Tuesday, March 8, 2011

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၈)

အခန်း (၆)
ဇီရိုး-ဂျီ သို့ ရောက်ခဲ့ခြင်း

ကိုယ်ဘာဖြစ်ချင်သည်ဟု တိတိကျကျ သတ်သတ်မှတ်မှတ် ရှိသော စိတ်ကူးအိမ်မက် ရှိဖို့ အရေးကြီးသည်။

ကျွန်တော် အထက်တန်းကျောင်းသားဘ၀တွင် ကျောင်းသားတော်တော်များများသည် အာကာသ ယာဉ်မှူး တွေ ဖြစ်လိုကြသည်။ ကျွန်တော်ကတော့အသက် တော်တော်ငယ်စဉ်ကပင် နာဆာ (အမျိုးသား လေကြောင်း နှင့် အာကာသ အုပ်ချုပ်ရေးအဖွဲ့) သည် ကျွန်တော်လို လူများကို လိုချင်မည် မဟုတ်ကြောင်း သိသည်။ အာကာသယာဉ်မှူးများသည် မျက်မှန်မတပ်ကြရကြောင်း လည်းကြားဖူးသည်။ ထို့အတွက်ကား ပြဿနာ မရှိပါ။ ကျွန်တော်က အာကာသယာဉ်မှူး လုပ်ရသည့် အလုပ်ကြီးတစ်ခုလုံးကိုပင် မလိုလားခြင်း ဖြစ်ပါသည်။ ကျွန်တော် လိုလားသည်က လွင့်မျော နေခြင်းသာဖြစ်သည်။

နာဆာမှာ အာကာသယာဉ်မှူးများကို ဇီးရိုးဂရယ်ဗီတီဟုခေါ်သည့် ကမ္ဘာမြေကြီး၏ဆွဲအား လုံးဝမရှိသည့် အခြေအနေ တွင် နေနိုင်ထိုင်နိုင်အောင် ပြုပေးသည့် လေယာဉ်တစ်စင်းရှိသည်ဟု လည်း ဆိုသည်။ နာဆာ က ထိုလေယာဉ်ကို အလေးချိန်မဲ့အံ့ဖွယ်ဟု ခေါ်ပြောလေ့ရှိသော်လည်း လူတွေကမူ ပျို့အန်ကြယ်တံခွန် ဟုခေါ်ကြသည်။ အလေးချိန်မဲ့အံ့ဖွယ်ဟူသည် ပြည်သူ့ဆက်ဆံရေး သဘောတရားအားဖြင့် တကယ် လက်တွေ့ အထင်အရှား ဖြစ်နေသော အချက်ကို စိတ်အာရုံ မရောက်အောင် ရည်ရွယ် မှည့်ခေါ်ခြင်း ပင်ဖြစ်သည်။

ထိုလေယာဉ် ကို ဘယ်လိုအမည်နာမနှင့် ခေါ်ဝေါ်သည်ဖြစ်စေ၊ စိတ်ဝင်စားဖွယ်ကောင်း သည့် စက်ယန္တရား တစ်ခုဖြစ် သည်ကား အမှန်ပင်ဖြစ်ပေသည်။ ဤလေယာဉ် ပျံသည့် အခါ ပါရာဘိုလာ အခုံးများကို ဖြစ်စေရာ ထိုအခုံးတစ်ခု၏ထိပ်သို့ ရောက်သွားတိုင်း ၂၅စက္ကန့်ခန်မျှ အကြမ်းအားဖြင့် အလေးချိန်မဲ့နှင့်တူညီသည့် အခြေအနေမျိုး ကို ခံစားရသည်။ လေယာဉ်က အောက်သို့ ထိုးဆင်း လိုက်သည့်အခါ ရိုးလာကိုစတာ စီးရသည့်နှယ် ခံစား ရသည်။ သို့ရာတွင် လေယာဉ်က ၀ိုင်းပတ်၍ ပျံသန်းနေသည့်အခါ ခေတ္တ ယာယီ အားဖြင့် ဘာအလုပ်မှမလုပ်ဘဲ ရပ်ဆိုင်းသွားသည်။

လေယာဉ်ပေါ်တွင် လက်တွေ့စမ်းသပ်ကြည့်ရန်အတွက် တက္ကသိုလ်ကျောင်းသားများက အဆိုပြုချက် တင်နိုင်သည် ဟူသော အစီအစဉ်မျိုး နာဆာ တကယ်ဖြစ်ခွင့်ကြုံလာသည်။ ၂၀၀၁ ခုနှစ် တွင် ကျွန်တော် တို့ကာနက်ဂီမယ်လန် တက္ကသိုလ် မှ ကျောင်းသားတစ်သိုက်သည် ကွန်ပျူတာဖြင့် ပကတိ အစစ်နီးပါး တူအောင် ဖန်တီးသော နည်းပညာ (ဗာချူယယ်ရီယက်လတီ) ကို သုံး၍ လုပ်ကိုင် သည့် လုပ်ငန်း အစီအစဉ် တစ်ရပ်ကို အဆိုပြုတင်ပြလိုက်ကြသည်။

