Thursday, March 31, 2011

နှုတ်ဆက်စကား

မန်းမှာ နေပူပူနဲ့ဆိုတော့ ဘယ်မှ မသွားဖြစ် မလာဖြစ်ပါဘူး ဒါပေမယ့် စည်းစိမ် လက်ကလေး နဲ့ လျှောက်လည် နေတာ အတော်ကြာပါပြီ။ ခြေထောက်နဲ့သွားတာ မဟုတ်တော့ လူကလည်း တနေ့တခြား ၀ိတ် တွေ တက်လာတာ မှန်တောင် မကြည့်ရဲပါဘူး ။ 

မကြီးမငယ်နဲ့ ကင်းမြီးကောက် ထောင်ပြီး လျှောက်သွားတယ် တလွဲ မတွေးကြပါနဲ့ဗျာ ။ ကီးဘုတ်ကလေး တခြောက်ခြောက် နဲ့ မျက်လုံး ဒေါက်ထောက်ပြီး လည်တဲ့အလည်ဟာ တနေ့ တနေ့ မိုင်နဲ့တွက်ရင် နဲမှာ မဟုတ်ပါဘူး။ တကယ့် ပကတိ အစစ်အမှန် နီးပါးတူတဲ့ ဘ၀တွေထဲမှာ  ငုတ်တုတ် ထိုင်ရင်း ပျော်စရာ ရှိ ပျော်လိုက် ၀မ်းနည်းစရာရှိ ၀မ်းနည်းလိုက် ဒေါထစရာရှိ ဒေါထလိုက်နဲ့ E သံသရာ စက်ဝိုင်းထဲ မျောနေတာ ကြာပေါ့ ။

အပြင်မှာ ဟင်း ဘယ်လောက်မကောင်း မကောင်း ဘလော့ထဲမှာ ရှယ်ချက်တင်နေကြတာဆိုတော့ ထမင်း ပန်းကန် ကိုင်ပြီး ဘလော့ရှေ့ ဖွဘုတ်ရှေ့ချပြီး စားတတ်ခဲ့ပြီ။
မျက်စေ့ အောက်ရှေ့မှောက် အလဲလဲ အပြိုပြို ဖြစ်သွားတဲ့ ဂျပန်ငလျှင်၊ မြန်မာနယ်စပ် ငလျှင်တွေ ကို ကြည့်ပြီးတော့ တရားသံဝေဂ မယူတတ်ခဲ့ပြီ။  ငလျှင်သတင်းဖတ်ရင်း စည်းစိမ်ရှင်ကတော့  ဖတ်ဘူးခဲ့တဲ့ စာတိုပေစ လေးတခုကို သတိရနေတယ်။

ရူပဗေဒ ပညာရှင် Richard Feynman ပြောတာပါ။ လူတွေက နောက်ဆုံးကျတော့ သူတို့ကို ဖျက်ဆီး ပစ်မယ့် သူတို့ ထိန်းချုပ်နိုင်စွမ်း မရှိ တဲ့ အရာ တခုကို တီထွင်ခဲ့ကြတယ်တဲ့ဗျာ။ ဘာမှ မလုပ်ခဲ့ကြရင်တော့ ကျွန်တော် တို့ဟာ နျူကလီးယား ကို ရင်ဆိုင်ရမှာ မဟုတ်ပါဘူးတဲ့ အခုတော့ မဟာပျံ့နှံ့မှုကြီးကို ရင်ဆိုင် ရမှာ ဖြစ်ပါတယ်တဲ့။

ပြီးတော့ ပြောသေး တယ် အနာဂါတ် ၂မျိုးနဲ့ ရင်ဆိုင်ရလိမ့်မယ်။ တခုက ဘယ်တုန်းကမှ မကြုံဖူးတဲ့ လူသား မျိုးနွယ် ပျက်သုဉ်းခြင်း၊ နောက်တခုက တနေ့တည်းမှာ မြို့ကြီး တမြို့ နှစ်မြို့ ပျက်စီး ဆုံးရှုံးပြီး လူသန်းပေါင်း များစွာ သေဆုံးသွားပြီးတဲ့နောက် လူသားတွေက လစ်ဘရယ်ဒီမိုကရေစီကို အခြေအမြစ် ကစလို့ ဖျက်ဆီး ပစ်လိုက်ပြီး လူသားမျိုးနွယ်ကို ဆက်လက်ထိန်းသိမ်းဖို့ တင်းကျပ်တဲ့ အာဏာရှင် စနစ်ဆီ ပြန်လှည့်သွားမယ့် အရေး ဖြစ်ပါတယ်တဲ့။ 

အိုးဟိုးးးးဒါကြောင့် စည်းစိမ်တို့က ခေတ်လွန်ကမ္ဘာထဲမှာ ရောက်နေတာကိုး။ ပြီးတော့ ပြောသေးတယ် တတိယ ကမ္ဘာဆိုတာ မရှိနိုင်တော့ဘူးလား ဆိုတော့ နျူကလီးယား ပျံ့နှံ့မှုကို ထိန်းချုပ်ထားနိုင်တာ အောင်မြင်မှု ရှိ ၊ မရှိပေါ်မှာ မူတည် နေပါတယ်တဲ့။ လူသားမျိုးနွယ် ပျက်သုဉ်းမယ့် အလားအလာ အတိအကျ ကို ဘယ်သူမှ မသိရှိ ကြပါဘူး။  ကဲကဲ …..စည်းစိမ်တို့ စောင့်ကြည့်ရုံမှ တပါး မတတ်နိုင်ပြီ။

နှစ်တိုင်းနှစ်တိုင်း တကယ့် အစစ်အမှန်မဟုတ်တဲ့ ကမ္ဘာလေးထဲကနေ ထွက်ခွါပြီး အစစ်အမှန် ကမ္ဘာလေးထဲက ရိပ်သာကို စည်းစိမ် သွားပါတယ်။ တကယ်တော့ ကိုယ်သိချင်တာလေးတွေကို လက်ကလေး တချက်လှုတ်လိုက်တာနဲ့ သိနေတဲ့အချိန်မှာကိုယ့်စိတ်ကလေး ကိုယ်နားလည်ဖို့ ကိုယ့်ခန္ဓာ အကြောင်း သိဖို့တော့ ကျင့်ကြံနေကြရအုံးမှာပါ။ ( ကလစ်တချက်နှိပ်ရုံနဲ့ သိ မသိ အပြည့်အစုံ ဖတ်ချင် သူတွေ အတွက် လင့် ခ် လေးပါ... http://smartchinateam.com/2011/03/13/data-mining-how-companies-now-know-everything-about-you-by-joel-stein-time-com/
တကယ်ဆိုရင် စာရေးတာထက် ဖတ်ရတာပိုကြိုက်ပါတယ်။ ယခု လတ်တလောဖတ်တဲ့ အထဲက ဒါန နဲ့ပတ်သတ် တာလေး တခု တွေ့တယ်ဗျာ။ စိတ်ပျော်ရွှင်မှုကလွဲပြီး ဘာဆိုဘာမျှမရှိပါဘူးတဲ့။ သြစတေးလျ နိုင်ငံသား သန်းကြွယ်သူဌေးလေးက သူ့ရဲူ့ပိုင်ဆိုင်မှုတွေ အားလုံးကို တခြားသူတွေကူညီဖို့နဲ့  သူ့ကိုယ်သူ အတွက် စွန့်လွတ်တယ်ဆိုဘဲ။  အင်း ဒီစာလေး ဖတ်ပြီး စည်းစိမ်က သနားနေတာ။ အမယ် မင်းကများ ရာရာစစ ဒီလောက် အများကြီး စွန့်လွတ် ထားတဲ့သူ ကိုများ သနားနေရသေး ဟုတ်စ။

ပင်ပမ်းကြီးစွာ ရှာဖွေပြီးတော့ ချမ်းသာကြွယ်ဝ လာရော အဲဒီချမ်းသာတာကြီးက ပျော်ရွှင် ချမ်းမြေ့မှုကို မဖန်တီး ပေးပါဘူးတဲ့ဗျာ။ (ချမ်းသာသောသူများ သတိရှိပါကုန်။ စည်းစိမ်တို့တော့ နာမည်သာ ရှိတာဗျို့ ကြားဖြတ် ကြော်ငြာဝင်တာပါ။) သူပိုင်ဆိုင်သမျှတွေကို ရောင်းချပြီးတော့ ဆင်းရဲချို့တဲ့သူတွေကို ကူညီ ထောက်ပံ့မှုတွေ ပေးမယ်။ သူဌေးလေးကတော့ ဘာကိုမှ မပိုင်ဆိုင်လိုတော့ပါဘူး။ ဒါပေသိ သူ့ရဲ့ ဘ၀သစ်ကလည်း စိတ်ဝင်းစားဖို့ ကောင်းတယ်ဗျ တောင်တန်းတွေပေါ်မှာ နေဖို့အတွက် အ၀တ်အစားနဲနဲ၊ စာအုပ်သေတ္တာ ၂လုံးနဲ့ လက်တော့ တလုံးယူသွားမယ်ဆိုဘဲ။

ဒီလက်တော့ကြီးရှိနေမှတော့ဗျာ ဒုက္ခအိုးလေး ရှိသလိုနေမှာပါဘဲ။ (ဒါကြောင့် သနားတယ်ပြောတာပါ)။ သူတို့ရဲ့ အမြင့်ဆုံးလုပ်နိုင်တာက ဒါနဘဲရှိတာကိုး ဘာဝနာ အဆင့်ထိမှမရှိတာ။ ကျွန်တော် ရိပ်သာ သွားတာ ကို အမတော်ကလည်း ဒုက္ခအိုးလေးသယ်သွားခိုင်းနေပါတယ်ဗျား။ ဒီဒုက္ခအိုးလေးရှိနေမှတော့ ဘယ်လိုသွားပြီး အားထုတ်တော့မလဲဗျာ နော။ သူဌေးလေး နဲ့ လူသားအားလုံး ခန္ဓာ့အကြောင်းသိဖို့ ကျင့်ကြံ ကြိုးကုတ် အားထုတ်နိုင်ပါစေ။

မူရင်း ဖတ်ချင်တဲ့သူတွေအတွက်တော့ လင့်လေးတွေထည့်ပေးထားပါတယ်။  Nothing but Joy (RD Dec 2010) ကပါ ။   http://www.rdasia.com/nothing-but-joy

ကိုယ်သိချင်တာ ဘာမဆို ကီးဘုတ်ကလေးတချက်နှိပ်ရုံနဲ့ ရတယ်လို့ပြောပေမယ့် ကျွန်တော်တို့ တကယ် ၀ယ်ယူလို့မရတဲ့ ကီးဘုတ်လေးနှိပ်ရုံနဲ့ မရတဲ့အရာတွေ အများကြီးပါ။ နေ့စဉ်တရားအားထုတ်တဲ့အလုပ် ၊ ဆွေမျိုးညာတကာတွေကို  စောင့်ရှောက်တာ၊ လုပ်ငန်းကိုင်ငန်းတွေ တဖြည်းဖြည်းကြီးပွား အောင်လုပ်တာ သို့မဟုတ် ကျန်းမာရေးတိုးတက်အောင်လုပ်ရတာတွေ.......အများကြီးပါ။ 

အခုတော့ ကျွန်တော်တို့ဟာ အစစ်အမှန်မဟုတ်တဲ့ ကမ္ဘာထဲမှာ ပျော်ရွှင်နေကြတာ။ ကျွန်တော်တို့ အားလုံးက ကမ္ဘာအတုလေးရဲ့ အကျဉ်းစံလေးတွေဖြစ်မှန်းမသိဖြစ်နေကြတာ သတိပြုဖို့ ကောင်းပါ တယ်။ 

ကိုယ့် စိတ်အကြောင်း ကိုယ့် ခန္ဓာအကြောင်းလေးသိဖို့ ငွေတွေ အများကြီးပေးပြီးမှ ယောဂကျင့်စဉ်လိုမျိုး သင်တန်းတွေ တက်နေကြတာ၊ မြန်မာနိုင်ငံမဟုတ်တဲ့ တချို့နေရာ ဒေသ တွေမှာ ရိပ်သာဝင်ဖို့ ငွေတွေ အများကြီး ပေးကြရတာ ကို ဖတ်ရတော့လည်း တကယ်သနားပါတယ်။ ကျွန်တော်တို့ မန္တလေး မြို့ က မိုးထိအောင်စည် ရိပ်သာ လေးကို လာခဲ့ပါ။ လူ ပါဖို့ဘဲ အရေးကြီးတာပါ။ ကျန်တာ ဘာမှ မလိုအပ်ပါဘူး။ စားသောက်၊ နေထိုင် စရိတ် အစစအရာရာ အားလုံး ရိပ်သာကတာဝန် ယူပါတယ်။ ဇွန်းတပ် ပြီး အဆင့်သင့် စားသောက်နိုင်ပါတယ်။ အလှူ မခံပါဘူး။  အဓိက ကိုယ့် တာဝန်က ကိုယ့်တရားကိုယ် စိတ်အေးလက်အေး အားထုတ်ရုံပါ။ အချိန် ရရင်တော့ ဒီအလုပ်ကလေးကို လုပ်ဖို့ အတွက် ဖိတ်ခေါ် ပါတယ်။

ဘလော့ကြွလာ ဆွေသဟာများ နဲ့ ဘလော့ဂါများအားလုံး ကို လေးစားခင်မင်စွာဖြင့် နှစ်သစ် အတွက် ကြိုတင်နှုတ်ဆက် ခဲ့ပါတယ်... အားလုံး စိတ်နှလုံးချမ်းမြေ့ကြပါစေ...။

လေးစားစွာဖြင့်
စည်းစိမ်ရှင်
.
>>>ဆက်ဖတ်ရန်>>> >>

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၂၈)

ကျွန်တော်သည် တက္ကသိုလ်ရှိ ဌာနအသီးသီးမှ ဘွဲ့ကြို ကျောင်းသားငါးဆယ်တို့ဖြင့် သင်တန်းကို ဖွင့်လှစ်သည်။ အင်္ဂလိပ်စာ အဓိက ကျောင်းသား ပန်းပုသမား၊ အင်ဂျင်နီယာ၊ သချာင်္အဓိက သမားတို့ရော ကွန်ပြူတာ သမားများပါ အစုံပါသည်။ ကာနက်ဂီမယ်းလွန် တက္ကသိုလ်တွင် ချမှတ်ထားသော အမျိုးမျိုးသော စည်းမျဉ်း စည်းကမ်းများသည် ကိုယ့်ဌာန၌ ကိုယ့်သဘောဖြင့် ဘယ်လိုပင် သတ်မှတ်ထားနိုင်သည်ဆိုစေ ဤကျောင်းသားများ လျှောက်ရမည့် လမ်းကိုကား ကျော်ဖြန်ရန် အကြောင်းမရှိပါ။ ကျွန်တော်တို့သည် တွဲဖက်ပေး၍ ဖြစ်နိုင်ဖွယ်မရှိသော ဤကျောင်းသား များကို ဟိုလူ နှင့် သည်လူ တွဲပေး၏။ သူတို့ တစ်ဦးချင်း တစ်ယောက်တည်း ဖြင့် မလုပ်နိုင်သော အလုပ်များကို အတူပူးပေါင်း၍ လုပ်စေ၏။

အဖွဲ့များ ဖွဲ့ပေးထားရာ တစ်ဖွဲ့လျှင် လူလေးယောက် ပါသည်။ ကျပန်းရွေး၍ ဖွဲ့ပေးခြင်းဖြစ်သည်။ သီတင်းနှစ်ပတ်ကြာလုပ်ရမည့် လုပ်ငန်းစီမံချက်များ ပြီးချိန်အထိ ထိုအဖွဲ့ဝင်များ အတူတွဲ၍ နေရသည်။ 'ပကတိ နီးပါး တူသော လောကတစ်ခုကို တည်ဆောက်ပြပါ' ဟူ၍ ကျွန်တော်က သူတို့အား ခိုင်းသည်။ ဤသို့ဖြင့် သူတို့သည် တစ်ခုခုကို ပရိုဂရမ် ဆွဲတာကို ကျန်လူများအား လိုက်ပြသည်။ ထိုသို့ လုပ်ငန်းတစ်ခု ပြီးသွားသည့် အခါ ကျွန်တော်က အဖွဲ့ များကို လူလဲ၍ပြန်ဖွဲ့ပေးသည်။ ဤနည်းအားဖြင့် ကျောင်းသား များသည် နောင်ထပ် အတူတွဲဖက်လုပ်ရမည့် အဖွဲ့ဝင်သစ်သုံးဦးနှင့် နောက်လုပ်ငန်း တစ်ခုကို ပြန်စ၍ လုပ်ကြရသည်။

ဤပကတိနီးပါးတူသော လောကများကို တည်ဆောက်စေရာတွင် ကျွန်တော်က သူတို့အားစည်းကမ်း နှစ်ချက် သတက်မှတ်ပေးထားသည်။ တစ်၊ ပစ်တာ ခက်တာ မပါရ။ နှစ်၊ ညစ်ညမ်းရုပ်ပုံတွေ မပါရ။ ကျွန်တော် ဤစည်းကမ်းချက်ကို ထုတ်ရခြင်းမှာ ထိုအရာများသည် ကွန်ပျူတာဂိမ်းများတွင် အကြိမ်းပေါင်း ကုဋေကုဋာ လုပ်ကြပြီးသားအရာများ ဖြစ်သောကြောင့်ပင်။ ကျွန်တော်က ပင်ကိုစိတ်ကူးကိုသာ ရချင်သောကြောင့်ပင်။

စားပွဲပေါ်မှ လိင် နှင့် ပစ်တာခတ်တာကို ဖယ်ရှားပေးလိုက်သောအခါ ၁၉နှစ်သား ကျောင်းသားများ လုံးဝ တွေးကြံ မရဖြစ်သွားကြသူ ဘယ်မျှများ သည်ကို တွေ့ရလျှင် သင် အံ့သြမိလိမ့်မည်။ သို့ရာတွင် ကျွန်တော်က ရှိပြီးသား အရာတွေထက် လွန်၍ စဉ်းစာကြည့်ကြစမ်းပါကွာဟု ဆိုလိုက်သောအခါ အများစုသည် မျှော်လင့် မထားသော စွမ်းရည်များကို ပြလာကြသည်။ ကျွန်တော် သင်တန်းစ ပေးသည့်နှစ်မှာပင် ကျောင်းသား များသည် သူတို့၏ ကနဦးလုပ်ငန်း စီမံချက်များကို တင်ပြလာခဲ့ကြရာ ကျွန်တော့်ကိုပင် အနိုင်ယူ သွားကြလေ တော့သည်။

သူတို့ လုပ်ပုံကိုင်ပုံမှာ တကယ်ကိုပင် ကျွန်တော်တောင် စိတ်ကူးလို့မရသော အလုပ်မျိုးများ ဖြစ်နေကြသည်။ ကျွန်တော် အထူး ကျေနပ် သဘောကျမိသည်ကား သူတို့သည် ကွန်ပျူတာ အညံ့စားများဖြင့် ဟောလီးဝုဒ်မှာ လုပ်နေကြသော ဗာချူယယ်ရီယယ်လတီ စံနှုန်းမျိုးရောက်အောင် ပရိုဂရမ် ရေးဆွဲနိုင်ကြခြင်း ဖြစ်သည်။ ဤသို့ဖြင့် ဤကျောင်းသား ကလေးများသည် မယုံနိုင်လောက်အောင်ပင် ကျောက်ကောင်း ရတနာ ကလေးများ ဖြစ်လားကြပေသည်။

ကျွန်တော်တို့ ထိုအချိန်တုန်းက ပါမောက္ခလုပ်လာသည်မှာ ၁၀ နှစ်မျှ ရှိပါပြီ။ BVW ကို စချိန်တုန်းက ကျွန်တော သူတို့ဆီက ဘာကိုမျှော်လင့်ရမည်မှန်း မသိသေးခဲ့ပေ။ သီတင်းနှစ်ပတ်ကြာ လုပ်ရမည့် ပထမဆုံး လုပ်ငန်းတာဝန် သတ်မှတ်ချက် တစ်ခုကို သူတို့အား ပေးလိုက်သည်။ ရလာသော ရလဒ် များကြောင့် အလွန်တရာကျေနပ်မိရပေသည်။ ကျွန်တော်သည် နောက်ထပ် ဘာလုပ်ရမည်ကို မသိသေး။ ဘာလုပ်ရမှန်း မသိသည်နှင့်ပင် ကျွန်တော်သည် ကျွန်တော့်ဆရာ အန်ဒီဗန်ဒမ်းကို သွားတွေ့ရလေသည်။

 'အန်ဒီ၊ ကျွန်တော် ကျွန်တော့်တပည့်တွေကို သီတင်း နှစ်ပတ်အကြာ အလုပ်တာဝန်တစ်ခု သတ်မှတ် ပေးလိုက်တာ တကယ်ပဲ အကောင်းစားရလဒ်တွေနဲ့ ပြန်တင်ပြလာကြတယ်၊ အကယ်၍များ ကျွန်တော်က သူတို့ကို ဒီအလုပ်ကို စာသင်နှစ် တစ်ခုလုံးမှာ ပြီးအောင် လုပ်ကြကွာလို့များ တာဝန်ပေးမိရင် ကျွန်တော် သူတို့ကို အဆင့် အေ တွေနဲ့ချည်း အအောင်ပေးရလောက်တယ်၊ အဲဒီတော့ ကျွန်တော်ဘာလုပ်ရမလဲဟင်'

ကျွန်တော့်ဆရာ အန်ဒီသည် ခဏကြမျှ စဉ်းစာပြီးနောက် ဤသို့ပြော၏။ 'ကောင်းပြီလေ၊ အေး၊ မင်း လုပ်ရမှာက မနက်ဖြန် မင့်စာသင်းခန်းကို မင်းပြန်သွားပါ၊ သူတို့မျက်လုံးထဲကို စိုက်ကြည့်ပြီး တပည့်တို့၊ မင်းတို့လုပ်တာ သိပ်ကောင်းတယ်။ ဒါပေမဲ့ မင်းတို့ ဒီထက်ပို လုပ်တတ်ဦးမယ်လို့ ဆရာသိတယ်လို့ ပြောပါ'

သူ့အဖြေကြောင့် ကျွန်တော် အတော်ကြီးအံ့အားသင့်သွားသည်။ သို့ရာတွင် သူပြောသည့်အတိုင်း လုပ်လိုက်ရာ သူပြောခဲ့သည့်အတိုင်းပင် ဖြစ်လာလေသည်။

ကျောင်သားများ၏ တိုးတက်မှုသည် ဆက်၍ ပြနေသည်။ သူတို့၏ တီထွင်ဖန်တီးမှုများကို ကျွန်တော် လက်ဖျား ခါ ရသည်။ ကျွန်တော် လုပ်ခိုင်းသည့် လုပ်ငန်းများကလည်း အမျိုးမျိုးဖြစ်သည်။ ရေလှိုင်း ဖြူဖြူတွေပေါ်မှာ ဂွန်ဒိုလာ လှေကြီးတွေနှင့် ဗဲနစ်မြို့သို့ ချစ်ခရီးလှည့်သည်မျိုးမှသည် ရိုလာကိုစတာ စီးနေသော နင်ဂျာ သိုင်းသမားများအထိ ဖြစ်သည်။ အချို့ ကျောင်းသားများသည် ကလေးဘ၀တုန်းက စိတ်ကူး ထားခဲ့ကြသည့် ချစ်စဖွယ် သုံးဘက်မြင် သတ္တ၀ါတွေ နေထိုင်ကျက်စားသည့် လူ့လောကတွင် တကယ် တည်ရှိနိုင်ဖွယ် မရှိုသော လောကများကိုပင် ဖန်တီးပြလာကြသေားတော့သည်။

သူတို့အား ခိုင်းထားသည့် လုပ်ငန်းများကို လုပ်လည်း လုပ်ပြရ၊ ပြောလည်းပြောရသည့်နေ့ များတွင် ကျွန်တော်သည် စာသင်ခန်းသို့ လာသည်။ အခန်းထဲ၌ တပည့်ကျောင်းသား ငါးဆယ်သာမက ကျွန်တော် မသိသည့် သူတို့ အခန်းဖော်တွေ၊ သူငယ်ချင်းတွေနှင့် မိဘတွေ နောက်ထပ်လူ ငါးဆယ်လောက် ရောက်နေကြသည်။ ရှေးယခင်က ကျွန်တော့်စာသင်ခန်းသို့ မိဘများ တစ်ခါမျှ မလာဖူးပါ။ ယခုတော့ နည်းလှသည့် လူအုပ်ကြီး မဟုတ်ပါတကား။

ဤသို့ဖြင့် မိမိတို့ လုပ်ငန်များကို သရုပ်သကန်နှင့် လုပ်ပြကြရသည့် နေ့မျိုးများတွင် လူတွေက များများလာသဖြင့် စာသင်ခန်းကြီးသည် လူလေးရာ ကျော်လောက်က ကျောင်းသားများ ဖန်တီး ၍ ပြကြသော ပကတိနီးပါးတူသည့် ဖန်တီးမှု တင်ပြချက်များကို မတ်တပ်ရပ်လျက် လက်ခုပ်သြဘာ ပေးကြသော အခန်းကြီးဖြစ်၍ နေလေ တော့သည်။
ထိုသို့သော တင်ပြချက်နေ့များတွင် မည်သူ၏ ဖန်တီးတင်ပြချက်သည် အကောင်းဆုံးဖြစ်မည်ကို ကျွန်တော်သိသည်။ ကျွန်တော်သိသည် ကျွန်တော်က ကိုယ်ဟန်လက်ဟန်နှင့် ပြောပြတတ်သည်။ တစ်ဖွဲ့တည်းမှ ကျောင်းသားများသည် အချင်းချင်းကပ်လျက် အတူတကွ ရပ်နေကြပါလျှင် သူတို့သည် တစ်ဦး နှင့် တစ်ဦး ချစ်ကြည်နှောင်ဖွဲ့ထားသော ဆက်ဆံရေးမျိုးများ၏ အဖွဲ့က ဖန်တီးထားသော ဖန်တီးချက် များသည် ကြည့်ထိုက်သော လုပ်ဆောင်မှုမျိုးများ ဖြစ်လေတော့သည်။

ဤလုပ်ငန်းနှင့် ပတ်သတ်၍ ကျွန်တော်သဘောအကျဆုံး အချက်ကား အဖွဲ့လိုက် ဆောင်ရွက် တတ်ခြင်းသည် အောင်မြင်မှုအတွက် အချက်အခြား ဖြစ်သည်ဟူသော် အချက်ဖြစ်သည်။ ဤ   ကျောင်းသားများ ဘယ်လောက်အထိ ဖန်တီးလုပ်ဆောင်နိုင် ကြမည်နည်း။ ကျွန်တော် မခန့်မှန်း တတ်ပါ။ သူတို့သည် သူတို့၏ အိမ်မက်များအတိုင်း တကယ်ဖြစ်လာအောင် လုပ်နိုင်ကြပါမည်လော။ ဤအမေး အတွက် ကျွန်တော် အသေချာဆုံးပေးနိုင်သည့် အဖြေကား 'ဒီသင်တန်းမှာ တစ်ယောက် တည်းတော့ လုပ်လို့မရဘူး' ဟူ၍ ဖြစ်ပါသည်။
ကျွန်တော်တို့ လုပ်နေသည့် အလုပ်က နောက်တစ်ထစ် တိုးစေနိုင်သည့် နည်းမျိုးရှိပါသလော။

ပြဇာတ်ပါမောက္ခ ဒွန်မာရီနယ်လီနှင့် ကျွန်တော်သည် တက္ကသိုလ်၏ အားပေးခွင့်ပြုချက်အရ ဤအလုပ်ကို စိတ်ကူးသက်သက်ဖြင့် မိုက်မဲရူးသွပ်စွာ လုပ်ခဲ့ဖူးသည်။ ဖျော်ဖြေရေး နည်းပညာဌာန (အီးတီစီ) [WWW.etc. cmu. edu] ဆိုပြီး လုပ်ကြည့်ခဲ့ကြခြင်းဖြစ်သည်။  သို့ရာတွင် ကျွန်တော်တို့က ထိုအလုပ်ကို အိပ်မက်ကို လက်တွေ့ဖြစ်အောင် လုပ်ပေးသည့် အလုပ်ရုံဟုသာ ထင်မြင်ကြပါသည်။ ထိုအစီစဉ်အရ အနုပညာရှင်များနှင့် နည်းပညာရှင်များသည် အတူတကွ လာရောက်၍ အလုပ်လုပ်ကြရသည်။ လုပ်ရသည့် အလုပ်များမှာ အပန်းဖြေဌာနများတွင် အပျော်စီးကြရသည့် ချားရဟတ်များ၊ ကွန်ပျူတာဂိမ်းများ၊ လူ တိရစ္ဆာန် တို့နှင့် တကယ်တူသည့် ရိုဘော့များနှင့် မိမိတို့ စိတ်ကူးထဲမှာ ပေါ်ရာအလုပ်များ ဖြစ်ပါသည်။

