အခန်း (၂)
ကျွန်တော့်အဖေက ငယ်ငယ်ကတည်းက အလုပ်ကြိုးစားတဲ့ လူငယ်အဖြစ် နာမည်ကြီးခဲ့သူ ဖြစ်ပါတယ်။ အလုပ် ကတော့ တောင်ယာလယ်လုပ် ဓားမခုတ်ပါပဲ။ သူ့အဖေတွေ၊ သူ့အဘိုးတွေ လက်ထက်ကလည်း ဒီအတိုင်း ပါပဲ။ မာလာဝီမှာ လူဖြစ်လာရင် ဓားမဦးချလုပ်ငန်းနဲ့ မကင်းနိုင်ကြပါ ဘူး။ ဖွဲ့စည်းအုပ်ချုပ်ပုံမှာ အဲဒီ အတိုင်း လုပ်ဖို့ ဥပဒေပြဌာန်းထားသလား မသိပါဘူး။ မောရှေရဲ့ ဥပဒေသတွေလိုလေ။ ကိုယ်တိုင် တောင်ယာ မခုတ် လယ်မလုပ်လျှင်လည်း လယ်ယာထွက် ပစ္စည်း သီးနှံတွေကို ၀ယ်ရောင်း လုပ်တဲ့ အလုပ် ကို လုပ်ကြရတယ်။ အဖေဟာ သူ့ကိုယ်ပိုင် မြေမ၀ယ်နိုင် ခင် အဲဒီလို လမ်းလျှောက် ဈေးသည်ဘ၀နဲ့ စခဲ့ ရပါတယ်။
အဲဒီတုန်းက သူ "ဒါဝါ" မှာ နေပါတယ်။ ဒါဝါဆိုတာ မာစီတာလာ တောင်ပိုင်းက တောင်ကုန်းညိုညို ပေါ်မှာ တည်ရှိတဲ့ မြို့ကလေးပါ။ ၇၀ပြည့်လွန် ၈၀ပြည့်လွန်ကာလတွေတုန်းက သိပ်ငွေရှာလို့ ကောင်းတဲ့ မြို့ကလေးလို့ ဆိုပါတယ်။ လူငယ် လူရွယ်တွေအတွက် စီးပွားရှာလို့ သိပ်ကောင်းတဲ့ နေရာတဲ့။ အဲဒီအချိန်မှာ မာလာဝီဟာ အာဏာရှင်ဘင်ဒါရဲ့ လက်ထက်ပါ။ နှစ်ပေါင်း သုံးဆယ် ရက်ရက်စက်စက် အုပ်စိုးသွားတဲ့ အာဏာရှင်ပေါ့။
အစောပိုင်းက မာလာဝီတွေဟာ ဘင်ဒါအကြောင်း အားလုံး ကြားဖူးကြတယ်။ သူဟာ ကာစန်ဂူက ကြီးပြင်း လာခဲ့သူ ဖြစ်ပါတယ်။ ဧရာမ တောင်တန်းကြီးများရဲ့ အရိပ်အောက်မှာ ကြီးပြင်းလာခဲ့သူ ဖြစ်ပါတယ်။ ငိုနီ လူမျိုးစုတွေ ကို ချီဝါတို့ အောင်ပွဲခံခဲ့တဲ့ နွေသမယပေါ့။ ဘင်ဒါဟာ မိုင် ထောင်ချီ ဝေးတဲ့ ရွှေတွင်းတွေ ရှိတဲ့ တောင်အာဖရိကကို ကုန်းကြောင်း လျှောက်သွားခဲ့တယ်။ ပြီးတော့ ရွှေတွင်းတွေမှာ အလုပ်လုပ်တယ်။ အဲဒီမှာ တောင်အာဖရိကရဲ့ ပညာသင်စရိတ်နဲ့ ကျောင်းနေခွင့် ရတယ်။ ပြီးတော့ အင်ဒီယားနားနဲ့ တင်နက်ဆီ တက္ကသိုလ်တွေမှာ ဆက်တက်ပြီး ဆရာဝန်ဘွဲ့ ရခဲ့ တယ်။ အင်္ဂလန်မှာ အလုပ်သွားလုပ်ပြီးမှ မာလာဝီ ကို ပြန်လာခဲ့တယ်။ ပြီးတော့ ဗြိတိသျှ အစိုးရဆီ က လွတ်လပ်ရေး တောင်းတယ်။ ၁၉၇၁ခုနှစ်မှာ တိုင်းပြည် ခေါင်းဆောင် ဖြစ်လာခဲ့တယ်။ သူ့ရဲ့ အဆက်မပြတ် တောင်းဆိုမှုကြောင့် ပါလီမန်က သူ့ကို ရာသက်ပန် သမ္မတ အဖြစ် အသိအမှတ် ပြုခဲ့ ရတယ်။
သူဟာ တိုင်းပြည်ကို တစ်သွေးတစ်သံ အမိန့်နဲ့ အုပ်ချုပ်ခဲ့တယ်။ အိမ်တိုင်း ဆိုင်တိုင်း သူ့ဓာတ်ပုံ ချိတ်ခိုင်း တယ်။ သူ့ပုံထက်မြင့်တဲ့ နေရာမှာ ဘယ်သူ့ပုံမှ မချိတ်ရဘူး၊ သူ့ပုံ မချိတ်တဲ့ အိမ်ရှင်၊ ဒါမှ မဟုတ် ဆိုင်ရှင် တော့ နာပြီသာမှတ်။ ကျွန်တော်တို့ နိုင်ငံရဲ့ သမိုင်း မှာ ကြောက်စရာအကောင်းဆုံး ခေတ်ပဲ။ မိန်းမတွေ ဘောင်းဘီ မ၀တ်ရဘူး။ ဒူးပေါ်တဲ့ အ၀တ် မ၀တ်ရဘူး။ ရုပ်ရှင်တွေထဲမှာလို လူမြင်ကွင်းမှာ မနမ်းရဘူး။ သမ္မတ က နမ်းတာကို မုန်းသတဲ့။ အစိုးရပေါ်လစီကို မဝေဖန်ရဘူး၊ ဝေဖန်ရင် သူ့ထောက်လှမ်းရေးတွေက ချက်ချင်း ကုတ်သွားပြီး ထောင်ထဲပို့တယ်၊ ညှဉ်းဆဲတယ်၊ တချို့ကို အစာငတ်ခံထားတဲ့ မိချောင်းကန်ထဲကို ပစ်ချတယ်။
ကုန်သည်ပွဲစား၊ အရာင်းအ၀ယ်သမားအတွက်လည်း တကယ် ခေတ်ဆိုး ခေတ်ကျပ်ကြီးပဲ။ အဖေက အဲဒီကာ အတွေ့အကြုံတွေ ကျွန်တော်တို့ကို ပြန်ပြောပြတတ်တယ်။ မာလာဝီရေကန်ကို ကြုံရာကားနဲ့ သွားကြ ရတယ်။ ပြန်လာရင် ဆန်၊ ငါးခြောက်၊ အ၀တ်အထည်တွေ သယ်လာပြီး ဒိုဇာ ဈေးထဲမှာ ရောင်းတယ်။ မာလာဝီ ရေကန်ဆိုတာ ကမ္ဘာပေါ်က အကြီးဆုံးရေကန်ကြီးတွေထဲမှာ တစ်ခု အပါအ၀င်ဖြစ်တဲ့ ကုန်းတွင်းပင်လယ်ကြီးပေါ့။ တိုင်းပြည်ရဲ့ အရှေ့ပိုင်းတစ်ခြမ်းလုံးကို ရေပြင်ကြီးက နေရာ ယူထား တယ်။ လှိုင်းလုံးကြီးတွေက ပင်လယ်ထဲက လှိုင်းလုံးကြီးတွေအတိုင်းပဲ။ အဲဒီကုန်းတွင်း ပင်လယ်ကြီးကို ကျွန်တော် အသက် ၂၀ကျမှ ရောက်ဖူးပါတယ်။ တကယ်ဆို ကမ်းစပ်နဲ့ ကျွန်တော်တို့ရွာဟာ နှစ်နာရီသာ မောင်း ရတာပါ။ မာလာဝီကန်စပ်ကို ကျွန်တော်တို့ ရောက်သွားရင် ကမ်းမမြင် လမ်းမမြင် မိုးကုပ်စက်ဝိုင်း ဆီကို ကျွန်တော် ငေးကြည့်နေတတ်ပါတယ်။ သိပ်အရသာ ရှိတာပဲ။ သိပ်ချစ်ဖို့ကောင်းတဲ့ ရေပြင်ကြီးပါ။
ကုန်သည်တွေက ဟိုးအဝေးကြီးမှာ ရှိတဲ့ "နုခိုတာကိုတာ" လို "မန်ဂိုချီ" လို မြို့တွေဆီကို မီးသင်္ဘောကြီး တွေနဲ့ သွားကြတယ်။ အကြီးဆုံး သင်္ဘောကြီးနှစ်စင်းက မီလာလာနဲ့ ချောင်စီမေ ပယ်။ သင်္ဘောကြီး တွေပေါ်က စားသောက်ဆိုင်တွေက သိပ်ကောင်းတယ်။ ဈေးသည်တွေဟာ သင်္ဘောပေါ်မှာ တစ်လမ်းလုံး စားကြ သောက်ကြ ကကြခုန်ကြနဲ့ပေါ့။ အဲဒီ ရေလမ်းခရီးမှာ ကျွန်တော့် အဖေက မူဆလင် ကုန်သည်တွေနဲ့ ပစ္စည်း ဖလှယ်တယ်။ မူဆလင်တွေကို "ယာအို" လို့ ခေါ်ကြတယ်။ ဒီဘက်နယ်မှာ သူတို့ လူမျိုးတွေ အနေများ တယ်။
မိုဇမ်ဘစ်ကန်ကြီးကို ဖြတ်ပြီး လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က မာလာဝီကို ယာအိုတွေ ရောက်ခဲ့ကြ တယ်။ ဇမ်ဇီဘာမူဆလင်တွေက သူတို့ကို ဇာတ်သွင်းခဲ့ကြတယ်။ ပြီးတော့ သူတို့တွေကို စည်းရုံးပြီး ချီဝါ လူမျိုးစု တွေကို ဖမ်းခိုင်းတယ်။ သူတို့တွေဟာ ရွာတွေကို ၀င်စီးပြီး ကျွန်တော်တို့ လူမျိုးတွေကို သတ်ဖြတ် နှိပ်စက်တယ်။ လည်ပင်းကို သံကြိုးတွေနဲ့ ချည်နှောင်ပြီး နွားတွေ မောင်းသလို၊ ပင်လယ် ဘက် မောင်းသွင်း ကြတယ်။ ခရီးက သုံးလခရီးဆိုတော့ လမ်းမှာသေတဲ့လူ များတယ်။ ပင်လယ်ကို ရောက်ရင် သူတို့ကို ကျွန်လှေတွေပေါ် တင်ပြီး ရောင်းစားလိုက်ကြတယ်။ ကျွန်လှေတွေက အများ အားဖြင့် ပေါ်တူဂီလှေတွေ။ အဲဒီ အတွက် သူတို့ ရွှေရတယ်၊ ဆားရတယ်။
စကော့လူမျိုးသာသနာပြု ဒေ့ဗစ်လစ်ဗင်းစတုန်းလို လူသာ ပေါ်မလာခဲ့ရင် ယာအိုတွေနဲ့ ချီဝါတွေ ဟာ ဒီသံသရာ က လွတ်မှာ မဟုတ်ဘူး။ လစ်ဗင်းစတုန်းက ကျွန်းကုန်ကူးတဲ့ စနစ်ကို ဆုံးခန်တိုင် ပေးခဲ့တ.် မာလာဝီ တွေကို ကုန်သွယ်ရေးလမ်းကြောင်း ဖွင့်ပေးခဲ့တယ်။ စာသင်ကျောင်းတွေ၊ သာသနာပြု ကျောင်းတွေ တည်ထောင်ပေးခဲ့တယ်။ ဒီလိုနဲ့ လူငယ်တွေဟာ ခေတ်ပညာတတ်တွေ ဖြစ်လာခဲ့တယ်။ ငွေရှာ တတ်လာကြတယ်။ အဲဒီအခါမှာ လူမျိုးစု တစ်ခုနဲ့ တစ်ခု ထစ်ခနဲရှိ ထမတိုက်ကြတော့ဘူး။ ဒီခေတ်မှာ ယာအို တွေ ကို ကျွန်တော်တို့က ညီအစ်ကိုတွေလို သဘောထား နိုင်လာခဲ့တယ်။ အမေဆိုရင် ယာအို ကပြား ပဲ။ ကျွန်တော်လည်း ယာအိုကပြားလေ။
ရေကန်ကြီးရဲ့ တောင်ဘက်စွန်းမှာ ရှိတဲ့ မန်ဂိုချီမြို့အကြောင်း အဖေ အများကြီး ပြောပြတယ်။ မန်ဂိုချီက ရှီယာမြစ်ဝမှာ ရှိတယ်တဲ့။ နောင် ကျွန်တော်စာအုပ်တွေ ဖတ်ဖြစ်တော့ ဒီမြို့အကြောင်း ပို သိလာတယ်။ အနောက်အာဖရိက မှာ ရောင်းဝယ်ဖောက်ကားမှု ပထမဆုံး တိုးတက်စည်ပင်လာ တဲ့ နေရာပေါ့။ မာလာဝီ၊ ဇမ်ဘီယာ၊ တန်ဇန်နီးယားနဲ့ မိုဇမ်ဘစ် ကုန်သည်တွေ လမ်းတကာမှာ ခြေချင်းလိမ်နေတယ်။ တစ်မြို့လုံးဟာ ဘာသာပေါင်းစုံ နဲ့ ပြောသံဆိုသံ သီချင်းသံတွေ လှိုင်နေ တယ်။ ချွေးနံ့၊ ငါးခြောက်နံ့၊ မဆလာနံ့၊ ပြောင်းဖူး ပေါက်ပေါက်နံ့ လည်း လှိုင်လို့ပေါ့။ အရက်ဆိုင် တွေလည်း ရောင်းကောင်းသမှ လက်မလည် နိုင်အောင် ပဲပေါ့။ ကုန်သည်ပွဲစားတွေရဲ့ အိတ်ထဲက ပိုက်ဆံတွေလည်း ပျိုက်ခနဲ ပျိုက်ခနဲပေါ့။ စားသောက်ဆိုင်တွေ၊ ရေပူချိုးခန်း တွေ၊ ကောင်မလေး တွေက ငွေအရွှင်ဆုံးပေါ့။ ဒါတွေက ကျွန်တော် အရွယ်ရလာမှ နားလည်လာတာပါ။ တချို့ ကုန်သည်တွေဆို အတွင်းခံ အ၀တ်အစားနဲ့ အိမ်ပြန်သွားကြရသတဲ့။
အဖေက သည်ကိစ္စတွေ ကင်းလို့ သူ့ကို "ဘုန်းတော်ကြီး" လို့ နာမည်ပေးထားကြသတဲ့။
"ဟေ့ကောင်၊ ဒီက ကောင်မလေးတွေ က အရမ်းနိပ်တာကွ၊ လာပါ။ မင်းအမေ့စကားတွေ မေ့ထား လိုက်ပါကွာ"
ဘာညာ ဘာညာ နဲ့ စည်းရုံးလည်း အဖေက မပါဘူး။ ဒီတော့ "ဟေ့ကောင်၊ ဘာလဲ မင်း သစ်ပင်ပေါ် က လိမ့်ကျ လို့ ဟိုဟာ ကွဲသွားတာလား" ဟု ပြောကြသေးတယ်။
အဖေ က ဘယ်သူ ဘာပြောပြော သူ့မူနဲ့ နေခဲ့လို့ "ဘုန်းတော်ကြီး" နာမည်တွင်ခဲ့တာပါ။
အဖေဟာ အလွန်ဗလကောင်း တဲ့ လူထွားကြီးတစ်ယောက်ပါ။ လူကောင် ကြီးသလို သောက်လုံး လည်း ကြီး ပါတယ်။ တစ်နေ့မှာ မိတ်ဆွေကုန်သည်တွေ ဒိုဝါကို ရောက်လာကြလို့ ၀ိုင်းဖွဲ့ ဖြစ်ကြ တယ်။ သူတစ်ယောက် တည်း ကားလ်စ်ဘတ် ဘီယာ ငါးဆယ့်ခြောက်ပုလင်း သောက်ခဲ့သတဲ့။ အိမ်ကို မနက် နှစ်နာရီမှ ပြန်ရောက် သတဲ့လေ။ အဲဒီလို ၀ိုင်းတွေမှာ လက်သီးထိုးပွဲတွေလည်း မကြာခဏ ဖြစ်တတ်တယ်။ အဖေက စိန်ခေါ်ရင် တိမ်ပေါ် အထိ လိုက်ထိုးမယ့် လူစားမျိုး။
သူဟာ ကုန်သည်ဈေးသည်လောကမှာ အရောင်းအ၀ယ် ကျွမ်းကျင်ရုံသာ မဟုတ်ဘူး။ ဘီယာ အသောက်နိုင်ဆုံး လူတစ်ယောက်အဖြစ်ပါ နာမည်ကြီးသူပါ။ သူ့ခွန်အားနဲ့ ပတ်သက်လို့လည်း ပြော စမှတ်ပြုကြရပါတယ်။ မာလာဝီမှာ "ခေါင်းတစ်လုံးတည်းနဲ့ အိမ်အမိုးကို မ မနိုင်ဘူး" ဆိုတဲ့ စကားရှိပါတယ်။ အဖေက ဒီဆိုရိုးကို လုံးဝ လက်မခံပါဘူး။
ဇူလိုင်လ ၆ရက်နေ့ဟာ အင်္ဂလိပ်လက်အောက်က မာလာဝီ လွတ်မြောက်ခဲ့တဲ့ လွတ်လပ်ရေးနေ့ပါ။ အမေရိကန် က ညီအစ်ကိုတွေရဲ့ ဇူလိုင်လ ၄ရက်နေ့လိုပေါ့။ ကျွန်တော်တို့ဆီမှာလည်း ပျော်စရာအဖုံဖုံနဲ့ လွတ်လပ်ရေးပွဲ ဆင်နွှဲကြစမြဲပါ။ အတီးအမှုတ် အကအခုန်တွေ၊ စားစရာ သောက်စရာတွေ အလျှံပယ်နဲ့ပေါ့။ ကောင်လုံးကင် လုပ် တဲ့ ပွဲတွေလည်း အများကြီး။
တစ်နှစ်မှာတော့ "ရောဘတ်ဖူမူလာနီ" လာရောက် ဖြေဖျော်ပါတယ်။ မာလာဝီရဲ့ နာမည်ကျော် အဆိုတော် လေ။ အဲဒီတုန်းက သူ့အသက် ၂၂နှစ်ပဲ ရှိသေးတယ်။ ဒိုဝါမြို့တော်ခန်းမမှာ သူသီဆို ဖြေဖျော်မယ်ဆိုတော့ အဖေ က သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
သူက အဖေ့အကြိုက်ဆုံး အဆိုတော်လေ။ ဖူမူလာနီရဲ့ သီချင်းတွေဟာ မာလာဝီဆင်းရဲသားများရဲ့ သရုပ်ကို အပီအပြင် ဖော်ကျူးတဲ့ သီချင်းတွေပါ။ ကျေးလက်အငွေ့အသက် အပြည့်ပါတဲ့ သီချင်း တွေပေါ့။
"ကာစန်ဂူ" မှာေ၇ာ၊ "လီလွန်းဂွေ" မှာရော "နုကိုတာကုတာ" မှာပါ သူပွဲတွေကို အဖေ နားထောင်ခဲ့ ဖူးတယ်။ သူ က အဖြူရောင်အင်္ကျီ အမြဲဝတ်ပြီးဆိုတတ်တယ်။ ဇာတ်စင်ပေါ်မှာ ပိုပြီး ကြွရွပေါ်လွင် နေတာပေါ့။
သိတော်မူကြ တဲ့ အတိုင်း လွတ်လပ်ရေးနေ့ဆိုတော့ ပြီးတော့ ဖူမူလာနီရဲ့ပွဲဆိုတော့ နေရာရဖို့ မလွယ် ဘူးလေ။ အဖေက အစောကြီးသွား တန်းစီပြီး လက်မှတ် ၀ယ်ထားတယ်။ ဒါပေမယ့် အချိန်စောသေးတာနဲ့ ဘီယာ ဆိုင် သွားထိုင်တာပေါ့။ ထုံးစံအတိုင်း များသွားတယ် ထင်ပါရဲ့။
ခန်းမဆောင်ကို သူ ရောက်သွားတော့ လူတွေ ကျိတ်ကျိတ်တိုးနေပြီ။ တန်းစီနေတဲ့ လူတန်းကြီးက အရှည်ကြီး။ အဖေက အတင်းတိုးပြီး ရှေ့ဆုံးရောက်တော့ ရဲက တားတယ်။ ရုံပြည့်ပြီးတဲ့။ ဘယ်သူ မှ အ၀င် မခံတော့ ဘူးတဲ့။
အဖေက လက်မှတ် ထုတ်ပြတယ်။ ဒါလည်း မရဘူးတဲ့။ အဖေက အစောင့်ရဲကို တွန်းပြီး အတင်းဝင် သွားတယ်။ ပွဲ စနေပြီ၊ အဖေ နောင်တရသွားတယ်။ မူဖူလာနီနဲ့ သူ့အကအဖွဲ့ မြူးနေကြပြီ။ ရှေ့မှာ လည်း နွားပေါင်း နဲ့ ဆိတ်ကောင်လုံးကင်ပွဲ က အသင့်။ ကးလ်စ်ဘတ်ဘူးတွေ၊ ပုလင်းတွေက အလျှံပယ်။
အဖေ က ရှေ့တန်းရောက်အောင် အတင်းတိုးဝှေ့ ၀င်သွားတယ်။ ဖူမူလာနီ က သူ့ကို ထားသွားတဲ့ သူ့မိန်းမ ကို ဖွဲ့ဆိုထားတဲ့ သူအကြိုက်ဆုံး "ညီမလေး သီချင်းကို ဆိုနေတယ်။
"မိန်းကလေးရယ်
မစိမ်းကားပါနဲ့ကွယ်။
ကိုယ် ဆင်းရဲနေလို့ မစော်ကားနဲ့လားကွယ်။
ကိုယ့်အနာဂတ်ကို မင်း မသိဘူးလေ"
ဂီတသံမှာ အဖေ မျောပါသွားတယ်။ အဖေဟာ အလွန် အက ကောင်းတဲ့လူပါ။ သူ့စိတ်ကို မထိန်း နိုင်တော့ ပါဘူး။ ဧရာမ ခန္ဓာကိုယ်ကြီးကို လေထဲမှာ ၀ဲနေအောင် ကပါတော့တယ်။ သီချင်း သံရော၊ ဂီတသံပါ ရုတ်တရက် ရပ်သွားတယ်။ အဖေ မျက်လုံးဖွင့်ကြည့်လိုက်တယ်။ ပရိသတ်ဟာ မီးကို ရေနဲ့ သတ်လိုက်သလို ငြိမ်သွားတယ်။
ရောဘတ်ဖူမူလာနီ က စင်ပေါ်ကနေပြီး အဖေ့ ကို ဒေါသမီးတောက်နေတဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်တယ်။
ဆက်ရန်
.
1 comment:
ခုမှ အပြေးလာဖတ်သွားတယ် အစ်မရေ..
ဆက်ဖတ်လိုက်ပါဦးမယ်
Post a Comment