Friday, January 21, 2011

ခင်ခင်ထူး ၏ တောသရေစာ

တောသရေစာ

ကျွန်မ တို့ မြို့သစ်ရပ်ကွက်ထဲကို နေ့လယ်နေ့ခင်း ရောက်လာတတ်သည့် သရေစာသည် တွေထဲမှာ ဂျုံယိုနို့ထမင်းသည် ကြီးတော် ကို ကျွန်မတို့ မျှော်နေကျ။ ခံတောင်းကြီးထဲက မုန့်ထည့် ဒန်အိုးကလေးတွေက သန့်ရှင်း တောက်ပြောင်သလို မုန့်တွေကလည်း စားချင့် စဖွယ် ကောင်းလှပါသည်။ ဂျုံယို၊ နို့ထမင်း၊ သာကူယို၊ ငှက်ပျောပေါင်း၊ နွားနို့ခဲစုံလို့။ ဈေးကလည်း ငါးဆယ်ဖိုး၊ တစ်ရာဖိုးဆိုတော့ စားလည်း စားပျော် သည်။ ရိုးရာမုန့်တွေ ကိုသာ အာသီသ ရှိသော ကျွန်မအဖို့ အဆင်ပြေသော်လည်း နှစ်နှစ်ခွဲသာသာ သမီးလေး က သိပ်အာရုံရှိပုံမရ။ ဘာဖြစ်လို့များပါလိမ့်။ အိမ်မှာ အမြဲဝယ်ထားလေ့ရှိသည့် ပေါင်မုန့်လို၊ မုန့်ကြွပ်လို၊ ကွက်ကီးလို၊ ချောကလက်လို၊ ဘီစကစ်လိုမုန့်တွေကို အမြဲထိတွေ့နေရတော့ လည်း ရိုးရာမုန့် တွေ ကို အရသာမတွေ့တော့တာများလား။

ကျွန်မတို့အိမ်မှာ မနက်စာကတော့ တစ်ခါတစ်ရံ ထမင်းနှင့်အကြော်၊ တစ်ခါတစ်လေ ကောက်ညှင်းပေါင်းနှင့် ပဲပြုတ် စားကြတာ များပါသည်။ နေ့လယ်နေ့ခင်း အဆာပြေစားနိုင်ဖို့ အထားခံသော မုန့်ခြောက်တွေ ၀ယ်ထား ရသည်။ မနီးမဝေးက ဈေးဘက်ကို လျှောက်နိုင် ရင်တော့ ရိုးရာဓမ္မာရုံ ဘုရားပွဲတွေမှာတော့ ရေမုန့်၊ မုန့်လင်မယား၊ ခဲလံချောင်း၊ ထမနဲ၊ အကြော်စုံ စသည့်မုန့်တွေ ၀ယ်နိုင်သည်။ မန္တလးကို မြို့ ဆိုပေမယ့် ရိုးရာမုန့် တွေကို အချိန် မရွေး ရနိုင်ပါသေး၏။ မြန်မာ့သရေစာနှင့် မြန်မာ ခံတွင်းအချိုး ကိုက်လိုက်ပုံ များတော့။

ကျွန်မ ကျောင်းဆရာမဘ၀က အိမ်အပြန်မှာ အမေဖို့ ရိုးရာမုန့်တစ်မျိုးမျိုး ၀ယ်ခဲ့ရစမြဲ ဖြစ် သည်။ ကျောင်းအပြန် မုန့်ကို မျှော်နေတတ်သည့် အမေ့ကို ကျွန်မ နားလည်ပါသည်။ တစ်သက်လုံး တောသရေစာ များ နှင့် ကြီးပြင်ခဲ့ရသူဆိုတော့ တစ်ခါတစ်လေ ကျွန်မ အိမ်သား ခရီးကြုံ ၀ယ်လာတတ်သည့် ဒိုးနတ်တွေ၊ ပတ်ဖ်တွေ၊ ဘန်းပေါင်းမုန့်တွေကို အမေ မကြိုက်ပါ။ "ညည်းတို့ကလမုန့်တွေ စားတတ်ပေါင်အေပေါ့ဟဲဟဲနဲ့" လို့ပင် ဆိုလိုက် သေးသည်။ "ကလမုန့်" ဆိုတာ ကုလားမုန့်လို ခေါ်လိုက်ခြင်း ဖြစ်၏။ အင်္ဂလိပ်မုန့်၊ လူမျိုး ခြားမုန့် ဆိုသည့် သဘောဖြစ်ပါသည်။
"နေ့ခင်းနေ့လယ် ဆာဆာလောင်လောင်ရှိရင် သရေစာကလေး စားလိုက်ရမှ အာသာ ပြေသာပါအေ၊ စားရသာ အဆင်မပြေရင် ရွာမုန့်ကလေးတွေ လွမ်းမိပါရဲ့ ဘယ်သူ့ ဘယ်သူ မှ လုပ်ရောင်းနေသာ ဟုတ်ပေါင်တော် ကိုယ့်အိမ်ကိုယ်လုပ်စားကြသာပဲ စားစမ်းပါလေ့"

