နံနက်မိုးလင်းသည်ဆိုလျှင်ပင် ထောင်ဇာခိုင်က တောင်ချိုင့်ဝှမ်းကို မမြင်ရတော့ချေ။ ကြီးမားသော ရေအိုင် ကြီးတခု အဖြစ်သို့ အသွင်ပြောင်းသွားလေပြီ။ ထောင်ဇာခိုင်သည် သစ်ပင်ပေါ်မှ ကဗျာကသီဆင်းသည်။ မနေ့က သူတွေ့မြင်ရ၍ အလွန်လိုချင်လှသော ထူးဆန်းလှပသည့် သားကောင်ကိုပင် ရှာချင်စိတ် မရှိ တော့ဘဲ ထိုနေရာမှ ခြေလှမ်း သွက်သွက်ဖြင့် အမြန်ဆုံး ထွက်ခွာလာခဲ့ရာ ရှစ်ရက် နှင့် တမွန်းတည့် အကြာ တွင် သူ့ရွာသို့ပြန်ရောက်လာခဲ့သည်။
ဤမျှလောက် ရက်တွေကြားညောင်းပြီး ဘာအသားမျှ မပါဘဲ တုန်လှုပ်သော အမူအယာဖြင့် ပြန်လာသော ထောင်ဇာခိုင်ကို ဘုန်းတော်ကြီးက ခေါ်ပြီး မေးမြန်းလေသည်။
" အဲ - ထောင်ဇာခိုင့်ဆီက အကြောင်းစုံ ကြားရတော့ ငါ ဆက်မကြိုးစားဘဲ အေးအေးနေလိုက်တာ အခု အချိန် အထိပေါ့ ... "
ဘုန်းတော်ကြီးက သူ့စကားကို နိဂုံးချုပ်သည်။
" ထောင်ဇာခိုင် ပြောပြတာ ကြားရုံနဲ့အရှင်ဘုရားကဘယ်လိုကြောင့် ဗုဒ္ဓဆင်းတုရှိတဲ့ နေရာကို အတပ်သိရ တာလဲ ဘုရား ... "
မောင်တင်အုန်းက မေး၏။
" မေဂျာဝှိုက် ပြောခဲ့တာတွေ ငါက အသေအချာမှတ်ထားခဲ့တာဘဲ။ အခု ထောင်ဇာခိုင်ပြောပြလို့ မီးရောင် ထဲမှာ သူတွေ့ခဲ့ရတဲ့ လူပုံသဏ္ဍာန် ၀တ်ရုံထားတဲ့ အ၀တ်အရောင်အဆင်း နေရာဒေသ အဆောက်အဦးကြီး မီးလောင် လို့ နံရံတွေ ပြုတ်ကွာအကျမှာ အထဲဘက်က ၀င်းဝင်းလက်လက် အရောင်တွေ ထွက်နေတဲ့ အရာဝတ္ထုကြီး တခု ဆိုတာတွေက မေဂျာဝှိုက်ပြောပြခဲ့တာတွေနဲ့ ကိုက်ညီနေတယ်။ နောက်ပြီး အဲဒီလူတွေ ကိုလာရောက်တိုက်ခိုက်တဲ့ သေနတ်ကိုင် လူတွေရဲ့ ရုပ်ဆင်းသဏ္ဍာန်နဲ့ ၀တ်ပုံစားပုံကို ထောင်ဇာခိုင်ပြောပြ တာထောက်ရင် မီဇိုသူပုန်တွေဘဲ ဖြစ်ရမယ်ကွဲ့"
" မီဇိုသူပုန်နဲ့ တူတာတွေရော တောင်ပြိုကျတော့ လွတ်သွားတယ်တဲ့လား"
" မလွတ်ဘူးတဲ့ဟဲ့ အားလုံး တောင်ပိမြေပြိုရေနစ်သေကုန်တယ်တဲ့ "
ဘုန်းတော်ကြီးစကားကို သေသေချာချာ နားထောင်ပြီး ကြာသောအခါ မောင်တင်အုံးနှင့် မောင်တင်ဦးက တယောက်မျက်နှာ တယောက် ကြည့်ကြသည်။
