Friday, December 24, 2010

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၁၃)


ဒင်နီ၏ သူငယ်ချင်းများသည် ကောင်းမှုပြုသော အဖွဲ့တစ်ဖွဲ့ ဖြစ်လာခြင်း၊ ဆင်းရဲဒုက္ခ ရောက်နေသည့် ပင်လယ်ဓားပြကို ကူညီစောင့်ရှောက်ကြခြင်း

ပင်လယ်ဓားပြ ကို လူအများက နေ့စဉ်မြင်ကြသည်။ သူ့ကို မြင်သည့်အခါ တချို့က ရယ်ကြသည်။ တချို့ ကတော့ သူ့ကို သနားကြ၏။ သို့သော်လည်း သူ့အကြောင်းကို ရေရေရာရာ သိသူတစ်ဦးမှ မရှိ။ သူ့ကို အနှောင့်အယှက် ပေးမည့်လူလည်း တစ်ဦးမှမရှိ၊ သူ့ကိုယ်လုံးကိုယ်ထည်မှာ အလွန်ကြီးမားပြီး ရင်အုပ် ကျယ်ကျယ် နှင့် ဧရာမလူကြီး ဖြစ်သည်။ ထူထပ်ပြီး မည်းနက်သော မုတ်ဆိတ်ရှည်ကြီးရှီသည်။ သူသည် ဂျင်းဘောင်းဘီအပြာ နှင့် ရှပ်အင်္ကျီအပြာကို ၀တ်သည်။

ဦးထုပ်တော့ မဆောင်း။ မြို့ထဲလာလဆင် ရှူးဖိနပ်စီး သည်။ လူကြီးတစ်ယောက်ယောက်နှင့် ရင်ဆိုင် တွေ့သည့် အခါ များတွင် ပင်လယ်ဓားပြ၏ မျက်လုံးများသည် ကြောက်ရွံ့ခြင်းကို ဖော်ပြတတ်သည်။ ကြောက်လန့်ပြီး ထွက်ပြေးဟန်ပြင်နေသော တိရစ္ဆာန်တစ်ကောင်၏ အကြည့်မျိုးနှင့် အလွန်တူသည်။ ဤ အကြည့် ကြောင့် မွန်ထရေးမြို့ရှိ ပီဆာနိုးလူမျိုးများက ပင်လယ်ဓားပြ၏ ဦးနှောက်သည် သူ့ခန္ဓာကိုယ်ရှိ အခြား အစိတ်အပိုင်း များ လို ကြီးမားဖွံ့ဖြိုးခြင်းမရှိဟု နားလည်ကြသည်။

သူတို့က အလွန်ကြီးမားရှည်လျားသော သူ့မုတ်ဆိတ်ကြီး ကို ကြည့်ပြီး " ပင်လယ်ဓားပြ " ဟု ခေါ်ကြခြင်း ဖြစ်၏။ ထင်းခြောက်များ တင်ထားသည့် လက်တွန်းလှည်း ကို တွန်း၍ လမ်းတကာတွင် ၀င်ထွက် သွားလာ နေသော ပင်လယ်ဓားပြ ကို လူအများက နေ့စဉ်မြင်တွေ့ကြသည်။ သူသည် ထင်းအားလုံးရောင်း၍ မကုန်မချင်း လက်တွန်းလှည်း ကို တွန်း၍ မရပ်မနား သွားနေလေ့ရှိ၏။ 

သူသွားလေရာသို့ သူ့နောက်မှ တကောက်ကောက် လိုက်နေ သည့် အုပ်စုမှာ သူ၏ ခွေးငါးကောင်ဖြစ်သည်။ အင်ရီခွေး၏ အမြီးသည် အမွေး ထူထူ ပွပွ ဖြစ်သော်လည်း ပုံပန်းသဏ္ဍာန်က ခွေးသမင် နှင့် တူသည်။ ပါဂျာရီကို သည် အညိုရောင်ဖြစ်၍ အမွေးများ မှာ တွန့် လိပ်လိပ်ဖြစ်၏။

