Saturday, February 19, 2011

မဝင်းမြင့် ၏ ပဏ္ဍုသေလာ အပိုင်း (၉)

လက်ထဲ ထည့်ပေးသည့် အဓိပ္ပာယ်မှာ စားစေလိုသောသဘောဟု တွေးမိသော မေဂျာဝိုက်က အချိန်မဆိုင်း ဘဲ ဆာဆာဖြင့် ထိုသစ်သီးကိုကိုက်စားလိုက်၏၊ အနံ့သင်းသင်းမွှေးကြိုင်၍ ချိုအေးသော ထိုအသီး ကို တလုံးမျှ စားရသော မေဂျာဝှိုက်အဖို့ အားအင်ပြည့်ဖြိုး လန်းဆန်းလေသည်။ မောပန်းခြင်းဖြင့် ရေငတ် နေခဲ့သည်မှာလည်း ပြေပျောက်သွားသည်။

လက်ထဲ ထည့်ပေးသော သစ်သီး တလုံး ကုန်အောင် မေဂျာဝှိုက်စားပြီးသောအခါ ခရီးဆက်ရန်သူ့ လက်မောင်းကို  ဆွဲခေါ်ခြင်း ခံရသဖြင့် မေဂျာဝှိုက် အလိုက်သင့် ထပြီးလမ်းလျှောက်လာခဲ့ရပြန်သည်။
ငြီးငွေ့ဘွယ်ကောင်းလှစွာ မျက်ကန်းဘ၀ဖြင့် လျှောက်လာခဲ့ရသောခရီိးသည် ရှည်လျားလွန်းလှသည် ဟု မေဂျာဝှိုက်ထင်သည်။ သို့သော်- လှေကားထစ်များသို့ ဆင်းရသည့် ခရီးသည် နောက်ဆုံးအကြိမ် ပင် ဖြစ်ပေသည်။ တော်တော်ပင် ရှည်လျားသော အဆင်းခရီးကိုဆင်းရပြီးသည့်နောက် အဆော့အဦး တခုထဲသို့ ၀င်လာခဲ့ရကြောင်း မေဂျာဝှိုက်သတိထားမိသည်။ ထိုနေရာသို့ရောက်လျှင် မေဂျာဝှိုက်၏ မျက်နှာမှာ စည်း ထားသည့် အ၀တ်ကို တစုံတယောက်က ဖြေပေးလိုက်၏။

မျက်ကန်းဘ၀က လွတ် ကင်းသွားသဖြင့် မေဂျာဝှိုက်က ၀မ်းသာအားရ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သို့သော် အ ချိန်ကား မှောင်မဲသော ညအချိန်ကိုရောက်နေပြီဖြစ်၏။ မေဂျာဝှိုက်က လက်ပတ်နာရီကို ကြည့်လိုက်ရာ ညခုနှစ်နာရီထိုးနေလေပြီ။ သူရောက်နေသော နေရာသည် ဆီမီးရောင် ထိန်ထိန်ငြီးနေသော အ ဆောက်အဦးကြီးရှေ့ မြေကွက်လပ်တခုမှာ ဖြစ်ကြောင်း သိရသည်။ မြေကွက်လပ်ကို ၀င်းခတ်ကာရံ ထားသောအရာကား မည်သည့်အရာဟူ၍ မေဂျာဝှိုက်မသိခဲ့ရ။ ဘာကိုမှ မမြင်မတွေ့နိုင်အောင် လုံခြုံသော အကာအရံ တခု ဖြစ်ကြောင်းသာ မှောင်မဲမဲမှာ မှန်းဆခဲ့ရသည်။

