Friday, March 11, 2011

မဝင်းမြင့် ၏ ပဏ္ဍုသေလာ အပိုင်း (၂၆)

ယခု ဇာတ်မြှုပ်ပြီး ကုပ်ငြိမ်ငြိမ်ဖြင့် သိမ်ငယ်စွာ မထင်မရှား နေကြသော ဤသာကီဝင် ဆွေတော် မျိုးတော် တို့ အုပ်စုလက်ထဲတွင် မြတ်စွာဘုရားနှင့်ပတ်သက်၍ အလွန့်အလွန် မြတ်နိုးရိုသေဖွယ် ပစ္စည်း က ရှိ နေသည်။

ထိုပစ္စည်း မြတ်စွာဘုရား ဘွားမြင်တော်မူစဉ်အခါက မယ်တော်သီရိမဟာ မာယာဒေ၀ီ၏ ကိုယ်နှင့်မကွာ ခြုံ သိုင်း လာသော အဘိုးအတိုင်းမသိ ထိုက်တန်သည့် ခြုံထည်တခု။ ထိုခြုံထည်ကို မယ်တော်မာယာ ဒေ၀ီ သည် အလွန်နှစ်သက်မြတ်နိုးသည်။ မြတ်စွာဘုရားသည် မယ်တော့်ဝမ်းမှ ဘွားသန့်စင်သည်နှင့်တပြိုင်နက် နတ်ဗြဟ္မာ အပေါင်းတို့က ဘွဲ့ဖြူ ပုဆိုးသစ်နက်ရေစသည်တို့ဖြင့် ခံယူသည်ဆိုသော်လည်း မယ်တော်၏ ရင်ခွင်ကို ပြန်ရောက်သောအခါ မယ်တော် ဘုရားသည် သူမြတ်နိုးနှစ်သက်သော ခြုံထည်ဖြင့်သာ သား တော်ကို ထွေးပိုက်တော်မူခဲ့သည်။ 

ထိုခြုံထည်ကို အမှတ်တရ နန်းစဉ်ပစ္စည်းအဖြစ် သိမ်းထားခဲ့သည်။ သိမ်းဆည်းထားသည် ဆိုရာမှာ အခြား နေရာ၌ သိမ်းသည်မဟုတ်၊ မြတ်စွာဘုရား အလောင်းတော် တောမထွက်မီ ရွှေနန်းစည်းစိမ် စံစဉ်စက်တော် မူရာ ခေါင်းရင်းဘက်မှာ ရတနာ စီခြယ်သော ကလပ်ဖြင့် တင်ထား၍ မယ်တော့် ကိုယ်စား ရိုသေခဲ့သည်။

တောထွက်တော် မူပြီးနောက် ထိုပစ္စည်းကို ယသော်ဓရာ မင်းသမီးက အမြတ်တနိုး သိမ်းဆည်းခဲ့သည်၊ ယသော်ဓရာ မင်းသမီးဘိက္ခူနီဝတ်၍ ရဟန္တာဖြစ်သွားသောအခါ ဆွေတော်မျိုးတော်ထဲမှ အကြီးအကဲဖြစ်သူ စိတ္တဒေ၀ မင်းသားကြီးက ထိုခြုံထည်ကို မြတ်စွာဘုရားထံ ယူဆောင်သွားပြီး ဆက်ကပ်၏။ မြတ်စွာဘုရား သည် ခြုံထည်ကို ရိုသေလေးမြတ်စွာ ရင်ဝယ်ပိုက်၍ မိခင်၏ ဂုဏ်ကျေးဇူးအကြောင်း ဟောပြောတော်မူပြီး ငါဘုရား၏ ပရိဘောဂတခုအဖြစ် ဤခြုံထည်ကို ရိုသေလေးမြတ်ထိုက်သည်ဟု မိန့်တော်မူကာ စိတ္တဒေ၀ လက်သို့ ပြန်လည်ပေးအပ်လိုက်သည်။ ထိုခြုံထည်နှင့်အတူ ဆံတော်ရှစ်ဆူကိုလည်း ပေးတော်မူလိုက်သည်။