" ဘယ်လိုလဲ သူငယ်ချင်း ဆက်မလား လက်လျှော့မလား "
မောင်တင်ဦးက မေး၏။
" ဒို့အရင် နှစ်ပေါင်းများစွာက ဒီကိစ္စအတွက် ရောက်နေတဲ့ ဘုန်းတော်ကြီးတောင် လက်လျှော့ပြီဟာ ဒို့ဆက်လို့ ကော အကြောင်းမထူးတော့ပါဘး ကိုတင်ဥိးရာ"
မောင်တင်အုန်းက ဖြေ၏။
" ဘုန်းတော်ကြီးကို မေးစမ်းပါအုံး၊ အဲဒီရေအိုင်ကြီးကို ကိုယ်တိုင်သွားကြည့်သေးလားလို့"
မောင်တင်ဦး တိုက်တွန်းသည့်အတိုင်း မောင်တင်အုံးက မေးလျှောက်သောအခါ ဘုန်းတော်ကြီးက ပြန်ပြော သည်။
" ငါပြောဘို့ မေ့နေတယ်၊ သွားကြည့်တယ်ကွဲ့၊ ထောင်ဇာခိုင်ကိုလဲ လမ်းပြ ခေါ်သွားရတာပေါ့၊ ထောင်ဇာခိုင် ပြောတာက ရေအိုင်မည်ကာဘဲ ဟိုရောက်မှ ငါ့မျက်စေ့နဲ့ မြင်ရတာ တော်ရုံတန်ရုံ ရေအိုင်မှ မဟုတ်တော့ဘဲ တောင်ပြိုတဲ့နေရာက စုဆင်းလာတဲ့ ရေတွေဟာ တကယ့် ရေတံခွန်ကြီးလိုဖြစ်ပြီး အဲဒီ ရေတံခွန်ကျရာ ပတ်ပတ်လယ် ပေတရာကျော်လောက်ရှိမလားဘဲ၊ ၀ဲကြီးလှည့်နေတာ ကြောက်ဘို့ ကောင်းလိုက်တာကွာ၊ ငါလဲ စမ်းချင်တာနဲ့ အ၀တ်တထည်ကို သေသေချာချာ လုံးကြိုးနဲ့ချီပြီး ၀ဲကြီးလှည့် နေတဲ့ နေရာ ပစ် လိုက်တယ်။ တချီထဲ စုပ်ယူလိုက်တာ လျှပ်စီးလတ်တာထက် မြန်သေး၊ အဲဒီနောက် တခေါက်မှ ငါမသွား တော့ဘဲ ဒီရွာကလေးမှာဘဲ သာသနာရေး လုပ်နေတယ်"
" ဘုန်းတော်ကြီးက စကားအုံးသတ်ပြီး ...
" ငါဝတ်ပြုဖို့ အချိန်ရောက်ပြီ" ဟုဆိုကာ ထသွားသဖြင့် ဘာသာချင်းတူသော မောင်တင်အုံးကပါ ဘုရားရှိခိုးရန် ထလိုက်သွားသည်။
" မောင်ငယ် က ဘုရားမရှိခိုးဘူးလား "
တချိန်လုံး နှုတ်ဆိတ်ငြိမ်သက်နေသော မာလာဒေ၀ီက မေး၏။
" ကျွန်တော်က ဗုဒ္ဓဘာသာပါ မမ"
" သြော် ... မောင်ငယ်က ဗုဒ`ါ်ဓဘာသာလား၊ မမလဲ ဗုဒ္ဓဘာသာဘဲ မောင်ငယ် "
မာလာဒေ၀ီ က ၀မ်းသာအားရပြောသည်။
" ကဲ ဘေးကင်းရန်ကင်းနေရာ ရောက်ပြီ၊ မမဘယ်လို ဖြစ်လာတယ်ဆိုတာ နောက်ကြောင်း ရာဇ၀င်ပြောပြ ပါလား "
မောင်တင်ဦးက ဆို၏။