အမေပြောတော့လည်း ကျွန်မကိုယ်တိုင် တောသရေစာကလေးများကို သတိရလိုက်မိပါ၏။ ရွာမှာက မုန့်ပဲသရေစာ လုပ်ရောင်းသည်လို့ မရှိ။ ကိုယ့်အိမ်မှာ ကိုယ်ဖောဖောသီသီ လုပ်စားတတ်ကြသည်။ တောသရေစာ ဆိုတော့ အများဆုံးကတော့ ကောက်ညှင်း၊ ထန်းလျက်မုန့်တွေက များသည်။ မုန့်ဆီကြော်၊ မုန့်ဖက်ထုပ်၊ မုန့်ကြာခွက်ပ၊ မုန်ကြာစေ့၊ မုန့်ကြိုးလိမ်၊ မုန့်ကျွဲသည်း၊ မုန့်ဗိုင်းတောင့်၊ မုန့်ခဲဖွယ်၊ မုန့်လုံးကြီးလို မုန့်တွေ ဖြစ်သည်။ ကရိကထ မများချင်ရင်တော့ ရွှေထမင်း၊ ဆီထမင်း ထိုးလိုက်တာ များသည်။ ကောက်ညှင်း မုန့်ညက်ကို စားတော်ပဲ၊ ပဲလွန်းပြုတ် တစ်မျိုးမျိုးဖြင့် ရောနယ်ကာ ဂျင်းထောင်းကလေး စွက်၍ ကြော်သော ပဲမုန့်ကြော် ပူပူနွေးနွေး ကြွကြွရွရွကလေးကို ကျွန်မ ကြိုက်သည်။

သရေစာဆိုသော်လည်း ဆီကုန်၊ ထင်းကုန်၊ အချိန်ကုန်ခံကာ လုပ်စားလေ့ ရှိကြသည်။ မုန့်ညက်ကို လက်ဖ၀ါးထဲ ပွတ်ချေကာ အတောင့်ကလေးတွေလုပ်၊ ပေါင်းပြီးမှ နှမ်းထောင်း ကလေးဖြူးစားရတာ မုန့်ဗိုင်းတောင့် ကိုလည်း အလုပ်လေ့ကြသည်။ ဆိမ့်ဆိမ့်ကလေး ဆိုတော့ စားလို့ကောင်းသည်။
"ကြာစေ့ခွက် ထဲက ကြာစေ့ကလေးတွေနဲ့တူတော့ မုန့်ကြာစေ့၊ ကြိုးနှစ်ချောင်းလိမ်ထား တာနဲ့ တူသော မုန့်ကြိုးလိမ်၊ ရက်ကန်းဗိုင်းတောင့်ကလေးတွေနဲ့ တူသော မုန့်ဗိုင်းတောင့်၊ လက်ကောက်ကွင်းနဲ့တူတော့ မုန့်လက်ကောက် သည်လို ခေါ်လိုက်ကြသာပါအေ"

ကျွန်မတို့ ရွာတွင် လသာသည့် ညတွေမှာ မုန့်ပေါင်းလုပ်စားသည့် အလေ့လည်း ရှိကြ သည်။ များသော အားဖြင့် သောင်သောင်သာသာ ရှိကြသည့် တောင်သူကြီးတွေက အိမ်ရှေ့တလင်းမှာ ဖျာကြမ်းများခင်းကာ ၀ိုင်းလုပ် စားကြသည့် မုန့်ပေါင်းပွဲ ဖြစ်သည်။ ကောက်ညှင်းမှုန့်နှင့် ဆန်မှုန့်ကို ဆတူရော၊ ရေကျက်အေးနှင့် နှဲကာ မောင်းခွက်ထဲ ထည့် ထောင်းပြီးလျှင် စဥ့်အင်တုံ ချက်ပြဲကြီးတွေထဲ တင်းနေအောင် သိပ်ရသည်။

ညဘက် လသာသာ တလင်းပြင်မှာ မီးဖိုသုံးလေးဖို ခွဲဖိုကာ မြေပေါင်းအိုးများဖြင့် ပေါင်းကြရ သည်။ အင်တုံ ထဲ က မုန့်ညက်တွေကို ယောက်သွားခွံဖြင့် ခြစ်ခြစ်ယူကာ မြေစလောင်းဖုံး ကလေးထဲကို သဲ့ကာသဲ့ကာ လှည့်လှည့် ထည့် ရသည်။ အပေါ်က ပဲလွန်းစေ့လေး၊ ငါးစေ့ ဖြူကာ ရေစိုအ၀တ်ပါးဖြင့် စလောင်းဖုံးပါ စုစည်းကာ ပေါင်းအိုးခွင်ပေါ် မှောက်ချလိုက်ရ သည်။ ပြီးမှ အ၀တ်ကို လေးဘက်ဖြည်ချ အဖုံးအုပ်ထား၊ တအောင့် နေလို့ အဖုံးကို လှန် လိုက်တော့ နပ်နပ်ပျောင်းပျောင်းမုန့်ပေါင်းပူကလေး ရပြိ။ ဆီဆွတ် အ၀တ် တုတ်ကလေးဖြင့် တဖတ်ဖတ်ရိုက်၊ နှမ်းထောင်ကလေးဖြူး၊ မုန့်လုပ်သူကလုပ်၊ စားသူကစား၊ တ၀ါးဝါး တဟားဟား ပွဲကျသည့် ၀ိုင်းက ပွဲကျ။

သရေစာစာရင်း လူစုသည့် ဓလေ့များလား။ သည်ဝိုင်းမှာ စိုက်ရေးပျိုးရေး၊ လှူရေးတန်းရေး၊ စားရေး သောက်ရေး၊ ဘာအရေး ညာ အရေး ပြောနိုင်ဆိုနိုင် အသိဖလှယ်နိုင်ကြသည်။ သူ့သတင်း ကိုယ့်သခင်း ဝေမျှနိုင်ကြ သည်။ ဟိုအကြောင်း သည်အကြောင်း ရှေးဟောင်းနှောင်းဖြစ် ရောက်တတ်ရာရာ စကား စမြည် မြည်နိုင်ကြပါ၏။

