Wednesday, March 9, 2011

မဝင်းမြင့် ၏ ပဏ္ဍုသေလာ အပိုင်း (၂၄)

"ငါက ချေကလေးတွေ၊ ဆက်ကလေးတွေကို မသတ်ချင်ဘူး၊ သူတို့က လူကို ဘာဒုက္ခံမှပေးတာ မဟုတ်ဘူး။ ကျား ကျားသစ်၊ မြွေကသာ လူတွေကို ဒုကခ္ခပေးတာ၊ အဲဒီတော့ လူကို သတ်မဲ့ အကောင်တွေ ကိုသာ ငါက ရွေးသတ်တာ၊ တခါတလေ စားစရာမရှိလို့သာ ချေကလေး ဆတ်ကလေးတွေဖမ်းရတာ သူတို့ ကိုငါ သိပ် သနား တယ်"

ဤကား ... ထောင်ဇာခိုင်၏ တယောက်တနေ့တွင် ကျားရှာ၊ မြွေရှာ တောထဲ ထွက်သွားခဲ့ရာ ထူးဆန်းသော သတ္တ၀ါ တကောင်ကို ထောင်ဇာခိုင်တွေ့လိုက်ရသည်။ ထိုသတ္တ၀ါကဲ့သို့ ထူးဆန်းလှပသော သတ္တ၀ါများကို တောထဲတောင်ထမြှာ နှစ်ရှည်လများ ကျင်လည် ကျက်စား နေခဲ့သော ထောင်ဇာခိုင်တကြိမ်တခါမှ မတွေ့ ခဲ့ဘူး၊ မမြင်ခဲ့ရဘူးချေ။

ထိုသတ္တ၀ါကား မတ်တတ် ရပ်နေခိုက် အမှတ်မဲ့ ကြည့်သော် သက်ရှိ သတ္တ၀ါဟူ၍ မထင်ရအောင်ပင် တည်တံ့ ငြိမ်သက်လှသည်။ တောင်ကမူစွန်း တေ့တေ့ကလေးပေါ်မှာ ရပ်နေပြီး၊ မျက်နှာက ထောင်ဇာခိုင် ဘက် လှည့်နေသည်။ လုံးရပ်သဏ္ဍာန်မှာ ချေတကောင်နှင့်တူမျှသောပမာဏ ရှိသော်လည်း ကိုယ်လုံးကိုယ် ထည် ပြည့်ဖြိုးသည်။ ခြေလက် တုပ်ခိုင်သည်။ ဦးခေါင်းဖွံ့ထွားသည်။ အမွှေးရောင်မှာ စိမ်းရောင်လိုလို၊ ၀ါရောင် လိုလို ပြေးနေပြီး ၀ိုင်းစက်လှပသော မျက်လုံးနှစ်လုံးက ပတ္တမြားခဲ့တမျှ ရဲရဲတောက်ပနေသည်။

ထောင်ဇာခိုင်က တကြိမ်မှ မမြင်ဘူးသော ထိုသတ္တ၀ါကို အံ့သြစွာ ကြည့်နေသည့်နည်းတူ ထိုသတ္တ၀ါ ကလည်း ထောင်ဇာခိုင်ကို စူးစူး စိုက်စိုက် ကြည့်နေသည်။ ထောင်ဇာခိုင်သည် ထိုသတ္တ၀ါကို ဖမ်းယူပြီး အသေအချာကြည့်လိုသောစိတ် ပေါ်လာ၏။ ထို့ကြောင့် ကြိုးကွင်းပစ်မည် အကြံဖြင့် လက်ကို လှုပ်ရှား လိုက်သော ခဏ၀ယ် ထိုသတ္တ၀ါသည် လေ၏ လျင်မြန်ခြင်းကဲ့သို့ တဖက်သော လျှိုထဲသို့ ခုန်ချ သွားလေသည်။ ထိုသို့ ခုန်ချလိုက်သည့် အခါ လေရှိန်က ဟပ်သဖြင့် ထိုသတ္တ၀ါ၏ ကိုယ်မှ ဖွားရရားဖြင့် ရှည်လျား သော အမွှေးတို့သည် ရွှေရောင် မြရောင် ရောထားသလို နေရောင်ခြည်ဝယ် ၀င်းဝင်း လက်လက် လျှပ်ပြက် သကဲ့သို့ တောက်ပစွာ ဖွားဖွားကြီး လှုပ်ရှားသွားသည်မှာ ရှုမငြီးနိုင်အောင် ဖြစ်ရလေသည်။