" မမဘ၀ ဖြစ်စဉ်ကတော့ အခုတင်ကပြောကြတဲ့ ဗုဒ္ဓဆင်းတုတော် ရှိခဲ့ဘူးရာတောင်ကြားချိုင့်ဝှမ်းက လူတွေရဲ့ အဆက်အနွယ်ပါဘဲကွယ်၊ အခုတော့ ချိုင့်ဝှမ်းတခုလုံး ရေတွေဖုံးလို့ တမျိုးတဆွေလုံး ပျောက် ကွယ် သွားကြောင်း သိရပါပြီ။ မမအမေကလဲ ချောင်းရေထဲ ကျသေသွားတော့ ဗုဒ္ဓမြတ်စွာရဲ့ ဆွေတော် မျိုး တော်သာကီဝင် မင်းမျိုးဆိုလို့ မမတယောက်ထဲ ကျန်တော့တာပေါ့လေ"
မာလာဒေ၀ီ စကားကို ကြားရသောအခါ မောင်တင်ဦးသည် ကြီးစွာသော အံ့အားသင့်ခြင်းဖြင့် မာလာဒေ၀ီ ကို မျက်တောင်မခတ် ကြည့်နေမိသည်။ အသက်လု ပြေးလာခဲ့ရ၍ မာလာဒေ၀ီကို ချောမော လှပမှန်း သိခဲ့သော်လည်း လေးလေးနက်နက် သဘောထားပြီး စေ့စေ့ မကြည့်ခဲ့မိချေ။
ယခုမှ အံ့သြခြင်းဖြင့် စေ့စေ့ကြည့်မိသည်။ ကိုယ်လုံးကိုယ်ပေါက်က ချင်း အမျိုးသမီးအ၀တ် ၀တ်ထား၍ တကြောင်း၊ ထိုင်နေ၍ တကြောင်း အကဲမခတ်နိုင်ခဲ့သော်လည်း မျက်နှာကမူ တစိမ့်စိမ့်ကြည့်လေ ချောမော လှပလေဖြင့် ချစ်စရာ ကြင်နာစရာ ပေါ်လွင်ပြီး ကျက်သရေ ရှိစွာ ချောသော အချောအလှမျိုးဖြစ်ပေသည်။ ကြည့်၍ မ၀နိုင်သော မျက်နှာအလှကို မောင်တင်ဦးက မျက်တောင် မခတ် ကြည့်နေမိသော်လည်း အတွင်းစိတ် ကမူ မည်သို့ဖြစ် သည်မသိ၊ တဏှာပေမနှင့် ယှဉ်သောစိတ်ဟူ၍ မြူခန့်မျှမပေါ်ဘဲ အမရင်း ကဲ့သို့ ချစ်ခင်ကြင်နာသည့် ဖြူစင် သန့်ရှင်းသော မေတ္တာစိတ်သာ ပေါ်လာသည်။
" ဘာကြောင့် ဒါလောက် စိမ်းစိမ်းကြည့်ရတာလဲ မောင်ငယ်၊ မမပြောတာ မယုံလို့လား "
မာလာဒေ၀ီက တည်ငြိမ်သော အသံဖြင့်မေး၏။
" မဟုတ်ဘူးမမ၊ ကျွန်တော့် စိတ်ထဲမှာ မမကို အမရင်းလိုဘဲ ချစ်တဲ့စိတ်ကို ပေါ်လာတယ် ယုံပါမမ"
မောင်တင်ဦးက အမှန်အတိုင်း ဖြေသည်။
" အေး ... မမလဲ မောင်ငယ်ကို မောင်အရင်းလို ချစ်မိတာ မမ စိတ်ကိုလဲ တော်တော် အံ့သြသွားမိ တယ်"
" မမ အသက်ဘယ်လောက် ရှိပြီလဲ"
" နှစ်ဆယ်နဲ့ ခုနစ်နှစ်ရှိပြီ"
" အော် ... ကျွန်တော်တို့ နှစ်ယောက်လုံးထက် သုံးနှစ်လောက်ပဲ ကြီးတာဘဲ"
