Friday, March 11, 2011

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၁၁)

အခန်း ၉
ခေါင်းဆောင်မှု့ဟူသောစွမ်းရည်


၁၉၆၀ ပြည့်နှစ်တွင် မွေးဖွားလာခဲ့ကြသည့် မရေမတွက်နိုင်သော အမေရိကန် လူငယ်များကဲ့သို့ပင် ကျွန်တော် သည် ကျွန်တော်၏ ကလေးဘ၀တစ်စိတ်တစ်ပိုင်းကို အာကာသယာဉ် အင်တာပရိုက်စ် ၏ လေယာဉ်မှူး ကပ္ပတိန် ဂျိမ်းတီကာ့ခ် ဖြစ်ဖို့ စိတ်ကူးအိပ်မက် မက်ရင်းဖြင့် ကုန်လွန်ခဲ့သည်။ ကျွန်တော်က ကျွန်တော့်ကိုယ်ကို ကပ္ပတိန်ပေါက်ရှ်ဟု မမြင်။ ကျွန်တော်တကယ်ကို ကပ္ပတိန်ကာ့ခ် ဖြစ်၍ရသည့် ကမ္ဘာတစ်ခုကိုပင် စိတ်ကူးနေခဲ့သည်။

သိပံ္ပပညာကိုလည်း ၀ါသနာကိုင်းညွှတ်၊ အောင်မြင်ကြီးပွားခြင်း လည်း လိုခြင်သူ လူငယ်ကလေးများ အဖို့ ကား စတားထရက်ဇာတ်ကားထဲက ဂျိမ်းတီကာ့ခ် ထက် ပို၍ အားကျစရာလူမျိုး ရှိနိုင်သည် မဟုတ်ပါ။ ကျွန်တော် ယခုကဲ့သို့ တော်သည့်ဆရာတစ်ယောက်နှင့် လုပ်ဖော်ကိုင်ဖက်တစ်ဦး ဖြစ်လာခဲ့ခြင်းမှာ (လင်ယောက်ျား ကောင်းတစ်ယောက် ဖြစ်လာခြင်းလည်း ပါချင် ပါမှာပါ။) အင်တာပရိုက်စ် အာကာသ ယာဉ်ကြီး ကို လော့ခ် မောင်းနှင်နေပုံကို ကြည့်ရခြင်းဖြင့် ဖြစ်လာသည် ဟု အလေးအနက် ယုံကြည်သည်။

စဉ်းစားကြည့်ပါ။ စာဖတ်သူများ ထို တီဗွီ ကို ကြည့်ဖူးမည်ဆိုလျှင် ကာ့ခ်သည် ထိုအာကာသယာဉ် ပေါ်၌ အတော်ဆုံး လူတစ်ဦး မဟုတ်ကြောင်း သိပါလိမ့်မည်။ သူ၏ ပထမအရာရှိ မစ္စတာ စပေါ့ခ် သည် ထို ယာဉ်ပေါ် ၌ အမြဲတမ်း ယုတ္တိနည်းကျကျ စဉ်းစားတတ်သည့် ပညာတတ်တစ်ဦး ဖြစ်ကြောင်းတွေ့ရမည်။ ဒေါက်တာ မက်ကွိုင် ဆိုလျှင်လည်း ခရစ်နှစ် ၂၂၆၀ ပြည့်လွန် ကာလများ၌ လူသားတို့ တတ်အပ်ရာရာ ဆေးပညာ ဟူသမျှကို အလုံးစုံ တတ်ကျွမ်းနားလည်သူ ဖြစ်သည်။ အင်ဂျင်နီယာချုပ် စကော့တီ ဆိုလျှင်လည်း ထိုယာဉ်ကြီး ပျံသန်းနေနိုင်စေမည့် နည်းပညာများကို တတ်ကျွမ်းထားသူဖြစ်သည်။ ပြင်ပ ဂြိုဟ်သား တွေက တိုက်ခိုက်ခံရသည့် အချိန်မျိုးမှာပင်လျှင် ယာဉ်ကြီးကို လည်ပတ်ပျံသန်း နေအောင် ပြုနိုင်သူ ဖြစ်သည်။

