစ်၍ နွယ်ကြိုးစက ဆိုက်ဆိုက်မြိုက်မြိုက်ပင်ရောက်သွားသည်။ ထိုအခါမှ ရေမျောလာသူသည် ကြိုးစကို ဆွဲကိုင်ကာ ကြိုးစားအားထုတ်ကူးခတ်ရန် မလိုတော့ဘဲ သိင်္ဂမာလာဆွဲယူသော နွယ်ကြိုးအတိုင်း မှေး၍ လိုက်လာကာ ကမ်းပေါ် ရောက်လာသည်။ အားအင်ကုန်ခန်းမောပန်းလွန်းနေသော ထိုလူကို ခြောက် သွေ့ နွေးထွေးသော အ၀တ်ပေးလိုသည်။ အစာအဟာရကျွေးလိုသည်။ ထိုစေတနာသည် သိင်္ဂမာလာမှာ ရှိပါသော်လည်း သူကိုယ်တိုင်ကသူများအိမ်မှာ ကပ်နေရ၍ တ၀မ်းတခါးအတွက် အိမ်ရှင်မျက်နှာ ကြည့်နေ ရသည့်ဘ၀ ဖြစ်သောကြောင့် စေတနာ ရှိသလို အကောင်အထည်မဖော်နိုင်ရှာချေ။

ထိုလူ၏ ရုပ်ဆင်းသဏ္ဍာန်ကြည့်ရခြင်းဖြင့် သူ့ချစ်သူနှင့်အမျိုးအနွယ်ချင်း လုံးဝမတူကြောင်းကို တွေ့ရသည်။
" ဘာဖြစ်တာလဲ"
မောဟိုက်ပင်ပန်းစွာ လဲလျောင်းနေသော ထိုလူကို သိင်္ဂမာလာက သူ့ဘာသာစကားဖြစ်သော ပါဠိဘာသာ စကားဖြင့်မေး၏။ ထိုလူက သိင်္ဂမာလာကို တအံ့တသြ ကြည့်ပြီး ပါဠိဘာသာဖြင့် ဆင်ဆင်တူသော ဘာသာ စကားဖြင့် ပြန်ပြောသည်။ သို့သော် သိင်္ဂမာလာက နားမလည်ချေ။

ထိုအခိုက်မှာ ရေချိုးဆင်းသွားသည်မှာ ကြာပြီဖြစ်၍ စိတ်ချသော အိမ်ရှင် အဖွားကြီးက လိုက်လာသည်။ သိင်္ဂမာလာ၏ အကျိုးအကြောင်းပြောပြသောခါ ရေမျောလာသူအား သနားကြင်နာစွာဖြင့် ခေါ်လာခဲ့ပြီး သူတို့တတ်အားသမျှ ကျွေးမွေးသည့်။ ၀တ်ဆင်ရန် ခြောက်သွေ့သော အ၀တ်ကို ပေးသည်။ သို့သော် ထို လူကား အအေး မိလာဟန်တူသည်။ အပြင်းအထန်ဖျားလေတော့၏။
ထက်မျက်သော ဆေးဝါး ဓါတ်ဟူ၍ မရှိသောကြောင့် ထိုလူသည် နာတာရှည်ရောဂါသည် တယောက် ဖြစ်ကာ ချိချိနဲ့နဲ့ဖြင့် အမောမခံနိုင်၊ မသွား နိုင်၊ မလာနိုင်ဖြစ်နေခဲ့ရာ ရက်မှ လသို့ကူး၍ တနှစ်နီးပါး ကြာသွား လေသည်။

ထိုအခါဝယ် ထိုလူ ပြောစကား ကို သိင်္ဂမာလာနှင့် စကားပြောတတ်စဖြစ်သော သမီးငယ်မာလာဒေ၀ီတို့က နားလည် လာကြသည်။ ထိုလူကလည်း သူ့စကားကို သင်ပေးသည်။
သိင်္ဂမာလာသည် အိမ်ရှင်များနှင့် တောင်ယာ ပဲခင်းစိုက်ခြင်း၊ ဂျပ်ခုတ်ယက်လုပ်ခြင်း၊ ထင်းခွေ ရေခပ် ချက်ပြုတ်ခြင်းကို ကူညီလုပ်ကိုင်နေရသောအခါများ၌ နာတာရှည်ရောဂါသည်လို တောင်ဝှေးထောက်ကာ ချိချိနဲ့နဲ့ သွားလာနေရသော လူက မာလာဒေ၀ီကို တတ်အားသရွေ့ ကြည့်ရှု ထိန်းသိမ်းသည်။ သူတို့ ဘာသာ စကားကို သင်ကြားပေးသည်။ ထို့ကြောင့် မာလာဒေ၀ီသည် မိခင်၏ မျိုးရိုးဖြစ်သော ပါဠိဘာသာကို လည်းကောင်း၊ ထိုလူ သင်ကြားပေးသော ဘာသာစကားကိုလည်းကောင်း၊ ရေလည်စွာ ပြောဆိုတတ်လာ သည်။ နားလည်ကျွမ်းကျင်လာသည်။ သိင်္ဂမာလာ၏ ဘာသာစကားကိုလည်း ထိုလူက ပြောတတ်ဆိုတတ် လာသည်။