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးသည့်အခါ တေဇောဓါတ်လောင် ပြီး အရိုးအစအနတွေသာ ဓါတ်တော် အဖြစ် ကျန်ရစ်သည်။ ဆံတော်ဟူ၍ကား လုံးဝ မကျန်ရစ်ချေ။ ထို့ကြောင့် ဤခြုံထည်နှင့် ဤဆံတော်သာ ဤ သိမ်သိမ်ငယ်ငယ်ဖြစ်နေသော သာကီဝင် မင်းဆွေမျိုးတစု လက်မှာ ရှိနေကြောင်းသိပါက အဇာတသတ် မင်းသည် မည်သည့်နည်းနှင့်မှ ချမ်းသာပေးမည်မဟုတ်ဘဲ မတုမပြိုင်နိုင်သော ဤသာကီဝင်တွေ လက်ထဲက အနိုင့်အထက်ယူသွားတော့မည်သာ ဖြစ်သည်က မြေကြီးလက်ခတ်မလွဲပေ။

ထို့ကြောင့် အဇာတသတ်မင်း၏ ရန်ကို စိုးရိမ်၍ တကြောင်း လုယက်သတ်ဖြတ် တိုက်ခိုက်နေကြသော ဤ လူစုတွေအနားမှာ နေထိုင်ရမည်ကို ငြီးငွေ့ စက်ဆုတ်၍တကြောင်း၊ ပြောင်းရွှေ့လာကြစဉ်က ဆွေစုမျိုးစု တွေ ကြိုးစားသယ်ယူလာခဲ့ကြသည့် ရွှေငွေရတနာများကို သိုဝှက်စွာ သိမ်းဆည်းယူဆောင်၍ အရှေ့ဘက် သို့ မျက်နှာမူကာ၊ အေးချမ်းဆိတ်ငြိမ်ရာဒေသကို ရှာဖွေရွေးချယ်ရင်း ရွှေ့ပြောင်း ထွက်ခွာလာခဲ့ ကြသည် တွင် အလွန် နက်ခေါင်သော တောတောင် ဒေသအတွင်း တောင်ကြီးသုံးလုံးဆိုင်နေသော ချိုင့်ဝှမ်း တနေရာ သို့ ရောက်လာကြသည်။

အုပ်ဆိုင်းနေသော တောင်ကြီးများကလည်း မြို့ရိုးတံတိုင်းသဖွယ် ဖြစ်သည့် အပြင် ထူထပ်ပိတ်ဆီးသည့် တောအုပ်သစ်ပင်ကြီးတွေကြောင့် တစုံတယောက်သော သူသည် ဤတောင် ကြီးတွေပေါ် တက်ပြီး တောင်ချိုင့်ဝှမ်း ထဲ ငုံ့ကြည့်ရမည်မှာ လွယ်ကူသော အလုပ် မဟုတ်ချေ။ ငုံ့ကြည့်၍လည်း အောက်ခြေ ချိုင့်ဝှမ်း ထဲကို သဲသဲကွဲကွဲ မြင်နိုင်မည်မဟုတ်။ တောင်ချိုင့်ထဲ ၀င်လာရန်က လည်း တနေရာ တပေါက် တည်း သော လမ်းရှိသည်၊ ထိုလမ်းကို လုံခြုံစွာကင်းချထားနိုင်သည်။

ဝန်းရံနေသော တောင်ကြီးများအနက် မြေပြင် ဆယ့်ငါးတောင်မျှ အမြင့်နားဝယ် ငှက်နှုတ်သီးသဏ္ဍာန် ကျောက်စွန်းကြီးထွက်နေသော တောင်တတောင်ရှိနေသည်။ ထိုကျောက်စွန်းနေရာမှ ရေတံခွန်သဖွယ် ရေ လုံးရေပန်းတခုသည် တောင်ခေါင်းထဲက ထွက်ကျစီးနေသည်၊ ထိုရေကို တက်ကြည့်သောအခါ ကျောက်စွန်းကြီးသည် ပကတိ ငှက်နှုတ်သီးအသွင် အပေါ်နှုတ်ခမ်းအောက်နှုတ်ခမ်း သဏ္ဍာန်ပြီပြင်စွာ သဘာဝ အားဖြင့် ဖြစ်တည်နေပြီး ခံတွင်းပေါက်နေရာမှ ရေထွက်ကျနေသည်ကို အံ့သြဖွယ်တွေ့ရ၏။ ရေထွက်ကျသည့် ပင်ရင်းနေရာကား တောင်ခေါင်းအတွင်းမှာ ရေတွင်းသဖွယ်ဖြစ်တည်နေသော နေရာမှ ရေသည် အစဉ်အမြဲ ပြည့်ပြီး လျှံကျနေကြောင်းတွေ့ရသည်။