ကျွန်တော်တို့လို မရူးသွပ်သည့် တက္ကသိုလ်များကမူ ဤလိုအရာများနားသို့ မသိကြပါ။ သို့ရာတွင် ကာနက်ဂီမယ်လွန် တက္ကသိုလ်ကမူ ကျွန်တော်တို့အား လုပ်ချင်ရာ လုပ်ခွင့် လိုင်စင်ပေထားပါပေသည်။
ကျွန်တော် တို့ နှစ်ဦးသည် အနုပညာနှင့် နည်းပညာကို ပေါင်းစပ်ရာတွင် သရဖူဆောင်းကြသည်။ ဦးနှောက် ညာခြင်းနှင့် ဘယ်ခြမ်း၊ ပြဇာတ်သမားနှင့် ကွန်ပျူတာသမားတို့ ပေါင်းမိကြခြင်း ဖြစ်သည်။ ဒွန်နှင့် ကျွန်တော် တို့သည် တစ်ယောက်နှင့် တစ်ယောက် မတူကြသည်ကား မှန်၏။ သို့ပင် ဖြစ်သော်လည်း ကျွန်တော်တို့ နှစ်ဦးသည် နှစ်လွှာပေါင်းမှ တစ်ရွက် ဖြစ်ချင်ဖြစ်နေတတ်သည်။ ကျွန်တော်တို့သည် အမြဲသဖြင့် ဘယ်လို လုပ်ရင် ဘာဖြစ်မလဲဆိုသည်ကို ရှာဖွေတတ်သူများ ဖြစ်သည်။

ထိုသို့ ပြုနိုင်ကြခြင်း၏ ရလဒ်ကား ကျောင်းသားများသည် ကျွန်တော်တို့၏ မတူသော နှစ်ယောက်၏ နည်းများစွာမှ အကောင်းဆုံးကို ရရှိသွားကြပါကလား ဟူသော နှစ်ယောက်၏ နည်းများစွာမှ အကောင်းဆုံးကို ရရှိသွားကြခြင်းတည်း။ (ထိုမျှသာမက သူတို့သည် မတူသောသူများ မည်သို့ မည်ပုံ ပူးပေါင်းလုပ်သွားကြပါကလား ဟူသော သူတို့အားကျစရာ စံပုဂ္ဂိုလ်များလည်း ရှိသွားပါသည်။) လွတ်လပ်မှု နှင့်  အဖွဲ့လိုက်လုပ်ဆောင်မှုတို့ကို ပေါင်းစပ်ပေးခြင်းသည် ဖန်းတီးတည်ထောင်မှုတွင် အလွန် စိတ်လှုပ်ရှား ဖွယ် ဖြစ်စေသည်။ ရုပ်ရှင်ကုမ္ပဏီများသည် ကျွန်တော်တို့ အကြောင်းကို သိသွားကြသည်။ ကျွန်တော်တို့ ကျောင်းသားများကို သုံးနှစ်စာချုပ်နှင့် ငုားပါရစေဟု ပြောလာကြသည်။ ထိုသို့ ပြောလာခြင်းမှာ ကျွန်တော်တို့က ၀င်ခွင့်ပင် မရသေးသူများ ကိုပင် ငုားရမ်းလိုသူတို့ ရှိနေပြီဖြစ်ကြောင်း အဓိပ္ပါယ်ပင် ဖြစ်ပါသည်။

ဒွန်သည် အီးတီစီ၏ အလုပ် 70 ရာခိုင်နှုန်းကို လုပ်သည်။ သို့ရာတွင် ထိုထက်မက ချီးကျူးထိုက်ပါပေသည်။ သူသည် သြစတြေးလျတက္ကသိုလ်နယ်မြေပွားတစ်ခုကို ဖန်တီးခဲ့သည်။ ကိုရီးယားနှင့် စင်္ကာပူတို့တွင် တည်ထောင် ဖန်တီးရန်လည်း အစီအစဉ်ရှိသည်။ ကမ္ဘာအရပ်ရပ်ရှိ ကျွန်တော်သိနိုင်မည်မဟုတ်သော ရာပေါင်း များစွာသော ကျောင်းသားများသည် သူတို့ကလေးဘ၀က စိတ်ကူးခဲ့ကြသော စိတ်ကူးအိပ်မက် တကယ်ဖြစ်လာနိုင်ကြတော့မည် ဖြစ်ပေသည်။ ကောင်းလှပေစွ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, March 30, 2011

စူဇကာ ယောက်ျား အပိုင်း (၂)

အခန်း (၃)

အိမ်ရောက်လို့ ဈေးခြင်းလေး ချပြီး ရေတခွက်သောက်မယ် လုပ်တုန်းရှိသေးတယ်... မိန်းမရေ မြန်မြန် ပြင်ဟေ့ ဗိုက်ဆာ နေပြီလို့ အော်သံ ကြား လိုက်ရတော့ သောက်နေတဲ့ ရေတောင် သီးပါရဲ့... ဖွဟဲ့ ဖွဟဲ့ လို့ ကိုယ်ဘာသာ ရွတ်ရင်း မီးဖိုထဲ အပြေး တပိုင်း ဝင်ခဲ့ရတယ်..။

မီးဖိုဘေးမှာ နှပ်ထားတဲ့ ထမင်းအိုးဖုံးပေါ်က မီးသွေးခဲလေးတွေ တောင် ပြာ တော်တော် ဖုံးနေပြီ... ရခါစက ထမင်းချက်ရင် ပေါင်းအိုးနဲ့ ချက်မယ်ပြင်တော့ .. လူကြီးက ..မိန်းမ ရယ် ဖြစ်နိုင်ရင် ထမင်းကို ငှဲ့ချက် ပါ တဲ့.. ကိုယ်က ပေါင်းအိုး နဲ့ ချက်တဲ့ ထမင်း ကို မစားတတ် လို့ပါဆိုလို့ .. ဒုက္ခရောက်ခံပြီး ထမင်းရည်ငှဲ့ ချက် ရတယ်..။

ထမင်း ကို အစေ့ မပျက်အောင် ထမင်းအုပ်ထဲ ခူးထည့်.. ပဲလေး ဖြူး ပြီး ပဲဆီ စစ်စစ်လေး စမ်း ဆားလေး ဖြူးပြီး ဖွဖွလေး နှယ်ထားတယ်...၊ ဝက်သားလေး ပြုတ်ကြော် လုပ်ထားတာကို ကျွပ်အောင်ပြန်ကြော် ပြီး ဂျင်းပြားလေး ကြက်သွန်ဖြူလေး ပါထဲ့ရသေး တယ်… မွှေးကျွပ်နေတဲ့ ဝက်သားကြော်လေး တခွက် ရပြီ ... ပုဇွန်ခြောက် များများ နဲ့ ကြော်ထား တဲ့ ဘာလချောင်ကြော်လေး လည်း ပုလင်းထဲ က နေ ပုဂံထဲ ပြောင်းထည့် ရသေးတယ်... ၊ ကြက်ဥလေး သုံးလုံး လောက် လဲ မကျက်တကျက် ကြော်လိုက် ရသေးတယ်... ။

 အမယ်လေး မေ့လို့ ရေနွေးကျကျလေး ဖောက်ထားအုန်းမှ... ဟော .. ဝင်လာပါပြီ .. ထမင်းစားပွဲ မထိုင်ရသေးဘူး.. အသားကြော်တတုံးကောက်ဝါးလိုက်တယ်.. အင်း စားလိုက်တာ ထမင်းအုပ် တအုပ် ကို ပြောင်တလင်းခါလို့.. ကိုယ့် အတွက် တောင် ဈေးထဲက အမေ နဲ့ မုံဟင်းခါး စားမိခဲ့လို့ တော်ပါ သေးတယ်....။
စားသောက်ပြီး ရေးနွေးခွက်လေး  ကိုင် လဘက်အုပ်လေး မ လို့ အိပဲ့အိပဲ့ နဲ့ ထွက်သွားတယ်... ကော်ဖီ ကျကျလေး လုပ်အုန်း ဟေ့လို့ လည်း အော်သွားလေရဲ့....။

ဒါနဲ့… မင်း အုန်းနို့ခေါက်ဆွဲ က အဆာပလာ တွေ အကုန်ပါရဲ့လားကွ. မုန့်ကျွတ်ကြော် ရော... ငါးဖယ်လေး လည်း ပါးပါးလှီး ထဲ့ အုန်း လို့ ပြောလိုက်သံ ကြားမှ ငါးဖယ် ကို သတိရသွားတယ်… ငါးဖယ် မေ့ခဲ့ပြန်ပြီ ပြေးလိုက်အုန်း ဟဲ့ ဈေးတခေါက်.. ။

ဈေးဘက်ပြန်မထွက်ခင် ကြက်ပြုတ်ရေအိုး လေး မြန်မြန်တည် ထားခဲ့ရသေးတယ်... ပြန်လာရင် တောက်လျှောက် တန်းချက် ရအုန်းမယ်... အုန်းနို့ခေါက်ဆွဲ ကတော့ အုန်းနို့များများ .. အစာ စုံစုံနဲ့မို့ စားမကောင်းမှာ ပူစရာမလိုဘူး.. လို့တွေးရင်း .. ပြေးလိုက်ရ လွှားလိုက်ရ နဲ့ မုန့်ဟင်းခါး လေးတောင် ဘယ်ကြား ကပ်မှန်းမသိ တော့ဘဲ ဆာလာပြန်တယ်.. အင်း အုန်းနို့ ခေါက်ဆွဲ ကျက်မှဘဲ စားပါ တော့မယ်လို့ တွေးရင်း ငါးဖယ်စစ်စစ် လေး အစိတ်သားလောက် ရဖို့ ကို ငါးတန်း ထဲ ခြေတိုအောင် လျှောက်ပြီးမှ ရှားရှားပါးပါး ရခဲ့တယ်... တခါထဲ ဆိုင်မှာဘဲ ပေါက်ခိုင်းလာခဲ့တယ် .. သူ့မှာ ငါးဖယ် ထောင်းချိန် မရနိုင်တော့...။

လေပူ တချက် ကို ဟူးကနဲ နေအောင် ပါးစပ်ကမှုတ်ထုတ်လိုက်ရင်း စိတ်မောတာ က လူမော တာထက် ပိုတယ်လို့ ရွတ်ရင်း ဒီလောက်တောင် အကောင်းကြိုက်တတ်လွန်း တဲ့ စူဇကာကြီး ကို အမြင်ကပ်ကပ် နဲ့…. တော့် အုန်းနို့ခေါက်ဆွဲ က ငါးဖယ် မပါတော့ စား မဖြစ်တော့ဘူးလား .. ဘဲသွေးမပါတော့.. မုံကြွပ် မထဲတော့ ရော ဘာဖြစ်မှာလည်း ... ချက်ရပြုတ်ရ ဝယ်ရချမ်းရတဲ့ လူကိုလည်း အားနာအုန်း လို့…. ဒီတခါ တကယ်ကို ပြောပြစ် လိုက်တော့မယ်... မကျေနပ်လို့ ရန်ဖြစ်ပြီး ကွဲရင်လည်း ကွဲတော့ လို့တောင် စိတ်ထဲ စဉ်းစား မိသေးတယ်... မောလွန်းလို့ပါ..။
ဈေးနှစ်ခေါက် အသွားအပြန်ထက် သူ စားချင်တာတွေ မရမှာ ကြောက် လို့ မောရတဲ့ အမော က ပိုသေး တယ်... ဒါတွေကို ဒီလူကြီး မသိဘဲ အိမ်ကနေ ဟိုဟာစားချင် .. ဒီဟာစားချင် နဲ့ အလကား စူဇကာကြီး.....။
အခန်း (၄)

မီးဖိုချောင် ထဲ မှာ ဟိုဟာ လုပ်ရမလို ဒီဟာ လုပ်ရမလို နဲ့ ယောင်တောင်တောင်  ကြီး ဖြစ်နေတယ်.. အခါတိုင်း တော့ သူဘာမှ စဉ်းစားစရာ မလိုအောင် ဟိုဟာလေး ချက်ပါဟ.. ဘာလေး မပါဘူးလား ညာလေး မပါဘူးလား နဲ့ သူ့အနားကို စားဘို့သောက်ဘို့ လာ လာ ပြောနေကြ ဆိုတော့ သူ့ဘာမှ စဉ်းစားစရာ မလိုတဲ့ အပြင် သူခိုင်းတာတောင် မနဲ အလျှင်မှီအောင် လုပ်ပေးနေရ လို့ သူ့ မှာ ယောင်ချိန် နချိန်တောင် မရှိပါဘူး… မရှိလွန်း လို့လည်း တခါတခါ စူဇကာကြီး စူဇကာကြီး နဲ့ စိတ်ထဲက တဖွဖွ ရွတ်နေကြ…။

အခုလို စူဇကာကြီး ဘာမှ ဂျီးမများ နိုင်ပြန်တော့ လည်း မီးဖို ထဲမှာ ဘာမှ လုပ်ချင် ကိုင်ချင်စိတ် မရှိတော့ သလို.. မီးဖိုချောင်တခုလုံးဟာ လည်း အသရေ မဲ့ နေသလိုဘဲ…. သြ မီးဖိုချောင် ဆိုတာလည်း စူဇကာကြီး .. အဲ ယောက်ျားကြီး ချက်ခိုင်းသလို ဟင်းကောင်း ကျွေးကောင်း တွေ ချက်နေမှ မီးဖိုချောင်ရဲ့ အသရေ ရှိနေတာ ထင်ပါရဲ့… အမလေး ယောက်ျားရေ … ကျမ ကို ချက်ခိုင်းလိုက်စမ်းပါ…  မီးဖိုချောင်ထဲ က မထွက်တမ်း ချက်လိုက်ချင်ပါရဲ့….။

မှတ်မှတ်ရရ အုန်းနို့ ခေါက်ဆွဲချက် တဲ့ နေ့ ကဘဲ ညနေစာ ဝက်သားနှပ် နဲ့ စားပြီး ညမှာ အင်ကျီ ချွတ်ကြီး နဲ့ အိပ်လိုက်တာ မနက်ကျ ဖျားပါလေရော… လမ်းထိပ်ဆိုင် က စပ်ဆေး လေး ကို တရက်ပျောက်နိုး နဲ့ သောက်လာလိုက်တာ အဖျား မကျတဲ့ အပြင် ပိုပို ဆိုးလာတာကို အမေ သိတော့ အိမ်လိုက်လာပြီး ညည်းတို့ လည်း ငွေမရှိတာ လည်း မဟုတ် ဘဲနဲ့ ဒီကွမ်းယာဆိုင်ဆေး နဲ့ ပြီးရသလား ဆိုပြီး ဆေးခန်း သွားခိုင်းတယ်..။

ဆရာဝန် လေး နဲ့ သေချာ ကုလိုက် မှ  တိုက်ဖိုက်ဆန်ဆန်ဖြစ်နေတာ အဖတ်လုံးဝ မကျွေး နဲ့ ဆိုလို့ ဘာအဖတ် မှ မကျွေးရတာ ကြာသွားပြီ..၊ အင်း ဒီလောက် အစားမက် တဲ့ ယောက်ျားကြီး ဘာမှ ကို မစား ရတော့ဘူး… ။

ကျမ လေ ဆရာဝန် က မစားခိုင်းလို့ သူ မစားရတာကို ဝမ်းမနဲပါဘူး … ဒါပေမဲ့ သူကိုယ်တိုင် စားချင်စိတ် မရှိတာ … ဘာမှ မပူစာ တော့တာကိုတော့ ဝမ်းနဲ မိတယ်… အင်း ဘယ်လိုများ ဖြစ်သွားပါလိမ့် .. ပြန်မှ ကောင်းပါတော့ မလားလို့ တွေးရင်း မျက်ရည် တွေ ကျလာ ပြန်တယ်…။
အခန်း (၅)

ဒီနေ့တော့ အဖျား ကျသွားတာလည်း တော်တော်ကြာပြီဆိုတော့ … ယောက်ျား ရေ ရှင်ဘာလေးများ စားချင်လည်း.. ဒီနေ့ ဆေးခန်းသွားရင် ဆရာ့ ကိုလည်း မေးခဲ့ပါလား… စားလို့ ရရင် ရှင်စားချင်တာလေး လုပ်ပေးမယ်လေ လို့ … ပြောပေမဲ့ … လေသံပျော့လေး နဲ့ ငါဖြင့် မစား ရတာကြာလို့ လားမသိဘူး စိတ်ထဲမှာ စားချင်စိတ် ကို မပေါ်ဘူး လို့ ပြောလိုက်ပြန်တော့ ကျမ ဝမ်းနဲ ရပြန်ရော….။

ဆေးခန်း ကို အမေ နဲ့ သွားပြကြတယ်… အမေ့ လည်း မှာ လိုက်ရသေး ဆရာဝန်လေး မေးခဲ့ ပါအုန်း .. ဘာကျွေးရင် ရပြီလည်း လို့ ပြောတော့… အမေ က မျက်စောင်း တချက်ထိုး ရင် ညည်း မချက်ရ မပြုတ်ရတာ ဘယ်လောက်သက်သာလည်း .. တချိန်လုံး စူဇကာ ယောက်ျားကြီး ဆိုပြီး ရွတ်နေတဲ့ မိန်းမက လို့ ပြောသွားတယ်… ။

အမေရေ ကျမ မပြောတော့ပါဘူး ….. ယောက်ျားစားချင်တာလေး များရှိရင် ချက်ကျွေး ချင်လိုက် တာလို့ စဉ်းစားရင်း…. ဟိုဘက်အိမ် က ဂျီးတော်ကြီးပြောသလို ဒီလောက် အစားမက်တဲ့ လူ အစားမဝင်ရင် မလွယ်တော့ဘူး လို့ ပြောတာကို ပြန်ကြားပြီး ငိုချင်တဲ့ စိတ်တွေ လှိုက်လှိုက်တက်လာပြန်တယ်…..။

အင်း ထိုင်မှိုင်နေတုန်း ဘဲ အမေတို့ ပြန်လာတယ်.. အမေ ဆရာက ဘာပြောလိုက်လဲ လို့ မေးတော့ အဖျားလည်း မရှိတော့ ဘူးဆိုတော့ ခပ်ပျော့ပျော့ ဆို ဘာမဆိုစားရတယ် ပြောတယ်.. အများကြီးတော့ မစားနဲ့အုန်းတဲ့ … သူ့ကိုသာ ဘာစားချင်လည်း မေးကြည့် လိုက်တော့ လို့ အမေထုံးစံ အတိုင်း ခပ်ထေ့ထေ့လေး ပြောလိုက်တယ်….. ယောက်ျား ကိုကြည့်လိုက်ပြန်တော့ … နုံးချိချိ မျက်နှာ ပေါ်မှာ မချိပြုံး နဲ့ ငါဖြင့် တကယ် ကို စားချင်စိတ်မရှိပါဘူး ဟာ လို့ ပြောလိုက်တဲ့ သူ့ အသံ ကို နားထောင် ပြီး ကျမ ဖြင့် စိတ်ဓါတ် ကျသွားလိုက်တာ… ရှင်ကလည်း စဉ်းစားစမ်းပါအုန်း ရှင်.. လို့ ပြောရင်း မီးဖိုထဲ အမြန်ပြေးဝင်ပြီး ငိုချင်တဲ့ စိတ်တွေ မနဲ ဖျောက်ပြစ်ရတယ်…။

ဟဲ ကျက်သရေ မရှိ ဘာမရှိ.. မီးဖိုထဲ ထိုင်မှိုင်မနေ နဲ့ ညည်းယောက်ျား ခေါ်နေတယ် သွားလိုက်အုန်း လို့ ပြောလို့ အခန်းထဲ အပြေးတပိုင်း ဝင်လာမိတယ်… ကြည်ကြည်လေး စိတ်မကောင်းဖြစ်နေလား .. ငါ အစား မစားတာ က တိုက်ဖိုက် ဆိုတာ အဖတ်နဲ့ လုံးဝ မတည့် လို့ စားရင်လည်း သေမှာ မလို့ မစားတာ  ဒါကြောင့် နင့် ကိုလည်း မပူစာတာပါ.. ငါ မစားချင်လို့ မဟုတ်ဘူး… ကဲ.. အခု ဆန်ပြုတ်သောက်မယ်… ဘဲသားဆန်ပြုတ်နော် တရုပ်နံနံ တို့ ငရုပ်ကောင်း တို့ လည်း ထဲ့ ကြက်သွန်ဖြူ များများလေးထဲ့…. ဟို ဆားပေါ့ခြောက်လေး လည်း မီးဖုတ်ပြီး ဆီရွှဲရွှဲ ဆန်းခဲ့အုန်း… ။

အမလေး… အခုမှ ရင်ထဲ ကအလုံးကြီး ကျသွားတယ်… မျက်နှာ မဲမဲ ကြီးကို ချစ် မျက်စောင်း တချက် ထိုးလိုက်ရင်း…. စိတ်ချယောက်ျား ရေ ဆန်လေး လှော်ပြီး အကောင်းဆုံး ကိုပြုတ်ခဲ့ မယ် ခဏလေး စောင့် လို့ ပြောလိုက်တယ်….။

ဒီတခါ ဈေးသွားရတာလောက် ခြေလှမ်း တွေ သွက်လက် တာ မရှိတော့ သလို… သူ့ မီးဖိုချောင်လေး လည်း မကြာခင် ဟင်းနံကျွေးနံ တွေ နဲ့ ကျက်သရေ ရှိလာတော့မယ်…. နောက်ပြီး  ဒီနေ့ က စပြီး အကောင်းကြိုက် လှတဲ့ စူဇကာ ယောက်ျား ကြီး ကို မငြိုငြင် တော့ ပါဘူးလို့ များ အမေ့ ကို ပြောလိုက်ရင် ..... အင်း ဆဲလိုက်မဲ့ အမျိုး....။

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး

ဝန်ခံချက်

ကျနော် အကြိုက် ဝတ္ထုတို တွေထဲမှာ ဆရာမကြီး စိန်စိန် (ရှုမဝ ထောင်ဆုရ) ရဲ့ ဝမ်းတတောင် ဝတ္ထု တိုလေး လည်းပါ ပါတယ်… ဘလော့ဂ် ပေါ်မှာ တင်ဘို့ ရှာလိုက်တော့  ကျနော့်ကိုယ်ပိုင် အဲဒီ ဝတ္ထုတိုလေး ပါတဲ့ စာအုပ်ကလေး ပျောက်နေပါပြီ…  စာအုပ် ဆိုင်တွေ မှာ လိုက်ရှာတာ လည်း အခုထိ မတွေ့သေးပါ.. ရရင် တင်ပေးပါမယ်…။
အခု ဒီ ဝတ္ထု တိုလေး မှာ ဝမ်းတတောင် ရဲ့ အငွေ့အသက် နဲ့ ကျနော် တွေ့ဘူး တဲ့ စူဇကာ လို ယောက်ျား နှစ်ယောက် ရဲ့ လွှမ်းမိုး မှု့ အနည်းငယ် ပါကြောင်း ဝန်ခံပါတယ်…။

ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၂၇)

ကြယ်တာရာစစ်ပွဲ ဇာတ်ကား စတင်ရုံတင်သည့် ၁၉၇၇ ခုနှစ်တွင် တွမ်မီသည် ခြောက်နှစ်သားသာ ရှိသေးသည်။ ကျွန်တော်တို့ ကလေးတွေက ဟန်ဆို လို ဖြစ်ချင်ကြတာ ခင်ဗျ ဟု တွမ်မီက ပြောပါသည်။ ကျွန်တော် ကတော့ ဟန်ဆို လို မဖြစ်ချင်ပါဘူး၊ ကျွန်တော်က အဲဒီဇာတ်ကားထဲက အာကာသယာဉ်တွေ၊ ဂြိုဟ်တွေ၊ ရိုဘော့တွေ အစရှိတဲ့ အထူးပြုလုပ်ချက်တွေကို လုပ်ပေးတဲ့လူသာ ဖြစ်ချင်တာပါ ဟုလည်း ဆက် ပြောပါသည်။ သူကလေးဘ၀တုန်းက သူတွေ့ခဲ့သမျှ နည်းပညာအဆန်းဆုံး ကြယ်တာရာစစ်ပွဲ ဆောင်းပါး တွေကို ဖတ်ခဲ့ကြောင်းလည်း တွမ်မီ က ပြောသည်။ မိုဒဲလ် တွေ ဘယ်ပုံ ဘယ်နည်းတည် ဆောက်ရကြောင်း နှင့် စပါယ်ရှယ်အဖက် ခေါ် အထူးပြုလုပ်ချက်တွေ ဘယ်ပုံရရှိကြောင်း တို့ကို ရေးသားဖော်ပြသည့် စာအုပ်တွေ အားလုံးလည်း သူ့မှာရှိသည်ဟု ပြောသည်။

တွမ်မီက ထိုသို့ပြောနေစဉ် ကျွန်တော်သည် ကျွန်တော်ကလေးဘ၀တုန်းက ဒစ္စနေးလန်း သို့ သွားရောက် ခဲ့စဉ် က ဤသို့သော ချားရဟတ်များကို ဖန်တီးတည်ဆောက်ပေးသည့် သူမျိုး ဖြစ်ချင်သောဆန္ဒများ အလို အလျောက် ပေါ်ပေါက်လာပုံကို ပြန်ပြောင်း သတိရမိသည်။ တွမ်မီ ၏ စိတ်ကူးအိပ်မက်ကား ဘယ်သောအခါ မှ တကယ်ဖြစ်လာနိုင်ဖွယ် မရှိကြောင်းကိုလည်း ကျွန်တော်တွေးမိပါသည်။ သို့ရာတွင် ဤသို့သော စိတ်ကူး မျိုးသည် သူ့ကို တစ်နည်းနည်းဖြင့်ကား အကျိုးပြုပေလိမ့်မည် ဤသို့သော စိတ်ကူးအိပ်မက်ရှိသူမျိုး ကို ကျွန်တော် သုံး၍ ရနိုင်သည်။ အယ်န်အက်ဖ်အလ်တွင် ဖြစ်ခဲ့ဖူးသော ကျွန်တော့်ဆန္ဒ အတွေ့အကြုံအရ သူ့ အိပ်မက် တကယ်မဖြစ်နိုင်မှန်း ကျွန်တော် သိသော်လည်း ဤသို့သော အိပ်မက်မျိုးများသည် သူ့ကိုေ ကာင်းစွာ အကျိုးပြုမည်ဖြစ်သည်။ သို့ဖြစ်၍ ကျွန်တော်သည် သူ့အား ကျွန်တော်၏ သုတေသနအဖွဲ့ထဲသို့ ၀င်ပါ ဟု ပြောလိုက်လေသည်။

တွမ်မီက စာဖတ်သူအား ကျွန်တော်ဘယ်မျှ ပြင်းထန်သော ဆရာတစ်ဦးဖြစ်ကြောင်း ပြောပြပါလိမ့်မည်။ ယခုအခါ ပြန်ပြောင်းသတိရသလို အရဆိုသော် ကျွန်တော်သည် သူ့ကို အပြင်းအထန် မောင်းပါသတဲ့။ ကျွန်တော် က သူ့အပေါ် အလွန်မြင့်မားသော မျှော်လင့်ချက် များလည်းထားပါသတဲ့။ သို့ရာတွင် ကျွန်တော် သည် သူ့အကျိုးကို ရင်ထဲအသည်းနှလုံး ထဲကပါ လိုလားသူဖြစ်သည်ကိုလည်း သူသိသည်ဟု ဆိုပါသည်။ သူက ကျွန်တော့်အား မရမနေ ခိုင်းတတ်သော ဘောလုံးနည်းပြတစ်ဦးနှင့် နှိုင်းပြသည်။

တွမ်မီက သူသည် ကျွန်တော့်ထံမှ ဗာချုယယ် ရီယယ်လတီ ပရိုဂရမ်မင်း ပညာကိုသာမက အလုပ်တစ်ခုကို အတူတကွ လုပ်ကိုင်ကြသည့် လုပ်ဖော်ကိုင်ဖက် အချင်းချင်း သည် မိသားစုလို ဖြစ်ဖို့လိုသည် ဟူသော အသိပညာ ကိုလည်းရကြောင်း ပြောပါသည်။ ကျွန်တော်က သူကို ဤသို့ပြောခဲ့ဖူးသည်ကိုမှတ်မိနေဆဲ ဖြစ်ပါသတဲ့။ မင်းဟာ တော်တာတော့ တော်ပါတယ်၊ ဒါပေမဲ့ ဒီမှာရောက်နေကြသူတွေအားလုံးဟာ လူတော် တွေချည်းပဲ ဆိုတော့ တော်ရုံနဲ့တော့ မပြီးသေးဘူး၊ ဆရာ့ သုတေသနအဖွဲ့ ထဲမှာပါတဲ့ လူတွေဟာ ဒီမှည ရှိနေကြတဲ့ တခြားသူတွေလည်း ပျော်ပျော်ရွှင်ရွှင် ရှိနေအောင် ကူညီနိုင်တဲ့ လူမျိုးတွေ ဖြစ်စေလိုတယ်။

တွမ်မီသည် ကျွန်တော်လိုချင်သော အများနှင့်ပူးပေါင်းလုပ်ဆောင်တတ်သူ ဖြစ်လာခဲ့သည်။ ကျွန်တော် ထို အလုပ်ကို ဆက်လက်လုပ်ကိုင်ခွင့်ရသည့်အခါ ကျွန်တော်၏ သုတေသန အဖွဲ့ထဲမှ တွမ်မီကိုရော အခြားသူများကိုပါ ကျေးဇူးတင်ကြောင်း ပြောဆိုသည့်အနေဖြင့် ဒစ္စနေးဝေါ့လ်သို့ ခေါ်သွားခဲ့ပါသည်။

