ကျွန်တော့်မိဘများသည် လူများကို ကူညီရန် ဘာလိုအပ်သည် ကို သိထားပြီးသူများဖြစ်သည်။ သူတို့သည် အမြဲသဖြင့် သူတစ်ပါးလုပ်ဖူးသောလမ်းက ခွဲထွက်သည့် စီမံကိန်းများကို ရှာဖွေ လုပ်ကိုင်ကာ ထို လုပ်ငန်း များတွင် ဘ၀ကို ပုံပေးထားခဲ့သူများဖြစ်သည်။ ထိုင်းနိုင်ငံ ကျေးလက် ဒေသဘက်၌ လည်း ကျောင်းသား ငါးဆယ်ဆံ့ အိပ်ဆောင်တစ်ဆောင်ကို အကုန်အကျခံ ဆောက်လုပ်ပေးခဲ့သည်။ ရည်ရွယ်ချက်မှာ ကျောင်းသူ ကလေးများသည် ကျောင်းမှာပင်နေ၊ ကျောင်းမှာပင်အိပ်၊ ကျောင်းမှာပင် စားရသောအားဖြင့် ပြည့်တန်ဆာ ဘ၀ရောက်မည့် အန္တရယ် မှ ကင်းဝေးစေရန် ဖြစ်သည်။
ကျွန်တော့်မိခင်သည် အလွန်တရာ လှူချင်တန်းချင်စိတ်ရှိသူ ဖြစ်သည်။ ကျွန်တော့်ဖခင်ကလည်း စွန့် ကြဲ နေရလျှင် ပျော်နေသူဖြစ်သည်။ ကျွန်တော်တို့က မြို့ဆင်ခြေဖုံးတွင် နေချင်ကြသော်လည်း ကျွန် တော့် ဖခင် ကမူ ဖျင်ကြမ်းထည်မျိုး နှင့် ဘယ်မှာ နေရ နေရ ပျော်နေသူဖြစ်သည်။ ဤအရာမျိုးနှင့်စပ်လျှင် ကျွန်တော် တွေ့ဖူး မြင်ဖူး သမျှ လူများတွင် ကျွန်တော့်ဖခင်သည် ခရစ်ယာန်အဖြစ်ဆုံး ဖြစ်သူ ဟု ကျွန်တော် ထင်ပေသည်။
ကျွန်တော့်ဖခင်သည် လူမှုရေးအဆင့်တူ ရှိမှုကို ကာကွယ်ပြောဆိုသူတစ်ဦးဖြစ်သည်။ သူသည် မေမေ့လို မဟုတ်ဘဲ ဘာသာရေး ဆိုရုံနှင့် အလွယ်တကူ လက်ခံချင်သူ မဟုတ်ပေ။ (ကျွန်တော်တို့ မိသားစုသည် ပရက်ဘီတေးရီယန် ခေါ် အင်္ဂလီကန်အသင်းတော်ဝင်များ ဖြစ်ကြသည်။) သူက အကြီးကျယ်ဆုံး စံမျိုး ကို သာ အလေးပေးတတ်သူ ဖြစ်သည်။ အခွင့်ရေးတူရှိမှု ဆိုသည့် အကြီးမားဆုံး ရည်မှန်း ချက်သည် အလွန် မြင့်မား သည်။ သူ့ မျှော်လင့်ချက်များမှာလည်း မကြာခဏ ပျက်ပြယ်သွားတတ်သည်။ သို့ပင်ဖြစ်သော်လည်း သူသည် ပြင်းပြသော အကောင်းမြင်သမားတစ်ဦး ဖြစ်နေဆဲပင် ဖြစ်သည်။

ကျွန်တော့်ဖခင် အသက် ၈၃ နှစ်တွင် သွေးကင်ဆာဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိရသည်။ ကြာကြာမ နေရတော့မှန်း သိသွား၍ ခန္ဓာကိုယ်ကို ဆေးပညာအတွင် အသုံးပြုနိုင်ရန် လှူခဲ့ဖို့ စီစဉ်သည်။ ထို့ပြင် ထိုင်းနိုင်ငံ တွင် သူ ဆောင်ရွက်လျက်ရှိသော အစီအစဉ် ကို ဆက်လုပ်သွားနိုင်ရန် အနည်းဆုံး နောက်ထပ် ခြောက်နှစ် အတွက် ငွေကြေးထုတ်ပေးခဲ့သည်။
