" ဘယ်လိုအဓိပ္ပာယ်လဲမမ" ဟု မောင်တင်ဦးကမေး၏။
" ဒီ ကမ္ဘားယံ အောက်ခြေက ဆားပေါက်တဲ့ မြေကြီးဖြစ်နေတာ မမမြင်ခဲ့တယ်။ တိရစ္ဆာန်မျိုးစုံလာပြီး လျှာ နဲ့ လျက်တဲ့ နေရာတွေမှန်း ခြေရာမထင်မရှားတွေလဲ တွေ့တယ်။ အဲဒီတော့ ညဘက်မှာ သားစား သတ္တ၀ါတွေလဲ လာမှာဘဲ ဒါကြောင့် တောကောင်အန္တရာယ်ကို ရင်မဆိုင်စေချင်ဘူး၊ မောင်ငယ်တို့ ဒီကမ္ဘား ထိပ်ပေါ်က တိတ်တိတ် ငြိမ်ငြိမ်ကလေးစောင့်ကြည့်ကြပေါ့။ ခရီးဆက်ချင်ရင် နက်ဖန်မနက်မှသွားကြ၊ ဟို အကောင် တွေ ခြေရာခံလိုက်လာရင်လဲ မမတို့ဆီ မရောက်ခင်သားရဲတိရစ္ဆာန်တွေနဲ့ အရင်တွေ့မှာ စိတ်ချ နေကြ"
မာလာဒေ၀ီ စကားက လိုက်နာသင့်သော စကားဖြစ်၍ မောင်တင်ဦးရော မောင်တင်အုံးပါ မလွန်ဆန် ကြချေ။
ကျန်သမျှ စားသောက်စရာကလေးများကို ဝေမျှစားလိုက်ကြပြီး သုံးယောက်စလုံး ပင်ပန်းခြင်းအရှိန်ကြောင့် အိပ်ချင်လာကြသည်။ သို့သော် အခြေအနေကို စောင့်ကြည့်ရအုံးမည်ဖြစ်၍ အိပ်ချင်သောစိတ်ကို ဇွတ်အတင်း ဖြေဖျောက်ကာ သတိထားနေကြရ၏။ နေ၀င်သွားပြီး မှောင်လာပြီဆိုလျှင်ပင် တောတိရစ္ဆာန် တွေအသံက ကြားလာရသည်။ ကမ္ဘားအောက်ခြေ ဆားပေါက်သည့်မြေမှာ ကျားသားအုပ်မကြီးနှင့် ကျား ကလေးသုံးကောင် ရောက်လာသည်ကို မသဲမကွဲမြင်နေရ၏။
"စိတ်ချလက်ချ အိပ်ကြပေတော့ မောင်ငယ်တို့။ ဒီနေရာကို သားရဲတိရစ္ဆာန်တွေ တက်လာဘို့ မလွယ်ဘူး။ ဟို လူ တွေ လိုက်လာဘို့ အချိန်လဲ မဟုတ်တော့ဘူး။ ကမ္ဘားအောက်ခြေမှာ သက်တော်စောင့်တွေ ရောက် နေကြပြီလေ"
မာလာဒေ၀ီက ပြောသည်။
သုံးယောက်လုံး မောမောဖြင့် အိပ်လိုက်ကြသည်မှာ နောက်တနေ့ မိုးစင်စင်လင်းမှ နိုးလေတော့သည်။
စားသောက်စရာ ရေမျလွဲ၍ ဘာမှမရှိသော်လည်း အိပ်ရေးဝအောင် အိပ်လိုက်ကြရခြင်း ရန်သူ့ဘေးမှ ကင်းကွာပြီဟု စိတ်ချရခြင်းတို့ကြောင့် သုံးယောက်လုံး စိတ်ဓါတ်တက်ကြွကာ လန်းဆန်းနေကြသည်။
" ခရီးဆက်ကြစို့" ဟု မောင်တင်ဦးက နှိုးဆော်၏။
" မနေ့ က တွေ့တဲ့ ရွာငယ်ကိုဘဲ ဦးတည်သွားမလား၊
မောင်တင်အုန်း က မေးသည်။
" ဆိုးဆိုးဝါးဝါးတော့ ဖြစ်နိုင်မယ် မထင်ပါဘူး၊ နယ်စပ်နဲ့ တော်တော်ဝေးနေတာ၊ တိုင်းရင်းသားတမျိုးမျိုး နေ တဲ့ ရွာဘဲဖြစ်မယ်လို့ မြှော်မှန်းရတာဘဲ။ အဲဒီကိုဘဲ သွားကြရအောင် ... "