ကျွန်တော်သည် ကာနက်ဂီမယ်လွန် တက္ကသိုလ်သို့ ပြောင်းရွှေ့လာသည့် အခါ ဗာဂျင်းနီယား တက္ကသိုလ်မှ ကျွန်တော့် သုတေသနအဖွဲ့ဝင်များအားလုံးသည် တွမ်မီမှအပ ကျွန်တော်နှင့်အတူ လိုက်ပါလာကြသည်။ တွမ်မီကား ပြောင်းရွှေ့လိုက်ပါခြင်း မပြုနိုင်။ အဘယ့်ကြောင့်ဆိုသော် သူ့အား ထုတ်လုပ်သူလည်းဖြစ်၊ ဒါရိုက်တာလည်း ဖြစ်သူ ဂျော့လူးကပ်စ် ၏ အင်ဒတ်စထရီယယ်လိုက် အင် မက်ဂျစ်ကုမ္ပဏီက ငှားရမ်း လိုက်သောကြောင့်ပင်တည်း၊ ထိုကုမ္ပဏီက ငှားရမ်းခြင်း မှာ သူ၏ အိမ်မက်အတွက် မဟုတ်၊ သူ၏ ကျွမ်းကျင်မှု အရည်အချင်းများအတွက် ငှားရမ်းခြင်းသာဖြစ်သည်။

ကျွန်တော်တို့၏ သုတေသန အဖွဲ့တွင် သူရှိနေစဉ်ကတည်းကပင် သူသည် ပိုင်သွန်ဘာသာစကားတွင် ထူးချွန်သော ပရိုဂရမ်မာတစ်ဦး ဖြစ်ရာ သူ့အဖို့ ကံကောင်းသည်ကား ထိုဘာသာစကား သည် သူတို့၏ အရောင်းဆိုင် က ရွေးချယ်ထားသော ဘာသာစကားဖြစ်နေခြင်းပေတည်း။ ကံကောင်းသည်ဆိုသည်မှာ တကယ်တော့ ကိုယ် ပြင်ဆင်ထားသည်နှင့် အခွင့်အလမ်းတို့ တိုက်ဆိုင်သွားခြင်းဖြစ်ပါ၏။

ဤမျှပြောလာသည့်စကားစဉ်သည် ဘယ်ကိုရောက်တော့မည်ဟု စာဖတ်သူတို့ တွေးနိုင် လောက်ပါသည်။ ကြယ်တာရာစစ်ပွဲ ကားတွေ သုံးကားတောင် ရိုက်ကူးထုတ်လုပ်ဦးမယ်တဲ့ ခင်ဗျာ။ ၁၉၉၉၊ ၂၀၀၂ နှင့် ၂၀၀၅ ခုနှစ်တို့တွင် ထုတ်လုပ်မည် ဖြစ်ပါ၏။ တွမ်မီသည် ထိုဇာတ်ကားများအားလုံးတွင် လုပ်ပေးရမည်ဖြစ်ပါသည်။

ကြယ်တာရာစစ်ပွဲ၏ဇာတ်ဝင်ခန်း ၂မှာ ကလုန်းများကို တိုက်ခိုက်ခြင်းဖြစ်ပါ၏။ ဤဇာတ်ဝင် ခန်းတွင် တွမ်မီမှာ ရှေ့ဆောင်နည်းပညာ ဒါရိုက်တာဖြစ်လေသည်။ ထိုဇာတ်ဝင်ခန်း၌ ကျောက်ဆောင်တွေ ထူထပ်သော ဂြိုဟ်နီကြီးပေါ်တွင် တိုက်ခိုက်ကြသည့် ၁၅မိနစ်ကြာ တိုက်ပွဲခန်းပါသည်။ ကလုန်းများနှင့် စက်ရုပ်များအား စမ်းကြသည့်အခန်း ဖြစ်ပါသည်။ တွမ်မီ နှင့် သူ့လူများသည် တကယ့်စစ်မြေပြင် အနေအထားဖြစ်အောင် ယူတာသဲကန္တာရ၏ ဓာတ်ပုံများကို အသုံးပြုခဲ့ကြသည်။ တွမ်မီမှာ ကနေ့မှာ သည်ဂြိုဟ် အတွက် အလုပ်လုပ်ရ သည်ဆိုလျှင် နောက်တစ်နေ့တွင် နောက်ဂြိုဟ်အတွက် အလုပ် လုပ်ရခြင်းဖြင့် မအားလပ် နိုင် ရှိနေပေတော့သည်။

သူသည် ကျွန်တော့်အား လက်ခံရန် လိုလိုလားလားရှိ၍ ကျွန်တော်နှင့် ကျွန်တော့်တပည့် များ အင်ဒတ်စထရီယယ်လိုက်နှင့် မက်ဂျစ်ကုမ္ပဏီသို့ သွားရောက်လည်ပတ်ကြသည်။ ကျွန်တော့် လုပ်ဖော်ကိုင်ဖက် ဒွန် မာရီနယ်လီသည် နှစ်စဉ်နှစ်တိုင်း ကျောင်းသားများကို အနောက်ဘက်ဒေသသို့ ခေါ်ဆောင်သွားလေ့ရှိသည်။ ထို့ကြောင့် သူတို့သည် ကွန်ပျူတာ ဂရမ်ဖစ်လောကတွင် အစအဦးအဖြစ် လုပ်ဆောင်ခွင့် အခွင့်အလမ်းပေးနိုင်မည့် ဖျော်ဖြေ ရေးနှင့် နည်းပညာ အဆင့်မြင့်ကုမ္ပဏီကြီးများသို့ သွားရောက်ကြည့်ရှုနိုင်သည်။ ထိုအချိန် တုန်းကမူ တွမ်မီလို လူတစ်ယောက်သည် ကျောင်းသားများအတွက် နတ်သားတစ်ပါး လောက်ဖြစ်တော့သည်။ သူသည် သူတို့ဖြစ်ချင်သော စိတ်ကူးများအတိုင်း တကယ်ဖြစ်နေ သူ ပေတကား။

တွမ်မီသည် အဖွဲ့တစ်ခုတွင် အခြား ကျွန်တော့်တပည့်ဟောင်း သုံးဦးနှင့် အတူထိုင်သည်။ လက်ရှိ ကျောင်းသား များက မေးခွန်းများမေးကြသည်။ ဤလက်ရှိ ကျောင်းသားတစ်သိုက် သည် ကျွန်တော့်ကို ဘယ်လို သတ်မှတ်ရမှန်း မသိကြသေးသူများဖြစ်သည်။ ကျွန်တော်က တော့ ထုံးစံအတိုင်း တပည့်များထံမှ အမြင့်မားဆုံး မျှော်လင့်ထားချင်ပြီး မရအရကိုင်တတ် သည့် ဆရာ၊ ထူးထူးဆန်းဆန်းတွေ လုပ်တတ်သူအဖြစ်နှင့်သာ ရှိနေဆဲဖြစ်၏။ ထို့ကြောင့် သူတို့မှာ သူတို့ လေးစားအသိအမှတ်ထားစရာ နေရာကို မတွေ့နိုင်သေးဘဲဖြစ်နေသည်။ ကျွန်တော်ကလည်း ဟုတ်တော့ ဟုတ်ပါ၏။ စာသင် နှစ်ဝက် တစ်ခုပြီးသောအခါမှသာလျှင် အချို့ကျောင်းသားများက ကျွန်တော့အား သတိထားလာမိကြလေသည်။

ပြောကြဆိုကြလျှင် ရုပ်ရှင်လုပ်ငန်းနယ်ပယ်တွင် ထွက်ထွက်ချင်း ကံကောင်းဖို့မှာ အတော် ခက်သည့်အကြောင်းသို့ ရောက်သွားသည်။ ထိုအခါ တစ်ယောက်က ကံကောင်းခြင်း၏ အခန်းကဏ္ဍ အကြောင်း သိလိုသည်။ တွမ်မီကပင် ထိုမေးခွန်းကို ၀င်ဖြေသည်။ "ကံကတော့ သိပ်လိုတာပေါ့ဗျာ"ဟု ပြောပါသည်။ "ဒါပေမဲ့ဗျာ၊ ခင်ဗျားတို့ အားလုံးက ကံ ကောင်းပြီးသားပါ၊ ရန်ဒီ နဲ့ အလုပ်လုပ်ခွင့်ရ၊ သူ့ထံမှ သင်ယူခွင့် ရတာကိုက ကံကောင်းခြင်း တစ်မျိုးပဲလေ၊ ရန်ဒီနဲ့သာ ကျွန်တော် မတွေ့ခဲ့ရင် ကျွန်တော် ဒီမှာ ရောက်လာမှာ မဟုတ် ပါဘူး"ဟု တွမ်မီက ပြောပါသည်။

ကျွန်တော်သည် ကမ္ဘာမြေ၏ဆွဲငင်အားမရှိသည့် နေရာတွင် စီးမျောလာသူဖြစ်သည်။ သို့ ရာတွင် ထိုနေ့က ကျွန်တော်သည် ပို၍တောင် မြင့်မြင့်ရောက်၍ စီးမျောနေသေးသည်။ သူ၏စိတ်ကူးအိပ်မက်များ အကောင်အထည်ပေါ်အောင် ကျွန်တော်က ကူညီပေးလိုက် သည်ဟု တွမ်မီက ယူဆ သတ်မှတ်ခြင်း အတွက် ကျွန်တော် အလွန်တရာ ကျေးဇူးတင်မိသည်။ အထူးကျေးဇူးတင်ဖို့ ကောင်းသည်ကား သူက ကျွန်တော်၏ လက်ရှိတပည့်များ သူတို့၏ အိပ်မက်များ တကယ်ဖြစ်လာနိုင်အောင် ပြုပေးခြင်း (နှင့်ထိုအလုပ်ငန်းစဉ်တွင် ကျွန်တော့်အား အကူအညီ ပေးခြင်) ဖြင့်ပြန်လည် ကျေးဇူးပြုပေးခြင်း ဖြစ်နလေသည်။ တွမ်မီနှင့် မေးမြန်းဆွေးနွေးကြသည့် ထိုအချိန်ကလေးသည်ကား ကျွန်တော်နှင့် ကျွန်တော့် အတန်းမှ တပည့်များ၏ ဆက်ဆံရေးတွင် အလှည့်အပြောင်းဖြစ်စေသည့် အချိန်ကလေးပင် ဖြစ်ပါပေသည်။ အဘယ်ကြောင့်ဆိုသော် တွမ်မီသည် လက်ဆင့်ကမ်း ပေးလိုက်သောကြောင့် ပါပေတည်း။
အခန်း ၂၆

ဆရာ့ထက်တောင် သာသေး.. ကျွန်တော့်ကို သိကြသည့် လူများက ကျွန်တော့်အား တစ်ခုခုကို ကျွမ်းကျင် ပိုင်နိုင်အောင်  လုပ်ချင်လွန်းတတ်သည့် ပညာရူးဟု ခေါ်ကြသည်။ သူတို့ပြောမည်ဆိုလည်း ပြောလောက် ပါသည်။ ကျွန်တော်ဆိုတဲ့ ကောင်ကလည်း တစ်ပြိုင်နက်တည်းနှင့် အလုပ် နှစ်ခုသုံးခု လုပ်ချင် လုပ်တတ်သူ ဖြစ်သည်။ ထို့ကြောင့်လည်း ကျွန်တော်၏ စာသင်ပေးရ သည့်အလုပ်က တဖြည်းဖြည်း တိုးတက် လာသည့်အခါ ကျွန်တော်သည် အမေးပြဿနာကို စဉ်းစားကြည့်မိသည်။

ငါသည် ကျောင်းသားတွေကို သူတို့ရဲ့ ကလေးဘ၀ စိတ်ကူးအိပ်မက်များ အတိုင်း ဖြစ်လာအောင် နှစ်ယောက်ချင်း ထိတွေ့သည့် နည်းဖြင့် ကူညီပေးနိုင်ခဲ့ပြီ ဆိုပါတော့၊ အဲဒီအလုပ်ကို တစ်ယောက်ချင်း နှစ်ယောက်ချင်း မဟုတ်ဘဲ လူအများ ပါဝင်မယ့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးတဲ့ နည်းမျိုး ရှိနိုင်ပါသလော ဟူ၍ ဖြစ်၏။

ကာနက်ဂီမယ်လွန် တက္ကသိုလ် တွဲဘက် ကွန်ပျူတာပါမောက္ခအဖြစ် ရောက်ရှိလာခဲ့သော ၁၉၉၇ ခုနှစ် နောက်ပိုင်း၌ ကျွန်တော် ဤကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးနိုင်ပုံ နည်းကို တွေ့ခဲ့သည်။ ကျွန်တော်၏ အထူးပြုဘာသာရပ်မှာ လူနှင့် ကွန်ပျူတာ အပြန်အလှန် ဆက်ဆံခြင်း ဖြစ်ရာ ကျွန်တော်သည် BVWဟု အတိုခေါ်သော ပကတိနီးပါးတူသော လောကများကို တည်ဆောက်ခြင်း (Building Virtual Worlds) သင်တန်း တစ်ခုကို စတင်ဖွင့်လှစ် သင်ကြားပေးသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, March 29, 2011

စူဇကာ ယောက်ျား အပိုင်း (၁)

အခန်း (၁)

 ညက အချိန်မတော် ထပြီး ချက်ရပြုတ်ရလို့ အိပ်ရေးပျက်ပျက် နဲ့ အိပ်ကောင်းနေတဲ့ သူ့ နားထဲကို ငှက်အော်သံ တစီစီ ကြား မှ မထချင် ထချင် နဲ့ တသန်းသန်း တဝေဝေ နဲ့ ထလိုက်ရတယ်... ညကလည်း အိပ်မောကျနေချိန် မှ နှိုးပြီး ဗိုက်စာ လို့ တခုခု လုပ်စမ်းပါအုန်းဆိုတာ နဲ့ အိမ် မှာ ရှိတဲ့ ဝက်သား လက်ကျန်လေး ကို ပါးပါးလှီး ဝက်အူချောင်းလေး နဲ့  ထမင်းကြော် လုပ်ပေးရသေးတယ်... အင်း ဘဲဥ ကထည့်ရသေး.... သူ့စိတ်ကြိုက် အဆာပလာ တွေ အကုန် အဆင့်သင့် ဝယ်ထားရတယ်.. ရေခဲသေတ္တာ ထဲမှာ ကလည်း အသားအစို လေး နဲနဲ ပါးပါး တော့ ထဲ့ထားရတယ် ... သူက လတ်လတ်ဆတ်ဆတ် နေ့တိုင်းဈေးသွားမှ ကြိုက်လို့ ညရေးညတာ အတွက် ပဲ ဝယ်ထားတယ်...။

သူ့ တသက်မှာ ဒီလောက် အစားအသောက် လော်မာ တဲ့ ယောက်ျား မတွေ့ဘူးဘူး.. နေ့နေ့ ညည အစားတခု ကလွဲ လို့ ဘာမှ မစဉ်းစား ဘဲ နေလည်း နေနိုင်လွန်းတဲ့ ဒီယောက်ကျား ကို ရတာလည်း သူ ကံကောင်း လား ကံဆိုးလား တောင် မစဉ်းစားတတ်အောင်ဘဲ...  သူ အရင် က အမေ နဲ့ အတူ ဆင်းဆင်း ရဲရဲ နဲ့ လုပ်ကိုင် စားသောက် နေတုန်းက တော့ ဒါမျိုး တွေ နေတတ် စားတတ် သုံးတတ် ဖို့ ဆိုတာ ဝေးပါတယ်... အမေ နဲ့ အတူ ဈေးထဲမှာ ဘဲဥ..ကြက်ဥ ရောင်းနေရင်း ဈေးခြင်းတောင်း ကြီး နဲ့ ယောက်ျား ကြီး တန်မဲ့ စစ်စစ် ပေါက်ပေါက် ဈေးဝယ် တတ်တဲ့ မဲမဲသဲသဲ ဒီလူကြီးကို ဘယ်လိုမှ သဘောမထား တဲ့ အပြင် ဇီဇာကြောင်လွန်းလို့ အမြင်တောင် ကပ်သေး...။

နောက်တော့ အမေပြောပြော နေတာနဲ့ သူ့မိန်းမ ဆုံးသွားပြီး ချက်ရေးပြုတ်ရေး အဆင်မပြေဘူး .. သူတို့ မှာ သားသမီး လည်း မကျန်ရစ် ဘူးဆိုတာတော့ သိနေတယ်.. နောက်ပြီး အဲဒီ လူကြီးဟာ ဆင်းရဲသား အတန်းအစား မဟုတ်သလို သူတို့ သားအမိလို့ ပညာမဲ့ လူတန်းစား က မဟုတ်ဘူး ဆိုတာလည်း သိနေတယ်... ဒါပေမဲ့ သူ နဲ့ ဘယ်လိုမှ သက်ဆိုင်လာမယ်လို့ လည်း မထင်မိသလို.. သူ့ အကြောင်း တောင် ယောင်လို့ မတွေးမိပေါင်... ။

နောက်တော့ မှ အမေ တို့ ပါးစပ်ဆော့ချက် ကြောင့် ဒီလူကြီး နဲ့ ယူလိုက်ရတာ .. စစခြင်း တော့ ကိုယ် ကို ကိုယ် ဟုတ်လှပြီပေါ့.. ငါ လှလို့ ငယ်လို့ ဒီလူကြီး ကစွဲ သွားတယ်ပေါ့... နောက်တော့မှ သြ ငါ့ကို ချစ်လို့ စွဲလို့ မှ မဟုတ်တာ သူ ချက်စေချင်တာ ချက်ဘို့ နေ့နေ့ ညည ချက်ပေးနိုင်တဲ့ ငါ လို ငယ်ငယ် ရွယ်ရွယ် သန်သန်မာမာ ကို ရွေးယူထားတာပါလားလို့ တွေးမိပါတယ်...။

သူ့ ရဲ့ အစားအသောက် စားပုံ ကတော့ ကမ်းကုန်ပါတယ်.. တခါတခါ များ သူ အိပ်နေတာ ကြည့်ပြီး ဇာတ်တော် ထဲ က စူဇကာ ပုဏ္ဏား ကြီး ဘဲ မြင်မိတော့တယ်... အစား တခုကလွဲ ရင် ပူစရာ မရှိတဲ့ ကံ အကျိုးပေး ကိုလည်း ဟန်တော့ ကျသားလို့ တွေးမိတယ်.... သူ့ မိဘ ထားခဲ့တဲ့ မြို့သစ် ထဲ က အိမ်နှစ်လုံး  ကို အငှားချ ထားတာ နဲ့ စားဘို့ ရပါတယ်.. သူများဆိုရင် တော့ အများကြီး ပိုလျှံ မှာ  အခုတော့ ဒီလူကြီး စားပုံ သောက်ပုံ နဲ့ လောက်င အောင်တောင် မနဲ လုပ်ရတယ်... ကုန်ဈေးနှုန်း တွေ က တက်လာလိုက် တာ အိမ်လခ များ မတိုးရင် ခက်ရချီသေး...... ။

အင်း တောင်စဉ်းစား မြောက်စဉ်းစား နဲ့ အိပ်ယာ က မထဖြစ်သေးဘူး... ထ အုံး မှ ဈေးသွားနောက်ကျရင် ကိုယ်လိုချင်တာ မရဘဲ ရှိအုန်းမယ်... နောက်ပြီး သူ့ ယောက်ျား စူဇကာ ကြီး က ပဲထမင်း စားမယ် တဲ့ .. ပဲနဲ့ ထမင်း  ဆီဆမ်းပြီး ကြက်သွန်ဥ ကိုက်စား ငပိဖုတ် ကလေး ဖဲ့ရွဲ့ စားလို့ သူက ပြီးတာ မဟုတ်ဘူး... ဘာလချောင်ကြော်တို့ ငါးပိကြော်တို့ ပါမှ အချဉ်လေး အတွက်ကလည်း  သရက်သီး သနပ် တို့ သရက်ချဉ် တို့ ကို သေချာ သုပ်ပေးရတာ ကြက်ဥ ကြော် ကပါရသေး... အသားကြော် ကလုပ်ပေး ရသေး.... ကဲ ထမှ ထမှ...။

ပဲပြုတ်သည် ကတော့ တသယ် မဟုတ် တသယ် မှီမှာ ပါ ... ဟို ပဲပြုတ် ကောင်းကောင်း လေး ရောင်း တဲ့ အသည် မှီရင် ပိုကောင်း မယ်လို့ စဉ်းစားရင်း မျက်လုံး ဖွင့် တာနဲ့ ဘာမှ မစဉ်းစား နိုင်ဘဲ ဒီ အစား တခု အတွက် စီမံ ရတာ ကို ငြီးငွေ့လာတယ်.... အိမ် လည်း သန့်ရှင်းရေး ကောင်းကောင်း မလုပ်ရ အဝတ် အစား တွေ ဆိုရင်လည်း အလျှင်မှီအောင် တောင် မနည်း လျှော်ရတယ် မီးပူ တိုက်ဖို့ က  စဉ်းကို မစဉ်းစား နဲ့....။

တခုတော့ကောင်းတယ်.. မီးပူ မတိုက်လည်း ဘာမှ မပြော.. အိမ် မရှင်းလည်း ဘာမှ မပြော .. အင်း ရှက်ရှက် နဲ့ ပြောရရင် ရေမချိုး အလှမပြင် လည်း ဘာမှမပြော.. ဒါပေမဲ့ ကျမ က အလှကြိုက်တယ် အသန့်ရှင်း ကြိုက်တယ် .. အခုတလော တော့ ဘာမှ လုပ်ချင်ကိုင်ချင်စိတ် လည်း မရှိ ဆိုတော့ .. ရေချိုးရင်တောင် သနပ်ခါး မလိမ်းမိ .. အိမ် လည်း မရှင်း  နဲ့ ဒီယောက်ျား နဲ့ တွေ့မှ အကျင့် ကောင်း တွေ တတ်နေတယ်...  အမေ နဲ့ နေတုန်းက မိန်းမ ဆိုတာ သနပ်ခါးလေး လိမ်း ပန်းလေးပန် အိမ်လည်း သန့်ရှင်း အောင်ထား ဒါမှ ကျက်သရေ ရှိတယ်.. ဆင်းရဲ တာ ချမ်းသာ တာနဲ့ မဆိုင်ဘူး ဆိုတဲ့ စကားလေး ကို မေ့ထားတာလည်း တော်တော် ကြာနေပြီ.....။

နေ့စဉ် ချက်ပြုတ်ထား တဲ့ ဆီဥထောပတ်... အကောင်း ဆုံးဆိုတာ တွေ ကို သူနဲ့ အတူ လိုက် စား ပြီး.. လူကြီး ကလည်း .. ဝ တက်လာလိုက်တာ အပျိုတုန်းကနဲ့ တခြားစီ.. ပေါင်ချိန်တွေ တိုးနေပေမဲ့. စိတ်ထဲ မှာတော့ ဗလာ.. ငါ့ ဘဝ က  ချက်ဘို့... စား ဘို့ တခုဘဲလား တွေးရင်း တခါ တခါ လုပ်ချင်ကိုင်ချင်စိတ် ကို မရှိတော့ဘူး... အင်း .. အမေ နဲ့ နေတုန်း က ဆင်းရဲ တယ် ဆိုပေမဲ့ .. အမေ က ဒီသမီး တယောက် ရှိလို့ ငါ့ မှာ အဆင်ပြေနေတာပေါ့ အေ လို့ တယောက်ယောက် ကိုများ ပြောလိုက် ရင် သဘောတွေ များကို ကျလို့.. အမေ ကို လုပ်ကျွေးနေတာ ဆိုပြီး ဝမ်းတွေကိုသာလို့...။

အခုတော့ ဘဝ ရဲ့ အဓိပ္ပါယ် က ဝက်သား အိုးကြီးချက်လား... ကြက်ကြော် ..ဆိတ်သားနှပ် လား အုန်းနို့ ခေါက်ဆွဲ .. မုန့်ဟင်းခါး လား ... သူဘာသာသူ လျှောက်တွေးရင်း .. ဈေးသွားဘို့ ပြင်ဆင်ရတယ်... ။

ဒီယောက်ျား ကြီး နဲ့ ရခါစ ကတော့ ဈေးသွားရင် သနပ်ခါး လိမ်းရအင်္ကျိအသစ် ဝတ်ရ နဲ့ ဈေးထဲမှာ အရင်တုန်းက ဈေးသည်.. အခုတော့ အကောင်း စားတွေမှ ဝယ်တဲ့ သူဌေး ဈေးဝယ် အဖြစ် ဝင့်ကြွားစွာ ပေါ့.. နောက်တော့ တနေ့ ဈေး ၁၆ ခေါက် လောက် သွားနေရတော့ ဘာမှ ထူးပြီး တောင် မပြင်တော့ပါဘူး.. လူမြင်ကောင်း ရင် တော်ပါပြီလို့ တွေးရင်း တခါတခါ ... ကိုယ့် အမေ တောင် ကိုယ် အားနာ လာတယ်. အမေ့ အတွက် များ မှတ်မှတ်ရရ ကောင်းကောင်း ကန်းကန်း ချက်မကျွေးဘူးပါဘူး.. ဒီ ယောက်ျား  နဲ့ရမှ အစားအသောက် အတွက် လုံးပန်း လိုက်ရတာ......။

အမေ ကတော့ စိတ်ရရင် ပြောရှာပါတယ်.. ကိုယ့် ယောက်ျား က အစားကြိုက်တော့ အခုလို သေချာ လေး ချက်ကျွေးတာ ငါ့သမီး ကုသိုလ် ရပါတယ်အေ တဲ့... စိတ်မလို ရင် တော့ ညည်းက ကောင်းကောင်းနေ ကောင်းကောင်းစား တာ မှ မကျေနပ်သေးရင် .. ငါက ဘာလုပ်ပေးရအုန်းမှာလည်း.. ဗိုင်းတာမ တဲ့။

သူ ကတော့ ချက်ရတာ မောလွန်းလို့ အဲဒီ ကုသိုလ် လည်း မလိုချင်တော့ ပါဘူး... ဘာလိုချင်မှန်း လည်း မသိဘူး.... အမေ ဆဲတာလည်း မမှားဘူး.. ။

အခုလည်း ည က ထမင်း ကြော် စားတာ စားမပြီးသေး ဘူး... မနက်ဖြန် မနက် ပဲထမင်းလေး လုပ်ပါ့ဟ တဲ့... နောက်ပြီး နေ့လည် ကြ အုန်းနို့ ခေါက်ဆွဲလေး လုပ်စားရအောင်တဲ့... သူ့ အုန်းနို့ခေါက်ဆွဲ က လည်း အုန်းသီး ဆိုလည်း ရင့်ထော်ပြီး ချို နေတဲ့ အုန်းသီး အမျိုးကောင်း အုန်းနို့အဆီအနှစ် များများ နဲ့ ချက်ရတယ်... အထဲက အစာပလာ တွေလည်း ပြည့်စုံမှ ကြိုက်တယ်... ဘဲသွေးခဲလေး လည်း ပါမှ... မုန့်ကျွတ်ကြော် လေး လည်း ထဲ့ဖြစ်အောင် ထဲ့.. ကြက်ရိုးပြုတ်ရေ နဲ့ ချက်ရတယ်... ကြက်သားဖတ်တွေ လည်း ဟင်းရည်ထဲမှာ များမှကြိုက်တယ်..  ပဲထမင်း က အိမ်တင် ပြီးပေမဲ့ အုန်းနို့ ခေါက်ဆွဲ က အိမ် မှာ ရှိတာ နဲ့ မပြီးဘူး အချိန် ရှိတုန်းလေး ဈေးပြေးအုန်းမှ......။

အခန်း (၂)

ဈေး ဘက် သွက်သွက်လျှောက်ရင်း ဈေးထိပ် လဘက်ရည် ဆိုင် ဘက်ကို တချက်လှမ်းကြည့်မိတယ် ... အဲ .. သူ နဲ့ အိမ်ထောင်မကျခင်က ရိတိတိဖြစ်ဘူးတဲ့ အဖျော်ဆရာ သူ့ဘက် စိုက်ကြည့် နေတာ နဲ့ မြန်မြန် မျက်နှာလွဲပြီး ဆက်လျှောက်မိတယ်.. တခါ တခါ တော့ သူ့ အိမ်ထောင်သာ မကျဘူး ဆိုရင် အဖျော်ဆရာ မယား ဖြစ်ချင်ဖြစ်နေမှာလို့... ရီးစား မဖြစ်ခဲ့ ပေမဲ့ သူတို့ အနှောင့် မလွတ်မသွားမလွတ် စကားတွေ ပြောဘူးကြတယ်.... သူတို့ ဈေးသည် တသိုက် လဘက်ရည် သောက်ရင်း သူငယ်ချင်း တွေက အဖျော်ဆရာ ကို ပေါက်ကရတွေ ပြောကြ .. စကြ ..ရီကြတဲ့ ပျော်စရာ နေ့တွေကို သတိရလာပြန်ရော... အင်း အခုတလော ဘဝ မှာ မပျော်လိုက်တာ... အဓိပ္ပါယ် မဲ့ လိုက်တာ.....။