ထိုနေရာမှာ သစ်သားဖြင့် ပြုလုပ်ထားသော ထိုင်ခုံများရှိသည်။ မေဂျာဝှိုက်ကိုထိုနေရာထိုင်ခိုင်းပြီး လူတယောက်က ရွှေလိုလို မိုးကြိုးလိုလို ကြေးလိုလို သတ္ထုတမျိုးဖြင့် ပြုလုပ်ထားသော တပေအချင်းရှိ သည့် လင်ပန်းငယ်မှာ စားသောက်ဖွယ်ရာများကို ထည့်လာပြီးကျွေးသည်။ ထိုစားသောက်ဖွယ်ရာများ ကား မည်သည့် အသားဟူ၍ မသိသောအသား အနည်းငယ်နှင့် သစ်သီးနှံများသာ ဖြစ်သည်။ အေးမြ ကြည်လင်သောရေကို ပြောင်လက်သော သတ္ထုခွက်တခုဖြင့် ထည့်ပေးသည်။ မေဂျာဝှိုက်သည် ဆာ ဆာဖြင့် စားသောက်နေစဉ်မှာ သူ့အနားတွင် အစားအသောက်ကျွေးသော လူနှစ်ယောက်နှင့် အစောင့် ရှောက်အဖြစ်နေသော လူလေးငါးယောက်မျှမှ သူ့အနားတွင် မရှိတော့ချေ။

စားသောက်ပြီးသောအခါ ထိုသူများက မေဂျာဝှိုက်ကို စီးထားသောဘိနပ်ကြီးအား ချွတ်စေလိုကြောင်း လက်ဟန်ခြေဟန်ဖြင့်ပြ၏။ မေဂျာဝှိုက်က လွယ်ကူစွာ သဘောပေါက်ပြီး ဘိနပ်ရောခြေအိတ်ပါ ချွတ် လိုက်သည်။ ဘိနပ်ချွတ်ပြီးသောအခါ အစောင့်ဖြစ်သောသူများက မေဂျာဝှိုက်ကို တဖက်တယောက်ရံ ပြီး ဆီမီးရောင် ထိန်ထိန်ငြီးသည့် အဆောက်အဦးကြီးထဲ ခေါ်သွား၏။

အဆောက်အဦးကြီးအတွင်း တခုသော အခန်းကျယ်ကြီးဝယ် လူတွေ ပြည့်နေသည်။ ယောက်ျားတွေ ချည်း တဖက်၊ မိန်းမတွေချည်း တဖက် မရောမယှက်ဘဲ တသန့်စီ ပုဆစ်ဒူးချထိုင်နေကြသည်ကို တွေ့ရ ၏။ မေဂျာဝှိုက်အား ယောက်ျားတွေချည်း ထိုင်နေရာဆီသို့ခေါ်သွားပြီး ရှေ့နားကျကျ အစွန်တနေရာ ၀ယ် သူတို့ထိုင်သလို ပုဆစ်ဒူးချထိုင်ခိုင်း၏။ မေဂျာဝှိုက်လည်း ငြင်းဆန်ခြင်းမပြုဘဲ သူတို့သဘောကျ ပင် ထိုင်လိုက်သည်။ ထိုင်ပြီးမှ ပတ်ဝန်းကျင်ကို အကဲခတ် ကြည့်လိုက်၏။ ခန်းမကြီးကား သူ့စိတ်ထင် လူလေးငါးရာ မျှ ဆန့်ပေမည်ဟု မှန်းဆမိ၏။ သို့သော် ယခု သူ့မျက်မြင်တွင် ယောက်ျားရော မိန်းမပါ ပေါင်း မှ လူတရာကျော်မျှသာ ရှိပေလိမ့်မည်။ ယောက်ျားတွေ၏ ရုပ်ရည်ကား သူမြင်တွေ့ခဲ့ရသည့်လူတစု အတိုင်းပင်၊ သန့်ပြန့်ချောမော၍ ကြက်သရေရှိသူချည်းဖြသစ်သည်။ မိန်းမတွေဘက်ကို မေဂျာဝှိုက် က လှည့်ကြည့် လိုက်ပြန်၏။

မိန်းမတွေအားလုံးကလည်း အံ့သြဘွယ်ရာကောင်းအောင်ပင် လှပချောမောသူတွေချည်းဖြစ်ကြသည်။ အားလုံးမှာ ပုဆစ်တုပ် ထိုင်နေကြသူတွေချည်းသာဖြစ်ပြီး အရောင်မျိုးစုံလှပသော အ၀တ်တွေကို စောင်ခြုံသကဲ့သို့ ခြုံထားကြသည်ဖြစ်ရာ၊ သူတို့၏၀တ်ဆင်မှုကို မသိနိုင်ခဲ့ချေ။ မဲနက်တောက်ပြောင် သော ဆံပင်တွေကိုကား ဦးခေါင်းပေါ်တွင် သပ်ယပ်စွာထုံးနှောင်ထားကြသည်။ ယောက်ျားတွေနှင့် မိန်း မတွေသည် ချောမောလှပရုံသာမဟုတ် ရုပ်ရည်တွေကလည်း ညီအကိုမောင်နှမရင်းသဖွယ် တူညီကြ သည်မှာ ထူးဆန်းလှပေ၏။