ကျွန်တော်၏ နောက်ဆုံးဟောပြောချက် တွင် ပိတ်ကား ပေါ် တွင် ဆလိုက်ထိုး ပြခဲ့သော ကျနော့် ၏ ကလေး ဘဝ ဓာတ်ပုံကို ကြည့်ပြီး သဘောကျသည်။ ထိုပုံ၌ ကျွန်တော် သည် ည၀တ်အိပ်သည့် ခါးရှုံ့ဘောင်းဘီပွ နှင့် ဖြစ်သည်။ ပါးတွင် လက်ထောက်ထားသည်။ ပုံကို မြင်ရုံမျှနှင့် ကြီးကျယ်သော အိပ်မက်မျိုးကို မက်တတ်သည့် ကလေးငယ်တစ်ဦးဖြစ်ကြောင်း ပေါ်လွင်ထင်ရှား နေသည်။
ပုံထဲတွင် ပါသော ကျွန်တော်၏ ခန္ဓာကိုယ်ရှေ့ မှ ပျဉ်ပြားချပ် သည် နှစ်ထပ်ခုတင်၏ ရှေ့ဘက်ပိုင်း ပျဉ်ချပ် ဖြစ်သည်။ လက်သမား အတတ် ကျွမ်းကျင်သည့် ကျွန်တော့်ဖခင် က လုပ်ပေးခဲ့ခြင်းဖြစ်သည်။ ပုံထဲတွင် ပါသည့် ကလေးငယ် (ကျွန်တော်) ၏ မျက်နှာပေါ်တွင် တွေ့ရသော အပြုံး၊ သစ်သား ပျဉ်ချပ်၊ ကလေးငယ် ၏ မျက်စိထဲ ၌ တွေ့မြင်နေရသော ပုံဟန်တို့ကပင်လျှင် ကျွန်တော်သည် မိဘထီ ပေါက်သူ တစ်ဦး ဖြစ်ကြောင်း ကို ပြနေကြပေသည်။
ကျွန်တော့်သားသမီးကလေးများသည် သူတို့ကို ဘ၀တစ်လျှောက်လုံး ကျွမ်းကျင်ထက်မြက်ဖို့ လမ်းညွှန် သွားမည့် သူတို့အား ချစ်ခင်မြတ်နိုး လှသော မိခင်တစ်ယောက်ကို ရရှိသွားကြမည်ဖြစ်သော်လည်း သူတို့ သည် သူတို့၏ ဖခင်ကိုကား ရရှိနိုင်တော့မည် မဟုတ်ပေ။ ကျွန်တော်သည် ထိုအချက်ကို လက်ခံထားပါ ၏။ သို့ရာတွင် ရင်ထဲမှာကား နာကျင်လှသည်။
ကျွန်တော့်ဖေဖေသာ ရှိသေးလျှင် ကျွန်တော့်ဘ၀အတွက် ကျန်သေးသည့် နောက်ဆုံးလပိုင်း အချိန်က လေးကို ကျွန်တော် ကျော်လွှားသွားမည့်နည်းကို ဖေဖေသည် သဘောတူလိမ့်မည်သာ ဖြစ်သည်။ ထို အချက်ကို ကျွန်တော် ယုံကြည်သည်။ ဂျေးအတွက် အစစအရာရာ အစီအစဉ်တကျဖြစ်အောင် လုပ် ထားခဲ့ကွာ၊ တတ်နိုင်သမျှ ကလေးတွေနှင့် အချိန်ကုန်ပါစေ စသည်ဖြင့် (ယခု ကျွန်တော် လုပ်နေသော အရာ များကိုပင်) အကြံပေးပေလိမ့်မည်။ ကျွန်တော်တို့ ဗာဂျင်နီယား ကို ပြောင်းရွှေ့ရခြင်း၏ အဓိပ္ပာယ်ကို လည်း သူ သိမြင် မှာ မုချဖြစ်သည်။
