Friday, December 24, 2010

ပဆစ်အိမ် အပိုင်း (၁၆)

ဟင်းမကြိုက်၍ သွားရည်စာ စားဖို့ ဆိုသည်လည်း မဟာ စွန့်စားခန်းပင်။ ကိုယ့်ပိုက်ဆံ နှင့် ကိုယ်ဆို အအေး တစ်ခွက်သောက်ဖို့ ကိုယ့်ပါးစပ်ကိုယ် မသဒ္ဓါချင်။
သည်တော့လည်း အ၀တ်ဆန်းကလေးတွေ လက်ဆောင်ရတော့ လိုချင်သည်ပေါ့။ ဘတ်စ်ကား အစား ကိုယ်ပိုင်ကား ကလေး နှင့် ကြော့ကြော့မော့မော့ ပြန်ရသည်ကို ကြည်နူးမိသည်ပေါ့။
ဆင်ခြေဖုံး က ရုံစုတ်ကလေးတွေမှာ "စတော" က ကြည့်ရမည့်အစား လေအေးရုံမှာ "ဒီစီ" က ကြည့်ချင် ပေ မပေါ့။

ပထမတန်းစား ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေဆိုလျှင် ကိုယ့်ဘာသာကိုယ် ဆိုပါက အနားပင် မသီနိုင်၊ သဒ္ဓါပေါက် ၍ ကျွေးမည့်မွေးမည့်သူ ရှိလာတော့လည်း အမြိန့်သား စားမိ သည် အမှန်။
သည်လို နှင့် ပိတ်စတစ်စ၊ ခေါက်ထီးတစ်လက်၊ ကားတစ်ခေါက်၊ ရုပ်ရှင်တစ်ပွဲ၊ အအေး တစ်ခွက်၊ ထမင်းတစ်နပ် နှင့် ဘ၀ဆုံးပါးသူတွေလည်း ဒုနှင့်ဒေး ရှိသည်။ လူစုံသော ဘော်ဒါ ဆောင်မှာ နေနေရသည့် ဇင် သည် မိမိ မျက်စေ့ရှေ့မှာပင် ဒါမျိုးတွေ ရိုးလုအောင် မြင်ရဖူး သည်။ တွေ့ရဖူးသည်။ ကြုံဆုံရဖူးသည်။

ဇင် ကိုယ်တိုင် ရှောင်ကြဉ်ချင်ပေမယ့် ဇင် ကိုယ်တိုင် သာယာမိသည့်အဖြစ်ကို ဖုံးကွယ် မထားနိုင်။
ကိုယ့်ကိုယ် ကို သာယာမှု့ ရေစီးနောက် အစဉ်တစိုက် မျောပါမသွားဖို့လောက်သာ ကြိုးစားနိုင်သည်။ အန္တရာယ် ကို ရှောင်တိမ်းနိုင်အောင် အားထုတ်ရသည်။
ဇင့် မှာက လက်နက်ကောင်းကလေးများလည်း ရှိသည်။ အပျို မဟုတ်သည်က တစ်ချက်၊ အသက် မငယ် တော့ သည် က တစ်ချက်၊  ကိုယ့်ကိုယ်ကို ထိန်းနိုင်သည်ဟု ယုံကြည်သည်က တစ်ချက်။ သည်အချက် ကလေး တွေကြောင့် ယခု အချိန်အထိ ဇင်သည် လွတ်မြောက်သည့် နယ်မြေ တွင် ရှိနေရခြင်း ဖြစ်သည်။

မေမေသာ ရန်ကုန်မှာ လာနေပေးနိုင်မည်ဆိုလျှင်တော့ အလွန်အဆင်ပြေမည်။ သို့သော် မေမေသည် ဘယ်အခါ မျှ လာနေပေးလိမ့်မည် မဟုတ်ချေ။
မေမေသည် ရန်ကုန် လူနေမှု စနစ်ကို ကြောက်သည်။ ဘတ်စ်ကားကို ကြောက်သည်။ ဆူညံမှု ကို ကြောက်သည်။ ရွှေတောင်ကြား လို နေရာမျိုးမှာ တိုက်နှင့်ကားနှင့် ထားနိုင်လျှင်တော့ အဟုတ်သားပေါ့။ ယခု တော့ ဇင်က သိန်းထီ ဆယ်စုလုံးလည်း မပေါက်။ မီလျံနာနှင့်လည်း မညား။