ဤခွေးတွင် ထူးခြားမှုဆို၍ ဤနှစ်ခုသာလျှင်ရှိသည်။ ရူးဒေါ့ကို မြင်ကြသော လမ်းသွားလမ်းလာ များက " ဒီခွေး ဟာ အမေရိကန်ခွေးပဲ" ဟု ပြောကြသည်။ ဖလတ်မှာ ခွေးဘီလူးအငယ်စားမျိုးဖြစ်၍ ဆီညောင် အလက်သွန်မဆင် မှာ အေရီဒေးလ် ခွေးမျိုးတစ်ကောင်ဖြစ်လေသည်။ သူတို့ ငါးကောင်သည် ပင်လယ်ဓားပြ နောက် မှ တပ်စုလေးတစ်စု သဖွယ် အမြဲတစေ လိုက်လာလေ့ရှိ၏။ သူတို့သည် သူတို့သခင်ကို အလွန်ရိုသေ ကြ သည်။ သခင် ၏ မျက်နှာ၇ိပ် မျက်နှာကဲကို ကြည့်၍ နေထိုင်တတ်ကြသည်။ သခင် သူ့ လက်တွန်းလှည်း ကို ရပ်၍ ခဏတစ်ဖြုတ် ထိုင်နားသည့် အခါ သူတို့သည် သခင်၏ ရင်ခွင်ထက်သို့ သူ့ထက်ငါ ဦးအောင် အလု အယက် တက်ထိုင်ကြသည်။ ပြီးတော့ သူတို့ နားရွက်များကို နောက်ခြေနှင့် ကုတ်နေတတ် ကြလေ သည်။

အချို့လူများသည် ပင်လယ်ဓားပြ ကို နံနက် စောစောစီးစီး အလ်ယ်ဗာရေးဒိုး လမ်းမကြီးပေါ်၌ သွားလာ နေသည် ကို မြင်တွေ့တတ်ကြသည်။ တချို့ကတော့ သူ ထင်းခွေနေသည်ကို မြင်တွေ့တတ်ကြ၏။ တချို့ ကမူ သူထင်းရောင်းသည်ကို ပါ သိကြသည်။ ပီလွန်မှလွဲ၍ အခြားလူအားလုံးသည် ပင်လယ်ဓားပြ အကြောင်း ကို သည့်ထက်ပိုပြီး မသိကြချေ။ သူ ဘာတွေ လုပ်နေသည်ကိုလည်း မသိကြချေ။ သို့ သော်လည်း ပီလွန် ကတော့ ကောင်းကောင်းသိ၏။ တကယ်တော့ ပီလွန်သည် လူတိုင်းကိုသိ၏။ လူတိုင်း၏ အကြောင်း ကိုပါ သိ၏။ အရာရာတိုင်းကိုလည်း သိ၏။

ပင်လယ်ဓားပြ သည် တော်တီလာဖလက် ရပ်ကွက်အတွင်းရှိ လူမနေသော အိမ်တစ်လုံး၏ ခြံဝင်းထဲမှ စွန့်ပစ် ထားသော ကြက်ခြံတစ်ခြံ တွင် နေသည်။ သူသည် လူမရှိသော အိမ်ထဲ၌ ၀င်၍နေပါက ဇက်ရဲလက်ရဲ နိုင်လွန်း သည်ဟု အထင်ခံရမည်ကို တွေးတောပြီး စိုးရိမ်ဟန်တူ၏။ အိမ်ထဲသို့ဝင်၍ မနေချေ။ သူ့ခွေးများ သည် သူ့ဘေး ပတ်ပတ်လည်နှင့် သူ့ကိုယ်ပေါ် တွင် နေကြသည်။ ပင်လယ်ဓားပြကလည်း သူ့ခွေးများနှင့် ထိုကဲ့သို့ နေရခြင်း ကို သဘောကျသည်။ ခွေးများ သူ့အနီး၌ ကပ်၍ အိပ်နေကြသည့်အတွက် အေးမြသော ညများ တွင် နွေးနွေးထွေး ထွေး အိပ်ရသည်။ အကယ်၍ သူ့ခြေဖျား အေးလာပါက သူ့ခွေး ဆီညော် အလက်သွန်မဆင် ၏ ဗိုက်အောက်သို့ ထိုးသွင်းထားလိုက်ခြင်းဖြင့် ပူနွေးလာနိုင်သည်။ သူ နေထိုင်လျက် ရှိသော ကြက်တဲ မှာ အလွန်နိမ့် လှသည်ဖြစ်ရာ အထဲ သို့ ၀င်သည့် အခါတိုင်း လေးဖက်ထောက်၍ ၀င်ရ လေသည်။

