ဂျပန် အရိတ်အယောင်မြင်သော် ကျွဲချိုမှုတ်အချက်ပေးကြသည်။ လူနှင့်နွားများက ကိုင်းတောထဲ ၀င်ပုန်း ကြရ၏။ ဂျပန်တို့ ရွာရောက်သော် ယောက်က်ျားတစ်ယောက်မျှ မရှိတော့။
ထိုအခါ ဂျပန်က စနစ်တစ်မျိုး ပြောင်းသည်။ သူကြီးမှ တစ်ဆင့် ရွာရှိလူကုန်စာရင်း ကောက်ယူသည်။ ထို့နောက် အလှည့်ကျ တစ်ရွာဘယ်နှစ်ယောက် လူ ပေးရမည်ဟု ဆင့်ဆိုသည်။ အမိန့်မနာခံသော် ရွာကို မီးနှင့် တိုက်မည်။
မရှောင်လွှဲနိုင်တော့သဖြင့် ရွာသူရွာသားများ ငွေကြေးစု၍ ရဲရင့်သူများကို ငှားရမ်း ထည့်ပေးရသည်။
သူတို့ ပေးသော သင်တန်းတို့ကား... မီးရထားပေါ်မှ ခုန်ချနည်း၊ လေယာဉ်ပျံ စက်သေနတ် ပစ်သော် မပုန်း ဘဲ ဂျပန် အလစ် ထွက်ပြေးနည်း၊မော်လမြိုင်၊ စစ်တောင်း၊ ရန်ကုန်မှ ရွာအရောက် ပြန်လာနည်း။ အလုပ်စခန်း ၌ ကွီနိုင်ဆေးပြား မစားဘဲ စုတား၍ စရိတ်ရရန် ရောင်းချနည်း၊ စုံလည်းစုံလှသည်။
ကြာသော်... ရွာနှင့် တစ်ဝိုက်တွင် ချွေးတပ်လိုက်စားသော လူစားတစ်မျိုးပေါ်လာသည်။ သူတို့က ချွေးတပ် လာဆွဲလျှင် ရွာစုပေးသော ငွေကိုယူ၍ နာမည်အမျိုးမျိုးပြောင်းကာ ဒိုင်ခံ လိုက်ပေးသည်။ တစ်လ နှစ်လ ကြာလျှင် ပြန်လစ်လာကြပြန်သည်။
ဤသို့ စိတ်မချမ်းသာဖွယ် အချိန်တွင်မှ ကျွန်တော့်အတွက် သတင်းတစ်ရပ် အရီးလေးထံမှ ကြားရသည်။
ကျွန်တော့်အစ်မ ၌ ကိုယ်ဝန်ရှိနေပြီ ဟူသတည်း။ အစ်မသည် ကျွန်တော့်အရင် ကလေးနှစ်ဦး၊ ကျွန်တော့်နောက် ကလေးတစ်ဦး မွေးဖွားဖူးသော်လည်း တစ်ယောက်မျှ အဖတ်မတင်ခဲ့။ ယခု အစ်မကလေး ရတော့မည် ဆိုပြန်ရာ... ညီ... သို့မဟုတ် ညီမတစ်ဦး ရတော့မည်ဖြစ်သဖြင့် ကျွန်တော် အလွန်ပျော်မိသည်။
အစ်မ မှာ နဂိုကတည်းက ပိန်ပိန်သေးသေး ဖြူဖြူပါးပါးဖြစ်ရာ ယခု အစ်မကြည့်ရသည်မှာ ပို၍ နွမ်းနယ် ပင်ပန်း နေပုံရသည်။ ကိုယ်ဝန်ရင့်လာသောအခါ အသက်အရွယ်ကြောင့် ရှက်ပုံလည်းရသည်။