ထောင်ဇာခိုင်စိတ်မှာ ကြိတ်မနိုင်ခဲမရဖြစ်သွားသည်။ ဤမျှလောက် ထူးဆန်းလှပသော သတ္တ၀ါကို လက်လွတ် မခံလို အရှင်လက်ရဖ်းပြီး မွေးထားလိုသောစိတ်က တားမနိုင်ဆီးမရပေါ်လာသည်။ ထို့ကြောင့် ထို သတ္တ၀ါ ခုန်ချသွားသှေျာိုထဲသို့ ခြေသံမကြားအောင် လိုက်သွားသည်။ လျှို၏ တဘက်မြေကွက်လပ် ကလေး တခုကား ထောင်ဇာခိုင် နှင့် ပေလေးရာကျော်မျှ ဝေးကွာပေမည်။ တောက်ပသော နေခြည်ဖြာကျနေသည့် ထိုကွက်လပ်ကလေးဝယ် ထိုကဲ့သို့သော သတ္တ၀ါတွေ ဆယ်ကောင်လောက် အုပ်စု ဖွဲ့ပြီး ခုန်ပေါက်မြူးထူးနေကြသည်ကိုတွေ့ရသည်။ ရွှေရောင် မြရောင်ရောနေသည့် အမွှေး ဖွားဖွားကြီး များက လေအရှိန် နေအရောင်ဖြင့် လှုပ်ရှား တောက်ပနေကြသည်မှာ ကြည့်မ၀နိုင်အောင်ပင် လှပ တင့်တယ် ချစ်စဖွယ်ကောင်းလှ၏။

ထောင်ဇာခိုင်သည် ကြိုးကွင်းကို သေချာစွာပြင်ကာ သူတို့ အနားရောက်အောင် တဖြည်းဖြည်း သွားခဲ့သည်။ ကြိုးကွင်း မှီလောက်သည့် နေရာရောက်သောအခါ သေချာပေါက် မိမည့် အကောင်၏ အနေအထားကို ရွေး နေစဉ်မှာပင် သူအကာအကွယ်ယူထားသည့် သစ်ပင်ထက်မှ ငှက်တကောင်က စူးရှကျယ်လောင်စွာ ဆက်ခါ ဆက်ခါ အော်မ်ြလိုက်၏။

ငှက်အော်သံကြားလိုက်သည် နှင့် တပြိုင်နက် ပျော်ရွှင်မြူးထူးခုန်ပေါက်နေကြသော ထူးဆန်းလှပသည့် သတ္တ၀ါ အုပ်သည် အကောင်အထည် နှင့် မလိုက်အောင် လျင်မြန်စွာ ကွက်လပ်ကလေး၏ ပြေးဝင် ပျောက် ကွယ်သွားကြလေတော့သည်။ ထောင်ဇာခိုင်သည် စိတ်ထဲမှာ များစွာ မချင့်မရဲ ဖြစ်ရသည်။ လွတ်သွားရသဖြင့် မခံချိမခံသာဖြစ်သည်။ သစ်ပင်ထက်မှ အော်မြည်သော ငှက်ကို ဒေါသဖြစ်စွာ မော့ကြည့် လိုက်၏။ အ၀ါ နှင့် အနက်ကျားထားသော နှုတ်သီးကောက်ကောက် နှင့် သိန်းငှက်ပမာဏရှိသော ငှက်သည် အော်မြည်သံ ရပ်ပြီး တောင်ပံတဖြန်းဖြန်းခတ်ကာ သစ်ကိုင်းပေါ်မှ ကောင်းကင်သို့ တရှိန်ထိုး ပျံတက် သွားလေသည်။