ခက်တော့လည်း အခက်သားကလား။
ဇင်ဘ၀က သဒ္ဒါပေါက်သူရှိပြီး အိမ်သို့ ကားနှင့်ပြန်အပို့ ခံရမှု သည်ကနေ့အတွက် ကုန်ကျမည့် ဘတ်စ်ကားခ ကို ငွေပိုငွေလျှံ ထဲ စာရင်းတို့နိုင်သည့် အခြေမှာသာ ရှိသည်။
သို့ပေမယ့် ပစ္စည်းမယူပါနဲ့၊ လူလဲ ချမ်းသာပေးပါဆိုသလိုပါပဲ။ လူကို အထိမခံနိုင်၊ ဂုဏ်ကို အထိပါးမခံနိုင်။
ထို့ကြောင့်လည်း ဇင်သည် အလေးအနက်သမားများကို ကြောက်သည်။ ခုမြင် ခုပျောက်၊ ခုတွေ့ ခုမေ့ ဆိုသည့် လူစားမျိုးနှင့်သာ တွေ့ချင်သည်။

အလေးအနက်သမားတွေက ခက်သည်။ ကျန်လူစားတွေကတော့ ကျွန်မ အပျိုမဟုတ်ပါ ဆိုသည်နှင့် လန်သွားသူ တွေလည်း ရှိသည်။ ကလေးနှစ်ယောက် အမေပါဟု သိသည်နှင့် တစ်ပြိုင်နက် ချန်ထားရစ်သူ တွေလည်း ရှိသည်။
အဓိက ကတော့ ကိုယ့်ကို အန္တရာယ် မပေးနိုင်အောင်နှင့် အမည်းစက် ထင်မကျန်ရစ်အောင် ရှောင်ကွင်း နိုင် ဖို့ပဲ ဖြစ်သည်။ ယခုတော့လည်း သည်အဋ္ဌာရသတွေကို ကျွမ်းကျွမ်းကျင်ကျင် မဟုတ်တောင် ထိုက်သင့် သလောက် တော့ ဇင့် က တတ်ခဲ့ပြီ ဖြစ်သည်။

ဇင် သည် လောဘမကြီးတတ်။ ရေဆုံးရေဖျား မလိုက်တတ်။
တော်ပါပြီ။ ထမင်းတစ်နပ်၊ ကားတစ်ပတ် လောက် ဆိုလျှင်ပင် လူတစ်ယောက် အပေါ် ကျေနပ် ပါပြီ။ လောဘကြီး လာပြီဆိုလျှင်တော့ ထိဖို့သာ ပြင်ပရော့။
တစ်ချို့ကတော့ လောဘကြီးသည်။ ဥပမာ ... အဆောင်မှ သီတာညိုလို မိန်းကလေး။ လှသည်၊ အနုပညာ ထက်သန်သည်၊ ရုပ်ရှင်မင်းသမီး ဖြစ်လိုသည်။ ကျောက်စိမ်းသမားဆိုသူ တွေနှင့် ပေါင်းမိသည်။ အစ ကတော့ ရုပ်ရှင်ပဲ ရိုက်တော့ မလိုလို၊ ရွှေတောင်ကြားလမ်းမှာ တိုက်ဝယ်တော့မလိုလို၊ ကားစီး ရတော့ မလိုလို နှင့်။ ဘာမှ ဖြစ်မလာ၊ နောက်တော့ မှ သူ့လူတွေ တစ်ကြိမ်တစ်ခါသာ ပွလိုက်သည့် ကျောက်ပွဲစား တွေမှန်း သိရသည်။

သည်အခါ ကျတော့ လွန်နေပြီ။ သီတာညိုတို့ ပျက်စီးခဲ့ပြီ။
နော်ရာ တို့ကတော့ ကိုယ့်အကြောင်း ကိုယ်သိ၍ထင့်၊ အလွန်ရှောင်သည်။ အလွန်တိမ်းသည်။ ပထွေး ကြောင့် အိမ်မှ ဆင်းပြေးလာခဲ့ရပြီး အဆောင်နေကာ လက်ထပ်ယူမည့် ငယ်ရည်းစား စစ်ဗိုလ်ရှေ့တန်းမှ အပြန် ကို စောင့်နေသည်။

