Tuesday, March 15, 2011

မဝင်းမြင့် ၏ ပဏ္ဍုသေလာ အပိုင်း (၂၈)

မာလာဒေ၀ီ၏ ပြောစကားကို ...
" ဟုတ်နိုင်တယ် မမ"ဟု မောင်တင်အုံးက ထောက်ခံ၏။ မာလာဒေ၀ီက ဆက်ပြောသည်။
" အဖေလဲ အံ့အားသင့် ကြည့်နေမိတယ်တဲ့။ ဖြစ်ပုံက သိပ်မြန်တယ်ဆိုတဲ့။ အိုင်ပတ်ဝန်းကျင်နေရာ တလျှောက်ဟာ တိတ်ဆိတ်ငြိမ်သက်ပြီး ကျန်ရစ်တာဘဲတဲ့"
" လူတွေ ကျသွားပြီးတဲ့နောက် ရွှေရောင် မြရောင်တွေ တောက်သေးသလား" မောင်တင်အုံးကမေးသည်။

" မတောက်တော့ဘူးတဲ့ ပကတိရေအိုင်အဖြစ်ဘဲ ပြန်ဖြစ်သွားတတ်တဲ့"
" ဟာ ... ဒါဖြင့် လူစားတဲ့ကျောက်တွေပေါ့"
မောင်တင်အုံးက ထင်မြင်ချက်ပေးသည်။
" ဟုတ်ပါလိမ့်မယ် မောင်ငယ်"
" ဒါနဲ့ နောက်ဘာဖြစ်လဲ မမ ဆက်ပြောပါအုံး "

" အဖေလဲ အံ့အားသင့်နေရာက သူ့ဗိုလ်မှူးကို နှိုးမယ်လို့ ဗိုလ်မှူးအိပ်နေရာကို အသွားမှာ ရေတံခွန် နောက်ကွယ် တနေရာက တောင်ကို ခွဲထွက်လာသလို ထူးဆန်းတဲ့ လူတစု ထွက်လာတာလဲတွေ့ရော၊ အဲဒီ ရေအိုင်ကြီး ကလဲ မယုံနိုင်စရာအဖြစ်မျိုးနဲ့ စစ်သားတွေ အားလုံးကို ၀ါးမြိုပြီး၊ အခုထွက်လာတာတွေကလဲ လူ အစစ် မှ ဟုတ်ရဲ့လား မကောင်းဆိုးဝါး တွေများဖြစ်လေမလားလို့ တွေးပြီး ကျောက်တုံးတတုံးကို ကွယ်ပြီး ကြည့်နေတယ်တဲ့၊ အဲဒီလူတွေက သူ့ဗိုလ်မှူး အိပ်ပျော်နေရာကို သွားဝိုင်းကြတော့ သူလဲ တတ်နိုင် သလောက် ခုခံမယ်ဆိုပြီး ကျောက်တံး အကာအကွယ်ယူပြီး သေနတ်နဲ့ ပစ်မယ်လို့ ပြင်ဆင်ကာရှိသေး သူ့ နောက်က လူတွေရောက်လာပြီး သူ့သေနတ်ကိုလု သူ့ကိုဖမ်းကြတော့ ရေအိုင်ကြီးထဲ ပစ်ချကာ ခံရတော့ မယ်လို့ ကြောက်လန့် ရုံးကန်ပြီး ချောင်းထဲခုန်ချ ရေစီးနဲ့ မျောပြီး ပြေးခဲ့ရာမှာ အမေနဲ့ တွေ့ရတာပေါ့ မောင်ငယ်တို့ "
မာလာဒေ၀ီက ပြောပြီး မောသွားဟန်ဖြင့် ခေတ္တနားနေသည်။

" ဘယ်လိုလဲ ကိုတင်ဦးရဲ့ ငြိမ်ချက်သား ကောင်းလှချေလား ကျွန်တော်ကချည်း ဒိုင်ခံ ထောက်ပေး နေရတယ်။ ဘာတွေများ အစဉ်းစားလွန်နေပါလိမ့်"
သူ့အတွေး သူ့စိတ်ကူးနှင့် ငြိမ်နေသော မောင်တင်ဦးကို မောင်တင်အုံးကမေး၏။
" မမစကားကို ဆုံးအောင် သေသေချာချာ မှတ်သားပြီး နားထောင်နေတာပါ။ မမပြောပြလို့ ဆုံးမှ ကျွန်တော် ကလဲ ကျွန်တော့် ထင်မြင်ချက် ပြောပြရမှာပေါ့ဗျာ"
မောင်တင်ဦး က အေးအေးဆေးဆေး ပြန်ပြောသည်။