" ဒီငှက်က ထိုသတ္တ၀ါတွေရဲ့ မိတ်ဆွေဖြစ်လို့ ငါချောင်းတာမြင်ပြီး သတိပေးတာလား၊ သူ့သဘာဝ အော်မြည်တာကို ဟိုအကောင်တွေက လန့်ပြီးပြေးတာလား၊ တိုက်ဆိုင်မှုကတော့ အဖြစ်သား၊ ဘာဘဲ ဖြစ်ဖြစ်လေ ဒီအကောင် တကောင်လောက်သာ ဖမ်းမိမယ်ဆိုရင် မြို့တက်ပြီးရောင်းရင်လဲ ပိုက်ဆံ ရမယ်၊ မရောင်းရင်လဲ မွေးထားပြီး သူ့အမွှေးတွေဖြတ် အင်္ကျီမျာ တပ်ဝတ်ရင်လှမှာဘဲ၊ တကောင်လောက်တော့ ငါ မိအောင်ဖမ်းမယ်"

ဟူသော စိတ်ဆုံးဖြတ်ချက်ဖြင့် ထောင်ဇာခိုင်သည် ထိုသတ္တ၀ါတွေ ၀င်သွားသော တောင်ကြားဆီသို့ သတိ ထားပြီး ၀င်လိုက်သွားလေသည်။ သူ့ထံတွင် ကျားဖမ်း လက်နက်အပြင် ဓါးလွယ်တချောင်း၊ ဆယ်ရက်စာ အသားခြောက် နှင့် ရေဘူးတဘူးပါသည်။ ညအိပ်ညနေ စောင့်ဖမ်းမည်ဟု စိတ်ကူးသည်။ ထိုသတ္တ၀ါကို မဲပြီး လိုက် နေခဲ့သော ထောင်ဇာခိုင်အဘို့ သူ့ရွာ နှင့် အတော်ပင် ဝေးကွာခဲ့ပြီကို သတိမထားမိချေ။

တောင်ကြားထဲသို့ သူရောက်သောအချိန်မှာ နေ၀င်သွားပြီဖြစ်၍ တောရိပ် တောင်ရိပ် တို့ကြောင့် အမှောင်ထုက လျှင်မြန်စွာ ရောက်လာသည်။ ထောင်ဇာခိုင်အဘို့ ခရီးဆက်ရန် မဖြစ်တော့၍ တောင်စောင်း တနေရာရှိ မြင့်မားသော သစ်ပင်ကြီး တပင်ပေါ်တက်ကာ အကိုင်းခွဆုံ ကောင်းကောင်းကို ရွေးပြီး နေရာ တကျ ဖြစ်သောအခါ ညစာအဖြစ်အသားခြောက်နှင့် ရေကိုစားသောက်ရသည်။

တောင်ကြားထဲသို့ သူရောက်ခါစ အချိန်က ဘေးပတ်ဝန်းကျင်ကို လုံးဝသတိမထားခဲ့နိုင်သေးဘဲ အားကောင်း လာသော အမှောင်ထုထဲမှာ တောရိုင်း တိရစ္ဆာန်တွေ နှင့် ဆုံနေမိမည်စိုးသောကြောင့် အိပ်စက် ခိုလှုံရမည့် သစ်ပင်ကိုသာ အရေးတကြီး ရှာဖွေရသည်။ ကျားကိုပင် ရဲဝံ့စွာ ရင်ဆိုင်ပြီး ဖမ်းဝံ့သော သတ္တိ ရှိသော်ငြားလည်း အမှောင်ထုမှာ အခြားတိရစ္ဆာန် နှင့် ရင်ဆိုင်ရမည်က အရေးမကြီး အမှောင်ကို စူးရှ ဖေါက်ထွင်း မြင်နိုင်သော ကျားမျက်လုံး နှင့် ကျားသစ် မျက်လုံးကို ယှဉ်ပြိုင်ရန် မဖြစ်နိုင်မှန်းသိ၍ ညအမှောင်တွင် ဘေးကင်းအောင်သာ ထောင်ဇာခိုင်ရှောင်သည်။ သစ်ကိုင်းဂွဆုံမှာ မှေးရင်း ရွာက သူ ထွက်လာခဲ့သည်မှာ ခြောက်ရက်ရှိပြီဖြစ်ကြောင်း စဉ်းစားမိသည်။

