အခန်း ၇
အမျိုးသားဘောလုံးအဖွဲ့ချုပ်သို့ မရောက်ခဲ့သော ကျွန်တော်

ကျွန်တော်က ဘောလုံးကို ချစ်မြတ်နိုးသည်။ ဘောလုံးဆိုသည်မှာ တစ်ဦးနှင့်တစ်ဦး ဆွဲလုရသော ဘောလုံး ကို ဆိုလိုပါသည်။ ကျွန်တော် ထိုအလုံးမဟုတ်သည့် အုန်းသီးဘောလုံးကို ကိုးနှစ်သားအရွယ် ကတည်း က စတင်ကစားခဲ့ပါသည်။ ထိုဘောလုံးကပင် ကျွန်တော့်အား အောင်မြင်မှုရအောင် ပြုပေးခဲ့ပါသည်။ ယနေ့ အခါ ကျွန်တော် ယခုလို မည်သူမည်ဝါဖြစ်နေသည်မှာ ဘောလုံးက လုပ်ပေးခဲ့ခြင်းဖြစ်ပါ သည်။
ကျွန်တော်သည် အမျိုးသားဘောလုံးအဖွဲ့ချုပ်အထိ မရောက်ခဲ့ပါသော်လည်း ထို စိတ်ကူးအိပ်မက် ကို အကောင် အထည်ဖော်လာခြင်းကြောင့်မဟုတ်ဘဲ ထိုစိတ်ကူးအိပ်မက်နောက်လိုက်ခဲ့ခြင်း ကြောင့် ပို၍ တောင် ရခဲ့သေးသည်ဟု တစ်ခါတစ်ရံ စဉ်းစားမိပါသည်။ အကောင်အထည်ဖော်နိုင်သော စိတ်ကူး အိပ်မက် တွေကလည်း မရမဟုတ် ရခဲ့ပါသည်။
ကျွန်တော် ဘောလုံးကို ချစ်ခင်စုံမက်ဖြစ်ခဲ့သည်မှာ ကျွန်တော့်ဖေဖေက ကျွန်တော် ကန်ကြောက်၊ အော်ဟစ် လုပ်နေရင်းမှပင် အဖွဲ့ချုပ်တစ်ခုထဲတွင် ပါဝင်နိုင်အောင် အတင်းဆွဲခေါ်သွားခဲ့ချိန်မှ စခဲ့ပါ သည်။ ကျွန်တော် က အဲသည်လို ဖြစ်ချင်သည့် ဆန္ဒမရှိပါ။ ကျွန်တော်သည် ပင်ကိုသဘာဝအားဖြင့် အားခွန်ဗလ တောင့်တောင့် တင်းတင်းရှိသူမျိုး မဟုတ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူလည်းမဟုတ်။ ကလေးပေါက်စကလေးသာ ဖြစ်သည်။ ကျွန်တော်သည် ကျွန်တော်၏ နည်းပြဆရာ ဂျင်ဂရာဟမ်ကို တွေ့လိုက်ရသည့်အခါ ကြောက်စိတ်မှ လေးစား အထင် ကြီးသော စိတ်သို့ပြောင်းသွားသည်။ သူသည် အရပ် ခြောက်ပေလေးလက်မရှိသည့် ဧရာမ လူထွားကြီး ဖြစ်သည်။ သူသည် ပင်စတိတ်အသင်းတွင် နောက်တန်းခံစစ်သမားတစ်ဦး ဖြစ်ခဲ့သည်။ ထို့ပြင် သူသည် တကယ့် ကို ရှေးဆန်သူဖြစ်သည်။ ရှေးဆန် သည် ဆိုသည်မှာ သူသည် တကယ့်ကိုပဲ ရှေးရိုးစွဲ အယူအဆ မျိုး ရှိသူဖြစ်သည်။ ဥပမာအားဖြင့် သူက ရှေ့သို့ ပစ်ပေးခြင်းသည် ကစားပရိယာယ်မျှသာ ဖြစ်သည်ဟု ယူဆသူ ဖြစ်သည်။