အဆောက်အဦးကြီး ကား သစ်သားကို အတုံးလိုက် အတစ်လိုက် ထုကြီး ဒယ်ကြီးနှင့်ဆောက်ထားသည့် ဘုရားကျောင်းကြီးသဏ္ဍာန်တူပေသည်။ တထိန်ထိန်ငြီးသော ဆီမီးအလင်းရောင်ဖြင့် တွေ့မြင်ရသမျှ အစိတ်အပိုင်းကို အကဲခတ်ကြည့်ရခြင်းအားဖြင့် ဤအဆောက်အဦးကြီးကား လွန်လေပြီးသော နှစ် ပေါင်းများစွာက ဆောက်လုပ်ထားခဲ့သော အဆောက်အဦးကြီးပင် ဖြစ်ဟန်တူပေသည်။ ထိုင်နေကြရ သည်မှာ ဖျာကော်ဇော စသည့် အခင်းတစုံတရာမရှိသော်ငြားလည်း ကြမ်းပြင်မှာ ပြောင်စင်သန့်ရှင်းလှ ပေသည်။

သူတို့အား ကြည့်နေရင်းမှပင် မေဂျာဝှိုက်သည် သူ့ကိုခေါ်လာသည့် လူစုအား ရှာကြည့်မိ၏။ သို့သော် ရုပ်သဏ္ဍာန်တူညီလှ၍ စိမ်းရောင် ရွှေရောင်ရောထားသော ၀တ်ရုံကြီးများကို တယောက်မကျန် ခြုံလွှား ထားကြသည်တကြောင်း၊ သူတွေ့မြင်လာခဲ့သည်မှာလည်း မိနစ်ပိုင်းမျှသာဖြစ်၍တကြောင်း၊ မေဂျာဝှိုက် မမှတ်မိတော့ချေ။
ယောက်ျားတွေရော မိန်းမတွေပါ ကြည်လင်နှစ်သိမ့်သော မျက်နှာ၊ တည်ငြိမ်သည့်အမူအရာဖြင့် သူတို့ အားလုံးမျက်နှာမူထားရာ ရှေ့တူရူရှိ ၀င်းဝင်းလက်လက် အရောင်ထွက်နေသည့် ရွှေချည် ငွေချည်ဖြင့် ယက်လုပ်ထားဟန်တူသော ကန့်လန့်ကာကြီးရှိရာသို့သာ စိတ်အားထက်သန်စွာ စူးနစ်ကြည့်ရှုနေကြ သည်။

မေဂျာဝှိုက်ထိုင်ပြီး မကြာမီမှာပင် ကန့်လန့်ကာကြီးက ပွင့်သွား၏။ ပွင့်သွားသော ကန့်လန့်ကာကြီးအ တွင်းမှာလည်း မွှေးကြိုင်သော နံ့သာဆီများဖြင့် ထွန်းညှိထားသဖြင့် လင်းထိန်နေလေသည်။ ထိုလင်း ထိန်နေသော အလင်းရောင်ဝယ် မတ်ရပ်သဏ္ဍာန် ဗုဒ္ဓရုပ်တုတဆူကို သပ္ပါယ်ကြည်ညိုဘွယ်ရာ ဖူးတွေ့ ရသည်။ ရုပ်တုတော်ရှိရာနှင့် မေဂျာဝှိုက်ရှိနေရာသည် ပေသုံးဆယ်မျှ ကွာဝေးသည်။ ဖြူ နီ ညို ပြာ ၀ါ စိမ်းလဲ့သော အရောင်တို့ ယှက်သိုင်းလျက် အတိုင်းမသိအံ့သြဘွယ်ကောင်းလှသော ထိုဗုဒ္ဓရုပ်တုကို မေဂျာဝှိုက် တအံ့တသြ ကြည့်နေစဉ်မှာ တစုတဝေးရှိနေကြသော လူအားလုံးသည် ကြမ်းပြင်နှင့် နဖူးထိ သည့် တိုင်အောင် ပြားပြားဝပ်၍ ရှိခိုးဦးခိုက်ကြလေသည်။

မေဂျာဝှိုက်က သူ့ဘာသာမဟုတ်၍ ရှိမခိုးသော်ငြားလည်း သပ္ပါယ်ကြည်ညိုဖွယ်ရာ တင့်တယ်လှသော ဆင်းတုတော်ကို မျက်တောင် မခတ်နိုင်အောင်ပင် ကြည့်နေမိ၏။ ထိုအခိုက် လူတယောက်က မေဂျာ ၀ှိုက်လက်ကို ဆွဲခေါ်သဖြင့် မေဂျာဝှိုက်သည် ထိုင်နေရာမှ ထလိုက်လာခဲ့ရသည်။ ဗုဒ္ဓဆင်းတုတော်ကို ဖူးတွေ့ရခြင်းအားဖြင့် ကမ္ဘာပေါ်ရှိ အချို့သော ဘာသာဝင်များ လုပ်လေ့လုပ်ထရှိသော အသက်သွေး ဖြင့် သူတို့ကိုးကွယ်ရာ နတ်ဘုရားကို ယဇ်ပူဇော်ခြင်းမျိုးလုပ်ရန်ခေါ်ခြင်း မဟုတ်ကြောင်း မေဂျာဝှိုက်က အသေအချာ တွေးမိသည်။ ထို့ကြောင့် ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိဘဲ ထိုလူခေါ်ရသို့ ခြေလှမ်းမှန်မှန် ဖြင့် လိုက် လာခဲ့၏။

ထိုလူက မေဂျာဝှိုက်ကို ဗုဒ္ဓဆင်းတုတော်ရှိရာ အဆောင်တွင်းသို့ ခေါ်သည်ကို သိရသောအခါ မေဂျာ ၀ှိုက်များစွာဝမ်းသာသွားလေသည်။ အနီးကပ် အသေအချာကြည့်မည်ဟု အားခဲထားလိုက်၏။
ဗုဒ္ဓဆင်းတုတော်ကား လူတွေထိုင်နေရာ ကြမ်းပြင်ထက်တပေခန့်မျှမြင့်သော ပယင်းရောင်ပမာ ကြည် လင်သည့်အ၀ါရင့်ရောင်ကျောက်ပြားကြီးထက်မှာ တည်ရှိလေသည်။ ကျောက်ပြားကြီး၏အကျယ်ကား ငါးပေပတ်လည်မျှရှိပေလိမ့်မည်ဟု မေဂျာဝှိုက်ကခန့်မှန်း၏။

ဗုဒ္ဓဆင်းတုတော်သည် ဤကျောက်ပြား ကြီးထက်မှာ မည်သည့်အမှီအတွယ်မှမရှိဘဲ တည်ငြိမ်စွာ ရပ်တော်မူနေ၏။ မလဲမယိုင်ရလေအောင် နောက်က အထောက်အခံထားလေသလား၊ ခြေဖ၀ါးတော်နှင့် ကျောက်ပြား မြဲမြံစွာကပ်တွယ်နေ အောင် တစုံတခုသောအရာဖြင့် ကုပ်တွယ်ထားလေသလားဟူသော အတွေးဖြင့် မေဂျာဝှိုက်က ဆင်း တုတော်နောက်ကျောဖက်နှင့် ခြေဖ၀ါးကို စစ်သားမျက်စေ့ဖြင့် လျှပ်တပြက်အတွင်းမှာ အသေအချာ စူး စမ်းကြည့်ရှုလိုက်၏။ သို့သော် မည်သည့်အရာဝတ္ထုကိုမှ မတွေ့ ရချေ။ မေဂျာဝှိုက်အဖို့ အံ့သြမိသည်။ သူ ရောက်ရှိသည့်နေရာသည် ဆင်းတုတော်၏ ဘေးစောင်း ဖက်မှဖြစ်၍ နောက်ကျောဖက်ရော၊ ခြေဖ၀ါး ကိုပါ သံသယရှင်းစွာတွေ့နေရသည်။