ထိုအခါ ပြောင်းရွှေ့လာသော ဆွေမျိုးအုပ်စုတွင် အရည်အချင်း ဥာဏ်ပညာနှင့်ပြည့်စုံသော ပုဂ္ဂိုလ်များက ဦးဆောင်၍ တောင်၏ အပြင်ဘက်ကို ရေထွက်ပေါက်ရအောင် ဖေါက်ထွင်းကြသည်။ ငှက်နှုတ်သီးနေရာကို ပိတ်သည်၊ ထိုသို့ရေထွက်ပေါက်ကို ပိတ်ကြရာမှာ ရေတံခါး ခိုင်ခန့်စွာလုပ်သည်။ အဖွင့်အပိတ်ခလုတ်တပ် သည်။ တောင်ချိုင့်ဝှမ်း အတွင်းဘက်ကို ရေမကျစေအောင် ရေကာတာတံခါးဖြင့် တားဆီးသောအခါ ရေသည် အသစ်ဖေါက်သော တောင်ခေါင်းပေါက်မှ အပြင်သို့ ရေတံခွန်သဖွယ် စီးထွက်ကျသွားလေသည်။ ထိုသို့ အပြင်ဘက်သို့ ရေစီးထွက်ကျသွား၍ ချောင်းကြီးမှာ စမ်းအိုင်ကြီးသဖွယ် ဖြစ်တည်ရာမှ အိုင်ပြည့်လျှံ ပြီး ချောင်းငယ်တခုအဖြစ် စီးဆင်းသွားလေတော့သည်။

ချိုင့်ဝှမ်းအတွင်းမှာ ရှိနေပြီးဖြစ်သောရေကို ကန်ကြီးဆယ်သည်၊ ထိုချိုင့်ဝှမ်းအတွင်းမှာ ရွာတည်၍ ရေကန် ကို မြောင်းသွယ်ကာ စပါးသီးနှံစိုက်ပျိုးသည်။ တခါတရံ တောင်ဝှမ်းမှ ထွက်၍ အမဲပစ်သည်။ ရသည့် အသားကို ဝေငှစားကြသည်။ သာကီဝင် ဆွေမျိုးတစု မွေးထားသော သားမင်းကောင် တမျိုးရှိသေး၏။ ထို သားမင်းကောင်၏ အမွှေးမှာ နူးညံ့ ရှည်လျားပြီး တောက်ပသော အစိမ်းရောင်အ၀ါနုရောင်ရောနေသည်။ ထို အမွှေးကို အထည်ယက်လုပ် ၀တ်ဆင်ကြရသည်ဖြစ်၍ ထိုအမျိုးပြန့်ပွားအောင် အထူးဂရုစိုက် မွေးမြူကြ ရသည်။ သို့သော် ထို သားမင်းမျိုးသည် သာကီဝင် ဆွေမျိုးစုအဖို့ နိမိတ် မင်္ဂလာယူရာလည်းဖြစ်ပေသည်။ ဘေးရန် ကင်းဝေး အေးချမ်းမည့် အချိန်အခါဆိုလျှင် ထိုသားမင်းများသည် ပေါက်ပွားစည်ပင်သည်၊ ဒုက္ခ ရောက်မည့် အချိန် ပျက်စီးမည့်အချိန် ရောက်လာလျှင် သားမင်းများသည် မပေါက်ပွား မစည်ပင်တော့ဘဲ ဆုတ်ယုတ် လျော့နည်းလာတတ်လေသည်။

တောင်ချိုင့်ဝှမ်းထဲတွင် ရွာတည်ထောင် နေထိုင်သောသာကီဝင် ဆွေမျိုးစုတို့သည် တနေ့သောအခါဝယ် စည်းဝေး တိုင်ပင်ကြ၏။
" ငါတို့ယူဆောင်လာသော ရွှေစိုင်ရွှေခဲများနှင့်တကွ အဘိုးအတိုင်းမသိ ထိုက်တန်သော ကျောက်မြက် ရတနာ များသည် ဤတောင်ချိုင့်ဝှမ်းထဲမှာ နေထိုင်ကြသော ငါတို့အဖို့ ဆင်ယင်ဝတ်စား အလှ ပြင်နေရန် မလိုအပ်တော့ချေ။ ထို့ကြောင့် ဤရတနာများအားလုံးကို တပေါင်းတည်းပြု၍ ငါတို့ သာကီဝင် အမျိုးအားလုံး အထွဋ် အထိပ် ပုဂ္ဂိုလ်လည်းဖြစ် တသောင်းသော လောကဓါတ်ဝယ် နတ်လူအားလုံးတို့ ညွှတ် ရုံးဦးခိုက်ခြင်း ခံယူ ရသော ပုဂ္ဂုလ်တည်းဖြစ်သည့် ဂေါတမဗုဒ္ဓ၏ ပုံတူကိုယ်ပွား ဆင်းတုတော်တဆူ သွန်း လုပ်တည်ထားပြီး ကိုးကွယ် ကြလျှင် မကောင်းပါလော"
အုပ်ချုပ်သူ အကြီးအကဲက အကြံပေး ပြောဆိုသည်ကို အားလုံးက နားထောင်လိုက်ကြသည်။