" မေဂျာဝှိုက်ပြောတာတွေမှန်ကြောင်း စစ်သားတွေ ဘယ်လို ပျောက်သွားကုန်တယ် ဆိုတာတွေရော အကြောင်းရင်းအမှန်ကတော့ ပေါ်ပါရဲ့ ကြားရတဲ့လူက ယုံနိုင်ပါ့မလား ကိုတင်ဦး "
" လောကကြီးမှာ တကယ် ဖြစ်ပျက်တဲ့ အကြောင်းအရာဟာ စိတ်ကူးယဉ်တာထက် ပိုပြီး ဆန်းကြယ်တတ် ပါတယ်ဗျာ"
" ဟို ဗုဒ္ဓဆင်းတုကြီးက သာကီဝင်တွေ ပန်ကြားထားတဲ့အတိုင်း ဆံတော်ကြွသွားဘို့ အချိန်နီးပြီဆိုတဲ့ အထိမ်း အမှတ်ပြသေးလား မသိဘူး "
မောင်တင်အုံးက ပြောသောအခါ အမောပြေပြီ ဖြစ်သော မာလာဒေ၀ီက သူ့ယူဆချက်ကိုပြော၏။

" ဟို မုဆိုးကြီး ပြောသွားတယ် ဟုတ်လား။ အမေ့ဆွေတော် မျိုးတော်တွေနေရာ ချိုင့်ဝှမ်းဒေသတခုလုံး ရေအိုင်ကြီး ဖြစ်ပြီး အားလုံးမျိုးပြုတ် ကုန်ကြပြီဆိုတာလေ။ အဲဒီလို ဖြစ်ဘို့အချိန် ဆိုက်ရောက် တော့မယ် ဆိုတဲ့ အထိမ်းအမှတ်နဲ့ ဆံတော် ကြွခ်နီး တန်ခိုးပြ ရောင်ခြည်တော်တွေ လွှတ်တာကိုး။ အဖေတို့ ဗိုလ်မှူး တွေ့တာပေါ့ တောင်ထိပ်ပေါ်က မှန်ပြောင်းနဲ့တောင် ကြည့်မရတဲ့ အလင်း ရောင်ကြီးဆိုတာ အဲတာ ဖြစ်မှာပေါ့"
" ဖြစ်နိုင်တယ်နော် ကိုတင်ဦး"
" ဟုတ်တယ် ရောင်ခြည်တော် လွှတ်တာဘဲဖြစ်မယ်"
နှစ်ယောက်လုံး အယူအဆ တူညီကြသည်။

" မုဆိုးကြီး ပြောတဲ့ အထဲမှာ တောင်ကြီး ပြိုတယ်လို့လဲပြောတယ်၊ တောင်ပြိုအောင် ဘယ်လို လုပ်လိုက် တာလဲ၊ မမ အမေက ပြောပြသွားသေးလား"
မောင်တင်အုံး က မေးသည်။
" အမေက အားလုံးပြောပြသွားပါတယ် မောင်ငယ်။ ဒီတောင် ချိုင့်ဝှမ်းထဲမှာ အခြေစိုက်ပြီး ဆိုကထဲက ရေတံခွန် ရဲ့ ထွက်ပေါက်ဝင်ပေါက် ရေတံခါးရော တောင်ခေါင်းကို ထွင်းပြီး စက်မောင်း ဆင်ထားတာရော အားလုံး လုပ်ထားခဲ့ခဲ့တယ်တဲ့၊ ဗုဒ္ဓမြတ်စွာရဲ့ ဆင်းတုတော် အောက်တည့်တည့်မှာ တွင်းအနက်ကြီးတူးပြီး တွင်းကို သစ်သားဖုံးထားတယ်ဆိုတာကလဲ ခလုတ်တပ်ထားတာဘဲ၊ ဖျက်ဆီးမဲ့ ရန်သူလာရင် ခုခံကာကွယ် ရမယ်၊ မနိုင်ရင် သာကီဝင် မျိုးဆွေမိန်းမတွေကို တခြားအမျိုးက ဆက်ဆံမှု မရှိစေရအောင် အဘိုးအတိုင်း မသိထိုက်တဲ့ ဗုဒ္ဓမြတ်စွာ ကို လူမသမာ ဆိုးယုတ်သူတွေက ဖျက်ဆီးသုံးစွဲခြင်း မပြုနိုင်အောင် ခလုတ်တွေ အားလုံးကို ဖွင့်ရမယ်လေ။