ကျွန်တော်တို့သည် မြေပေါ်မှာမွေး၍ မြေပေါ်မှာကြီးကာ တစ်သက်လုံးမြေပေါ်မှာပင် နေလာခဲ့ကြသည် ဖြစ်ရာ အလေးချိန်မဲ့ဟူသော ခံစားချက်မျိုးဖြစ်လာအောင် ပြုဖို့မှာ အလွန်တရာ ခက်ခဲလှသည်။ ကမ္ဘာမြေကြီး ၏ ဆွဲအားမဲ့သည့် ဇီးရိုးဂရယ်ဗီတီ အခြေအနေတွင် ဟန်ချက်ကို ထိန်းချုပ်ပေးသည့် အတွင်းနားသည် မျက်လုံးက ပြောနေသည်များနှင့် တစ်သားတည်းမဖြစ်သလို ရှိနေတတ်သည်။ မကြာခဏ ပျို့အန်ချင် အန်ချင်လာတတ်၏။ ထိုအခြေအနေကို မြေပြင်ပေါ်မှာပြု သည့် ပွဲမ၀င်ခင်အပြင်က ကျင့်သော ကွန်ပျူတာဖြင့် တကယ်အရှိဟန် ဖန်တီးမှုမျိုးဖြင့်ရော မကု စားနိုင်ပါသလော။ ထိုအချက်သည် ကျွန်တော် တို့၏ အဆိုပြုချက်တွင် ဖော်ပြထားသည့် မေးခွန်း တစ်ခုလည်း ဖြစ်သည်။ နောက်ဆုံးတော့ ကျွန်တော်တို့ လိုလားချက် ဆန္ဒပြည့်သွားသည်။  ကျွန်တော်တို့အား ထိုလေယာဉ်ကို စီးကြည့်နိုင်ရန်ဟူ စတန်မြို့ရှိ ဂျွန်ဆင် အာကာသစူးစမ်းမှုဌာန သို့ လာရောက်ကြပါဟု ဖိတ်ခေါ်လိုက်လေသည်။

ကျွန်တော်သည် အခြားသူငယ်ချင်း ကျောင်းသားများထက်ပို၍ စိတ်လှုပ်ရှားနေသည်ထင်၏။ လွင့်မျော ရတော့မည်။ သို့ရာတွင် ဤလုပ်ငန်းစဉ်၏ နောက်ပိုင်းရောက်ခါမှ သတင်းဆိုးကို ကြားသိရသည်။ တက္ကသိုလ် က အကြံပေးပုဂ္ဂိုလ်များသည် မည်သို့သော အခြေအနေတွင်မှ မိမိတို့ ၏ တပည့် ကျောင်းသား များနှင့် အတူ လေယာဉ်တွင် စီးနင်းပျံသန်းခွင့် မရှိဟူ၍ နာဆာ က အတိ အလင်း ကြေညာ လိုက်ခြင်း ဖြစ်ပါ၏။

ကျွန်တော့်မှာ ရင်ကျိုးရလေပြီ။ သို့ရာတွင် ကျွန်တော့်ကို ဤသို့မျှဖြင့်တား၍ ရပါမည်လော။ ကျွန်တော် သည် ဤအုတ်နံရံပတ်လည်မှာပင် နည်းလမ်းတစ်ခုကို ရှာဖွေမတွေ့နိုင်ပါသ လော။ ကျွန်တော်သည် နာဆာ ၏ အစီအစဉ်နှင့်ပတ်သက်သည့်စာတွေကို တစ်ခုမကျန် ရှာဖတ်ရန် ဆုံးဖြတ်လိုက်ကာ ဟာကွက် များကို လိုက်ရှာလေသည်။ ဤတွင် ဟာကွက်တစ်ခုကို သွားတွေ့ သည်။ အမြဲသဖြင့် လူထုကြားတွင် နာမည်ကောင်း ရချင်လှသည့် နာဆာ သည် ကျောင်းသားများ၏ နေရင်းမြို့မှ သတင်းထောက် တစ်ယောက် ကိုမူ ကျောင်းသားများ နှင့် အတူ လိုက်ပါစီးနင်းခွင်ပြုပေလိမ့်မည်။

ကျွန်တော်သည် အရာရှိတစ်ဦးထံဖုန်းဆက်၍ သူ၏ ဖက်စ် နံပါတ်ကို မေးလိုက်၏။`ခင်းဗျား က ဘာအကြောင်း အရာတွေများ ကျွန်တော်တို့ဆီကို ဖက်စ်ပို့မလို့လဲ`ဟု ထိုသူက မေးသည်။ ကျွန်တော်က ကျွန်တော်သည် တက္ကသိုလ်၏ အကြံပေး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း နှင့် သတင်းထောက်တစ်ဦး အနေဖြင့် လျှောက်ထားလိုကြောင်း သူအား ရှင်းပြလိုက်သည်။