သို့ဖြစ်လျှင် ကာ့ခ်၏ စွမ်းရည်သည် ဘယ်လို ရထားခဲ့သနည်း။ ဘာကြောင့် သူသည် အင်တာပရိုက်စ်အပေါ် တက်လာနိုင်ကာ ထိုယာဉ်ကြီးကို မောင်းနှင်ခဲ့သနည်း။
အဖြေကား သူ့မှာ ခေါင်းဆောင်မှု ဟူသော အရည်အချင်း ရှိနေသောကြောင့်ပင်။

ကျွန်တော်သည် ကာ့ခ် သရုပ်ဆောင်မှု လှုပ်ရှားနေပုံကို ကြည့်ပြီး ပညာအများကြီးရသည်။ သူသည် တက်တက် ကြွကြွ ရှိသော မန်နေဂျာတစ်ယောက်၏ အဆီအနှစ်ကို ထုတ်ယူထား သူဖြစ်၏။ လုပ်ငန်း တာဝန် များကို မည်သည့်မည်ပုံ လွှဲပေးရမည်ကို သိသူဖြစ်၏။ အခြားသူများ အားတက်သရော လုပ်ချင် လာအောင် လှုံ့ဆော် လိုသည့် စိတ်ဓာတ်ပြင်းပြနေသူ ဖြစ်၏။  အာကာသ အလုပ်သို့ ၀တ်လာသော အ၀တ် များမှာလည်း ကြည့်ရှုလို့ ကောင်းနေတတ်သည်။ သူ့မှာ သူ့လက်အောက်ငယ်သားများထက် သာလွန်သော စွမ်းရည် များ ရှိသည်ဟု ဘယ်အခါမျိုးတွင်မှ သူမပြော။

သူ့လက်အောက် ငယ်သားများသည် သူတို့ လုပ်ကိုင် ဆောင်ရွက်နေရသော လုပ်ငန်း နယ်ပယ် များ၌ သူတို့ လုပ်နေသည့် အလုပ်ကို သိကြသည်ဟု သူကအသိအမှတ်ပြုသည်။ သို့ရာတွင် သူက အတွေး အမြင် ထူထောင် ပေးသည်။ ပြောဆိုဆက်ဆံသည့် အခါ မည်သို့သော ယဉ်ကျေးသည့် လေယူလေသိမ်း မျိုးနှင့် ပြော ရမည်ဟု အလေ့အကျင့် လုပ်ပေးသည်။ သူသည် ကိုယ်ကျင့်တရားကို ကြီးကြပ် ထိန်းကိုင်ပေးသူလည်း ဖြစ်သည်။ ထိုအရာတွေထက်ပိုသည့် ကာ့ခ်၌ ရှိသည့်အရည်အချင်း တစ်မျိုးကား ရောက်လေရာ ဂဲလက်ဆီ တိုင်းမှ အမျိုးသမီးများကို ပိုးပန်း၍ ရနိုင်သည့် မိန်းမများ စွဲမက်တတ်သော မေးရိုးမျိုး ပါးစပ်မျိုး ရှိခြင်းတည်း။ ၁၅နှစ်သားကလေး ကျွန်တော် မျက်မှန်ကြီးတွေ တပ်ပြီး အိမ်မှာ တီဗွီကြည့်နေသည်ပုံကို စိတ်မှာ ပုံဖော် ကြည့်လိုက်စမ်းပါ။ ကျွန်တော် တီဗွီကြည့်သည့် အခါတိုင်းမှာပင် ကာ့ခ်သည် တီဗွီ ဖန်သားပြင်ပေါ်၌ ဂရိ နတ်သား တစ်ပါးလို ဖြစ်နေလေတော့သည်။