အဲဒီတော့ ဗုဒ္ဓမြတ်စွာ ရပ်နေတော်မူရာ အောက်တည့်တည့်က အံ့ဖုံးသစ်သား ပွင့်ပြီး နက်လှတဲ့ တွင်းကြီးထဲကို ဆင်းတုတော် ကျသွားရော။ ကျောက်သား ဖြစ်နေတဲ့ အဆောက်အဦးကြီး ကလဲ ပြိုကျပြီး ဖုံးရော တောင်ခေါင်းထဲက ရေတွေကလဲ အပြင်မထွက်တော့ဘဲ ချိုင့်ဝှမ်း တခုလုံး အပြည့်ဖုံးပြီး အိုင်ကြီးဖြစ်သွားရော ဆင်းတုတော်ကျသွားရာ နက်လှတဲ့ တွင်းကြီးနေရာမှာ ကြောက်စရာ ရေ၀ဲကြီးကလဲ ဖြစ်နေရော အဲဒီတော့ ရတနာအတိပြီးတဲ့ ရွှေသား ဆင်းတုတော်ကြီးကို ဘယ်လူယုတ်မာကမှ ယူငင်ဖျက်ဆီးလို့ မရတော့ဘူးပေါ့ မောင်ငယ်"

မာလာဒေ၀ီ ပြောပြသည်မှာ မှန်သော်လည်း ဗုဓ္ဒဂေါတမ၏မျက်နှာတော် အဆင်းရူပကာ အစစ်အမှန်ကို ယခု အချိန်ကာလမှာ ဖူးမြင်ရသော ဗုဒ္ဓဘာသာဝင်တို့အဘို့ မည်မျှ အကျိုးရှိမည်နည်း။ မည်မျှစေတနာ ထက်သန်မည်နည်း။ ဗုဒ္ဓဘာသာဝင် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မြင်ရဖူးရကြည့်ရှုရသူ အားလုံး တို့ ရင်သပ်ရှုမော အံ့သြရမည့် တန်ဘိုးမဖြတ်နိုင်သော ရှေးဟောင်းလက်ရာကား၊ ကြီးစွာသောဆုံးရှုံးခြင်းဖြင့် နှမြော ၀မ်းနည်းဘွယ်ရာ ကွယ်ပျောက်သွားပြီးဖြစ်၏။

မာလာဒေ၀ီက ဆက်ပြောသည်။
" နှစ်ပေါင်း နှစ်ထောင်လောက်ကစပြီး ဒီချိုင့်ဝှမ်းထဲမှာ လူသူလေးပါး အမြင်မခံဘဲ ဖြစ်သလိုစား ဖြစ်သလို ၀တ်ဖြစ်သလိုနေလာခဲ့ကြတယ်၊ လူမျိုးပြန့်ပွားရေးမှာလဲ ဆွေရင်းမျိုးရင်း အချင်းချင်းသာ ပြန်လည် ဆက်ဆံ ကြတာကိုလဲ ဟိုမဇ္ဈမဒေသမှာ နေစဉ်ကာလလို အားကြိုးမာန်တက် မဆောင်ရွက်ဘဲ တဖြည်းဖြည်းကင်းရှင်းလာကြတယ်။ သွေးမတူတဲ့ အချားလူမျိုးနဲ့လဲ မရောမိအောင် ၀ိရိယကြီးစွာထားပြီး ထိန်းသိမ်းလာခဲ့ကြတယ်ဆိုတော့ လူဦးရေက တဖြည်းဖြည်း လျှော့နည်းတိမ်ကောလာတာပေါ့ မောင်ငယ်။ ဒါကြောင့် ဟိုမုဆိုးကြီးပြောသလို ရန်သူကို လက်နက်ချင်းလဲ မယှဉ်နိုင်၊ အင်အားချင်းလဲ မပြိုင်နိုင်တော့ ရန်သူတွေရော သူတို့ရော တယောက်မကျန် ပျက်စီးသေကြေမဲ့နည်းကို သုံးလိုက်တာပေါ့ကွယ်"

မာလာဒေ၀ီက စကားဖြတ်ပြီး သူမမြင်လိုက်ရဘူးသော ဆွေတော် မျိုးတော်တွေကိုရော ဗုဒ္ဓဆင်းတုတော်ကို ရော သူ့အမေ သိင်္ဂမာလာနှင့်သူ့အဖေ ရစ်ချက်ကိုရော တွေးတောလွမ်းဆွတ်တမ်းတမြင်ယောင် လာဟန် တူသည်။ ချောမောလှပသော မျက်နှာမှာ ညို့ကျသွားရှာသည်။
မောင်တင်အုံးသည် မာလာဒေ၀ီကို ရွှန်းရွှန်းလဲ့သော မျက်လုံးဖြင့် မျက်တောင်မခတ် ကြည့်နေသည်ကို တွေ့ ရသောမောင်တင်ဦးသည် ယောက်ျားအချင်းချင်းအကဲကို နားလည်သည်ဖြစ်ရာ မောင်တင်အုံးသည် မာလာဒေ၀ီကို ချစ်ခင်စုံမက်နေပြီဖြစ်ကြောင်း သိလိုက်ရ၏။ ထို့ကြောင့် သူကြည့်နေသည်ကို အနှောင့် အယှက်မဖြစ်စေရန် မမြင်ဟန်ဆောင်နေလိုက်သည်။
" ဆက်ပြောပါအုံး မမရယ်"

မောင်တင်အုံးက ငြင်သာသော အသံဖြင့်ဆို၏။ မာလာဒေ၀ီက အလွမ်းခန်း ရောက်ပြီဖြစ်၍ စိတ်မကောင်း သံဖြင့် ပြော၏။
" အဖေ ကောင်းကောင်း လမ်းလျှောက်နိုင်အောင် နေကောင်းလာတော့ အမေ့ကို အကြောင်းစုံ မေးမြန်းပြီး မမရဲ့အဖေအရင်းကို ရှာမယ်။ သူလဲ သူ့စစ်တပ်ရှိရာကို ရှာပြီး ဖြစ်ခဲ့ပုံတွေ အစီရင်ခံရမယ်။ ဒီမှာ ဆက်နေလို့ အကြောင်းမထူးဘူးလို့ တိုင်ပင်ပြီး မမတို့ သားအမိနဲ့ အဖေနဲ့ ချင်းရွာလေးက ထွက်လာခဲ့ကြ တယ်တဲ့။ အမေ့ကို နှမအရင်းလို စောင့်ရှောက်သွားတယ်။ မမအပေါ်မှာလဲ သမီးအရင်းလိုဘဲ၊ ဒီလိုနဲ့ အဖေက လမ်းကို မှန်းဆရှာဖွေ လာခဲ့ကြရာက ဟို မောင်ငယ်တို့ တွေ့ခဲ့ကြရတဲ့ လူသရဲတွေအုပ်နဲ့ တိုးမိပါလေရော။ သူတို့က ဖမ်းခေါ်သွားပြီး အမေ့ကို ဟိုလူယုတ်မာကြီးက မယားအဖြစ် ယူတယ်တဲ့၊ အမေက အရွယ်လဲကောင်းတုန်း၊ ရုပ်ကလဲသိပ်လှတော့ သဘောကျတာပေါ့၊ အဖေ့ကိုတော့ ကျွန်လို ခိုင်းတယ်တဲ့"

ဤနေရာ၌ မာလာဒေ၀ီသည် နာကျည်းဟန်ဖြင့် အံကြိတ်ပြီးပြောသည်။
" မမ ချောင်းကမ်းပါးထိပ်မှာ ငိုနေခိုက် လာဆွဲခေါ်တဲ့ လူယုတ်မာကြီးလား"
မောင်တင်အုံးကမေး၏။

" ဟုတ်တယ်မောင်ငယ် ... သူပေါ့၊ ထွက်ပြေးလို့လဲမဖြစ်ဘူးလေ၊ သူတို့လက်ထဲမှာ လက်နက်က ရှိနေတယ် မဟုတ်လား နေ့ရောညရော အလစ်မပေးဘူး။ အမှန်က အဖေတယောက်ထဲ သေသေကြေကြေ သဘောထား ထွက်ပြေးရင် သေချင်လဲသေမယ်၊ လွတ်ချင်လဲလွတ်မယ်၊ ဒါပေမဲ့ လွတ်လမ်းတော့ သိပ်မရှိ ဘူး၊ ဘာ့ကြောင့်လဲဆိုတော့ အဖေက ဒီနေရာတ၀ိုက်မှာ တော မကျွမ်းဘူး၊ နောက်ပြီး မမာခဲ့ဘူးတဲ့ဒဏ်က ပြန်ထပြီး ကျန်းမာရေး မကောင်းတာက တကြောင်း၊ မမတို့သားအမိကိုထားခဲ့ရမှာ သနားတာတကြောင်း ကြောင့် သေသည်အထိ မခွဲမခွာ နေသွားတာပါဘဲလေ"
" မမ အမေ က ဘာ့ကြောင့်သေလဲ၊ မမ အဖေကိုရော ဘာ့ကြောင့် သတ်တာလဲ"

မောင်တင်အုံးကမေးသည်။
မာလာဒေ၀ီသည် ရုတ်တရက် ပြန်မဖြေဘဲ မျက်နှာတခုလုံး ညိုမှိုင်းသွားသည်။ အံ့တချက်ကြိတ်ပြီးမှ စိတ်တင်း လိုက်ဟန်ဖြင့် ဆက်ပြောသည်။
" လူယုတ်မာကြီးမှာ သူတို့လို မိန်းမမျိုးနဲ့ မွေးထားတဲ့သားတယောက်ရှိတယ်။ မမနဲ့ရွယ်တူဘဲ၊ အဲဒီ အကောင် ကလဲ သူ့အဖေလို ယုတ်မာတာဘဲ။ သူက မမကို ကြိုက်တယ်။ လူယုတ်မာကြီးကလဲ အမေရော သမီးပါ လိုချင်တယ်။

အဲဒီတော့ မမက သူတို့သားအဖ ကို မိန်းမမာယာနဲ့ အချိုသတ်ထားတော့ သားအဖ ချင်းမတဲ့ဘဲ လူယုတ်မာကြီး ကလဲ သူ့သားဦးသွားမှာစိုးလို့ အလစ်မပေး၊ လူယုတ်မာ ကလေးကလဲ သူ့ အဖေ ဦးသွားမှာ စိုးလို့ အလစ်မပေး၊ တယောက်ကိုတယောက်စောင့်ကြည့်နေကြတော့ မမသက်သာနေခဲ့ တယ်၊ ဒါပေမဲ့ ချမ်းသာရာ မရပါဘူး၊ ဒီကိစ္စနဲ့ပတ်သက်ပြီး အမေနဲ့ လူယုတ်မာကြီးရန်ဖြစ်ကြတော့ လူယုတ် မာကြီးက အမေ့ ကို ဒါးနဲ့ထိုးသတ်ပြီး အလောင်းကို ချောင်းရေထဲ ကန်ချလိုက်တယ်"
မာလာဒေ၀ီက ပြောရင်း အသံတွေတုန်ကာ မျက်ရည်ကျလာသည်။

" တောက် "
ငြိမ်နေသော မောင်တင်ဦးက တက်ခေါက်ပြီး -
" တော်တော် ယုတ်မာတဲ့ သတ္တ၀ါတွေ၊ ဒင်းတို့ကဘာတွေလဲ မမ" ဟုမေး၏။
" ဒါးပြ သူခိုးတွေပေါ့၊ ဒါပေမဲ့ လူကမနည်းဘူး၊ သူ့ငယ်သား တရာနီးပါးလောက်ရှိတယ်"
မာလာဒေ၀ီက ဖြေရင်း မျက်ရည်သုတ်သည်။ ထို့နောက် ဆက်ပြောသည်။

" အမေ့ကိုသတ်ပြီး အဲဒီညမှာဘဲ လူယုတ်မာကြီးက မမကို"
မာလာဒေ၀ီသည် ဆက်ပြောရန် အင်အားမရှိတော့သည့် အလား အသံတိမ်ဝင်သွားပြီး အံကြိတ်ထားသည် မှာ နဖူးကြောကြီးများပင် ထောင်နေလေသည်။
နှုတ်ခမ်း ကို တင်းတင်းစေ့ထားသော်လည်း အညွန့်တုံးဆုံးရှုံးခဲ့ရသော သူ့ဘ၀အတွက် မချိတင်ကဲ ဖြစ်လွန်း ၍ မျက်ရည်ဖြိုင်ဖြိုင်ကျနေသည်။

မောင်တင်ဦးက မာလာဒေ၀ီကို မကြည့်ရက်သဖြင့် ဦးခေါင်းငိုက်စိုက် ချနေသည်။ မောင်တင်အုန်းကမူ မာလာဒေ၀ီ နှင့် အပြိုင် အံကြိတ်ပြီး လက်သီးကိုသာ တင်းကြပ်စွာ ဆုပ်ထားသည်။
" ကံအကြောင်းတရားပေါ့ မမရယ်၊ ဒင်းတို့ လက်ကလဲ လွှတ်ပါပြီ။ နောက်ကြောင်း ပြန်တွေးမနေပါနဲ့တော့"
မောင်တင်ဦးက ဖြေသိမ့်၏။

" ဆုံးအောင်တော့ မမပြောမယ်လေ။ အမေ့ကို သတ်တဲ့ ဟိုနေ့က ချောင်းကမ်းပါးက ကန်ချလိုက်တာ မမ မမြင်လိုက်ရဘူး။ အစောင့်တွေရော သူရော မမကို ချုပ်နှောင်ထားတယ်၊ အမေသေပြီး နှစ်ရက်အကြာမှာ အဖေ့ ကို တခါသတ်ပြီး ချောင်းထဲကန်ချပြန်တယ်။ အဲဒီနေ့မှာဘဲ သူများကို သူလိုက်အသွားမှာ ညဘက် မမ ထွက်လာပြီး မောင်ငယ်တို့နဲ့ တွေ့ရတာပေါ့ကွယ်"
စင်ကြယ်မြင့်မြတ်သော သာကီဝင် မင်းဆွေမင်းမျိုးတွင် မတူမတန်သည့် ဇာတ်နိမ့်သွေး ရောယှက်မည်ကို စိုးရိမ်ကြောင့်ကြလှသော သာကီဝင် မင်းဆွေမင်းမျိုးတစုကား ... လောကတွင် အယုတ်မာဆုံးသော အလုပ် ကိုလုပ်နေသည့် ယုတ်ညံ့လှသည့် လူယုတ်မာက သူတို့ ဆွေတော် မျိုးတော် မင်းသမီးများအား စော်ကား ဖျက်ဆီးသည်ကို သူတို့တတွေ မမြင်နိုင်ကြတော့ပါတကား။
" မမ ပြောခဲ့တဲ့ စကားထဲမှာ မမ အမေကို သူ့ချစ်သူက မမအဖေကပေါ့လေ ရုပ်ပုံကလေး ပေးခဲ့တယ်ဆိုတာ ရှိသေးလားမမ"

