အခန်း ၁၅
မစ္စတာဆိုယာပီက လေယာဉ်ကွင်းမှာ လုပ်စ်ရာတာတွေကို ကူလုပ်ပေးပါတယ်။ အကောက်ခွန်နဲ့ လူဝင်မှု ကြီးကြပ်ရေး ဖြတ်တဲ့ကိစ္စတွေမှာ သူနဲ့သာ မတွေ့ရင် အိုးနင်းခွက်နင်း တွေဖြစ်ကုန်နိုင်ပါတယ်။ ရင်တွေ ခုန်နေတော့ ပြောရမယ့် အင်္ဂလိပ်စကားလုံးတွေ ခေါင်းထဲက ထွက်ပြေးကုန်ပါတော့တယ်။ တည်းရမယ့် ဟိုတယ် က တစ်နေရာစီမို့ ကျွန်တော်နဲ့ မစ္စတာဆိုယာပီ လေယာဉ်ကွင်းအထွက်မှာ လမ်းခွဲ လိုက်ကြပါတယ်။ အရှုရှာဟိုတယ်ကို ရောက်မယ့် ဘတ်စ်ကားပေါ်ကို ကျွန်တော်အတင်း တိုးဝှေ့ တက်ခဲ့ပါတယ်။ အချိန်က လုံးဝ မှောင်နေပါပြီ။ မနက်မိုးလင်းမှပဲ ဒီတိုင်းပြည် ကို ကျွန်တော် ကြည့်ရ တော့မှာပါ။
ညီလာခံကို ငူအိုတိုတောင်တန်းရိပ်သာဟိုတယ်မှာ ကျင်းပပါတယ်။ အရူရှာကနေ ကီလိုမီတာ သုံးဆယ် လောက် ဝေးတဲ့နေရာပါ။ နောက်တစ်နေ့မနက် ဟိုတယ်ကထွက်တော့ ပတ်ဝန်းကျင် ကိုကျွန်တော် ဝေ့ကြည့် လိုက်ပါတယ်။ ပြီးတော့ တန်ဇန်းနီးယားလေကို ရှူကြည့်လိုက်ပါတယ်။ မာလာဝီနဲ့ ဘာများ ထူးမလဲပေါ့။ သိပ်မထူးပါ။ ဘတ်စ်ကားတွေက လူတွေချဉ်သိပ်။ လော်လီကားကြီးတွေက မီးခိုးတလူလူ၊ ကလေးတွေက လမ်းဘေးမှာ ဆေးလိပ်ခဲလို့၊ ကျောင်းသူ ကျောင်းသားတွေ ဖုန်တထောင်းထောင်းလမ်းမှာ လျှောက် သွား နေကြပါတယ်။ မိန်းမကြီးတွေက ဟင်းသီးဟင်းရွက်တွေ မနိုင်မနင်း ရွက်လို့။
မာလာဝီ နဲ့ ကွာတာကတော့ တန်ဇန်းနီးယားမှာ သစ်ပင်ပိုများတာပါပဲ။ ပြီးတော့မှ အထူးခြားဆုံးကို ကျွန်တော် မြင်ရပါတယ်။
အာဖရိကမှာ အကြီးဆုံး ကီလီမန်ဂျရိုတောင်ကြီး။ စာအုပ်တွေထဲမှာ တွေ့ဖူးတဲ့အတိုင်းပါပဲ။ တောင်ထိပ်ကို မိုးသားဖြူဖြူ တွေက ဖုံးထားပါတယ်။ ဒါလောက်မြင့်တဲ့တောင်ကို လူတွေ တက်နိုင်တယ်ဆိုတာ မယုံနိုင်စရာ ပါပဲ။ ဒါပေမဲ့ ဒီတောင်ထိပ်ကို လူတွေ ရောက်ပြီးကြပါပြီ။ ဒေါက်တာအမ်ချာဇိုင်းပြောတာ သွားသတိရလိုက် ပါတယ်။ မင်းရှေ့မျာ သွားစရာလမ်းက ခရီးရှည်ကြီးတဲ့။ သူပြောတာ ဟုတ်ပါလိမ့်မယ်။ ကမ္ဘာပေါ်မှာ ကျွန်တော် သွားကြည့်ချင်တဲ့ နေရာတွေကို တန်းစီကြည့်လိုက်ပါတယ်။