အဘ က ပို၍ အလုပ်လုပ်သည်။ ကျောင်းမတက်ရသော ကျွန်တော်က အဘ အလုပ်ကိုလည်း ကူလုပ်သည်။ ခါတိုင်း အစ်မလုပ်သော ရေခပ်၊ ရေသယ်၊ နွားစာစဉ်း၊ ထင်းခွေ စသည်တို့ကိုလည်း လုပ်ရသည်။ မည်မျှ ပင်ပန်းသော်လည်း ကျွန်တော်မှာ ပျော်ရွှင်နေမိ သေးသည်။
ကျွန်တော်တို့ အိမ်နောက်ဖေး၌ အဘပိုင် ခြံမြေ (၆) ဧက ရှိသည်။ အဘသည် လယ်တစ်ဖက်က လုပ်ရင် ဤခြံမြေ ကိုလည်း လုပ်ရသည်။ မည်မျှပင်ပန်းသော်လည်း ကျွန်တော့်မှား ပျော်ရွှင်နေမိသေးသည်။
ဒီနှစ် ငွေစ, ချောင်မည့်မှာ သေချာသည်။ ယခင်က လောကဓာတ်ကျောင်း တက်နိုင်ရန် ငွေစ,ချောင်မည့် အရေး အကြိမ်ကြိမ်ဆုတောင်းခဲ့ ရသည်။ ယခု ငွေစ, ချောင်လမ်း မြင်းသောအခါ ရှေ့ဆက် ပညာသင်လမ်း မမြင်တော့။
ပညာလမ်းးမမြင်လေ... ကျေဇူးရှင် ဆရာ့ကို ပိုသတိရလေဖြစ်မိသည်။အခု ဆရာ ဘယ်ဆီမှာ ရှိလေသနည်း။ ဆရာပြောသကဲ့သို့ ဆိုးဝါးသော ဤဂျပန်များကို မြန်မာတစ်ပြည် လုံးက ဗိုလ်စောလင်းနှင့် တွေ့ပြီးနောက် ဆရာ သည် ဘယ်အခါ၌ ရွာသို့ ပြန်လာမည်နည်း။ ဆရာပြောသကဲ့သို့ ဆိုးဝါးသော ဤဂျပန်များကို မြန်မာတစ်ပြည်လုံး က ဘယ်အချိန် ထချကြ မည် နည်း။ ဤသို့ထချရန် ဗိုလ်စောလင်းနှင့် ဗိုလ်နေ၀င်း တို့သည် ဘာကြောင့် အမိန့်မပေးကြသနည်း။
ကျွန်တော့် ခေါင်းထဲတွင် မေးခွန်းတို့မဆုံးနိုင်အောင် ပေါ်နေသည်။ ကျွန်တော့်မေးခွန်းတို့ကို ဖြေနိုင်မည့် သူသည် တစ်နေ့သ၌ မမျှော်လင့်ဘဲ ပေါ်လာသည်။
နှင်းမှုန်ဝေ၍ နေရောင်ဖျော့သော တန်ဆောင်မှန်းနောက်ပိုင်း တစ်နေ့လယ်တွင် ကျွန်တော်သည် လယ်တောစပ် ၀ါးရုံရိပ်တွင်ရပ်ရင်း ရည်ရွယ်ချက်မဲ့ငေးနေမိ၏။
မိုးစဉ်က စိမ်းသောလယ်တော ၌ ယခုရွှေရောင်ဖုံးနေပြီး၊ မှည့်ဝင်းသော အနှံတို့ကြောင် စပါးပင်တို့ မြေဆီ ညွတ်နေပြီ။
စပါးနံ့ တို့က သင်းနေ. ကြိုင်နေ.. လှိုင်နေ၏။ သင်းကြိုင်လှိုင်သော ဤရနံ့သည် ကျွန်တော့်ရင်ကို အေးချမ်း စေလှသည်။
အဝေးလယ်တော ဟိုမှ... သည်မှသည် စာခြောက်သံများလည်း တစ်ချီတစ်ချီ ပေါ်တတ်သည်။
"ဝေး...ဟေး...ဟေး... ဝေး..."