"သရေစာမုန့်ကို အကြောင်းပြုပြီး အချင်းချင်း စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် နေကြသာပါ အေ၊ ချမ်းသာသူက ကျွေးပါသယ်တော်လို့ မေတ္တာပြတော့ ဆင်းရဲသူကလည်း ကျုပ်တို့ ကလည်း စားပါ သယ်တော့ လို့ မုဒိတာပြကြသာကော သမီးရဲ့။ ရွာထဲလူစည်တော့ ရွာဆူ တာပေါ့၊ ရွာထဲလူခန်းတော့ ရွာပါ ကန်းတတ် သတဲ့ အမေတို့ တောရွာဆိုသဟာက တစ်ယောက် တစ်ယောက် ကျားကန်နေကြရတာ မှုတ်လား"

အမေပြောတော့လည်း သရေစာဝိုင်းက တန်ဖိုးအရှိသား။
ဆောင်းခါများမှာတော့ အခင်းထဲက ပြောင်းဖူး၊ ကန်စွန်းဥတွေကို စားရပြီ။ အခင်းထွက် သီနှံတွေဆိုတော့ အခုခူး၊ အခုဖော် လတ်ဆတ်ပါဘိသနဲ့။ ပြောင်းဖူးသကျဲ (သွားကျဲ) ကလေးတွေပေမယ့် စားရတာ ချိုပါသည်။ ကန်စွန်းဥ လှည်း၊ ပြောင်းဖူးလှည်းကြီးတွေ ရွာထဲ ဖြတ်မောင်းလာတော့ ကျွန်မတို့ငယ်ငယ်က လှည်း နောက်က လိုက်နှိုက်ရသည် ကပင် ထဘီခါးပုံစံ အပြည့်ရသည်။ အိမ်က အခင်းဖော်လျှင်တော့ အိမ်အောက် ခင်းထား သည့် ကျွန်းခုတင်ကြီးအောက် နေ့ဖို့ညစာ ကျင်းထားတတ်ကြပါသည်။

သင်္ကြန်ရက်တွေမှာ ကန်စွန်းဥ၊ ထန်းလျက်၊ မြေပဲ ရောကျိုကာ ကန်စွန်း ယိုထိုးကြသည်။ မြေပဲပေါ်လျှင် မြေပဲ အစိုပြုတ်၊ မြေပဲလှော်။ ပဲသီးတောင့်ရှည်ကို ကြက်သွန်ဖူးနှင့် ရောပြုတ်ကာ မြေပဲနှင့် သုပ်စားကြသည်။ ကြက်သွန် ကို ရိတ်ရိတ်လှီးပြီး ဆန်မှုန့်၊ ဂဠုန်လက်သည်းရွက်၊ မြေပဲဆံ ကလေးပြောက်ပြောက်ထည့်ကာ အပေါင်း ကြော်ကြသည်။

နွေကြီးခေါင်ခေါင်ရောက်လျှင်တော့ သစ်သီးသစ်နှံ ရှားပါးကုန်ကြပြီ။ သည်လိုအခါတွေမှာ ခြံထောင့်က တပိန်ပိန် တလိမ်လိမ် သီးရရှာသော မာလာကာသီးကလေးတွေက ကျွန်မတို့ အတွက် သရေစာ ဖြစ်ရ၏။ နွေသီး ဆိုတော့ နေတစ်ခြမ်းလောင်ကာ ချိုနေတတ်သည်။ မြစ်ကမ်းပါးထိပ်က ဘိုးရင် ခြံဝိုင်းထဲက မန်ကျည်းချိုပင်၊ မရန်းချိုပင်ကလည်း ကလေးများ အဖို့ သွားရည်ကျရသည့် သရေစာ ဖြစ်ပါသည်။ ကျွန်မ တို့ ရွာတွင် မန်ကျည်းပင်တွေ တစ်ရွာလုံး ဖျောက်ဆိပ်ဆိုသော်လည်း ဘိုးရင်မာန်ကျည်းပင်က အချိုပင် မဟုတ်လား။ ရှားထောင့်ရှားပါး မန်ကျည်းအချိုပါကတား။

မန်ကျည်းဖူးကလေးများကို အချဉ်သိပ်ကာ ကြက်သွန်ကလေးဆီသတ်၊ ဒလိန်းထိုးထားသော ချဉ်ဆိမ့်ဆိမ့် သရေစာကလည်း ရေနွေး မြည်းစရာ။ ကုက္ကိုရွက်နု၊ ထနောင်းရွက်နု၊ ညောင်ချဉ်ဖူးနုနုကလေးတွေကို ခူးကာ မြေပဲ ထောင်း၊ ဆီရွှဲရွှဲသုပ်စားရတာလည်း တောသရစော ဖြစ်ပါသည်။ သစ်ပင်ကြီးတွေက အရွက်ကို စားတော့ အသက်ရှည်သည်ဟု ယုံကြည်ကြသည်။ နွေရာသီရောက်တိုင်း အမေ ကြီးက ဆီးသီးခြောက်ကို ထန်းလျက်ရည် ပျစ်ပျစ် နှင့် ကျိုကာ ကျွေးတတ်သည်။

"ဆီးယို ကလေးက နှလုံးအေးသယ်၊ သည်းခြေဂယောက်ဂယက် ဖြစ်သာကို နိုင်သယ်၊ ဆေးဖြစ် ၀ါးဖြစ် စား ဟဲ့ ငါ့မြေး ရဲ့" လို့ ဆိုကာ သူနှင့်ကပ်လျက် ထားတတ်သည်။ တောရွာဆိုတော့ ငပိကလေး စလောင်းဖုံး ကပ်ပြီး ကင်ကာ နှမ်းဆီကလေးဆမ်းကာ ရေနွေးမြည်းကြတာလည်း ရှိပါသည်။