သူ့ကိုခေါ်လာသူက ဤနေရာမှာပင် ငြိမ်သက်စွာရပ်နေရန် လက်ဟန်ခြေဟန်ဖြင့် ပြသဖြင့် သူကငြိမ် သက်စွာရပ်နေရင်း ရရှိသည့်အချိန်ကို အအားမထားဘဲ ဆင်းတုတော်ကို သေချာစွာကြည့်သည်။
ဆင်းတုတော် ကို သွန်းထားသည့်မှာ ၀င်းမှည့်ပြီး အိနေသော ရွှေသားအစစ်ဖြင့် သွန်းထားခြင်းဖြစ် သည်။ ဆင်းတုတော် ၏သင်္ကန်းဖုံးလွှမ်းထားဟန်၊ ရွှေသားနေရာ တခုလုံးတွင် အရည်ကောင်းလှသော စိန်၊ မြ၊ ပတ္တမြား၊ နီလာစသည့်တန်ဖိုးမဖြတ်နိုင်အောင် ကောင်းလှသည့်ရတနာတွေကို အပြည့် စီခြယ် ထားသည်။ ဆင်းတုတော် ၏မျက်မှောင်နှစ်ခုအကြားတွင်ကား သောက်ရှူးကြယ်တမျှ ကြီးမားတောက်ပ သော စိန်ကြီး တလုံး ကို မြှုပ်ထားသည်။

မျက်လုံးတော်အတွင်း မျက်နက်နေရာတွင် မြှုပ်ထားသော မဟူ ရာကျောက်အရောင်က တကယ့်သက်ရှိ ဗုဒ္ဓမြတ်စွာ ၏မျက်လုံးပမာ အရောင်တောက်ပနေသည။ ဆင်း တုတော်၏လက်တော်နှစ်ဘက်ကား တစုံတခု သော အရာကို ခံယူကိုင်ထားဟန်ဖြင့် လက်ဝါးနှစ်ဘက် ကို ညီညာစွာယှဉ်ပြီး ဖြန့်ထားသည်။

ဗုဒ္ဓဆင်းတုတော်၏မျက်နှာတော်ကား လှသည်၊ ချောသည်၊ ခန့်ငြားသည်၊ ကြည်လင်အေးမြသည်၊ ကျက်သရေရှိသည် မြင်ရသူအဖို့ နှစ်လိုကြည်ညိုဘွယ်ဖြစ်သည်။ ချစ်ခင်လေးမြတ်ရိုသေအပ်သော မျက်နှာမျိုးဖြစ်သည်စသည့်အချက်အလက်အားလုံးနှင့် ပြည့်စုံပါပေသည်ဟု မေဂျာဝှိုက်စိတ်တွင် မှတ် ချက်ချမိသည်။ မေဂျာဝှိုက်အနေဖြင့် ယခုအသက်သုံးဆယ်ကျော်သည့်အရွယ်ရောက်လာသည့်တိုင် အောင် ဗုဒ္ဓဆင်းတုတော်၏မျက်နှာတော်မျိုးကဲ့သို့သော ရုပ်ဆင်းရူပကာရှိသည့် ယောက်ျားမျိုးဟူ၍ တ ရံတဆစ်မှ မတွေ့မြင် ခဲ့ရဘူးချေ။ သူသည် ဗုဒ္ဓဘာသာဝင်တို့ ကိုးကွယ်ပူဇော်ရာ ဂေါတမဟူသည် အ လွန်အမင်း လှပသော ရုပ်ဆင်းရှိသူဟူ၍ ဘာသာရေးနှင့်ပက်သက်ရာ အချို့ပုဂ္ဂိုလ်တို့ပြောကြဆိုကြ သည်ကိုကား အမှတ် မထင် ကြားဘူးခဲ့၏။ ယခုမူ သက်ရှိဂေါတမ မဟုတ်စေကာမူ တုပုံတူရုပ်ကို မြင်ရ သည်နှင့်ပင် ဤမျှ ကြည့်ရှုမ၀နိုင်သော စိတ်စေတနာဖြစ်ခဲ့ပါလျှင် သက်တော်ထင်ရှားရှိခဲ့သော ဂေါတမ ဗုဒ္ဓသည် မည်မျှ လှပတင့်တယ် ချောမော၍ ကျက်သရေရှိပါမည်နည်းဟု စိတ်မှန်းဖြင့် တွေးတောကြည် နူးလိုက်မိပေသည်။

ထိုအခိုက်မှာ လူကြီးတယောက် သူ့အနားရောက်လာသည်။ သူ၏လက်တွင် ရွှေကလပ်တခုကို ရိုသေ စွာကိုင်လာ၏။ ထိုရွှေကလပ်ပေါ်တွင်ကား ချောင်းရေထဲမှာမျောလာ၍ စစ်သားတွေကောက်ရလာခဲ့ရာ မှ မေဂျာဝှိုက် က ယူထားလိုက်သည့် ထူးဆန်းသော ခြုံထည်က ပါရှိလာသည်။ ဤခြုံထည်ကို ရိုသေ မြတ်နိုး ကြသည် ကို မြင်ရသော မေဂျာဝှိုက်က ခြုံထည်နှင့် ဗုဒ္ဓဆင်းတုတော်သည် တနည်းနည်းအားဖြင့် ဆက်သွယ်မှု ရှိရမည်ဟုတွေး၏။ မေဂျာဝှိုက် တွေးထင်နေဆဲမှာ ထိုလူကြီးသည် ဆင်းတုတော်ရှိရာ ကျောက်ပြား ကြီးနား ရောက်လာ၏။

ထိုနောက်သူတို့ ဘာသာစကားကို သိမ်မွေ့ငြင်သာသောလေသံဖြင့် အေးအေးသာသာပြောဆိုနေ သည်။ ထိုသို့ပြောဆိုနေရင်းမှလည်း ရွှေကလပ်ပေါ်မှာရှိသော ခြုံထည်ကိုတလှည့်၊ မေဂျာဝှိုက်ကိုတ လှည့် လက်ဖြင့် ညွှန်ပြပြောဆိုနေသည်။ ဆယ်မိနစ်မျှ ပြောဆိုပြီးသောအခါ ယူဖြန့်ပြီး ဗုဒ္ဓဆင်းတုတော် ၏ ဖြန့်ထားသော လက်နှစ်ဘက်ပေါ်သို့ ငြင်သာစွာတင်လိုက်သည်။ ထူးဆန်းလှပသော ခြုံထည်သည် ဆင်းတုတော် ၏လက်ပေါ်ဝယ် ၀င်းလက်တောက်ပေသောအဆင်းဖြင့် တည်ငြိမ်စွာရှိနေလေသည်။

ထိုနောက် ထိုလူကြီးသည် ရွှေကလပ်ကို ဗုဒ္ဓဆင်းတု၏ခြေရင်းမှာ အသာအယာချပြီး ဆင်းတုတော်ကို ရိုသေစွာ ရှိခိုးလိုက်သောအခါ လူပရိသတ်အားလုံးသည်လည်း ရိုသေစွာရှိခိုးလိုက်ကြသည်။ လူတို့ ရှိခိုး နေစဉ်မှာ မေဂျာဝှိုက်ကား မတ်တပ်ရပ်လျက်ကပင် ဆင်းတုတော်၏အရပ်အမောင်း မည်မျှမြင့်မည်ကို အောက်ခံ ကျောက်ပြားအမြင့် သူ့အရပ်အမြင့်ဖြင့် စိတ်ထဲက မှန်းဆနေ၏။ ထိုမျှသာမကသေး ၀င်းမှည့် အိနေသော ရွှေဆိုင်ရွှေခဲကြီးနှင့် မြှပ်နှံစီခြယ်ထားသော အပြစ်အနာအဆာကင်းလွတ်သည့် ရတနာ တွေ၏တန်ဖိုးကို စိတ်ထဲက တွက်နေမိသည်။
ထိုအခိုက် လူတယောက်က သူ့ကို ဗုဒ္ဓဆင်းတုတော်အနားမျ ပြန်လည်ဆွဲခေါ်လာခဲ့သည်။ လူအများ ထိုင်နေရာ သို့ သူရောက်လျှင်ပင် ဗုဒ္ဓဆင်းတုတော်ကို ဖုံးကာထားခဲ့သော ကန့်လန့်ကာကြီးက ပြန်ပိတ် သွားသည်။

လူတွေက ငြိမ်သက်စွာ နေမြဲတိုင်းပင်ရှိ၏။ မေဂျာဝှိုက်သည် သူတို့ဆန္ဒအတိုင်း ကြမ်းပေါ်မှာ ဒူးချထိုင် နေစဉ် လူတယောက်က သန့်စင်ပြောင်လက်သော သတ္တုခွက်တခုဖြင့် ထည့်ထားသော အရည်တမျိုး ကို မေဂျာဝှိုက် အားပေး၏။ ခွက်ထဲမှာရှိနေသောအရည်၏အရောင်မှာ တောက်ပကြည်လင်သောပန်း ရောင်ရင့်ရင့်ဖြစ်သည်။ အနံ့က သစ်သီးတခု၏အနံ့မျိုးနှင့်တူ၍ သင်းသင်းမွှေးသည်။ မေဂျာဝှိုက်က အ နည်းငယ် သောက်ကြည့်၏။ အရသာကား ပူရှိန်းရှိန်းချိုမြမြဖြင့် အလွန်ခံတွင်းတွေ့၍ အရသာရှိလှ၏။ မေဂျာဝှိုက် က ၀ီစကီသောက်လိုသောဆန္ဒဖြစ်ပေါ်လာသည်။ ထို့ကြောင့် ခွက်ထဲမှာရှိသည့်အရည် တ စက်မှ မကျန်အောင် အားလုံးသောက်ချလိုက်သည်။ သူသောက်ပြီးသောအခါ ခွက်ကိုလူတယောက်က ဆွဲယူလိုက်၏။

မေဂျာဝှိုက်သည် ၀ီစကီသောက်ရသလို သူ့စိတ်ထဲမှာ ခံစားလာရသည်။ ဦးခေါင်းထဲမှာ ရိပ်တိတ်တိတ် ရီတီတီဖြစ်လာသည်။ သူသည် ထိုင်နေလိုသောဆန္ဒမရှိတော့ချေ။ ဟန်မဆောင်နိုင်လောက်အောင်ပင် လဲလျောင်း ချင်လာသည့်အလျောက်ပင် ထိုင်နေရာမျ လှဲအိပ်လိုက်သည်ကိုသာ နောက်ဆုံးအနေဖြင့် မေဂျာဝှိုက်သိလိုက်ရလေတော့သည်။
ဤမျှလောက် ပြောပြီးလျှင် အတွင်းဝန်ကြီးက စကားကို အဆုံးသတ်ကာမောသွားဟန်ဖြင့် လဘက် ရည်ကို ငှဲ့ပြီးသောက်နေလေသည်။

မောင်တင်ဦးနှင့် မောင်တင်အုံးတို့က စိတ်ဝင်စားစွာ နားထောင်နေကြသည်၊ သူတို့နှစ်ယောက်လုံး အ တွင်းဝန်ကြီးစကားအဆုံးသတ်ပုံကို ကျေနပ်အားရခြင်းမရှိချေ။ ဆက်မေးလိုသော်လည်း အတွင်းဝန်ကြီး အမောပြေပါစေဟူသော အားနာစိတ်ဖြင့် ငြိမ်သက်တိတ်ဆိတ်နေကြရသည်။
အတွင်းဝန်ကြီးက လဘက်ရည်ကို နှစ်ခွက်ဆက်သောက်ပြီး အမောပြောသွားဟန်ဖြင့် ဆေးပြင်းလိပ် ကို မီးညှိပြီး အားရပါးရ ရှိုက်ဖွာနေသောအခါမှ မောင်တင်အုံးက တစခန်းထ၏။

ဆက်ရန်
.

2 comments:

Angelhlaing(May everybody be happy and healthy! said...

မမရေ ညီမလေးအားပေးသွားပါတယ်။ဆက်ရန်ကိုလည်းမျှော်လင့်နေပါတယ်လို့...

Anonymous said...

Thank you