ပင်လယ်ဓားပြ သည် နေ့စဉ်နံနက်တိုင်း အိပ်ရာမှ အစောကြီးထကာ ကြက်တဲအပြင်သို့ လေးဖက်တွား၍ ထွက်သည်။ သူ့ခွေးများကလည်း အမွေးများကို ခါ၍ အေးမြသော လေကို အနံ့ခံ၍ သူ့နောက်မှ ကပ်လိုက်ကြ သည်။ ထို့ နောက် သူတို့အုပ်စုသည် မွန်ထရေးမြို့ထဲသို့ သွားပြီး နောက်ဖေးလမ်းကြားတစ်ခုတွင် ၀င်၍ လုပ်စရာ ရှိသည် များကို လုပ်ကြသည်။ သူတို့ဝင်သော နောက်ဖေးလမ်းကြားတွင် စားသောက်ဆိုင် လေးဆိုင် ငါးဆိုင် ခန့် ရှိသည်။ ပင်လယ်ဓားပြ သည် ထိုဆိုင်တစ်ဆိုင် ၏ နောက်ဖေးတံခါးပေါက် မှ တစ်ဆင့် မီးဖိုချောင် သို့ ၀င်သည်။ ထိုအခါ ထမင်းချက်များ က အစားအစာ အကျန်အကြွင်း အစအနများကို ထုပ်ထား သည့် စက္ကူအိတ် များ သူ့ကို ဆီး၍ ပေးကြသည်။ ဘာကြောင့် ထိုကဲ့သို့ လုပ်မိသည်ကို သူတို့ကိုယ်တိုင်လည်း မပြောတတ် ကြချေ။

ပင်လယ်ဓားပြ အနေဖြင့် နေရာတိုင်း သို့ ရောက်ပြီး သူ့လက်များတွင် အထုပ်များဖြင့် ပြည့်လာသောခါ လာလမ်း အတိုင်းပြန်ကာ တောင်ကုန်းပေါ် တက်သည်။ မွန်ရိုးလမ်း ထဲ ၀င်မိသည့်အခါ မြေကွက်လပ် တစ်ခု တွင် ၀င်ထိုင် သည်။ ခွေးများကလည်း သူ့ကို ၀ိုင်းအုံနေကြသည်။ ထိုအခါ သူသည် ရလာသော အထုပ် များ ကို ဖြည်၍ အထဲ မှ အစားအစာ များကို ထုတ်ကာ ခွေးများ ကို ချကျွေးသည်။ သူ့အတွက် ကတော့ အထုပ်တစ်ထုပ် ကို ဖြေလိုက်တိုင်း ပေါင်မုန့်တစ်ချပ် သို့မဟုတ် အသားတစ်တုံး နှစ်တုံး နှိုက်ယူ ထားလေ့ ရှိ၏။