" ဒါဖြင့် ... မမ အခု ပြောနေတဲ့ အင်္ဂလိပ် စကားဟာ လူ့သရဲတွေသတ်ပြီး ချောင်းထဲ ချလိုက်တဲ့ အင်္ဂလိပ် ကြီးက သင်ပေးခဲ့တာပေါ့ဟုတ်လား "
မောင်တင်အုန်းက မေးသည်။
" ဟုတ်တယ် မောင်ငယ် "
မာလာဒေ၀ီက စိတ်မကောင်းသံဖြင့် ပြောသည်။
" ချင်းရွာကလေးကနေပြီး ဘယ်လိုကြောင့် အဲဒီလူဆိုးတွေ လက်ထဲရောက်သွားတာလဲမမ"
မောင်တင်အုန်းက မေး၏။ မောင်တင်ဦးကမူ စူးစူးစိုက်စိုက်သာ နားထောင်ရင်း စဉ်းစားနေသည်။

" မမ အဖေလို နေလာခဲ့တဲ့ အင်္ဂလိပ်နာမည်က " ရစ်ချတ်တဲ့ကွဲ့၊ မမ အနေနဲ့ သူနဲ့ မောင်နှမအရင်းလို စင်ကြယ် ကင်းရှင်းစွာ နေခဲ့ကြပေမဲ့ မမက သူ့ကို အဖေလိုချစ်တော့ အဖေကခေါ်တယ်။ သူကလဲ သမီးလို့ ဘဲ ခေါ်တယ်။ အမေနဲ့ သူ တယောက်ကို တယောက်ခေါ်ကြတာက အခု ဒို့ခေါ်သလို သူ မောင်ငယ် မမလို့ ဘဲခေါ်တယ်။ အဖေက စစ်သားတယောက်တဲ့ သူတို့ စစ်တပ်နဲ့ တောထဲ ရောက်လာတော့ ချောင်းရေ မျော လာတဲ့ ပုဝါခြုံထည်တွေ့တယ်။ တောင်ထိပ်က တူးဆန်းတဲ့ အလင်းရောင် တွေ့တယ်တဲ့ အဲဒါဘာလဲလို့ စုံစမ်းမယ်။ ပြီး ချောင်းအတိုင်း လိုက်လာရာက အခု တင်က မမ ကျောက်ပန်းပွင့်ကြီးတွေ တွေ့ရာ စမ်းအိုင် ကြီး ရောက်လာကြတယ်တဲ့၊ အဲဒီရေတံခွန်ကျရာ စမ်းအိုင်မှာ ထူးဆန်းတာ တခုရှိတယ်လို့ အမေက ပြော သွားဘူးတယ်။ ဒါကို အဖေတို့ မသိကြလို့ ဖြစ်ကြတာကွဲ့"

" ဘယ်လို ထူးဆန်းချက်လဲ မမ "
မောင်တင်အုန်းက မေးသည်။
" စမ်းအိုင်နေရာဟာ အစက ချောက်လိုလို တွင်းကြီးတခုတဲ့ တွင်းထဲမှာ သဘာဝ အားဖြင့် အလိုလျောက် ဖြစ်နေတဲ့ ပယင်းကျောက်နဲ့ မြကျောက်ရတနာတွေဟာ အတုံးလိုက် ရှိတယ်တဲ့၊ တွင်းအနက်က ရေ၀ါးနှစ် ပြန်လောက် ရှိတယ်တဲ့ တောင်ခေါင်းထဲမှာ ဆင်ထားတဲ့ ရေတံခါးကို ဖွင့်ချလိုက်လို့ တွင်းပြည့်ပြီး အိုင်ကြီး ဖြစ် အိုင်ကြီးက တခါလျှံပြီး ချောင်းငယ်အဖြစ် စီးသွားတာပေါ့လေ၊ ဒီအိုင်ကြီးထဲမှာ ရှိနေတဲ့ ပယင်းနဲ့ မြတွေ ဟာ ညသန်းခေါင်ကျော်အချိန်ရောက်ပြီဆိုရင် သိပ်မြူးတယ်တဲ့။