ကျွန်တော်တို့လေ့ကျင့်ခန်းဆင်းသည့် ပထမဆုံးနေ့မှာပင် ကျွန်တော်တို့သည် သေမလောက် ကြောက် မိကြရသည်။ သူက ဘောလုံးတွေ ဘာတွေလည်း ယူလာသည်မဟုတ်။ နောက်ဆုံးတွင် ကလေးတစ် ယောက်က ကျွန်တော်တို့အားလုံးအတွက် ပြောသည်။ "စိတ်မရှိပါနဲ့ ဆရာ။ ဘောလုံးလည်း မရှိပါလား"
ထိုအခါ နည်းပြဂရာဟမ်က ပြန်ပြော၏။
"အေးကွ၊ တို့ ဘောလုံးမှ မလိုတာပဲ"
ကျွန်တော်တို့သည် သူပြောသည့် စကားအဓိပ္ပာယ်ကို စဉ်းစားရင်း တိတ်ဆိတ်သွားကြသည်။
"တစ်ကြိမ် တစ်ကြိမ်မှာ ကွင်းထဲမှာ ဘောလုံးသမား ဘယ်နှစ်ယောက်ရှိသလဲ"ဟု သူက မေးပါသည်။
"တစ်သင်းမှာ ၁၁ ယောက်ပါ။ ထို့ကြောင့် ၂၂ ယောက်ပါ"ဟု ကျွန်တော်တို့က ဖြေကြသည်။
"ကဲ ကောင်းပြီ၊ ဘယ်အချိန်ဖြစ်ဖြစ်ပေါ့ကွာ အချိန် တစ်ချိန်မှာ ဘောလုံးကို ထိတဲ့သူက ဘယ်နှစ် ယောက်လဲ"
"တစ်ယောက်ပါ"
"ကောင်းပြီ၊ ဒါကြောင့် တို့ တခြား ၂၁ ယောက် ဘာတွေ လုပ်နေမယ်ဆိုတာနဲ့ ပက်သတ်တဲ့ အလုပ်ကို ခု လုပ်ကြမယ်"ဟု ဆရာက ပြောသည်။
အခြေခံများ။ နည်းပြဆရာ ဂရာဟမ် ကျွန်တော်တို့အား ပေးခဲ့သည့်အချိန်မှာ တကယ်လက်ဆောင် ကောင်းတစ်ခုပင်။ အခြေခံများ။ အခြေခံများ။ အခြေခံများ။ အခြေခံများကို ပေးခဲ့လေသည်။ အခြား ကလေးငယ်များစွာတို့ မျက်ကွယ်ပြုထားကြသော ဤအချက်ကို ကျွန်တော်သည် တက္ကသိုလ်ပါမောက္ခ တစ်ဦးအနေဖြင့် သင်ခန်းစာတစ်ခုဟူ၍ မှတ်ယူခဲ့သည်။ အခြေခံကို ပိုင်ပိုင်နိုင်နိုင်ရဖို့လိုသည်။ အဘယ့် ကြောင့်ဆိုသော် အခြေခံမရခဲ့လျှင် အခြားအပေါ်ယံ လူအထင်ကြီးဖွယ် ကိစ္စများသည်လည်း အလုပ် ဖြစ်တော့မည် မဟုတ်သောကြောင့်တည်း။
နည်းပြဆရာ ဂရာဟမ်သည် အပြင်းအထန် မောင်းလေ့ရှိသည်။ ကျွန်တော်သည် လေ့ကျင့်ခန်းတစ်ခုကို ထူးထူးခြားခြား မှတ်မိနေပေသည်။ "ဟေ့ ပေါက်ခ်ျ၊ မင်းလုပ်နေတာတွေက တစ်လွဲချည်းပဲ၊ ဒီကို ပြန် လာစမ်း၊ ပြန်လုပ်ပြ" ကျွန်တော်သည် သူလိုချင်ရာကို ကြိုးစား၍ လုပ်ပြပါ၏။ ထိုသို့လုပ်ပြလည်း သူက မကျေနပ်သေး။ "ဟေ့ ပေါက်ခ်ျ၊ မင်း ငါ့ကို လုပ်ပြဖို့ ကျန်သေးတယ်၊ ဒီလေ့ကျင့်ခန်းပြီးရင် အိပ်ထ မတင် လုပ်ရဦးမယ်"ဟု ဆိုသေးလေသည်။