 `ကျွန်တော်က ကျွန်တော့်ကျောင်းသားတွေနဲ့အတူ ကျွန်တော်ရဲ့ မီဒီယာအဖွဲ့ဝင်တစ်ဦး ဆိုတဲ့ ရာထူး တာဝန်သစ် နဲ့ လိုက်ပါမှာပါ`ဟု ပြောပြသည်။
    ထိုအခါသူပြောသည်။ `ဒါကတော့ပြောင်ကျလွန်းတယ်လို့ မထင်မိဘူးလားဗျာ`

`ဒါတော့ မှန်ပါတယ်`ဟု ကျွန်တော်က ပြောလိုက်ပြီး ကျွန်တော်သည် လေယာဉ်ပေါ်တွင် လုပ်ကြသော လက်တွေ့ စမ်းသပ်မှု နှင့် ပတ်သက်သည့် သတင်းများကို သတင်း ၀က်ဘ်ဆိုက်တွေ မှာ တင်ပေးမည့် အကြောင်းလည်း သူ့အား ကတိပေးလိုက်ပါသည်။ ထို့ပြင် ကျွန်တော်တို့ ကွန်ပျူ တာဖြင့် တကယ့်အရှိဟန် ဖန်တီးမှု လုပ်သောအချက် တွေကို ရုပ်ရှင်ရိုက်ထားသော ဖလင်များကို လည်း ပို့လိုက်ပါသည်။ ကျွန်တော် သည် အညှာကို ကိုင်မိ၍ အောင်မြင်တော့မည်ကို သိသည်။ ဤနည်းသည် ပျားလည်းစွဲသာ၊ ရှဥ့်လည်း လျှောက်သာ နည်းပင်။ တစ်နည်းအားဖြင့် အားလုံး အတွက်သူလည်းနိုင် ကိုယ်လည်းနိုင်နည်းဖြစ်ပေသည်။ သူသည် သူ၏ဖက်စ်နံပါတ်ကို ကျွန်တော့် အားပေးလိုက်ပါသည်။

ကြားဖြတ်၍ ပြောရသော် ဤတွင် သင်ခန်းစာတစ်ခုရ၏။ တစ်ခုခုကိုဆွေးနွေးမှု စားပွဲပေါ် သို့ယူလာပါစေ။ ဤသို့ပြုခြင်းသည် သင့်အား ပို၍လက်ခံလာစေနိုင်သောကြောင့်ပင်ဖြစ်သည်။
ဇီရိုးဂရယ်ဗီတီ (၀ါ) ဇီးရိုး-ဂျီဟုခေါ်သော ကမ္ဘာမြေကြီး၏ ဆွဲအားမဲ့အခြေအနေတို့နှင့် ပတ်သက်သည် ကျွန်တော် ၏ အတွေ့အကြုံမှာ အတော်ကိုပင် ထူးထူးခြားခြား သဘောကျစရာ ကောင်းသည်။ (အန်လို့မ ဟုတ်ပါဘူး ကျွန်တော်မအန်ခဲ့ပါဘူးခင်ဗျာ၊ ကျေးဇူးတင်ပါသည်။)

သို့သော်လည်း နည်းနည်းတော့ခံခဲ့ရသည်။ ဘယ့်ကြောင့်ဆိုသော် ထိုပျော်စရာကောင်းသည့် ၂၅စက္ကန့် ကုန်ဆုံး သွားသောအခါ လေယာဉ်ပေါ်သို့ ကမ္ဘာမြေကြီး၏ဆွဲအားပြန်လည်ရရှိလာသဖြင့် တကယ့်ကိုပဲ ကိုယ့် ကိုယ်အလေးချိန်သည် နှစ်ဆတိုးလာသလိုခံစားလိုက်ရသောကြောင့် ဖြစ်ပါ၏။ အားနှင့် ပစ်ကျ သွားနိုင်လောက်ပေသည်။ ထို့ကြောင့်လည်း ကျွန်တော်တို့ကို အထပ်ထပ် သတိပေးပြောကြခြင်းဖြစ်သည်။ `ခြေထောက်ကိုချ၊ ခြေထောက်ကိုချ`။ မြေပေါ်သို့လည်ပင်းနှင့် ဇောက်ထိုးပစ်ကျသွားခြင်းမျိုးကိုလည်း အဖြစ် မခံချင်ကြဘူး မဟုတ်လော။

သို့ရာတွင် ကျွန်တော်သည် ကျွန်တော်၏မျှော်မှန်းချက်များတွင် လွင့်မျောခြင်းသည် ရည်မှန်းချက်တစ်ခု ဖြစ်လာခဲ့ပြီးနောက် အနှစ်လေးဆယ်နီးပါကြာချိန်၌ ထိုလေယာဉ်ပေါ်သို့ တက်နိုင်ခွင့်ရခဲ့ပြန်လေသည်။ အပေါက် တစ်ခု ကို တောင်တွေ့နိုင်ခဲ့ပါလျှင် ထိုအပေါက်အတိုင်း လွင့်မျောသွားနိုင်သည့် နည်းလမ်းမျိုး လည်း တွေ့နိုင်ကြောင်း ဤဖြစ်ရပ်က သက်သေခံလိုက်ခြင်း ပင်ဖြစ်ပေတော့သည်။

အခန်း (၇) ဆက်ရန်
.

1 comment:

Anonymous said...

Thanks.

Ray