 ထို့ကြောင့် ဖယောင်းသားလို အိနေသည့် ရွှေစိုင်ရွှေခဲများဖြင့် မြတ်စွာဘုရားပုံတော်တူ သွန်းထုကြသည်။ မြတ်စွာဘုရား၏ ရုပ်ဆင်းရူပကာတော်ကို မျက်ဝါးထင်ထင် မြင်လိုက်ကြရသူများဖြစ်၍ မြတ်စွာဘုရား၏ မျက်နှာတော်ကို တသွေမတိမ်း တူညီအောင် ပြုပြင်ကြသည်။ သက်တော် ထင်ရှားရှိစဉ်က သနားတော် မူ လိုက်သည့် ဆံတော်များကို ဦးခေါင်းတော်အတွင်း ထည့်သွင်းဌာပနာသည်။ ယူဆောင်ခဲ့သမျှ ကျောက် မြက်ရတနာ အားလုံးကို သင်္ကန်းတော် နေရာအပြည့် စီခြယ်ကြသည်။

ခုတ်ယူ၍ ရသောသစ်သားများဖြင့် ကျောင်းတော်ကြီးတခု ဆောက်အံ့သောအခါ ကျောင်းအလယ်တည့် တည့် နေရာ၌ နက်စောက်လျစွာသော မြေတွင်းကြီးတခုကို တူးကြသည်။ ထိုမြေတွင်းအပေါ်ကမူ ခိုင်ခန့် သော သစ်သားများခင်းပြီး ဘုရားကျောင်းတော်ကြီး တည်ဆောက်ကြ၏။ ကျောင်းတော်ကြီးကား သစ်ခင်း သစ်ကာ သစ်သားပင်မိုးသည်။ ထိုသစ်သား အားလုံးကား အင်ကြင်းသားတွေပင် ဖြစ်ရကား နှစ်ကာလကြာ သော် အသက်ရင့်လာသော် အင်ကြင်းသားတို့သည် ကျောက်သားပမာ ဖြစ်ပြီး အ၀င်အတွက် တံခါးနှင့် အချို့ နေရာမှာသာလျှင် တခါတရံ ပြုပြင်ရသော သစ်သားများဖြစ်သည်။
ကျောင်းတော်ကြီး ပြီးစီးလျှင် နက်စောက်စွာ တူးထားသော မြေတွင်းကြီး အထက်တည့်တည့် အခင်းပေါ်မှာ မြတ်စွာဘုရား ကိုယ်တော်စား ဆင်းတုတော်ကို ကိန်းဝပ်တည်ထားပြီး ကိုးကွယ်ဆည်းကပ်ကြသည်၊ ထိုသို့ ကိုးကွယ်ဆည်းကပ်သောအခါ သာကီဝင် ဆွေမျိုးစုအားလုံးသည် ရှစ်ပါးသောသီလကို အထူးစင်ကြယ်စွာ စောင့်ထိန်းပြီး မြတ်စွာဘုရား ရုပ်ပွားတော်ကို ၀ိုင်းရံရှိခိုး၍ ဤသို့ ဆုတောင်းပန်ကြားကြ၏။

" ကျွန်ုပ်တို့ ဆွေမျိုး တစုလုံး အသက်ရှင် နေသ၍ ကာလပတ်လုံး မြတ်စွာဘုရား၏ ဆံတော်မြတ်ကို စောင့် ရှောက်ကိုးကွယ်ပါမည်၊ အကယ်၍ ကျွန်ုပ်တို့ ဆွေမျိုးစုသည် တယောက်မကျန် သေကြေပျက်စီးရမည့် အဖြစ်ဆိုးမျိုး ကြုံကြိုက်ဆိုက်ရောက်လာတော့မည့်အချိန် နီးကပ်လာပါက မြတ်စွာဘုရား၏ ဆံတော်မြတ် သည် လျောက်ပတ် ထိုက်တန်ရာ ဒေသသို့ ဒေသစာရီ ကြွချီတော်မူပါ၊ ထိုသို့ ကြွချီပြီဖြစ်ကြောင်းကို သတိ ပေးသောအားဖြင့် ကျွန်ုပ်တို့အား ဖူးမြင်နိုင်အောင် ဤတောင်ထိပ်ထက်မှ တန်ခိုး ပြာဋိဟာ ပြတော်မူခဲ့ပါ ဘုရား"