" ဟိုလူကရော အသက်ချငး အတူတူဘဲလား။ သူနဲ့ မောင်ငယ်နဲ့ ရုပ်ချင်းရော၊ အသားချင်းရော မတူဘူး။ သူက အင်္ဂလိပ်လူမျိုးဆိုတာလား"
" အင်္ဂလိပ်လူမျိုးဆိုတာ မမ သိလို့လား "
" အင်္ဂလိပ်လူမျိုး ဆိုတာရယ် ဗမာလူမျိုးဆိုတာရယ် မမ ကောင်းကောင်း ကြားဘူးတယ်၊ အင်္ဂလိပ်လူမျိုး ဆိုတာ တယောက်ကို မမအဖေရင်းလို အကြာကြီး နေခဲ့တယ်လေ၊ သူကလဲ သမီးရင်းလိုဘဲ မမကိုချစ်တယ် ဒါကြောင့် အင်္ဂလိပ် စကား မမပြောတတ်တာပေါ့။ မောင်ငယ်တို့နဲ့ ထွက်ပြေးမဲ့ မနက်မှာ ဟို ခွေးတိရစ္ဆာန် မီဇို တွေသတ်ပြီး ချောင်းထဲပစ်ချလိုက်တာ၊ မမအဖေလို နေခဲ့တဲ့ အင်္ဂလိပ်ဘဲ"
မာလာဒေ၀ီ ပြောပြမှ သူတို့ ထွက်ပြေးမည့်နေ့ မနက်မှာ သေနတ်သံကြားပြီး ကြိုးနှင့် ဒရွတ်တိုက် ဆွဲလာသော အလောင်းတလောင်း ချောင်းထဲ ကန်ချလိုက်သည်နှင့် " အမေ့ နောက်ကို အဖေ လိုက်လာပြီ အမေရဲ့ " ဟု ကြေကြေကွဲကွဲ ငိုရှာသော မာလာဒေ၀ီ၏ ပုံသဏ္ဍာန်ကို ပြန်လည် သတိရ မိသည်။ ထိုအခိုက် ဘုရားရှိခိုးပြီးပြီဖြစ်သော မောင်တင်အုံးက ပြန်ရောက်လာသည်။ စကားလက်ဆုံ ကျနေ သော မာလာဒေ၀ီ နှင့် မောင်တင်ဦးအနားမှာ ထိုင်လိုက်သည်။
" မောင်ငယ်တို့နှစ်ယောက် နာမည်တွေ ပြောပါအုံး "
မာလာဒေ၀ီက မေးသဖြင့် သူတို့နှစ်ယောက်လုံး နာမည်တွေ ပြောပြသောအခါ၊ မာလာဒေ၀ီက ကောင်းစွာ မှတ်ထားသည်။
" ကဲ ကျွန်တော်တို့ မောင်ငယ်နှစ်ယောက်လုံး ရှိနေပြီ။ မမရဲ့ နောက်ကြောင်းရာဇ၀င်ကို ပြောပြပါမမရယ်၊ ကျွန်တော်တို့ နှစ်ယောက်လုံး သိပ်ပြီး သိချင်နေကြပါတယ် "
မောင်တင်ဦးက ပန်ကြားသောအခါ၊ မာလာဒေ၀ီက သူ့နောက်ကြောင်း ရာဇ၀င်ကို ပုံပြင်တခုသဖွယ် ပြောပြ လေသည်။
" မမ လုပ်ကြံဖန်ဆင်းပြီး ပြောတာမဟုတ်ဘူးနော်၊ မမရဲ့ အမေပြောပြခဲ့တာ မှတ်ထားပြီး မမအစုံအလင် ပြောပြမှာ"
" ဟုတ်ပါတယ် မမ ပြောသာပြောပါ "
မောင်တင်ဦးရော မောင်တင်အုံးပါ တိုက်တွန်းလိုက်သောအခါ၊ မာလာဒေ၀ီက ...