သည်လောက မှာက လည်လျှင်လည်၊ မလည်လျှင်ရပ်။ အလတ်တန်းစားလောက်ဆိုလျှင် တော့ မလွယ် ရေးချ မလွယ်။
ဇင်သည် ဦးတင်မောင်သန့်ဘက်က လေးနက်လာ၍ ကိုယ်ရှိန်တန့်ခဲ့သည်။ သာမန် အနေ အထား ဆိုလျှင် တော့ မဆိုးပါဘူး။ ဇင့်အနေနှင့် ထမင်းတစ်ပွဲ စားလိုက်... အအေးတစ်ခွက် သောက်လိုက် သည်လောက်လေး ကြောင့် သူ့လို သူဌေးတစ်ယောက် အဖို့ နစ်နာစရာ ဘာမျှ မရှိ။ သည်သဘော နှင့် ဆက်ဆံ ခဲ့သည်။

သို့ပေမယ့် သည်လူက အခက်သား။ လေးဆယ်ကျော်ကာမှ ငယ်မူပြန်နေပြန်သည်။
သည်ကနေ့ ဇင့်မွေးနေ့။ ဇင် ရွှေတိဂုံဘုရား သို့ တက်သည်။ သူနှင့် ဖုန်းဆက်တော့ သည်အကြောင်း ပြော မိသည်။ သူက ဇင့်ကို အဆောင်သို့ လာခေါ်သည်။
သည်ကနေ့တော့ ဦးတင်မောင်သန့် က အင်းလျားလိတ်ကို ရွေးသည်။ ဇင့်ကို ညစာကျွေးသည်။

ဆောင်းနှောင်းည တစ်ည ဖြစ်သည်။
ပူပြင်းစ ပြုလာပြီ။
အင်းလျားလိတ် ၏ အအေးခန်းမှ ထွက်လာပြီးနောက် အိုက်စပ်စပ် ရှိလာသည်။ ရှစ်မိုင်ဘက်မှ လှည့်ပြန်ပြီး အင်းလျားကန် ရေစပ်တွင် ကားရပ်သည်။ လေညှင်းခံသည်။ ထိုအတွက် ဇင့်မှာ ကန့်ကွက်စရာ မရှိပါ။ သည်နေရာ မှာက လူမပြတ်လှ။ ကားအသွားအလာ ထူပြောသည်။ ဇင်သည် ရေစပ်သို့ လာသည်။ သူက ဇင့်နောက် မှ လိုက်လာသည်။

"မသက်ဇင်"
သူက ခေါ်သဖြင့် ရေစပ်နှင့် မနီးမဝေးတွင် ဇင် ရပ်နေလိုက်သည်။
"ဒီကနေ့ မသက်ဇင် မွေးနေ့နော်"
"ဟုတ်ပါတယ်၊ ဒါကြောင့်ပဲ ဦးတင်မောင်သန့် ဇင့်ကို တကူးတက ထမင်းလိုက်ကျွေးတာ မဟုတ်လား"
"ဟုတ်ပါတယ်၊ ဒီလောက်နဲ့ ကျေနပ်နိုင်ရိုးလား မသက်ဇင်ရယ် …"

"ဒီထက်ဘာများ ဖြစ်စေချင်သေးလို့လဲ ရှင်ရယ်"
"မသက်ဇင် အတွက် မွေးနေ့လက်ဆောင် ပေးချင်သေးတယ်"
"တော်လောက်ပြီ ထင်ပါရဲ့၊ ထမင်းတစ်ပွဲ ကပဲ မနည်းကျနေပါပြီ"
"ထမင်းတစ်ပွဲကြောင့် မွဲမသွားပါဘူးဗျာ၊ ကျွန်တော်က အမှတ်တရလဲ ရှိစေချင်တယ်လေ"
သူသည် အင်္ကျီအိတ်အတွင်း မှ ဘူးတစ်ခုကို ထုတ်ယူသည်။

"ဒီမှာကြည့်စမ်း" ဆို၍ ဇင် လှမ်းကြည့်လိုက်သည်။
လက်စွပ် တစ်ကွင်း ပါပဲ။ စိန်ဖြစ်မယ် ထင်ပါရဲ့။ မီးရောင် မှာ လက်နေသည်။
ဇင် သည် တုန်သွားသည်။
သည်လိုပါပဲ။ မောင်နှင့်တုန်းကလဲ စိန်လက်စွပ်ရောက်လာသည် က စကြတာပါပဲ။

