Wednesday, January 5, 2011

ပဆစ်အိမ် အပိုင်း (၂၇)

လရင့် လာသောအခါ ဆရာဝန်ထံ ပြသည်။ ဆရာဝန်က အားဆေးများပေးသည်။ နားနားနေနေ နေဖို့ အကြံပေး သည်။
သည်လိုနှင့် တစ်ညမှာတော့ မြိုင်သည် ကိုကို့ ရင်ခွင်တွင် မှေးမှီရင်း ....
' ကိုကို ယောကျာ်းကလေး လိုချင်လား၊ မိန်းကလေး လိုချင်လား' မေးသည်။

'ဒါက အကြောင်း မဟုတ်ပါဘူးကွာ၊ ကိုကို့ အဖို့ကတော့ ဘာပဲဖြစ်ဖြစ်ပေါ့။ ဒါပေ မယ့် .....ဒုတိယ ကလေး ဟာတော့ ပထမကလေး နဲ့ ဆန့်ကျင်ဘက်ဖြစ်ရမယ်။ ဥပမာ မြိုင် ပထမကလေးကို ယောက်ျားကလေး မွေးပေးရင် ဒုတိယ ကလေးဟာတော့ မိန်းကလေးဖြစ်ဖို့ ကောင်းတာပေါ့။ ဒါဆိုရင် မျှတတဲ့ မွေးဖွားမှု ဖြစ်ရမှာပေါ့။ မဟုတ်ဘူးလား'
'ပထမကလေးကို ယောက်ျားကလေး ဖြစ်ချင်ချင်ကြတာ မြိုင်တို့ လူမျိုးတွေရဲ့ အရိုးစွဲနေတဲ့ လိုအင်ဆန္ဒပဲ'
'ဘာပဲဖြစ်ဖြစ် ချစ်ရမှာတော့ အတူတူပါပဲ။ ယောက်ျားကလေးဆိုလဲ ချစ်ရမှာပဲ၊ မိန်းကလေးဆိုလဲ ချစ်ရမှာပဲ'
'မြိုင် က တစ်ခုစဉ်းစားနေတာ'
'ဘာများလဲ မြိုင်'

'တစ်ခါတည်းနဲ့ ယောက်ျားကလေးနဲ့ မိန်းကလေး အမြွာမွေးလိုက်ရ ကောင်းမလားလို့'
ကိုကို သည် 'ဗုဒ္ဓော' ဟု အထိတ်တလန့် ရေရွတ်လိုက်ပြီး အားပါးတရ ရယ်ချလိုက်လေသည်။
ထိုည သည် အေးမြသော ဆောင်းညတစ်ညဖြစ်ကြောင်း မြိုင်သတိရနေသည်။ မြိုင်တို့ စောစောစီးစီးပင် အိပ်ရာဝင်ကြသည်။
မြိုင်သည် အိပ်မက်ဆိုးတစ်ခုကို မြင်မက်ရာမှ လန့်နိုးလာသည်။

ထိုအခါ မိမိကျောအောက်မှာ စွတ်စိုနေကြောင်း တွေ့ရသည်။
ခုတင်ခေါင်းရင်း မှ မီးလုံးကို ဖွင့်လိုက်သည်။
မိမိ ကိုယ်အောက်မှာ သွေးတွေကို မြင်လိုက်ရသောအခါ မြိုင် လန့်ဖျပ်သွားသည်။ အ၀တ်တွေမှာကော အိပ်ရာ တွေမှုာပါ မြင်မကောင်းအောင် ရွှဲနေသည်။
'ကိုကို...ကိုကို...ထပါဦး ကိုကိုရယ်'

ကိုကိုနိုးလာပြီး မြိုင်အဖြစ်ကို မြင်ရတော့ တုန်လှုပ်သွားသည်။ ချက်ချင်းနီသော သွေးတွေကို မြင်နေ သည်။ ချက်ချင်းနီသော သွေးတွေကို တွေ့နေသည်။
သတိရ တချက် မရတချက် ရှိနေသည့်ကြားမှ မြိုင်သည် ဆရာဝန်ကို အားကိုးတကြီး ပြောမိသည်။
'မြိုင့်ကလေး ကို ကယ်တင်ပေးပါ၊ မြိုင်ရဲ့ ကလေးကိုကယ်တင်ပေးကြပါ'
မြိုင်သည် တစ်ည နှင့် တစ်နေ့လုံးလုံး သတိမေ့နေသည်။ သတိရတော့လည်း မျက်စိတွေေ၀၀ါး နေသည်။