ပြီးတော့ သူ့မှာက အတော်ကို သဘောကျစရာကောင်းသည့် ကစားစရာတွေကလည်း ပါလိုက်သေး။ ကျွန်တော် ကလေးဘ၀တုန်း ကတော့ သူဂြိုဟ်တစ်ခုပေါ် ရောက်နေနိုင်တာ၊ သူ့မှာပါသည့် ကိရိယာ (သည်ကိရိယာ ဆိုသည်မှာ စတားထရက်ထဲက ဆက်သွယ်ရေး ကိရိယာကို ဆိုလိုခြင်း ဖြစ်ပါသည်။) က သူ့အာကာသ ယာဉ်ပေါ်က လူတွေထံ လှမ်းပြီး စကားပြောနိုင်တာများ ကိုကြည့်ပြီး စွမက်စရာ ကောင်းလှ သည်ဟု ထင်မိခဲ့ပါသည်။ ယခုမူ ကျွန်တော်သည် ထိုကိရိယာ ကိုအိတ်ထဲထည့်၍ လမ်းလျှောက်နေပြီ ဖြစ်ပါ သည်။ ယနေ့ ကျွန်တော်တို့ သုံးစွဲနေသော ဆဲလ်ဖုန်း ကို ကာ့ခ်က စတင် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်းကိုရော မည်သူ တို့ အမှတ်ရကြသေး ပါသနည်း။

လွန်ခဲ့သော နှစ်အနည်းငယ်က (ကျွန်တော်၏ ဆက်သွယ်ရေးကိရိယာမှနေ၍) ကျွန်တော့်ထံ ဖုန်းဆက် ခဲ့ပါသည်။ ဖုန်းဆက်သူမှာ ပစ္စဘတ်သား စာရေးဆရာ တစ်ယောက် ဖြစ်ပါ၏။ သူ့နာမည်မှာ ချစ်ပ်ဝေါ်လတာ ဖြစ်သည်။ သူသည်ဝီလျံရှတ်တနာ (ခေါ်) ကာ့ခ် ဆိုသူနှင့် စာအုပ်တစ်အုပ် ပူးတွဲရေးနေသူ ဖြစ်ပါသည်။ ထိုစာအုပ်၏ အကြောင်းအရာမှာ စတားထရက် ဇာတ်ကားထဲမှ ပထမဦးဆုံး စိတ်ကူးခဲ့သော စိတ်ကူး မှ နေ၍ ယနေ့အခါတွင် ဖြစ်ပေါ်နေသော နည်းပညာတိုးတက်မှုတွေအပေါ် မည်သို့မည်ပုံ နိမိတ်ပြ လမ်းခင်း ပေးခဲ့ကြောင်း ဖြစ်ပါ၏။ ကပ္ပတိန်ကာ့ခ် သည် ကာနက်ဂီ မယ်လွန်တက္ကသိုလ်မှ ကျွန်တော်၏ ပကတိ နီးပါး တူအောင် ဖန်တီးမှု ဓာတ်ခွဲခန်းသို့ လာရောက်ချင်ပါသတဲ့။

ကျွန်တော်၏ ကလေးဘ၀ စိတ်ကူးအိပ်မက်မှာ ကာ့ခ် ဖြစ်လိုခြင်း ဖြစ်ပါ၏။
သို့ရာတွင် ကျွန်တော့်ထံသို့ ရှတ်တနာ ပေါက်ချလာသောအခါ ကျွန်တော်၏ အိပ်မက်သည် တကယ် ဖြစ်လာခဲ့ခြင်း ဖြစ်သည်ဟု ကျွန်တော်ယခုတိုင် ယူမှတ်ဆဲဖြစ်သည်။ ကလေးဘ၀တုန်းက ကိုယ့်အသည်းစွဲ ဖြစ်ခဲ့သူ တစ်ယောက်ကို တွေ့လိုက်ရသည်မှာ အလွန်ကျေနပ် ၀မ်းမြောက်ဖွယ် ကောင်းပါသည်။ ထိုသူက ကိုယ့် ဓာတ်ခွဲခန်း ထဲ ၌ ကိုယ်လုပ်ကိုင်နေသော ကိုယ့်ပစ္စည်း ကို ကြည့်ဖို့ ကိုယ့်ထံသို့ ရောက်လာခြင်း ဖြစ်ပါသည် ဆိုသော အခါတွင်မူ ပို၍ပင် ကျေနပ်ဝမ်းမြောက် ဖွယ်ကောင်းလှပါပေတော့သည်။