အထူးသဖြင့် လရောင်ကို သိပ်ပြီး နှစ်သက် တယ်လို့ ယူဆရတယ်တဲ့၊ လရောင်ဆိုရင် လပြည့် လဆန်း လဆုတ် ဘယ်အခါဖြစ်ဖြစ် လရိပ်သဏ္ဍာန်ဟာ အိုင်ပေါ်တဲ့တဲ့ ရောက်ပြီဆိုရင် အိုင်ထဲမှာ ရှိနေတဲ့ ပယင်းရောင် မြရောင်တွေဟာ ရေမျက်နှာပြင်ပေါ်ကို အရောင်ဟပ်ပြီး တောက်ပလာတာဘဲတဲ့၊ အဲဒီလို တောက်ပလာချိန်မှာ ဆိုရင် မြင်ရသူအဘို့ ဒီအိုင်ကြီးကို ရေပြင်လို့ မမြင်တော့ဘူး။ ရွှေစင်ရွှေခဲတွေ မြကျောက်တုံးတွေ တင်းကြမ်းပြည့်နေတဲ့ နေရာလို့ မျက်စိမှား အောင်ကို ပြောင်းလဲသွားတတ်တယ်တဲ့ အမေ တို့ အမျိုးတွေ ရောက်လာစက အဲဒီလိုထင်မိလို့ ဆွေတော် မျိုးတော်ထဲက စိတ်မြန် ကိုယ်မြန် လူနှစ်ယောက် အိုင်ထဲကျ သေသွားပြီးပြီတဲ့ "
" အလောင်းပြန်ဆယ်လို့ မရဘူးလား "
မောင်တင်အုန်းက မေး၏။ မာလာဒေ၀ီက ဦးခေါင်းခါပြသည်။

" သိပ်ကြောက်စရာ ကောင်းတဲ့ တွင်းကြီးလို့ အမေပြောတယ်။ ပယင်းကျောက်တွေ မြကျောက်တွေ အောက် မှာ ဘာရှိလဲမသိဘူး၊ ရေဟာ မှန်သားလို ကြည်လင် နေပါရက်နဲ့ ကျသွားတဲ့ လူကို အပေါ်ကနေ ကြည့်တာ ဘယ်လိုမှ ကြည့်လို့မမြင်ဘူးတဲ့၊ ဒီအိုင်ထဲလဲ ဘယ်သူမှ မဆင်းဝံ့ကြဘူးလေ"
မောင်တင်ဦး နှင့် မောင်တင်အုန်းတို့ တယောက် မျက်နှာ တယောက် ကြည့်လိုက်မိကြသည်။ မေဂျာဝှိုက်၏ စစ်သားတွေသည် ဤရေအိုင်ကြီး၏ ထူးဆန်းကြောက်မက်ဖွယ် ကောင်းသော လျှို့ဝှက်ချက်မှာ အမိခံရ၍ လောဘဇော တိုက်ကာ ရွှေတွေ မြတွေ လိုချင်ဇောဖြင့် ရေအိုင်ကြီးထဲမှာ အစပျောက် ကုန်ကြခြင်း ဖြစ်ကြောင်း သဘောပေါက်လာကြသည်။ မာလာဒေ၀ီ၏ အဖေလို ဖြစ်နေသော ရစ်ချတ် ကလည်း ဤအတိုင်းပင် ဖြစ်သွားကြောင်း ပြောပြသည်ဆို၏။

" သူတယောက်ထဲက ဘယ်လို ကျန်ခဲ့တာလဲ မမ "
မောင်တင်အုန်းက မေး၏။
" သူများ တွေက သူ့ထက်ငါ ဦးအောင် လောဘဇောတိုက်ပြီး အပြေးအလွှားသွားကြတော့ သူက သေနေ့ မစေ့သေး တဲ့လူ ဖြစ်လို့ ထင်ပါရဲ့၊ ဒီနေရာဟာ ရေအိုင်ကြီးဘဲလို့ စိတ်ထဲမှာ သတိရပြီး သူတို့လို မသွားဘဲ သူနေမြဲ တိုင်းနေရာကဘဲ ကြည့်နေခိုက် သွားကြတဲ့ လူတွေဟာဝရုန်းသုံးကားနဲ့ ရေထဲကျကုန်ကြတော့ တယောက် တယောက် နီးရာ လူအားပြုဆွဲကိုင်ကြရင်း မဟန်နိုင် မတောင့်နိုင်ဘဲ တပြုံလုံး ကျကုန်ကြ တယ်တဲ့ ရေအိုင်ကြီးကလဲ အဲဒီ အချိန်မှာဆိုရင် ထူးဆန်းတဲ့ ဆွဲငင်အားတခုခုရှိပါလိမ့် မယ်"

ဆက်ရန်
.

1 comment:

Anonymous said...

အားပေးလျက်ပါ