သူ့အိမ်သားတွေကမူ သူ့အကြောင်းသိ ပြီး ဖြစ်ကြ၍ စိတ်ပူကြမည်မဟုတ်ချေ။ ယခုလိုပင် လေးငါးရက်စာ တပတ်စာ ရိက္ခာအခြောက်ယူ၍ တောထဲ သွားနေကျဖြစ်သည်။ အကောင်ငယ်ငယ်ရလာလျှင် အကောင် မပျက် ထမ်းပိုး၍ ရက်မကြာခင် ပြန်ရောက် လာတတ်သည်။ ကြီးမားသော ကျားကြီးများ၊ ကျားသစ်ကြီးများ၊ မြွေကြီးများ ရနေလျှင် ထမ်းပိုးယူသွားရန် မနိုင်သည့် အလျောက် တောထဲမှာပင် အမဲဖျက်၊ အသားညှင်း လုပ်၊ အခြောက်လှမ်းပြီး သူထမ်းပိုးနိုင်သည့် အလေးချိန် အခြေအနေရောက်မှ ယူဆောင်ပြီး ပြန်လာ တတ်သည်။ ထို့ကြောင့် တောထွက်သွားသော ထောင်ဇာခိုင်လေးငါးခြောက်ရက်မျှဖြင့် အိမ်ပြန် မလာသည် ကို သူ့အိမ်သားများက အဆန်းမဟုတ်ကြတော့ချေ။

သို့သော် ယခုရက်ကြာသည်မှာ ယခင်က ကြာနည်းမျိုး မဟုတ်ချေ။ ယခင်က ကြာသည်မှာ အမဲကောင်ကို ဖျက်ဆီးပြုပြင်နေရ၍ ကြာခြင်းဖြစ်သည်။ ယခု ကြာသည်မှာ အမဲကောင်တွေ့နိုးနိုးဖြင့် နယ်ကျွံ ခရီးလွန် လာပြီး ကြာခြင်းဖြစ်သည်။

ခရီးပန်းခြင်းဖြင့် သစ်ကိုင်းခွဆုံပေါ်မှာ အိပ်ပျော်လုလုဖြစ်နေသော ထောင်ဇာခိုင်သည် ကြောက်မက်ဖွယ် ကောင်းသော အသံတွေကြောင့် မှေးနေသော မျက်လုံးကပြူးကျယ်လာသည်။ အသံတွေက သူနားမလည် သော ဘာသာတမျိုးဖြင့် အော်ဟစ်နေကြသည့် လူသံတွေဖြစ်သည်။ မည်ကဲ့သို့သော ဘာသာတမျိုးဟု သူမသိသော်ငြားလည်း အချို့ အသံတွေက စိတ်ဆိုးမာန်ဆိုး အသံတွေအကြားမှာ စူးရှမြည်ဟီးစွာ ထွက်ပေါ် လာသော သေနတ်သံတွေက ဆူညံနေသည်။