စာနှင့် ကျေးတို့အုပ်စုဖွဲ့ လန်ပျံသည်ကို မြင်ရသည်။ ကျယ်ဝန်းသော လယ်တော၌ တစ်နေရာမှ ခြောက်သော် တစ်နေ့ရာ၌ သူတို့ကျပြန်သည်။ ထိုအခါ... လယ်တော၌ စပါးမှည့်တေးသည် တပ်ပေါ်လာ ပြန်၏။
ကျွန်တော်သည် ၀ါးရုံများကို အကာအကွယ်ယူ၍ ထိုသူများလာရာဘက်သို့ တိတ်တိတ်ျသွား စောင့်သည်။
သူတို့သည် တစ်စတစ်စနှင့် ရွာနားရောက်လာကြသည်။ လူသူကို သဲသဲကွဲကွဲ မြင်ရသောအခါ ကျွန်တော် အံ့သြသွားသည်။
တစ်ဦးမှာ ဌာနပိုင်ကြီးဖြစ်သည်။ ဌာနာပိုင်ကြီးသည် ရွာမှ ဂျပန်နွားဆွဲမည်ဆိုလျှင် အဘကို ကြိုတင် သတိပေး တတ်သူဖြစ်၍ ကျွန်တော်အနည်းငယ် စိတ်အေးသွားသည်။ အခြားတစ်ဦးမှာ ကျွန်တော် နာမည် မသိသော်လည်း အာရှလူငယ်အဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ကျန်လူများ မှာ ပိုအံ့သြဖွယ်ကောင်း၏။
တစ်ဦး မှာ ဂျပန်စစ်ဗိုလ်ကဲ့သို့ ၀တ်ထား၍ ဓားရှည်ကြီးနှင့် ဖြစ်သည်။ သူနှင့်အတူ သေနတ်ကိုင် စစ်သား နှစ်ဦး သည် ပါသေးသည်။
ဌာနာပိုင်ကြီးပါသဖြင့် မကြောက်တော့ဘဲ ကျွန်တော်သည် ၀ါးရုံရိပ်မှထွက်၍ သူတို့ဆီ လျှောက်သွားသည်။ ကျွန်တော့် ကိုမြင်သော် စစ်ဗိုလ်က လှမ်းနှုတ်ဆက်သည်။
''ဟေး…..ငယ်လေး''
ကျွန်တော် အံ့သြခြင်းကို မဖော်ပြနိုင်တော့။ စစ်ဗိုလ်က ကျွန်တော့်ကို ပီပီသသ မြန်မာလိုခေါ်၍ ရင်းရင်းနှီးနှီး နှုတ်ဆက် နေလေပြီကော။
''ငယ်လေးသန့်ဇင်….ငါပါကွ''
သူအသံကိုလည်း ကျွန်တော် ကောင်းကောင်းမှတ်မိသည်။ ခဏ၌ပင် သူ၏ရုပ်ကိုလည်း ဖမ်းမိ၏။
''ဘုရားရေ….ကိုမြင့်ဦး…ခင်ဗျား ကိုမြင့်ဦး''
ကျွန်တော် က သူ့ဆီပြေးဖက်၏။ သူကလည်း ကျွန်တော့်ကို ဆီးပွေ့ကြိုသည်။
''ကိုမြင့်ဦး…ခင်ဗျား ဘာဖြစ်လာတာလဲ၊ သောက်ကျိုးနည်း အဲဒါကြီးတွေနဲ့ဆိုတော့ ကျုပ်ပ ဂျပန်စစ်ဗိုလ် အောက်မေ့ လို့''
ကိုမြင့်ဦး က ကျွန်တော်ပြောသည်ကို သဘောကျဟန် အတန်ကြာရယ်နေသည်။
''မင်း တကယ် ငါဘာဖြစ်လာတယ်ဆိုတာ မသိဘူးလား''
''အခုတော့ သိပါပြီ။ ခင်ဗျား စစ်ဗိုလ်ဖြစ်လာပြီ မဟုတ်လား။ ဗိုလ်တေဇတို့ ဗိုလ်နေ၀င်း တို့တပ်က ဗိုလ်၊ ဟုတ်တယ် မဟုတ်လား''
ကိုမြင့်ဦး က ပြုံးပြုံးကြီး ခေါင်းညိတ်သည်။ ဌာနာပိုင်ကြီးနှင့် ကျန်လူများက ရယ်နေ၏။