နောက်ဆုံးတွင် ကျွန်တော့်အား အတန်းဖြုတ်ပေးလိုက်သောအခါ လက်ထောက်နည်းပြတစ်ယောက် ကျွန်တော့်ထံရောက်လာပြီး "နည်းပြဆရာ ဂရာဟမ်ကတော့ မင်းကို ရေရေလည်လည် မောင်းလိုက် တာပဲ၊ ဟုတ်တယ် မဟုတ်လား"ဟု ပြောသည်။
ကျွန်တော်သည် "ဟုတ်ကဲ့"ကိုပင် အနိုင်နိုင် ဖြေနိုင်တော့သည်။
"ဒါ ကောင်းတယ်ကွ၊ မင်းက တလွဲတချော်လုပ်လို့ မင်းကို ဘယ်သူကမှ ဘာမျှမပြောတော့ဘူးဆိုရင် အဲဒါဟာ မင်းကို လက်လျှော့လိုက်ပြီဆိုတဲ့ သဘောပဲ"
ထိုသင်ခန်းစာသည် ကျွန်တော့်ဘ၀တစ်ခုလုံးမှာ ပါလာသည်။ တစ်ခုခုကို တလွဲတချော်လုပ်နေမိသည် ကို ကိုယ့်ဘာသာလည်း သိမြင်နေပါလျက် မည်သူကမျှလည်း ကိုယ့်ကို နောက်ထပ်ဘာမှမပြောချင် တော့ဟုဆိုပါက ထိုနေရာဌာနမျိုးသည် မနေအပ်သော နေရာပင်။ ကိုယ်က ကြားလိုချင်မှ ကြားလိုမည် ဖြစ်သော်လည်း ကိုယ့်အပြစ်မျိုးကို ထောက်ပြဝေဖန်သူများသည် ကိုယ့်ကို ချစ်နေသေးသူများသာ ဖြစ် ပေသည်။ ကိုယ့်အပေါ် ဂရုစိုက် ကြောင့်ကြထားနေသေးသူများ ဖြစ်ပေသည်။ ကိုယ့်အား ကောင်းစေလို သောသူများ ဖြစ်သည်။
ယနေ့ခေတ်အခါတွင် ကလေးများအား မိမိကိုယ်ကို လေးစားအထင်ကြီးစိတ် ပေးရေးအကြောင်းကို များစွာ ပြောကြ ဆိုကြသည်။ ဤအရာမျိုးသည် "ပေး"၍ရသည် မဟုတ်။ ကိုယ့်ဘာသာ တည်ဆောက် ယူရသော အရာမျိုးဖြစ်သည်။ နည်းပြဆရာ ဂရာဟမ်သည် ဖူးဖူးမှုတ်နယ်မြေတွင် အလုပ်လုပ်သူမ ဟုတ်။ ကိုယ့်ကိုယ်ကိုယ် လေးစားအထင်ကြီးစိတ်ကို ဘယ်လိုသွင်းသလဲ။ ထိုစိတ် ဖွံ့ဖြိုးလာအောင် ကလေးငယ်များအား သင်ပေးရန်နည်းမှာ တစ်နည်းသာရှိကြောင်း သူသိသည်။ သူတို့ မလုပ်နိုင်သည့် အရာကို လုပ်ခိုင်းလိုက်၊ သူတို့သည် ငါတို့ ဒါကို လုပ်နိုင်ပါကလားဟု သိလာသည့်အတိုင်း ကြိုးစားသွား လိမ့်မည်။ ထိုလုပ်ငန်းစဉ်ကို ထပ်တလဲလဲသာ လုပ်ခိုင်းနေလိုက်ပါ။