သို့သော်လည်း အစားအစာများထဲမှ အကောင်းဆုံးကို ရွေးထုတ်၍ ယူခြင်းမပြုပေ။ ထိုအချိန်တွင် ခွေး များသည် ဆောင့်ကြောင့်ထိုင်ကာ သွားရည်တများများ နှင့် ချကျွေးမည့်အစာကို စောင့်မျှော်ကြသည်။ သူ့ ခွေး များသည် အစာ ကို မာန်ဖီပြီး တစ်ကောင်နှင့် တစ်ကောင် ကိုက်ခဲခြင်းမပြုကြချေ။ ဤတစ်ချက်သည် ဘေးလူများ အတွက် ထူးဆန်းသော အချက်တချက်ဖြစ်နေသည်... အမှန်တော့ ပင်လယ်ဓါးမြ၏ ခွေးများသည်  ဘယ်တော့မှ တစ်ကောင်ကို တစ်ကောင် ကိုက်ခဲခြင်းမပြုကြပေ။ သို့သော်လည်း မွန်ထရေးမြို့တွင်း ရှိ လမ်းများပေါ်၌ သွား လာလှုပ်ရှားနေကြသော ခြေလေးချောင်းသတ္တ၀ါ ဟူသမျှကိုကား အတင်းဓမ္မလိုက်၍ ကိုက်ခဲလေ့ရှိ၏။ တစ်ခါ တစ်ရံ လမ်းပေါ် တွင် ခွေးကြီး ငါးကောင်က ခွေးပုလေး တစ်ကောင် နောက် သို့ သဲသဲမဲမဲ လိုက်နေပုံမှာ အလွန် ကြည့်ကောင်းသည့် ပွဲကြီး ပွဲကောင်း တစ်ချက် ဖြစ်နေ တတ်လေသည်။

ပင်လယ်ဓားပြ စားသောက်ပြီးချိန်တွင် နေ၏ အလင်းရောင်သည် ပီပီပြင်ပြင် ထိုးဖောက်ဝင်ရောက်လျက် ရှိနေ လေပြီ။ သူသည် ရုတ်တရက် ထိုင်ရာမှ မထသေးဘဲ နံနက်ခင်း အလင်းရောင်နှင့်အတူ အပြာရောင်သို့ ပြောင်း လာနေသည့် ကောင်းကင်ပြင်ကို စောင့်ကြည့်ကာ တွေဝေငေးမောနေ၏။ သူ့အောက်ဘက် အနိမ့်ပိုင်းရှိ ပင်လယ်ကမ်းစပ်တွင် သစ်များတင်ထားသည့် နှစ်ပင်တိုင် ရွက်သင်္ဘောများကို မြင်နေရ၏။ တရုတ်အငူ တစ်ဖက် မှ လာနေသော ခေါင်းလောင်းသံများကိုကြားနေရသည်။ ခွေးများသည် သူ့ဘေး ပတ်ပတ်လည် တွင် ၀ပ် ကာ အရိုးကိုက်နေကြသည်။

ပင်လယ်ဓားပြ သည် နေ့၏ သာယာမှုကို မျက်စိဖြင့် အရသာခံခြင်း မပြုဘဲနားအာရုံ ဖြင့်သာ အရသာ ခံနေဟန်ရှိ၏။ သူ့မျက်လုံးများသည် လှုပ်ရှားခြင်းမရှိသော်လည်း စိတ်ဝင်စားမှု ရှိခြင်းကိုကား ဖော်ပြလျက် ရှိသည်။ သူ၏ ကြီးမားသော လက်များသည် သူ့ခွေးများ၏ အမွေးများကြားတွင် လျှောက်သွားလျက် ရှိသည်။ နာရီဝက်ခန့် ကြာသောအခါ သူသည် မြေကွက်လပ် ၏ ထောင့်သို့သွားကာ သူ့ လက်တွန်းလှည်းပေါ်၌ အုပ်ထားသော အ၀တ်ကြမ်းကြီး ကို ဆွဲဖယ်သည်။