ကျွန်တော် က သူ့ဓားကြီးကို ကိုင်ကြည့်သည်။ ခါး၌လည်း ခြောက်လုံးပြူးနှင့်ပါတကား။
ကျွန်တော်က အားရစွာမေးမိသည်။
''ကိုမြင့်ဦး ခင်ဗျားကို ဂျပန်ကောင်တွေကို ဆုံးမဖို့ ဗိုလ်တေဇတို့ ဗိုလ်နေ၀င်းတို့က လွှတ်လိုက်သလား… ဟုတ်လား''
''ဟကောင် ငယ်လေး ဘာတွေလျှောက်ပြောနေတာလဲ''
''ကျုပ်သိပါတယ်ဗျာ၊ ဆရာကလည်း ပြောသွားတယ်၊ တစ်နေ့ကျုပ်တို့အားလုံး ဂျပန်ကောင်တွေကို ခံချမယ်တဲ့၊ ဒါထက် ခင်ဗျား ဆရာတို့ အကြောင်း ကို ကြားပလား''
ကိုမြင့်ဦး မျက်နှာသည် တည်ကြည်သွား၏။
''ငယ်လေး ငါပြောမယ် နားထောင်စမ်း၊ မမရှင် နဲ့ ဆရာ့အကြောင်း ငါအကုန်ကြားပြီးပြီ၊ မင်းဂျပန်ကို ချချင် တာလည်း ငါသိတယ်၊ မင်းချချင်သလိုကို ချလည်းချရမှာပဲ၊ ဒါပေမယ့် ငါတစ်ခု သတိပေးမယ်''
ကိုမြင့်ဦး က တင်းမာသော မျက်နှာကြီးနှင့်ဆိုရာ ကျွန်တော် သူ့ကိုအလိုလို လေးစားသွားသည်။
''ပြောပါဗျာ…ခင်ဗျားပြောစကား ကျုပ် ဘယ်တုန်းက နားမထောင်ဖူးလို့လဲ''
''ဟုတ်ပြီ….ဒီတော့ ဂျပန်ချမယ့်အကြောင့် နောက်ဘက်တော့မှ အရမ်းမပြောနဲ့၊ ပြီးတော့ င့ါနာမည် မြင့်ဦး မဟုတ်တော့ဘူး၊ ဗိုလ်စိုးမြတ် တဲ့ ကြားလား၊ ငါရွာထဲကလူတိုင်းနဲ့လည်း မတွေ့ချင်ဘူး၊ ငါဘယ်သူ ဆိုတာလည်း လူတိုင်း ကို မသိစေချင်ဘူး၊ မင်းနားလည်လား''
''အေးဗျာ…..ကျုပ်နားလည်ပြီ…..''
''ကဲ…..လာ…သွားကြမယ်၊ မင်းကငါနဲ့ ခုမှသိတဲ့လူယောင်ဆောင် ကြားလား''
''ကောင်းပြီဗျ၊ နေဦး၊ ကျုပ် အချက်ပေးလိုက်ဦးမယ်''
ကျွန်တော်သည် ဘေးရန်မရှိကြောင်း ကျွဲချိုသုံးခါမှုတ် အချက်ပေးလိုက်ပြီး ကိုမြင့်ဦးတို့နှင့်အတူ ရွာတွင်း ၀င်ခဲ့သည်။
ခါတိုင်း ဌာနာပိုင်ကြီးလာလျှင် သူကြီးအိမ်၌တည်းသည်။ ယခုမူမည်သည့် အိမ်မျှမတည်းဘဲ ဆရာတော် ကျောင်း ၌သာ တည်းသည်။
မြန်မာစစ်ဗိုလ်နှင့် မြန်မာစစ်သားလာသည်ဆို၍ ၀ိုင်းကြည့်ရန်လာသားများမှာ ကိုမြင့်ဦးက ရဲဘော် ဟု ခေါ်သော စစ်သားများနှင့်သာ အနီးကပ် စကားပြောရသည်။ ကိုမြင့်ဦးကိုမူ အဝေးမှသာ မြင်ကြရ၏။
လာရောက်ကြည့်ရှုသူတို့အနက် ကိုမြင့်ဦးကိုသိသူများ ပါကြသည်။ သို့ရာတွင် စစ်ဝတ်စုံနှင့် တစ်ဖုံခြား နေသည့်ပြင် ကတုံးတုံးထားလျှက် အသားညိုနေသော ကိုမြင့်ဦးအား မှတ်မိကြပုံမရ။ ဗိုလ်စိုးမြတ် အဖြစ်သာ လက်ခံကြသည်။