မောင်တင်ဦးက မေး၏။
" ရှိပါတယ်မောင်ငယ် အမေက ပြောသွားတယ် အဖေဟာ သာကီဝင်မျိုးတော့ မဟုတ်ဘူးတဲ့။ ဒါပေမဲ့ စင်ကြယ် သန့်ရှင်း တဲ့ ဗမာလူမျိုးလို့ ပြောဘူးတယ်တဲ့၊ နောက်ပြီး မမ အဖေဟာ စစ်တပ်က စစ်ဗိုလ် တယောက် ဖြစ်တယ်လို့လဲ ပြောတယ်၊ အဖေက သူ့ရုပ်ပုံကလေး ပေးသွားတာကို အမေက အင်္ကျီ အိတ်ထဲ မှာ အ၀တ်နဲ့ပတ်ပြီး ကောင်းကောင်း သိမ်းခဲ့တယ်။ မမအရွယ်ရောက်လာတော့ မမကို ပေးသွားတယ်။ မမကလဲ ကောင်းကောင်း သိမ်းလာတယ်လေ၊ ရေစိုရင် ပျက်မှာစိုးလို့ အ၀တ်စကို ပျားအုံထဲ ကရတဲ့ ယောင်းနဲ့ ထူထူပွတ်ထားပြီးမှ ရုပ်ပုံကလေးကို သေသေချာချာ ထုပ်ထားတာ"
" အခု ဘယ်မှာလဲ မမ၊ ကြည့်ရအောင် "

မောင်တင်ဦးက တောင်းသည်။
" အမေက ဒီပုံဟာ " သမီးဖေဖေ့ပုံ"၊ ကိုယ်နဲ့ မကွာထားဆိုလို့ ဘယ်အခါမှ အင်္ကျီအိတ်ထဲကမချခဲ့ဘူး မောင် ငယ်"
မာလာဒေ၀ီကပြောပြီး ရေစို၍ ချွတ်ပြီး ဖြန့်လှန်းထားသော အင်္ကျီအိတ်ထဲမှ ဖယောင်းတွေဝနေသော အထုပ် ပြားပြားကလေးကို ထုတ်ယူသည်။ အထုပ်ကို ယုယငြင်သာစွာ ဖြေပြီး အတွင်းက နှစ်လက်မခွဲ သုံး လက်မအရွယ် ဓါတ်ပုံကလေးကို မြတ်မြတ်နိုးနိုးထုတ်ပြီး မောင်တင်ဦးကို လှမ်းပေးသည်။ မောင်တင်ဦး သည် ဓါတ်ပုံကို မြင်သည် နှင့် တပြိုင်နက် ...
" ကျွန်တော်ထင်တဲ့အတိုင်းပါဘဲလား မမရယ် "
ဟု ၀မ်းသာဝမ်းနည်း တုန်ရီသောအသံဖြင့် ပြော၏။

" ဘာ ဘယ်လိုလဲ မောင်ငယ်"
မာလာဒေ၀ီက ပျာပျာသလဲမေး၏ မောင်တင်ဦးက နှုတ်ဖြင့် မဖြေဘဲ သူ့ရေစိုအင်္ကျီအိတ်ထဲမှ ပလပ်စတစ် အထူစားဖြင့် ရေလုံမိုးလုံထုပ်ထားသော အထုပ်ပြားကလေးကိုယူလိုက်သည်။ အထုပ်တွင်းဝယ် မိခင်ဓါတ်ပုံ တပုံဖခင်ဓါတ်ပုံတပုံရှိသည်။
ဦးအောင် နှင့် ဒေါ်သစ်ဆွေတို့ကား တကြိမ်မှ နှစ်ယောက်တွဲ ဓါတ်ပုံ မရိုက်ဘူးခဲ့ကြချေ။ ထို့ကြောင့် မိဘကို ရိုသေသောအားဖြင့် ဓါတ်ပုံဆောင်သူ မောင်တင်ဦးအဖို့ အဖေ့ဓါတ်ပုံကတခု၊ အမေ့ဓါတ်ပုံက တခု ဓါတ်ပုံနှစ်ပုံ ဆောင်ရသည်။

အဖေ့ဓါတ်ပုံက ဂျပန်ခေတ် ဗမာ့တပ်မတော် စစ်ဗိုလ်ယူနီဖေါင်း နှင့် ဒါးရှည်ကြီး လွယ်ထားသော ပုံဖြစ် သည်။ ယခု မာလာဒေ၀ီက သူ့ဖခင်ဟူ၍ ထုတ်ပြသောပုံမှာ မောင်တင်ဦးဆီမှာ ရှိနေသော ပုံမျိုးပင်ဖြစ် လေသည်။