ကျွန်တော့်ဖခင်သည် ကျွန်တော့်အား ဤသို့လည်း သတိပေးနေလိမ့်မည်ထင်၏။ "တခြားဟာတွေ ထက် ပိုအရေးကြီး တဲ့ အချက်က ကလေးတွေက တို့မိဘများက တို့ကို တကယ်ချစ်ကြတာကလား ဆိုတာ ကို သိဖို့ လိုတယ်ကွ။ အေး အဲဒီလို ဖြစ်ဖို့အတွက် သူတို့ မိဘတွေက မသေဘဲ နေသွားရမှာတော့ မဟုတ်ဘူးပေါ့ ကွာ"

အခန်း ၅
စိုက်ပျိုးမွေးမြူခြံအိမ်ထဲမှ ဓာတ်လှေကား
စိုက်ပျိုးမွေးမြူခြံအိမ်ထဲမှ ဓာတ်လှေကား
ကျွန်တော့်စိတ်ကူးမှာ အမြဲသဖြင့် လက်တွေ့ဖြစ်နိုင်ဖို့ အတော်ကလေး ခက်နေတတ်သည်။ ထို့ကြောင့် ကျွန်တော် အထက်တန်းကျောင်းသားဘ၀တွင် ကျွန်တော် ဖြစ်ချင်သော ဆန္ဒကို ကျွန်တော့် ကလေး ဘ၀ အိပ်ခန်းထဲ မှ နံရံပေါ်တွင် ထင်းခနဲပေါ်နေအောင် ရေးထားမည်ဟု စိတ်ကူးမိသည်။
ကျွန်တော် က မိဘများ၏ ခွင့်ပြုချက်တောင်းသည်။
"ကျွန်တော့်နံရံပေါ်မှာ ကျွန်တော် ရေးဆွဲချင်တာတွေကို ရေးဆွဲထားချင်ပါတယ်"ဟု ကျွန်တော်က ပြော သောအခါ "ဘယ်လိုဟာတွေလဲ" လို့ မိဘများက ပြန်မေးပါတယ်။
"ကျွန်တော့်အတွက် အရေးကြီးတာတွေပေါ့။ ကျွန်တော့်အတွက် ကောင်းမယ်ထင်တာတွေပေါ့။ ကျွန် တော် အမြဲတန်း ကြည့်လို့ ရမယ်လေ" ဟု ကျွန်တော်က ပြန်ပြောပါသည်။
ဤမျှပြောလိုက်သည်ဆိုလျှင် ကျွန်တော့်ဖခင်သည် ချက်ခြင်း သဘောပေါက်လေသည်။ ထို့ကြောင့်ပင် သူသည် အလွန်တော်သည်ဟုပင် ဆိုရပါမည်။ သူက ပြုံးကြည့်ရုံကြည့်ကာ တီထွင်မှုကို အားပေး လေသည်။ ကျနော် တို့၏ စိတ်ထက်သန်မှု မီးပွားကလေးများက မီးပုံကြီးအဖြစ် ထတောက်လာမှာကို ကြည့် မြင်လိုသူ လည်း ဖြစ်သည်။ ထို့ပြင် ကျွန်တော့်ကို လည်း နားလည်၏။
ကျွန်တော်သည် သမားရိုးကျမဟုတ် သော နည်းများဖြင့် မိမိကိုယ်ကို ဖော်ပြဖို့လိုမည်ဟု သူ နားလည်သည်။ ထို့ကြောင့် ကျွန်တော့်ဖခင်က ကျွန်တော်၏နံရံတွင် ရေးဆွဲမည်ဟူသော စွန့်စားခန်းသည် တကယ့် စိတ်ကူးကောင်း ဟု ယူဆသည်။