ကိုမြင့်ဦးရော ရဲဘော်များပါ ရွာတွင်းသို့ မထွက်ကြ။ ကိုမြင့်ဦးသည် ရောက်ကတည်းက ဆရာတော်နှင့် စကားပြော ဆွေးနွေးနေသည်။ ဆရာတော့်အနား ဖြစ်သောကြောင့်လည်း မည်သူမျှမကပ်ရဲ။
ဌာနာပိုင်ကြီး နှင့် အာရှလူငယ် ခေါင်းဆောင်သည်သာ ရွာတွင်းထွက်ကြသည်။ နေ၀င်မှ သူတို့ ကျောင်းသို့ ပြန်လာကြသည်။
မြန်မာစစ်ဗိုလ် နှင့် စစ်သားကို လာကြည့်သူများ တဖြည်းဖြည်း ပြန်ကုန်ကြသည်။ မပြန်ဘဲ ကျန်နေသူ များမှာလည်း ဦးဇင်းက 'ဆင်း' ကြိမ်မောင်းသဖြင့် ထွက်သွားကြရ၏။ ကျွန်တော်တစ်ယောက်သာ ပေကပ်၍ ရဲဘော်များအနီး၌ ကျန်ရစ်သည်။
ကိုမြင့်ဦးကို ကျွန်တော် အကြီးအကျယ် မကျေနပ် ဖြစ်နေမိသည်။ ကျွန်တော် သူ့ကို အရေးတကြီး ပြောစရာများ ရှိနေသည်။
ယခု သူက ကျွန်တော့်ကို အဖက်မလုပ်ဘဲ ဆရာတော်နှင့်သာ စကားမဆုံးရှိနေ၏။
ကျွန်တော်သည် အ ကြံရ၍ အိမ်ပြန်ကာ တရိုတသေ၀ှက်ထားသည့် ပစ္စည်းတစ်ခုကို ယူခဲ့သည်။
ကျောင်းဝင်းအတွင်း ကျွန်တော်ပြန်ရောက်ချိန်၌ မှောင်နေပြီ။
ကျွန်တော်သည် ဦးလေးပုကြီးနေသော ကျောင်းပျက်ကြီးကို ကြည့်မိသည်။ ဦးလေးပု မရှိကတည်းက ဤကျောင်း ပျက်ကြီးဆီ မရောက်သည်မှာ ကြာခဲ့ပြီ။ ယခုအခါ ဦးလေးပုကို အထူးသတိရမိသည်။ ဦးလေးပု သည် ပြန်ရောက်နေလျှင်….
ကျွန်တော့်အတွေးသည် ကျောင်းပျက်ပေါ်မှ တလက်လက်မြင်ရသော မီးရောင်ကြောင့် ရပ်သွားသည်။ ရုတ်တရက် မျှော်လင့်ချက် ၀မ်းသာခြင်းတို့ဖြင့် ကျွန်တော် ကျောင်းပျက်ဆီ ပြေးခဲ့၏။
ကျောင်းပျက်ပေါ်၌ ဆီးမီးခွက်ငယ်တစ်ခု၏ အရောင်မှိန်မှိန်တွင် ဦးလေးပုသည် ကုပ်ကုပ်ကုပ်ကုပ်နှင့် အလုပ်ရှုပ် နေ၏။
ကျွန်တော့်ခြေသံကြားသော် ဦးလေးပုသည် သေတ္တာကြီးတစ်ခုဘေးတွင် ၀င်ဝပ်လိုက်၍ ''ဟေ့… ဘယ်သူလဲ'' ဟုမေးသည်။
''ကျုပ်ပါဗျ ဦးလေးပုရ…သန့်ဇင်ပါ''
''နင်တစ်ယောက်တည်းလား''
''ကျုပ်တစ်ယောက် တည်းပါ၊ ဒီအချိန် မယဉ်နွယ် ဘယ့်နှယ့်လုပ်ပါမလဲ''
ထိုအခါမှ ဦးလေးပုသည် သေတ္တာကြီးဘေးမှ ထလိုက်၏။ ထလိုက်စဉ် လက်တွင်းမှ မည်းမည်းအရာတစ်ခုကို အင်္ကျီအောက် ရင်ဘတ်အတွင်း ထိုးထည့်လိုက်သည်ကို မြင်ရသည်။
''ဦးလေးပု ဘယ်တုန်းက ပြန်ရောက်နေလဲ''
''ငါပြန်ရောက်တာ သုံးရက်ရှိပြီ…..''