ညနေတိုင်းလာ၍ မြှုပ်ထားခဲ့သော ပုဆိန်ကို မြေကြီးထဲမှ ပြန်ဖော်သည်။ ထို့နောက် တောင်ကုန်းပေါ်သို့ တက်ရာ လမ်းအတိုင်း လက်တွန်းလှည်း ကို တွန်းသွားပြီး သစ်တောထဲသို့ ၀င်သည်။ သစ်ပင် အခြောက် တစ်ပင် တွေ့ကာမှပင် သူ့လှည်း ကို ရပ်သည်။ မွန်း တည့်ချိန်တွင် သူသည် လှည်းတစ်ဏီးစာ ထင်းခြောက် များ ရပြီဖြစ်၏။ ထိုအခါ သူသည် လက်တွန်းလှည်းကို တွန်း၍ မြို့ထဲသို့ဝင်သည်။ ခွေးများကလည်း သူ့နောက်မှ တကောက်ကောက်။ သူကတော့ လက်တွန်းလှည်း တစ်စီးစာ ထင်းများကို နှစ်ဆင့်ငါးဆင့်နှင့် မရောင်းရမချင်း တစ်လမ်းဝင် တစ်လမ်းထွက် လျှောက်နေတတ်လေသည်။

သူ လုပ်ပုံကိုင်ပုံများကို ကောင်းစွာ မြင်နိုင်သိနိုင်၏။ သို့သော်လည်း သူ ထင်းရောင်း၍ ရသည့်ပိုက်ဆံ နှစ်ဆယ့် ငါးဆင့်စေ့ ကို သူ ဘာလုပ်သနည်း။ ဒါကျတော့ မည်သူမှ မပြောနိုင်ပေ။ သူသည် ထင်းရောင်းရ၍ ရသည့် ထိုငွေ ကို လုံးဝ သုံးစွဲခြင်းမပြု။ ညပိုင်းတွင် သူ့ခွေးများ၏ အစောင့်အရှောက်ဖြင့် တောထဲသို့ ၀င်ကာ တစ်နေ့တွက် ရငွေနှစ်ဆယ့် ငါးဆင့်စေ့ကို အခြားရာပေါင်းများစွာသော နှစ်ဆယ့်ငါးဆင့်စေ့များနှင့် ရော၍ မြေမြှုပ်သည်။ အခြား တစ်နေရာတွင်လည်း သူမြှုပ်၍ ၀ှက်ထားသည့်ငွေများ များစွာ ရှိနေသေး၏။

အလွန် ပါးနပ်ထက်မြက်သော ပီလွန်သည် ယုတ္တိတန်သော ဖြစ်စဉ်တစ်ခု ကို အကျိုးအကြောင်းနှင့် ဆင်ခြင်စဉ်းစား ခြင်းအားဖြင့် ပင်လယ်ဓားပြ၏ဥစ္စာသိုက်ကို ရှာဖွေတွေ့ရှိနေသည်။ ပီလွန်ဆင်ခြင် သုံးသပ်ပုံ မှာ ဤသို့ဖြစ်သည်။ " ဒီပင်လယ်ဓားပြဟာ နေ့တိုင်းနှစ်ဆယ့်ငါးဆင့်ရတယ်။ တကယ်လို့ ဆယ်ဆင့်စေ့ နှစ်စေ့ နဲ ငါး ဆင့်စေ့ တစ်စေ့ ရရင် စတိုးဆိုင် တစ်ဆိုင် ကို ၀င်ပြီး နှစ်ဆယ့်ငါးဆင့်စေ့နဲ့ လဲယူတယ်။ အဲဒီငွေကို သူ လုံးဝ မသုံး ဘူး။ ဒါကြောင့်မို့ သူဟာ ဒီငွေကို တစ်နေရာရာမှာ ၀ှက်ထားတာ ဖြစ်မယ်..

ပီလွန်သည် ပင်လယ်ဓားပြ ဆုဆောင်းရရှိမည့် ငွေအရေအတွက်ကို ခန့်မှန်း တွက်ချက်ကြည့်သည်။ ပင်လယ် ဓားပြ ဤပုံ ဤနည်း အတိုင်း နေလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီ။ တစ်ပတ်တွင် ခြောက်ရက် တိတိ ထင်းခွေပြီး ရောင်းသည်။ တနင်္ဂနွေနေ့များကျတော့ ဘုရားရှိခိုးကျောင်း သွားသည်။ သူ့ အ၀တ်အစား များ ကို ဟိုလူပေးသည်လူပေးဖြင့် ရသည်။ သူ့အစားအစာကိုမူ စားသောက်ဆိုင်များ၏ နောက်ဖေးပေါက် မှ ရသည်။ သို့ ဆိုလျှင် ပီလွန် ၏ ခေါင်းထဲတွင် ဂဏန်းအရေအတွက် အများကြီး ရလာသည်။ ထို့နောက် အတိအကျ ခန့်မှန်း၍ မရသဖြင့် လက်လျှော့လိုက်သည်။ " ဘာပဲဖြစ်ဖြစ် ပင်လယ်ဓားပြ လက်ထဲမှာ အနည်းဆုံး ဒေါ်လာတစ်ရာတော့ ရှိရမည်" ဟု သူတွေးသည်။

ဤ အချက်အလက်များကို သူစဉ်းစား တွေးတော လာခဲ့သည်မှာ အချိန်ကာလ အတော်ကြာခဲ့ပြီး။ သို့သော်လည်း ရယူလိုသော စိတ် မဖြစ်ပေါ်ခဲ့။ ဂျီးဆပ်စ်မေရီယာ က ဒင်နီကို မိုက်မဲသော ကတိပေးလိုက်ပြီး သည့်နောက်ပိုင်း ကျခါ မှ ပင်လယ်ဓားပြ၏ ဥစ္စာသိုက်ကိုရလျှင် ကောင်းလေစွဟူသော တောင့်တစိတ် ၀င်လာခဲ့ ခြင်းဖြစ်လေသည်။

ဤကိစ္စ ကို လက်တွေ့ အကောင်အထည် မဖော်မီ အချိန်များစွာယူ၍ သင့်မသင့် စဉ်းစားသည်။ သူ့အနေ ဖြင့် ပင်လယ်ဓားပြအတွက် များစွာ စိတ်မကောင်းဖြစ်မိ၏။ " သူ့ ဘ၀က ဖားတစ်ပိုင်း ငါးတစ်ပိုင်း ဘ၀ ပါလား၊ သနား စရာသတ္တ၀ါပဲ" ဟု ရေရွတ်သည်။ " ဘုရားသခင်ကလည်း သူ့မှာ ရှိသင့်ရှိထိုက်တဲ့ ဦးနှောက် ကို ပြည့်ပြည့်၀၀ မပေးလိုက်ဘူး၊ သူ့ဘ၀ဟာ သူ့ကိုယ်သူတောင် ပြန်ပြီး ညစ်ပတ်ပေရေပြီး နံဟောင်နေတဲ့ ကြက်တဲ ထဲမှာ နေရ ကာ၊ စားရပြန်တော့လဲ သူ့ခွေးတွေကိုသာ ကျွေးသင့်တဲ့ အစားအစာကို စားရရှာတယ်၊ သူ့အ၀တ် တွေကလည်း အမြဲတမ်း ဟောင်းနွမ်းစုတ်ပြတ်နေတာပဲ၊ ဦးနှောက်က မကောင်းရှာတော့ သူ့ငွေတွေ ကို မသုံးရက် မစားရက်ဘဲ ၀ှက်ထားရှာတယ် "

ပင်လယ်ဓားပြ နှင့် ပတ်သက်၍ ပီလွန်သည် ကရုဏာတရားကို အခြေခံပြီး စဉ်းစားသည်။ ထို့နောက်မှ အဖြေကို ရှာသည်။ " သူ့အတွက် သူဘယ်လိုလုပ်ရမယ်ဆိုတာ မသိလို့ မလုပ်နိုင်တဲ့ အရာတွေကို လုပ်နိုင်အောင် လုပ် တတ်အောင် သင်ကြားပြသပေးမယ်၊ လုပ်ကိုင်ပေးမယ်ဆိုရင် ကုသိုလ်ကောင်းမှု တစ်ခု ကို ပြုတာနဲ့ အတူတူပဲ မဟုတ်လား " ဟု တွေးသည်။ " ဥပမာ သူ့ကို နွေးနွေးထွေးထွေးဖြစ်မယ့် အ၀တ်အစား တွေ ၀ယ်ပေးတာတို့။ လူနဲ့ တန်တဲ့ အစားအစာ တွေ ၀ယ်ကျွေးတာတို့ ဘာတို့ဟာ လုပ်သင့်တဲ့ အလုပ် တွေပဲ၊ ဒါပေမယ့် ငါ့မှာ ငွေ တစ်ပြားမှ ရှိဘူး။ သူ့ကို ကူညီစောင့်ရှောက်ပေးချင်တဲ့ စိတ်စေတနာဟာ ငါ့ရဲ့ နှလုံးသားကြားမှာ ငြိတွယ် နေပေ မယ့် ငွေမရှိတော့ ခက်တာပေါ့၊ လူလူချင်း ကိုယ်ချင်းစာတရားကို အခြေခံထား တဲ့ ဒီလိုကုသိုလ်ကောင်းမှုမျိုးကို ဘယ်နည်းနဲ့ ထိရောက်အောင် လုပ်နိုင်ပါတော့မလဲ "