ကဲ မပျော်တာတွေ ဘေးချိတ်လို့ အိမ်ကြက် နုနုလေး  ၆ဝ သားတကောင် ရေခြောက်လေး ကို အမြန် ရွေးလို့ မာမူ ကိုခုတ်ခိုင်းလိုက်တယ်... မာမူ ရေ အူတွေ လွှင့်မပြစ်နဲ့ အုန်း တခါထဲ သင်ပေးလိုက် တခြားထဲ ကလည်း နဲနဲ ထည့်ပေးလိုက်အုန်း အိမ်က လင်တော်မောင်က ကြက်အူ ထုံးလေး တွေ စားချင်လို့ တဲ့ လို့ ပြောရင်း ... ကျမ အမေ တို့ ဆိုင်ဘက်ခဏထွက်လာခဲ့တယ်...။

အမေ ကတော့ ..... လာကြလာကြ လတ်ဆတ် လိုက်တဲ့ ဥတွေ အခုမှ ဘဲဖင် က ထွက်လာတာ တဲ့.. ကျမ တချက်ရီရင်း အမေ မြင်လို့လား လို့ မေးရင်း ... အမေ့ ဘေး ဝင်ထိုင်လိုက်တယ်... ။

ဟဲ့ ညည်း က ဘယ်လို ရောက်လာတာတုန်း မေးရင်း ... တချက် ကျမ ကို လှမ်းရိုက်လိုက်တယ်.. အမေ က အဲလိုဘဲ .. စကားပြောရင် အဆဲလေးနဲ့ လက်ကလေး ကလည်း ပါလိုက်သေးတယ်....။

အမေ ကလည်း  ကြက်ကိုင် နေလို့ ခဏစောင့် နေတာပါ.. အမေ့ သမက်က ကြက်အူ စားချင်တယ် ဆိုလို့ လုပ်ခိုင်းနေတာ...။

အမေ့ကိုမှီပြီး အားရပါးရ ထိုင်လိုက်တယ် ... အမေ က ကျမ ကိုပြန်တွန်းလွှတ်ရင်း .ေ..ာက်ပျင်းမ လို့ တခွန်း ဆဲ လိုက်ပေမဲ့ ... အမေ့ အဆဲ လောက်ကတော့ သူ မမှု့တော့ပြီ....။

သူ့ဆိုင်ဘေးက ပန်းသည် မိခင်ခင် ကတော့ ပန်းလှလှတွေ ပေါ်ကို ရေတွေ ဖြန်းချရင်း... ပါးစပ်ကလည်း မုန့်ဟင်းခါး တွေ အားရပါးရ စားနေသေးတယ်.... ဈေးထဲက ဟသာင်္တ မုန့်ဟင်းခါးသည်ကြီး စီမှာ ဟင်းရည်သပ်သပ် တပွဲ ဝယ် ... မုန့်ဖတ် သည်ကြီး စီက မုန့်ဖတ် အစိတ်သား လောက် ဝယ်ပြီး.. သားအမိ ၂ယောက် အလုအယက် စားခဲ့ကြတာ ပြန်တွေးပြီး .... အမေ ရေ မုန့်ဟင်းခါး စားရအောင်လို့ ဘယ်လို အသံ ထွက် သွားမှန်းတောင် မသိဘူး...........။

အမေ က တချက် ဆဲလိုက်ရင်း မုန့်ဟင်းခါး လှမ်း မှာ သံ ကြားလိုက်တယ်.... ငရုပ်သီး အလှော်မှုန့် တွေ အားရပါးရ ထဲ့ရင်း အမေ နဲ့ စားလိုက်ကြတာ ဘယ်လို ကုန်သွားမှန်းတောင် မသိဘူး.... စားလို့ ကောင်းလိုက်တာ....။

အိမ်မှာ မုန့်ဟင်းခါး ချက်စားရင်  ငါးကျည်း စစ်စစ် နဲ့မှချက်တယ်.. ကြက်သွန်ဥ နိုင်ချင်း ဘဲဥဖတ် တွေနဲ့ ငါးသလောက် ဥ ရရင်တောင် ထဲ့ လိုက်သေး... ဒါပေမဲ့ ပင်ပင်ပန်းပန်း ချက်ပြီး တခါတခါ စားချင်စိတ်တောင် ပျောက်ပျောက် သွားတာ လည်း  ပြန်သတိရ လိုက်ပြန်တယ်..... အင်း သွားမှ ... အမေ ရေ သမီးသွားတော့မယ် ... အမေ့ အတွက် နေ့လည် အုန်းနို့ခေါက်ဆွဲ ပို့ပေးမယ်... ထမင်း မစားနဲ့အုန်း နော် လို့ မှာပေမဲ့... ညည်း တို့သာ ဝအောင် စားကြပါအေ .. ငါ့ အတွက် တဝမ်း က ပူစရာ မလိုဘူး လာပို့မနေ နဲ့ အစားတလုပ် အတွက် ဒို့ က ဒုက္ခ မခံဘူးဟေ့ ဆိုပြီး အနှောင့် မလွတ် အသွားမလွတ် က ပြောလိုက်သေး...။

ကျမ လည်း ဘာရမလည်း အမေ့ သမီး ဘဲ... အဲဒါ အမေ့ ပေးစားတဲ့ လင် လေလို့ ရွတ်ရင်း... ထထွက် လာတယ်....။

ကိုမူတူး ကို ကြက်အူတွေ ပါ ထုံးထဲ့ခိုင်း ရင် တခါ ထဲ တုံးတစ်ထားတာတွေ ယူပြီး ... ဟင်းရွက်တန်း ဘက် ထွက် လာတယ်..  ။

 အုန်းနို့ ခေါက်ဆွဲ ချက်ဖို့ ကြက်သား တဝက်ခွဲပြီး တဝက်ကို မဆလာ နိုင်းချင်းနဲ့ ဆီပြန်လေး ချက်မယ်..  ပုဇွန် ထုတ် တွေ့ ရင် မီးဖုတ်ပြီး သုတ်ပေးမယ်...  ဒန်ဒလွန် ရွက် ဟင်းချိုလေး ချက်ပေးမယ်... ငပိရည်လေး သေချာ ဖျော်မယ်....  ဟင်းရွက် မကြော်တော့ဘဲ အတို့ အမြူတ် စုံစုံ လတ်လတ်လေး လုပ်ပေးမယ် လို့ စဉ်းစားရင်း အတို့ လုပ်ဘို့ ဟင်းရွက်တန်းထဲ လိုက်ရှာရတယ်...။

အတို့အမြုတ်လုပ်ဘို့ သံပရာသီး စစ်စစ် သေးသေးမွှေးမွှေးလေး တွေ အကွင်းလိုက် ပါးပါးလှီးမယ်... သရက်ကင်း တို့မယ်... ဒညင်းသီး ဆားရေစိမ် လေးလည်း ထဲ့မယ်.. ရှောက်ရွက်နုနုလေး တွေ ရော မမေ့အောင် ဝယ်မှ ... ဒညင်းဝက် တွေလည်း ကောင်းလိုက်တာ ကြော်ပေးအုန်းမှ လား မသိဘူး.....။

ဒညင်းဝက်ကြော် ပေးမယ်ဆိုမှ သတိရတယ် ... အိမ်က စူစကာ ကြီးက ကြက်သား တခွက် နဲ့ ဖြစ်မထင်ဘူး ... အုန်းနို့ခေါက်ဆွဲ အတွက် လည်း ခွဲ ထားသေးတာဆိုတော့.. ညနေစာ မလောက်ရင် ဒုက္ခ... သုံးထပ်သား ကောင်းကောင်းလေး ဝယ်ပြီး နှပ်ထားအုန်းမှ ... ဟင်းကောင်းကောင်း အပြင် အများကြီးစားတော့ ချက်ရတာ ၂ယောက်ထဲ ပေမဲ့ ပိုပိုမိုမို ချက်ရတယ်... အစားအသောက်နဲ့ ပတ်သက်ရင် နဲနဲမှ စည်းကမ်း ရှိတဲ့ လူကြီး မဟုတ်ဘူး လို့ တယောက်ထဲ ရွတ်ရင်း ဝက်သားတန်း ဘက် လျှောက်လာခဲ့တယ်....။

အားလုံး ဝယ်ချမ်းပြီးတာနဲ့ အိမ်ဘက် သုတ်သုတ်လျှောက်လာရတယ်... မြန်မြန်သွားမြန်မြန်ချက်မှ.. ဟိုလူကြီး နိုး ရင်လည်း ပဲထမင်း က နယ် ပေးရအုန်းမယ်...။

အပိုင်း (၂) ဆက်ရန်
.
အားလုံးအားလေးစားလျှက်
စာရေးသူ - ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၂၆)

ပကတိနီးပါး တူသော ကမ္ဘာလောကများကို တည်ဆောက်ခြင်းဟူသော သင်ခန်းစာကို သင်ပေးသည့် အတန်း တစ်တန်း ကို ကာနက်ဂီ မယ်လွန် တက္ကသိုလ်တွင် ကျွန်တော် သင်ပြစဉ်က ကျောင်းသား အချင်းချင်း ဝေဖန်အကြံပေးခြင်းမျိုး သီတင်းနှစ်ပတ်လျှင် တစ်ကြိမ်ကျ ပြုစေသည်။ 

ဤအတန်းမှာ တကယ်ကို ပူပေါင်းဆောင်ရွက်ရသော အတန်းဖြစ်သည်။ ကျောင်းသားများသည် လေးယောက် တစ်စု ခွဲ၍ အလုပ်လုပ်ကြသည်။ ပကတိနီးပါးတူအောင် ဖန်တီးပေးသော ကွန်ပျူတာ လုပ်ငန်း စီမံချက် များကို လုပ်ကြစေခြင်းဖြစ်သည်။ သူတို့သည် တစ်ဦးအပေါ် တစ်ဦး တည်မှီနေရသည် ဖြစ်ရာ သူတို့၏ ပညာရည် အဆင့်များမှာလည်း ထိုအချက်ကို ထင်ဟပ် ဝေဖန်ပြကြလေသည်။

စာသင်နှစ်ဝက်လည်း ကုန်ဆုံးသွားပြီ။ ကျောင်းသားများလည်း တစ်ဦးလျှင် လုပ်ငန်းစီမံချက် ငါးခုစီ လုပ်၍ ပြီးပေပြီ။ လုပ်ငန်းစီမံချက်တစ်ခု လုပ်တိုင်း နောက်ထပ် မတူသည့် လုပ်ဖော် သူငယ်ချင်းသုံးဦး နှင့် ပြောင်းပြောင်း လုပ်ခဲ့ခြင်းဖြစ်ရာ ကျောင်းသားတစ်ဦးလျှင် အချက်အလက် အမှတ်၁၅ မှတ်စီ ရရှိကြ ရမည်ဖြစ်သည်။ ဤသည်ကား မိမိတို့ ကျောင်းသားအချင်းချင်း စာရင်းအင်း ကိန်းဂဏန်းနှုင့် လက်တွေ့ ကျကျ ကြည့်မြင်နိုင်သည့်နည်း ဖြစ်ပေသည်။

ကျွန်တော် က အရည်းအချင်း အနိမ့်အမြင့် အတက်အကျကို တိုင်များအနိမ့်အမြင့်ဖြင့် ဖော်ပြသည့် ရောင်စုံ ပုံစံ ကားချပ်တစ်ခုကို တီထွင်ထားသည်။ ထိုပုံစံကားချပ်၌ ကျောင်းသားတစ်ဦးသည် မိမိတို့၏ ဆောင်ရွက် ချက် များတွင် မိမိတို့ဘယ်အဆင့်မှာ ရောက်နေကြောင်းကို ကြည့်၍ရသည်။

ဥပမာအားဖြင့်

၁။ မိမိ၏သူငယ်ချင်းများက မိမိအား အလုပ်ကြိုးစားသည်ဟု ထင်ပါသလား၊ လုပ်ငန်းစီမံချက်တစ်ခုကို မိမိသည် အချိန်ဘယ်နှစ်နာရီကြာအောင် လုပ်ဆောင်သည်ဟုထင်မြင်သလဲ။

၂။ မိမိ၏ပါဝင်လုပ်ဆောင်မှုသည် ဘယ်မျှ ဆန်းသစ်တီထွင်မှု ရှိပါသလဲ။

၃။ မိမိသူငယ်ချင်းများသည် မိမိနှင့်အတူ လုပ်ကိုင်ရတာ လွယ်သလား၊ သို့မဟုတ် ခက်သလား၊ မိမိ သည် ပူးပေါင်း ဆောင်ရွက်တတ်သူဖြစ်ပါသလား။ စသည်တို့ကို ထိုပုံစံကားချပ်တွင် ကြည့်နိုင်သည်။

ကျွန်တော် ထောက်ပြလေ့ရှိသည် အတိုင်းပင် အထူးသဖြင့် နံပါတ် ၃ ကိစ္စမျိုးတွင် ကျောင်းသားတစ် ယောက် နှင့် ကျန်ကျောင်းသားဖော်များကို အတူတွဲ၍ လုပ်ကြရာတွင် ထိုသူနှင့်လုပ်ရသည်မှာ ဘယ်မျှ လွယ်သည် သို့မဟုတ် ဘယ်မျှခက်သည်ကို ကျန်ကျောင်းသားဖော်များက အတိအကျ အကဲဖြတ်ပေး နိုင်ကြ ပေသည်။

ရောင်စုံခြယ်ထားသော အတက်အကျ တိုင် နိမ့်မြင့်ဖြင့် ဖော်ပြထားသည့် ပုံစံကားချပ်များသည် အလွန် တိကျသည်။ ကျောင်းသားတိုင်းသည် ကျန်မိမိသူငယ်ချင်း ၄၉ဦးနှင့်ယှဉ်လျှင် မိမိဘယ်အနေအထား တွင် ရပ်တည် နေသည်ကို သိရသည်။

ထိုတိုင်နိမ့်မြင့်ဖြင့်ပြသော ပုံစံကားချပ်များကို လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများက လွတ်လပ်သောပုံစံ ဖြင့် ပေးထားသော အကြံပေးချက်များဖြင့် ချိတ်ဆက်ပေးထားသည်။ အကြံပေးချက်းဆိုရာမှာလည်း တိုးတက်မှုအတွက် တကယ်တိကျသော အကြံပေးချက်မျိုးများ ဖြစ်သည်။ ဥပမာ "အခြားသူ စကား ပြောနေလျှင် သူ့စကားဆုံးအောင် ပြောပါစေ"ဟူသော အကြံပေးချက်မျိုး ဖြစ်သည်။

ကျွန်တော့်မျှော်လင့်ချက်ကား ကျောင်းသားအနည်းမျှလောက်သာမကဘဲ ကျောင်းသားတိုင်းလိုလိုက ဤသတင်း အချက်အလက်ကို တွေ့မြင်သွားကြပြီး "အင်း ဟုတ်ပါရဲ့၊ ငါ အဆင့်တက်အောင် လုပ်ရဦး မှာပါ တကား"ဟူ၍ ဖြစ်လာရန်ဖြစ်ပါသည်။ ဤသို့သော အကြံပေးချက်များမှာ မသိကျိုးကျွန်ပြုရန် ခက် လှသည်။ သို့ရာတွင် အချို့သူများကျတော့လည်း လျစ်လျူရှုနိုင်ကြဆဲဖြစ်သည်ကို တွေ့ရသည်။
အဘယ့်ကြောင့်ဆိုသော် အောက်ပါအတွေ့အကြုံကြောင့်ဖြစ်သည်။

ကျွန်တော်သင်တန်းတစ်ခုကို သင် ပြရာ ကျောင်းသားများအား အထက်တွင်ပြောခဲ့သည့်နည်းအတိုင်း အချင်းချင်း အကဲဖြတ်စေသည်။ ထို သို့ပြုခိုင်းသည့်အခါ အဆင့်လေးဆင့်ခွဲထားသည်ဖြစ်၍ သူတို့ ဘယ်အဆင့် ထဲမှာ ရောက်နေသည်ဟူ သည်လောက်ကို သာ သူတို့အား ပြောပြသည်။

ကျောင်းသားတစ်ယောက်နှင့် ကျွန်တော် စကားပြောခဲ့ ပုံကို သတိရမိသည်။ ထိုကျောင်းသားအား ကျန် ကျောင်းသား များက စက်ဆုတ်ဖွယ်ကောင်းသူအဖြစ် အကဲဖြတ်ထားကြသည်။ သူက လူတော်တော့ လူတော် ပင်။ သို့ရာတွင် သူက သူ့ကိုယ်သူ အတော်အ ထင်ကြီးသူဖြစ်နေသဖြင့် သူ ဘယ်အခြေနေ ရှိသည်ကို မသိနိုင်ဘဲဖြစ်နေသည်။ သူသည် အဆင့်လေး ဆင့် ခွဲထားသည့်အနက် နောက်ဆုံးအဆင့်ထဲ၌ ရောက်နေ လေသည်။ သူသည် ထိုသို့အောက်ဆုံးဆင့် တွင်ရောက်နေသော်လည်း သူကမူ ပူပန်မှုလည်းမပြ၊ အထိတ် အလန့်လည်း မဖြစ်ခဲ့ပေ။

သူက သူ အောက်ဆုံးအဆင့် ၂၅ရာခိုင်နှုန်းထဲမှာ ရောက်နေသည့်တိုင် သူ၏အဆင့်သည် ၂၄ရာခိုင်နှုန်း သို့မဟုတ် ၂၅ရာခိုင်နှုန်းလောက်တော့ ရှိနေဦးမည်ဟု ယူဆလေသည်။ (ငါသည် အောက်အဆင့် ၅ ရာခိုင်နှုန်း လောက်မှာ ရှိနေရော့လားဟူ၍ကား လုံးဝမတွေးပေ။) ထို့ကြောင့် သူ့စိတ်ထဲ၌ သူ့အဆင့် သည် နောက် တစ်ဆင့်မြင့်သည့် လေးပုံတစ်ပုံထဲ ရောက်လုနီးပါးရှိနေသည်ဟုသာ တွေးသည်။ "၅၀ ရာ ခိုင်နှုန်း နှင့် သိပ်မဝေးလှ"ဟု သူက သူ့ကိုယ်သူ သုံးသပ်လေသည်။ ၅၀ ရာခိုင်နှုန်းဆိုသည်မှာ သူငယ် ချင်းများက မဆိုးပါဘူး ဟု တွေးသည့်အဆင့် မဟုတ်ပါလော။

"ဒီပုံစံကားချပ်ရှိတဲ့အတွက် ဆရာတော့ ၀မ်းသာတယ်"ဟု ကျွန်တော်က သူ့ကို ပြောပြသည်။ "ဘာ ကြောင့်လဲ ဆိုတော့ မင်းကို တိကျတဲ့သတင်းအချက်အလက်အချို့ ပေးနိုင်ဖို့ဟာ အရေးကြီးတယ်လို့ ဆရာ ထင်လို့ပဲ။ မင်းဟာ အောက်ဆုံး ၂၅ရာခိုင်နှုန်းထဲမှာ ရောက်နေရုံမျှမကဘူး၊ အတန်းထဲမှာ လူ ၅၀ ရှိတဲ့ အနက် မင်းဟာ နောက်ဆုံးမှာရှိတယ်လို့ မင်းရဲ့သူငယ်ချင်းတွေက အဆင့်သတ်မှတ်ပေးတဲ့ ပြဿ နာပဲ၊ သူတို့ ပြောကြတာက မင်းဟာ သူများပြောတာကို နားမထောင်တတ်ဘူးတဲ့၊ မင်းဟာ အများနဲ့အ ဆင် မပြေဘူးတဲ့၊ ဒါဟာ မကောင်းဘူးကွ"

ကျွန်တော့်တပည့်သည် တုန်လှုပ်သွားသည်။ (ကျောင်းသားများသည် အမြဲပင်သို့နှယ် တုန်လှုပ်သွား တတ်သည်။) သူသည် သူ၏အခြေအနေမှန်ကို သိသွားခဲ့ပြီဖြစ်သည့်အတွက် ကျွန်တော်ကလည်း သူ့ အား ဤကြွားရန် ခက်ခဲလှသော အချက်အလက်များကို ပေးလိုက်ပြီဖြစ်သည်။
ထို့နောက် ကျွန်တော်က သူ့အား ကျွန်တော့်အကြောင်း အမှန်အတိုင်းပြောပြသည်။

"ဆရာလဲ မင်းလိုပဲကွာ၊ ဆရာက သူများပြောတာ ဘာမှသိပ်လက်မခံချင်ဘူး၊ ဒါပေမဲ့ ဆရာ့မှာ အမှန် တရား ကို ဆရာ့ခေါင်းထဲ အတင်းရိုက်သွင်းပေးခဲ့တဲ့ ပါမောက္ခတစ်ဦးရှိခဲ့ဖူးတယ်၊ အဲဒါနဲ့ပဲ ဆရာ့မှာ ထူး ခြားမှု ရှိလာတယ်၊ အဲဒါက ဘာလဲဆိုတော့ နားထောင်တတ်ခြင်းပါပဲ ဤတွင် ကျွန်တော်တပည့်  ကျောင်းသား တပည့် ကျောင်းသားသည် မျက်လုံးကျယ်လာ၏။ ကျွန်တော်က သူ့ကို ဤသို့ပြောသည် ။"ဒါဟာ အမှန် အတိုင်း ပြောဆိုခြင်းပဲ၊ ဆရာလည်း အမှားတွေပြုပြီး အမှန်ရောက်လာခဲ့သူပါ၊ အဲဒီလို ရောက်လာခဲ့တဲ့ လူဖြစ်လို့လဲ ဆရာက မင်းဟာလည်း အမှန်ပြန်ရောက်နိုင်တဲ့ လူတစ်ယောက်ပဲလို့ ပြောနိုင်တဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်လာခဲ့ တာပါ''

ကျန်သည့် စာသင်နှစ် နှစ်ဝက်တစ်လျှောက်လုံး ဤတပည့်သည် အမြဲတမ်း သူ့ကိုယ်သူ ပြန်လည်စစ်ဆေး ကြည့်သွားတော့သည်။ ယခင်နှစ်ပေါင်းများစွာတွင် ကျွန်တော့် ပါမောက္ခ အင်ဒီဗန်းဒမ်းက ကျွန်တော့်အား ပြုပြင်ပေးခဲ့သလိုပင် ကျွန်တော်လည်း ဤတပည့်အား သူ့ကောင်းကျိုးအတွက် ပြုပြင်ပေးခဲ့ပါသတည်း။
အခန်း ၂၅
ဖြစ်ချင်သူအား သင်တန်းပေးခြင်း

ငယ်စဉ်ကလေးဘ၀ စိတ်ကူးအိပ်မက်များအတိုင်း ဖြစ်လာခြင်းသည် အလွန်ရင်ဖို ပီတိ ဖြစ်ဖွယ် ကောင်းပါသည်။ သို့ရာတွင် အသက်အရွယ်ကလေး ရလာသည့်အခါ ကိုယ့်စိတ်ကူးအိပ်မက်အတိုင်း ဖြစ်လာရခြင်း ထက် သူတစ်ပါး၏ စိတ်ကူး အိပ်မက်အတိုင်း ဖြစ်လာအောင် လုပ်ပေးရခြင်းက ပို၍ ပျော်ရွှင် ပီတိ ဖြစ်ဖွယ် ကောင်းပါ၏။

၁၉၉၃ ခုနှစ်က ကျွန်တော်သည် ဗာဂျင်းနယား တက္ကသိုလ်တွင် စာသင်ပြပေးနေသည်။ ကျွန်တော် အတန်း တွင် တွမ်မီ ဘားနက်ဟုခေါ်သော ကျောင်းသား တစ်ဦးလည်းပါသည်။ သူသည် ပန်းချီ အနုပညာသည် တစ်ဦး အဖြစ်မှ ကွန်ပျူတာ ဂရပ်ဖစ်ပညာလိုက်စားသူ ကျောင်းသားတစ်ဦးဖြစ်လာသူပါ။ သူက ကျွန်တော် ၏ သုတေသနအဖွဲ့တွင် အလုပ်လုပ်လိုသည်။ ကျွန်တော်က သူနှင့် သူ့ဘ၀အကြောင်း၊ သူ့ ရည်မှန်းချက်များ အကြောင်း ပြောဆိုနေစဉ် သူသည် စကားတစ်ခွန်းကို ရုတ်ခြည်း ၀င်ပြောလိုက်သည်။

'အို၊  ဆရာကလည်း ကျွန်တော်မှာ ကလေးဘ၀ကတည်းက ဒီအိပ်မက်တွေ ရှိလာခဲ့တာပဲ'
စကားပြောသည့် အခါ လူတစ်ယောက်၏ စကားထဲတွင် ကလေးဘ၀တို့ ၊ အိပ်မက်တို့ ပါလာလျှင် ကျွန်တော် သည် ထိုသူ၏ စကားကို အထူး စိတ်ဝင်စား တတ်သည်။
'ဆိုပါဦး တွမ်မီရ၊ မင်းစိတ်ကူးအိပ်မက်တွေက ဘာတဲ့လဲ 'ဟု ကျွန်တော်က မေးပါသည်။
ထိုအခါ 'ကျွန်တော်က နောက်တစ်ကြိမ်ရိုက်မဲ့ ကြယ်တာရာ စစ်ပွဲ ရုပ်ရှင်ကားနဲ့ ပတ်သက်တဲ့ အလုပ်မှာ လုပ်ချင်တာ ခင်ဗျ' သူက ပြောပါသည်။

သူ ဤစကားကို ပြောခဲ့သည်မှာ ၁၉၉၃ ခုနှစ်ကပါ။ နောက်ဆုံးကြယ်တာရာ စစ်ပွဲ ရုပ်ရှင်ကားကို ၁၉၈၃ ခုနှစ် က  ရိုက်ကူးထုတ်လုပ်ခဲ့သည်။ နောက်ထပ် ဤကားမျိုး ထပ်မံရိုက်ကူးထုတ်လုပ်ရန် တိတိကျကျ သတ်မှတ် ထားသော အစီအစဉ်မျိုး မရှိပါ။ 'ဒီအိပ်မက်ကတော့ တကယ်ဖြစ်လာဖို့အလွန်ခက်မယ့် အိပ်မက် ပဲကွ၊ ဘာကြောင့် လဲဆိုတော့ ဒီကားကို မြင်ရဖို့ ခက်လှလို့ပဲ၊  ကြယ်တာရာစစ်ပွဲ ရုပ်ရှင်ကားများ ထုတ်လုပ် ရိုက်ကူးမှုဟာ ပြီးဆုံးသွားကြပြီလို့ ပြောတယ်' ဟု ကျွန်တော်က ရှင်းပြပါသည်။

'မဟုတ်ဘူး ဆရာ၊ သူတို့နောက်ထပ် ရိုက်ကူးထုတ်လုပ်ကြဦးမှာပါ၊ သူတို့အဲဒီလို ရိုက်ကူး ထုတ်လုပ်ပြီ ဆိုတဲ့အခါ ကျွန်တော် အဲဒီကားတွေနဲ့ ပတ်သက်တဲ့ အလုပ်တွေကို လုပ်မယ်၊ ကျွန်တော် အစီအစဉ် ကတော့ အဲဒါပဲ' ဟု သူက ပြောပါသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, March 28, 2011

ဟင်းတစ်ခွက် တောင်ဘက်မှ ပိုချိုခြင်း (ဆင်ဖြူကျွန်းအောင်သိန်း)

ဟင်းတစ်ခွက် တောင်ဘက်မှ ပိုချိုခြင်း
ဆင်ဖြူကျွန်းအောင်သိန်း

တလင်းစုထဲမှ ကောက်ပြန့်များကို နွားနင်းနယ်သံသည် အရိုးချည်းသာကျန်တော့သော ချူံတောကို လေပြင်း တိုက်သံ လို သရက်ပင်အုပ်ကြီးအောက်မှ ဆူညံစွာထွက်ပျံနေလေ၏။
နေခြည် သည် တစ်နေ့တာလုံး သရက်ပင်အုပ်ကို မဖောက်ထွန်းနိုင်သော်လည်း ယခုမူ အဝေမှ စွေ၍ ကောက်ပြန့် များ ပေါ်သို့ သွန်းလောင်းနေပေပြီ။ ရှည်လျားသော အရိပ်ကြီးများသည် ကောက်ပြန့်၏ အရှေ့ဘက် ကျသော အရပ်၌် ကိုးရိုးကားရား လှုပ်ရှားနေကြပေသည်။ ကောက်ပြန့်ထက်သို့ ပျံတက် လာသော အမှုန်များသည် နေခြည်ရောက်ရာအရပ်တွင် ပါးလွှာသော ဇာပ၀ါတွန့်သလို လွန့်မြူး၍ နေခြည် လွတ်သော နေရာ၌် ပျောက်ကွယ်သွားလေ၏။