''ဘာပြုလို့ ခင်ဗျားကြီးက ကျုပ်ကို လာမတွေ့တာလဲ''
''မင်းကကော ဘာလို့ ဒီဆီကိုမလာလဲ''
ဟုတ်ပေသည်။ အဘ ကို ကူညီလုပ်ကိုင်ပေးနေရသဖြင့် ဤဘက်သို့ ကျွန်တော်မရောက်သည်မှာ ကြာပြီ။
''ထားပါလေဗျာ…ဒါထက် ဆရာတို့ကော….''
''မေးမနေပါနဲ့ကွာ…..ငါဂူထဲမှာ ဥသျှစ်သီးထားခဲ့တာ မင်းနားမလည်ဘူးလား''
''ကျုပ်နားလည်ပါတယ်ဗျာ…ဒါကြောင့်မေးနေတာပေါ့၊ အခုဆရာတို့ ဘယ်မှာလဲ ပြီးတော့… ဗိုလ်စောလင်း ရော''
ဦးလေးပုသည် မျက်တောင် ပုတ်ခတ်ပုတ်ခတ်နှင့် လုပ်နေ၏။
''ဖြေလေဗျာ…. သူတို့ဘယ်မှာလဲ''
ဦးလေးပု သည် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် ထပ်လုပ်၍ဖြေသည်။
'' ရှိတယ်လေကွာ၊ ရှိတယ်….ရှိတယ်''
'' ရှိရင် ဘယ်မှာလဲ''
ဦးလေးပု သည် ကျွန်တော့်အား စူးစိုက်ကြည့်သည်။ ကျွန်တော်ကသူဖြေတော့မည် ထင်သည်။
'' အင်း …..အင်း ….ရှိတယ်လေကွ၊ ရှိတယ်…ရှိတယ်''
ဦးလေးပုအတွက် ဤအဖြေသည် လုံလောက်သည် ထင်ဟန်တူ၏။ ကျွန်တော်ကမူ ဒေါသထွက်လာ၍ ဘုပြော သည်။
'' ဦးလေးပု…. သောက်ရေးထဲ ခင်ဗျားက ကြောင်မနေစမ်းနဲ့ဗျာ၊ အခု သိပ်အရေးကြီးနေတယ်''
ဦးလေးပု သည် ခေါင်းတဆတ်ဆတ် ညိတ်သည်။
'' အင်း…. အင်း ....ဟုတ်တယ်၊ သ်ပ်အရေးကြီးနေယ်''
စိတ်မရှည်တော့သဖြင့် ကျွန်တော်က ဦးလေးပုကို ဆွဲလှုပ်သည်။
''ကျုပ်ပြောတာ သေသေချာချာ နားထောင်စမ်း၊ အခုကိုမြင့်ဦး ပြန်ရောက်လာပြီ၊ ဗမာစစ်ဗိုလ်အဖြစ်နဲ့ ...ကြားရဲ့ လား''
ဦးလေးပု မျက်လုံးပြူးသွားသည်။
''ဟေ.... မြင့်ဦး ပြန်ရောက်လာပြီ''
''ဟုတ်တယ်....အခု ဆရာတို့ ဘယ်မလဲ၊ မြန်မြန်ပြောစမ်း''
ဦးလေးပုသည် ငိုင်သွားပြန်၏။ ထို့နောက်မှဖြေသည်။
''ဘယ်မှာရမှာလဲ...ဟိုမှာပေါ့ကွ''
''ဒါဖြင့်ရင်သွားခေါ်...မြန်မြန်သွားဗျာ''
''မင်း တကယ်ပြောနေတာလား...... ''
''ကျုပ် တကယ်ပြောနေတာဗျာ...ခင်ဗျာသွားမလား မသွားဘူးလား။ ခင်ဗျားမသွားရင် ကျုပ်သွားမယ်''