ထောင်ဇာခိုင် အကြီးအကျယ် အံ့အားသင့်သွား၏။ ဤမျှ နက်ခေါင်သော တောတောင်အတွင်း၌ သူကလွဲလျှင် ရှိမည်မဟုတ်ဟု ထင်မြင်ခဲ့ရာမှ ယခုလို လူသံ သေနတ်သံတွေ ကြားလာရသောအခါ စိတ်ထဲမှာ များစွာ သိချင်လာသည်။ သူရှိရာနေရာသည် အတော်အတန်မြင့်သည့် တောင်စောင်းတခုမှာ ပေါက်နေသော ကြံ့ခိုင်မြင့်မားသည့် သစ်ပင်ကြီးတပင်၏ ထိပ်ဖျားဂွဆုံဖြစ်နေပြီး ကြားရသည့် အသံတွေက သူ့အောက်အနိမ့်ပိုင်းဆီမှ ထွက်ပေါ်လာနေခြင်းဖြစ်သည်။

ကြားရသည့် သေနတ်ကျည်ဆန်တွေ သူ့ဆီမလာအောင် သတိထားကာ ထောင်ဇာခိုင်က သစ်ကိုင်းကို မြဲမြဲ ဖက်တွယ်ပြီး အသံတွေ ထွက်ပေါ်လာရာ အောက်ဆီသို့ ငုံ့ကြည့်လိုက်၏။
တောင်ကြားချိုင့်ဝှမ်း အောက်ခြေတွင်ကား ရွာတရွာ မီးလောင်နေသလို တွေ့ရသည်။ ထိုမီးရောင်ဖြင့် လူတွေ တဘက်နှင့် တဘက် ပစ်ခတ် တိုက်ခိုက်နေကြသည့် သဏ္ဍာန်ကို တွေ့ရသည်။ တဘက်သော လူစုမှာ သေနတ်တွေရှိပြီး တဘက်သောလူစုမှာကား လေးမြှားနှင့် ဒါးလှံသာရှိနေကြသည်။ အနိမ့်ပိုင်းမှာ အချင်းချင်း ပစ်ခတ်ထိုးကြိတ် နေကြသည့် လက်နက်ကျည်ဆန် မြှားတံတို့က ထောင်ဇာခိုင်ရှိရာကို ဘယ်နည်း နှင့်မျှ မရောက်နိုင်ဟု စဉ်းစားမိသော ထောင်ဇာခိုင်က သေသေချာချာပင် ငုံ့ကြည့်နေလေသည်။

တဘက်နှင့်တဘက် အလျော့မပေးဘဲ တိုက်ခိုက်နေရာမှာ သေနတ်ရှိသူက တပန်းသာနေသဖြင့် လေးမြှား နှင့် ဒါးလှံသာ ရှိသူဘက်မှာ အကျအဆုံးများလာသည်။ သေဆုံးသူတွေထဲတွင် ခလေးတွေရော၊ မိန်းမတွေပါ တွေ့ရသည်။ နောက်ဆုံးတွင် ဒါးလှံကိုင် ရှုံးနိမ့်သူတို့ဘက်မှ အကြီးအကဲသဏ္ဍာန်တူသော လူသည် သေနတ် မှန်သော ရင်ဝကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဖိထားသည်။ ဖိထားသော လက်အောက်မှ သွေးတွေက ယိုစီး ကျနေသည်။ ထိုလူသည် တခုသောနေရာကို မျှော်ကြည့်ကာ စူးရှသော အသံဖြင့် အမိန့်ပေးသလို အော်ဟစ်ပြောဆိုလိုက်၏။ ဘာပြောသည်ကို ထောင်ဇာခိုင် နားမလည်သော်လည်း ထိုသူ၏ အသံက အောင်မြင်ခန့်ငြား၍ အသံသြဇာ နှင့် ပြည့်စုံသည်ကိုကား ထောင်ဇာခိုင်သိ၏။