"အင်းလျားလိတ်မှာထဲက ပေးဖို့ပါ။ လူတွေများနေတာနဲ့"
"ဟင့်အင်း … ဇင် မယူပါဘူး"
"ဘာလို့ မယူရမှာလဲ၊ တမင် မသက်ဇင်အတွက် ရည်စူးထားခဲ့တဲ့ ဥစ္စာ"
"မယူဘူး … ဇင် မယူဘူး"
မှိန်ပြေပြေ လမ်းမီးရောင် တွင် ဇင်၏ တုန်လှုပ်နေသော မျက်နှာကို သူ အံ့အားသင့်စွာ ကြည့်နေသည်။

"အမှန်ပြောတာပါ ဦးတင်မောင်သန့်၊ ဇင် မယူချင်ဘူး"
"ဘာဖြစ်လို့ ဒီလောက် ခါးသီးနေရတာလဲ မသက်ဇင်ရယ်၊ ကျွန်တော် အခွင့်အရေး လိုချင်လို့ ဒါကို ပေးတာ မဟုတ်ဘူး ဆိုတာ ယုံပါ"
"အို … ဇင် မယူပါစေနဲ့ရှင်"

"ကျွန်တော့်စေတနာကို အသိအမှတ်ပြုတဲ့အနေနဲ့"
"ဇင် မယူဘူး"
ဇင်၏ အသံသည် အတော်ကြီး ကျယ်လောင်သွားသည်။
ဦးတင်မောင်သန့် ၏ မျက်နှာသ်ည တင်းမာသယောင် ဖြစ်သွားသည်။

"ဒီမှာ မသက်ဇင်၊ ကျွန်တော် အခွင့်အရေးတစ်ခုခုကို လိုချင်လို့လို့ ထင်ရင် ဒီကနေ့ကစပြီး နောက် ကျွန်တော့် ကို ဘယ်တော့မှ မခေါ်နဲ့၊ လမ်းတွေ့ရင်တောင် နှုတ်မဆက်နဲ့၊ ကျွန်တော်လဲ မသက်ဇင်ကို ဖြတ် လိုက်တော့မယ်။ ကျွန်တော် ဒီလက်ဆောင်ကို လုပ်လာတာ ဆန်ပေးမှ ဆေးရ ဆိုတဲ့ သဘောမျိုး မဟုတ့်ဘူး၊ စိန်နဲ့ ရွှေနဲ့ ပိုက်ဆံနဲ့ ဖြားယောင်းတယ်ဆိုတာ အောက်တန်းစားဆံတဲ့ လူတွေရဲ့ အလုပ်ပဲ၊ ဒါမျိုး ကျွန်တော် ၀ါသနာ မပါဘူး"

"ဘာပဲပြောပြော ဇင့်ကို ပေးလို့ မရတာ သေချာတယ် ဦးတင်မောင်သန့်၊ ဘယ်နည်းနဲ့မှ ဇင် ယူမှာ မဟုတ် ဘူး"
"တကယ်ပဲလား"
"တကယ်ပဲ"
"ဒါဖြင့်"
"အို … ဘယ်လို လုပ်လိုက်တာလဲ"
ဦးတင်မောင်သန့် ၏ လက်မြောက်သွားသည်။ သူသည် ကော်ဘူးပါ စိန်လက်စွပ် ကို လက်တစ်ဆုံးဆန့်၍ ရေထဲ သို့ လွတ်ပစ်လိုက်ခြင်း ဖြစ်သည်။

ကော်ဘူးသည် ရေထဲသို့ မှောက်လျက်ကျကာ ပေါလောမျောနေသည်။ ကော်ဘူးထက် လေးသည့် စိန်လက်စွပ် သည် ခပ်လှမ်းလှမ်းသို့တိုင် ရောက်သွားကာ ရေထဲသို့ စွပ်ကနဲ မြုပ်သွားသည်ကို ဇင် ထင်ထင် ရှားရှား တွေ့လိုက်ရသည်။
နောက်ဆုံး ပြိုးပြက်သွားသည့် အရောင် ကို မြင်လိုက်ရသည်။

ဇင်သည် မင်သက်မိသလို ရှိသည်။ ကြက်သေ သေနေသည်။
"သွားကြရအောင်"
ဦးတင်မောင်သန့်သ်ည မော်တော်ကားဆီသို့ ပြန်လျှောက်သွားသည်။
ဇင် ရောက်လာမခင်မှာပင် စက်နှိုးပြီး ဖြစ်နေသည်။ ဇင်က တွန့်ဆုတ်စွာဖြင့် ကားအတွင်း ၀င်ထိုင် လိုက်သော အခါ ကားကို မောင်းထွက်ခဲ့သည်။