''အေးပါကွာ...ငါသွားပါ့မယ်၊ ပြီးတော့ ငါဘာပြောရမလဲ''
''ကိုမြင့်ဦး ပြန်ရောက်နေပြီလို့ ...အခုစစ်ဗိုလ်လို့၊ သူကလည်း ဂျပန်ချမှာပဲလို့...နားလည်လား''
''အေး ...အေး ..ဒါဖြင့် ငါသွားတော့မယ် ဟုတ်လား''
''ခဏ ...နေဦးဗျ''
''မင်းဥစ္စာ ဘာလဲကွ''
''ခင်ဗျား....ခုတင်က အင်္ကျီအောက်ထည့်လိုက်တာ ဘာလဲ''
''မင်းမြင်လို့လား''
''မင်းက အဲဒါကို သေနတ်မှတ်လို့လား''
''ခင်ဗျားကို သေနတ်လို့ ဘယ်သူကပြောလို့လဲ...သေနတ်ဆိုလည်း ထုတ်ဗျာ''
ဦးလေးပုသည် သက်ပြင်းရှိုတ်၍ အကျီင်္အောက်မှ သေနတ်ကို ထုတ်ပြသည်။
''အဲဒီသေနတ် ကျုပ်နဲ့ထားခဲ့ဗျာ''
''ဟာ....ဘယ်...ဘယ်ဖြစ်မလဲ''
''ဖြစ်ပါတယ်ဗျ...မှန်စမ်း ဦးလေးပု သေနတ်''
ဦးလေးပုသည် ကျွန်တော့်အား သေနတ်ကိုပေးသည်။ ကျွန်တော်က သေနတ်နှင့် ဦးလေးပုအား ချိန်လိုက် သည်။
''ကဲ..ဦးလေးပု ခင်ဗျား အမြန်သွားမလား၊ မသွားဘူးလား''
''ဟကောင်ရ သောက်ရမ်းတွေ လျှောက်မလုပ်နဲ့......ခလုတ်မှားနှိပ်ပြီး ငါမာလကဈာန်ကြွသွားဦးမယ်''
ဦးလေးပု သည် လက်မြှောက်ရင်း မျက်လုံးအပြူးသားနှင့် စိုးရိမ်တကြီး ဆိုသည်။
''ကျုပ် ခလုတ်ကို ဘယ်တော့မှ မှားမနှိပ်ဘူး...ဗိုလ်စောလင်းက ကျုပ်ကို သေနတ်ကိုင်နည်း သင်ပြပေး ပြီးပြီဗျ၊ ဒီတော့....မှားတော့မနှိပ်ဘူး..... ခင်ဗျားမသွားရင်တော့ ပစ်ထည့်လိုက်မယ်''
''ကောင်းပ ငယ်လေးရာ.... ကောင်းပ၊ သွားဆိုသွားပါ့မယ်...... မင်းသေနတ်ကို သောက်ရမ်းတော့ လျှောက်ပစ် မနေနဲ့နော်''
ဦးလေးပုသည် အတန်ဆုတ်ရွံ့ဆုတ်ရွံ့ ပြုပြီးမှ ကျောင်းပေါ်က ဆင်းပြေးသည်။
ကျွန်တော်သည် သေနတ်၌ ကျည်ဆံအပြည့်ရှိမရှိ စစ်ဆေးပြီးနောက် ကျေနပ်မှ အင်္ကျီအောက်ထိုးသွင်း၍ အပြင်သို့ ထွက်ခဲ့သည်။
ကျောင်းဝင်းအတွင်းသို့ တစ်ယောက်စ နှစ်ယောက်စ တိုးတိုးတိတ်တိတ် ၀င်လာကြသော ရွာမှလူကြီးများကို တွေ့ရသည်။ ကျွန်တော့် အဘ လည်း ပါသည်။
ဆက်ရန်
.

No comments:
Post a Comment