ထန်းဆော်လေကလေးမြူ ချိန်ကစလို့ ထန်းရည်ချို၊ ထန်းသီးနု၊ ထန်းပင်မြစ်။ ထန်းက ထွက်သမျှ ဘယ်ဟာမှ မလွတ်ရပါ။ ထန်းရည်ချိုကို ထမင်းကြမ်းဖြင့် မွှေပြီး စားကြရတာ ကလည်း ရွာက ကလေးတိုင်း စားခဲ့ရဖူးသည့် သရေစာတစ်မျိုးြုဖစ်၏။ ရွာတောင်ပိုင်းမှာ နေသော အမေကြီးညံ၏ "နှာရည်ဆုပ်" မုန့်ကလေး များ ကိုလည်း သတိရမိပါသည်။ ထမင်း ကြမ်းအကျန်အကြွင်းတွေကို ရေကလေး ပျက်ပျက် ဆေးကာ လှမ်းထားရသည်။ ထမခြောက်ဖွေးဖွေးကို အိုးကင်းဖြင့်လှော်၍ ထန်းလျက်ဖြင့် ရောထောင်းပြီး အဆုပ် ကလေး တွေဖြစ်အောင် လုံးထားတာကို နှာရည်ဆုပ်ခေါ်ခြင်း ဖြစ်၏။ နှာရည်ဆုပ်လို့ ဘာကြောင့် ခေါ်တာလဲ ကျွန်မ မေးကြည့်တော့ "ဆိုနိုင်ပေါင်အေ တစ်သက်လုံး နှာရည်ဆုပ်ခေါ်ခဲ့ကြ သာပဲအေ့" လို့သာ ဖြေခဲ့တာ သတိရမိပါသေးသည်။

နှာရည်ဆုတ်နှင့် ခပ်ဆင်ဆင်တူသော နဘတ်ထန်းလျက်ဆုတ်ဆိုတာလည်း ရှိသေးသည်။ ကျွန်မတို့ခြံ အနောက်မြောက် ထောင့်ကုန်းကလေးပေါ်မှာ ဆီကြိတ်သည့် ဆုံလည်ဆင် ထားသော ထန်းခလတ် တဲကလေး ရှိသည်။ ကျွန်မတို့မှာ ဆီဆုံကုန်းဟု ခေါ်ကြ၏။ နေ့ခင်းဘက်တွင် ဆီကြိတ်ရာ ဆီဆုံကုန်းမှာ ကလေး များ၏ စုရပ် ဖြစ်ပါသည်။ ဆီကြိတ် ရင်း ကတော့ပေါက်မှ ဆီတွေ ဝေါခနဲ ဝေါခနဲ သွန်ကျလာလျှင် ဆုံထဲ မှ မြေပဲဖတ်တွေ ကြေလောက်ပြီ။ မြေပဲဘတ် (နဘတ်) များကို ထန်းလျက်ထောင်းဖြင့် ရောနယ်ကာ ဆုတ်ဆုတ် စားရသည်မှာ အလွန်အရသာရှိလှသည်။ ချိုဆိမ့်ဆိမ့် နဘတ်ထန်းလျက်ဆုတ် သည်လည်း ကလေး များ မက်မောသော တောသရေစာပဲ ဖြစ်သည်။

"တို့ကလေး တုန်းက ကမ္ဘာစစ်ကြီး ဖြစ်နေသာကောအေ့။ ရွာထဲလည်ရ ဆော့ရသယ်ရှိ ပေါင်။ တို့ဝိုင်းထဲမှာ ဗုံးကျင်းကြီး တူးထားသာတော်တော့် အိမ်တစ်ဆောင်စာလောက် ရှိ သယ်။ ကောင်းကင်က လေယာဉ်ပျံသံ များကြားရင် ကျွဲညီနောင်လာပဟေ့ ဆိုသဲ့ပြီး ဗုံးကျင်းထဲ ဆင်းပြေးရသာပဲ။ တို့အမေကြီးက မနက်မိုးလင်းရင် ဗုံးကျင်း ထဲမယ် သောက်ရေ တစ်အိုး ဆေးလိပ်တစ်ဗန်း၊ ပြီးတော့ လက်ဖက်တစ်အစ် သွားပို့ထားလိုက် သာပဲ။ တို့ကလေးတွေအတွက်ဆိုပြီး မြေပဲနဘတ်နဲ့ ထန်းလျက်တွေ ဆုတ်ထည့်ထားသဲ့ ဇလုံကြီးကတစ်လုံး၊ တို့များဖြင့် ဗုံးကျင်းထဲဝင်ပြီး နဘတ် ထန်းလျက်ဆုတ်စားရသာ ပါးစပ် တွေများ အစေးပေါက်လို့တော်"

အမေ က သူ့ငယ်ဘ၀တွေကို ပြောပြတိုင်း သည်အကြောင်းကလေး ပါလာတတ်သည်။ ကျွန်မတို့ ကလေး ဘ၀က စစ်ကြီးမရှိတော့သော်လည်း နဘတ်ထန်းလျက် ဆုတ်စားနေရ တုန်း။ ကျေးလက်တောရွာက အိမ်တိုင်းအိမ်တိုင်းမှာ ထန်းလျက်တောင်း၊ ပဲလှော်တောင်း ကလေးတွေ ထားကြမြဲ ဖြစ်သည်။ ကလေးတွေ ပူဆာတိုင်း သည်နှစ်မျိုး ကို ခါးပုံစံထဲ ထည့်ပေးလိုက်ရုံ။ ထန်းလျက်ကို ဆီနှင့်ကြော်ကာ မြေပဲဖြင့် ရောထိုး ထားသော မြေပဲယို အချပ်ကြီးတွေလည်း မပြတ်။ တစ်ခါတစ်ရံ အိမ်က ကျွေးသော သာရေစာများကို ရိုးသည် ထင်လျှင် ကိုယ့်ဘာသာ ရှာဖွေစားသောက်ကြတာမျိုးလည်း ရှိသည်။