ကျွန်တော့်ကျောင်းသားများ နှင့် ကျွန်တော်သည် ၂၄နာရီလုံး မနားဘဲ အင်တာပရိုက်စ် တံတားကြီး နှင့် တကယ်တူသော ပကတိနီးပါးတူသည့် ကမ္ဘာတစ်ခုကို ဖန်တီးတည်ဆောက်ခဲ့ကြရသည်။ ရှတ်တနာ ရောက်လာသည့်အခါ သူ့အား head-mounted display ကို သူ့ကိုယ်မှာ တပ်ဆင်ပေး လိုက်သည်။ အထဲမှာ စကရင် တစ်ခုပါရာ သူ့ခေါင်းကို လှည့်လိုက်လျှင် သူသည် သူ့အာကာသ ယာဉ်ဟောင်း၏ ရှုထောင့်စုံက မြင်ရသည့် ပုံများထဲတွင် ရောက်လျက်ရှိကြောင်း သူ့ဘာသာသူ ပြန်တွေ့နိုင်သည်။ 'ဟာ၊ ခင်ဗျားတို့ဟာ တာဘိုင် နဲ့ မောင်းပြီး မတင်ပေးတဲ့ တံခါးတွေတောင် ပါသကိုးဗျ' ဟုသူက ပြောပါသည်။

ကျွန်တော်တို့၏ ဖန်တီးချက်တွင် သူအံ့သြထိတ်လန့်သွားစေ သောအရာလည်းပါသည်။ မီးနီပြလျှင် သတိ ပေးသော အချက်ပြကို ဖန်တီးထားခြင်း ဖြစ်သည်။ အချက်ပြသတိပေးသံကို တစ်ချက်မှ အလွတ်မခံ ကြားနေရရင်းဖြင့် 'တို့ရန်သူအတိုက်ခံနေရပြီဟေ့' ဟု ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။

ရှတ်တနာသည် သုံးနာရီကြာ နေသွား၏။ မေးခွန်းတွေကိုလည်း တစ်လှေကြီးမေးသွားသည်။ နောင်တွင် လုပ်ဖော် ကိုင်ဖက်တစ်ဦးက ကျွန်တော့်အား ပြောသည်။ တစ်မေးတည်း မေးနေတော့တာပဲဗျာ၊ သူ သိပ်နားလည် သဘောပေါက်ဟန် မတူဘူး'
သို့ရာတွင် ကျွန်တော်ကမူ ကာ့ခ်ကို အလွန်တရာ သဘောကျသည်။ ကာ့ခ်ကို ဟု ဆိုသည်မှာ ရှတ်တနာကို ပြောခြင်းဖြစ်ပါ၏။ ရှတ်တနာ သည် ကိုယ်မသိတာကို မသိမှန်းသိသည့် သူမျိုး၏ အကောင်းဆုံးနမူနာ ဖြစ်ပါသည်။ မသိနားမလည်ဘဲနှင့် ပြန်ထွက်သွားလိုသူလည်း မဟုတ်ပေ။ ထိုအရာသည်ပင်လျှင် ကျွန်တော့် အဖို့ သူရဲကောင်းပီသသူ ဖြစ်နေပါတော့သည်။ ကျွန်တော့်တပည့် ကျောင်းသားတိုင်း ဤသို့သော စိတ်ဓာတ် မျိုး ရှိစေချင်လှသည်။