ဤသို့ဖြင့် ပီလွန်သည် ခိုင်မာသော ခြေကုပ်တစ်ခုကို ရလာသည်။ သူသည် စာကလေး တစ်ကောင်ကို ဖမ်းရန် နာရီပေါင်းများစွာ အချိန်ကုန်ခံ၍ ချောင်းနေသည့် ကြောင်တစ်ကောင်သဖွယ် ခုန်အုပ်လိုက်ရန် အသင့် ဖြစ်နေ လေပြီ။ " ငါအကြံရပြီ" ဟု သူ့ဦးနှောက်က ပြောသည်။ " အကြံ က ဒီလို၊ ပင်လယ်ဓားပြမှာ ငွေ ရှိတယ်၊ ဒါပေမယ့် အဲဒီငွေကို သုံးဖို့ ဦးနှောက်မရှိဘူး၊ ငါ့မှာ ဦးနှောက်ရှိတယ်။ငါ့ဦးနှောက် ကို သုံးဖို့ သူ့ကို ပေးမယ်၊ ငါ့စိတ်ကို လွတ်လပ်စွာ သုံးဖို့ ခွင့်ပြုမယ်၊ ဒါမှပဲ လူတစ်ပိုင်းသာ ဖြစ်နေတဲ့ ဒီသနားစရာ သတ္တ၀ါကို ကိုယ်ချင်း စာ တရား ထားပြီး စောင့်ရှောက်ရာရောက်မှာ "

ပီလွန် တည်ဆောက်ခဲ့ဖူးသမျှသော အတွေးအခေါ် အဆောက်အအုံများထဲတွင် ဤစိတ်ကူးသည်လည်း အကောင်းဆုံး နှင့် အလှအပဆုံး တစ်ခုပင် ဖြစ်၏။ သူ့လက်ရာကို ပရိသတ်အား ပြချင်စိတ် ပြင်းပြနေသည့် ပန်းချီဆရာ ၏ စိတ်မျိုးဝင်လာသည်။ ထိုအခါ ပီလွန်သည် သူ့စိတ်ကူးနှင့် သူ့အကြံကို ထုတ်ဖော် ပြောပြ လိုသော စိတ်ဝင်လာသည်။ " ငါ့အကြံ ပက်ဘလိုကို ပြောပြမယ် " ဟုတွေးသည်။ သို့သော်လည်း ပက်ဘလို အနေဖြင့် ဤ အလုပ်မျိုးကို လုပ်ချင်စိတ် ရှိပါမည်လော။ ပက်ဘလို သည် ရိုးသားဖြောင့်မတ်သူ တစ်ဦး ဖြစ်နေ မလား၊ ပီလွန် သည် သူ့အကြံကို ယခုလောလောဆယ် ပက်ဘလိုအား ဖွင့်ဟ၍ အသိမပေးရန် ဆုံးဖြတ် လိုက်လေသည်။