နည်းပြဆရာ ဂရာဟမ် ကျွန်တော်နှင့် ပထမဦးစွာ ထိတွေ့ဆက်ဆံရသည့်အခါ ကျွန်တော်သည် ဘာမှ လုပ်တတ်ကိုင်တတ် မရှိ၊ ကာယဗလကလည်း မရှိ၊ ဥတုရာသီဒဏ်ခံနိုင်ရည်လည်း မရှိသော ပျော့ညံ့ညံ့ ကလေးငယ်တစ်ယောက်သာ ဖြစ်သည်။ သို့ရာတွင် သူက ကျွန်တော့်အား ငါကြိုးစားလုပ်သွားလျှင် ကနေ့မလုပ်နိုင်သော အရာကို မနက်ဖြန်ကျလျှင် လုပ်လာနိုင်လိမ့်မည်ဟု သိသွားအောင် လုပ်ပေးခဲ့ သည်။ ယနေ့အချိန် ကျွန်တော့်အသက် ၄၇ နှစ် ရရှိလာသည့်တိုင်အောင် အယ်န် အက်ဖ် အယ်လ် အ ဖျက်သမားတစ်ယောက် ဂုဏ်ယူရမည့် အချက်သုံးချက်ပါ ရပ်တည်ချက်ကို ကျွန်တော် ပြောပြနိုင်သေး သည်။
ယနေ့ခေတ်အခါမျိုးတွင် နည်းပြဆရာ ဂရာဟမ်တို့လို လူမျိုးသည် လူငယ်အားကစား အဖွဲ့ချုပ်တစ်ခုမှ မောင်းထုတ်ခံ ရနိုင်ကြောင်းကိုလည်း ကျွန်တော်သာ သိပါသည်။ သူသည် တင်းလွန်းသူ ဖြစ်သည်။ မိဘများက ညည်းညူတိုင်တန်းကြမှာ သေချာသည်။
ကျွန်တော်တို့အသင်း အပြင်းအထန် ကစားခဲ့ရသော ကစားပွဲတစ်ခုကို ကျွန်တော်မှတ်မိနေသည်။ ပထမပိုင်း အပြီး အနားပေးချိန်၌ ကျွန်တော်တို့သည် ရေရှိရာသို့ အတင်းပြေးလွှားကြရာ ရေပုံးပါ မှောက် လုနီးပါး ဖြစ်သွားသည်။ နည်းပြဆရာ ဂရာဟမ် ဒေါသပေါက်ကွဲတော့သည်။ "ဟုတ်ပါ့ကွာ၊ ဒီပွဲစချိန်က တည်းက မင်းတို့ကောင်တွေ အလှုပ်ရှားဆုံး ငါတွေ့ရတာ အခုပဲဟေ့"ဟု ပြောလေသည်။ ကျွန်တော် တို့မှာ ၁၁ နှစ်သား ကလေးများဖြစ်ကြရာ တို့ကိုများ တစ်ယောက်ပြီးတစ်ယောက်ခေါ်ယူပြီး သူ ဘာမှ စွပ်မထားသည့် သူ့လက်ဝါးဖြင့် ရိုက်ပစ်လေမလားဟု ကြောက်ရွံ့ထိတ်လန့်ကာ ထိုနေရာမှာပင် ရပ်နေ ကြသည်။
"ရေလားကွ" သူက လှမ်းအော်ပါသည်။ "မင်းတို့ ရေဆာတယ်ပေါ့လေ"ဟု ပြောပြောဆိုဆို သူသည် ရေပုံးကို ကိုင်မြှောက်ကာ ရှိသမျှရေများကို မြေပြင်ပေါ်သို့ မှောက်ချလိုက်လေသည်။
ကျွန်တော်တို့သည် သူ ထိုသို့ပြုပြီး ထွက်သွားသည်ကို ကြည့်နေကြ၏။ လက်ထက်နည်းပြတစ်ဦးကို သူ ပြောလိုက်သံကိုလည်း ကြားကြရ၏။ "မင်း သူတို့ကို ရေပေးချင်ရင် ပထမ ခံစစ်လိုင်းကကောင်တွေကို ပေးလိုက်၊ သူတို့ ကစားတာ ကောင်းတယ်ကွ"ဟူ၏။