ကျွန်တော့် ကင်ဆာရောဂါအတွက် ကုသမှုခံယူနေစဉ်အတွင်း ပန်ကရိယ ကင်ဆာရောဂါသည် လေးရာခိုင်နှုန်း သာလျှင် ငါးနှစ်မျှ အသက်ရှင်ကြကြောင်း ကျွန်တော့်အား ပြောပြရာ စတားထရက် ရုပ်ရှင်ကား ၏ The Wrath of Khan (ခန်းမကြီး၏ အမျက်ဒေါသ) ဟူသော အပိုင်းထဲမှ စကားတစ်ခွန်းက ကျွန်တော့် ခေါင်းထဲ ၀င်လာသည်။ ထိုရုပ်ရှင်ကား၌ တစ်ဂြိုဟ်မှ တစ်ဂြိုဟ်သို့ သွားလာသည့် ဂြိုဟ်သွား ယာဉ်စု (စတားဖလိ) ဗိုလ်လောင်းများသည် သရုပ်သကန်တူ ဖန်တီးမှု လေ့ကျင့်ခန်းများကို ဆင်းကြရသည်။ ထိုသင်ခန်းစာ အားလုံးသည် အသတ်ခံကြရမည်သာ ဖြစ်သည်။ ထိုဇာတ်ကား၌ ကာ့ခ်သည် သင်တန်းသား ဗိုလ်လောင်း ဘ၀တွင် ထိုသရုပ်သကန်တူ ဖန်တီးမှု၏ ပရိုဂရမ်များကို ပြန်လည်ရေးဆွဲခဲ့သည်။ ဘာကြောင့် ထိုသို့ ပြန်လည်ရေးဆွဲရသနည်း ဆိုသော် သူသည်အနိုင်မရဘူး ဟူသော ဇာတ်ညွှန်းမျိုးကို မယုံကြည် သောကြောင့် ဟု ဆိုပါသည်။

အတွေ့အကြုံများသာ ပညာတတ် လုပ်ဖော်ကိုင်ဖက် အချို့သည် ကျွန်တော်၏ စတားထရက် ရှပ်ရှင်ကား အပေါ် အရူးအမူးစွဲလန်းခြင်းကို နှာခေါင်းရှုံ့ချင်ကြသည်. သို့ရာတွင် စကတည်းကပင် ဤရုပ်ရှင်ကားသည် ကျွန်တော့် အား များစွာ အကျိုးပြုခဲ့ပေသည်။

ရှတ်တနာ သည် ကျွန်တော်၏ ရောဂါစစ်တမ်းအဖြေ ရလဒ်ကို သိရှိပြီး နောက်တွင် ကျွန်တော့်ထံသို့ သူ ကာ့ဒ် အဖြစ် သရုပ်ဆောင်ခဲ့သည့် ဓာတ်ပုံတစ်ခု ကို ပို့ပေးသည်။ ထိုဓာတ်ပုံပေါ်၌ သူက ဤသို့ ရေးသား ထားသည်။ "ကျွန်တော်က အနိုင်မရဘူး ဆိုတဲ့ ဇာတ်ညွှန်းမျိုးကို မယုံပါ"ဟူ၍ ဖြစ်ပါသည်။

အခန်း (၁ဝ) ဆက်ရန်
.

3 comments:

မောင်မောင် said...

မရွှေစင်ဦး ရေ
အခန်း ၁၀ က လဲ စွဲမက်ဖွယ်ကောင်းတာပဲ။
ဖတ်ပြီးလို့  ပြန်ပြီနော်။
ခင်တဲ့
မောင်မောင်

Angelhlaing(May everybody be happy and healthy! said...

မမရေ...အခန်းဆက်လေးတွေမို့
မပျက်မကွက်ဖတ်သွားတယ်နော်။
ကောင်းသောနေ့လေးဖြစ်ပါစေမမ။

Anonymous said...

Thanks.

Ray