စကားမပြောဖြစ်ကြ။ ငြိမ်နေသည်။
အဆောင်ရှေ့သို့ ရောက်လာသည်။
ဇင် ရုတ်တရက် ကားပေါ်မှ မဆင်းခဲ့။
"ဇင့်ကို စိတ်ဆိုးနေသလား"
"မဆိုးပါဘူး"
"ကျွဲမြီးတော့ တိုတယ်ဆိုပါတော့"
"မသက်ဇင် ဘာလို့ ကျွန်တော်စေတနာကို စော်ကားရတာလဲ"

"ဇင်မှ မလိုချင်တဲ့ ဥစ္စာ"
"ဒါဖြင့်လဲ ပြီးပြီပေါ့၊  ဒီကိစ္စကို မေ့လိုက်ကြရအောင်"
"ဇင် ကတော့ မမေ့ပါဘူး"
"ကျွန်တော်ကတော့ မေ့ထားလိုက်မှာပဲ"
"ဇင် သွားတော့မယ်"
"ကောင်းပါပြီ"
ထိုနေ့ညက ဇင် အိပ်မပျော်နိုင်။

မောင်နှင့် ကွဲကွာခဲ့ပြီးကတည်းက သည်တစ်ခါ သတိရအရမိဆုံးပဲ ထင်သည်။ အတိတ် ဟောင်းသည် စိတ်ကြေးမုံပြင် မှ လာဟပ်သည်။
မောင့်အတွက် မိဘ များက နောက်ဆုံး ပေးကမ်းစွန့်ကြဲလိုက်သည့် လက်စွပ်။ ဇင် တစ်သက်မှာ တစ်ခါသာ ရဖူးသော စိန်။
ညဘက်မှာ တော်တော်နှင့် အိပ်မပျော်ဘဲ လက်စွပ်ကို မီးရောင်တွေင် အမျိုးမျိုးထောင်ကြည့် ကာ အကြိမ်ကြိမ် နမ်းခဲ့မိသည့် အဖြစ်။
ဇင် တို့ ဘ၀ကို စိန်လက်စွပ်နဲ့ စခဲ့သည်ပဲ မဟုတ်လား။

သည်လိုနှင့် ဇင်နှင့် မောင့်ဘ၀ကို နိဂုံးချုပ်ခဲ့ရသည်ပဲ မဟုတ်လား။
ဒါကြောင့်လည်း စိန်ဆိုလျှင် စိတ်နာချင်သည်။
မေမေက "သမီးရယ် မိန်းကလေးဆိုတာ ဒီအချိန် ဒီအရွယ်မှာတော့ စိန်နားကပ်နဲ့ တင့်တယ်တာကွယ့်၊ ငွေစုပြီး စိန်နားကပ် ကလေးတစ်ရံတော့ ၀ယ်ပါလားကွယ်" ဆိုစဉ်က ဇင် ခါးခါးသီးသီး ငြင်းခဲ့သည်။
ဝယ်မ၀တ် နိုင်တာလည်း ပါသည်။ စိတ်နာတာလည်း ပါသည်နှင့် ဇင့်နားမှာ ပတ္တမြား နားကပ် ကလေးသာ ရှိခဲ့သည်။

ယခုတော့ ဦးတင်မောင်သန့်က စိန်နှင့်ပင် စလာပြန်သည်။ စိန်ကိုပင် ယူလာပြန်သည်။
သူ ဒီအထိ စိတ်မြန်လက်မြန် လုပ်လိုက်လိမ့်မည်လည်း မထင်ခဲ့။ ကြိုသိခဲ့လျှင်တော့ ခေတ္တ ဖြစ်ဖြစ် ယူထားပြီး နောက်မှ တစ်နည်းတစ်ဖုံ ပြန်ပို့ရလျှင် အကောင်းလေသား။
နောက်တစ်နေ့ နံနက် ဖုန်းဆက်တော့ ဦးတင်မောင်သန့်၏ အသံမှာ အကောင်းပကတိပင်။ ဘာမျှ မဖြစ်ခဲ့ သလိုပင်။ ချိုချိုသာသာ ရှိသည်။
သည်တစ်ပတ် လဲသည့် ရုပ်ရှင်ကားကို ကြည့်ကြဖို့ ဖြစ်သည်။ ဇင် ငြင်းလိုက်ပါသည်။