" ဒီမှာ ကြည့်ပါမမ၊ ဒါ ကျွန်တော့် အဖေဘဲ၊ မမနဲ့ ကျွန်တော် အဖေတူ အမေကွဲ မောင်နှမ အရင်း ဖြစ်နေ တယ်လေ"
မာလာဒေ၀ီရော မောင်တင်အုံးပါ များစွာ အံ့သြနေကြလေသည်၊ မာလာဒေ၀ီနှင့် မောင်တင်အုံးက မေးသဖြင့် မောင်တင်ဦးက သူ့ဖခင် မကွယ်လွန်မီ တပိုင်းတစပြောသွားသည့် အကြောင်းအရာတွေ၊ သူ့ အဖေ ငေးငိုင်မှိုင်တွေနေတတ်ပုံတွေ ပြောပြပြီး တိုက်ပွဲအတွင်း ထိခိုက်ခဲ့သည့် ဒဏ်ရာကြောင့် လက်ပြတ် ဒုက္ခိတကြီး ဘ၀မှာ မိခင် ဒေါ်သစ်ဆွေက ပြုစုလုပ်ကျွေးခဲ့ရကြောင်း ပြောပြသည်။
ထိုအခါ မာလာဒေ၀ီက ပြောသည်။

" အားကိုးရာမဲ့ တယောက်ထဲ နေရတော့မယ်လို့ တွေးပြီး စိတ်မကောင်းဖြစ်နေရတဲ့ မမဘ၀မှာ အခုလို မောင်အရင်းတယောက် မမြှောင်လင့်ဘဲ ပေါ်ပေါက်လာတာ ၀မ်းသာလိုက်တာ မောင်ငယ်ရယ်။ အဖေ့ကို အိပ်ဆေးတွေ အတင်းသောက်ခိုင်းတာ အဖေက မသောက်တော့ လူအားနဲ့ ၀ိုင်းဖိပြီး ပါးစပ်ထဲ အတင်း လောင်းထည့်တယ်တဲ့ကွယ်။ အမေက ပြောပြသွားတယ်၊ သတိမေ့သွားမှ သူတို့ဆီပြန်လာလို့ မဖြစ်တဲ့ တနေရာမှာ သွးစွန့်ပစ်ကြမှာပေါ့နော်၊ ဒါကြောင့်သာ အဖေနဲ့အမေ မတွေ့နိုင်ဘဲ ဖြစ်သွားတာပေါ့"

မာလာဒေ၀ီက ၀မ်းသာ ၀မ်းနည်းပြောပြသောအခါ မေဂျာဝှိုက်သတိမေ့နေပုံနှင့် သူဘယ်ပုံဘယ်နည်းချင်း တွင်းမြစ်ကမ်းပါးစပ် ရောက်နေခြင်းကို ကျေနပ်အောင် မဖြေရှင်းနိုင်ဘဲ ဖြစ်ခဲ့ရပုံကို မောင်တင်ဦးရော မောင်တင်အုန်းပါ ပြန်လည် သတိရမိသည်။
ဦးအောင် သည်လည်း ဤနည်းအတိုင်းပင်ဖြစ်ပြီး သတိရလာသောအခါ သာကီဝင်တိုင်းပြည် ဘယ်ဆီရှိမှန်း မသိတော့ ဘဲ လူနေအိမ်ခြေ ရှာဖွေလာရာမှ ဗမာ့တပ်မတော်သို့ ပြန်ရောက်လာဟန် လက္ခဏာတူသည်ဟု အားလုံးက ယူဆလိုက်ကြသည်။

" ကျွန်တော် မရှင်းတာ တခုရှိနေတယ် မမ"
မောင်တင်အုံးက မေး၏။
" ဘာများလဲမောင်ငယ် "
" ဘုရားမယ်တော်ရဲ့ ခြုံထည်က ဘယ်လိုဖြစ်ပြီး ချောင်းထဲ မျောလာသလဲဆိုတာလေ "
မာလာဒေ၀ီက အတန်ငယ် တွေနေသည်၊ ထို့နောက် စဉ်းစဉ်းစားစား အဖြေပေး၏။
" အဲဒီအချိန်က မမတို့ အမေကလဲ မရှိတော့ဘူး ဟုတ်လား မောင်ငယ်၊ ဒီ တာဝန်ကို ဆက်ခံသူရဲ့ ပေါ့လျော့ ချို့ယွင်းမှုဘဲ ဖြစ်ပါလိမ့်မယ် "
ဤအဖြေထက်သာလွန်၍ တိကျသော အဖြေကို မည်သူက ပေးနိုင်မည်နည်း။