ရွာအပြင် တောစပ် ကို ထွက်လိုက်လျှင် အတန်းလိုက် ပေါက်နေသော တရုတ်မန်ကျည်းပင်တွေဆီက တရုတ်မန်ကျည်းခွေ များသည်လည်း ကျွန်မတို့အတွက် သရေစာ ဖြစ်သည်။ ရွာကတော့ ဆေးမန်ကျည်းသီး ဟု ခေါ်ကြသည်။ တောထဲမှာ နေရာအနှံ့ ရှိနေတတ်သော သရက်ပင် ကြီးတွေ သီးချိန်မှာတော့ ဆားတစ်ဆုတ် ခါးပုံထဲ ထည့်ကာ သရက်သီးစိမ်းနှင့် တို့စားကြ သည်။ ပါးစပ်တွေမှာ သရက်စေး ပူလောင် ကာ အနာတွေပေါက်မှ အစားရပ်ကြသည်။

လောက်စာလုံးတွေ လွယ်အိတ်တစ်လုံးထည့်လွယ်ကာ လောက်လေးခွတစ်လက်ဖြင့် ငှက်ပစ်ထွက်ရာက ပြန်လာသော အစ်ကိုတွေ သယ်လာသမျှ စာကလေး၊ ဆက်ရက်၊ ငုံး၊ ခါ စသည့် ငှက်များကိုလည်း ကင်စား တတ်ကြ သေးသည်။ မြစ်ရေကျချိန်တွင် ၀ါးကြိမ်တော ထဲ ပိတ် ကျန်ရစ်ခဲ့တတ်သည့် ကျ၊ မ ဆွဲငါး ကလေး များကို ဆန်ကာခုံးများဖြင့် လိုက်ဖမ်း ကာ မီးဖုတ်စားကြ၏။ ပဲမှော်တိုက်ပေါ်က ပဲမှော်တွေကြား တက်ဥ တတ်သော ကြက်ဥ များ ကို ထမင်းအိုးပူထဲမြုပ်ကာ ကြက်ဥ မကျက်တကျက် လုပ်စားကြသည်။ သည်လို အကောင် ဖလောင် တွေ စားကြတာ လူကြီးတွေ သိသွားလျှင်တော့ အဆူအရိုက်ခံရတတ်သည်။

"ဟဲ့ ကလေးတွေ စားစရာများ ရှားလွန်လွန်းလို့တော် သူတကာ အသက်ကို သရေစာ လုပ်စားရတယ်လို့။ ကိုယ့် တောများ စားစရာဘယ်မှာ နှိုက်နှိုက် ပေါချက်ဟာကို"
ကြီးတော်ပြောလည်း ပြောစရာ။ ရွာမှာတော့ နေ့လည်နေ့ခင်း ရေနွေးမြည်းစရာ သရေစာ အမျိုးမျိုးတော့ စားပွဲပေါ် မှာ ရှိနေတတ်သည်။ ပဲပင်ပေါက်သုတ်၊ ငှက်ပျောဖူးသုတ်၊ ကျောက်ပွင့်သုတ်၊ နွားအချင်းသုတ် စသည့် ရွာထွက်လက်သုတ်စုံ မျိုးစုံကိုလည်း မကြာ မကြာ စားရတတ်သည်။ ကျွန်မတို့ ရွာထဲ ပဲမျိုးစုံ စိုက်သော ရွာဆိုတော့ ပဲကို သရေစာ အမျိုးမျိုး လုပ်စားကြသည်လည်း ရှိပါ၏။ ပဲပြုတ်ဆီဆမ်း၊ ပဲပွကြော်၊ ပဲရေဖွ၊ ဗယာကြော်" စသဖြင့် ပဲကို အပြတ်မခံတမ်း စားကြသူများ ဖြစ်သည်။

သရေစာများနှင့်နွယ်သော လွမ်းစရာကလေးတွေကလည်း ရှိတတ်ပြန်သည်။
"သြော် ငှက်ပျော်ဖူးကလေးသုတ်တော့  ငါ့မောင် ကိုနီမွှေးကို သတိရချက်တော့်။ သူစားချင် ရင် ဘယ်လောက် မူးလာ မူးလာ အစ်မ ငှက်ပျော်ဖူးသုတ်ကျွေးစမ်းပါဦးဟနဲ့ ချော့သေး သာ၊ ဆူဆဲ လွှတ်လည်း တဟဲဟဲ နှင့် မနာတတ်ရှာဘူး ဒင်း အသက်တိုပါ့တော်"

ငှက်ပျောဖူးသုတ်ရင်းက မျက်ရည်စကလေးတွေကို အင်္ကျီလက်မောင်းစဖြင့် တို့ကာ တို့ကာ ငိုတတ်သော ကြီးတော် ကို သတိရမိပါ၏။  ကျွန်မတို့ရွာတွင် အဆင့်အမြင့်ဆုံး သရေစာ ကတော့ ဦးပြည့်၏ ခေါက်ဆွဲသုတ် ဖြစ်သည်။ နေ့လယ်နေ့ခင်းထမ်းတောင်းကြီး တစ်ဖက် တစ်ချက်ဖြင့် ရွာလည် ညောင်ပင် အောက် ရောက်လာတတ်သော ဦးပြည့်၏ ခေါက်ဆွဲသုတ် ကား ရွာမှာ ၀ယ်စားရသော တစ်မျိုးတည်းသော သရေစာ ဖြစ်တော့၏။ ၀ယ်စားရာမှာ လည်း ငွေပေးဝယ်ရတာမျိုး မဟုတ်။ ခေါက်ဆွဲတစ်ပွဲ ပဲတစ်စလယ် ဖလှယ် စားရတာ မျိုး သာ ဖြစ်၏။ ဦးပြည့်ကလည်း နေ့စဉ်နေ့တိုင်းလာတာ မဟုတ်သလို ရွာကလည်း ခေါက်ဆွဲ သည်လာတိုင်း ၀ယ်စားကြတာ မဟုတ်။