မိမိအပါးမှ လူများကို အရိပ်တွေများ ရွှေ့လျားနေသလို ဝေေ၀၀ါးဝါးသာ တွေ့ရသည်။ မိမိသည် ကလေးကို မွေးဖွားခဲ့ပြီ ဟု ထင်သည်။
သို့စင်လျက် အဘယ်ကြောင့် နာကျင်ခြင်းဝေဒနာကို မခံစားရပါလိမ့်ဟု တွေးနေမိသည်။
ကောင်းစွာ သတိရလာသည်။
မြိုင်သိလိုက်ပါပြီ။

မိမိအခြေအနေ နှင့် မိမိ၏ မထမကလေး ကို 'ဆုံးရုံး' ခံလိုက်ရပြီဖြစ်ကြောင်း မြိုင်သိလိုက်သည်။
ဆေးရုံတွင် အတော်ကြာကြာပင် အနားယူနေလိုက်သည်။
ဆေးရုံ မှ ဆင်းတော့မည်ဆိုသောအခါ ဆေးရုံအုပ်ဆရာဝန်ကြီးနှင့် တွေ့ရသည်။
'ဒေါ်ခင်မေမြိုင် ကလေးထပ်မယူရင်ကောင်းမယ်'
'ရှင်...ဘာဖြစ်လို့ပါလိမ့်'
'ဒေါ်ခင်မေမြိုင်ရဲ့ သားအိမ်အခြေအနေ ကို မကြိုက်ဘူး'

'ဟင့်အင်း... မဖြစ်နိုင်ပါဘူး၊ မြိုင်တို့ ကလေးမယူဘဲ မနေနိုင်ဘူး။ ကလေးဆိုတာ လင်နဲ့မယားဆိုတဲ့ သူစိမ်း နှစ်ယောက်ကြား က ပေါင်းကူးတံတားပဲ၊ အိမ်ထောင်တစ်ခုရဲ့ သာယာမှုပဲ။ မြိုင်တို့ကလေးယူပါ ရစေ...။
'ဒါဖြင့်လဲ ကောင်းပါပြီ ဒေါ်ခင်မေမြိုင်၊ ယူစေဗျား၊ ယူစေဗျား' ပေါ့။
ဒုတိယ ကိုယ်ဝန်ရှိသောအခါ မြိုင်တို့ ပိုပြီး ဂရုစိုက်ကြသည်။ စောစောကတည်းက သားဖွားနှင့် မီးယပ်ဆိုင်ရာ ဆရာဝန်ထံ အပ်ထားသည်။ ဆရာဝန်ပေးသော အားဆေးစားသည်။ ဆရာဝန်ညွှန် ကြား သော အာဟာရဖြစ်မည့် အစားများကို စားသည်။ ညနေပိုင်းတွင် ကိုကို ကိုယ်တိုင် မြိုင်အား ဂရုဓမ္မပြုကာ လမ်းလျှောက် စေသည်။

မြိုင်တို့နှင့် ရင်းနှီးသော ဒေါ်ဇာယုဆိုသူ အရပ်လက်သည်မိန်းမကြီးက ပြောသည်။
'ကိုယ်ဝန်ရှိနေခိုက်မှာ ကလေးအတွက် ရည်စူးပြီး ဘာမှကြိုလုပ်မထားရဘူးကွဲ့၊ အင်္ကျိတို့ဘာတို့ ကြိုချုပ် မထားရဘူး၊ အနှီးပိတ်တောင် ကြိုဝယ်မထားရဘူး'
'ဘာဖြစ်လို့လဲ ဒေါ်ဒေါ်'
'ဘာဖြစ်လို့လဲတော့ ပြောတတ်ဘူး၊ မလုပ်ကောင်းဘူးလို့သာ သိထားရတာပဲ၊ မြန်မာ့ရှေးရိုး အယူအဆ တစ်ခု ဆိုပါတော့ကွယ်'
အယူသည်းလှ လို့ မဟုတ်ပေမယ့် မလုပ်ကောင်းဘူးဆိုသည်နှင့်ပင် မြိုင်ရှောင်ကြဉ်ခဲ့သည်။ ရှိရင်းစွဲတွေ သူများ ပေးပစ်လိုက်သည်။

သို့ပေမယ့် ထိုကလေးသည်လည်း အချိန်မကျပဲ မွေးကာအသက်ပါမလာခဲ့ပေ။
ကိုကိုက မြိုင်ကို မယူတော့ဖို့ ပြောသည်။
သို့်ပေမယ့် မြိုင်က...
'ဒီတစ်ကြိမ်တည်း ကြိုးစားကြည့်ရအောင်ပါ ကိုကို၊ နောက်ဆုံးအနေနဲ့ ဒီတစ်ကြိမ်တည်း ကြိုးစား ကြည့် ရအောင်ပါ'
ဒီတစ်ကြိမ်မှာတော့ မြိုင်သည် ဆရာဝန်ညွှန်ကြားချက်ရော အရပ်လက်သည် ဒေါ်ဇာယု၏ ညွှန်ကြား မှုကိုပါ ခံယူသည်။

'၀မ်းကြီးသယ်ဆိုပြီး ကိုယ့်ကိုယ်ကို ရွှေလိုဥနေလို့ မဖြစ်ဘူးကွဲ့၊ အနည်းအကျဉ်းဆိုသလို ကြမ်းကြမ်း တမ်းတမ်း တော့ လုပ်ပေးရသေးတယ်။ လက်လုပ်လက်စားသမားတွေဆို ဘယ့်နှယ့်လုပ်မလဲ၊ ဈေးတောင်း ခေါင်းရွက်ပြီး နေပူမရှောင် မိုးရွာမရှောင် သွားလာနေကြတာပဲ။ မွေးချိန်ကျမှ ဈေးတောင်းချပြီး မွေးကြတဲ့ သူတွေ တစ်ပုံကြီး။ သူတို့ ကလေးတွေကလဲ ဘာအားဆေးမှ မစားဘဲနဲ့ သန်သန်မာမာ ရှိနေကြတာပါပဲ'

သည်တစ်ခါမှာတော့ မြိုင်သည် 'အောင်မြင်'လိုက်သည်။ သမီးညိုမာသန့် ကို အောင်မြင်စွာ မွေးဖွား နိုင်ခဲ့သည်။ မြိုင်တို့ လက်ခမောင်းခတ်ကြရသည်။ ပျော်ကြရသည်။
ကိုကို ဆိုလျှင် ကလေးငိုသံကြားရပြီဆိုကတည်းက မိတ်ဆွေများထံ ၀စ္စကီပုလင်း ဖွင့်မည့်အကြောင်း တယ်လီဖုန်း ဆက်သည်။ ထိုညက ကိုကိုတို့လူသိုက် ၀စ္စကီ ချောင်းစီးသောက်ကြသည်။
'ညိုမာသန့်' ဟု သူ့အဖိုး က နေ့နံတွေတွက်ချက်ပြီး အမည်မပေးခင်က ဆိုလျှင် မြိုင်တို့ တစ်အိမ်လုံးက 'ဗီတိုရီးယား'ဟု ခေါ်ကြသေးသည်။
အောင်မြင်ခြင်း အထိမ်းအမှတ်နှင်ပေါ့။

စင်စစ်အောင်မြင်ခြင်းသည် ကိုကို့အတွက် ဖြစ်မည်၊ ညိုမာ့အတွက် ဖြစ်မည်။
မြိုင် အဖို့မှာမူ 'အောင်မြင်ခြင်း'နှင့် 'ဆုံးရှုံးခြင်း' မှာ ဒွန်တွဲနေသည်။
မြိုင် သည် သမီးကို မွေးဖွားပေးခဲ့ပြီးနောက် နောက်ထပ်ကလေးရယူမည့် အခွင့်အရေးကို စွန့်လွှတ် လိုက်ရ သည်။
ပြီး....အတော်ချည်း ကြာမြင့်သည်အထိ ကျန်းမာရေး အခြေအနေက ကောင်းမလာခဲ့။ ကိုယ် ကိုယ်တိုင်က အိပ်ရာထဲတွင် လှဲနေရသောအချိန် များပြားကာ ကလေးကို နာနီလက်မှာသာ အပ်ထားခဲ့ ရသည်။
ကိုကိုသည် မြိုင့်ကို ကလေးနှင့် ပက်သက်သော ဒုက္ခပေးလိုလှပုံမရ။

ထို့ကြောင့် အတန်အသင့်ကြီးပြင်းလာပြီဆိုလျှင်ပင် မူကြိုသို့ပို့လိုက်သည်။ ပြီးတော့...မူလတန်း၊ အလယ်တန်း၊ အထက်တန်းမှသည် တက္ကသိုလ်အထိ တစ်နေ့တွင် နာရီပေါင်းများစွာ မြိုင်နှင့် ခွဲထားသည်။
ကိုကို က သမီးကို ချစ်သည်။ အလိုလိုက်သည်။ လွတ်လပ်ခွင့်ပေးသည်။
မြိုင်သည် စိတ်အနေ နှင့် ရော ရုပ်ဝတ္ထုအရပါ သမီးအပေါ်ပိုင်ဆိုင်ခွင့် နည်းပါးလာသည်။

ကိုကို့်အပေါ်မှာလည်း သည်အတိုင်းပင် ဖြစ်သည်။ တစ်စထက်တစ်စ ချို့ယွင်းလာသော ကျန်းမာရေး အခြေအနေ အရ ကိုကို့ကို အိမ်ထောင်သုခ အပြည့်အ၀ မပေးနိုင်သည့် မိန်းမဖြစ်လာသည်။
ရှေ့ပိုင်း တုန်းကတော့ ကိုကို့် သက်ပြင်းရှိုက်သံတွေ၊ အိပ်ရာထဲမှာ ကြာမြင့်စွာ လူးလှိမ့်နေတာတွေကို မြိုင် တစ်ဘက် က သိမြင်လျက် မသိယောင်ဆောင်ခဲ့ရသည်။
တစ်လောကတော့ မြို့မှ ဆန်စက်အရောင်းအ၀ယ် အတွက်ရန်ကုန်အိမ်နှင့် ခွာခဲ့သည်။ အလုပ်ကိစ္စပြီး လျှင် ပြီးချင်း ပြန်ခဲ့သည်။

မြိုင့်အား သင်္ဘောဆိပ်သို့ လာကြိုဖို့ ဖုန်းဆက်ခေါ်တော့ ထူးမည့်သူမရှိ။
သို့ဖြင့် အငှားကားဖြင့်ပင် အိမ်သို့ပြန်လာသည်။
အချိန် မှာ နံနက်လေးနာရီခွဲတွင် ဖြစ်သည်။
တံခါးပေါက် မှ လှမ်းခေါ်သော်လည်း တံခါးဖွင့်ပေးမည့်သူမရှိ။ မိမိမှာ ပါရှိသည့် သော့နှင့်ပင် ဖွင့်ကာ ၀င်ခဲ့ရသည်။
ဧည့်ခန်းမှာ ပွစာကြဲနေသည်။ ဆိုဖာကုလားထိုင်များ လဲပြိုနေသည်။ စားပွဲများ ပန်းအိုးများ ငါးကလေး တွေ သေနေသည်။ စားပွဲများ ပန်းအိုးများ ရွှဲ့စောင်းနေသည်။ ရွှေငါးကန်သည် ကွဲနေပြီး ကြမ်းပြင်ပေါ် မှာ ငါးကလေးတွေ သေနေသည်။

ကြမ်းပြင်ခင်း ကော်ဇောပေါ်မှာ စီးကရက်တိုတွေပွနေပြီး တစ်နေရာတွင် မီးပေါက်ထားသည့် အကွက် ကြီးရှိသည်။
ဘုရား....ဘုရား ဘာများဖြစ်ပါလိမ့်။
မြိုင် အထိတ်တလန့် ရှိနေမိသည်။
အိပ်ခန်းသို့ ပြေးသွားသည်။
အခန်းကြမ်းပြင်ပေါ်တွင် ကိုကိုသည် ကိုယ် အထက်ပိုင်းဗလာကျင်းလျက် အိပ်ပျော်နေသည်။
အိပ်ရာ တွေ စောင်တွေ ခေါင်းအုံးတွေမှာလည်း မြင်မကောင်း။

ကိုကို..ကိုကို...
မြိုင်သည် စိုးရိမ်စိတ်ဖြင့် နိုးသော်လည်း အင်အယ်နှင့် လှုပ်လာရုံမျှ အပ နိုးမလာခဲ့။ အရက်နံ့ တထောင်း ထောင်းထ နေသည်။ အသက်ရှူသံမှာ အသံမျိုးစုံဖြစ်သည်။ ခြင်္သေ့ဟောက် သံလည်း ပါသည်။
သံစုံသွင်း ဆိုသည်မျိုး။
ရေနှင့်ပက်နှိုးလျှင် နိုးလိမ့်မည် အထင်နှင့် ရေခပ်ရန် မီးဖိုခန်းသို့ လာသည်။
အလို။
ထမင်းစားခန်း ကို ဖြတ်လျှောက်မိချိန်မှာ မြိုင် မျက်လုံးပြူးသွားသည်။
စားပွဲပေါ်တွင် စားကြွင်းစားကျန်တွေ ပွနေသည်။

ပန်းကန်တွေ ပိုးလိုးပက်လက်။
အရက်ပုလင်းတွေစီနေသည်။
ဖန်ခွက်ကွဲတွေမှာ မြင်မကောင်း။
ကြက်ဥခွံတွေရော၊ အကာရည်တွေရော။ စားပွဲနှင့်ကြမ်းပြင်မှာသာမက နံရံများတွင်ပင် တွေ့ရသည်။ ပစ်ပေါက်ထားပုံရသည်။
မြိုင်သည် ဆံပင်အကြားသို့ လက်ချောင်းများ ထိုးထည့်ပြီး ကုတ်ဖွလိုက်မိသည်။

မီးဖိုခန်းသို့ ၀င်သည်။
လက်ဆေး ကြွေဇလုံမှာ ညစ်ပတ်နေသည်။ ရေချိုးခန်းမှန်တွင် သွားတိုက်ဆေးများ ညှစ်ချထားသည်။
အခန်းနံရံတွင် နှုတ်ခမ်းနီတောင့်ဖြင့် ညစ်ညမ်းသောပုံများ ဆွဲထားသည်။
သည်မှာပင် မြိုင်သည် မိမိနှင့် ညိုမာသန့်တို့၏ ပစ္စည်းများမဟုတ်သည့် အမျိုးသမီး အသုံးအဆောင် အချို့ကို တွေ့ရသည်။ စုတ်ပြဲနေသည့် စကတ်နှင့် ညစ်နွမ်းနွမ်း ဘရာစီယာ တစ်ထည်ကို မြင်သည်။
မြိုင် သည် ဘာတစ်ခုမှ လုပ်ချင်စိတ်မရှိတော့။ ပြန်လှည့်လာကာ ဧည့်ခန်းဆိုဖာတစ်လုံးတွင် ခြေပစ် လက်ပစ် ထိုင်ချလိုက်သည်။ အိမ်မှ ထွက်ပြေးချင်စိတ် ပေါက်သွားသည်။
ညက ကိုကို တို့ ဘာဖြစ်ခဲ့ကြမည်ကို မြိုင်သိပါသည်။

အဘယ်မျှ သောင်းကျန်းခဲ့ကြမည်ကို ရိပ်စားမိသည်။
အိပ်ခန်းအတွင်း ပြန်ဝင်ကာ ကြမ်းပြင်ပေါ်တွင် ပစ္စလက်ခတ် အိပ်ပျော်နေသည့် ကိုကို့ကို ကရုဏာ သက်သလို မုန်းတီးသလိုနှင့် ကြာမြင့်စွာ စူးစိုက်ကြည့်နေမိသည်။
ခြောက်နာရီကျတော့ ကိုကို အနည်းငယ် လှုပ်လာသည်။
မြိုင်သည် ကော်ဖီတစ်ခွက်ဖျော်ကာ အိပ်ခန်းအတွင်း ၀င်လာပြီး တစိမ့်စိမ့်သောက်ရင်း ကိုကို့ကိုပင် ကြည့် နေခဲ့သည်။
ခုနစ်နာရီတွင် ကိုကို ဆတ်ခနဲ နိုးလာသည်။

မြိုင့်ကို ရုတ်တရက် မြင်သွားသည်။
'ဟင်....မြိုင်'
သူသည် လူးလဲထလိုက်သည်။
သူ့ကိုယ် အထက်ပိုင်း ဗလာဖြစ်နေသည်ကို သတိပြုမိပုံရသည်။
အိပ်ရာတွေပွကျဲနေသည်ကို မြင်သွားသည်။
'မြိုင် ဘယ်တုန်းက ရောက်သလဲ'
မြိုင်က အဖြေမပေးဘဲ ပြန်မေးလိုက်သည်။

'ကိုကိုတို့ ညက ဘာဖြစ်သလဲ'
'ဘာဖြစ်လို့လဲ'
အရက်သမား ထုံးစံအတိုင်း ညက ဘာဖြစ်ခဲ့သည်ကို သတိရပုံ အပေါ်။
သူသည် ယခုတိုင် မူးနေဆဲ ဖြစ်ဟန်တူသည်။ ကိုယ်ကို ခြေနှစ်ချောင်းပေါ်တွင် မနည်းရပ်တည်နေရပုံ ပေါ်သည်။ နားထင်နှစ်ဘက်ကို လက်ဖြင့် နှိပ်လိုက်သည်။
'ကိုကိုတို့ ညက 'ပေါက်'သွားတယ်'
'ပေါက်တာက အရေးမကြီးပါဘူး၊ အိမ်ဟာ အိမ်နဲ့တူသေးရဲ့လား၊ အားလုံး ကွဲရှ ပျက်စီးနေတယ်။ ကိုကိုတို့ ရန်ဖြစ်ကြသေးသလား'
'မပြောတတ်ဘူး၊ ဆယ့်နှစ်နာရီလောက်မှာ ပေါက်သွားပြီးကတည်းက ဘာမှ မမှတ်မိတော့ဘူး'

'သြော်...ကိုကိုရယ်'
ကိုကို သည် မီးဖိုခန်းဘက်သို့ ဒယိမ်းဒယိုင် လျှောက်သွားသည်။ ထမင်းစားခန်းကို မြင်ရတော့ မျက်နှာတစ်ချက် မဲ့လိုက်သည်။
မြိုင်သည် ကိုကို့နောက်မှ လိုက်ခဲ့သည်။

ရေချိုးခန်းထဲရောက်တော့ ကိုကိုကိုယ်တိုင် သူတစိမ်း မိန်းမ အ၀တ်အစားများကို မြင်သွားသည်။
'သူ ဘယ်သူလဲ'
'မသိဘူး၊ မူးမူးနဲ့ ခေါ်လာမိတာ'
'လမ်းပေါ်မှာ တွေ့တဲ့အပေါစား မိန်းမကို အိမ်ခေါ်လာတယ်လား၊ မြိုင့်အိပ်ရာမှာ သိပ်တယ်လား'
မြိုင်၏ အသံသည် ငိုသံပါလာသည်။

'ကိုကို ၀မ်းနည်းပါတယ်ကွာ၊ သူနဲ့တွေ့တော့ ကိုကို မူးနေပြီ၊ ဘယ်လိုပုံစံနဲ့ ခေါ်လာခဲ့မိမှန်း မသိပါဘူး'
ကိုကိုသည် မျက်နှာသစ်ရင်း နံရံပေါ်မှာ နှုတ်ခမ်းနီတောင့်ဖြင့် ရေးထားသောပုံကို မြင်ကာ မြိုင့်ကို အားနာ သလိုကြည့်သည်။
မြိုင်နှင့် မျက်နှာချင်းဆိုင်ထိုင်လိုက်သည်။
မြိုင့်ပခုံး ကို ဆုပ်ကိုင်လိုက်သည်။
'ကိုကိုတကယ်ဘဲ စိတ်မကောင်းပါဘူး မြိုင်၊ ဒါမျိုး နောက်မဖြစ်စေရပါဘူးကွယ်၊ ဘယ်တော့မှ မဖြစ် စေရပါဘူး'
အိမ်ဖော် တွေကော'
'အားလပ်ခွင့် ပေးထားတယ်'

'သမီးကော'
'ရူဘီတို့်အိမ်မှာ အိပ်မယ်လို့ ဖုန်းဆက်တယ်'
'သမီးလဲ သွားချင်ရာသွား၊ အိပ်ချင်တဲ့အိမ်မှာ အိပ်၊ ဖအေကလဲ လုပ်ချင်ရာလုပ် ဆိုတဲ့ သဘော ပေါ့လေ'
'မြိုင်၊ လူ ဆိုတာ တစ်သက်မှာ တစ်ခါတစ်လေတော့ မှားကြတာပဲ၊ ဒီလိုအမြဲဖြစ်သွားမှာမှ မဟုတ်တာ။ ပြီးတော့... ကိုကိုဟာအမှားကို အမှားမှန်းမသိတဲ့ သူငယ်နှပ်စားမဟုတ်ဘူး။ ကိုယ့်ခြေနှစ်ချောင်းပေါ်မှာ မတ်မတ်ရပ် နေတဲ့ အသက်လေးဆယ်ရှိပြီဆိုတဲ့ လူတစ်ယောက် အမှားကို အမှားလို့ မြင်နိုင်တဲ့ ပညာတတ် တစ်ယောက်'
'ကိုကို့အသံက မာလိုက်တာ'

'မာသွားမိရင်တော့ တောင်းပန်ပါတယ်။ သမီးကလဲ ရူဘီတို့အိမ်မှာ ဒီတစ်ညမှ အိပ်တာမဟုတ်ဘူး၊ ညပေါင်း များစွာ အိပ်ဖူးနေတာပါ။ ဒီလိုရှိတယ်လေ....ကိုကိုတို့ တစ်တွေဟာ ပညာမဲ့မဟုတ်ဘူး၊ အောက်တန်းစား မဟုတ်ဘူး။ တစ်ခါတစ်လေ ပျော်လို့ လွတ်သွားတာ ရှိပေမယ့် ကိုယ့်ကိုယ်ကို ဆင်ချင် နိုင်တယ်၊ ချင့်ချိန် နိုင်တယ်'
'သြော်... ပျော်လို့ဟုတ်လား၊ ကိုကိုက ဒီနည်းနဲ့ ပျော်စရှာနေတတ်ပြီလား။ ကောင်းပြီ၊ ပျော်ချင်လို့ ပျော်စရာ ရှာရင် တစ်ခြားမှာရှာပါ၊ ဒီအိမ်ပေါ်မှာတော့ မရှာပါနဲ့။ နောက်...ဘယ်မိန်းမရွှင်ကိုမှ အိမ်ကို ခေါ်မလာခဲ့ပါနဲ့'

ပြောရင်းမှာပင် မြိုင်သည် ရေချိုးခန်းတံခါးကို ၀ုန်းခနဲဆောင့်ပိတ် ပစ်လိုက်သည်။
ပစ္စည်း တွေ စစ်ကြည့်တော့ မြိုင့်အ၀တ်အထည် အချို့နှင့်ကက်ဆက်တစ်လုံး ပျောက်ဆုံးနေကြောင်း တွေ့ရသည်။
သည်ကစပြီး မြိုင်သိသည်။ မြိုင် နားလည်ခဲ့ပြီ။
ကိုကိုသည် မိမိမှအပ အခြားတွင် 'ပျော်စရာ' ရှာတော့မည်ကို မြိုင် တွေးတတ်လာခဲ့သည်။ ကိုကို့ အတွက် မြိုင်သည် သာယာပျော်ရွှင်မှုကို ပေးစွမ်းနိုင်သော မိန်းမတစ်ယောက် မဟုတ်နိုင်တော့ပြီကို သိခဲ့ရသည်။

ကိုကို့ကိုမူ ထားလိုက်ပါတော့။
ယခုလို အခါမျိုးမှာ သမီး ကို အပါးမှာ ရှိစေချင်သည်။ သမီးနှင့် ရင်အုပ်မကွာ နေချင်သည်။
ကိုကိုကတော့ အိမ်မကပ်ခြင်းနှင့် ပတ်သက်၍ ဆင်ခြေဆင်လက်တွေများသည်။
ငယ်သူငယ်ချင်းတွေ နဲ့ တွေ့လို့၊ ဧည့်မခံဖြစ်သည့် ဧည့်သည်တွေကို ဧည့်ခံနေရလို့ စသည်ဖြင့်
နောက်တစ်ကြောင်းကလည်း လုပ်ငန်းနှင့် ပက်သက်၍ အမြတ်ခွန်ဆောင်ရမည်။ စာရင်းဇယား မထားရှိခဲ့သည့်အတွက် ဒဏ်ကြေးတွေ ရှိနေသည်။

ထို့ကြောင့် စာရင်းဇယား ပြုစုပေးမည့်သူတွေနှင့် တိုင်ပင်ဆွေးနွေးရသည်ဟူသော အကြောင်းပြချက် ဖြင့် ကိုကို အိမ်ပြန်နောက်ကျပေါင်း များပြီ။
ယခုတလော သမီးသည် ရူဘီတို့ လူသိုက်နှင့် အဖွဲ့ကျနေသည်။ ရူဘီနှင့် ပေါင်းသည်ကို မြိုင် မကျေနပ်လှ။
သမီးကို ရူဘီက ဖျက်ဆီးနေသည်ဟူသော အထင်သည် ကြာမြင့်စွာကတည်းက ရှိနေသည်။
သမီးတို့ ကိုးတန်းနှစ် အရောက်မှာ ရူဘီကြောင့် ကသိကအောင့် ဖြစ်ခဲ့ရဖူးသည်။

စနေတစ်နေ့တွင် ဗိုလ်ချုပ်ဈေးမှ စိန်ရွှေရတနာဆိုင် တစ်ဆိုင်က အိမ်သို့ ဖုန်းဆက်ခဲ့သည်။
သမီးတို့ ခိုးမှုဖြစ်သည်ဟု ပြောခဲ့သည်။
'ခိုးမှု၊ ကျွန်မသမီးက ဘာကိုခိုးရမှာလဲ'
'စိန်လက်စွပ်တစ်ကွင်းပါပဲ'
'ဘုရား၊ဘုရား'
မြိုင်သည် ရင်တုန် ပန်းတုန်ဖြစ်ကာ ဗိုလ်ချုပ်ဈေးသို့ ကားဖြင့် ချက်ချင်း လိုက်ခဲ့ရသည်။

ဆိုင်ရှင်မှ၊ မြိုင်သည် အသိအကျွမ်းထဲကပင် ဖြစ်ပါသည်။ မြိုင် ၀ယ်နေကျ ဖောက်သည်ပင် ဖြစ်ပါသည်။ ထို့ကြောင့် မျက်မှန်းတန်းမိ နေသည်။
သို့သော် မြိုင်သည် ထိုဆိုင်သို့ ဒေါသဖြင့် လိုက်ခဲ့ခြင်းဖြစ်သည်။ စိတ်ဆိုးနေသည်။
တကယ်တော့လည်း ထိုဆိုင်တွင်တင်၍ ရောင်းချနေသော ပစ္စည်းမှာ မြိုင်ကိုယ်တိုင်တွင် ရှိနေသော ရတနာ ပစ္စည်း ၏ သုံးပုံတစ်ပုံပင် မပြည့်တတ်။
အကယ်၍ သမီးကသာ လိုအပ်မည်ဆိုလျှင် မြိုင်သည် လက်ဝတ်လက်စားနှင့် ပက်သက်၍ နှမြော တွန့်တိုခြင်း မဖြစ်ခဲ့မိ။

သမီးက ယောက်ျားရှပ်အင်္ကျီမျိုး ၀တ်ကာ ရွှေဆို၍ တစ်မှုန်မှ ၀တ်ဆင်လေ့မရှိ။ စိန်၊ပတ္တမြား၊ နီလာ စသော အဖိုးတန် ရတနာ များကို သူမ၏ ကော်ပတ်ရုပ်လောက်မျှ တန်ဖိုးထားသူ မဟုတ်။
ထို့ကြောင့် စိန်လက်စွပ်ကို ခိုးသည်ဆိုခြင်းမှာ ဘယ်နည်းနှင့်မျှ မဖြစ်နိုင်၊ လုပ်ကြံခြင်းသာဟု ထင်သည်။ မြိုင်၊ ဗိုလ်ချုပ်ဈေး သို့ ထလိုက်လာခဲ့သည်ဆိုခြင်းမှာ ဆိုင်ရှင်အား ရန်တွေ့ရန်သာ ဖြစ် လေသည်။
ဗိုလ်ချုပ်ဈေး သို့ ရောက်သောအခါ ဆိုင်ရှေ့ ခွေးခြေတွင် သမီးနှင့် ရူဘီတို့ ယို့ယို့ကလေး ထိုင်နေ ကြသည် ကို တွေ့ရသည်။

"ကျွန်တော်တော့ သိပ်စိတ်မကောင်းဖြစ်ရတာပဲ ဒေါ်ခင်မေမြိုင်ရယ်၊ အစကတော့ သူ့ကို ဒေါ်ခင်မေမြိုင်ရဲ့ သမီး ဆိုတာလည်း မသိခဲ့ပါဘူ"
"ရှင့် စိန်လက်စွပ်က ဘယ်လောက်တန်သလဲ"
"ငွေကြေး အကြောင်း မပြောပါနဲ့ ဒေါ်ခင်မေမြိုင်၊ သိပ်ဖြစ်လောက်တာလဲ မဟုတ်ပါဘူး။ တစ်သောင်း၊ သောင်းငါးထောင် ပတ်ဝန်းကျင်ပါ"
"ဒီလောက် တန်ဖိုးကလေးလောက်ကို ကျွန်မသမီးက ခိုးတယ်ဆိုတာတော့ အံ့သြစရာဘဲရှင်"
"ကျွန်တော် စိတ်မကောင်းပါဘူး၊ လက်စွပ်ကို သူ့လက်ပွေ့အိတ်ထဲက တွေ့ခဲ့ရတာတော့ အမှန်ပါပဲ"

မြိုင်သည် သမီးဘက်ကို လှည့်လိုက်သည်။
"သမီး ခိုးသလား၊ တကယ်ပဲ ခိုးသလား"
သမီးက ခေါင်းမမော့ဘဲ ...
"ခိုးတယ်"
ခပ်မာမာပင် ပြောသည်။
"ဟင်"
မြိုင်သည် အသားတစ်ဆတ်ဆတ် တုန်မိမတတ် ဖြစ်လာသည်။ ဒေါသဖြင့် ရင်မှာ ပေါက်ကွဲတော့ မလို ရှိလာသည်။
"ခိုးတယ် ဟုတ်လား။ ဒီပစ္စည်းလောက်ကို ခိုးတယ်လား"
မြိုင်၏ အသံ ကျယ်လောင်သွားသည်။ လူတွေ ၀ိုင်းကြည့်လာသည်။

ဆက်ရန်
.

2 comments:

ကိုဇော် said...

ဘာပဲ ပြောပြော ဒါတွေက မိဘတွေ လိုတာပဲလေ။
သူတို့ သေချာ သားသမီးကို ဂရုစိုက်ရမှာ။
နောက်တစ်ချက်တော့ ရှိသေးတယ်........

THEIN MYAT said...

မြိုင်နဲ့ ဇင်ကို ကြွလာအောင် သရုပ်ဖော်ရင်းနဲ့ တင်မောင်သန့် စရိုက်က သေသွားတယ်။ လူဆိုးသက်သက်ဖြစ်သွားတယ်။