ကီလီမန်ဂျရိုဟာ ကျွန်တော့်အာရုံကို လွှမ်းမိုးနေပါတော့တယ်။ ဒါပေမဲ့ ညီလာခံကျင်းပတဲ့ ဟိုတယ်လည်း ရောက်ရော ကီးလီမန်ဂျရိုကို ကျွန်တော် မေ့သွားပါတော့တယ်။
ဟိုတယ်ဧည့်ခန်းဆောင်ထဲမှာ လူတွေအများကြီးနဲ့ ကျွန်တော်ဆုံရပါတယ်။ ဥရောပနဲ့ အမေရိကန်က လူတွေ လည်း အများကြီးပါပဲ။ ကျွန်တော့်လို အာဖရိကတိုက်သားတွေလည်း အများကြီးပါပါတယ်။ လူတိုင်း လူတိုင်း လက်ကိုင်ဖုန်းတွေနဲ့ စကားပြောနေကြပါတယ်။ ဘာသာစကားမျိုးစုံ၊ လေယူလေသိမ်းမျိုးစုံပါပဲ။ ကျွန်တော့်ကို ဘယ်သမှ လာစကားမပြော ပါစေနဲ့လို့ ကျိတ်ပြီးဆုတောင်းနေမိပါတယ်။ တက်ရောက်သူများ မှတ်ပုံတင်စားပွဲမှာ စာရင်းသွင်းပြီးတာနဲ့ အခန်းထောင့်တစ်နေရာမှာ အသာသွားကုပ်နေလိုက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကံမကောင်းပါဘူး။ ဆံပင်နီနီနဲ့ လူတစ်ယောက် ကျွန်တော့်ဆီ တန်းတန်းမတ်မတ် လျှောက် လာပါတယ်။ အစိမ်းရောင် နေကာမျက်မှန် တပ်လို့။
ဟဲလို၊ TED က ကြိုဆိုပါတယ်၊ ခင်ဗျာ၊ ကျွန်တော်က တွမ်ပါ။ ခင်ဗျားနာမည် တဆိတ်လောက်။
ကျွန်တော် က ကျင့်ထားတဲ့အတိုင်း အင်္ဂလိပ်ဘာသာနဲ့ ခပ်သွက်သွက်ပြောလိုက်ပါတယ်။
ကျွန်တော့်နာမည် ၀ီလျံကမ်ကွမ်ဘာပါ။ မာလာဝီနိုင်ငံကပါ။
သူ ကျွန်တော့်ကို မျက်လုံးပြူးသားနဲ့ စိုက်ကြည့်နေပါတယ်။ ချီချီဝါစကားနဲ့များ ကျွန်တော် ပြောလိုက် မိ သွားလို့လား။
နေဦး နေဦး မောင်ရင်က လေရဟပ် တည်ဆောက် တဲ့ သူငယ် မဟုတ်လား
တွမ်ရေလီ က ညီလာခံဧည့်ကြိုအဖွဲ့က ဖြစ်ပါတယ်။ ကျွန်တော့်အတွက် စရိတ်စကတွေ သူပို့ပေးတာတဲ့။ လွန်ခဲ့တဲ့ လထဲက နယူးယောက် TED ရုံးမှာ နိုင်ဂျီးရီးယားလူမျိုး၊ ဘလော့ဂ်ဂါ အီမီကာက ကျွန်တော့် အကြောင်း သို့ကိုပြောတာတဲ့။ ဒါပေမဲ့ ကျွန်တော့်ကို အီမီကာက မတွေ့တွေ့အောင်ရှာပြီး အရူရှာ ရောက် လာအောင် အထိ ပို့ပေးလိုက်တာကိုတော့ တွမ်မသိဘူးတဲ့။
ကျွန်တော် တတ်သမျှ မှတ်သမျှ အင်္ဂလိပ်စကားနဲ့ တွမ်နဲ့ စကားလက်ဆုံ ကျသွားပါတယ်။ သူကမေးတယ်။ ကျွန်တော့် အကြောင်း ကို စင်ပေါ်မှာ ကျွန်တော်တကင်ပြောရဲမလားတဲ့။