ကျွန်တော် ဤသို့ပြောဆိုလိုက်သဖြင့် နည်းပြဆရာ ဂရာဟမ်ကို တစ်မျိုးမမြင်စေချင်ပါ။ နည်းပြဆရာ ဂရာဟမ်သည် မည်သည့်ကလေးကိုမှ အန္တရာယ်ပေးသူမဟုတ်ပါ။ သူ ဤကဲ့သို့ ဒူပေနာပေခံနိုင်အောင် အပြင်းအထန် မောင်းခြင်း အကြောင်းတစ်ခုမှာ ချွေးထွက်များမှ သွေးထွက်နည်းသည် ဟူသကဲ့သို့ ဤသို့ ပြုထားနိုင်မှသာလျှင် ထိုနေ့က အေးစိမ့်နေသောနေ့လည်း ဖြစ်၏။ ပထမပိုင်း ကစားချိန်အတွင်း ၌လည်း ကျွန်တော်တို့အားလုံး ရေသောက်ခဲ့ရပြီးလည်း ဖြစ်၏။ ကျွန်တော်တို့မှာ ရေပုံးရှိရာသို့ သွားပုံ တကယ်ပင် ရေဆာ၍ ရေရှိရာသို့ သွားသူများနှင့်မတူဘဲ လူဆိုးလူပေတစ်သိုက်နှင့်သာ တူနေကြလေ သည်။
ယနေ့ခေတ်အခါမျိုးတွင် ထိုကဲ့သို့သော ဖြစ်ရပ်မျိုးသာကြုံခဲ့ပါလျှင် ဘေးကခုံတန်းများပေါ်တွင် ထိုင်နေ ကြသည့် မိဘများသည် မိမိတို့၏ လက်ကိုင်ဖုန်းများကိုထုတ်ကာ ဘောလုံးအဖွဲ့ချုပ်မှ ကော်မရှင်နာမင်း ကြီးထံသို့လည်းကောင်း၊ ဖုန်းဆက်ပြောပေလိမ့်မည်။ မိမိတို့၏ ရှေ့နေထံသို့လည်း ဖုန်း ဆက် ပြောပေ လိမ့်မည်။
ဆက်ရန်
.

4 comments:
အင်း ...
လူနှစ်ဆယ့်နှစ်ယောက်မှာ တစ်ကြိမ်မှာ
တစ်ခါပဲ ထိ ခွင့်ရတာ ထိနေတာက တစ်ယောက်
ထဲပါ ဆိုတာ အများကြီး ချဲ့ ထွင် စဉ်းစားမိခဲ့ တယ်။
အဲ့ ဒီတစ်ယောက်ထဲ တစ်ခါထိဘို့ အတွက်လည်း
ကျန်တဲ့ လူတွေနဲ့  ဘေးကနည်းပြကြီးတွေက
ရင်နှင့် အမျှ ခံစား ကြည့် ရှု့ မောင်းနှင်ခဲ့ ရတယ်လို့ 
ဆိုသလိုပါပဲနော်..။
ဘာပဲဖြစ်ဖြစ်လေ.. ကျွန်တော်တို့ ဆီမလဲ အဆိုးထဲက
အကောင်းလေးတစ်ခုကတော့  ဒေါ်လာသန်းပေါင်း
များစွာတန်တဲ့ မိုးလေလုံ အားကစားကွင်းနှစ်ကွင်း
ရင်းပြီး တောင်အာရှရဲ့ ဖလားကိုတောင်ယူပြတော့ 
မဲ့  .. မျှော်လင့် ချက်ကလေးပဲဗျိုး...။
ဖတ်ပီးသွားပြီဗျို့။အတွေးသစ်များရလိုက်ပါတယ် မမရွှေစင်။တင်ပေးတာ ကျေးဇူးပါ.... အနော်
မမရေ အခန်းဆက်လေးတွေမို့ အားပေးသွားတယ်နော်။
အရှုပ်တွေကြောင့်နည်းနည်းနောက်ကျသွားတာ။
ကောင်းသောနေ့လေးဖြစ်ပါစေမမ။
Thanks.
Ray
Post a Comment