"သည်ကနေ့ ပါးစပ်ပျင်းလှသအေ၊ ငပြည့်ခေါက်ဆွဲနဲ့ လျှာလှော်လိုက်ဦးမယ်
တစ်ခါတစ်ရံမှသာ အပျင်းပြေသဘော၊ မြိုးမြိုးမြိုက်မြို့်ကလေး စားလိုသည့်သဘောသာ ဖြစ်၏။ မြင်းခြံလို မြို့ကို အရောက်အပေါက် ရှိသူများထံမှ မြို့ပြန်လက်ဆောင်ရတတ်သော ဘန်းမုန့် (ပေါင်မုန့်ကြမ်း)ကို ထန်းလျက်ရည် နှင့် နွားနို့ဆမ်းစားရသည့် အခါမျိုးဆိုလျှင် ကျွန်မတို့ ကလေးများအဖို့ နတ်သုဒ္ဓါတမျှ အရသာ ထူး လှပြီ။ ရိုးရာစာများနှင့် အသားကျနေ တော့လည်း ပေါင်မုန့်ထန်းလျက်ရည်ဆမ်းသည်ပင် ခေတ်မီသော သရေစာ ဖြစ်နေတာ မဟုတ်လား။ ကိုယ့်ရွာ ကိုယ့်တောရှိတာ ရရာ စားရသည်ဆိုသော်လည်း လတ်က လည်း လတ်ဆတ်၊ အဟာရ ကလည်းပြည့်၊ မြန်မာ့ခံတွင်းနှင့်လည်း အဟပ်မိကြသည်။

အခုတော့ ကျွန်မတို့တစ်တွေ မြို့ကြီးမှာနေကြရသူတွေဆိုဦးတော့ ရိုးရာစာတွေနှင့် ဝေးရပြီ လို့တော့ မဆိုသာပါ။ မန္တလေးမှာ ရိုးရာသရေစာမုန့်တွေ ရနိုင်စားနိုင်ကြပါ၏။ မနက်ခင်း ဈေးတွေမှာ၊ နေ့လယ်နေ့ခင်း လမ်းဘေးတွေမှာ အငွေ့တထောင်းထောင်း ရိုးရာစာကလေး တွေ ခင်းကျင်း ရောင်းချလျက် ရှိပါသည်။ သို့သော် ကိုယ့်အိမ်မှာ ကိုယ်လုပ်စားရသည့် သရေစာမျိုးတော့ မဟုတ်နိုင်တော့ပြီ။ စားသုတ်သုတ် သွားသုတ်သုတ် ပြေးကြလွှားကြရ တာဆိုတော့ သရေစာမုန့်ကို အိမ်မှာ တကန်တက လုပ်စားရတာမျိုး အခြေအနေမပေး တော့တာလည်း ပါပါလိမ့်မည်။

ကျွန်မ စိတ်ထင်သည်ခေတ်မှည် မုန့်နည်းပညာတွေ ကလည်းစုံ၊ ရွေးချယ်ခွင့်တွေကလည်းများ၊ မုန့်တွေ ကလည်း သန့်သန့်ရှင်းရှင်း လှလှပပ အသင့်ထုပ်ပိုးပြီးသားဆိုတော့ အရှေ့မြောက်ဖက်ဆီက လှိမ့်ဝင် လာတတ်သော ခဲစက္ကူ သွင်းရောင်စုံ မုန့်ထုပ်ကလေးတွေ ခေတ်စားလာပုံရသည်။ သည်အထဲမှာ ကျွန်မတို့ မိသားစု လည်း မလွတ်။ မိတ်ဆွေတွေ အိမ်လာကြတော့လည်း သမီးအတွက် မုန့်ထုပ်တွေ ပါလာတတ်ကြ သလို ကျွန်မအိမ်သား မြို့ထဲသွားတော့လည်း တစ်ပတ်စာ အထားခံသည့် မုန့်ထုပ်တွေကိုပဲ ၀ယ်ခိုင်းနေရပြီ။ သမီးကလေး ကလည်း သည်သရေစာတွေကို နှစ်ခြိုက် နေပြီ။

အမေပြောသလို သရေစာ က တစ်ဆင့် မုဒိတာပွားနိုင်ဖို့ "ကျုပ်တို့ကလည်း စားပါသယ်တော်" လုပ်ရုံက လွဲ၍ ကျွန်မ တို့လည်း မတတ်သာတော့။ စိတ်ရောက်တော့လည်း တောသရေစာကလေး တွေ သမီးကလေး ကို အကျွေးချင်သား။ စားမှ စားတတ်ပါ့မလား မသိ။

စာရေးသူ - ခင်ခင်ထူး
မဟေသီမဂ္ဂဇင်း ဇူလိုင် ၂၀၀၇

.

14 comments:

ahphyulay said...

မမရွှေစင်..
သရေစာ၊ ရိုးရာမုန့်  ဆိုလို့  ကျွန်တော်တို့ 
အခုရောက်ရှိနေတဲ့  နေရာမှာလဲ ဗမာတန်းရှိနေတာလေ။
ဒီမှာက ကေဖက်(ဖ)စီ တို့ ၊ မက်ဒေါ်နယ်တို့  စတဲ့ 
မုန့် တွေ ရှိနေပေမဲ့ လဲ၊ ဘိန်းမုန့် တို့ ၊ မုန့် လက်ကောက်
ဘယာကြော်၊ ဆမူဆာ၊ အသုပ်ဆုံ .. စတဲ့  ဗမာမုန့် 
တွေကိုတော့  ဈေးကြီးပေမဲ့  မက်မက်စက်စက် ရှာ
စားနေရတုံးပါဗျာ..။ မုန့် လုံးရေပေါ်ဆို သင်္ကြန်မှ စားရရှာ
တာပါ။ မုန့် ဆီကြော်ဆို လွှတ်ကြိုက် ၊

မေဓာဝီ said...