" ကဲ ရှေ့ဆက်စရာ ဘာအကြောင်းမှ မရှိတော့ နေရင်းဌာနပြန်ကြတာဘဲ ကောင်းပါလိမ့်မယ် ကိုတင်အုံး ရယ် ...၊ ဘယ်လိုသဘောရလဲ "
မောင်တင်ဦးက မေး၏။
" ပြန်တာပေါ့ မမကို ခင်ဗျားဘဲ တာဝန်ယူမှာလား "
မောင်တင်အုံးက ပြန်မေးသည်။

" သြော် ... ကျွန်တော့် အမ အရင်းဘဲ ကျွန်တော် တာဝန်မယူလို့ ဘယ်သူ ယူမှာလဲဗျာ "
မောင်တင်အုံးက တစုံတရာ ပြန်မပြောဘဲ မာလာဒေ၀ီကိုသာ စူးစိုက်ကြည့်လိုက်၏။
" အမေ့မေတ္တာကတော့ တကယ်ခိုင်မြဲပါတယ် မောင်ငယ်၊ သေသည့်တိုင်အောင် အဖေ့ရုပ်ပုံကို နေ့တိုင်း ကြည့်ပြီး တမ်းတသွားရှာပါတယ်"
" ဒီမှာ ကြာကြာနေလို့လဲ အကြောင်းမထူးတော့ပါဘူး၊ နက်ဖန်လဲ ခရီးစကြရအောင် "
မောင်တင်ဦးက ဆို၏။

" ခင်ဗျား ရန်ကုန်မှာ စိတ်ချ လက်ချနေနိုင်တဲ့ အခြေအနေရောက်ပါအုံးမလား "
ဥိးသာညွန့်၏ စီစဉ်ချက်ကို ရည်ရွယ်ပြီး မောင်တင်အုံးက မေးသည်။
" ရန်ကုန်က ကျွန်တော်တို့ခွာခဲ့ကြတာ သုံးလကျော်နေပြီ၊ အခြေအနေက အေးဆေးဆိတ်ငြိမ်ကောင်းပါ ရဲ့ဗျာ မအေးဆေးလဲ မတတ်နိုင်ဘူး၊ ဖြစ်တဲ့နည်းနဲ့ ရင်ဆိုင်ရမှာဘဲ၊ ရှောင်ချင်တိမ်းချင် ပုန်းချင်တဲ့စိတ်လဲ မရှိတော့ဘူး "
မောင်တင်ဦးက စိတ်ကို ခိုင်မာစွာ ဆုံးဖြတ်ပြီးပြောသည်။

" မမက မောင်ငယ်နဲ့ဘဲ လိုက်နေပါရစေတော့နော်၊ မောင်ငယ်က လွဲရင် မမမှာ အားကိုးစရာမရှိပါဘူးကွယ်"
မာလာဒေ၀ီက သနားစဖွယ် ပြောရှာသည်။
" ကျွန်တော့်မှာလဲ မမကလွဲပြီး ညီအကို မောင်နှမရယ်လို့ မရှိပါဘူး မမရယ်၊ အထီးကျန်တဲ့ ကျွန်တော့် ဘ၀မှာ မမျှော်လင့်တဲ့ အမ ရင်းတယောက် ရလိုက်တာ ကျွန်တော့်စိတ်ထဲမှာ အမေပြန်လာသလိုဘဲထင်မိပါ တယ်၊ ကျွန်တော်တို့ မောင်နှမ မခွဲမခွာ နေကြမယ်လေ "

" ၀မ်းသာလိုက်တယ် မောင်ငယ်ရယ် "
မာလာဒေ၀ီသည် မောင်အရင်းဟု သိရပြီးဖြစ်၍ ဖြူစင်သော အချစ်မေတ္တာဖြင့် မောင်တင်ဦး၏ ပခုံးကို ခေါင်းတင်ကာ ၀မ်းသာစွာပြောရင်း မျက်ရည်များပင် ကျလာရှာသည်။
" မမတို့ မောင်နှမ ပိုပြီး အားရှိသွားအောင် ကျွန်တော်ပါ အတူတူလာနေပါ့မယ် "
မောင်တင်အုန်းက ပြောသည်။

" ကျွန်တော်တို့ ဗမာ ထမင်းဟင်း အစားအသောက်မျိုးနဲ့ ခင်ဗျား ကြာကြာနေနိုင်မှာလား ကိုတင်အုန်းရဲ့"
မောင်တင်ဦးက မေး၏။
" အို ... ကျွန်တော် စားနိုင်လို့ အဆင်ပြေရင် ခင်ဗျားတို့နဲ့ အမြဲနေမယ်ဗျာ "
မောင်တင်အုန်းက ပြောရင်း မာလာဒေ၀ီကို ကြည့်လိုက်သည်။ မာလာဒေ၀ီက သတိမထားလိုက်သော် ငြားလည်း မောင်တင်ဦးကမူ အဓိပ္ပါယ်ကို ကောင်းကောင်းနားလည်လိုက်၏။
-------------------------------------
ဆက်ရန်
.

No comments: