Wednesday, January 5, 2011

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၂၃)

၁၁
ဝိရောဓိဖြစ်နေသည့် အခြေအနေများကြားမှနေ၍ ကောင်ကြီးဂျိုးထံသို့ ချစ်ခြင်းမေတ္တာ ဆိုက်ရောက်လာခြင်း

ကောင်ကြီးဂျိုး အဖို့တော့ အချစ်ဆိုသည်မှာ တစ်စုံတစ်ခု လုပ်ရန်သာ ဖြစ်သည်။ သူ့အနေဖြင့် အချစ် ဆိုသော အရာ ၏ သဘောသဘာဝကို သည်ထက်ပို၍မသိ။ နားလည် မလည်။ ခံလည်း မခံစားတတ်။ သူကြုံခဲ့ရသည့် ချစ်ရေး ချစ်ရာ ကိစ္စများတွင် စိတ်ဝင်စားဖွယ်ကောင်းသော ချစ်ရေးချစ်ရာ ကိစ္စတစ်ခု ရှိခဲ့ဖူး သည်။

ထိုနေ့က မွန်ထရေးမြို့တွင် မိုးရွာလျက်ရှိသည်။ ထင်းရှူးပင်များဆီမှ မိုးစက်များသည် တစ်နေ့လုံး အဆက် မပြတ် ကျရောက်လျက် ရှိသည်။ တော်တီလာဖလက် ရပ်ကွက်အတွင်းမှ ပီဆာနိုများသည် အိမ်ထဲမှ အိမ်ပြင် မထွက်ကြ။ သို့သော်လည်း ရှိရှိသမျှ မီးဖိုခေါင်းတိုင် များမှ အပြာရောင် မီးခိုးများသည် တလူလူ လွင့် တက် လျက် ရှိကြသည်။ ပတ်ဝန်းကျင်လေထုတွင် ထင်းရှူးသား မီးခိုးနံ့သည် တသင်းသင်း ပျံ့လျက်ရှိသည်။

မွန်းလွဲပိုင်း ငါးနာရီထိုးခန့်တွင် မိုးသည် တစ်ခဏမျှ တိတ်သွားသည်။ ထိုအခိုက်တွင် တစ်နေကုန်နီးပါးမျှ ပင်လယ်ကမ်းစပ် သောင်ပြင်ပေါ်ရှိ လှေတစ်စင်းအောက်၌ ၀င်၍ အိပ်ပျော်နေသော ကောင်ကြီးဂျိုးသည် အပြင် သို့ ထွက်လာပြီး ဒင်နီ၏ အိမ်ဘက်သို့ ခပ်သုတ်သုတ် လျှောက်လာသည်။ သူသည် တစ်ကိုယ်လုံး အေးစက်ကာ အငမ်းမရ ဆာလောင်လျက် ရှိလေသည်။
သူသည် တော်တီလာဖလက် ရပ်ကွက်အစွန်သို့ ရောက်လာသောအခါ မိုးသည် ဖြုန်းခနဲ ရွာချပြန်သည်။ ကောင်ကြီးဂျိုး တစ်ကိုယ်လုံး ရစရာမရှိအောင် ရွှဲရွှဲစိုကုန်သည်။ သူသည် မိုးလွတ်ရန် အနီးဆုံး အိမ်တစ်လုံးသို့ အပြေးအလွှားဝင်ကပ်သည်။ ထိုအိမ်တွင် နေသူမှာ တီယာအစ်ဂ်နေစီယာဆိုသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။

အမျိုးသမီး သည် အသက် လေးဆယ့်ငါးနှစ်ခန့်ရှိပြီ။ မုဆိုးမဘ၀ဖြင့် အချိန်ကုန်လွန်ခဲ့သည်မှာ ကြာပြီ။ ငွေကြေး လည်းအထိုက်အလျောက်ရှိသည်။ သူသည် စကားနည်းသူဖြစ်၍ စရိုက်လည်း ခပ်ကြမ်းကြမ်း ဖြစ်၏။ တော်တီလာဖလက်၇ပ်ကွက်မှ လူများက အဆင့်အတန်း နိမ့်သည်ဟု ယူဆထားသော ရက်အင်ဒီးယန်း သွေး ပါသူဖြစ်သည်။

သူ့အိမ်သို့ ကောင်ကြီးဂျိုး ပြေးဝင်သွားသော အချိန်တွင် သူသည် ၀ိုင်တစ်ဂါလံအိုးကိုဖွင့်၍ တစ်ခွက် တစ်ဖလား မော့ရန် ဟန်ပြင်နေခိုက်ဖြစ်သည်။ လူသံကြား၍ ၀ိုင်အိုးကို ကုလားထိုင်အောက် သွင်း၍ ၀ှက်ရန် အားထုတ် လိုက်သေးသော်လည်း မရတော့ပေ။ ကောင်ကြီးဂျိုးသည် အိမ်ရှေ့တံခါးဝ၌ ရပ်နေသည်။ သူ့ကိုယ်ပေါ် မှ မိုးရေ များသည် ကြမ်းပြင်ပေါ်သို့ တစက်စက်ကျလျက်ရှိနေသည်။ တီယာအစ်ဂ်နေစီယာ သည် သူ့ မီးဖိုထဲမှ မီးများကို သံမီးကောက်ဖြင့် ထိုးဆွပေးနေသည်။

" ၀ိုင်တစ်ခွက် သောက်မလား "
" သောက်တာပေါ့" ဟု ကောင်ကြီးဂျိုးက ပြန်ပြောသည်။ သောက်လက်စ ၀ိုင်တစ်ခွက် မကုန်သေးမီ ကောင်ကြီးဂျိုး ၏ မျက်လုံးများသည် ၀ိုင်အိုးပေါ်သို့ စူးစိုက်လျက် ရှိပြန်သည်။ ဤသို့ဖြင့် သူ့နှုတ်ခမ်းမှ စကား တစ်ခွန်း မှ ထပ်မပြောခင် ၀ိုင်သုံးခွက် ဗိုက်ထဲဝင်သွားသည်။ ထိုအချိန်ကျမှပင် သူသည် နေသာထိုင်သာ ရှိသွားကာ သူ့မျက်လုံးများအတွင်း ရှိနေသော ၀ံပုလွေ တစ်ကောင်၏ ဘောဘရမ္မက်တက်နေသည့် အကြည့် သည် ကွယ်ပျောက်သွားသည်။

တီယာ အစ်ဂ်နေစီယာကတော့ သူ့ဝိုင်အိုးကို လမ်းဆုံးပြီဟု သဘောထားလိုက်သည်။ သူသည် ကောင်ကြီးဂျိုးနှင့် အတူထိုင်ကာ ၀ိုင်ကို ဖြည်းဖြည်းမှန်မှန် သောက်နေသည်။ သူ့လက်ထဲသို့ လေးခွက် မြောက် ၀ိုင်ခွက်ရောက်သွားသောအခါ ကောင်ကြီးဂျိုးသည် စိတ်လက် ကြည်လင်လာသည်။
" တော်ရဲလီးဆိုင် က ၀ိုင် မဟုတ်ဘူး ထင်တယ် " ဟု သူက စကားစသည်။

" မဟုတ်ဘူး၊ ကျွန်မ သူငယ်ချင်း အီတလီအမျိုးသမီး တစ်ယောက်ဆီကရတာ" သူ့ခွက်ထဲ ၀ိုင်ထည့်ရင်းမှ တီယာ အစ်ဂ်နေစီယာက အဖြေပေးသည်။
မိုးချုပ်သွားပြီ။ တီယာအစ်ဂ်နေစီယာက ရေနံဆီ မီးအိမ်ကို ထွန်းကာ မီးဖိုထဲသို့ ထင်းများ ထပ်ထည့်သည်။ ၀ိုင်သောက် နေသမျှ ကာလပတ်လုံး မီးရှိမှ ဖြစ်မည်ဟု သူတွေးသည်။ သူ့မျက်လုံးများသည် ကိုယ်လုံး ကိုယ်ထည် ကြီးမားထွားကျိုင်းလွန်းသော ကောင်ကြီးဂျိုးပေါ်မှ မခွာနိုင်။ စေ့စေ့စပ်စပ် ကြည့်၍ အကဲ ခတ် လျက် ရှိသည်။ အကဲခတ် နေဆဲမှာပင် သူ့ရင်ထဲတွင် ပူခနဲ၊ နွေးခနဲ ဖြစ်လာလျက် ရှိလေသည်။

" ရှင် မိုးရွာကြီးထဲ မှာ အလုပ်လုပ်နေတာကိုး၊ သနားစရာပဲ" ဟု သူက ပြောသည်။ " ရှင့် ကုတ်အင်္ကျီကြီးကို ချွတ်ပြီး လှန်းထားလိုက်ပါလား"
ကောင်ကြီးဂျိုး သည် လိမ်ညာပြီး ပြောတတ်သူ မဟုတ်ပေ။ တစ်ဖက်သားကို လိမ်ဖို့အတွက် မြန်မြန်ဆန်ဆန် စဉ်းစား စိတ်ကူး တတ်သူလည်း မဟုတ်ပေ။ အခုလည်း တီယာအစ်ဂ်နေစီယာ၏ မေးခွန်းကို အမှန်အတိုင်း ဖြေသည်။ " မဟုတ်ပါဘူး။ ကျုပ်ပင်လယ်ကမ်းစပ်က လှေတစ်စင်းအောက်မှာ တစ်နေ့လုံး ၀င်အိပ်နေတာပါ"

" ဒါပေမယ့် ရှင့် တစ်ကိုယ်လုံး မိုးရေတွေ နဲ့ ရွှဲနေတာပဲ၊ သနားစရာပါလား" ဟု ပြောသည်။ သူ ဖော်ပြ လိုက်သည့် ကြင်နာမှုအတွက် ကောင်ကြီးဂျိုးထံမှ တစ်စုံတစ်ခုသော တုံ့ပြန်မှု ရှိမရှိ စူးစမ်းနေသည်။ သို့သော်လည်း ကောင်ကြီး၈ျိုး၏ မျက်နျာသည် သူ မိုးစိုပြီး အေးအေးဆေးဆေး ထိုင်၍ ၀ိုင်သောက် နေရသဖြင့် ကျေနပ်သာယာမှု ရှိနေသည့် အရိပ်လက္ခဏာမျာ တစ်ပါးအခြားမည်သည့် ထူးခြားချက်ကိုမှ ဖော်ပြခြင်း မရှိချေ။ သူသည် ၀ိုင်ထပ်ထည့်ပေးရန် ဖန်ခွက်ကို ထိုးပေးသည်။ တစ်နေ့လုံး ဘာမှ မစား ရသဖြင့် အူနှင့်ဟောင်းလောင်းဖြစ်လျက်ရှိလေရာ သူ သောက်သမျှဝိုင်သည် အစွမ်းပြလျက် ရှိလေပြီ။
တီယာ အစ်ဂ်နေစီယာ က ထိုင်နေတာ မကောင်းဘူး၊ အအေးမိပြီး ဖျားလိမ့်မယ်၊ ကဲ လာ၊ ကုတ်အကျီကို ကျွန်မ ပါ ကူပြီး ချွတ်ပေးမယ် "

ကောင်ကြီးဂျိုး သည် သူ့ဖင်ကို ကုလားထိုင်တွင် သံမှိုနှင့် စွဲထားသည့်နှယ် ကျောက်ချ၍ ထိုင်နေသည်။ " ကိစ္စ မရှိပါဘူး၊ ဘာမှ မဖြစ်ပါဘူး" ဟု ပြောကာ ထိုင်ရာမှ မထ။
တီယ်ာစ်ဂ်နေစီယာ သည် သူ့ဖန်ခွက်ထဲသို့ ၀ိုင်နောက်ထပ် ထပ်ထည့်သည်။ မီးဖိုမှ မီးတောက်များသည် အိမ်ခေါင်မိုးပေါ် ကျနေသည့် မိုးပေါက်သံများနှင့် စည်းချက်ကျကျ ယိမ်းထိုးလှုပ်ရှားလျက်ရှိသည်။
ကောင်ကြီးဂျိုး သည် ခင်မင်ရင်းနှီးလိုသော အမူအရာ လုံးဝမပြ၊ ယဉ်ကျေးသိမ်မွေ့သည့် လက္ခဏာကိုလည်း မပြ။ သူ့အိမ်ရှင်မ တစ်ယောက်လုံးလုံး သူ့အနီး၌ ရှိနေသည်ဟူ၍လည်း အသိအမှတ် ပြုပုံမရ။ ၀ိုင်ကိုသာ အငမ်းမရ သောက်လျက်ရှိသည်။ သူသည် မီးဖိုကို ငေးကြည့်ပြီး ပြုံးသည်။ ကုလားထိုင်ပေါ်တွင် အကျအန ထိုင်ကာ ဒူးတနှန့်နှန့် လုပ်လျက်ရှိ၏။

ဒေါသဖြစ်ခြင်းနှင့် မျှော်လင့်ချက် ကင်းမဲ့ခြင်းများသည် တီယာအစ်ဂ်နေစီယာ၏ ရင်ထဲတွင် ပြင်းထန်စွာ ဖြစ်ပေါ် လာသည်။ " ဒီအကောင် ၀က်ပဲ" ဟုတွေးသည်။ " အလွန် ညစ်ပတ်တဲ့ တိရစ္ဆာန်ကောင်ပါလား၊ မိုးရွာထဲ လျှောက် သွားနေတဲ့ နွားမတစ်ကောင်ကို အိမ်ထဲ သွင်းထားတာကမှ ကောင်းလိမ့်ဦးမယ်၊ တခြား လူ တစ်ယောက် သာဆိုရင် ပျူပျူငှာငှာနဲ့ စကားလေး ဘာလေး ပြောမှာ "
ကောင်ကြီးဂျိုးသည် သူ့ဖန်ခွက်ကို တီယာအစ်ဂ်နေစီယာ ဘက်သို့ ထိုးပေးပြန်သည်။

တီယာအစ်ဂ်နေစီယာက နောက်တစ်ကြိမ် အရဲစွန့်၍ ကြိုးစားကြည့်ပြန်သည်။ " အခုလို လုံလုံခြုံခြုံနဲ့ နွေးနွေး ထွေးထွေးရှိတဲ့ အိမ်မျိုးမျာ အခုလိုမိုးတွေ သဲကြီးမဲကြီး ရွာနေတုန်း နေရရင် ပျော်စရာကို ရနိုင်တယ်" ဟု ပြောသည်။ " မိုးကလဲ ရွာ၊ မီးဖိုကလည်း အခုလို တထိန်ထိန် တညီးညီး လောင်နေတဲ့ အချိန်မျိုးမှာ လူတွေ ဟာ တစ်ယောက်ကိုတစ်ယောက် သိပ်ပြီး ခင်မင်ရင်းနှီးဖို့ ကောင်းတယ်၊ ရှင့်စိတ်ထဲမှာ ခင်မင် ရင်းနှီး ချင်တဲ့စိတ် ပေါ်မလာ ဘူးလားဟင်"
" ပေါ်တာပေါ့" ဟု ကောင်ကြီးဂျိုးက ဖြေသည်။

" မီးရောင်က ရှင့် မျက်လုံးတွေကို သိပ်ထိုးနေတယ် ထင်ပါရဲ့နော်" ဟု တီယာအစ်ဂ်နေစီယာက ကြာမူပါပါ ဖြင့် ပြောသည်။ " ကျွန်မ မှန်အိမ်မီးကို မှုတ်လိုက်ရမလား ဟင် "
" ဟာ ရပါတယ်၊ ကျုပ်မှာ ဘာမှမဖြစ်ပါဘူး" ဟု ကောင်ကြီးဂျိုးက ပြန်ပြောသည်။ " တကယ်လို့ ရေနံဆီကုန် မှာ ကြောက်လို့ ငြှိမ်းထားချင်ရင်တော့ မှုတ်ထားလိုက်ပေါ့၊ ခင်ဗျားသဘောပဲ "
တီယာအစ်ဂ်နေစီယာ က မှန်အိမ်ပြောင်း ထိပ်ဝမှ ငုံ့ကာ မီးကို မှုတ်လိုက်သည်။ အခန်းထဲတွင် အမှောင်ထု က လွှမ်းခြုံသွားသည်။

ထို့နောက် သူသည် သူ့ကုလားထိုင်တွင် ထိုင်ကာ ကောင်ကြီးဂျိုး၏ ယောက်ျားပီသသော လှုပ်ရှားမှုကို မျှော်လင့် စောင့်စားသည်။ ကောင်ကြီးဂျိုးဆီမှ ကုလားထိုင် လှုပ်ရှားသံကိုတော့ ကြားနေရ၏။ မီးဖိုထဲမှ သေးငယ်သော မီးရောင်သည် တလှုပ်လှုပ်။ ကောင်ကြီးဂျိုးဆီမှ ကုလားထိုင် လှုပ်သံကို မကြားရတော့။ တီယာအစ်ဂ်နေစီယာ သည် ကောင်ကြီးဂျိုး သူ့ထံ ပြေးဝင်အလာကို အားတင်း၍ စောင့်စားနေသည်။ သို့သော် လည်း ဘာမှဖြစ်မလာ။

" ရှင်စဉ်းစားကြည့်စမ်း " ဟု တိယာအစ်ဂ်နေစီယာက ပြောသည်။ " ရှင့်အနေနဲ့ မိုးတွေ လေတွေထဲမှာ အကာအရံ မရှိတဲ့ တဲတစ်လုံးထဲ ရောက်နေရင် ဘယ်လိုနေမလဲ၊ စောစောက ရှင်ပြောသလို လှေတစ်စင်း အောက်က အလွန်အေးတဲ့ သဲပြင်ပေါ် အိပ်နေတယ်ဆိုပါတော့ ဘယ်လိုနေမလဲ၊ အခု ကြည့်စမ်း၊ ရှင် အဲသလို နေရတာ မဟုတ်ဘူး။ ကုလားထိုင် တစ်လုံးပေါ်မှာ အကျအန ဇိမ်နဲ့ ထိုင်ပြီးနေရတာ၊ ပြီးတော့ အမျိုးသမီး တစ်ယောက် ကို အဖော်လုပ်ပြီး ၀ိုင်သောက်နေရတာ"

ကောင်ကြီးဂျိုးထံမှ အဖြေမရ၊ သူ့အသံကိုလည်း မကြားရ။ သူ့မျက်နှာကိုလည်း မမြင်ရ၊ တီယာအစ်ဂ်နေစီယာ သည် သူ့ဝိုင်ဖန်ခွက်ကို မော့လိုက်သည်။ " ကျွန်မ သူငယ်ချင်း ကော်နဲလီးယားရုဇ်က ပြောဖူး တယ်၊ သူ့မိတ်ဆွေ တချို့ဟာ မိုးမိလို့ သူ့ဆီ ၀င်ခိုဖူးတယ်တဲ့၊ သူက ဂရုတစိုက် ပြုစုလိုက်ရင် အလွန် ရင်းနှီး တဲ့ လူတွေ ဖြစ်ကုန် တာပဲတဲ့"

ကောင်ကြီးဂျိုးဘက်မှာ အရာဝတ္ထုတစ်ခု လွတ်ကျသံ ထွက်လာသည်။ ဖန်ခွက် လွတ်ကျသွားပြီဟု သူ သိလိုက်၏။ လွတ်ကျသံ ကြားရသော်လည်း လူ၏ လှုပ်ရှားမှု လူးလွန့်သံကိုတော့ မကြားရ။ " နေမကောင်း လို့များလား" ဟု သူတွေးသည်။ " သတိလစ်ချင် လစ်နေမှာ" သူသည် ထိုင်နေရာမှ ခုန်၍ ထလိုက်ပြီး မီးခြစ်ကို ကပျာကယာခြစ်ကာ မှန်အိမ်ကို ထွန်းသည်။ ထို့နောက် သူ့ဧည့်သည်ကို လှည့်ကြည့်သည်။

ကောင်ကြီးဂျိုးသည် အသေကောင် တစ်ကောင်သဖွယ် အိပ်မောကျလျက်ရှိ၏။ သူ့ခြေထောက် နှစ်ချောင်း ကို သူ့ရှေ့တည့်တည့်တွင် ဆန့်ဆန့်ကြီး ချထားသည်။ သူ့ခေါင်းသည် နောက်သို့ လန်လျက် ပါးစပ်ကတော့ ဟောင်း လောင်း၊ သူ ကြည့်နေခိုက်မှာပင် အလွန်ကျယ်လောင် စူးရှသော ဟောက်သံသည် ကောင်ကြီးဂျိုး ၏ ပါးစပ်မှ ထွက်လာနေသည်။ ကောင်ကြီးဂျိုးသည် မအိပ်ဘဲ နေနိုင်သူ မဟုတ်။
တီယာအစ်ဂ်နေစီယာ ၏ ရက်အင်ဒီးယန်းသွေးသည် ဆူပွက်လှုပ်ရှား လာသည်။ ဒေါသပြင်းစွာ ထွက် နေသော် လည်း အော်ဟစ်ခြင်း မပြု။

သူသည် သူ့ထင်းပုံရှိရာသို့ သွားသည်။ ထင်းစည်းထဲမှ တစ်ချောင်းကို ဆွဲထုတ်ပြီး ဆကြည့်သည်။ ထို့နောက် ထင်းချောင်း ကို ပြန်ချပြီး နောက်တစ်ချောင်း ထပ်ယူသည်။ ဆကြည့်သည်။ ပြီးတော့ ကောင်ကြီးဂျိုးထံသို့ ခြေသံ မကြားအောင် လျှောက်သွားပြီး တအားလွှဲရိုက်သည်။ ပထမတစ်ချက်သည် ကောင် ကြီးဂျိုး၏ ပခုံးကို ရိုက်မိသည်။ ကောင်ကြီးဂျိုးသည် ကုလားထိုင်ပေါ်မှ လွင့်စင်၍ ကျသွားသည်။

" ၀က်ကြီး" ဟု တီယာအစ်ဂ်နေစီယာက သံကုန်ဟစ်၍ အော်သည်။ " လူယုတ်မာကောင်၊ နင့်ဘာသာနင် ရွှံ့ထဲ ရေထဲမှာပဲ ပြန်နေ "
ကောင်ကြီးဂျိုးသည် ကြမ်းပြင်ပေါ်တွင် တစ်ပတ်လည်သွားသည်။ ဒုတိယရိုက်ချက်သည် ဖင်ကို ရိုက်မိသည်။ ကောင်ကြီးဂျိုး မှာ ထိုအခါကျမှပင် နိုးသည်။
" ဟ ... ဘာဖြစ်တာလဲ" ဟု ကယောင်ကတမ်းရေရွတ်သည်။ " ခင်ဗျားဘာလုပ်တာလဲ"

" ငါ ဘာလုပ်တယ်ဆိုတာ နင့်ကိုပြမယ်" ဟု တီယာအစ်ဂ်နေစီယာက အော်သည်။ သူသည် အိမ်ရှေ့တ့ခါးကို ပြေးဖွင့်ပြီး ကောင်ကြီးဂျိုးထံ ပြန်ပြေးလာကာ ထင်းချောင်းဖြင့် မရပ်မနား ရိုက်သည်။ ထင်းချောင်းသည် ကောင် ကြီးဂျိုး ၏ ကျောပြင်၊ ပခုံးနှင့် ခေါင်းကိုထိသည်။ သူသည် သူ့ခေါင်းကို လက်နှစ်ဖက်ဖြင့် ကာပြီး အပြင်ဘက် သို့ ထွက်ပြေးသည်။
" မလုပ်ပါနဲ့ဗျာ၊ မလုပ်ပါနဲ့" ဟုလည်း အော်သည်။ " ဘယ်လိုဖြစ်တာလဲ၊ မလုပ်ပါနဲ့ဗျ၊ ဘာဖြစ်လို့လဲ "

ကောင်ကြီး၈ျိုးသည် ပဆုပ်ပနီကောင်လိုက်၍ တုတ်ခြင်းခံရသူ တစ်ယောက်သဖွယ် ကဆုန်စိုင်း၍ ပြေးသည်။ ရွှံ့ဗွက်များဖြင့် ပြည့်နေသော လမ်းမပေါ်သို့ ရောက်သွားသည်။ တီယာအစ်ဂ်နေစီယာ၏ ဒေါသမှာ ကြောက်စရာ ကောင်းလှ၏။ သူသည် လမ်းမပေါ်ထိ ပြေးလိုက်ဆဲ၊ လက်ထဲမျာ ထင်းချောင်းဖြင့် ရိုက်နေဆဲ။

" ဟေး ဟေး တော်တော့လေဗျာ၊ မလုပ်နဲ့တော့လေ" ဟု ကောင်ကြီးဂျိုးက အော်ကာ တီယာအစ်ဂ်နေစီယာ၏ လက်နှစ်ဖက်ကို အတင်းဆွဲပြီး ချုပ်ကိုင်ထားသည်။ တီယာအစ်ဂ်နေစီယာသည် ကောင်ကြီးဂျိုး လက်ထဲမှ လွတ် မြောက်ရန် ပြင်းထန်စွာ ရုန်းသည်။
" ဟဲ့ ၀က် ... ဟဲ့ နွား "

လွှတ်ပေးလိုက်လျှင် ဆက်၍ အရိုက်ခံရဦးမည်ကို သိနေသော ကောင်ကြီးဂျိုးသည် တီယာအစ်ဂ်နေစီယာ၏ လက်နှစ်ဖက်ကို တင်းကျပ်စွာ ချုပ်ကိုင်ထားသည်။ ထိုကဲ့သို့ လက်နှစ်ဖက်ကို ချုပ်ကိုင်ပြီး ရပ်နေသည့် တဒင်္ဂအတွင်းမှာပင် ချစ်ခြင်းမေတ္တာသည် ကောင်ကြီးဂျိုးထံ ဆိုက်ရောက်လာသည်။ ချစ်ခြင်းမေတ္တာသည် သူ့ ဦးခေါင်း ထဲတွင် မြည်ဟည်းလျက်ရှိသည်။ အရှိန်အဟုန် ပြင်းစွာဖြင့် စီးဆင်းလာသော ရေစီးကြောင်းကြီး သဖွယ် သူ့တစ်ကိုယ်လုံးကို ပြင်းထန်စွာ ၀င်တိုက်သည်။ တောအုပ်တစ်ခုလုံးကို ဗြောင်းဆန်သွားအောင် တိုက်ခတ် နေသည့် လေမုန်တိုင်းသဖွယ် သူ့တစ်ကိုယ်လုံးကို လှုပ်ခါပစ်သည်။ သူသည် တီယာအစ်ဂ် နေစီယာ ဒေါသပြေသွား သည်အထိ လက်နှစ်ဖက်ကို မလွှတ်။
------------------------------
ဆက်ရန်
.

No comments: