Saturday, January 22, 2011

စိမ်းနေဦးမည့် ကျွန်တော့်မြေ အပိုင်း (၃၉)

ဘထွေး….၊ ဘထွေးရွှေလွန်း……။
သူက ရုတ်တရက် ကြောင်သွားသည်။ ကျွန်တော့်ကို မှတ်မိပုံမရ။ ကျွန်တော်က ဆောင်းထားသော သံခမောက် ကို ချွတ်လိုက်သည်။
ဟိုက်…. ငယ်လေး။
သူက အလန့်တကြား အော်သည်။ ချက်ချင်းပင် သူက သူ့လူများကို အတိုက်ရပ်ခိုင်းသည်။ ကျွန်တော်က လည်း ကျွန်တော့် ရဲဘော် များကို ရပ်ရန် အော်ဟစ်အမိန့်ပေးသည်။
တိုက်ပွဲ မှာ ဤသို့ မမျှော်လင့်ဘဲ ပြီးဆုံးသွားသည်။ ဓားပြငါးဦးကျပြီး၍ ကျွန်တော့်တို့ဘက်မှ ရဲဘော်နှစ်ဦး သာ ဒဏ်ရာ ရသည်။

"ကံကောင်းလို့ကွာ……လူမှားပြီး သေကုန်ကြမလို့၊ ဒါထက် မင်းတို့ ဘယ်ကလာတာလဲ"
"ကျွန်တော် တို့ တရုပ်ဖြူနဲ့ တိုက်ပွဲဖြစ်ပြီး ဆုတ်လာတာ၊ မိုင်းပန်ဘက်သွားမလို့"
ဟေ့…ကြံကြံဖန်ဖန် တွေ့ရတယ်ကွာ၊ ကဲမင်းတို့ ငါ့စခန်းလိုက်ခဲ့ကြ"
"ဘထွေး စခန်း မှာ စားစရာသောက်စရာ ရမလား"
"အိုး…ဒါကို မပူပါနဲ့ကွာ၊ ငါကဖိတ်ရင် မင်းတို့က ငါဧည့်သည်ပေါ့"

ကျွန်တော်သည် တပ်ကြပ်ကြီးစိန်လွင်နှင့် ရဲဘော်များကို အကျိုးအကြောင်းရှင်းပြပြီး ဒဏ်ရာရနှင့် ကျဆုံးသူ များ ကို သယ်ကာ ဘထွေး ၏ စခန်းသို့ လိုက်ခဲ့ကြသည်။
ဘထွေးစခန်း မှာ စောစောက တပ်ကြပ်ကြီးစိန်လွင် ပြခဲ့သော နံရံဖြူနှင့် တောင်ထွတ်ကြီး အခြေရှိ ဂူကြီး တစ်ဂူသာ ဖြစ်၏။
ညစာ ကို ဘထွေးက အဆင်သင့်ပင် ပစ်ပြီးရှိနေသော တောဝက်နှစ်ကောင်ကို ကင်ကျွေး သည်။
ထမင်းစားသောက် ပြီး မီးဖိုဘေး၌ထိုင်ရင်း ဘထွေးနှင့် ကျွန်တော်သည် အေးအေးဆေး ဆေး စကားပြော ရသည်။
"ဘထွေး က ဘယ့်နှယ်ဒီရောက်လာသလဲ"

"ရာဇ၀တ် ဘေး လွတ်အောင်ပြေးလာတာပေါ့ ငယ်လေးရာ၊ ဒီကျတော့လည်း မထူးဘူး ဆိုပြီး ဂိုဏ်းဖွဲ့ ဓားပြ တိုက် နေတာပေါ့"
"ဖြစ်ရလေ ဘထွေးရာ၊ ဘယ့်နှယ်ကြောင့် ခင်ဗျား ဓားပြ တိုက်ရတာလဲ"
"အကြွေး တင် တာက စတာပေါ့…စပြီးတော့ သူကြီးကလည်း လက်နက်ထုတ်ပေးတယ်"
"ဗျာ…သူကြီး က လက်နက်ထုတ်ပေးတယ်"
"ဟုတ်တယ် အင်္ဂလိပ်တတ်ပြီး စ ရွာတစ်ဝိုက်မှာ ဓားပြတိုက်သမျှ သူကြီးလူတွေချည်းပဲ"

"နို့၊ ဘထွေး ကို မိပြီး ဘယ်လိုလွတ်အောင်ပြေးသလဲ"
"ငါစွမ်း လို့ မဟုတ်ပါဘူးကွာ၊ ၀န်ထောက်ကြီးက လွတ်ပေးတာပါ"
"ဘယ်လို ၀န်ထောက်ကြီးက လွှတ်ပေးတာ"
"ဟုတ်တယ်… ငါ့ကို သူတို့ဝိုင်းစစ်တော့ ငါမဖော်ပါဘူး၊ နောက်ဆုံး ၀န်ထောက်ကြီး တစ်ယောက်တည်း ချော့ စစ်တော့ ငါအမှန်တွေ ပြောလိုက်တယ်"
"အမှန် တွေဆိုတာ ဘာတွေလဲ"

"အေးလေ ငါပြောပြီးပါရောလား၊ သူကြီးက လက်နက်တွ ထုတ်ပေးတဲ့အကြောင်း"
ကျွန်တော် ငိုင် ကျသွားသည်။ ၀န်ထောက်ကြီး ၏ ကောက်ကျစ်စဉ်းလဲသော ဥာဏ်ကိုလည်း သဘောပေါက် သွားသည်။
"ဘထွေး ကို ၀န်ထောက်ကြီးက ဘာလို့ လွှတ်ပေးတာလဲသိလား"
"သူကြီး နဲ့ သူက ခင်တယ် မဟုတ်လား၊ သကြီးကို ကာကွယ်ချင်လို့ ဖြစ်မှာပေါ့ … "
ကျွန်တော် ခေါင်းခါသည်။

"သူကြီး ကို ကာကွယ်ချင် လို့ မဟုတ်ဘူး၊ သူကြီးကို သူ့လက်ခုတ်ထဲရောက်အောင် "
"ဘယ်လို… သူကြီး ကို သူ့လက်ခုတ်ထဲရောက်အောင် "
"ဟုတ်တယ် … ၊ ကျွန်တော်လည်း ခု ဘထွေးဆီက အမှန်တွေ ကြားရမှ သဘောပေါက် တာပဲ ၊ ဒီမှာ ဘထွေး အခု မယဉ်နွယ် ဘာဖြစ်သွားပြီလဲ သိလား … "
"ဟေ့… မယဉ်နွယ်၊ ဘာဖြစ်သွားလဲ…"
"မယဉ်နွယ် အခု ၀န်ထောက်ကြီး မယားဖြစ်သွားပြီ …"

"ဘာ… မယဉ်နွယ်က ၀န်ထောက်ကြီးမယား "
ကျွန်တော် က နာကျည်းစွာဖြင့် ဖြစ်ခဲ့သမျှ အကြောင်းတွေကို ဘထွေးအား ပြောပြသည်။
ဘထွေး သည် စိတ်မကောင်းခြင်းကြီးစွာနှင့် နားထောင်နေသည်။ ကျွန်တော့်စကားဆုံးမှ ဘထွေးက မှတ်ချက် ချသည်။
"ဒီလိုဆို ကောင်မလေး သနားပါတယ်ကွာ"

"ဟုတ်တယ်၊ အစ ကတော့ မယဉ်နွယ်ကို ကျွန်တော် သိပ်စိတ်နာမိတယ်၊ ခုအတိုင်းဆိုတော့ မယဉ်နွယ် အပြစ် မရှိဘူး၊ ၀န်ထောက်ကြီးက ညစ်လို့ သူ ကယ်ချင်လို့ အနစ်နာခံသွားတာပဲ"
"အေးကွာ ထားပါတော့ ရွာအကြောင်းတခြားပြောပါဦး"
"တခြား ဘာမှ ကျွန်တော်မပြောနိုင်ဘူး၊ ခုနင်က ပြောခဲ့သလိုပဲ၊ မယဉ်နွယ်နဲ့လည်းကွဲ၊ အဘလည်း ဆုံးပြီး တဲ့နောက် ကျွန်တော်ရွာနဲ့ လုံးဝ အဆက်ပြတ်ခဲ့တယ်"
ဘထွေး က ငြိမ်နေသည်။ ကျွန်တော်က ဖြစ်ပျက်ခဲ့ပြီးသော နောက်ကြောင်းတို့ထက် လောလောဆယ်ပြဿနာ ကို ပိုစိတ်ဝင်စားသည်။

"ဒါထက် ဘထွေး ရော တစ်သက်လုံး ဒီအတိုင်း နေသွားတော့ မလား…"
"ဒီအတိုင်း မနေလို့ ဘာလုပ်ရမလဲ၊ ရာဇ၀တ်မှုတွေက တစ်ခုပြီးတစ်ခု ငါ့ပေါ်ပတ်နေတာ"
ကျွန်တော် လည်း မဖြေနိုင်။ ဘထွေးကိုသာ စိတ်မချမ်းသာခြင်းကြီးစွာနှင့် ကြည့်နေမိသည်။
ထိုအခိုက် တပ်ကြပ်ကြီးစိန်လွင်သည် ကျွန်တော့်နားကပ်လာသည်။

"ဗိုလ်ကြီး…ဟိုထဲမှာ တရုတ်ဖြူနှစ်ကောင် တွေ့ခဲ့တယ်"
"ဟေ…တရုတ်ဖြူ…"
ဘထွေး က အမှုမကြီးဟန် ၀င်ပြောသည်။
"ငါဖမ်းတား တဲ့ တရုတ်နှစ်ကောင်ပါကွာ"
"ဘထွေး ဖမ်းထားတာ ဘာလုပ်ဖို့လဲ"
"ပြန်ပေးဆွဲ ထားတာလေ……."
"ဗျာ…..တရုတ်ဖြူကို ဘထွေးပြန်ပေးဆွဲထားတယ်"

ဘထွေးသည် တရုတ်ဖြူသော ဗမာတပ်ပါ အုပ်စုကွဲ၍ သူ့နယ်တွင်း ကျွံလာလျှင် ၀ိုင်းဝန်းတိုက်ခိုက်၍ လက်နက် ယူသည်။ ဤနည်းသည် အသေချာဆုံး လက်နက်စုနည်း ဖြစ်သည်။ ကျွန်တော်တို့ကို  ဆီးတိုက် သည် မှာလည်း လက်နက်လိုချင်၍ ဖြစ်သည်။ တရုတ်ဖြူကိုမိလျှင်မူ ပြန်ပေးလုပ်၍ တရုတ်ဖြူထံမှ ရွှေချောင်း နှင့် ကျည်ဆံများရသည်။
"ဘထွေး… အဲ့ဒီနှစ်ကောင် ကို ကျွန်တော်မကြည့်ရဘူးလား"
"ကြည့်ပါကွာ… ဘာအပန်းကြီးတာမှတ်လို့"
ဂူအတွင်းပိုင်း ၌ ချုပ်နှောင်ထားသော တရုတ်ဖြူနှစ်ဦးထံ ကျွန်တော်တို့ သွားကြသည်။

တရုတ်ဖြူတစ်ကောင်မှာ မေဂျာအဆင့်ရှိသည်။
ကျွန်တော် သည် စိတ်ဝင်စားလာ၍ တရုတ်ဖြူမေဂျာ၏ ကိုယ်ပေါ်တွင် စစ်ဆေးရှာဖွေသည်။ ကျွန်တော် မျှော်လင့် ထားသည့် အတိုင်း စာရွက်စာတမ်းများနှင့် မြေပုံများကို တွေ့ရသည်။
စာအချို့ မှာ တရုတ်လိုရေးထား၍ အချို့မှာ အင်္ဂလိပ်ဘာသာနှင့် ဖြစ်သည်။
''ဘထွေး.... အဲဒီတရုတ်ဖြူနှစ်ကောင်ကို ကျွန်တော်တို့လက်ထဲအပ်လိုက်ပါ''
ဘထွေး ငိုင် သွား၏။

''ဒီတရုတ်ဖြူနှစ်ကောင် ကို ကျွန်တော်တို့နဲ့ထည့်လိုက်ရင် ဘထွေးအတွက် ရွှေချောင်းတွေ မရလို့ နစ်နာမယ် ဆိုတာ ကျွန်တော်သိတယ်၊ ဒါပေမယ့် ဘထွေး သူတို့ကို ကျွန်တော်တို့ လက်အပ်ရင် ဘထွေး ရွှေချောင်း ထက် အဖိုးတန်တာပေးနိုင်မယ်''
''မင်းက ဘာပေးမလဲ''
''ဘထွေး သေသေ ချာချာ နားထောင်စမ်းပါ၊ ဒီတရုတ်ဖြူဟာ အရေးကြီးတဲ့ ဗိုလ်မှူးတစ်ကောင်ပဲ၊ သူ့ကိုယ်ပေါ် က ရတဲ့ စာရွတ်စာတမ်းတွေအရ... သူတို့စခန်း သူတို့စစ်ဆင်ရေးတွေကို ကျွန်တော်တို့နဲ့ ထည့်လိုက်ရင် ဘထွေးကို အစိုးရဆီက လွတ်ငြိမ်းချမ်းသာခွင့်ရအောင် ကျွန်တော်တို့ ဆောင်ရွက်ပေးမယ်''
ဘထွေး မျက်လုံး များ အရောင်တောက်လာသည်။

''မင်း.....တကယ်ပြောတာလား''
''တကယ်ပြောတာ ဘထွေး ....ဘထွေးဟန့်တားပေးရာ ရောက်တာမို့ ....အစိုးရကလည်း ဘထွေးကို သက်ညှာစွာ စဉ်းစားပေးမှာပဲ''
''ဒီလိုဆို ခေါ်သွားကွာ...အော် ....နေဦး ....ငါသတိရပြီ''
ဘထွေးသည် ဂူတစ်ထောင့်ရှိ တောင်းတစ်လုံးကို ယူလာသည်။
''ဒီထဲမှာလည်း....ငါအရင်ကမိတဲ့ တရုတ်ဖြူတွေ ကိုယ်ပေါ်က ရတဲ့စာတွေပဲ၊ တို့တော့ နားမလည်ပါဘူး၊ မီးမွှေးဖို့ နဲ့ ချေးကုန်း ဖို့ ဆို သိမ်းထားတာ....ယူသွားကြပေါ့''
နောက် တစ်နေ့ နံနက်စောစော၌ ကျွန်တော်တို့တပ်စိတ်သည် တရုန်ဖြူနှစ်ကောင်ကိုပါ ခေါ်၍ ဘထွေး ၏ စခန်း မှ ထွက်လာခဲ့သည်။

တပ်ရင်း ပြန်ရောက်သော် တရုတ်ဖြူနှစ်ကောင်နှင့် စာရွက်စာတမ်းများကို တပ်မဟာဌာနာသို့ ပို့လိုက်သည်။
တရုတ်ဖြူ စာရွာစာတမ်းများ ၌ တပ်မတော်အလိုရှိသော စစ်ဆင်ရေးနှင့် နိုင်ငံရေးသတင်း များ ကျွန်တော် တို့ မျှော်လင့်သည်ထက် ပိုမိုဖော်ပြထားသည်။
ကျွန်တော်ဖမ်းမိခဲ့သော မေဂျာမှာလည်း တရုတ်ဖြူုဗိုလ်ချုပ်လီမီထံမှ ရှမ်းပြည်နယ် စော်ဘွားအချို့ဆီ အထူး လွှတ်လိုက် သော တမန်တော်ဖြစ်သည် တပ်ခွဲမှူးအဆင့်အတန်း သို့ရောက်လာခဲ့ပြီ။
ဆိုင်ရာ မှ တစ်ဆင့် တပ်မဟာမှူးကြီး၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကိုယူကာ ကျွန်တော်နှင့်တပ်သည် ဘထွေး ၏ စခန်း ဆီ အပြင်းချီတက်ခဲ့သည်။

သို့ရာတွင် ကျွန်တော် နောက်ကျသွားပေပြီ။
ဘထွေး ၏ စခန်းတခုလုံး မှာ ရစရာမရှိအောင် ပျက်စီးနေသည်။
စခန်းထိပ်၌ ကားစင်တင်၍ ရက်စက်စွာ အသတ်ခံထားရသည့် ဘထွေး၏ ပုပ်ပွနေသော အလောင်း သည်သာ ကျွန်တော် တို့ကို ဆီးကြိုနေ၏။
နောက်မှ စုံစမ်းသိရှိရသည်မှာ ကျွန်တော်တို့လက်သို့ မကျေမနပ်သည့် ဘထွေး၏ တပည့်တို့က သစ္စာ ဖောက် ၍ တရုတ်ဖြူတပ်ကို လက်ထောက်ချလျက် စခန်းအားဖွင့်ပေးသည်။
ဤသို့ဖြင့် ဘထွေးသည် ကြေကွဲဖွယ်ရာဘ၀ကို ဇာတ်သိမ်းခဲ့ရရှာသည်။

ကျွန်တော်သည် နဂိုက တရုတ်ဖြူကို တိုင်းပြည်တာဝန်အရ တိုက်သည်။ နောက်တွင် ဘထွေးအတွက်ပါ လက်စားချေ ရန် အသက်ကိုပမာမပြုဘဲ တိုက်၏။
(၁၉၅၄) ဘုရင့်နောင် စစ်ဆင်ရေးကြီးသည် မိုင်းတုံ၊ မိုင်းဆတ်၊ ပုံးပါကျင်ရှိ တရုတ်ဖြူတို့ကအား အပြီးတိုင် ချေမှုန်း သုတ်သင် ခဲ့သည်။
ဤ စစ်ဆင်ရေးကြီး အတွင်း ကျွန်တော်သည် အပြင်းအထန် ဒဏ်ရာရခဲ့သည်။

ဆေးရုံ၌ရှိစဉ် ''သူရ'' ဘွဲ့ကျွန်တော်ရရှိခဲ့၏။ ဆေးရုံမှ ဆင်းပြီးသောအခါ ကျွန်တော်သည် မေဂျာရာထူးသို့ တိုးတက် ချီးမြှင့်ခြင်း ခံရသည်။
အနားယူ ခွင့်ရက်ရှည် ရသဖြင့် နှစ်ပေါင်းများစွာ ကျွန်တော်မရောက်ခဲ့သည့်ရွာဆီ ယခု ပထမဆုံး ပြန်လာခဲ့ ခြင်း ဖြစ်သည်။

ဆက်ရန်
.

1 comment:

မေဓာဝီ said...

ဘထွေးလဲ သေပြန်ပြီ ... ဟူးးး မလွယ်ပါလား ... ဖတ်ရတာ ရင်မောတယ်။