ကျွန်တော်က ပခုံးတွန့်ပြီး 'ဘာလို့ မပြောရဲရမှာလဲ' 'မောင်ရင့်မှာ ကွန်ပျူတာရှိလား' ကျွန်တော် ခေါင်းယမ်းပြီး 'ဟင့်အင်း၊ မရှိဘူး' 'လေရဟတ်ဓာတ်ပုံတွေ ပါလာလား'
ကျွန်တော့မှာ ဓာတ်ပုံတွေ ရှိပါတယ်။ ဒေါက်တာအမ်ချာဇိုင်းရဲ့ အဖွဲ့သားတစ်ယောက် မာဒီစီကို လာလည်တုန်း က ကျွန်တော့်ကို ပေးသွားတာပါ။ ကျွန်တော်တို့ အိမ်ကိုရောက်လာတဲ့ သတင်းထောက် တွေက သူ့ကို ပေးသွားလို့ သူက သူ့လက်ပ်တော့ထဲမှာ သိမ်းထားတာတဲ့။ သူက လက်ဆွဲအိတ်ထဲက လက်ပ်တော့ ကလေးထုတ်ပြီး ကျွန်တော့်ကို ပုံတွေပါတဲ့ လက်သန်းလောက် အချောင်းကလေး ထုတ်ပေး သွားတာပါ။ ကျွန်တော်က ကွန်ပျူတာဆိုတာ တီဗွီလောက်ကြီးတယ် မှတ်ထားပြီးတော့ နံရံမှာ ပလတ်ပေါက် ထိုး မှ အလုပ်လုပ်တယ် ထင်နေတာ။ ခု တွမ်က ဓာတ်ပုံတွေ ရှိလားမေးတော့ အင်္ကျီကြယ်သီးဖြုတ်ပြီး လည်ပင်း မှာ ဆွဲထားတဲ့ ကြိုးကို ဖြုတ်ပြီး ပေးလိုက်ပါတယ်။ သူက ရယ်ကျဲကျဲနဲ့ လှမ်းယူပြီး အဲဒီ အချောင်းကလေးကို သူ့လက်ပ်တော့ ပလပ်ပေါက်ထဲ ထိုးထည့်လိုက်ပါတယ်။
'ခဏလေးနော်၊ ကိုယ့်ကွန်ပျူတာထဲ ကူးယူသွားမယ်'
အင်း လက်စသတ်တော့ လက်ပ်တော့ဆိုတာ ဘယ်သွားသွား ယူသွားလို့ရတဲ့ ကွန်ပျူတာ အသေးစား လေးကိုး။ တော်တော်ကောင်းတဲ့ စိတ်ကူးပဲ။
ကျွန်တော် တအံ့တသြဖြစ်နေတာကို သတိထားမိသွားပြီး တွမ်က မေးပါတယ်။
'မင်း အင်တာနက်ကော မြင်ဘူးပြီဖား ၀ီလျံ'
'ဟင့်အင်း မမြင်ဖူးသေးဘူး ခင်ဗျ'
တွမ်က ကျွန်တော့ကို ညီလာခံ ခန်းမထဲ ခေါ်သွားပါတယ်။ သူ့နေရာက တိတ်တိတ်ဆိတ်ဆိတ် အခန်း ကလေး ပါ။ ကွန်ပျူတာကို ဖွင့်ပြီး မောက်စ်ကိုင်ပုံ၊ အကွက်ထဲမှာ မြားရွှေ့ပုံတွေ ကျွန်တော့်ကို ပြပါတယ်။
'ဟောဒါ ဂူဂဲလ်လို့ခေါ်တယ်။ မင်း သိချင်တာ အကုန်မေးလို့ရတယ်။ မင်း ဘာအကြောင်း အရာကို ရှာချင်လဲ'
'လေရဟတ်'
ချက်ချင်းပဲ စာမျက်နှာတွေ အတွဲလိုက် ပေါ်လာတယ်။ စာမျက်နှာပေါင်း ငါးသန်းရှိတယ်တဲ့။ ပုံပေါင်းများစွာ၊ ရှင်းလင်းချက် ပေါင်းများစွာ၊ မယုံနိုင်စရာပါပဲ။ ဆိုလာပါဝါအကြောင်း မေးလိုက်ပြန်တော့လည်း အလားတူပဲ ဖတ်လို့ မကုန်နိုင်အောင် ထွက်လာတယ်။ နောက် ကျွန်တော်တို့ Google Earth ကို သွားကြည့်ကြတယ်။ မာလာဝီ ကို ရှာ ကြည့်တော့ ကျွန်တော်တို့ ၀င်ဘီရွာကလေးတောင် တွေ့ရတယ်။ ဂြိုလ်တုက ရိုက်ထားတဲ့ ဓာတ်ပုံတဲ့။
ကျွန်တော့် အတွက် အံ့သြကုန်နိုင်ဖွယ်တွေချည်း ဖြစ်နေပါတယ်။ ကျွန်တော် အရှေ့အာဖရိကကို ရောက် နေတယ်။ အခန်းကလေးတစ်ခန်းထဲမှာ ပထမဆုံးအနေနဲ့ အင်တာနက် ကြည့်နေတယ်။ ဒီအခန်းကလေးရဲ့ အပြင်ဘက် မှာ ကမ္ဘာ့အတော်ဆုံး သိပ္ပံပညာရှင်တွေ စုဝေးနေ ကြတယ်။ ကျွန်တော့်ခေါင်းထဲမှာ လျှပ်စီးတွေ တဖျပ်ဖျပ် ၀င်းလက်နေပါတယ်။
တွမ် က ကျွန်တော့နာမည်နဲ့ အီးမေးလ်စာရင်း ဖွင့်ပေးပါတယ်။
တစ်ခြား ကွန်ပျူတာတစ်လုံးကနေ ချက်ချင်း ကျွန်တော့အီးမေးလ် တစ်စောင် ပို့ပြပါတယ်။ နောက် နှစ်ရက်ဆို ဗီဒီယိုကင်မရာအကြောင်း၊ ဒစ်ဂျစ်တယ်ကင်မရာအကြောင်း Pad Nano အကြောင်းတွေနဲ့ ကျွန်တော့်ကို မိတ်ဆက်ပေးမယ်တဲ့။ လက်ပ်တော့ ကလေးကို ဖင်ပြန်ခေါင်းပြန် ကြည့်ရင်း ကျွန်တော် နောက်ဆုံးမေးလိုက်တဲ့ မေးခွန်းကတော့
'အစ်ကို ကွန်ပျူတာက ဓာတ်ခဲလည်း မတွေ့ပါလား၊ ဘယ်အနားမှာ ထည့်တာလဲ'
ဒါပေမဲ့ TED မှာ အံ့သြစရာကောင်းတာက အင်တာနက် မဟုတ်ပါဘူး။ အသားသုံးမျိုးနဲ့ ကြက်ဥတွေ၊ အသီးအနှံတွေ ပါတဲ့ မနက်စာဘူဖေးလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ အာဖရိက တိုက်သားတွေ စင်ပေါ်တက်ပြီး သူတို့အတွေးအမြင်တွေကို နေ့စဉ် ဖလှယ်နေကြပုံတွေပါ။ ကျွန်တော်တို့ နိုင်ငံတွေ၊ ကျွန်တော် တို့ လူမျိုးတွေရဲ့ တိုးတက်ကြီးပွားရေး အကြောင်းတွေကို အဓိကထားပြီး သိပ္ပံပညာရှုထောင့်က ဆွေးနွေး ကြတာပါ။
ဆွေးနွေးကြတဲ့အထဲမှာ ရုက္ခဗေဒပညာရှင် ကော်နယ်လီအီဝမ်ဂိုပါတယ်။ သူက ကွန်ဂိုနိုင်ငံသား။ ပြည်တွင်းစစ်ဖြစ်တုန်းက အသက်ကို စွန့်ပြီး တိရစ္ဆာန်တွေရဲ့ အသက်ကို ကယ်ခဲ့တဲ့ ပုဂ္ဂိုလ်။ သူရဲ့ လင့်ရိုဗာ အင်ဂျင်ကို မြေကြီးထဲ တူးမြှုပ်ထားခဲ့ရတယ်။ ဓာတ်ခွဲခန်းပစ္စည်းတွေကို သစ်ပင်ပေါ်မှာ တက်ပြီး ၀ှက်ထား ခဲ့ရတယ်။ အဲဒီနည်းနဲ့ သူပုန်တွေ ရန်က လွတ်ကင်းခဲ့တယ်။ နောက်တစ်ယောက် အီသီယိုးပီးယား နိုင်ငံသား။
သူက မီးမရတဲ့ ရွာတွေမှာ သုံးနိုင်တဲ့ ရေခဲသေတ္တာတစ်မျိုးကို စမ်းသပ်တီထွင်ပေးခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ နိုက်ဂျီးရီးယား အမျိုးသမီး ဘိုလာ အိုလာဘီစီကတော့ အာဖရိက အမျိုးသမီး တီထွင်စွမ်းဆောင်ရှင် အားလုံးကို စုပြီး ညီလာခံကို ခေါ်လာတဲ့သူပါ။ အများစုကတော့ ဆရာဝန်တွေ အင်ဂျင်နီယာတွေပေါ။ အေ့ဒ်(စ်)၊ ငှက်ဖျား နဲ့အဆုတ်ရောဂါတွေကို အသေအလဲ တိုက်ဖျက်နေတဲ့ ပုဂ္ဂိုလ် တွေပါ။ သူတို့အထဲမှာ အီဗန်အီရစ်ဟာ့စ်မန် လည်း ပါပါတယ်။ သူက မိုက်မက်ကေး နဲ့ပေါင်းပြီး ကျွန်တော့ လေရဟတ် အကြောင်း ဘလော့ဂ် မှာ တင်တဲ့ပုဂ္ဂိုလ်ပါ။
တွမ်က စင်ပေါ်မှာပြောဖို့စကားလုံးတွေ ကျွန်တော့ကို စီပေးပါတယ်။ ဒါပေမဲ့ အလုပ်မဖြစ်ပါ ဘူး။ ခန်းမထဲ ခြေချ လိုက်တာနဲ့ ကျက်ထားတာတွေ အားလုံးမေ့ကုန်ပါတော့တယ်။ ဒီလိုနဲ့ အစီအစဉ်ပြောင်း လိုက်ရ ပါသည်။ ညီလာခံအတွင်းရေးမှူး ခရစ်အင်ဒါဆင်က စင်ပေါ်မှာ ကျွန်တော့ကို မေးခွန်းမေးမယ်၊ ကျွန်တော်က ဖြေရမယ်။ ဒါပေမဲ့ ခရစ်က ကျွန်တော့နာမည်ကို စင်ပေါ်က ခေါ်လိုက်တာနဲ့ ကျွန်တော့ ဒူးတွေ လမ်းမလျှောက်နိုင်အောင် ဆတ်ဆတ်တုန်နေပါတော့တယ်။
တွမ်က ကျွန်တော့ပခုံးပုတ်ပြီးကပ်ပြောတယ်။
"ဘာမှမပူနဲ့၊ အသက်၀၀ရှူပြီး သက်ပြင်းချပစ်လိုက်"
စင်ပေါ်တက်သွားပြီးပရိတ်သတ်ကို ကျွန်တော်မျက်နှာမူလိုက်ပါတယ်။ ကျွန်တော့ ရှေ့တည့်တည့် မှာလူငါးရာ၊ အားလုံးက ကမ္ဘာကျော်သိပ္ပံ ပညာရှင်တွေ၊ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ။ ကိုယ့်ရင်ခုန်သံ ကို ကိုယ်အတိုင်းသာ ပြန်ကြားနေရပါတယ်။ မီးတွေက လင်းလွန်းလို့ မျက်စီတွေ ပြာဝေနေ ပါတယ်။
"ကျွန်တော့်တို့ ဒီပုံကို ရထားပါတယ်"
ခရစ်က ကျွန်တော့်နောက်ကို လက်ညှိုးထိုးပြီး စကားစပါတယ်။
ကျွန်တော်တို့အိမ်ရဲ့ ဧရာမဓာတ်ပုံကြီး။ ရွှံ့အုပ်နဲ့ ဆောက်ထားပြီး အိမ်မက သွပ်မိုး၊ ကျွန်တော် နေတဲ့ အဖီ က သက်ငယ်မိုး။
ဒီအိမ်က ဘယ်မှာပါလဲ၊ ပြောပြပါလား
"ဒါကျွန်တော့်အိမ်ပါ။ ကျွန်တော် အဲဒီအိမ်မှာ နေပါတယ်"
"'ဘယ်မှာလဲ၊ ဘယ်တိုင်းပြည်မှာပါလဲ"
''ကာစန်ဂူ က မာလာဝီမှာပါ''
ဟာ မှားသွားပြီ။ ကျွန်တော်ချက်ချင်းပြင်ပြောလိုက်ပါတယ်။
"မာလာဝီ က ကာစန်ဂူမှာပါ"
ကျွန်တော့လက်တွေ တုန်စပြုလာပါပြီ။
"လွန်ခဲ့တဲ့ပါငနှစ်က မောင်ရင့်မှာ စိတ်ကူးတစ်ခု ရှိခဲ့တယ်။ အဲဒါဘာလဲ"
"ကျွန်တော် လေရဟတ်တစ်ခု လုပ်ချင်တယ်"
အင် သိပ်မဟုတ်သေးဘူး၊ ခရစ်ပြုံးပါတယ်။
TED Global 2007 စင်မြင့်ပေါ်မှာ ခရစ်အင်ဒါဆင်နဲ့ ကျွန်တော်
"အဲဒီတော့ ဘာလုပ်သလဲ၊ ဘယ်လိုအကောင်အထည်ဖော်သလဲ"
သင်ပြင်းချပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးဖြေလိုက်ပါတယ်။
"ကျွန်တော်ကျောင်းဆက်မနေနိုင်လို့ ထွက်လိုက်ရပါတယ်။ အဲဒီမှာ စာကြည့်တိုက်ကိုသွား ပြီး စာဖတ် ဖြစ်ပါတယ်။ အဲဒီက လေရဟတ်ဆောက်ဖို့ အချက်အလက်တွေ ရပါတယ်"
ဆက်ပြောဆက်ပြောလေ၊ ကျွန်တော့်ကိုယ်ကျွန်တော်အားပေးနေရပါတယ်။
"ကျွန်တော်ကြိုးစားပါတယ်။ အဲဒီတော့ ဖြစ်သွားပါတယ်"
ကျွန်တော့်အင်္ဂလိပ်စကားပြောပုံက ထော့ကျိုးထော့ကျိုးမို့ အားလုံးရယ်ကြလိမ့်မယ် အောက်မေ့တာ။ ပရိတ်သတ် က မရယ်ဘဲလက်ခုပ်သြဘာပေးကြတော့ ကျွန်တော်အံအားသင့်သွား တယ်။ လက်ခုပ်တီး ပေးရုံ မကဘူး၊ အားလုံးထိုင်ရာကထပြီး ကောင်းချီးပေးကြတယ်။ အံ့သြစရာက မကုန်သေးပါဘူး။ ကျွန်တော့ နေရာ ကို ပြန်လာထိုင်တော လူတစ်ချို့ မျက်ရည်ကျနေတာကို တွေ့ရပါတယ်။ ဒုက္ခပေါင်းနဲ့ ခရောင်းလမ်း ကို နှစ်ပေါင်းများစွာ ဖြတ်လာခဲ့ရတယ်။ကျောင်းထွက်ခဲ့ရတယ်။ အဖေစိတ် ဆင်းရဲခဲ့ရတယ်။ခန်ဘာ သေ ခဲ့တယ်။ စိတ်ကူးတစ်ခု ကို အကောင်အထည်ဖော်နေတုန်း သရော်လှောင် ပြောင်ခံခဲ့ရတယ်။ အင်း နောက်ဆုံး ကျမှ အသိအမှတ်ပြုခံရတာပါလား။
ဆက်ရန်
.
No comments:
Post a Comment