နေ့လည်စာစားရင်း တောသရေစာတွေ အရသာခံသွားတယ် အမကြီးရေ ... ။
ကျမလဲ ကိုယ့်ရိုးရာ အစားအစာပဲ မက်မက်စက်စက် ရှိတယ်။ ဒီကဟာတွေ မဖြစ်လို့သာ စားရ သိပ်ကြိုက်လှတာမဟုတ်ဖူး။
ခုခေတ်ကလေးတွေကတော့ ဘာဂါ၊ ဆန်းဒွစ်ခ်ျ၊ ဒိုးနတ်၊ ကြက်ကြော် ခေတ်ပေါ်အစာတွေမှီဝဲနေကြပြီး ရိုးရာ သရေစာတွေကို သိတောင် သိကြတော့မှာမဟုတ်ဖူး။
ကောက်ညှင်းပေါင်းတို့ ဘိန်းမုန့်တို့ ဒီမှာ လုပ်စားလို့ရပေမဲ့ မလုပ်နိုင်တာတွေက မုန့်လိပ်ပြာ ကောက်လှိုင်းတီမှုန့် ထန်းသီးမုန့်တွေပဲ။ လွမ်းလိုက်တာ ပြောရင်းဆိုရင်း .... :(

ညိမ်းနိုင် said...

မုန့်လင်မယား စားချင်သွားတယ်....:)

ချော(အစိမ်းရောင်လွင်ပြင်) said...

ဆရာမ ခင်ခင်ထူးရဲ့ တောသရေစာလေး ဖတ်ရင်း ကိုယ်တိုင်စားခဲ့တဲ့ တောသရေစာလေးတွေကို လွမ်းမိတယ်..
ညီမတို့ဘက်နဲ့တော့ အစားအသောက်ချင်းတော့ကွာတာပေါ့နော်.. ဟိုမှာတော့ ခေါပုတ်၊ ပေါင်းတင်း( ကျောက်ညင်းကျည်တောက်) ၊ ကြွေမုန့်၊ မုန့်စိမ်းပေါင်း၊ ခေါက်ဆွဲတို့ အစားများတယ်.. ဆောင်းတွင်းဆို အိမ်နောက်ဖေးက အခင်းမှာ ပုရစ်တွေ အများကြီး
လိုက်ကောက်ပြီး ကြော်စားရတယ်. မြေကြီးထဲက ပုရစ်တွေကို ရေလောင်းပြီး ထွက်လာအောင် လုပ်၊ ထွက်လာရင် ပုံးထဲကောက်ထည့် အဲလိုလုပ်ကြတာ
ငယ်ငယ်ကပါ။ ခုတော့ ပုရစ်တွေလည်း ရှိသေးလား မပြောတတ်တော့ပါဘူး။။
မနက်ခင်း နှင်းတွေ ရွဲနေတဲ့မြက်ခင်းတွေ စိုက်ခင်းတွေကိုလည်း လွမ်းမိတယ်..
ကိုယ့်တောကိုယ် ဘယ်တော့မှ မမေ့သလို တောသရေစာတွေလည်း မေ့မရပါဘူး။။

rose said...

ဆရာမ ခင်ခင်ထူးရဲ့ ပရိသတ်မို့ စာလေး လာဖတ်သွားတယ်။ အညာက မုန့်ပဲသရေစာတွေ အကြောင်း ဖတ်ပြီး သရေကျသွားတယ်။ စာရိုက်ပေးတဲ့ မမရွှေစင်နှင့် အဖွဲ့သားများကို အမြဲ ကျေးဇူးတင်လျက်။

ရို့စ်

အင်ကြင်းသန့် said...

မမရွှေစင်ရေ....မနက်စောစောစီးစီးလာပြီး အညာက ရိုးရာမုန့်တွေကို အရသာခံစားသွားတယ်....:))

ချစ်ညီမလေး

An Asian Tour Operator said...

ဆရာမ ခင်ခင်ထူး ရေးထားတဲ့ တော သရေစာ တွေထဲ မှာ "ခဲလံချောင်း" ဆိုတာ ကိုမသိဘူး။ ကျန်တာ အကုန်စားဖူးတယ်။ ကျွန်တော် တို့ မြေလတ် မှာ စားတဲ့ မုန့်နှပ်၊ မုန်စိမ်းပေါင်း၊ ဆပ်သွားဖူးမုန့်၊ မုန့်သိုင်းခြုံ၊ မုန့်လိပ်ပြာ၊ ပြောင်းစီးပေါင်း၊ နှမ်းမုန့်၊ မုန့်ကျွဲသဲ၊ မုန့်ဖက်ထုပ်၊ ထန်းသီးမုန့်၊ ပဲစာဥ ပြုပ်၊ မုန့်လုံးကြီး၊ အကြောင်း မပါဘူး။ အကြော်ဆိုင် မှာပဲပြားကြော် (ရန်ကုန်မှာ ပဲကပ်ကြော်လို့ခေါ်တယ်)၊ ပဲမုန့်ကြော် (ရန်ကုန်မှာ မန္တလေးပဲကြော်လို့ခေါ်တယ်)၊ ဘူးသီးကြော်၊ ဘူးသီးငါးပေါင်းကြော်၊ ကြက်သွန်ကြော်၊ ကြက်သွန်လုံးကြော်၊ မြင်းခွာရွက်ကြော်၊ ပေါက်ချောင်းကြော်၊ ပဲငပိကြော်၊ ငရုတ်သီးဗယာကြော်၊ ငရုတ်သီးကြော်၊ ခရမ်းသီးကြော်၊ ငါးငါးပေါင်းကြော်၊ ပုဇွန်ငါးပေါင်းကြော်၊ ပုဇွန်လုံးကြော်။ မကျည်းမှည့် အချဉ်ရည် ကို ငရုပ်သီးစိမ်း၊ ကြက်သွန်ဖြူ နဲ့ဖျော်ထား။
ဆက်ရေးရ ရင် လာဖတ်တဲ့သူတွေ ဖတ်ရင်းနဲ့ သွားရည် တွေ ဘူးသီးလုံး လောက် ကျသွားလိမ့်မယ်။

(ဒါတောင် အမျိုးပေါင်း ၂၀၀ ကျော်ကျန်သေးတယ်) :P

kiki said...