" မမတို့ ကိုးကွယ်ရာ ဗုဒ္ဓဂေါတမ သက်တော်ထင်ရှားရှိစဉ်အခါက၊ သာကီဝင် မင်းဆွေ မင်းမျိုးတွေကို ၀ိဋဋူမသတ်လို့ ပြေးကြရှောင်ကြရတဲ့ အကြောင်းကို ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ မောင်ငယ်တော့ သိပါလိမ့်မယ်"
ဟုပြောသည်။ မောင်တင်ဦးက သိကြောင်း ပြန်ပြောသည်။ မောင်တင်အုံးကမူ သူ့ဘာသာ မဟုတ်၍ မသိသည့် အလျောက် ဆိတ်ဆိတ်သာ နေလေသည်။ မာလာဒေ၀ီက ဖြေးဖြေးလေးလေး ပြောပြနေသော အထုပ္ပတ္တိမှာ စိတ်ဝင်စားဖွယ် ကောင်းလွန်း၍ နှစ်ယောက်လုံး တခွန်းမှ ၀င်မပြောမိဘဲ။ စိတ်ဝင်စားစွာ နား ထောင်နေကြသည်။
--------------------------------

၆
ဒါသီကို သာကီမှတ်ပြီး နန်းရပ်ပိုင်ပိုင် နှင်းမိသော ကောသလမင်းကြီး အမှားတော်ပုံက အရင်းခံကာ၊ စိတ်နာ လှသော ၀ိဋဋူပသည် သာကီဝင် မင်းဆွေမင်းမျိုး ဟူသမျှကို ကြီးမားသောအငြိုးနှင့် တယောက်မကျန် သေစေ ရမည်ဟူသော စိတ်ကို ခိုင်ခိုင်မာမာထားပြီး လိုက်လံ သတ်ဖြတ်လေတော့သည်။ ရှေးဘ၀က ပြုခဲ့ဘူးသော ၀ဋ်ဟောင်းက ဆိုက်လာခဲ့ပြီဖြစ်ရာ မြတ်စွာဘုရားသည်ပင် မကယ်တင်နိုင်တော့ ချေ။
ဤသို့ ၀ိဋဋူပ ရန်ဘေးကြောင့် ပြေးကြ လွှားကြ ပုန်းရှောင်ကြရသော သာကီဝင် မင်းဆွေမင်းမျိုး အုပ်စုတစုသည် ရုပ်ဖျက်ကာ သာမန် ဆင်းရဲသား အသွင်ဖြင့် ဝေသာလီပြည် နယ်နိမိတ်အနားဝယ် ရွာတ ရွာတည်ကာ မထင်မရှား နေထိုင်ခဲ့ကြသည်။ သို့သော် ၀ဋ်ကြွေး မကုန်သေးသူများ ဖြစ်ဟန်တူသည်။ မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန် စံတော်မူပြီးသော အချိန်မှာ အဇာတသတ်မင်းက သူလျှိုအဖြစ် လွှတ်ထား သော ၀ဿကာရ ပုဏ္ဏားမွှေ၍ ဝေသာလီ ပြည်သည် မညီမညွတ် ပြိုကွဲနေချိန်ဝယ် အဇာတသတ်မင်းက လာရောက် တိုက်ခိုက်ဖျက်ဆီးလေသည်။
ထိုသို့ တိုက်ခိုက်ဖျက်ဆီးရန် ချီတက်လာသော အဇာတသတ်မင်း၏ စစ်တပ်မှ အကြီးအကဲများသည် ရုပ်ဖျက်ကာ ရွာတည်နေကြသော ဘုရားဆွေတော် မျိုးတော် သာကီဝင်တွေကို တွေ့မြင်သိရှိ မှတ်မိကြကုန် သည်။ မှတ်မိသူတွေက အကောင်းကြံမည် အဆိုးကြံမည်ကို အတပ်မသိသော်လည်း သာကီဝင် ဆွေမျိုးစု ကား တုန်လှုပ်ချောက်ချား နေကြသည်။ မြတ်စွာဘုရားကို ကြည်ညိုကြသည့် ပုထုဇဉ်များတွင် အဇာတသတ် မင်းလောက် ကြည်ညိုသူ မရှိချေ။
အဇာတသတ်မင်းသည် မြတ်စွာဘုရား၏ ဓါတ်တော် မွေတော် သာလျှင်မဟုတ်၊မြတ်စွာဘုရား၏ ကိုယ်တော် နှင့် ထိတွေ့သုံးဆောင်ခဲ့သော ၀တ္ထုပစ္စည်းကိုလည်း အလွန် အမင်း မြတ်နိုးရိုသေ၍ စုံစုံမက်မက် ရယူ လိုသော စိတ်ဆန္ဒရှိသည်ကို သာကီဝင် မင်းဆွေ မင်းမျိုး များ အားလုံး လိုလို သိကြပြီးဖြစ်သည်။
ယခု ဇာတ်မြှုပ်ပြီး ကုပ်ငြိမ်ငြိမ်ဖြင့် သိမ်ငယ်စွာ မထင်မရှား နေကြသော ဤသာကီဝင် ဆွေတော် မျိုးတော် တို့ အုပ်စုလက်ထဲတွင် မြတ်စွာဘုရားနှင့်ပတ်သက်၍ အလွန့်အလွန် မြတ်နိုးရိုသေဖွယ် ပစ္စည်း က ရှိ နေသည်။
ဆက်ရန်
.
1 comment:
so thanks ama
Post a Comment