ကျွန်တော့်မိခင်မှာမူ ကျွန်တော်၏စွန့်စားခန်း တစ်ခုလုံးပေါ်တွင် စိတ်အထက်သန်ကြီး မဟုတ်လှပေ။ သို့ရာတွင် ကျွန်တော် အရမ်းစိတ်လှုတ်ရှား နေသည်ကို မြင်တွေ့ရသောအခါတွင်မူ မဆိုင်းမတွပင် သဘောတူ လိုက်လေသည်။ ထို့ပြင် သူက ဤလိုကိစ္စမျိုးတွင် ဖေဖေကသာ အနိုင်ယူသွားတတ် ကြောင်း ကိုလည်း သိထားပေရာ သူက အေးအေးချမ်းချမ်းနှင့် လက်လျှော့ပေး လိုက်ရခြင်းဖြစ်သည်။
ကျွန်တော့်အစ်မ တမ်မီ နှင့် ကျွန်တော့်သူငယ်ချင်း ဂျက်ရှရစ်ဖ်တို့၏ အကူအညီဖြင့် ကျွန်တော့်အိပ်ခန်းနံ ရံပေါ်တွင် ရေးခြယ်ခြင်းကို နှစ်ရက်ကြာမျှ လုပ်ခဲ့ရသည်။ ကျွန်တော့်ဖခင်သည် ဧည့်ခန်းထဲ၌ ထိုင်ကာ သတင်းစာဖတ်ရင်း ကျွန်တော် ဘာတွေလုပ်မည်ကို စိတ်ရှည်လက်ရှည် စောင့်ကြည့်နေခဲ့သည်။ ကျွန် တော့် မိခင်ကမူ စင်္ကြံလမ်းတွင် ရစ်သီရစ်သီလုပ်ကာ လုံးဝဂဏှာမငြိမ် ဖြစ်နေခဲ့၏။ ဘာများမြင်ရလေ မလဲဟု ခိုးကြောင်ခိုးဝှက် ကြည့်နေခဲ့၏။ သို့သော်လည်း ကျွန်တော်တို့သည် အခန်းထဲမှာ အလုံပိတ်၍ နေ နေလိုက်ကြသည်။ ရုပ်ရှင်ထဲမှာ ပြောလေ့ရှိကြသည့် ကလို့စ်ဆက် ဆိုတာမျိုး ဖြစ်လေသည်။
ကျွန်တော်တို့ ဘာတွေကိုများ ရေးခြယ်ခဲ့ပါသနည်း။
ဟုတ်ကဲ့၊ ပြောပါမည်။ ကျွန်တော်သည် နံရံပေါ်တွင် မသိကိန်းပါသည့် နှစ်ထပ်ကိန်း ညီမျှခြင်းတစ်ခုကို ဆခွဲကိန်းခွဲသော အင်္ချာဖော်မြူလာတစ်ခု ရှိနေစေချင်၏။ ထိုသို့သော သင်္ချာညီမျှခြင်းတွင် မသိကိန်း တစ်ခု၏ အမြင့်ဆုံးပါဝါသည် နှစ်ထပ်ကိန်းတစ်ခု ဖြစ်သည်။ ကျွန်တော်သည် တံခါးနားတွင် ကပ်လျက် အောက်ပါဖော်မြူလာကို ရေးခြယ်ထားလိုက်သည်။
ဂျက်နှင့် ကျွန်တော်တို့သည် ငွေရောင်ဓာတ်လှေကား တံခါးပုံကြီးကို ရေးခြယ်ကြသည်။ တံခါး၏ လက်ဝဲဘက်တွင် အပေါ်၊ အောက် ဟူသော နှိပ်စေ့ခလုပ်ပုံများကို ဆွဲကြသည်။ တံခါးအထက်၌ တစ် မှ ခြောက် အထိ အထပ်နံပါတ်များ တပ်ထားသော မှန်ကူကွက်ပုံတစ်ခုကို ဆွဲလိုက်သည်။ နံပါတ် ၃ ကို တောက်ပြောင်သည့် အရောင်ဖြင့် ခြယ်ထားလိုက်၏။ ကျွန်တော်တို့သည် စိုက်ပျိုးမွေးမြူရေးခြံ အိမ်ကြီး တစ်လုံးတွင် နေသည်။ (ထိုအိမ်ကတော့ တစ်ထပ်သာရှိပါသည်။) ထို့ကြောင့် ကျွန်တော်က စိတ်ကူး ခပ်ယဉ်ယဉ်နှင့် ခြောက်ထပ်အိမ်ကဲ့သို့ ပြုလိုက်ခြင်းဖြစ်သည်။ သို့ရာတွင် ယခု ပြန်စဉ်းစားကြည့်သော အခါ ငါ့နှယ် ဘာကြောင့်များ အထပ်ရှစ်ဆယ်၊ ကိုးဆယ် အိမ်မျိုး မဆွဲခဲ့မိပါလိမ့်ဟု တွေးမိသည်။
ကျွန် တော်သည် သို့နှယ် ကြီးကြီးကျယ်ကျယ် စိတ်ကူးယဉ်သမား ဖြစ်ခဲ့ပေလျက် ဘာကြောင့်များ ကျွန်တော် ၏ ဓာတ်လှေကားသည် သုံးထပ်တွင် ရပ်ထားခဲ့မိပါလိမ့်။ ကျွန်တော်၏ဘ၀တွင် စိတ်ကူးနှင့် လက်တွေ့ မျှနေသည့် သဘော၏ သင်္ကေတလက္ခဏာပင်လော မပြောတတ်ပါပေ။
ကျွန်တော့်မှာ ပန်းချီဆရာ၏ ကျွမ်းကျင်မှုမျိုး နည်းလှသဖြင့် အခြေခံ ဂဲသြမေတြီပုံမျိုးတွေဆွဲတာ အ ကောင်းဆုံးဖြစ်မည်ဟု ကျွန်တော် ထင်သည်။ ထို့ကြောင့် ကျွန်တော်သည် ဆူးတောင်ပါသော ဒုံးပျံ ယာဉ် ရိုးရိုးပုံ ကို ဆွဲလိုက်သည်။ ကျွန်တော်သည် စနှိုးဝှိုက်၏ကြည့်မှန်ကိုလည်း ဆွဲသည်။ "သင်သည် အလှဆုံး ပါဟု ကျွန်ုပ် ပြောခဲ့ပါလျှင် ကျွန်ုပ် လိမ်ပြောခဲ့ကြောင်း သတိရပါ" ဟူသော စာကြောင်းကို လည်း မှန်တွင် ရေးထားလိုက်သည်။
ဂျက်နှင့် ကျွန်တော်သည် မျက်နှာကြက်တွင် "ကျွန်တော် ထပ်ခိုးပေါ်မှာ ပိတ်မိနေသည်" ဟူသော စာ ကို ရေးကြသည်။ ကျွန်တော်တို့သည် အက္ခရာများကို နောက်ပြန်စီ၍ ရေးကြ၏။ ထို့ကြောင့် ကျွန်တော် တို့က တစ်ဦးဦးအား ထပ်ခိုးပေါ်မှာ အကျဉ်းချထားသဖြင့် ထိုသူက အကူအညီတောင်းသော စကားကို ရေးထားဘိသကဲ့သို့ ရှိနေလေသည်။
ကျွန်တော်သည် စစ်တုရင်ကို ၀ါသနာပါသည်။ ထို့ကြောင့် တမ်မီက စစ်တုရင်ရုပ်များကို ရေးဆွဲသည်။ (ကျွန်တော်တို့ အထဲမှာ ပုံဆွဲပါရမီဥာဏ်ကောင်းသူမှာ သူသာ ဖြစ်သည်။) တမ်မီက ထိုပုံများကို ရေးဆွဲ နေစဉ်မှာ ကျွန်တော်က ကျွန်တော်၏နှစ်ထပ်ခုတင်၏နောက်တွင် ရေငုပ်သင်္ဘောတစ်စင်း ရေထဲ၌ငုပ် နေပုံကို ရေးဆွဲသည်။ ကျွန်တော်သည် အိပ်ရာခင်း၏အထက်တွင် ရန်သူသင်္ဘောများကို ရှာကြည့်နေ သည် ပယ်ရီစကုတ်တစ်ခု၏ပုံကိုလည်း ဆွဲလိုက်သည်။
ကျွန်တော်သည် ပန်ဒိုရာ၏သေတ္တာဟူသော ပုံပြင်ကို အတော်သဘောကျသည်။ ထို့ကြောင့် ကျွန်တော် နှင့် တမ်မီတို့သည် ထိုပုံပြင်ပါ သဘောကို ကျွန်တော်တို့နည်း ကျွန်တော်တို့ဟန်ဖြင့် ရေးဆွဲကြသည်။ ဂရိ ဒဏ္ဍာရီတွင် ဇုစ် နတ်မင်းကြီးက ပန်ဒိုရာအား သေတ္တာတစ်လုံးပေးလိုက်သည်။ ထိုသေတ္တာထဲတွင် ကား လောကရှိ မကောင်းတာဟူသမျှ အကုန်ပါ၏။ သေတ္တာကို မဖွင့်ဖို့ နတ်မင်းကြီးက မှာလိုက်သော် လည်း ပန်ဒိုရာသည် မလိုက်နာ။ သေတ္တာ၏အဖုံးကို လှပ်လိုက်သည့်အခါ မကောင်းတာတွေ အကုန် ထွက်လာကြပြီး တစ်လောကလုံးသို့ ပျံနှံ့သွားလေတော့သည်။ ကျွန်တော်သည် ထိုပုံပြင်၏အကောင်း မြင် သဘောဖြင့် အဆုံးသတ်ထားပုံကို သဘောကျသည်။
သေတ္တာထဲမှ မကောင်းတာတွေ အကုန် ထွက်သွားသောအခါ သေတ္တာအောက်ခြေမှာ ကျန်နေသည်ကား "မျှော်လင့်ချက်" ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်ကလည်း ကျွန်တော်၏ ပန်ဒိုရာသေတ္တာထဲတွင် Hope (မျှော်လင့်ချက်) ဟူသော စကားလုံး ကို ရေးထည့်ထားသည်။ သို့ရာတွင် ဂျက်က Hope ကို မြင်ရသည့်အခါ Hope အထက်က Bob ကို မရေးဘဲ မနေနိုင်ဖြစ်သွားသည်။ ကျွန်တော့်သူငယ်ချင်းများ ကျွန်တော့်အခန်းထဲသို့ လာကြသည့်အခါ အဘယ့်ကြောင့် သည် Bob ဟူသော စကား သည်မှာ ရောက် နေပါလိမ့်ဟု စဉ်းစားမိကြမြဲဖြစ်သည်။ ထို့ နောက်မှသာလျှင် မျက်လုံးက တစ်နေရာကို ရွေ့သွားကြသည်။
ထိုသို့သော စာများရေးသားခဲ့ချိန်မှာ ၁၉၇၀ ပြည့်လွန် နှောင်းပိုင်းနှစ်များတွင် ဖြစ်သည်။ ကျွန်တော် သည် ကျွန်တော်၏တံခါးပေါ်တွင် Disco Sucks! ဟူသော စကားလုံးများကို ရေးထားသည်။ နောက်က စကားလုံးကိုကြည့်၍ ကျွန်တော့်မိခင်က ရုန့်ရင်းသောစကားဟု အထင်ရောက်သည်။ တစ်နေ့တွင် ကျွန် တော် မမြင်ခိုက်တွင် ကျွန်တော်မိခင်က sucks ဟူသော စကားလုံးပေါ်တွင် ကျွန်တော်မသိအောင် တိတ်တဆိတ် ဆေးသုတ်လိမ်းသွားသည်။ ကျွန်တော့်မိခင်သည် ကျွန်တော် ရေးခဲ့သည်များကို တည်း ဖြတ် ခဲ့သည်မှာ ထိုတစ်ကြိမ်သာ ဖြစ်ပါသည်။
ကျွန်တော့်ထံ ရောက်လာကြသည့် သူငယ်ချင်းတိုင်းသည် "မင်းမိဘတွေက မင်း ဒီလိုလုပ်တာတွေကို လိုက်လျောနိုင်တာ ငါ့ဖြင့် မယုံနိုင်အောင် ဖြစ်ရတယ်" ဟု အမြဲပြောလေ့ရှိသည်။