ဒီ ပို့ စ်ထဲက တောသရေစာတွေ ရော AATO ရဲ့ မုန့် နဲ့ အကြော်ပေါင်းစုံရော ..မျက်စိ အရသာခံ ဖတ်ရင်း တကယ်ပဲ သွားရည် တမြမြ နဲ့ .. ဘူးသီးလုံးလောက်တော့ မကျ ဖြစ်လိုက်ဖူး..အမျိုးပေါင်း ၂၀၀ ကျော်ဆိုတော့ လန့်သွားတယ် ။
တချို့  မုန့်နာမယ်တွေ များ စားဖူးဖို့ မပြောနဲ့ ကြားတောင် မကြားဖူးဘူး ..ခဲလံချောင်း ဆိုတာလေ.. ထညက်ချောင်းကိုများ ပြောတာလား။“ နှာရည်ဆုပ် ” ဆိုတဲ့ အခေါ်အဝေါ်လည်း သဘောကျ မိတယ် ။

နောက်ပြီး “သာ” ဆိုတဲ့ စကားလုံးလေးတွေ သုံးတတ်တာလည်း တမူထူးခြား တယ် နော်.
ှဗဟုသုတ ရစရာ တွေ ၊ လွမ်းစရာမုန့်လေးတွေ..အတွက် ကျေးဇူးပါ ၊

ဆောင်း said...

နှမ်းဖတ်ချဉ် လွမ်းလိုက်တာ။ ဂျုံယိုနို့ ထမင်းဆိုတာ ဘာလဲ
ခဲလံချောင်းဆိုတာ ရန်ကုန်အခေါ် (ခဲတံချောင်း) ကောက်ညှင်းကျည်ထောက်လား
ငှက်ပျောဖူးဘယ်လိုသုပ် လဲဟင်
ကုက္ကိုရွက်နဲ့ ညောင်ရွက်ကို စားလို့ရတယ်လား
ဂဠုန်လက်သည်းကြော် လွမ်းမိ ပါသေး
ဆတ်တဖူးမုန့် ခေါ်မယ်ထင် တယ် ဒယ်အိုးပေါ် လေးထောင့်အပေါက်သံပြားပေါ်ဆန်မှုန့် တွေဖြူး အုန်းသီး ထန်းညက်ယို ထည့်ပြီး စာရွက်ခေါက်သလို ခေါက် ထားတဲ့ မုန့်  ကို သတိရသွားပြီ

ကောက်လှိင်းတီတော့ ရေစက်မဆုံတာ ကြာလှပေါ့ ဟင့်

Anonymous said...

I like Khin khin htoo.In her writing,i can breath the smell of Anyar n tradition.After reading this post, i miss Htan thee mot from Yesagyo.In those days,it was made by real paste of htantee .Nothing can replace its' genuine flavour n taste.Tks for the post Ma Shwezin.
Gyidaw

မန်းလေးသူ said...

ခဲလံချောင်း ဆိုတာက ကောက်ညှင်းကျည်တောက် ကိုခေါ်တာလေ.ကောက်ညှင်းနဲ့အုန်းသီးကိုဝါးဆစ်ထဲမှာ ထည့်ပြီးမီးကင်ထားတာပါ..သူချည်းပဲစားစား..
ငါးခြောက်ကြော်၊အသားကြော်တို့နဲစားလည်းကောင်းတယ်..အရမ်းကြိုက်..

Anonymous said...

ဂျုံယိုနို့ထမင်းဆိုတာ တကယ်တော့ ဂျုံယိုရယ် နို့ထမင်းရယ်ကို ခေါ်တာ။ တခါတလေ မြန်မာမုန့်တွေက မုန့်တွေက တူပြီး အခေါ်အဝှော်တွေက အများကြီးဖြစ်နေတာမျိးရှိတယ်။ ခုလို ခဲလံချောင်းနဲ့ ကောက်ညင်းကျဉ်တောက် လိုမျိုး။ ကြွေမုန့်နဲ့ မုန့်ဗိုင်းတောင့်တူတာမျိုး၊ နောက် မန္တလေးမှာက မုန့်ရေပါး(သို့) မုန့်ပစ်သလစ်ကို ရန်ကုန်က ရေမုန့်တဲ့ ကျွန်တော့် အမျိုးသမီးတို့ ဘက်မှာက အိုးလေးမုန့်တဲ့၊ တကယ်တော့ တူတူဘဲကို ဒေသအလိုက်ခေါ်ပုံပြောင်းသွားကြတာကြောင့် မျက်စိလည်ပြီး မစားဘူးတာများနေပြီး အဆန်းဖြစ်နေတာ များတယ်။

Anonymous said...

ဂျုံယိုက အင်းလျားလမ်းထဲက Happy ဆိုတဲ့ဆိုင်မှာ ရပါတယ်... နည်းနည်းတော့ ဈေးကြီးမယ် ထင်တယ်... သောက်လို့ ကောင်းပါတယ်...

Maung Gyi said...

မောင်ကြီးအကြိုက်သိတဲ့ရှင်မပေကိုး.....
ဒါ့ကြောင့်မောင်ကြီးက.....အာ.......
.တော်ပါပြီ..ပေးတော့ဘူး..