ရတနာအတိ သွန်းထုထားသော ရုပ်ပွားတော်၏ လက်တော်ပေါ်မှာ မြတ်စွာဘုရား၏ မယ်တော် ကိုယ် နှင့် မကွာမြတ်နိုးစွာ ခြုံလွှမ်းခဲ့သည့် ခြုံထည်ကို ယုယစွာ တင်ထားပူဇော်ခဲ့ကြသည်။
ဆွေမျိုး အစဉ်အဆက်များ ဤသို့ အေးချမ်းစွာ နေထိုင်ခဲ့ကြရာ လွန်ခဲ့သည့်နှစ်ပေါင်း နှစ်ဆယ်ကျော်ကမူ သာကီဝင် ဆွေမျိုးစုထဲမှ အထူးသဖြင့် ရုပ်ရည်ချောမော လှပသော သင်္ဂမာလာ အမည်ရှိ မင်းသမီးတပါး သည် တနေ့သောအခါဝယ် တောင်ခေါင်းအပြင်ဘက် ရေထွက်ကျရာ စမ်းအိုင်ဆီသို့ အပျင်းပြေ ထွက်လာ ခဲ့သည်။ ထိုအခါ စမ်းအိုင် ပတ်ဝန်းကျင်တွင် ရေဓါတ်ကြောင့် အေးစိမ့်နေသည့် ကျောက်တုံးကြီးများတွင် ကျောက်ပန်းပွင့်ကြီး များမှ ထွက်သော ရေမွှေးနံ့သည် အလွန်တရာမှ သင်းပျံ့ကြိုင်လှိုင်လှပေသည်။

သိင်္ဂမာလာသည် ကျောက်ပန်းပွင့်ကြီးကိုခူး၏။ ဘယ်လိုမှ ခူးမရသောအခါ ကျောက်တုံးချွန်ချွန်တခုဖြင့် အပွင့် ညှာတံ ကို ထိုးဖြတ်သည်။ အလွန် အားခွန်စိုက်၍ ဆွဲဖြတ်ယူသောအခါ မယုံနိုင်စရာပင် ပန်းပွင့်ကြီး ရော ပန်းပင်ပါ ရေနွေးပူဖြင့် လောင်းလိုက်သလို နွမ်းခွေကာ မျက်စေ့ အောက်မှာပင် ကျောက်ပန်း ပင်ကြီးသည် နှမြောဝမ်းနည်းဘွယ်ရာ သေသွားလေတော့သည်။ ထို့ကြောင့် သိင်္ဂမာလာသည် အခြားပန်းပွင့်တွေကို မခူးတော့ဘဲ ပန်းပွင့်တွေအလယ်က ၀တ်ဆံမှုံကလေးတွေကိုသာ လက်ဖြင့် အသာ အယာ ပွတ်သပ်ယူပြီး ပြန်လာခဲ့သည်။ ထိုဝတ်ဆံမှုံတွေကို ဘုရားကျောင်းဆောင်ထဲဝင်ပြီး ဘုရားမယ်တော် သီရိမဟာ မာယာဒေ၀ီ၏ ခြုံထည်ပေါ်သို့ ပက်ဖြန်းချလိုက်၏။

မွှေးကြိုင်သော ရနံ့သည် ခြုံထည် တခုလုံးမှာ စွဲသွားသည်။ အုပ်ချုပ်သူ အကြီးအကဲ များနှင့် တကွအားလုံးသော လူများကလည်း ထိုအမွှေးနံ့များကို များစွာနှစ်သက်သည်။ သီရိ မာလာပြောပြသည့် ကျောက်ပန်းပင်ကြီးများကို သွားကြည့်ကြသည်။ ထို့နောက် အများသဘောတူပင် ဆုံး ဖြတ်သော တာဝန် တခုကို သိင်္ဂမာလာသည် ၀မ်းမြောက်ဝမ်းသာ ထမ်းဆောင်လေသည်။ ထိုတာဝန်ကား..
" ခူးဆွတ်၍မရသော ပန်းပွင့်အတွက် ပန်းပင်များ မသေစေလင့်။

မျိုးမပြုတ် စေလင့်၊ပန်းပွင့်မှ ဖြစ်ပေါ်သော မွှေးကြိုင်သည့် ၀တ်မှုံသည် သိင်္ဂမာလာ ယူဆောင်လာရသည်မှာ အတော်အသင့် ဖိတ်စင်မှုလည်းရှိသည်။ မွှေးရနံ့ကလည်းပြယ်သင့်သလောက် ဖိတ်စင်မှုလည်းရှိသည်။ မွှေးရနံ့ကလည်းပြယ်သင့်သလောက် ပြယ် သွားမည်။ ထို့ကြောင့် ဘုရားမယ်တော်၏ ခြုံထည်ကို ရတနာ ကလပ်ပေါ်မှာ တင်ယူ၍ ပန်းပင်ရှိရာသို့ သိင်္ဂမာလာ ယူဆောင်သွားရမည်။ ပန်းပွင့်မှ ဖြစ်ပေါ်လာသော မွှေးကြိုင်သည့် ၀တ်မှုံကို ခြုံထည်ဖြင့် ဖြည်း ညှင်းစွာ အသာအယာတို့ယူခြင်းဖြင့် ၀တ်မှုံလည်း မလွင့်ပါး ရနံ့လည်းခြုံထည်ထဲသို့ အားလုံး ရောက်ပေ လိမ့်မည်။

ပန်းပွင့်ကြီးများသည် အစဉ်အမြဲဝတ်မှုံဖြစ်ပေါ်မနေချေ။ တနှစ်လျှင် တကြိမ် နွေဦးပေါက်စအချိန်ရာသီမှာ သာလျှင် ၀တ်မှုံလှိုင်၍ သင်းကြိုင်မွှေးပျံ့သည်ဖြစ်ရာ ထိုအချိန်မှာသာ ခြုံထည်ကို ယူဆောင်ရလေသည်။ ခြုံ ထည် မယူဆောင်မီနေ့ ညအချိန်ဆိုလျှင်ကျောင်းဆောင်ထဲမှာ ယခင်ကထက်ပိုပြီး ဆီမီးအလင်းရောင်ဖြင့် ပူဇော်ကာ ရှိခိုးကန်တော့ကြလေသည်။

ဤသို့ဖြင့် ၀တ်မပျက်ပူဇော်ကာ တာဝန်ယူလာခဲ့သောသိင်္ဂမာလာသည် ကျောက်ပန်းပွင့်ကြီးတွေမှ ၀တ်မှုံ နံ့လှိုင်၍ မွှေးကြိုင်ချိန် နီးပြီဖြစ်သော နွေဦးပေါက်တနေ့ဝယ် ပန်းပွင့်ကြီးတွေကိုကြည့်ရန် စမ်းအိုင်ဆီသို့ လျှို့ဝှက်သောလမ်းမှ ထွက်လာခဲ့လေသည်။ သာကီဝင် ဆွေမျိုးစုတို့ နေလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာညောင်းလာခဲ့ပြီဖြစ်သော်လည်း ဤတောင်ကြား ချိုင့်ဝှမ်းနေရာသို့ မည်သည့် ရန်သူ တစုံတဦးမှ လာ ရောက်ဖူးခြင်း အနှောက်အယှက်တွေ့ခြင်းမရှိခြ့ချေ။ ထို့ကြောင့် သိင်္ဂမာလာသည် စိတ်လက် အေးချမ်းစွာပင် ထွက်လာခဲ့သည်။ သာကီဝင် ဆွေမျိုးစုတို့ နေလာခဲ့သည်မျာ နှစ်ပေါင်းများစွာ ကြာညောင်း လာခဲ့ပြီ ဖြစ် သော်လည်း ဤတောင်ကြား ချိုင့်ဝှမ်းနေရာသို့ မည်သည့် ရန်သူ တစုံတဦးမျ လာရောက်ဖူးခြင်း အနှောက် အယှက်တွေ့ခြင်းမရှိခဲ့ချေ။ ထို့ကြောင့် သိင်္ဂမာလာသည် စိတ်လက် အေးချမ်းစွာပင် ထွက်လာခဲ့သည်။

သိင်္ဂမာလာထွက်လာ၍ ကျောက်ပန်းပင်ကြီး အနားရောက်ပြီး ပန်းပွင့်ကို အာရုံစိုက်ကြည့်နေဆဲဝယ် ကြောက် မက်ဖွယ် ရုပ်ဆင်းသဏ္ဍာန်ရှိ၍ သူ့တသက်တာဝယ် တကြိမ်တခါမှ မမြင်ဘူးသော ၀တ်စား ဆင် ယင်မှုဖြင့် ဓါးကိုယ်စီ ကိုင်ထားသော လူသတ္တ၀ါငါးဦးသည်။ ချောမောလှပသော သိင်္ဂမာလာကို ၀ိုင်းရံ ဖမ်းဆီး ချုပ်ကိုင်လိုက်ကြသည်။ ဤလူသတ္တ၀ါ ငါးဦးသည်။ မည်သည့်နေရာက ပေါ်ပေါက်လာသည်ကို သိင်္ဂ မာလာ မသိ၊ မစဉ်းစားတတ်ချေ။ သိင်္ဂမာလာ စိတ်ထဲတွင် ဤငါးဦးကို လူဟူ၍မထင်ချေ။ ဘီလူး သဘက် တွေပင်ဖြစ်လေမလားဟု ကြောက်အားကြီးစွာဖြင့် အော်ဟစ်ရန်ပင် အသံမထွက်နိုင်အောင်ဖြစ်ရ သည်။

ငါးဦးသော လူတွေက သိင်္ဂမာလာကို လှုပ်နိုင်အောင် ချုပ်ကိုင်ဖမ်းဆီးထားသော်လည်း သူတို့လို အ၀တ် အဆင်အပြင်မျိုးနှင့်ပင် လူတယောက်ကား သိင်္ဂမာလာကို ဖမ်းဆီးချုပ်ကိုင်ရာ၌ လုံးဝမပါဝင်ဘဲ ခပ်လှမ်းလှမ်း မှ တည်ြိငမ်စွာသာ ကြည့်နေသည်။
" ဗုဒ္ဓမြတ်စွာကယ်"

သိင်္ဂမာလာသည် ကြောက်ရွံ့ခြင်းဖြင့် ကြက်သေသေနေရာမျ ထိုလူငါးယောက်က ရေအိုင်နှင့် ခပ်လှမ်း လှမ်း တောင်ကမူအကွယ် နေရာသို့ ဆွဲခေါ်သည်တွင်မှ အော်ဟစ် ရုန်းကန်ရန် သတိရတော့သည်။ ထို့ကြောင့် အားရှိသမျှ ရုန်းကန်ပါသော်လည်း ငါးယောက်သော လူ၏ ခွန်အားကို မတုပြိုင်နိုင်ချေ။ ထို့ကြောင့် သူတို့ ဘာသာစကားဖြင့် ဗုဒ္ဓဘုရားကို တိုင်တည်အော်ဟစ်ရာတွင်လည်း အသံတပိုင်းတစသာထွက်သည်။ ထိုလူတွေက ပါးစပ်ပိတ်လိုက်သဖြင့် အသံပျောက်သွားလေသည်။ ထိုလူ တွေက ပါးစပ်ပိတ်လိုက်သဖြင့် အသံပျောက် သွားလေသည်။ ထိုအခိုက်မှာ သိင်္ဂမာလာအဘို့ လုံးဝ မမျှော် လင့်သော ကယ်တင်ရှင်က ပေါ်လာသည်။

ခပ်လှမ်းလှမ်းမှ တည်ငြိမ်စွာ ကြည့်နေသူသည် လျှပ်ပြက်သကဲ့သို့ သူတို့အနားသို့ လျှင်မြန်စွာ ချဉ်းကပ်လာ သည်။ သူ့လက်ထဲမှာ ကိုင်ထားသော အရာဝတ္ထုတခုကို မည်ကဲ့သို့ ပြုလုပ်သည်မသိ၊ ပြင်းထန်သောအသံ ကြီးပေါ်လာကာ ကိုယ်ပေါ်က အ၀တ်တွေ စုတ်ပြတ်နေပြီဖြစ်သော သိင်္ဂမာလာကို သည်းသည်း မည်းမည်း ၀ိုင်းအုံ နေသည့် လူငါးယောက်အနက် နှစ်ယောက်သည်လဲကျသွားသည်။ ကျန်သုံးယောက်က အံ့အားသင့် ဟန်ပေါ်နေခိုက်မှာ ထိုလူ့လက်ထဲက ပစ္စည်းသည် အသံမြည်သွားပြန်ပြီး ကျန်သုံးယောက်ပါ လဲကျသွား သည်။ ထိုလူ၏ ပြုမူပုံမှာ မယုံနိုင်အောင် လျှင်မြန်လွန်းသဖြင့် ငါးယောက်လုံး အငိုက်မိပြီး ခံလိုက်ကြရခြင်း ဖြစ်သည်။

ဆက်ရန်
.

1 comment:

Anonymous said...

စိတ်ကူးယဉ် ထိုးဇာတ်တွေ ဆင်ရာမှာ မြတ်စွာဘုရားရဲ့ ဗုဒ္ဓဝင် ဖြစ်စဉ်တော်တွေကိုတော့ ချမ်းသာပေးသင့်တယ်လို့ မြင်ပါတယ်။ မသိတဲ့သူတွေက ဒီထိုးဇာတ်ကို အဟုတ်ထင်သွားနိုင်ပါတယ်။

ဘုရားမယ်တော်ရဲ့ ခြုံထည်ဆိုတဲ့ ဘယ်တုန်းကမှ မရှိဖူးတဲ့ ထိုးဇာတ် စိတ်ကူးယဉ်ဇာတ်လမ်းထဲမှာ လုံးဝ မရေးသင့်တာကြီး ပါနေတယ်။ ဒီခြုံထည်ကို မြတ်စွာဘုရားဆီ ဆက်ကပ်တော့ ဘုရားက ရိုသေမြတ်နိုး ထွေးပိုက်ထားတယ် ဆိုတာ...။ မြတ်စွာဘုရားက သုံးလောကမှာ အမြတ်ဆုံးပါ။ ဘုရားရှင်ဟာ ဘယ်သူ့ကိုမှ ရိုကျိုးနေစရာ မလိုတော့ပါဘူး။ မြတ်စွာဘုရားက သက်မဲ့ ခြုံထည်ကြီးကို ရိုသေစွာ ထွေးပိုက်ထားတယ်ဆိုတာ မဖြစ်နိုင် မရေးသင့်ပါ။ မယ်တော်ကို နတ်ပြည်အထိ တက်ပြီး သောတာပန်ဖြစိအောင် ကျေးဇူးဆပ်ခဲ့ပြီးပါပြီ။ ဒီလို ကျေးဇူးဆပ်တော့လဲ မယ်တော်ဟောင်း နတ်သားက အခြားနတ်တွေနဲ့အတူ ရိုရိုသေသေ ခစားပြီး တရားကို နာယူတာပါ။ ဘု့ရားရှင်က မယ်တော်ကို ပြန်ပြီး ရိုသေနေစရာ မလိုတော့ပါဘူး။ မသိနားမလည်ခြင်းဟာ ခွင့်လွှတ်လို့ ရပေမယ့် မသိနားမလည်တာကို အကြောင်းပြုပြီး ထိုးဇာတ်တွေ မဆင်သင့်ပါ။

နောက်ပြီး မယ်တော်ဟာ နတ်ရွာစံတဲ့အချိန်ထိ ပုထုဇဉ်ပါ။ မြတ်စွာဘုရားက ပုထုဇဉ်အဖြစ်နဲ့ ကွယ်လွန်သွားတဲ့ မယ်တော်ရဲ့ ခြုံထည်ကို လူသားတွေကို ဘုရားရှင်ရဲ့ ပရိဘောဂစေတီအဖြစ် ကိုးကွယ်ခိုင်းတယ်ဆိုတာ မရေးအပ်တဲ့ ကိစ္စပါ။ ပရိဘောဂ စေတီဆိုတာ ဘုရားရှင်ရဲ့ အသုံးအဆောင်တွေကို နတ်လူတွေက အမြတ်တနိုးကိုးကွယ်မှ ပရိဘောဂစေတီ ဖြစ်ပါတယ်။ ကိလေသာ မကုန်သေးတဲ့ ဘယ်သူမှ ပရိဘောဂစေတီ အတည်ခံချင်လို့ မရပါ။ ဒွေး ကွယ်လွန်တုန်းက ဒွေးရဲ့ အရိုးပြာတွေကို စေတီတည်မယ် ဖြစ်သေးတယ်။ ဘုရားနဲ့ ရဟန္တာ မဟုတ်ရင် ကိလေသာ ကျန်နေသေးရင် အနာဂါမ်ကိုတောင် စေတီမတည်ရဘူးဆိုတာ သိနားလည်သူတွေက ဖြေရှင်းတားဆီးခဲ့ရပါတယ်။

ဆရာမကြီးအနေနဲ့ ဗုဒ္ဓရဲ့ တရားဓမ္မနဲ့ သာသနာ့ ထုံးတမ်းစဉ်လာတွေကို စိတ်ဝင်စားမှုနည်းပြီး လောကီအယူအစွဲတွေကိုပဲ စိတ်သန်ဟန် တူပါတယ်။ ဒါပေမယ့် မလေ့လာဘဲနဲ့ စိတ်ကူးယဉ် ရေးတာတော့ မလုပ်သင့်ဘူးလို့ ရိုသေစွာ ပြောကြားလိုပါတယ်။