မောင်တင်ဦးစကားကို အားလုံးက သဘောတူသည်။ သုံးယောက်လုံး ခြေသွက်သွက်ဖြင့် ခရီးထွက်ခဲ့ကြ၏။ သူတို့ ကုသိုလ်ကံပင် ထင်သည်။ လမ်းခရီးတလျှောက် ဘေးရန် အနှောက်အယှက်မရှိဘဲ လာခဲ့ကြရာမှာ တပင်လုံးအိနေအောင် သီးပြီး ၀င်းမှည့်နေသော သရက်ပင်ကြီးတပင်ကို တွေ့သည်။ ၀မ်းသာအားရဖြင့် ၀အောင် စားကြသည်။ နိုင်သလောက် သယ်ယူခဲ့ကြသည်။ ချုံနွယ်ပိတ်ပေါင်းထူထပ်၍ တောကြီးလှသဖြင့် သူတို့ မြင်ထားသော ရွာကလေးရှိရာကို လမ်းလွဲသွားမည်စိုး၍ သစ်ပင်ပေါ်မှ မကြာခဏ မှန်ပြောင်းဖြင့် တက် ကြည့်ကြရသည်။ လမ်းခရီးဖြောင့်ဖြူး လျှင် တနေ့ခရီးမျှသာ ရှိမည်ဖြစ်သော ဤရွာကလေးကို နောက် တနေ့ ညနေစောင်းလောက်မှ ရောက်ကြလေတော့သည်။
အိမ်ခြေငါးဆယ်မျှသာရှိသော ချင်းရွာကလေးတရွာ ဖြစ်ပြီး ရွာလယ်တွင် ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် သာသနာပြု မျက်နှာဖြူ ဘုန်းတော်ကြီးတပါး ရှိနေသည်ကို တွေ့ရသော မောင်တင်အုံး-မောင်တင်ဦးနှင့် မာလာဒေ၀ီတို့မှာ များစွာ ၀မ်းမြောက်ခြင်းဖြစ်ကြရသည်။ စုတ်ပြတ် ပေရေနေသော အ၀တ်အစားဖြဖင့် အင်္ဂလိပ်စကားကို ရေလည်စွာ ပြောတတ်သူ ဗမာအမျိုးသားတယောက်၊ အိန္ဒိယတိုင်းသွေးပါသူ အမျိုးသမီး တယောက်နှင့် မျက်နှာဖြူ အစစ်ဖြစ်သူ အမျိုးသားတယောက်တို့ ထူးထူးဆန်းဆန်း ရောက်လာခြင်းကို ချင်းရွာသူကြီးရော၊ ရွာသူရွာသားတွေရော၊ ဘုန်းတော်ကြီးပါ များစွာ အံ့သြကြရလေသည်။
" လူမျိုးချင်းမတူတဲ့ မင်းတို့သုံးယောက် ဘယ်လိုပေါင်းမိပြီး ဘယ်လိုအဖြစ်မျိုးနဲ့ ရောက်လာကြတာလဲ"
ခရစ်ယန် ဘုန်းတော်ကြီးကမေး၏။
မောင်တင်အုံးက ပြန်ပြောသည်။
" ဒါတွေ နောက်မှ မေးပါဘုရား၊ တပည့်တော်တို့ လူဆိုးတွေမဟုတ်ပါဘူး၊ အခုချက်ခြင်း တပည့်တော်တို့ကို ကူညီဘို့က ခြောက်သွေ့တဲ့ အ၀တ်ရယ်၊ စားသောက်စရာရယ်ပါ။ အမောပြေတော့ တပည့်တော်အားလုံး ပြောပြပါမယ်ဘုရား "
မျက်နျာဖြူ အချင်းချင်းဖြစ်၍ မောင်တင်အုံး စကားကို ဘုန်းတော်ကြီးက ယုံကြည်သည်။ ထို့ကြောင့် ရွာသူ ကြီး ကို အ၀တ်နှင့် အစားအစာ အကူအညီပေးရန် ပြော၏။ သူတို့ တရွာလုံး များစွာ ကြည်ညိုအားထားသော ဘုန်းတော်ကြီး ၏ စကားဖြစ်၍ ရွာသူကြီးရော ရွာသားတွေပါ တစုံတရာ စောဒကတက်ခြင်း၊ ကန့်ကွက်ခြင်း မပြုဘဲ ကောင်းနိုးရာရာ အ၀တ် နှင့် အစားအသောက်ကို လုံလောက်အောင် ယူလာပြီး ပေးကမ်းကျွေးမွေး ကြသည်။