"ည က ကိစ္စ ပြောရအောင်"
"ဘာကိစ္စလဲ"
"အစက ဦးတင်မောင်သန့် ဒီလောက် စိတ်လိုက်မာန်ပါ လုပ်လိုက်လိမ့်မယ် မထင်ဘူး"
"မသက်ဇင် ဘာကို ပြောနေတာလဲ"
"စိန်လက်စွပ်ကို ပြောနေတာရှင့်၊ သိပလား"
"သြော် …"
"ဘယ်လောက်တန်မလဲ ဟင်"
"ငါးသောင်းတင်ပါ"
"အို …"

"ကျွန်တော်တော့ ပျော်သွားတယ်၊ ငွေငါးသောင်းကို ရေထဲ တကယ်လွှတ်ပစ်ရင် အခုလောက် ရှောရှောရှူရှူ ဖြစ်မှာ မဟုတ်ဘူး"
"အို … ရှင်ရယ် …"
ဇင်ကတော့ ရေငုပ်ကိရိယာတွေ ယူပြီး သွားချင်လှသည်။ ငွေငါးသောင်း ရေထဲကျပြီး ဇာတ်သိမ်းသွားခန်းမှာ အရောင် ကလေး တစ်ချက် ပြိုပြက်ပြီး စွပ်ကနဲ မြည်လိုက်ရုံသာ ရှိသည်။
ငါးသောင်း ဟူသည်မှာ ဇင်တို့ အတန်းအစားအဖို့ လူတစ်ယောက်၏ ဘ၀ကို ပြောင်းလဲသွားစေ နိုင်သည့် ငွေကြေးမျိုး ဖြစ်သည်။ ဇင်တို့လို မရှိဆင်းရဲသားအဖို့ ခါးပူအောင်ထိုင်ကာ ခြေတို အောင် လမ်းလျှောက် ရှာသည့် တိုင် မရနိုင်သည့် ငွေကြေးမျိုး ဖြစ်သည်။

ဇင် အမှန်ပင် စိတ်မကောင်းနိုင်ခဲ့။
ဆင်းရဲ နွမ်းပါးသော ကလေးတစ်ယောက် ရေလာကူးရင်း တွေ့သွားပါစေဟုသာ ဆုတောင်း ရပါတော့ သည်။
သည်ကိစ္စဖြစ်အပြီးမှာတော့ ဇင်သည် ဦးတင်မောင်သန့်၏ စိတ်ဓာတ်ကိုပါ အကဲခတ်၍ ရနိုင်စွမ်းလာသည် ထင်ပါ။
ခံစားလွယ်သည်။ ထိခိုက်လွယ်သည်။

ပြေပျောက်လွယ်သည်ဟူ၍တော့ မပြောရဲပါ။ အချို့သည် ခံစားလွယ်၊ ထိခိုက်လွယ်သလောက် အမှတ် သညာ ကြီးကြသည့်အဖြစ် ကို ဇင် မြင်ဖူးသည်။
နှမြောမိသသော်လည်း ဇင့်စိတ် တွင် ၀မ်းသာရသော  အကြောင်းကတော့ ရှိနေသည်။
ဇင် လောဘမကြီးသည့် အကြောင်းကို သူ သိနိုင်သည်။ ဇင်သည် ကျွေးတိုင်းစားကာ ပေးတိုင်း ယူတတ် သည့် မိန်းမစားမျိုး မဟုတ်သည် ကို သဘောပေါက် နိုင်လိမ့်မည် ထင်ပါသည်။

ဆက်ရန်
.

2 comments:

ကိုဇော် said...

အင်း. . .အရင်းအနှီး . . .အလျော်အစား . .
ခက်တယ်. . ခက်တယ်..

Anonymous said...

ထမင်းတစ်ပွဲ အအေးတစ်ခွက်အတွက် ယောက်ျားတစ်ယောက်ခေါ်ရာ လိုက်တယ်ဆိုတော့ အပေါစား ပြည့်တန်ဆာစိတ်ပဲ။ အတည်တော့ မယူချင်ဘူး၊ ညာစားကောင်းရုံ အပျော်ကြံမယ်ဆိုပြီး ကြံရင်း ကိုယ်က ပေးလိုက်ရတဲ့ အမျိုးသမီးတွေ ဘယ်လောက် များပြီလဲ။