ထိုစဉ်အခါတုန်းက ကျွန်တော့်မိခင်သည် သိပ်သဘောကျလှသည် မဟုတ်သော်လည်း အခန်းပေါ်မှာ ဆေးသုတ် ၍ ဖျက်ခြင်းမျိုးကိုကား မပြုခဲ့ပါ။ ကျွန်တော် ထိုအခန်းထဲမှ ပြောင်းခဲ့ပြီးနောက် ဆယ်နှစ်၊ အနှစ် နှစ်ဆယ် တိုင်အောင်အထိ ထိုအခန်းကို ဆေးသုတ်ခြင်းမျိုးကို မလုပ်ခဲ့ပါ။
တကယ်တော့လည်း အချိန်တွေ ကုန်လွန်လာသည်နှင့်အမျှ ကျွန်တော့အခန်းသည် အိမ်သို့ အလည်အပတ် ရောက်ရှိလာကြသူ တို့ အိမ်ကို လှည့်ပတ်ကြည့်မည်ဆိုလျှင် အဓိက အာရုံစိုက်ကြည့်ရှုရသည့်နေရာ ဖြစ်ခဲ့လေသည်။ ကျွန် တော့်အမေလည်း အမှန်အတိုင်း သိမြင်လာသည်။ လူတွေက ဒီဟာကို တကယ်ပင် ကောင်းလှသည် ဟု ထင်ကြပေတကား။ တော်ပါပေသည်။ သည်လိုဟာတွေလုပ်ဖို့ ခွင့်ပြု လိုက်လျော နိုင်ပါပေသည်ဟု လူတွေက ငါ့ကို ထင်ကြပေတကားဟု မေမေ သဘောပေါက်သွားခြင်း ဖြစ်ပေသည်။
အဖေ အမေ ဖြစ်နေကြသူတွေကို ပြောချင်ပါ၏။ သင်တို့၏ သားသမီးကလေးငယ်များသည် သူတို့၏ အိပ်ခန်း မှာ ဆေးခြယ် ပုံဆွဲကြမည်ဆိုပါလျှင် သူတို့အား လုပ်ခွင့်ပေးလိုက်ပါဟု ကျွန်တော် တောင်းပန် ချင်ပါသည်။ ငါတို့အိမ်ကို ပြန်ရောင်းရင် တန်ဖိုးကျသွားမှာပေါ့ဟု တွေးပူမနေကြပါနှင့်။ အဆင်ပြေသွား မှာပါ။
ကျွန်တော်သည် ကျွန်တော် ကလေးဘ၀က နေထိုင်ခဲ့သည့်အိမ်ကို ဘယ်နှစ်ကြိမ် အလည်သွားခဲ့မိမှန်း မသိပါ။ သို့ရာတွင် ကျွန်တော် ထိုနေရာသို့ရောက်သွားတိုင်း ကျွန်တော့်အဖို့ လက်ဆောင်တစ်ခု ရသလို ပါပင်။ ကျွန်တော် ရောက်သွားတိုင်း ကျွန်တော့်ဖခင် လုပ်ပေးခဲ့သော နှစ်ထပ်ခုတင်ကလေးပေါ်မှာပင် အိပ်ဆဲ ဖြစ်ပါသည်။ ကျွန်တော်သည် ကျွန်တော် ထင်ရာမြင်ရာလုပ်ခဲ့သော နံရံကိုကြည့်ပြီး ကျွန်တော့် မိဘများ ကျွန်တော့်အား ကျွန်တော် လုပ်ချင်ရာ ခွင့်ပြုလိုက်လျောခဲ့ပုံကို ပြန်စဉ်းစားမိပါသည်။ထိုသို့ စဉ်းစားမိရင် ငါသည် အမိ အဖ ရတာ ကံကောင်းလှပေတကားဟု တွေးရင်း ကျေနပ်သဘောကျကာ အိပ်ပျော်သွားလေ့ရှိပါသတည်း။
Bob Hope
အခန်း (၆) ဇီးရိုး-ဂျီ သို့ ရောက်ခဲ့ခြင်း ဆက်ရန်
.

2 comments:
မမရေ...အခန်းဆက်လေးမို့
စောင့်မျှော်အားပေးလျှက်ပါ။
ကောင်းသောနေ့လေးဖြစ်ပါစေ။
Thanks, Sis.
Ray
Post a Comment