ထူထဲသော ဂျပ်ခုပ်ထည်ချင်း ၀တ်စုံကို သုံးယောက်သား ၀တ်ဆင်ပြီးသောအခါ တယောက်ကို တယောက် ကြည့်ပြီး ပြုံးမိကြလေသည်။
ကျွေးမွေးသော အစာအဟာရများကို ၀လင်စွာ စားသောက်ပြီး၍ သုံးယောက်လုံး လေမိုး လုံခြုံသော ဘုရား ရှိခိုးကျောင်းထဲမှာ နွေးထွေးစွာ နေရသောအခါ ငယ်ရွယ်သန်စွမ်းသူများပြီပြီ ချက်ခြင်းပင် အားအင်ပြည့်ဖြိုး လာခဲ့ကြသည်။ ထိုအခါမှ ဘုန်းတော်ကြီးအား မောင်တင်အုံးက သူနှင့် မောင်တင်ဦးတို့က ရန်ကုန်မှ မည်သည့် ရည်ရွယ်ချက်ဖြင့် ထွက်ခွာလာခဲ့ရသည်ကို ရှင်းလင်း ပြတ်သားစွာ ရာဇ၀င်ခင်းပြလိုက်လေသည်။
မောင်တင်အုံး ပြောနေစဉ်မျာပင် လိုနေသည့် အကြောင်းအရာ အနည်းငယ်ကို မောင်တင်ဦးက ဖြည့်စွက် ပြောဆိုသည်၊ မာလာဒေ၀ီကမူ မျက်လွှာချကာ ဆိတ်ငြိမ်စွာဖြင့် သေသေချာချာ နားထောင်နေသည်။ မောင်တင်အုံး ပြောပြသော ရာဇ၀င် ဆုံးသောအခါ ဘုန်းတော်ကြီးက ...
" သြော် ... လက်စသတ်တော့ မင်းတို့ နှစ်ယောက်က တန်ဘိုးမဖြတ်နိုင်တဲ့ ဗုဒ္ဓဆင်းတုတော်ကြီးကို လိုက်ရှာဘို့ကိုး ငါကိုယ်တိုင်လဲ ရှာမယ်စိတ်ကူးမိတယ်။ ဒါပေမဲ့ ဟောဒီ ရွာကလေးရောက်လာလို့ စနည်းနာ ကြည့်တော့ မျှော်လင့်ချက်မရှိတော့ဘူးဆိုတာ သိရတယ်လေ" ဟု မိန့်ကြားသည်။
" အရှင်ဘုရားက ဘယ်လို သတင်းမျိုးရပါသလဲ" ဟု မောင်တင်အုံးက မေး၏။
" ငါက အဲဒီအချိန်မှာ တိုက်လေယာဉ်တစင်းရဲ့ လေယာဉ်မှူးလေ၊ မေဂျာဝှိုက်ကို ရှာကြတဲ့အုပ်စုမှာ ငါလဲ ပါတာပေါ့၊ မေဂျာဝှိုက်တွေ့ကြုံခဲ့ရတာတွေကို ငါလဲ စိတ်ဝင်စားနေခဲ့တယ်။ နောက် စစ်တပ်ကထွက်ပြီး သာသနာရေး မှာ ဆောင်ရွက်၊ ဘုန်းကြီးဝတ်ပြီး သာသနာပြုလုပ်ငန်းလဲ အောင်စေ၊ ငါ့ရည်ရွယ်ချက်လဲ ပြည့်မြောက် စေဆိုပြီး ဒီတော ဒီတောင်ဘက်ထွက်လာတာ၊ ဒီ ချင်းရွာကလေး ရောက်တော့ တထောက် နားပြီး စနည်းနာကြည့်လိုက်တယ်။ အဲဒီတော့မှ ဒီချင်းရွာက အသက်ခုနစ်ဆယ်နီးပါးရှိနေတဲ့ ချင်း အဖိုးအို တယောက် က ခရေစေ့ တွင်းကျ ပြောပြမှ ငါရှာဖွေမဲ့ အစီအစဉ်ကို လက်လွှတ်ပြီး အေးအေးဘဲ သာသနာ ပြုနေခဲ့တယ် ကွဲ့"
မောင်တင်အုံးနှင့် မောင်တင်ဦးတို့က အထူးပင် စိတ်ဝင်စားလာကြသည်။ မာလာဒေ၀ီကား ဘာစကားမှ ၀င်ရောက် မေးမြန်းခြင်းမရှိဘဲ ဆိတ်ငြိမ်စွာပင် နားထောင်နေသည်။
"ဘယ်လိုပါလဲဘုရား ... သိပါရစေ "
" အေး ... ရည်ရွယ်ချက်ချင်းတူပြီး ဒီတော ဒီတောင်ထဲရောက်လာခဲ့တဲ့ လူချင်းဆိုတော့ ငါပြောပြရမှာပေါ့"
ဟု အစချီကာ ဘုန်းတော်ကြီးက ပြောပြသည်။
ဤချင်းရွာမှ ချင်းအဖိုးကြီး ထောင်ဇာခိုင် အသက်ငါးဆယ် အရွယ်လောက်ကဆိုလျှင် အလွန်ပင် အားခွန် ဗလ ပြည့်ဝ သန်မာသူတယောက်ဖြစ်ခဲ့သည်။ တော်ရုံ အားခွန်ဗလ ရှိသူ လူငယ်လူရွယ်ဆိုလျှင် တချက်တည်းဖြင့် အလဲထိုးချနိုင်ခဲ့သည်။ လက်ဖျံ တလုံးတည်းရှိသူ ဖြစ်၍တကြောင်း၊ ကိုယ်ခန္ဓာကြီးမား ထွားကျိုင်း၍လည်းကောင်း၊ တောထဲ သွားရင်း ၀က်ဝံ တကောင်လောက်တွေ့လျှင် ထောင်ဇာခိုင် လုံးဝ တချက်တည်းနှင့် ကျိုးပြီး ဦးခေါင်းလည်ထွက်သွားအောင် လက်သီးဖြင့် ထိုးချနိုင်ခဲ့ဘူးသည်။ သူ့ကိုယ်မှာတော့ ၀က်ဝံကုတ်ရာ နည်းနည်းပါးပါးရခဲ့၏။
ကြီးမားသော ခွန်အားဗလ လက်ဖျံတလုံးတည်းဖြင့် သန်စွမ်း မြဲမြံလှသော သူ့လက်၊ တောရိုင်း၊ တိရစ္ဆာန်နှင့် သတ်ပုတ်ရာမှာ ထောင်ဇာခိုင်သည် အခြားရွာသူ ရွာသားတွေလို သီးနှံစိုက်ခြင်းအလုပ်၊ ကြက်ဝက် မွေးမြူခြင်း အလုပ်ကို မလုပ်ဘဲ၊ တောလည်၊ အမဲကောင် ဖမ်းဆီး၊ အသားအရေ ရောင်းစားခြင်းဖြင့် အသက် မွေးသူဖြစ်သည်။ ထောင်ဇာခိုင် အထူးကျင်လည်သော အလုပ်မှာ " ကျားဖမ်းခြင်း" ပ်ဖြစ်၏။
ထောင်ဇာခိုင် ကျားဖမ်းသည်ဆိုရာမျာ သူ့တွင် သေနတ်နှင့်တူသော ပစ္စည်းဟူ၍ လောက်လေးဂွပင် မရှိချေ။ ထောင်ချောက်လည်းမသုံး၊ ငြောင့်တွင်းလည်းမလုပ်ဘဲ၊ သူ ကျားဖမ်းသော လက်နက်မှာ အကြောင်း မသိသူ အဖို့ ရယ်စရာ၊ ကလေးကစားစရာ ပစ္စည်းကဲ့သို့ ဖြစ်နေသည်။
ထိုပစ္စည်းမှာ အလွန်မာသော ရှားသားအနှစ်ကို အရှည်တထွာနှင့် တလက်မ လုံးပတ် ဒင်္ဂါးဝိုင်းလောက် သုံး ချောင်းကို ဟိုဘက်လည်ဘက်ချွန်မြနေအောင် သေချာစွာ သပ်ထားသည်။ ထိုသုံးချောင်းကို ကြက်ခြေခတ် အနေအထား စရွေးကိုက်အောင် တခုနှင့်တခုခွပြီး ခိုင်မြဲစွာ ကြိုးဖြင့် သေချာစွာ ချည်ထားသည်။ ကြက်ခြေ ခတ်ဂွကြား မှာ လက်ဖြင့် ကိုင်လျှင် မြဲမြံအောင် နေရာတကျလုပ်ထားသည်။ ထိုရှားသားနှစ် ကြက်ခြေခတ်ဂွ တခု။
ရှားသားအနှစ်ကိုပင် သူ၏ တုတ်ခိုင်သော လက်ကောက်ဝတ် အလုံးအနေလုံးပတ် အရှည်တတောင်ရှိသော တုတ်တိုကို လက်ကိုသည့် နေရာလွှတ်ပြီး ထက်မျက်သော သံချွန်တွေတပ်ထားသည်။ ဤ ရှားသားနှစ် တုတ်တချောင်း။
ခိုင်ခန့်သော ကြိုးတခွေ။
ဤပစ္စည်းလက်နက် သုံးခုသည် ထောင်ဇာလိုင် ကျားဖမ်းသော ပစ္စည်းများဖြစ်သည်။
တောထဲသွား၍ ကျားကို တွေ့ရတော့မည်ဆိုလျှင် တောကျွမ်းပြီးသော ထောင်ဇာခိုင်အဖို့ ကျားဘယ်နေရာ အကွာအဝေး လောက်မှာ ရှိနေမည်ကို မှန်းမိသည်၊ ထိုအခါ သူ့နောက်ကျောဖက်မှ ရန်သူ မ၀င်နိုင်အောင် ခိုင်ခန့် ကြီးမားသော သစ်ပင်ကို ဦးစွာရှာသည်။ သစ်ပင်ကို ကျောမှီရပ်နေခြင်းဖြင့် နောက်ကျောဖက်မှ ရန်သူ လည်း မလာနိုင် အားမာန်ကြီးစွာ ခုန်အုပ်သော ကျားအရှိန်ကြောင့် ပက်လန်လဲသွားခြင်းမှလည်း ကာကွယ်နိုင်သည်။
သစ်ပင်ကိုကျောမှီကာ ကြံ့ကြံ့ခံ၍ ကျားကို ရင်ဆိုင်လိုက်သည်။ ဘယ်ဘက်က ရှားသားနှစ် ကြက်ခြေခတ်ဂွ၊ ယာဘက်လက်က ထက်မျက်သော သံချွန်တွေ တပ်ထားသည့် ရှားသားနှစ်တုတ်တိုတို့ကို မြဲမြံစွာ ကိုင်ထား၏။ ကျားက ခုန်အုပ်လိုက်လျှင် ကျင်လည်လျင်မြန်သော ထောင်ဇာခိုင်က ရှားသားနှစ် ကြက်ခြေခတ် ဂွကို ကျားပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။ ကြောက်ရွံ့စိတ် လုံးဝမရှိဘဲ ခေါင်းအေးအေး ထား၍ သတိရှိစွာ ချိန်သားကိုက်အောင် လုပ်သည်ဖြစ်ရာ၊ ပါးစပ်ထဲ ရောက်လာသော ချွန်ထက်သည့် ရှား သားနှစ်ဂွက ကျားအာခေါင်တွင် စူးလိုက်သည်နှင့် တပြိုင်နက် ယာဘက်လက်မှာ ကိုင်ထားသော ရှားသား နှစ်တုတ်ကတိုဖြင့် ကျား၏ နှာခေါင်းရိုး ကျိုးသွားသော ကျားကြီး၊ အာခေါင်ကို ငြောင့်စူးနေသော ကျားကြီးက မည်သို့မှ မခံတော့ဘဲ နောက်ကြောင်းပြန်လှည့်သည်တွင် အသင့်ဂွင်းလျှောလုပ်ထားပြီးသော ကြိုးဖြင့် ကျားဝေးဝေး မရောက်အောင်ပစ် ဖမ်းထားပြီး သစ်ပင်မှာ ပတ်ချည်ထားခဲ့၍ ရွာပြန်လာ၏။ ရွာသူ ရွာသား တွေ ပြန်ခေါ်လေ့ရှိသည်။
ဤကား ထောင်ဇာခိုင် ကျားဖမ်း နည်းတည်း။ အနည်းအကျဉ်း ကျားကုတ်ခံရမှု လောက်ကိုကား ထောင်ဇာ ခိုင် က ဂရုမစိုက်ချေ။
ထောင်ဇာခိုင်ဖမ်းသော သားကောင်မှာ ကျား၊ ကျားသစ်နှင့် မြွေကို အဖမ်းများ၏။ ဤ အကောင်တွေ မရမှ တခါတရံ အသက်မွေးမှုကြောင့် ချေတကောင်လောက် ဆတ်တကောင်လောက်ကို ကြိုးကွင်းပစ် ဖမ်း တတ်သည်။
ဆက်ရန်
.

3 comments:
Thanks!
so thanks ama
Thank you
Post a Comment