`တယ်ဒီနအိုကြီးဟာ သေတော့မှာပဲ။ ဒါလောက်ပဲ ငတ်ရသလားဟင်` တောင်ဘက်တလင်း မှ အုန်းမြ၏ အော်ငေါက်သံ နှင့်အတူ တင်ပါးကိုနှင်တံဖြင့်ရိုက်သံသည်လည်း တချိုးချိုးတချွတ်ချွတ် အသံများနှင့် ရောလိမ်လျက် ထွက်ပေါ်လာသည်။
``ဟင်း၊ဟင်း၊ဟင်း၊ဟင်း``
ကိုဆေးရိုးသည် နွားနှစ်ကောင်၏တင်ပါးကို လက်ဝါးဖြင့်တွန်းရင်း တဟင်းဟင်းအသံပေးလျက် ရှိသည်။ နွားနှစ်ကောင် မှာ ပျိုရွယ်သန်မာသော အရွယ်ကောင်းများဖြစ်၏။ သို့ရာတွင် ခေါင်းကြီးတွေစိုက်လျက် ပျင်းတိ ပျင်းတွဲ လှမ်းနေကြပေသည်။ ကောက်ရိတ်ပြီးစချိန်ကပင် နွားနှစ်ကောင်မှာ လုံလောက်သော အနာယူချိန် နှင့် အားမွေးချိန် ကို ရရှိထားသဖြင့် လှည်းတပ်လိုက်ပြီိဆိုလျှင် ဆွဲ၍မနိုင်နိုင်အောင်ဖြစ်ခဲ့ရ၏။

လူအိုနှင့်နွားပျို၊ သည်ဆိုလျှင် ခတ်ရချေရဲ့ဟု အောက်မေ့ခဲ့သည်။ ယခုမူ ညဥ့်သခေါင်တိုင်အောင် နှယ်၍ အရုဏ်တက် က ထပြီး“ကောက်ဖွပ်“ ရသောဒဏ်ကြောင့် နွားနှစ်ကောင်မှာ ခြေကုန်လက်ပန်းကျနေပေပြီ။
“မန်ကျည်းသီး ကောက်ကွေး လောက်လေးနဲ့ ဆော်သလေလေ့။ ဟိုကောင်မလေး ဆံတောက်ကွေး နောက်ဖေး ကို ခေါ်သဟေ့ ခေါ်သဟေ့“ အုန်းမြတို့ ကောက်ပြန့်၏ ဟိုဘက်မှ ကြည်စိန်၏ အော်သံဖြစ်၏ ကိုဆေးရိုး မှာ ခေါင်းကို ဆတ်ခနဲထောင်ပြီး လှမ်းကြည့်မိသည်။

“ဟ ဘာကောင်လေးတွေလဲဟေ့“
ကိုဆေးရိုးမှာ ပြုံးစေ့စေ့ကြီးဖြစ်သွားသည်။ ကောက်ပြန့်ပေါ်တွင် သံသရာစက်ဝိုင်းလို မဆုံးနိုင် မပြတ်နိုင် တ၀ဲလည်လည် လှည့်ပတ်မောင်နှင်နေရသဖြင့် အော်မိအော်ရာ ပျင်ပျင်းနှင့် ထအော်ခြင်းဖြစ်ပေမည်ဟု တစ်ဆက်တည်း တွေးမိသောကြောင့်လည်း ကိုဆေးရိုး၏ နှုတ်ခမ်းမှ အပြုံးသဏ္ဌာန်မှာ တော်တော်နှင့် ပျာက်ကွယ်မသွားပေ။
“အုန်းမြရေ“
“ဗျိုး“

ကိုဆေးရိုး က တောင်ဘက်တလင်းတွင် ငြိမ်ငြိမ်ကလေး နွားမောင်းနေသေ အုန်းမြကို လှမ်းပြီး အသံပေး လိုက်လျှင် အုန်းမြက ခေါင်းထောင်၍ကြည့်သည်။ 
“မင်းကကော ဘာမှမဆိုးဘူးလားကွ“
“ဟဲဟ“
အုန်မြသည် တစ်ချက်ရယ်ပြီးလျှင် နွားကိုသာ တဟဲ့ဟဲ့ဖြင့် ဆက်ခက်မောင်နှင်နေသဖြင့် ကိုဆေးရိုးမှာ ဆက်၍ မပြောတော့ဘဲ ကောက်ပြန့်ကို ငုံ့ကြည့်လိုက်သည်။ သဲသဲကွဲကွဲမမြင်ရပေ။
“ကျီးဒန်ရေ၊မီးလေးများ လက်ပါဦးဟ“

သရက်ပင် ပင်စည်ကို ကပ်ပြီးထိုးထားသော တဲကုပ်ကလေးဆီသို့ လှမ်းကြည့်ကာ အော်လိုက်သည်။ တဲကုပ် ကလေး အတွင်းတွင်ကား မကျီးဒန်သည် တကုပ်ကုပ်ဖြင့် ချက်ပြုတ်လုပ်ကိုင်လျက်ရှိသည်။ မကျီးဒန်သည် သစ်သားငရုတ်ဆုံ တစ်ခုဖြင့် ထောင်ထုနေရာက ငရုတ်ကျည်ပွေ့ကို တန်းလန်းစိုက်ထားလိုက်ပြီး တဲတစက်မြိတ်  တွင်  ချိတ်ထားသော “ပုန်နဆီအိုး“ကိုဖြတ်သည်။
ပုန်နဆီအိုဆိုသည်မှာ လက်ဝါးတံဆိပ် ရေနံဆီမီးအိမ်ဖြစ်၏။ မည်သည့်အကြောင်းကြောင့် ပုန်နဆီအိုးဟု ခေါ်သည် မသိပေ။ ပုန်နဆီအိုး ၌ သရက်စေးများ၊သရက်ပွင့် အခြောက်များ၊ စပါးမှုန်များသည် ရေနံဆီနှင့် တလိန်း ထိုးကာ ပေကျံနေပေ၏။ မကျီးဒန်သည် ပုန်နဆီအိုးကို မီးထွန်းညှိပြီးလျှင် ကော်ပြန့်ပေါ်သို့ ညွှတ်ကျ နေသော သရက်ကိုင်း တစ်ခုတွင် လာရောက်ချိတ်ပေးလိုက်၏။

“အင်ဟင် ဟဲ့၊ မလုပ်နဲ့လေ။ ဒီလိုမလုပ်စမ်းနဲ့လေ“
မကျီးဒန်အားလှမ်းကြည့်ခိုက်တွင် နွားနှစ်ကောင်သည် နှုတ်သီးစွပ်ထားလျက်က တုံ့ရပပြီး ကောက်ပြန့်ကို နှာခေါင်းဖြင့် တရှူးရှူး ငုံ့ထိုးနေသည့်အတွက် တချက်ရိုက်လိုက်သည်။
“မတော်သေးဘူးလား“

မကျီဒန် က ကောက်ပြန့်ကို ခြဖ၀ါးဖြင့်ပွတ်ကြည့်ရင်း မေး၏။ ကောက်ပြန့်အဖျားများသည် တစ်ဖက်သတ် ယိုင်လဲ လျက် စပါးစေ့ရှိသောနေရာများ၌ အရိုးချည်းသာ ကျန်တော့သည်။ အားနည်းသော ပုန်နဆီ မီးရောင်ဖြင့် မမြင်ရသော်လည်း စမ်းသပ်ကြည့်ရုံနှင့် သိသဖြင့် မေးလိုက်ခြင်းဖြစ်ပေသည်။

“နည်းနည်းလိုသေးသလားလို့ဟ“
ကိုဆေးရိုး က နွားနှစ်ကောင်ကို ခပ်သွက်သွက် တို့မောင်းနေ၏။ နွားနှစ်ကောင်၏ ခြေတောက်ကြားတွင် လည်းကောင်း၊ ကိုဆေးရိုး ၏ ခြေတောက်တွင်လည်းကောင်း နူးညံ့သော ကောက်မျှင်ကလေးတို့က လုံးထွေး နေပေ သည်။ နင်ရင်းက ကောက်လှိုင်းအစည်းထဲက ကျွတ်ထွက်လာသော အမျှင်ကလေးများက ဖုံးနေခြင်း ဖြစ်၏။

ကိုဆေးရိုးသည် “ဖုံ“ နေသော အထွေးကလေးများကို နှင်တံဖြင့်ခြစ်၍ ဘေးသို့ပစ်ချလိုက်၊ နွားနှစ်ကောင်ကို ခပ်လောလော ကလေး မောင်းလိုက်သဖြင့် စောစောကထက် သွက်လက်နေသည်။ နွားနှစ်ကောင်မှာလည်း သခင်က ယင်းသို့မောင်းလာပြီဆိုလျှင် နားတော့မည်ဆိုသည်ကို သိနေသည့်အလား အသော့နှင် နေကြသည်။ စပါးနယ်ရာ ၌ တည်ရှိသော ကောက်ပြန့်ကြီးတစ်ခုလုံးကို တစ်ပြိုင်နက် နင်းနိုင် နှယ်နိုင် သည် မဟုတ်။ တစ်ဝက်သာ နှယ်နိုင် နင်းနိုင်ပေသည်။

ကောက်ပြန့် ၏ ဗဟိုကြသော နေရာကို “ဗွေ“ ဟုခေါ်သည်။ ထိုဗွေကို စက်ဝိုင်း၏ အနားအဖြစ်ထားကာ ကောက်ပြန့် ၏ အစွန်းနှင့်ဆက်သွယ်၍ နွားကို မောင်နှင်ရသည်။ နွားကိုလည်း တစ်နေရာတည်း အသေထား ၍ မောင်နှင်ခြင်းမဟုတ်ဘဲ နွားခွာများ နေရာချင်းစပ်ပြီး နင်းအောင် အရင်းကနွားကို နည်းနည်းချင်း ကြိုးတင်းပေးရသည်။

ယခုကဲ့သို့ စပါးစေ့များ ကုန်စင်လုနီးနီး ကျွတ်၍ ဖုံနေသောအခါတွင် ကောက်ပြန့်ကြီးသည် နေကြာပန်းပွင့်၏ ၀တ်ဆံများ တည်နေပုံကဲ့သို့ ဗဟိုတွင် အနားစပ်နေပေတော့သည်။ ထို့ ကြောင့် ပထမဦးစွာနှယ်ခြင်ကို “ဗွေ“ဖွပ်သည် ဟုခေါ်လေ၏။
“ဖြူနေပါပြီ တော်ရဲ့။ ထမင်းစားပြီးမှပဲ ကောက်ပေါက်တော့တာပေါ့“

မကျီးဒန် က ကောက်ပြန့်၏ အစပ်မှ အလှိုင်းထိပ်များကိ လက်ဖြင့်စမ်းသပ်ကြည့်ပြီး ပြောသည်။ဖြူသည် မဖြူသေးဘူး ဆိုသော အသုံးအနှုန်းမှာ ဆန်ဖွတ်ရာတွင်လည်းကောင်း၊ စပါးနှယ်ရာတွင်လည်းကောင်း သုံစွဲကြပေ၏။ ဆန်ဖွတ်လျှင် ဆန်ပေါ်၌ဖုံးနေသော ဖွဲများ ကုန်စင်ခြင်းကိုရည်ရွယ်၍၊ ကောက်လှိုင်းများကို နှယ်ရာတွင်မူ စပါးစေ့များ ကောက်လှိုင်းတွင် ကုန်စင်ခြင်းတို့်ကိုရည်ရွယ်သည် ထို့ကြောင့် ဖြူသည် ဆိုခြင်းမှာ“စင်“ခြင်းကိုဆိုပေ၏။

မကျီးဒန်မှာ ကိုဆေးရိုးကိုလည်း ကြာကြာရပ်ကာ စကားပြောမနေနိုင်ပေ။ နောက်သို့လည်း မကြာခဏ လှည့်ကြည့် နေရာက
“ကဲ ဟင်းချိုအိုးဆူရင် ဟင်းရွက်ခတ်ထားလိုက်မယ်။ နွားတွဲချပေတော့“

ပြောပြောဆိုဆို တဲထဲသို့ ပြေးဝင်လာခဲ့သည်။ ဟင်းချိုအိုးဝေကျလျှင်  ချွေချွေတာတာ  ခတ်ထားသော ဆီကလေး တွေ ဝေကျသောရေနှင့် အတူ မီးဖိုထဲသို့ ရောက်ကုန်မှာဆိုးသဖြင့် ပြေးဝင်လာသော်လည်း ဟင်းချိုအိုး မှာလှုပ်သော်မျှ မလှုပ်သေးပေ။ မကျီးဒန်က နွားတွဲအချတွင် အဆင်သင့်ဖြစ်အောင် မီးကို ဆွပေး၏။ ပန်ကန်ကို အပြေးအလွှားဆေးပြီး တဲထရံတွင်  မှီထားသော စားပွဲခုံကို ခင်း၍တင်ထား၏။ ထမင်းစား စားပွဲခုံကား ချေးအထပ်ထပ်ဖြင့် မည်းနေသည်။ အအေးဓါတ် ရစ်ပတ်ထားသောကြောင့် အစိုလည်း ပြန်နေပေ၏။ စားပွဲခင်းပြီး၍ ဟင်းအိုးကို လှည့်ကြည့်သောအခါ ဟင်းချိုမှာ မီးခိုးကြားတွင် ပျောက် နေချေသည်။

"မှိုင်းစော်တော့ နံကုန်တော့မှာပါပဲတော်" မကျီးဒန်သည်  စိတ်ထဲမှ ပူပန်စွာရေရွတ်လိုက်ပြီး စုထပ်နေသော ထင်းစ များကို တစ်စပေါ်တစ်စ မေးတင်ပေးကာ မီးပြောင်း(မီးပလွေ)ဖြင့် မှုတ်ပေး၏။ မီးကား တောက်မလာပေ။ တဲကုတ်အတွင်းဝယ် လိုဏ်သံပါသော မီးပြောင်းမှုတ်သံက ညံနေ၏။ မီးကရုတ်တရက် မတောက် နိုင်သဖြင့် သွားကျိုး၊ပါးကျိုး မကျီးဒန်၏ ပါးစပ်ထဲမှ လေအစားတံတွေးများသာ ထွက်လာ တော့သည်။

ထိုစဉ်ကောက်ပြန့်ပေါ်မှ အသံများပျောက် သွားပြီး မာကျောသောတံလင်းမြေပြင်ကို နွားခွာဖြင့် ဖိနင်းသံများ ထွက်ပေါ်လာ၏။ ခွာသံများသည် နွားစာခေါင်း (နွားစာခွက်)နား၌ ရပ်တန်းပျောက်ကွယ်သွားသည်။ နွားတွဲချ၍ နွားများကို အစာကျွေးခြင်းဖြစ်ပေသည်။ မကျီးဒန်မှာကား မျက်စိထဲသို့ မီးခိုးဝင်သဖြင့် ခဏနားပြီး မီးပလွေသံ တညံညံဖြင့် ဆက်မှုတ်နေ၏။ ကိုဆေးရိုးသည် ဆေးလိပ်တိုကလေးကိုင်၍ မီးဖိုဘေးလာထိုင်၏။ မကျီးဒန် ကား ဇွဲကောင်းကောင်းဖြင့် မီးမှုတ်ဆဲ။

"အင်းညဉ်းဟင်းအိုး ကတော့ ဆားခတ်ဖို့တောင် မလိုတော့ပါဘူးအေ" မီးစတစ်စဖြင့် ဆေးလိပ်ကိုညှိဖွာရင်း ကိုဆေးရိုး က ရယ်သွမ်းသွေးလိုက်၏။ မကျီးဒန်သည် မီးပြောင်းကို ဆောင့်ချပြီး ကိုဆေးရိုးအား မျက်စောင်း ထိုး၍ကြည့်သည်။ မသိဘူးတော်ရေ့၊သစ်ကိုင်း အခြောက် တွေအောက်မေ့လို့ ဆွဲလာတာ။ သေနာယုတ် ထင်း၊ မီးဖိုထဲရောက်မှ စိုနေတာ" မကျီးဒန်က အငေါ်ထူးသံဖြင့်ပြောအပြီး၌ လုံခြုံသေသပ်နေသော ထဘီစ ကို ဒူးကြားသို့ ဆွဲသွင်းလိုက်၏။ အားရင်သရက်တုံးတွေရှိသားပဲ။ လက်သည်းခွံလောက်တောက်တောင် ပေါက်ပေးဖော် မရဘူး ကဲ ကဲ" ကိုဆေးရိုးက အသံမြှင့်၍ အော်ရင်းထလိုက်သည်။ "ငါ့ဘက်လှည့် လာရင်တော့ ပြေးမှပဲဟေ့ ပြေးမှပဲ"

တဲပေါက်မှအထွက်တွင် ထပ်မံရေရွတ်ရင်း ကောက်လှိုင်းဆိုင်ဆီသို့ ဆေးလိပ်မီး တဖွားဖွားဖြင့် လျှောက် လာခဲ့သည်။ ကောက်လှိုင်းဆိုင်ပေါ်တင်ထားသော ထွန်ခြစ်ကိုဆွဲယူပြီး ကောက်ပြန့်ဘေး သို့ လျှောက် လာခဲ့၏။ ကောက်ပြန့်ဘေးတွင်ရပ်၍ အလှိုင်းတစ်လှိုင်းကို ထွန်ခြစ်ဖြင့်ဆွဲကာ မပေါက်သေးပဲ တဲဆီသို့ လှည့်ကြည့်သည်။ မကျီးဒန်ကားလိုဏ်သံ တညံညံဖြင့် မီးကိုသာကုန်း ၍မှုတ်နေဆဲရှိသေး၏။
ကိုဆေးရိုး မှာ မကျီးဒန်ကို ထင်ထင်ရှားရှား မမြင်ရသော်လည်း ဆေးလိပ်မီးဝင်ညှိစဉ်က တစ်ခေါင်းလုံး ပြာမှုန့်ဖြင့် ဖွေးနေသော မကျီးဒန်၏ အသွင်ကို မြင်ယောင်ကာ ရယ်ချင်လာသည်။ ဘယ်လိုပင် ထိန်းချုပ်ထားပေမဲ့အူအလိပ်လိပ်ထလာသည် ထင်ရ၏။ ထို့ကြောင့် ကိုဆေးရိုးမှာ မိမိ၏ တလင်းအစပ်ရှိ ချုံတန်း များကို လှမ်းကြည့်လိုက်ရသည်။

ချုံတန်းသည် နောက်ခံထန်းတောနှင့် တစ်သားတည်းပန်းမှောင်နေ၏။ ထန်းတော၏ ကြားမှာ ကြယ်တစ်လုံး တစ်လေ လင်းနေသည်။ သို့သော် ပြာမှောင်သော နှင်းလွှာပါးက ကာခြားထားသောကြောင့် မွှားမွှားသာ မြင်ရသည်။ ငွေလမသာ မလင်းသောကြောင့်လည်း သရက်ပင်အုပ်အောက်ရှိ တလင်းများမှာ မှောင်နေ၏။ ၀ါရော်သောရေနံဆီမီးအိပ်များ၏ အရောင်သည်သာ အားနည်းသောအလင်းရောင်ကို ပေးနေပေ၏။

ကိုဆေးရိုးသည် ထွန်ခြစ်ဖြင့်ချိတ်ဆွဲထားသောကောက်ရိုးကို မိမိဘက်သို့ ချိတ်ယူလိုက်သည်။ ကောက်ပြန့် ပြန့်စဉ်ကပင် "စည်းကြိုး"ကို တံစဉ်ဖြင့် ဖြတ်ထားသဖြင့် ရိုးတံများသည် ပြန့်ပြီးလိမ့်လာ ၏။ ကိုဆေးရိုးက ခြေဖျားကို ကုပ်၍ထိုးခံလိုက်ကာ ချက်ချင်းခြေဖျားကိုကော့၍ ကောက်ရိုးတံများ ပြန်မကျအောင် ထိန်းပေးပြီး ထွန်ခြစ်ဖြင့် ဖေးလျက်ခြေကိုနောက်သို့ဆွဲယူလိုက်၏။ ရုတ်ခြည်းပင် ထွန်ခြစ်ကို တစ်တောင်ခန့် မြှောက်ခွာ ၍ တစ်ပြိုင်နက်ပင် ကောက်လှိုင်းကောက်ရိုး ရိုးတံစုကို ခြေဖမိုးဖြင့်ခတ်လိုက်သည်။ ကောက်ရိုးပင်များမှာ ထွန်ခြစ်ဖြင့် ခိုက်မိပြီး ခြေထောက်ပေါ်ပြန်ကျ လာ၍ ခြေဖမိုးက ဆီး၍ခတ်လိုက်ပြန်သည်။

ခြေဖမိုးဖြင့်ခတ်လိုက်သော ကောက်ရိုးပင်များထွန်ခြစ်နှင့် ခြေဖမိုးကို အပြန်အလှန်ထိခိုက်ချိန်မှာ မျက်စိ သုံးမှိတ်မျှ ကြာညောင်း၏။ ထိုအချိန်အတွင်း ခြေဖမိုးဖြင့်လေးချက်ခန့်ကန်ပြီး ခတ်ပြီးသွားကာ ကောက်ရိုးပင် များကြားတွင် ၀ပ်နေသောစပါးစေ့များ ပြောင်စင်သွားလေ၏။

ကိုဆေးရိုးက ပေါက်ပြီးသောကောက်ရိုးများကို မိမိ၏ကျောဘက်သို့ ခြေဖြင့်ဖေး၊ ထွန်ခြစ်ဖြင့််ထိန်းလျက် ကိုယ်ကို လိမ်၍ ပစ်ချလိုက်သည်။ စည်းကြိုးကို ဖြတ်ထားသော်လည်း ကောက် ရိုးပင်များမှာ မူလ အလှိုင်း အနေအထားသာ ရှိနေသေးသဖြင့် ဆွဲရချန်ရ လွယ်ကူသည်။ ကိုးဆေးရိုးသည် တစ်လှိုင်းပြီးတစ်လှိုင်း ပေါက်၍ နောက်ဖက်သို့ ပစ်ထားလိုက်၏။
"ကိုဆေးရိုးရေ ထမင်းပြင်ပြီးပြီ"

မကျီးဒန်က ထမင်းပွဲဘေးမှ လှမ်းခေါ်လိုက်သည်။ကိုဆေးရိုး၏ နားထဲတွင်မူ မိမိ၏ကောက်ပေါက် သံဖြင့် မိမိ ဆူညံနေသည်။ မကျီးဒန်၏ အသံကို မကြားပေ။ ကောက်လှိုင်းကောက်ရိုးဟူသည် အနည်းငယ်ဖွလျှင် ဖွ သလောက် အမှုန်ထသော အမျိုးဖြစ်သည်။ ယခုလို မှုန်ညက်သွားမတက် နင်းနှယ်ပြီးနောက် တစ်ပင်စီ တစ်မျှင်စီဖြစ်အောင် လှုပ်ကာကန်ကျောက်သောအခါ တလင်း တစ်ခုလုံး စပါးမှုန်ဖြင့် ဖုံးနေတော့၏။

နဂိုက အားနည်းဝါရော်သော မီးရောင်သည် စပါးမှုန်ထုကြီး ကြွတက်လာသောအခါ မီးတောက်ကလေးသာ ကျန်တော့သည်။ မီးရောင်သည်ပျောက်သွား၏။ ကိုဆေးရိုးသည် လုံးလိပ်တက်လားသော စပါးမှုန်များကိုပင် အသက် အောင့်ထားလိုက်၊ မျှဉ်းမျှဉ်းကလေးရှူလိုက်ဖြင့် ကာကွယ်ရင်း တစ်လှိုင်းပြီးတစ်လှိုင်း ဆွဲချိတ်ပေါက်နေရာက မွှန်လွန်းမက မွှန်လာသောအခါ တဲဆီသို့ ခတ်သုတ်သုတ်ပြေးထွက်လာ၏။ စပါးမှုန်ပါးသောနေရာအရောက်တွင် ကမန်းကတန်း အသက်ရှူပစ်လိုက်ရသည်။

"ထူလိုက်တဲ့ အမှုန်ဟေ့။ ရေဖျန်းပြီးပေါက်မှထင်တယ်" "ခေါ်နေတာမကြားဘူးလား။ ကဲရေကလေး ဘာကလေးရှူ ၊ မျက်နှာသစ်၊ လက်ဆေးပေတော့။ ထမင်းစားရအောင်" မကျီးဒန်က အပြစ်တင်တစ်ဝက် အချော့ တစ်ဝက်ဖြင့် ပြောလိုက်ပြီးနောက် ရေအိုးကိုမြင်သာအောင် မီးခွက်မြှောက်ပြသည်။ "ဒီလိုသာဆိုရင်တော့ မနက်မှပဲ ပေါက်နိုင်မယ်ထင်တယ်ဟေ့"  ကိုဆေးရိုးက ရေကိုနှာခေါင်းထဲရှူသွင်းပြီး ခပ်ပြင်းပြင်း မှုတ်ထုတ်၏။

မျက်နှာသစ်၊ လက်ဆေးပြီး တဲထဲမှ ပုဆိုးစုတ်တစ်တည်ကိုဆွဲ၍ မျက်နှာသုတ်သည်။ "ညနေတုန်းက နွားတွဲ မတင်ခင် ရေကလေးမှ မဖျန်းလိုက်ဘဲကိုတော့။ အခုလည်း တော်ထမင်းစားပြီးတာနဲ့ နှင်းရိုက်တာနဲ့ အတော် နေမှာပဲ။ အမှုန်သိပ်ထမှာ မဟုတ်ပါဘူး။ မကျီးဒန်က သစ်သားငရုတ်ဆုံကို ထန်းရွက်ကြား သို့ထိုးကပ်ရင်း လှည့်ပြောသည်။ "အေး ဟုတ်သဟ။ အမယ်အမယ် တယ်စပ်ပါကလားဟေ့" ကိုဆေးရိုးသည် မကျေ သောငရုတ်သီးတစ်တောင့် ကို ၀ါးမိသဖြင့် အလန့်တကြားအော်လိုက်ပြီး ထမင်းချည်းသက်သက် ကပျာကယာ ကောက်လွေး၍ ၀ါးပစ်လိုက် သည်။ ထမင်းစေ့မှ အချိုရည်များ လျှာကိုထိသွားမှ အစပ်ပြေ သွား၏။

မောမောဖြင့်ထလာသော ကိုဆေးရိုးအတွက် စပ်သောဟင်းသည် ထမင်းမြိန်ဆေးပင်ဖြစ်သည်။ ထို ရွှေအပ်သီး နှောသော ချဉ်ပေါင်ဖူးအထောင်း သည် ကိုဆေးရိုးကြိုက်သော ဟင်းဖြစ်၍ နွားလျှာကြီးရွက် ဟင်းချို သည်လည်း ချဉ်ပေါင်ဖူးအထောင်း နှင့် အလိုက်ဆိုးသော ဟင်းစပ်ပင်။ သို့သော် ကိုဆေးရိုး၏ ပါးစပ် မှာ ငရုတ်သီးစပ်တာကလွဲ၍ သည်ဟင်းစပ်ကို ပြောပလောက်အောင် ခံတွင်းမတွေ့တော့ပြီ။
အသက်သုံးဆယ် ရွယ်တုန်းက လုပ်သောလယ်သည် လေးဆယ်စိုက်ဖြစ်၍ ချဉ်ပေါင်ဖူးထောင်းနှင့် နွားလျှာကြီးဟင်းချို ကို ထိုးသိပ်သလိုဝင်ခဲ့၏။ ယခုအသက်ငါးဆယ်ကျော်တွင်လည်း လုပ်ရသော  လယ်မှာ လေးဆယ် စိုက်ပင်ဖြစ်၏။

ချဉ်ပေါင်ဖူးထောင်းနှင့် နွားလျှာကြီးရွက်ဟင်းချိုကို ခံတွင်းမတွေ့ တော့ပြီ။ လုပ်ရသောအလုပ်မှာ လူ့ခွန်အား ယုတ်လျော့သလို လျော့နည်းမသွား သော်လည်း သွား များကျိုး၍ အာရုံကြောများက ချည့်နဲ့ခဲ့ပြီမဟုတ်လား။ ယခင် ကလို ခံတွင်းမတွေ့ တော့သော်လည်း ကိုဆေးရိုးသည် တစ်လုတ်ပြီးတစ်လုတ် ခွံ့နေ၏ တစ်ပန်းကန်ပြီး တစ်ပန်းကန် ကုန်သွားကာ မကျီးဒန်မှာလည်း ရေစိုသဖြင့် ပွပိတ်နေသော ဆန်ဆေး တောင်း ထဲသို့ ထမင်းကို တစ်တောင်းပြီး တစ်တောင်း ထည့်နေရသည်။

ထမင်းတထည့်တည်းထည့်နေရသော်လည်း ကိုဆေးရိုး၏ မျက်နှာပြင်၌ ထမင်းစားလိုက်ရသည့် အတွက် ဗိုက်ပြည့်ရုံမှအပ ထို့ထက်ပိုမိုသော နှစ်သက်ကျေနပ်မှု ပေါ်ပေါက်မလာပေ။
တဲအတွင်း၌ တိတ်ဆိတ်နေပေသည်။ တဲခေါင်းရင်းဘက်မှ နွားနှစ်ကောင်၏ တရှူးရှူးဖြင့် အစာ ထိုးမွှေ စားသောက်နေသံကိုကြားရသည်။ တဲအတွင်း၌ တစ်ချက်တစ်လေ ပန်းကန်နှင့် ဇွန်းမြီး ထိခိုက်မိသံ ပေါ်လာတတ်၏။ အုန်းမြတို့ တလင်းဆီမှာ တစ်ဖြောင်း်းဖြောင်းဖြင့် ကောက်ပေါက် နေကြလေပြီ။ ကိုဆေးရိုးသည် ချဉ်ပေါင်ဖူးအထောင်းသက်သက်ချည်း လက်ညှိုးဖြင့်ကော်လိုက်၏။ လက်ကို ပါးစပ်ထဲသို့ မခွံ့သေးဘဲ ခါးဆန့်ကာ နားစွင့်ထောင်လိုက်သည်။ ခပ်လှမ်းလှမ်း တာလမ်းဆီမှ ကားသံလိုလို ဘာလိုလို ကြားရ၏။