" ဒီလူ့အသံ သိပ်ကောင်းပါလား "
ထောင်ဇာခိုင်က တီးတိုးရေရွတ်ရင်း ထိုလူ့ မျက်နှာအော်ဟစ်မျှော်ကြည့်နေရာကို ငုံ့ကြည့်လိုက်သည်။ ထိုနေရာကား ကြီးမားသော သစ်သား အဆောက်အဦကြီးတခု ဖြစ်သည်။ ထိုအဆောက်အဦးကြီးကိုလည်း မီးစွဲ လောင်စ ပြုနေလေပြီ။

ထိုလူ အော်ဟစ်လိုက်သည် နှင့် တပြိုင်တည်းလိုလိုပင် မိုးချုန်းသံလိုလို တောင်ပြိုသံလိုလို ကြောက်မက်ဖွယ် ကောင်းသော အသံကြီး ရုတ်ခြည်းထွက်ပေါ်လာသည်။ အဆောက် အဦကြီးနှင့် ကပ်လျက် ရှိသော တောင်ကြီး သည် ထောင်ဇာခိုင်မျက်မြင်မှာပင် ယုံနိုင်ဖွယ် မရှိအောင် ကြောက်မက်ဖွယ် ပြိုကျလာပြီး တပိုင်းတစ မီးလောင်နေပြီဖြစ်သော အဆောက်အဦကြီးကို လည်းကောင်း ထိုအဆောက်အဦ ကြီးကို အသည်း အမည်းကြီးစွာ ၀ိုင်းအုံ ဖျက်ဆီးနေကြသော သေနတ်ကိုင် လူများကိုလည်းကောင်း တောင်ချိုင့်ဝှမ်း တခုလုံးကိုလည်းကောင်း ၀ါးမျိုဖုံးအုပ်လိုက်လေတော့သည်။ ထိုသို့ တောင်ကြီးပြိုကျပြီး ချိုင့်ဝှမ်းတခုလုံးကို ဖုံးမိသည်နှင့် တပြိုင်နက် ကြောက်မက်ဖွယ်ရေလုံးကြီးတခုသည် တာတမံကျိုး၍ ပေါက်ကျလာသည့်နှယ် ပြင်းထန်စွာ စီးကျလာသံကို ထောင်ဇာခိုင် ကြားရသည်။

မကြာသေးမီအချိန်ကလေးကပင် လောင်နေသော မီးရောင်ပစ်ခတ်သတ်ဖြတ်သံ၊ အော်ဟစ် ကြိမ်းမောင်းသံ ညည်းငြူငိုယိုသံတို့ဖြင့် ပြည့်လျှံဆူညံနေသော တောင်ချိုင့်ဝှမ်းကြီးတခုလုံးကား အလင်းရောင်ရော အသံပါ လုံးဝ ဆိတ်သုဉ်းပျောက်ကွယ်သွားပြီး ရေတံခွန်တခုမှ ရေကျသံ ကဲ့သို့သော အသံကိုသာ ကြားရသည်။ ပတ်ဝန်းကျင် တခုလုံးကား မှောင်မဲတိတ်ဆိတ်ငြိမ်သက်သွားလေတော့သည်။

" တောကြမ်းလို့များ ငါ့ကို သရဲတွေတစ္ဆေတွေ ချောက်လေရော့လား "
ဟူ၍ပင် ထောင်ဇာခိုင် စဉ်းစားမိသည်။ သည်တညလုံး အိပ်မပျော်တော့ချေ။ စိတ်နှလုံး ချောက်ချားဖွယ် ကောင်းသော ဤနေရာမှ အမြန်ဆုံး ထွက်ခွာသွားလို ပါသော်လည်း မဖြစ်နိုင်လွန်းသောကြောင့် စိတ်ညစ် ညစ်ဖြင့် သစ်ပင် ဂွဆုံမှာ ထိုင်နေရလေသည်။

ဆက်ရန်
.

2 comments:

rose said...

အားပေးနေတယ်နော်... စာတွေ ရိုက်တင်ပေးတာ ကျေးဇူး အထူး တင်၏။း)
http://redroseofburma.blogspot.com/

kavan chen said...

plt htun : thank a lot