"ဘာသံလဲဟင်" မကျီးဒန်က မျက်လုံးပြူး၍မေးသည်။ "သံချပ်ကားများလား" "ဘယ်မှာများ တိုက်ပွဲ ဖြစ်နေပြန်ပါလိမ့်။ ဘုရားသကြားမလို့ မသေမကြေကြပါနဲ့တော်" ကိုဆေးရိုးက သံချပ်ကားဟုဆိုလိုက်သဖြင့် သံချပ်ကာကားဟူသည် အပြင်းအထန်တိုက်ပွဲဖြစ်မှ လာလေ့ရှိသည်ဟုနားလည်ထားသော မကျီးဒန်က ရင်ကိုလျက် အရမ်းကာရော ဆုတောင်း ခြင်းဖြစ်ပေသည်။
"ဟယ်နင့်မှာ ရမ်းပြီးဆုတောင်းနေ။ သံပုံးတွေတင်ပြီး ဒုန်းမောင်းသွားတဲ့ရထား (မြင်းလှည်း)လားမှ မသိဘဲ ကိုဆေးရိုးက ပြောပြောဆိုဆို တဲပြင်ဘက်သို့ထွက်လာကာ တာလမ်းဆီသို့ခပ်သွက် သွက်လျှောက်လာခဲ့၏။ တဲထဲကထွက်စတွင် အလင်းမှ မမှောင်သို့ ကူးစမို့ ဘာမျှမမြင်ရပေ။ တဖြည်းဖြည်း တာလမ်းပေါ်မှာ တရိပ်ရိပ် သွားနေသော မည်းမည်းကြီးကို မြင်ရသည်။ မိမိနှင့် မလှမ်းမကမ်းတွင်လည်း မိမိနည်းတူ ထွက်ကြည့် နေသူများကို တွေ့ရ၏။

"အုန်းမြ အဲတာဘာကြီးလဲဟ" ကိုဆေးရိုးက လူရိပ်သဏ္ဍာန် ကို အုန်းမြဘဲဟု မှန်းဆပြီး မေးသည်။"လယ်ထွန်စက်နှင့်တူတာပဲ။ အုန်းမြကလည်း ခပ်ဝါးဝါးပဲ ဖြေနိုင်၏။ သို့ကြောင့် ကိုဆေးရိုးက တရွေ့ရွေ့ လိပ်သွားသော မည်းမည်းအရာကို လှမ်းကြည့်လိုက်ရာ မိမိတို့ဘက်သို့ လူတစ်ယောက် ပြေးလာသည်ကို မြင်ရ၏။ "ဟဲ့ဘယ်သူလဲ" ကျုပ်ပါဗျ" ညနေက မန်းကျည်းသီးကောက်ကွေးကို လောက်လေးဖြင့်ဆော်"ဟု အော်ဆိုသော ကြည်စိန်ဖြစ်ပေသည်။

"အခုမောင်းသွားတာ ဘာကြီးလဲကွဟေ" အုန်းမြက ၀င်မေးသည်။ "လယ်ထွန်စက်ကြီးကွ" ကြည်စိန်က မောသံ ကလေး မပျောက်တစ်ပျောက်ဖြင့်ဖြေလေသည်။ "လယ်ထွန်စက်က ဘာလုပ်ဖို့များဘာလိမ့်" ဟ လယ်ထွန်စက် ဆိုတာ လယ်ထွန်ဖို့ပဲပေါ့ဟ ဘာလုပ်ရမလဲလို့"

ကိုဆေးရိုးကတော့ အုန်းမြနှင့် ကြည်စိန်တို့ကြားသို့ ဘာမျှဝင်မပြောဘဲ လယ်ထွန်စက် မည်းမည်းကြီးကိုသာ  မမြင်မကန်းဖြင့် လှမ်းကြည့်မျှော်ငေးနေ၏။ လယ်ထွန်စက်ဟု ကြည်စိန် ကပြောသော အရာကြီးသည်။ ဖားပြုတ်ပင် "ပေါင်း" ကို ကျော်လွန်သွားကာ အသံမျှသာ သဲ့သဲ့ကြားရတော့သည်။ သို့တိုင်အောင် ကိုဆေးရိုးကတော့ ငေးမျှော်မြဲ ငေးမျှောနေ၏။ သူ့ရှေ့ရှိ မှောင်လဟာအတွင်းဝယ် ငြိမ်ဝပ်နေသည်။ ထိုစဉ်တွင် အုန်းမြဖျောက်ခနဲမြည်အောင် သူ့ပေါင်ကို သူပုတ်လိုက်၏။

"ဟာ သိပြီဟေ့၊ သိပြီ" "ဘာသိတာလဲ လယ်ထွန်စက်ဆိုတာ မြေကြီးတွေကို ဖွဖို့လို့ မဟုတ်လား" ကြည်စိန် က အုန်းမြကို သရော်သည်။ "မင်းဖေကလွှားတဲ့။ ငါက အကောင်းပြောမလို့ဟာကို" အုန်းမြက ဆဲရေး လိုက်သည်တွင် ကြည်စိန်၏ ဟားတိုက်ရယ်မောသံက အမှောင် တွင် ပျံလွှားသွား၏ "ကဲကွာ ကဲကွာ၊ သိလို့ပြောမှာဖြင့်လည်း ကောင်းကောင်းပြောစမ်းကွာ" ကိုဆေးရိုးက သိချင်ဇောဖြင့် ၀င်ရောက်ဖျန်ဖြေပြီး အုန်းမြထံမှလာမည့်စကားကို နားစွန့်နေ၏။ "ဒီလိုဗျာ၊ ဗိုလ်တဲမှာ စိုက်ပျိုးရေးဆိုင်းဘုတ်တစ်ခုတင်ထားတာ တွေ့တယ်ဗျ။ အရင်က ကျုပ်တို့ဆီမှာ ဘာစိုက်ပျိုးရေးဌာနမှ မရှိဘူးမဟုတ်လား"။ "အေးလေ၊ ဒါတော့လည်း သိတာပေါ့ကွ။ မင်းကို ငါအပြောခိုင်းနေတာက လယ်ထွန်စက်အကြောင်းကွ  ကိုဆေးရိုးက ကြားဖြတ်၍ မာန်သည်။

"ဟုတ်ပါတယ်ဗျာ နားထောင်ပါဦး ဒါနဲ့ကျုပ်က ဗိုလ်တဲက ရဲဘော်တွေကို မေးကြည့်တော့ လယ်ထွန်စက် တစ်လုံးရယ်၊ မြေသြဇာတွေရယ်၊ မျိုးစေ့တွေရယ်ရောက်လာလိမ့်မယ်တဲ့"။
"မြေသြဇာဆိုပါကလားဟ ကြည်စိန်ရ"
ကိုဆေးရိုး က တအံ့တသြအော်မိသည်။ သို့သော် ၀မ်းသာခြင်းကား မဟုတ်။ အဘယ့် ကြောင့်ဆို သော် ရှေးသရော အခါကမူ မြေသြဇာလိုချင်လျှင် ရန်ကုန်အထိဆင်းရကာ ဈေးခေါင်ခိုက်နေသော ကြောင့် ဖြစ်သည်။ "ဟုတ်တယ်ဗျ။ နွေသီးစိုက်ချင်တဲ့သူတွေကို မြေသြဇာနဲ့ မျိုးအလားပေးမယ် တဲ့ဗျ။

"ဟာတယ်ဟုတ်ပါကလား" ကြည်စိန်က ခုန်၍အော်၏။ "အဲဒီနွေသီးစိုက်ချင်တဲ့သူတွေကို တစ်ဧက တစ်ဆယ်နှုန်း နဲ့  အဲဒီစိုက်ပျိုးရေးက အငှားထွန်ပေးမတဲ့ဗျ" ကိုဆေးရိုး တိတ်သွားသည် ထမင်းနှင့် ဟင်းများ ပေကျံနေသော လက်များမှာ လေတိုက်သဖြင့် တင်းရင်းလာသည့်အတွက် လက်ကို တပြွတ်ပြွတ်စုတ်ရင်း အတွေး ၀င်နေ၏။ သို့စဉ် ကြည်စိန်ကပြောသည်။
"ငရုတ်စိုက်ရရင် ကောင်းမယ်ထင်တယ်ကွ" အုန်းမြကလည်း "ဒို့ စပါးနှယ်တာက တလင်းထဲကို ကောက်လှိုင်း ရောက်နေမှတော့ ဘယ်အချိန်မှဘဲ နှယ်နှယ် ဖြစ်နေပြီကွ။  အဲဒါအသာထားပြီး ငါ့ကျင်းလယ် ၂၀စိုက် ကိုပဲကြဲလိုက်ရရင် ဟန်မှာပဲဟေ့"။

"နေစမ်းပါဦးကွာ" ကိုဆေးရိုးက လေးပင်စွာဖြင့် ကြားဖြတ်ပြောလိုက်သည်။ "ထွန်တာစိုက်တာက တော့ ဟုတ်ပါပြီ။ အပင်တွေမအောင်မချင်း အခုရှိနေတဲ့ အစို ကမြဲပါ့မလားကွ" "ဟာဟုတ်သဗျို့" ကြည်စိန်မှာ အရေးကြီးသော အချက်ကို ယခုမှသတိရသဖြင့် အထိတ်တလန့်အော်၏။ သို့သော်" နွေသီး တကယ် လုပ်ကြရင် မြောင်းဘက်ကရေလွှတ်ပေးမတဲ့ဗျ" ဟု အုန်းမြင့်က ထပ်ဆင့်ဖောက်သည်ချလိုက်သောခဏ၌ ကိုဆေးရိုး ၏ အသံသည် တလင်းသိုက်များသို့ပင် ကျယ်လောင်စွာ ပျံဟိန်းသွားလေ၏။ "ဟာ ဟုတ်ပြီဟေ့။ ပဲကြီးတစ်ဧက ပက်ထားသကွ။ ထပ်ပြီးတော့လည်း စိုက်လိုက်ဦးမဟ။ ဟုတ်ပြီ။ ကိုဆေးရိုးသည် သတင်းကောင်း ကို မကျီးဒန်အားပြောကြားရန် တဲကုပ်ဆီသို့ အပြေးလာခဲ့သည်။ မကျီးဒန်သည် တဲပေါက်ဝ ၌ ရပ်၍ ဆေးလိပ်ဖွာနေ၏။

"မကျီးဒန်ရေ ကြားပြီးပြီလားဟေ့" ကျုပ်လာပြီးနားထောင်လို့ ကြားပြီးပါပြီတော်။ ကဲကဲ ပြောစရာ ရှိတာနောက်မှပြော။ ထမင်းစားလိုက်ဦး" အေးအေးဝမ်းသာလိုက်တာဟာ"
 ကိုဆေးရိုး သည် ၀မ်းသာအားရဖြင့် လက်ကိုထပ်၍ဆေးပြီး ထမင်းကို ကုန်းလွေးလိုက်သည်။ စော စောက စားခဲ့ရသော ချဉ်ပေါင်ဖူးအထောင်းနှင့်ဲနွားလျှာကြီးရွက် ဟင်ချိုပင်ဖြစ်ကာ အေးစက်၍ နေပေပြီ။ သို့ရာတွင် အေးစက်နေသော ယခုထမင်း က ပူနွေးနေသော စောစောက ထမင်းဟင်း ထက် ကိုဆေးရိုး၏ခံတွင်း အရသာ ရှိလှပေသတည်း။

စာရေးသူ - ဆင်ဖြူကျွန်းအောင်သိန်း
.
>>>ဆက်ဖတ်ရန်>>> >>

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၂၅)

ဖိုင်ဖွင့်ထားသည့် စနစ်ကောင်းရှိပါစေ။

ကျွန်တော်က ဂျေးအား အစစအရာရာကို အက္ခရာစဉ်ဖြင့် ဖိုင်လုပ်ထားနိုင်သော နေရာမျိုး တစ်နေရာ အိမ်ထဲမှာ ရချင်သည်ဟု ပြောသောအခါ ဂျေးက ကျွန်တော်သည် ပြောရ ဆိုရ အတော်ခက်သည်။ သူ့စိတ်နှင့်တော့ မတွေ့ချင်တော့ဘူးဟု ပြောပါသည်။ ဤ တွင် ကျွန်တော်က သူ့အား ပြောရသည်။ "အဲဒါက အပြာရောင်ကလေးပါ၊ ငါ ဟိုဟာလေး စားနေတုန်းကတောင် ငါ့လက်ထဲမှာ ရှိနေသေးတယ် လို့ ပြောပြီး ဟိုဟိုဒီဒီ လိုက်ရှာနေတာနဲ့ စာရင်တော့ အက္ခရာစဉ် အတိုင်း စီထားတာက ပိုကောင်းတာ ပေါ့ကွာ"

တယ်လီဖုန်းကိစ္စ ပြန်စဉ်းစားပါ။


ကျွန်တော်မှာ တယ်လီဖုန်းကို ကိုင်ထားကာ "လူကြီးမင်းရဲ့ ဖုန်းဆက်ခြင်းဟာ ကျွန်မတို့၊ ကျွန်တော် တို့အတွက် အင်မတန် အဖိုးတန်လှပါတယ်" ဟူသော စကားမျိုးကို နားထောင်ရင်း အချိန်တွေ အများ ကြီးကုန်နေရသည့် ယဉ်ကျေးမှုထဲမှာ နေထိုင်နေရသည်။ ဟုတ်ပါပေ့။ ယခုတစ်ကြိမ်တွင်မှ ပထမဆုံးအ ကြိမ်အဖြစ် ချိန်းတွေ့သော မိန်းကလေးတစ်ဦးအား ပါးရိုက်ကာ "နင့်ကို ငါတကယ်ချစ်တာ" ဟု ပြော လိုက်သည့် ကောင်ကလေးမျိုးနှင့် တူနေသည်။ 

ဒါကတော့ ယခုခေတ်မှာ မိမိ၏ ဖောက်သည်များအား ၀န်ဆောင်မှုပေးသည့် လုပ်ငန်း၏ လုပ်ကိုင် ဆောင်ရွက်ပုံပါတည်း။ ကျွန်တော်တော့ ထိုနည်းကို လက်မ ခံပါ။ ကျွန်တော်ကတော့ ကျွန်တော်နားနှင့် တယ်လီဖုန်းကို ကပ်ပြီး တယ်လီဖုန်းကို ကိုင်ထားရသည့် အလုပ်ကို ဘယ်တော့ မှ မလုပ်ပါ။ လက်နှင့်မကိုင်ရဘဲ စကားပြောနိုင်သည့် မိုက်ကရိုဖုန်းနှင့် အသံချဲ့ စက်ပါသော တယ်လီဖုန်း ကိုသာ သုံးပါသည်။ ထို့ကြောင့် တယ်လီဖုန်းပြောနေစဉ် ကျွန်တော် လက်များ အားနေသဖြင့် အခြားတစ်ခုခုကို လုပ်၍ ရသည်။

ကျွန်တော်သည် မလိုအပ်ဘဲခေါ်သော တယ်လီဖုန်းဆက်သွယ်မှုများကို တိုတိုနှင့် ပြီးသွားစေမည့် နည်း နာ များကိုလည်း စုဆောင်းထားသည်။ ထိုင်လျက်နှင့် တယ်လီဖုန်းဆက်သည် ဆိုပါလျှင် ကျွန်တော် သည် ဘယ်တော့မှ ခြေထောက်ကို မြှောက်တင်မထားပါ။တကယ်တော့ တယ်လီဖုန်း စကားပြောနေ စဉ်မျိုးတွင် မတ်တပ် ရပ်ထားတာက ပိုကောင်းသည်။ စကားကို မြန်မြန်နှင့် ဖြတ်သွားစေနိုင်အောင်ပြု၍ ရသည်။ ကျွန်တော်သည် တယ်လီဖုန်းစကားပြောနေချိန်မျိုး၌ စားပွဲပေါ်တွင် ကျွန်တော့်ရှေ့၌ မြင်နိုင် သည့်အရာတစ်ခုခုကို ထားတာမျိုးကိုလည်း ပြုတတ်သည်။ ထိုသို့ပြုထားခြင်းဖြင့် တယ်လီဖုန်းဆက်သူ နှင့် ပြောစရာ ရှိတာကို မြန်မြန် လက်စသတ် ပြောလိုသော ဆန္ဒမျိုး ဖြစ်လာသည်။

လွန်ခဲ့သောနှစ်များအတွင်း၌ ကျွန်တော်သည် တယ်လီဖုန်းဖြင့် အကြံပေးတိုက်တွန်းသည့် ဖုန်းဆက် သွယ်မှု များ ကို နားထောင်ခဲ့ရသည်။ တယ်လီဖုန်းဖြင့် လိုရာပစ္စည်း မှာယူနိုင်အောင် အရောင်းသမားများ ကို နားထောင် ခဲ့ရသည်။ ထိုသို့ကြုံလျှင် ကိုယ်ကလည်း ပြောနေတုန်း၊ သူတို့ကလည်း နားထောင် တုန်းမှာ တယ်လီဖုန်း ကို ချပစ်လိုက်ပါ။ သူတို့စိတ်ထဲမှာ သင်၏ဖုန်းလိုင်းဆက်သွယ်မှု မကောင်းလို့ဟု ထင်ကာ နောက်မှပဲ ပြန်ဆက်တော့မည်ဟု ဖြစ်သွားလိမ့်မည်။ တစ်ယောက်ယောက်နှင့် တယ်လီဖုန်း ပြောသည့်အခါ တိုတို နှင့် ပြီးချင်ပါသလား။ ထိုအခါ ထိုသူသည် အမြန်ပြီးအောင် ပြောလိမ့်မည်။ သင့် စိတ်ထဲမှတော့ သူ ငါပြောတာ ကို စိတ်ဝင်တစား နားထောင်နေသည်ဟု ထင်ချင်ထင်မည်။ မထင်ပါ လေ နှင့် နေ့လယ်စာ စားဖို့ထက် စိတ်ဝင်စားဖွယ် ကောင်းလိမ့်မည် မဟုတ်ပါ။

ကိုယ်စားလှယ်လွှဲအပ်ပါ။

ပါမောက္ခတစ်ယောက်ဖြစ်သူ ကျွန်တော်သည် ထက်မြက်သည့် ၁၉ နှစ်သား အရွယ် ကျောင်းသားများ ကို ယုံ၍ ရနိုင်ကြောင်း စောစောကာလ ကတည်းကပင် သိထားခဲ့သည်။ ထိုသို့သော ကျောင်းသားများ သည် ပေးလိုက်သည့် တာဝန်ကို တာဝန်သိသိလုပ်တတ်သည်။ အလွန်လေးစားဖွယ် ကောင်းသည်။ ကိုယ်စား လုပ်ခိုင်းခြင်း အလုပ်သည် စောလွန်းသေးသည်ဟူ၍ မရှိပါ။ ကျွန်တော့်သမီးကလေး ချလို သည် ၁၈ လ အရွယ်သာ ရှိသေး၏။ ကျွန်တော် သဘောအကျဆုံး မှာ ကျွန်တော်၏ ဓါတ်ပုံနှစ်ခုမှာ သူ့ကို ကျွန်တော် ရင်ခွင်မှာ ပွေ့ချီထားသောပုံများဖြစ်သည်။ ပထမပုံတွင် ထိုပုလင်းကို သူကိုယ်တိုင်ကိုင်သည့် အလုပ်ကို သူ့အား လွှဲပေးထားပုံတွေ့ရမည်။ သူသည် ပုလင်းကို ကိုယ်တိုင်ကိုင်၍ နို့စို့နေရသည်ကို ကျေနပ် နေပုံရသည်။ ကျွန်တော်ကလည်း ကျေနပ်နေပုံ တွေ့ရပါမည်။

အနားယူပါ။

အီးမေးလ် ဖတ်နေချိန်မှာ ဖြစ်စေ၊ သတင်းအချက်အလက်များ သိလို၍ တယ်လီဖုန်းဆက် မေးမြန်း စုံစမ်းနေစဉ်မှာ ဖြစ်စေ၊ တကယ်တမ်းအားဖြင့် အနားယူ၍မရပေ။ ဂျေးနှင့် ကျွန်တော် ပျားရည်ဆမ်းခရီး ထွက်နေစဉ် တုန်းကမူ ကျွန်တော်တို့သည် မည်သူနှင့်မှမတွေ့ဘဲ ကျွန်တော်တို့နှစ်ဦးတည်းသာ ရှိနေ စေချင် လျှင် ကျွန်တော်နှင့် ဆက်သွယ်နိုင်မည့် နည်းလမ်းတစ်ခုတော့ ပေးထားဖို့လိုမည်ဟု ပြော သည်။ ထို့ကြောင့် ကျွန်တော်က တယ်လီဖုန်းဆက်၍ ပြောရပါသည်။

"ကျွန်တော် ရန်ဒီပါ၊  ကျွန်တော်ဟာ အိမ်ထောင်ကျဖို့ ၃၉ နှစ်တိုင်တိုင် စောင့်လာခဲ့သူ ဖြစ်ပါတယ်။ ဒါ ကြောင့် ကျွန်တော် နဲ့ဇနီးဖြစ်သူ ဂျေးတို့ တစ်လကြာလောက် ခရီးသွားကြပါမယ်၊ ဒီအတွက် ပြဿနာ မရှိလောက် ပေမဲ့လည်း ကျွန်တော်အထက်လူကြီးက ပြဿနာရှိနေတယ်ဆိုတော့ ကျွန်တော်နဲ့ ဆက် သွယ်လို့ ရအောင် ကျွန်တော် လုပ်ပေးထားခဲ့ရမှာပေါ့ ခင်ဗျာ" ထို့နောက် ကျွန်တော်သည် ဂျေး၏မိဘ များ၏ အမည်နာမ များနဲ့ သူတို့နေတဲ့မြို့ကို ပြောပြလိုက်ပါသည်။

"တယ်လီဖုန်းလမ်းညွှန် စာအုပ်မှာ ရှာ ကြည့်ရင် သူတို့ရဲ့ ဖုန်းနံပါတ်ကို တွေ့နိုင်ပါတယ်၊ အကယ်၍သာ ဆရာ က ကျွန်တော်ရဲ့အသစ်ချပ်ချွတ် ယောက္ခမများကို ဆရာ ဖုန်းဆက်ရတာဟာ သူတို့ရဲ့ တစ်ဦး တည်းသော သမီးကလေး ရဲ့ ပျား ရည်ဆမ်းခရီးကို အနှောင့်အယှက် ပြုနိုင်လောက်တဲ့အရေးပေါ် အခြေအနေ ကြုံလို့ပါလို့ သူတို့ ယုံ အောင်ပြောနိုင်မယ်ဆိုရင် ကျွန်တော့် ယောက္ခမများဆီမှာ ကျွန်တော်နှင့် ဆက်သွယ်နိုင် တဲ့ ဖုန်းနံပါတ် ရှိပါတယ် ခင်ဗျာ''ဟုလည်း ပြောလိုက်ပါသည်။
ကျွန်တော်တို့ထံသို့ မည်သူမှ ဖုန်းတစ်ကြိမ်မှ မဆက်ခဲ့ပါ။

ကျွန်တော်ရဲ့ အချိန်စီမံခန့်ခွဲနည်း အချို့မှာ တကယ်ကို အရေးကြီးပါသည်။ အချို့မှာလည်း အရေးမ ကြီးလှ ဟု ဆိုနိုင်ပါသည်။ သို့ရာတွင် ယင်းနည်း အားလုံးကို စဉ်းစားထိုက်သည်ဟုကား ကျွန်တော် ထင်ပါသည်။
အချိန် ဟူသည် သင့်မှာရှိသမျှ အရာကလေးဖြစ်သည်။ တစ်နေ့သောအခါတွင် ကိုယ်ထင်တာထက် တောင် အချိန် က နည်းနေပါလားဟု သင် တွေးလာနိုင်ပေသည်။
အခန်း ၂၄
အမှန်ကို ပြန်တွေ့သူ

ပညာရေးတွင် လက်ခံလာကြသည့် ဆီသည်မ လက်သုတ်ဝတ်လို ဟောင်းနွမ်းနေသော စကားရှိသည်။ ကျောင်းဆရာ များ၏ နံပါတ်တစ် ရည်မှန်းချက်မှာ ကျောင်းသားများအား သင်ယူလေ့လာတတ်အောင် ပြုပေးရန် ဖြစ်သည်ဟူသော စကားဖြစ်သည်။

အမှန်ပင် ထိုစကားတွင်ပါဝင်သော တန်ဖိုးကို ကျွန်တော် သိမြင်ပါသည်။ သို့ရာတွင် ထိုထက်ကောင်း မွန်သော နံပါတ်တစ်ရည်မှန်းချက်သည် ဤသို့ ဖြစ်ထိုက်သည်ဟု ကျွန်တော်ထင်သည်။ ကျွန်တော်က မူ "ကျောင်းသား များအား သူတို့ကိုယ် သူတို့ အကဲဖြတ်တတ်အောင်" သာ ပြုပေးချင်သည်။

အဆုံးမှာတော့ ပညာရေးပညာရှင်များက ကျောင်းသားများအတွက် အကောင်းဆုံးပြုပေးနိုင်ကြသည် မှာ သူတို့အား ကိုယ်ကိုယ်ကိုယ် အမှန်အတိုင်း တွေးမြင်တတ်အောင် ပြုပေးခြင်းသာဖြစ်သည်။ နည်းပြ ဆရာ ဂရာဟမ် ကျွန်တော့်အား သင်ပေးခဲ့သကဲ့သို့ပင် တိုးတက်အောင်ပြုရေးအတွက် တစ်ခုတည်း သော နည်းလမ်း မှာ မိမိတို့ကိုယ်ကို မိမိတို့ပြန်ပြီး အကဲဖြတ်တတ်သည့် စွမ်းရည်စစ် စွမ်းရည်မှန်ကို ဖွံ့ဖြိုး လာစေခြင်းသာ ဖြစ်သည်။ ထိုကဲ့သို့ ကိုယ့်ကိုယ်ကိုယ် အကဲဖြတ်တတ်ခြင်းသာ မရှိခဲ့ပါက ပို၍ ကောင်း လာသည်၊ သို့မဟုတ် ပို၍ဆိုးလာသည်ဟူ၍ ဘယ်မှာလျှင် ပြောဆိုနိုင်ပါမည်နည်း။

အချို့သော ယနေ့ကာလ အတွေးအခေါ်ဟောင်း သမားများက အဆင့်မြင့်ပညာရေးမှာ ငွေပေးလျှင် ပစ္စည်း ရသည့် ဖောက်သည်ဝန်ဆောင်မှုလုပ်ငန်းလို ဖြစ်နေသည်ဟု ညည်းညူကြသည်။ ကျောင်းသား များနှင့် သူတို့၏ မိဘများကလည်း သူတို့သည် ကုန်ပစ္စည်းတစ်ခုအတွက် ငွေကြေးအများကြီး ပေးထား ကြရသည် ဟု ယူဆကြ၏။ ထို့ကြောင့် သူတို့က ပညာရေးသည် တိုင်းတာ၍ရသောနည်းဖြင့် အဖိုးတန် တာမျိုး ဖြစ်စေ ချင်ကြသည်။ ဘာနှင့်တူနေပါသနည်းဆိုသော် လူတစ်ယောက်သည် ကုန်ပဒေ သာဆိုင်ကြီး တစ်ဆိုင်ထဲသို့ ၀င်သွားပြီး ဂျင်းဘောင်းဘီ ငါးစုံ ကို ၀ယ်လာရမည့်အစား ငါးဘာသာ သင်ရိုးကုန်စာအုပ်ကို ၀ယ်ပြီး ထွက်လာသည် နှင့် တူနေပေသည်။

ကျွန်တော်က ထိုဖောက်သည် ၀န်ဆောင်မှု ပုံစံ ဖြင့် ပညာရေးကို လုံးဝလက်မခံတာမျိုးတော့လည်း မပြု ချင်ပါ။ သို့ရာတွင် မှန်ကန်သော ကုန်ထုတ်လုပ်ငန်းတွင် သုံးသော နှိုင်းယှဉ်ပြသည့် ပုံစံမျိုးကို သုံးတတ် ဖို့ကား အရေးကြီးသည်ဟု ထင်ပါသည်။ ပညာရေးသည် ဈေးရောင်းခြင်းမျိုးတော့လည်း မဟုတ်ပါ။ ကျွန်တော် က ကောလိပ်ကျောင်းက ပညာသင်ပေးပုံကို အားကစားကလပ်တစ်ခုမှာ လေ့ကျင့်သင်တန်း ပေးသည့် ဆရာကို ကိုယ်ပိုင် အခပေး၍ ငှားထားသည်မျိုးနှင့် နှိုင်းယှဉ်ပြလိုပါသည်။

ကျွန်တော်တို့ ပါမောက္ခများက ပိုက်ဆံများအား (စာအုပ်တို့၊ ဓါတ်ခွဲခန်းတို့၊ ကျွန်တော်တို့၏ ကျွမ်းကျင်မှု ပညာတို့ လို) ပစ္စည်းကိရိယာများ ကိုင်တတ် တွယ်တတ်အောင် ကျွန်တော်တို့က ပြုပေးသည်။ သို့ ပစ္စည်းပစ္စယ များ ကိုင်တတ်တွယ်တတ်ပြီးသည့်အခါ ကျွန်တော်တို့သည် သူတို့အား ကျွန်တော် တို့ ဖြစ်စေချင်တာ ဖြစ်လာအောင် လုပ်ခိုင်းသည်။ ကျွန်တော်တို့ တပည့်များသည် ကိုယ့်အားကိုယ်ထုတ်၍ တကယ်ပဲ လုပ်ကြလေသလားကို ကျွန်တော်တို့ ဆရာများက သိအောင် လုပ်ရသည်။ သူတို့အား ချီးကျူးလိုက် လျှင် ချီးကျူးရ၏။ နောက်ထပ် သည်ထက်သည် ပို၍ ကြိုးစားဖို့လိုသေးသည်ဆိုလျှင်လည်း ရိုးရိုးရှင်းရှင်း ပင် လိုသေးကြောင်း ပြောရပါသည်။

အရေးကြီးဆုံးမှာ သူတို့၏ ရည်မှန်ချက် ပန်းတိုင်ကို လျှောက်လှမ်းရာတွင် သူတို့ဘယ်အခြေအနေရှိ သည် ကို သူတို့ အကဲဖြတ်တတ်အောင် သူတို့အား သင်ပေးရခြင်း ဖြစ်ပါသည်။ အားကစားရုံတစ်ခု တွင် တွေ့ရသည့် အလွန်အရေးကြီသည့် အချက်တစ်ခုမှာ ကြိုးစားအားထုတ်လိုက်သည်နှင့် အမျှ သိသာ ထင်ရှားသည့် ရလဒ်ကောင်းလည်း ရလာတတ်ခြင်း ဖြစ်ပါသည်။ ကောလိပ်ကျောင်းမှာလည်း ထို ဥပမာ နှင့် အတူပင် ဖြစ်သည်။ မှန်ထဲမှာ မိမိကိုယ်ကို ကြည့်လိုက်လျှင် မိမိတို့၏ ကြွက်သားများ ဘယ်မျှ ကြီးထွားလာပြီ ကို မြင်နိုင်သကဲ့သို့ ကျောင်းသားများသည်လည်း မိမိတို့၏ စိတ်ပိုင်းဆိုင်ရာမှာ ဘယ်မျှ ကြီးထွား လာသည်ကို ကြည့်မြင်တတ်အောင် ပါမောက္ခ တစ်ဦးက သင်ပေးရလေသည်။

ထိုသို့သော ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရန် ကျွန်တော်သည် ကျောင်းသားများအနေဖြင့် ဆရာ များ၏ ဝေဖန်အကြံပေးချက်များကို နာယူတတ်စေမည့်နည်းကို ကြိုးပမ်းရှာဖွေခဲ့ပေသည်။ ကျွန်တော့် တပည့်များ အား မိမိတို့ကိုယ်ကို မိမိတို့ ဝေဖန်တတ်သော အလေ့အကျင့်များ ဖွံ့ဖြိုးလာအောင် ကျွန်တော်က အမြဲ အပြတ် ကူညီပေးရသည်။ သို့ရာတွင် ဤအလုပ်သည် လွယ်လှသည်ကားမဟုတ်။ ဝေဖန်အကြံပေးချက်ကို လိုလိုလားလား လက်ခံတတ်လာအောင် ပြုပေးရသည်က အခက်အခဲဆုံး ဖြစ် သည်။ ပညာရေး ပညာရှင် တစ်ဦး အနေ နှင့် တွေ့ရသမျှ  အခက်အခဲတို့တွင် အခက်အခဲဆုံးဟုပင် ဆိုနိုင် သည်။ (ဤကိစ္စမှာ ပါမောက္ခ တစ်ယောက် အနေဖြင့် လွယ်ကူသောကိစ္စ မဟုတ်ပါပေ။)

မြောက်များလှ စွာသော မိဘများရော ပညာပေးပညာရှင်များကပါ ဤကိစ္စအတွက် လက်လျှော့ လာခဲ့ကြခြင်း မှာ ၀မ်း နည်းဖွယ်ကောင်းလှပေသည်။ ထိုပုဂ္ဂိုလ်များသည် မိမိကိုယ်ကို မိမိတန်ဖိုး ထားအပ်ကြောင်း ပြောဆိုကြ သည့်အခါ မိမိ၏ရိုးသားမှု ကိုယ်ကျင့်သိက္ခာ တည်ဆောက်ရန် ဆိုတာမျိုးထက် အပေါ်ယံ မြှောက်ပင့် ပြောဆိုတာမျိုးလောက်နှင့်သာ ပြီးကြတော့သည်။ အရေးပါသော အချက်တစ်ချက်မှာ တကယ့် ဝေဖန် အကြံပေးခြင်းမျိုးက နည်းနည်း၊ ကျောသပ်ပေးခြင်းမျိုးက များများ ဖြစ်နေခြင်းပင်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, March 27, 2011

ပန်းသတင်း (မတ် ၂ဝ၁၁)

 ကျွန်တော်ရှာဖွေ နှည်မိသော
အစာအိမ်သစ္စာ

စာရေးသူ - အောင်ထိပ်

"မင်းစန္ဒာဂုတ်တဲ့ဟေ့"
ဒီနေရာကစပြီး အသံထွက်လာတော့ ရုပ်ရှင်ရုံထဲရှိ ပရိတ်သတ်က လက်ခုပ်တွေတီး၊ လက်ခေါက် တွေ မှုတ်ကာ အော်ဟစ် အားပေးလိုက်ကြသည်၊ ကလေးတွေထဲမှာ မူလတန်း ကျောင်းသားရွယ် ကျွန်တော် ပါဝင်ခဲ့ ပါသည်။ ဒါသည် ကျွန်တော်တို့၏ ကျေးလက်လူနေမှု အစစ်အမှန်ကို ဖော်ပြလိုက်ခြင်းပင် ဖြစ် ပါသည်။

ကျွန်တော်တို့တတွေ ရိုးပြတ်ခင်းပေါ်က နွေရာသီကျေးလက် ရုပ်ရုင်ထဲမှာ "မင်းစန္ဒာဂုတ်" အသံတိတ် အဖြူအမည်း ရုပ်ရှင်ကားကြည့်နေခဲ့ကြခြင်း ဖြစ်ပါသည်။ ယခုအခါ နှစ်ပေါင်း လေးဆယ်လောက် ကြာပြီမို့လို့ ဇာတ်ဆောင်၊ ဇာတ်ကွက် တွေကိုတော့ ကျွန်တော် မမှတ်မိ တော့ပါ။ သို့သော် ကိစ္စမရှိပါ။ ကျွန်တော် မှတ်မိ သလောက် ပြချက် တစ်ကွင်း တစ်ကွက် ကလေးအကြောင်း ပြောပြလို့သာ ပြန်ပြောင်း တင်ပြခြင်း ဖြစ်ပါသည်။

ဒီဇာတ်လမ်းထဲမှာ ရသေ့ကြီးတစ်ပါးက ကလေးနှစ်ယောက်ကို မွေးစားထားသည်။ အဌာရသ ၁၈ ရပ်ကို သင်ကြား ပေးသည်။ အစာအိမ် ခံနိုင်ရည်ရှိအောင် အဆိပ်တွေ ကျင့်ကျွေးသည်။ ဒီကလေးနှစ်ယောက် မှာ တစ်ယောက်သော သူက မင်းဧကရာဇ် ဧကန်ဖြစ်မည်။ ကျန်တစ်ယောက်က သူပုန်ဧကန်ဖြစ်မည်။ ထိုအခါ တိုင်းသူပြည်သား တွေ သေကျေပျက်ပြုန်းကြမည်ကို ရသေ့ကြီးက သိနေသည်။ ရသေ့ကြီးက ကလေး နှစ်ယောက် ကို ထန်းရွက် ပုတီးလေးတွေ တစ်ယောက်တစ်ကုံး ဆွဲပေးထားသည်။

ထို့ကြောင့် .....
တစ်နေ့တွင် ကလေးနှစ်ယောက်ကစားပြီး မောမောနှင့် သစ်ငုတ်တိုတွေပေါ်မှာ မှီပြီးအိပ် နေကြသည်ကို ကြည့်ရင်း ရသေ့ကြီးဆီမှာ အကြံတစ်ခုပေါ်လာသည်။ အနီးအနားရှိ ကျောက်ခဲလေးတစ်လုံးကို ကောက်ပြီး တစ်ယောက် ကို ပေါက်လိုက်ရာ ထိုကလေး လန့်နိုးသွားသည်။ ကလေးက ဆရာရသေ့ကြီးဆီ လျှောက် လာသည်။ ရသေ့က ကလေးကို ဓားပေးပြီး အိပ်ပျော်နေသည့် ကလေးရဲ့လည်ပင်းမှာ ထန်းရွက်ပုတီး ကိုယူခိုင်းသည်။ ထိုကလေးက သူ့ကစားဖော်အိပ်ပျော်နေသည်ကို ကြည့်ပြီး လည်ပင်းဓားနှင့်ပိုင်းကာ ထန်းရွက် ပုတီးကို မယူဝံ့။ ရသေ့ကြီးဆီ ဓားပြန်အပ်ပြီး သူ့နေရာမှာပဲ သွားပြန်အိပ် နေသည်။

ထိုအခါ .....
ဆရာရသေ့သည် ဒုတိယကလေးကိုလည်း ပထမနည်းအတိုင်း ခိုင်းပြန်ပါသည်။ သို့ရာတွင် ဒုတိယကလေး ကတော့ ပထမကလေးလို မဟုတ်။ သွေးလိမ်းလိမ်းပေကျံနေသောဓားနှင့် ထန်းရွက်ပုတီးကို ဆရာရသေ့ထံ ရဲဝံ့ ရင်ကော့ ၍ ပြန်ပေးလိုက်သည်။
ထိုဒုတိယကလေး ကား အရွယ်ရောက်လာသည့်အခါ တိုင်းပြည် ကို နန်းသိမ်းလိုက်နိုင်သော "မင်းစန္ဒာဂုတ်" ဘုရင် ပေတည်း။

တိုက်တိုက်ဆိုင်ဆိုင် အသံတိတ်စာတမ်းထိုးပြီးပြလာသော တုန်တုန်မှုန်မှုန် ရုပ်ရှင်ကားက "မင်းစန္ဒာဂုတ်" ပုန်ကန်ချိန် ကျမှစပြီး အသံထွက်လာသည် ကတော့ ကျွန်တော့်တစ်သက် အသွေးအသားထိ စိမ့်ဝင်စီးဆင်း နေခဲ့တာ အမှန်ပါ ....။

သို့သော် ဒီရုပ်ရှင် က တစ်ဆင့် လုပ်သင့်သည့် အလုပ်တစ်ခုကို အချိန်ကိုက်ပြတ်ပြတ် သားသား လုပ်ဆောင် တတ်ရမည်ဆို တဲ့ အသိတစ်ခုကိုတော့ ကျွန်တော်ရခဲ့တာလည်း အမှန်ပါလေ-။

ဒီဇာတ်ကား ကို ကြည့်မိခဲ့သော ကျွန်တော်သည် အခြေခံ ပညာအတန်းကုန်လို့ ထူးချွန်လာသောအခါ မန္တလေး ဆေးတက္ကသိုလ် ရောက်ခဲ့ရသည်။ ၁၉၇၆ ဖေဖေါ်ဝါရီလ ၂ ရက်နေ့။ ဒါကလည်း ကျွန်တော့်ဘ၀မှာ မှတ်မှတ်ရရ မျက်စိလည်မိသော လမ်းမှားသုံးချက် ထဲက တစ်ခုသာ ဖြစ်သည်ဆိုရပါမည်။ ပြောလက်စနှင့် ကျွန်တော့် ဘ၀ မျက်စိလည်ပုံ တွေကို ဆက်လက်တင်ပြလိုပါသည်။ ပထမ အချက်မှာ ၁၀ တန်းမှာ ကျွန်တော် အမှန် တွေ အလွန်များသွားခြင်းဖြစ်သည်။ ကျွန်တော့် ရည်ရွက်ချက်က ဆယ်တန်းအောင်လျှင် ကျောင်းဆရာ လုပ်မည်။ တွံတေးသိန်းတန်၏ "တောကရွှေဧည့်သည်" ဓာတ်ပြားဇာတ်လမ်း ထဲကလို ကျောင်းအုပ် ဆရာကြီးဖြစ်ခြင်သည်။

ဆရာမ "မမိုးမိုး" နှင့်  လက်ထပ်ချင်သည်။ ရွာအစွန်းအဖျားလေးမှာ တဲသာသာ အိမ်ကလေးတစ်လုံး၊ ဗူးစင်ကလေး၊ ရေတွင်းလေး တစ်တွင်း နှင့် စာတွေ ဖတ်ချင်သည်။ ကံအကျိုးပေး၍ ဖြစ်များဖြစ်နိုင်ခဲ့လျှင် စန္ဒားရား တစ်လုံး နဲ့ပေါ့။ သို့သော် ကျွန်တော်ဆရာဝန်ပဲ ဖြစ်လာခဲ့သည်။

ဒုတိယအချက် မှားခဲ့သည်က တောင်ငူခရိုင်အတွက် ကျွန်တော် ဆယ်တန်း လူရည်ချွန် ရသွားခြင်းဖြစ်သည်။ လားလားမှ မအပ်စပ်။ ယောင်လည်လည်နှင့် ကျွန်တော် အင်းလေး တို့၊ ရန်ကုန်တို့ ရောက်သွားဖူးသည်။ ဒီတော့ ကျွန်တော့် မြင်ကွင်း တွေ ကျယ်လောင် ၀ိုင်းလင်းလာသည်။  အင်း ..... တတိယ အမှားကား ကျွန်တော် ဆရာဝန်စာရေးဆရာ ဖြစ်လာခြင်းပင် ...။ ထို့ကြောင့် ကျွန်တော့် ငယ်စဉ်ဘ၀ ရည်ရွယ်ချက်နှင့် ကပ်ဖိုးကပ်ဖဲ့ ဗြောင်တိဗြောင်းဆန် ဖြစ်လာနေသော ဘ၀မှာ  လောကဓံ၏ နောင်ပြောင် ရယ်မောမှုကို အာခံရင်း အသက်ရှင်လာခဲ့တာ ရာစုဝက်လောက်ရှိလာခဲ့ပြီ။
ညင်းသွဲ့သွဲ့လေပြည်ထဲမှာ ဟုတ်တာတော့ သေချာခဲ့ပါသည်။

ကျွန်တော်သည် ဖိုးသူတော် မျက်စိလည်လေ ဆန်ရလေ" ဆိုတဲ့ ဆိုရိုးစကားလိုပင် ဘ၀မှာ မျက်စိလည်လေ၊ ရွယ် တော့ ဈေးသည် ညားတော့ မဟာနွယ် ဖြစ်ခဲ့သည်လိုပဲ ဆိုမှ သင့်ပေမည်။ ထို့အတူ သွေးပျက် ချောက်ချားဖွယ် လောကဓံတွေကိုလည်း အကြေးခွံချင်းထပ်မျှ ခံစားခဲ့ရတာလည်း တွဲလျက်ရှိနေခဲ့ပေသည်။

ကမ္ဘာကျော် အပြည်ပြည်ဆိုင်ရာ ကွန်မြူနစ်ဆရာဝန် နော်မန်ဗက်သွန်းက ဆရာဝန်ဆိုတာ ခြင်္သေ့နှလုံးသား ရှိရမည်။ သိန်းငှက်မျက်လုံးရှိရမည်။ တစ်ပြိုင်နက်တည်းမှာ အပျိုလက်ချောင်း များလည်း ရှိရမည်လို့ နောင်လာ နောင်သား ဆရာဝန်တွေကို မျှဝေခံစားစေခဲ့သည်။ သူ့အာဘော် က ဆရာဝန်ဆိုတာ ဆုံးဖြတ်ချက် ရဲဝံ့ပြတ်သား ရမည်။ အမြင်စူးရဲရမည်။ တစ် ပြိုင်နက်တည်းမှာ သိမ်မွေ့နူးညံ့မှုရှိရမည်တဲ့။

ထို့ကြောင့် မန္တလေးဆေးတက္ကသိုလ်သို့ ကျွန်တော်စတင်တက်ရောက်သည့် ၁၉၇၆-ခုနှစ်မှ ဆရာဝန် လားမြောက် လူသားတစ်ယောက် ဖြစ်လာသည်အထိ ခုနှစ်နှစ်ခွဲတာကာလထဲမှာ ဆရာဝန် များပဲ ဖြစ်ကြသည့် ကျွန်တော်တို့ ဆရာ/ဆရာမကြီးငယ်အပေါင်းက အိုးကောင်းရဖို့ လှလှပပ ထုနှက် ပုံသွင်း သကဲ့ သို့ ကျွန်တော်တို့ကို ပွဲထဲက မင်းသားကြမ်း ကြိမ်းဝါးသလို ကြိမ်းဝါးသည့်အခါ ကြိမ်းဝါး မောင်းထုတ် လိုက်သော အခါ၊ ထို့တွင်မက ထုသားတေသား ကျနအောင် သင်ကြားပုံဖော်ပေးလိုက်သောအခါ အသက် ၂၄ နှစ်အရွယ် မှာ ကျွန်တော်လည်း နော်မန်ဗက်သွန်းမိန့်မှာချက် တွေနှင့် စိမ့်ဝင်ပြည့်ဝလာသော၊ ဆရာ/ဆရာမကြီးငယ် တို့၏ မွန်မြတ်သော ၀ိညာဉ်တွေ ပူးကပ်နေသော ဆရာဝန် တစ်ယောက် ဖြစ်လာခဲ့ တော့သည်။

ဒီလိုဖြစ်လာအောင် ပုံဖော်ထုဆစ်ပေးခဲ့သူတွေထဲမှာ ပါမောက္ခဆရာကြီးများဖြစ်ကြသည့် ဦခင်မောင်စိန်၊ ဦးပေတိုး၊ မာမီကြီးခေါ် ဒေါ်မြင့်မြင့်ခင်၊ ဆရာကြီးဦးသန်းအောင်၊ အဘ ဦးထွန်းသင် တို့လို ပုဂ္ဂိုလ်ကြီးများက အစ အစ်ကိုအစ်မ တွေလို နေခဲ့ကြတဲ့ ဒေါက်တာဦးအောင်ကြီး၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့်၊ ဒေါက်တာ ဒေါ်ခင်မိမိလွင်၊ ဒေါက်တာ ဦးကျေုာ်လှ စသည့် စသည့် ရာချီသော ဆရာဝန်တွေလည်း ဖြစ်ကြသည့်၊ သင်ကြားရေး ကို ၀ါသနာပါသော စေတနာလည်းပါသော ဆရာ ဆရာမကြီးငယ်တွေလည်း ပါဝင်နေခဲ့ပါ သည်။

ထို့ကြောင့်ပင် ပုလဲရောင် ငွေရောင် ဘော်ရောင်တေးသွားနောက်ခံ ဆေးပညာ သင်တန်း ကာလ တစ်လျှောက် ကျွန်တော်သည် လှလှပပ လျှောက်လှမ်းနိုင်ခဲ့သည်။ ထို့ကြောင့် ဒုတိယ "ထို့ကြောင့်ပင်" ကျွန်တော် ငယ်ဘ၀တုန်း က ပုံဖော်တည်ဆောက်လိုခဲ့သော ကျောင်းအုပ် ဆရာကြီးဘ၀နှင့် ဆရာမ "မမမိုး"  တို့ကိုလည်း ရင်ထဲမှာ အိပ်မှုန် ဇ၀ိုးဇ၀ါး နှင့်သာ သတိရ နိုင်တော့သည်။
သို့ဖြင့်ပင် ...

ကျွန်တော်သည်လည်း အတန်းဖော်သူငယ်ချင်းများ နည်းတူ မိမိကိုယ်ကို ပညာအရ အတိုင်း အတာ တစ်ခု ထိ စိတ်ချယုံကြည် သေးလောက်လားသော ဟန်ရပန်ရ ဆရာဝန်တစ်ယောက် ဖြစ်ခြင်းမလား ဖြစ်ခဲ့ ရတော့သည်။ ထို့ကြောင့်ပင် ကျွန်တော်သည်လည်း ဆရာ ဆရာမ ကြီးငယ်တွေရဲ့ သွန်သင် အချောကိုင် ပေးမှုကြောင့် ဖြစ်လာသော စိန်ပွင့်၊ ပတ္တမြားပွင့်၊ နီလာပွင့်လို ရတနာတွေကို မြန်မာပြည်အနှံ့ ဆုပ်ပက် လိုက် သလို ပြန့်ကျဲသွားရသည့် အထဲတွင် တစ်ခုသောကျောက် အဖြစ် လွင့်စင်လာခဲ့ရပါသည်။

ဟုတ်ပါသည်။
ကျွန်တော် လွင့်စင် အခြေကျမိသော နေရာကား တောင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ထဲက။ "... " ရွာကြီး ဖြစ်သည့် ဆရာဝန်တစ်ခါမှ မရှိဖူးသေးသော ဒီကွက်လပ်ရွာကြီးမှာ ဂျီပီကလေး စဖွင့်ဖြစ်ခဲ့သမို့ ကျွန်တော့် အစာအိမ် ထဲမှာ မပူမပင်ရဘဲ အစာရေစာများ မှန်မှန် ဖြတ်သန်းခွင့် ရခဲ့ပါသည်။

ဆရာဝန်မရှိတဲ့ အဲဒီကွက်လပ်ကြီးမှာ ဆေးခန်းကလေး စဖွင့်တော့ ပြင်ပကမ္ဘာအကြောင်း တွေက ကျွန်တော့် ဦးနှောက်ထဲသို့ ပစ်ခက်ဝင်ရောက်လာတော့သည်။ မလွယ်ကူမှုတွေ၊ လောကဓံတွေ ... ဒီအပြင် အကြမ်းဖက် ၀ါဒီ တွေ လက်ထဲ အနုမြူ နည်းပညာ ရောက်နေ သလို ဆေးပညာဟာ မသမာတဲ့ လုပ်ငန်း တစ်ခု ဖြစ်နေပုံတွေ...။ 
ဒီတော့ လူတစ်ယောက် ဟာ မိမိဂုဏ်သိက္ခာကို ကာကွယ်နေရမယ်ဆိုတဲ့ အသိရလာခဲတယ်။ ဒီ့အပြင် ဆေးပညာ ကို လေ့လာသင်ကြားနေသူတွေ၊ သုတေသနပြု မျှဝေ သင်ကြား ပေးနေသူတွေ လုံးဝချက်ကြိုး မဆက် တဲ့ ရွာတွေ နယ်တွေမှာ လက်တွေ့ကုသနေတဲ့ ဆရာဝန်တွေရဲ့ ဘ၀ ကိုလည်း ကျွန်တော် နားလည် လာရပါသည်။

ဒီရွာကြီးရဲ့ အသာယာဆုံး လမ်းမပေါ်က နှစ်ထပ်အိမ်ငယ် တစ်လုံးမှာ ကျွန်တော်နေပါ သည်။ အပေါ်ထပ်မှာ ကျွန်တော် တစ်ယောက်တည်း။ သောက်ရေအိုး တစ်လုံး၊ အဖုံးပေါ်မှာ ဖန်ခွက် တစ်လုံး၊ ရေနံဆီ မီးအိမ် တစ်လုံး၊ စာအုပ်သေတ္တာ၊ ဘယ်တော့မှ မသိမ်းသော ခြင်ထောင် ထောင်လျက်သား ကျွန်တော့်အိပ်ရာ၊ ဘေး မှာ ဖတ်လက်စ စာအုပ်သုံးလေးအုပ်။ အောက်ထပ်ကတော့ လူနာခုတင်တစ်လုံး၊ လူနာထိုင်စရာ ခုံတန်းလျား သုံးလုံး၊ ဆေးဘီရိုတစ်လုံး။ ဒါ ဒီရွာကြီးမှာ ကျွန်တော့် ဆေးခန်းအဆောင်အယောင် ဖြစ်ပါသည်။

ဆရာဝန် တစ်ယောက် မှ မရှိဖူးသေးသော ရွာအနေဖြင့် သိပ်မ်ဆိုးလောက်ပါလို့ အားလုံး ကလည်း သဘောတူ လောက်ပါသည်။ သို့ရာတွင် ပြောစရာရှိသည်မှာ ကျွန်တော့်ဆေးခန်း သို့ လူနာကျိုးတိုး ကျဲတဲ သာ လာဖော်ရခြင်း ဖြစ်သည်။ သြော် ကျွန်တော် ကုန်းပေါ် ရောက်မှ ရေမွန်းသလို ဖြစ်နေရပြီလား။ ကျွန်တော် ကတော့ ငတ်မွတ်နေသော အာသီသ ဆိုတာမျိုးမရှိလှပါ။ ကျွန်တော် စားလောက်သည်။ စာဖတ် ရသည်။ ငြိမ်းချမ်းသည်။ ကျွန်တော့်စိတ်သည် သလင်းသားလို ပကတိအငြိမ် ...။

ဒီအခြေအနေ တွင်မှာပဲ ဒေါ်ခင်ရွှေဆိုသော လူနာ တစ်ယောက်ကြောင့် ဒီကွက်လပ်ရွာကြီး တစ်ဝိုက်မှာ ကျွန်တော် ကာလပေါ် သားကောင် တစ်ကောင် ဖြစ်ချင်းမလှ ဖြစ်ခဲ့ရပုံတွေကို လည်း ကျွန်တော် ဆက်လက် ပြောပြ ပါဦးမည်။

လူနာ နာမည်က ဒေါ်ခင်ရွှေ၊ အသက် ၇၀ ကျော်။ ပိန်ပိန်သေးသေးလေး၊ ပြားပြားချပ်ချပ် ယဲ့ယဲ့ကလေး၊ ပျော့စိပျော့ဖတ် လေး ရှိနေသည်။ ဖြူဖျော့သော မျက်နှာကလေး၌ ရှုံ့ရုန့်နေ သည့် မျက်လုံးများရှိသည်။ အသက်ရှင်ဖို့ အသက် ကို ကြိုးစားပမ်းစားရှူနေတုန်း။ အသက် ရှူနေတိုင်း အမြှောင်းမြှောင်းထနေသော နံရိုးပြိုင်းပြိုင်း သည် အသက်ရှူနေတိုင်း ဗြိုးဗြိုး ဗျစ်ဗျစ် မည်ကာ ကျိုးအက် ကုန်တော့မလို ရှိနေသည်။ ကျွန်တော့် စမ်းသပ်တွေ့ရှိချက်က အစာအိမ်ကင်ဆာ၊ ရင်ဝမှာ လက်ဖြင့် ထိစမ်းရုံနှင့်ပင် အစာအိမ်တစ်ခုလုံး အဆုပ်ဆုပ်၊ အခဲခဲအထစ်ထစ် အထပ်ထပ်ဖြစ်နေပြီ။ အော် ... ဆရာတွေ သင်ကြားချက်အတိုင်းဆိုရင် တော့ ပန်းမုန်လာပွင့် မျက်နှာပြင်မျိုး ဖြစ်နေမှာပေါ့လေ။

ဒီမှာတွင်ပဲ ကျွန်တော်လည်း ဒေါ်ခင်ရွှေ၏ သားအငယ်ကောင် မြင့်ဆွေ (ခေါ်) ဒရယ် ကို သီးခြား ခေါ်တွေ့ ရတော့သည်။ ဒရယ်က အလယ်တန်းလောက်အထိ ကျောင်းနေဖူးသူ မဟုတ်လား။ သူ့အစ်မ အပျိုကြီး သုံးယောက် နှင့် အစ်ကိုကြီးတို့ကတော့ ရန်ကုန်ဆေးရုံ တင်ချင်သတဲ့။ သူတို့က ရွာမှာ ကြေးရတတ်တွေ၊ ဆွေကြီးမျိုးကြီး တွေကိုး။ ဆေးကျောင်း မှာတုန်းကဆိုရင်တော့ Bameal X-ray ထောင်ပြီးရှင်းပြရင် နားလည် လွယ်လိမ့်မည်။ ရောဂါအနေအထား၊ ကုသမှုရဲ့အကျိုးတရား၊ ဆိုးကျိုးအလားအလာ၊ ဘေး အန္တရာယ် ဖြစ်နိုင်သော နောက်ဆုံးနိဂုံး ...။ လက်ရှိအနေအထားကိုတော့ သူမြင်လွယ်အေင် " မင်းအမေရဲ့ အစာအိမ် ဟာ ပန်းမုန်လာပွင့် ရဲရဲနီနီကြီးလို အသားတစ်ကြီးဖြစ်နေပြီး၊ ထွက်ပေါက်ပိတ်နေ ပြီပေါ့ ဒရယ် ရာ" လို့ ရှင်းပြသည်။ ဒီတော့ ဒရယ် က ကျွန်တော် ဘာသာပြန်ပေးသော သူ့မိခင်ရဲ့ အစာအိမ်ကို သူ့ဆွေမျိုး အသိုင်းအ၀ိုင်း ကို ပြန်ပြောပြသည်။

အဲဒီနောက်ပိုင်း ဒရယ်က အိမ်ပင့်လို့ သုံးခေါက်တိတိ သူ့အိမ်ကိုလိုက်ပြီး ကျွန်တော်ကြည့် ပေးသည်။ ဒရယ် ကတော့ ကျွန်တော့်ကို အလွန်ကျေးဇူးတင်ပေသည်။ သူတို့ခြေတံရှည် မဒရပ်အိမ်ကြီးလှေကားရင်းရှိ စဥ့်အိုးကြီး နားက တစ်ပေလောက် အ၀တ်လျှော်ခုံမှာ ကျွန်တော် ခြေထောက်ရေဆေးရင်တောင်မှ သူက ရေအတင်း ခပ်လောင်း ပေးသည်အထိ ကျေးဇူးတင်နေပါသည်။
"ဘာကွ ငါ့ကို အဲဒီလူတွေက အဲဒီလို ပြောနေကြသလား"

"ဟုတ်တယ်ဆရာ၊ ကျွန်တော်ကလည်း အငယ်ဆုံးဆိုတော့ သူတို့လုပ်နေကြတာတွေကိုပဲ ထိုင်ကြည့် နေရတယ်"
"မင်း မယ်တော်ကြီးရဲ့ အနေအထားကိုရော ငါမှာတဲ့အတိုင်း ပြောမပြဘူးလား"
"ပြောပြတာ ပေါ့ဆရာ၊ ရမှ မရဘဲ၊ အမေကတော့ သူတို့ပြုသမျှ လှိမ့်ခံပဲ။ အခုဆို မျော့မျော့လေးပဲ ကျန် တော့တာ"

တစ်မနက်တွင် ကျွန်တော့်ဆေးခန်းမှာ ဒရယ်က ကျွန်တော့ကို လာတင်ပြပါသည်။ လူနာ ဒေါ်ခင်ရွှေဆီ ကျွန်တော် မရောက်တော့ တဲ့ နောက်ပိုင်းကာလက အဖြစ်အပျက်တွေကို ဒီလိုနည်းဖြင့် ကျွန်တော် အားလုံး သိခွင့် ရနေပါသည်။

ကျွန်တော် သိခွင့်ရသမျှကိုလည်း ကျွန်တော် ပြန်တင်ပြပါမည်။ တကယ်တော့ ဒရယ် မှ အပ သူတို့ မိသားစု ဆွေမျိုး တွေအားလုံးကို ဆရာဝန်မဟုတ် သော ဒေသခံ ဆရာ့ ဆရာများက စည်းရုံးလို့ ရသွားခဲ့ပြီဟုပဲ ဆိုရပါမည်။ သူတို့အိမ် မျက်စောင်းထိုးမှာ ဆရာ့ဆရာ ဂုရုကြီး တစ်ပါး နေထိုင်သည်ကိုး။ ဒေါ်ခင်ရွှေ ကို ထိုဂုရုကြီး အမှုးပြုသော ဆရာကြီး လေးပါး ပေါင်း ပြီး ကုသကြသည်။ တစ်ယောက်က ဆေးထိုးပေးသည်။ တစ်ယောက် က ဘေလုံး ဟုဆို ကာ လူးဆေးလိမ်းဆေးတွေနှင့် ကုသည်။ တစ်ယောက်က နေ့နံ တွက်ချက်ပြီး ပွဲတွေပေး သည်။ အင်းကွက်ချသည်။ အဆိုးဆုံး ကျန်တဲ့ ဂုရုကတော့ အပင်း ဟုဆိုကာ အပင်းကျ  ဆေးကြောင့် ဒေါ်ခင်ရွေှ့ တအော့အော့ တအန်အန်နှင့် အန်တာ သွေးစတွေတောင်ပါနေပြီ။ သွေးဝမ်းမည်းမည်း တွေလည်း သွားနေပြီလို့ ဒရယ် က ပြောပါသည်။
"ဘယ်တတ်နိုင် မှာလဲကွာ။ ရန်ကုန်သွားကုရင်တောင် လွယ်မှ မလွယ်တော့ဘဲ ဒရယ် ရာ"

ကျွန်တော် အားပေး နှစ်သိမ့် လိုက်ပါသည်။ ဘာပဲပြောပြော ဆရာဝန်တစ်ယောက်ဆိုတာ လူနာ တစ်ယောက် ကို သူတွေ့ရှိရသည့်အတိုင်း အကောင်းဆုံး ကုသပေးကြရသည်ပဲ မဟုတ်လား။ ကျွန်တော် လည်း ကုသ ပေးခဲ့ပြီး ဖြစ်ပါသည်။ သို့ရာတွင် ဒရယ်ဆက် ပြောပြချက်ကြောင့် ကျွန်တော့်စိတ်တွေ ဂျိမ်းခနဲ ထစ်ချုန်း တုန်ဟည်း လာရတော့သည်။

"ဒါပေမဲ့ ဆရာ့ကို ဟိုဆရာတွေ ပြောနေကြတာ ကျွန်တော်မခံချင်ဘူး၊ ကျွန်တော်တို့ရွာမှာ ကျွန်တော့် တစ်သက် ဆရာဝန်ဆိုလို့ ဆရာတစ်ယောက်ပဲ ရှိဖူးတာ။ အဲဒါကိုတောင် သူတို့က ဆရာ က အခုမှ ကျောင်းက ဆင်းလာတာ။ သူတို့က လက်တွေ့ကုလာတာကြာပြီ တဲ့။ ဆရာက ၀ါနုသေးလို့ ကင်ဆာလို့ ပြောတာတဲ့။ ကျွန်တော်လည်း ဒီလောက်တော့ ဗဟုသုတရှိတာပေါ့ဗျာ။ အခု အမေက တော်တော်ပျော့ နေပြီ။ စိတ်ပျက် လို့ ကျွန်တော် ထွက်လာတာ"

"ဘာကွ"
အော် သူတို့က မိမိကို ထိပါးလာကြချေပြီကိုး။ သူတို့ကို ဘယ်သူတွေက အတိုင်းအတာ တစ်ခုအထိ ပညာ ကုံလုံသော ဆရာဝန် တစ်ယောက်ကို ထိပါးခွင့်ပေးထားရတာလဲ။ ဘာပဲပြောပြော ကျွန်တော်ဟာ ခေတ်ဟောင်း အတွေးအခေါ် တစ်ခုကို ဆန့်ကျင် သတ္ထုပြုဖို့၊ ကျွန်တော့်ဆရာ/ဆရာမတွေ ဂုဏ်သိက္ခာကို ကာကွယ် ဖို့ ကျွန်တော်ကိုယ်တိုင်နဲ့ ကျွန်တော့်အနာဂတ်ကို လောင်းကြေးထပ် ပေါင်နှံရတော့မှာပါလား။ ဒါကလည်း စိုးရိမ်စရာ မဟုတ်ပါ။

သို့နှယ်တိုင် သတိထားစရာဖြစ်မှန်းတော့ ကျွန်တော်သိသည်။ သတိထားရမည် မှာ ကျွန်တော့်အနေဖြင့် ကိုင်းကူး ကိုင်းဆက် မှန်ဖို့သာပဲ ဖြစ်သည်ဟု ကျွန်တော်ယုံကြည် သည်။ ဒီတော့ ကျွန်တော့ဘ၀ မျက်စိလည် လမ်းမှားခြင်း သုံးချက်ကြေင့် ခံပြင်းစိတ်တွေ အုံ့ မှိုင်းပြုံခဲလာခဲ့သည်။ သို့ဖြင့်ပင် ငယ်ငယ်ကကြည့်ဖူးသော သုန်သုန်မှုန်မှုန် မင်းစန္ဒဂုတ် အလောင်း အလျာလေးလို ကျွန်တော်တစ်ခုခုလုပ်ဖို့ စိတ်သန္တာန်ထဲမှာ စီးဝါးရိုက် နေမိခဲ့သည်။ သို့ဖြင့်ပင် ကျွန်တော်သည် ဒီနယ် က လူတွေလက်ခံထားသော social norm တစ်ခု ကို အရောင်ပြောင်းပစ်ဖို့ သံလိုက် ဓာတ်ဝင်သလို ခံစားနေခဲ့သည်။ ရက်တော့ သိပ်မကြာလိုက်ပါချေ။

အခုလွန်ခဲ့သော နှစ် ၃၀ လောက်က အတိတ်တစ်ခုကို ပြန်ပြောင်းရေးသားနေချိန်မှာပဲ ယခုသိလာရသော IQ နှင့် EQ အကြေင်း ကို ကျွန်တော်ပြန်လည်ချိန်ထိုးစဉ်းစားနေမိပေ သည်။ IQ-Intelligence Quotient ဥာဏ်ရည်ပြကိန်း။ လူတစ်ဦးတစ်ယောက်၏ အောင်မြင်မှုသည် IQ ဥာဏ်ရည်ဥာဏ်သွေးပေါ်တွင် တိုက်ရိုက် အချိုးကျ တည်မှီ နေသည် ဟု ကျွန်တော် တို့ ယူဆခဲ့ကြသည်။ ဒီအတိုင်းဆိုရင် ကျွန်တော် ဆရာဝန် တစ်ယောက် ဖြစ်လာခဲ့ခြင်း၊ ဖြစ်နေခဲ့ခြင်းသည် IQ မှီလို့ပဲပေါ့။ သို့သော် အောင်မြင်ခြင်း၊ မအောင်မြင်ခြင်း ကွဲပြားရသည်မှာ EQ-Emotional Quotient ကြောင့်သာ ဖြစ်သည်ဟု အခုသိလာရပေပြီ။ EQ နိမ့်လျှင် မအောင်မြင်နိုင်။ EQ မြင့်မှသာလျှင် အောင်မြင်မှုကို ရရှိနိုင်ပေသည်။ EQ ၏ အဓိပ္ပာယ် ကို ဖွင့်ဆိုရသော် ''မိမိနှင့် အခြားသူများ၏ နှလုံးသားကို ဦးနှောက်ဖြင့် နားလည်ကာ အကျိုးရှိရှိ ဆောင်ရွက် နိုင်ခြင်း ဖြစ်သည်ဟု တွေ့ရသည်။

ထို့ကြောင့် ကျွန်တော်သည် ထိုသည့်နှစ် ၃၀ အတိတ်ကာလ အချိန်တုန်းက ဒေါ်ခင်ရွှေ၏ အစာအိမ် ကင်ဆာ ကို သစ္စာပြုပြီး အကျိုးရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြေင်းကို ပြန်လည် ရှာဖွေနည်း တွေ့ရှိခဲ့ ပါသည် ဟု ဆိုပါမည်။ မင်းစန္ဒဂုတ်ကလည်း အဲဒီလိုမှ မလုပ်ခဲ့ဘူးဆိုရင်၊ ကျွန်တော်ကလည်း အဲဒီလိုမှ မလုပ်နိုင်ခဲ့ဘူး ဆိုရင် အသုံးမကျတဲ့ လူတွေကနေ အသုံးမ၀င်တဲ့ လူတွေ ဒီကွက်လပ်ကြီးမှာ ထပ်ပြီး မွေးဖွား သွားပေလိမ့်မည်။ ဒီလိုဆိုရင် ကျွန်တော်တို့ရဲ့ အချိန်တွေ၊ အသက်ဇီဝ တွေ၊ ဘ၀ဖြစ်တည်မှုတွေ၊ လူသား အဖြစ်တွေ အလဟဿဖြစ်ကုန် ပြီး အရာရာမှာပြုန်းတီးကုန်လိမ့်မည်။
အဲဒီအချိန်က ကျွန်တော် တစ်စုံတစ်ခုကိုတော့ ပြတ်ပြတ်သားသား လုပ်ခဲ့မိပါသည်။ ကျွန်တော် ဆက်လက် တင်ပြပါမည်။

ကျွန်တော် ဒေါသကြီးသော နတ်တစ်ပါးလို ခံစားဗလောင်ဆူနေသောကာလ၊ တစ်မနက် တွင် ဒရယ် ရောက်လာ ပါသည်။
" မနက် ၄ နာရီလောက်က အမေဆုံးသွားပြီဆရာ "
" အော် .... "
ကြိုတင် တွက်ဆထားပေမဲ့ ဒရယ်ပြောပြောချင်းမှာပင် ဒေါ်ခင်ရွှေကို ကျွန်တော့် မျက်လုံးထဲ မှာ ပြေးပြီး မြင်ယောင် မိသွားခဲ့သည်။ ပြီးတော့ ငွေရလိုမှု ရာဇ၀တ်မှုကြီးကို အသိဥာဏ် ငယ်သူ တွေအပေါ် ၀ိုင်းဝန်း ကျူးလွန် ကြရင်း ပြဿနာကြီး ကို ရှောင်လွှဲဖို့အတွက် ကျွန်တော့်ကို တံတွေးပင်လယ်ထဲ မျှောလိုက်ကြတဲ့ ပုဂ္ဂိုလ် ကြီးတွေ။ သူတို့မျှောသည်က မိမိတစ်ကိုယ်တည်းမဟုတ်။ မိမိကိုယ်စောင့်နတ် တွေလို ကျွန်တော့်ကို စိတ်ဓာတ် အင်အား ဆေးပညာလိပ်ပြာတွေ ခြံရံပေးနေသော ဆရာသမားတွေ။

ဒါတွင်မကသေး ကျွန်တော့် Alma Mater ကြီး။ ထိုအချိန်တုန်းက ကျွန်တော့် နှလုံးသားလေးခမျာ ဗောင်းခနဲ ပေါက် ထွက်မတက် နင့်နည်း ခံစားနေခဲ့ရပုံတွေကို ခုထိ ကျွန်တော်ပြန်လည်ခံစားနေရတုန်း။ ဒါဆို ရင် ဟုတ်ပါပြီ။ ကျွန်တော်ခပ်မှောင်မှောင် ချောင်ထဲတစ်နေရာက ထွက်တော့မည်။ တရား ရုံးတို့ အသုဘအိမ်တို့ အလှူအတန်း တို့တွင် သတင်းစကားတို့သည် ရွာနီးချုပ်စပ်တို့ သို့ ပျံ့နှံ့အဖတ်တင်သည်မဟုတ်လား။ ထိုအချိန် တွင် ကျွန်တော်သည် လူသားတစ်ယောက် ဖြစ်သည်။ ဆရာဝန်တစ်ယောက်ဖြစ်သည်။ ဆရာ ဆရာမ တွေ စိတ်ချရုံကြည်လိုက်သော ထာဝရတပည့်တစ်ယောက် ဖြစ်သည်။ ထို့အတူ သည်သုံးခု စလုံး လည်း စေးကပ်စွာဖြစ်နေ သည်။ ထို့ကြောင့် ကျွန်တော်သည် ဒုတိယအတွေးဆိုတာ မထားတော့ဘဲ ဆုံးဖြတ် လိုက်မိ ခဲ့သည်။
" မင်းအမေနာရေး က ဘယ်နှစ်ရက်ထားမှာလဲ"

" ၅ ရက်ထားမှ ဖြစ်မယ်ဆရာ။ ဆွေမျိုးတွေ စုံအောင်လို့ဟုတ်ပေလိမ့်မည်။ သူတို့ မိသားစုက ရွာနီးပတ်လည် ရွာ ဒီရွာ တွေ မှာလည်း ဆွေမျိုးသားချင်းတွေများသလို လယ်ပွဲတွေ ကိုင်းခင်း တွေကလည်း နည်းမှမနည်းပဲ။ ဒရယ် ပြောပြချက် အခုကတည်းကပင် ရွာက လူတွေ၊ လှည်းတွေရောက်နေကြပြီတဲ့၊ ဒီတော့ ကြုံကြိုက် ခဲသော အဆင်သင့်မှု တစ်ရပ်ပမာ သူ့ကို စကားတောက်ထည့်လိုက်သည်။
"ဒီလိုဆိုရင် စိုင်ရတို့အုပ်စုကို မခေါ်ဘူးလား"
"ခေါ်မှာပေါ့၊ ကျွန်တော်အခုပဲ သွားပြောမလို့"

"စိုင်ရ"တို့ အုပ်စုဆိုတာကား တခြားမဟုတ်။ ရွာမှာလူသေရင် အရက်ဖိုးယူပြီး ဗိုက်ခွဲသော အုပ်စု၊ သုဿန်မှာ မြေမြုပ် မီးသဂြိုလ်စသည့်အလုပ်တွေကို စေတနာ့ဝန်ထမ်းလုပ်သော အုပ်စု။ သို့ဖြစ်ပင် ကျွန်တော့် နှုတ် က နှလုံးသားတွင် ဆေးမင်နှင့်ထိုးထားသော စကားလုံး တွေ မီးပန်းမီးပွင့်တွေပမာ ပွင့်ကန်ထွက်သွားပြီးထင်ခဲ့ရလေသည်။
"အေး မင်းသွားတော့ ဒရယ်။ စိုင်ရတို့ကို ပြောလိုက်၊ ငါလာခဲ့မယ်။ ညနေကျရင် မင်းငါ့ကို လာခေါ်လှည့်"

ဒရယ် ပြန်သွားကတည်းက သုန်မှုန်တုန်ယင်နေသော အဖြူအမည်း မင်းစန္ဒဂုတ် ဇာတ်ကား လို တစ်နေ့ခင်း လုံးလုံး ဖြစ်နေခဲ့သည်။ အသံတိတ်ဇာတ်ကားလိုလည်း ကျွန်တော့်နှုတ်က တိတ်ဆိတ်နေချင်နေခဲ့သည်။ ဆေးခန်း ကိုလည်း မနက်ပိုင်းခပ်စောစောတွင်ပဲ ပိတ်လိုက်သည်။ ကျွန်တော် ဓားသွေးရပေမည်။ ကျွန်တော် သည် နာကျင်တင်းကျင်သောရင်ကို သယ်ဆောင်လျက် ရှစ်လက်မသံသား ကောင်းကောင်း ဓားမြှောင် တစ်ချောင်း ကိုသာ စိတ်ရှိ လက်ရှိ ထိုင်သွေးရင်း ဒေသထွက် ကရင်ချက်အရက်ကို လက်ဖက်ရည် ပန်းကန်လေး နှင့် တစ်ခွက်ပြီးတစ်ခွက် သောက်နေမိသည်။ စိတ်ပေါက်လာတော့ ဓားသွေးကျောက်ပေါ် အရက်လောင်းပြီး ဓားကို ဆက်သွေးသည်။ ဓားမြှောင်သွားကလည်း အရက်ဝပြီး မြည့်ရှဖွေး လက်လာ လေပြီ။

ညနေစောင်း ဒရယ်လာခေါ်တော့ ကျွန်တော်အရက်တော်တော်ကြီးမူးနေပါပြီ။ သို့သော် လည်း ကျွန်တော် ကိုယ်စွမ်းကိုယ်စ ကို၊ ကျွန်တော့်ဆရာ ဆရာမတွေရဲ့ ဂုဏ်သိက္ခာတွေကို ပြခွင့်ရတော့မယ့် သူရဲကောင်း တစ်ယောက် လိုတော့ နာကျည်းသတ္တိတွေက ခြင်္သေ့နိုးနေခဲ့ ပေါ့။
အသုဘအိမ် မှာ လူတွေ အတော်များပါပြီ။ သူတို့ဆွေမျိုးသားချင်းတွေ ဖြစ်သည်။ အိမ်ရှေ့ လမ်းပေါ်မှာ လှည်းတွေ ဖြုတ်ထားသည်။
ဒီလိုနဲ့ ဒေါ်ခင်ရွှေအလောင်းနား ကျွန်တော်ရောက်သွားသည်။ စိုင်ရတို့အုပ်စု သုံးလေး ယောက်လည်း ရောက်နေပြီ။ အခေါင်းထဲသွတ်ဖို့ လက်ဖက်ခြောက်နှင့် ဖွဲပြာအိတ်လည်း အဆင်သင့်။ ပြီးတော့ အ၀ကျဉ်း ရေအိုးတစ်လုံး။ ကျွန်တော် အားလုံးသိနေသည်။

ရိတ်များ ဆင်ယင်ထားသော ခုတင်အလယ်မှာ ဒေါ်ခင်ရွှေ အလောင်း ကို မိုးမိုးမဲမဲသဏ္ဍာန် အစန့်သား တွေ့ရသည်။ အော် သူမဆီမှာ အခုထိ လူသားဟူသော ဣထ္ထိယဟူသော အမှတ်အသားတွေရှိနေခဲ့တုန်း၊ အသက် ကို မရှုနိုင် ရှူနိုင် ရုန်းကန်ရှူဖို့ အတတ်ဆုံး ကြိုး စားသွားခဲ့သော သဏ္ဍာန်ကိုလည်း တွေ့ နေရသေးသည် ထင်ခဲ့၏။
ကျွန်တော် ဒရယ် ကို တစ်ထွာကျော်ကျော်မြင့်သော အ၀တ်လျှော်ခုံကို ယူခိုင်းကာ ဒေါ်ခင်ရွှေအလောင်းကို ပေါင်လည်လောက်ကိုတင်ခိုင်းတာ ကျွန်တော်သိသည်။ ပြီးတော့ အဲဒီခုံပေါ်မှာ ကျွန်တော်ဆောင့်ကြောင့် တက်ထိုင် လိုက်သည်။ ပြီးတော့ ဒေါ်ခင်ရွှေ ခန္ဓာ ကိုယ်ပေါ်လွှားထားသော အ၀တ်တွေကို ဖယ်လိုက်သည်။ ပြီးတော့ ရင်ညွန့်တည့်တည့် အရက်တိုက်ထားတဲ့ ဓားကို စွိခနဲထိုးထည့်လိုက်ပြီး ဆီးစပ်ဆီအထိ ခွဲချလိုက်တာ အထိ သိနေသေးသည်။

ထိုသည်မှ နောက်ဝယ်မှာတော့ ကျွန်တော့်အသိတွေက လျှပ်စီးမိုးကြိုး၊ မုန်တိုင်းလှိုင်းတွေ လှိမ့်မွေနေတဲ့ အသိ မျိုးဖြင့်သာ လှုပ်ရှားနေမိမှန်း နောက်နေ့ကျမှ ကျွန်တော် ပြန်စဉ်းစားလို့ ရခဲ့တော့တာ ခုထိ မှတ်မိေ နသည်။

နောက်တစ်နေ့ညနေခင်းတွင် ကျွန်တော် ပြန်လည်အမှတ်ရခဲ့သော် မှတ်ဥာဏ်များကို လည်း အော်ဟစ် ပြေးလွှားသံ တွေ တရုန်းရုန်းယောက်ယတ်ခတ်နေသော မြင်ကွင်းကစပြီး ပြောပြချင်ပါသေးသည်။ သို့သော် ကျွန်တော် ပြောမည့် ပြောလက်စများကို စေးကပ်ပုပ် ဟောင်နေသော အသားစ အနံ့များသာ ဖြစ်မည် ကိုတော့ ကြိုတင်ပြောထားပါရစေ။
ကျွန်တော် သည် ဒေါ်ခင်ရွှေရဲ့ကင်ဆာအစာအိမ်ကြီးကို ဖြတ်ထုတ်ပြီး ဘေးက လူတွေကို ပြခဲ့သည်။

"ငါပြောတဲ့ ကင်ဆာဆိုတာ ဒါပဲ။ ဒါဟာ ကင်ဆာ အစာအိမ်"
လူတွေ ရှဲကုန်သည်။ တချို့အိမ်အောက်သို့ ဆင်းပြေးကုန်ကြသည်။ အပုပ်ရည်တွေ တစ် စက်စက်ကျ နေသည်။ ကျွန်တော်လှေကားအတိုင်း အိမ်ပေါ်ကပြေးဆင်းလားသည်။ သူတို့ အိမ်ရှေ့ အသုဘအနားဖျင်း ထဲမှာ အဲဒီအစာအိမ်ကို အောင်ပွဲဖလားကြီးလို မြှောက်ပြီး လိုက် ပြခဲ့သည်။ လူတွေ ထွက်ပြေးကုန်သည်။ အပုပ်ရည် တွေက မြှောက်ထားတဲ့ လက်ကတစ် ဆင့် တံတောင်ဆစ်၊ တချို့ ချိုင်းမှသည် ကိုယ်ပေါ်အထိ စီးကျနေခဲ့သည်။ အဲဒီအချိန်မှာ ခြိမ့်ခြိမ့်မွှမ်းမွှမ်းအောင်ပွဲခံစည်သံတွေကို ကြားချင်နေခဲ့သည်။ တခြား လူတွေကတော့ လိပ် ပြာတွေ ဂျွမ်းထိုးမှောက်ခုံလွင့်စင်သွားကုန်ပြီလား မပြောတတ်။ အမှောင်ကလည်း ခြုံလာ ခဲ့သည်။

ကျွန်တော် အမှောင်ထဲကနေ ထွက်လာခဲ့သည်။
ဒရယ် နဲ့ မိတ်ဆွေတစ်သိုက်က ကျွန်တော့်ကို ကူတွဲချော့မော့ခေါ်ပြီး အိမ်ပေါ်ပြန်ခေါ်လာ ကြသည်။ စိုင်ရ တို့အုပ်စုက သူတို့လုပ်စရာရှိတာတွေ လုပ်လို့ပြီးခါနီးမှန်း ကျွန်တော် သိနေ တာ မှတ်မိနေခဲ့သည်။ ဘေးလူတွေ တောင်းပန်ချက်အရ အစာအိမ်ကြီးကို ကျွန်တော် စိုင်ရတို့ ရေအိုးထဲထည့်ပေးခဲ့သည်။ ကျွန်တော်ပြန်မှတ်မိပါသည်။

ကျွန်တော့်အိပ်ယာထဲအထိ ဒရယ်နဲ့ အဖော်တွေလိုက်ပို့ပေးတာ ကျွန်တော် သတိရသည်။ ညက အိပ်ပျော် သွားခဲ့တာ နောက်တစ်နေ့မှာ ကျွန်တော် သတိရသည်။ နွေရာသီ မို့လို့် ညဉ့်လယ် သန်းခေါင် ရေခပ်ပြီး သောက်သည်။ ပုပ်စော်နံသည်။ အရက်က အရှိန်တက်နေ၍ ပြန် အိပ်ပျော်သွားသည်။ အဲဒီညက သုံးလေးခါ လောက် ရင်တွေပူလောင်ပြီး ထထနိုး၍ ရေ သောက်တိုင်း ရေက ပုပ်စော်နံနေသည်။ နောက်တစ်နေ့ မွန်းလွဲပိုင်း လောက်ကျမှ နိုးသည်။ အရက်နာကျနေလို့ မထနိုင်။ ခြင်ထောင်တွေ၊ စောင်တွေ ပုပ်စော် နံနေသည်။ ဆက်မအိပ် နိုင်တော့။

ဒီတော့မှ မနေ့ညနေက အဖြစ်အပျက်တွေကို ကျွန်တော်စီကာစဉ်ကာ သတိရလာတော့ သည်။ ဒါကြောင့် ရေထချိုး၊ အ၀တ်လျှော်ပေးနေကျ ဒေါ်အေးကိုခေါ်ပြီး အ၀တ်တွေ၊ ခြင် ထောင်စောင်တွေလျှော်ခိုင်း၊ ကြမ်းတိုက်ခိုင်း၊ သောက်ရေအိုးနှင့် သောက်ရေခွက် အသစ် ၀ယ်ခိုင်းရတော့သည်။ နောက်တစ်နေ့လုံး ရီဝေေ၀ ရင်တလှပ်လှပ်နှင့်မို့ ကျွန်တော် ဆေး ခန်းမဖွင့်နိုင်တော့ပေ။
တတိယမြောက်နေ့က ကျွန်တော်ဆေးခန်းပြန်ဖွင့်သည်။ လူနာတွေ ဆေးခန်းအလာ အခါ တိုင်းထက် ကျဲသွားသည်။ ဒေါ်ခင်ရွှေအသုဘ ပို့ ကျွန်တော်မလိုက်ပါ။ ရက်လည်သို့လည်း မသွားပါ။ "သရာဖဒို" (ဆရာကြီး) ဟု ပြောင်းပြီး ခေါ်လာကြသည်။

ဒရယ်ကလည်း သတင်းပေးလာသည်။
"ဒီနယ်က လူတွေက ပြောနေကြတယ်ဗျ။ ဆရာ ကြားပြီးပလား"
"ဟေ... ဘာတွေ ပြောနေကြသတုံး"
"ဆရာ့မျက်လုံး မှာ ဓာတ်မှန်ပါတယ်တဲ့"
အဲဒီကနေ့ နောက်ပိုင်းတွင်တော့ ကျွန်တော့်ဆီ ပိုမိုရောက်လာသော လူနာတွေကို အသိမဲ့ မှုရိပ်သာ ဗလချာ ထဲကနေ ကျွန်တော် ဆွဲထုတ်ကာ အပေါင်ထားခဲ့ရသော ကျွန်တော်နှင့် ကျွန်တော်အနာဂတ်ကို ထိန်းသိမ်း နိုင်ခဲ့ပါကြောင်း။

စာရေးသူ - အောင်ထိပ်
ပိတောက်ပွင့်သစ် မဂ္ဂဇင်း
ဒီဇင်ဘာ၊ ၂ဝ၁ဝ
.
>>>ဆက်ဖတ်ရန်>>> >>