ဆိုးရွားယုတ်ညံ့သော အရာတိုင်း၏ အပေါ်ယံ မျက်နှာပြင်သည် နှင်းခဲသဖွယ် ဖြူဖွေးနေတတ်သည်မှာ အလွန် အံ့အားသင့်စရာ ကောင်းလှ၏။ ပြီးတော့ အထက်ကောင်းကင်ဘုံမှ နတ်သားများ၏ ဖုံးကွယ်နေသော အစိတ်အပိုင်းများ တွင် ကုဠာနူနာ စွဲကပ်နေတတ်သည်မှာလည်း အကြီးအကျယ် အံသြဖွယ်ရာပင်ဖြစ်၏။ ယင်း ကဲ့သို့ တွေးမိသောအခါ ပီလွန်သည် မကောင်းသော အရာတိုင်း၌ ရှိနေတတ်သည့် ကောင်းသော အရာ ကို မည် ကဲ့သို့ ရှာဖွေဖော်ထုတ်ရမည်ကို နားလည်သွားသည်။

ထိုအခါ ဂုဏ်သိက္ခာနှင့် စိတ်ငြိမ်းချမ်းမှုသည် ပီလွန်၏ ရင်တွင်း၌ ပြန်လည်ကိန်းအောင်းလာသည်။ ၀မ်းနည်းစွာ ဖြင့် ၀န်ခံရမည့် အချက်တစ်ချက်တော့ ရှိ၏။ သူတော် စင်တစ်ဦး ဖြစ်လိုသော စိတ်ဆန္ဒဖြင့် မိမိတွင် မိုက်မဲခြင်းလည်း မရှိ၊ မိမိသာလျှင် မှန်ကန်ပါသည်ဟူသော အယူ အဆမျိုးလည်းမရှိ၊ လောဘ လည်း မရှိပါ ဟူ၍ကား ပီလွန်မပြောနိုင်ပေ။

ထိုညတွင် ပီလွန်သည် ပင်လယ်ဓားပြ သူ့ခွေးများနှင့်အတူ နေထိုင်ရာ ကြက်တဲသို့ အလည်သွားသည်။ မီးဖို ဘေး၌ ထိုင်နေကြသော ဒင်နီ၊ ပက်ဘလို၊ ဂျီးဆပ်စ်မေရီယာတို့သည် ပီလွန်ထွက်သွားသည်ကို မြင်ကြသော် လည်း မေးခြင်း မြန်းခြင်းမပြုကြပေ။ ချစ်ရေးချစ်ရာ ကိစ္စတစ်ခုခုကြောင့်သော် လည်းကောင်း၊ ၀ိုင်ရနိုင်မည့် နေရာကို သိ၍သော် လည်းကောင်း သွားသည်ဟု တွက်ကြသည်။ မည်သို့ပင်ဖြစ်စေ ဤအရေးကိစ္စ နှစ်ခုစလုံး သည် ပီလွန် က ဖွင့်မပြောသမျှ ကာလပတ်လုံး သူတို့နှင့် မဆိုင်ဟု ယူဆကြလေသည်။

အပြင်ဘက်တွင် မှောင်မည်းလျက်ရှိသည်။ ပီလွန်၏ အင်္ကျီအိတ်ကပ်ထဲတွင် ဖယောင်းတိုင် တစ်တိုင်ပါလာ သည်။ သူ ပင်လယ်ဓားပြနှင့် စကားပြောသည့်အခါ ဤဖယောင်းတိုင်၏အကူအညီဖြင့် ပင်လယ်ဓားပြ၏ မျက်နှာ အရိပ် အကဲ ကို မြင်နိုင်မည်ဟု ယူဆ၍ ယူလာခြင်းဖြစ်၏။ ထို့ပြင်လည်း သကြားကိတ်မုန့် တစ်လုံး ကို စက္ကူအိတ်တစ်ခုနှင့် ထည့်၍ ယူလာသည်။ မုန့်ဖိုတစ်ဖိုတွင် အလုပ်လုပ်သော ဆူစီဖရန်စစ္စကိုအား ဂျာလီဂတ်ဇ်မင်း က ချစ်လာစေရန် ဆေးနည်းတစ်ခု သူက ပေးခဲ့သဖြင့် ဆူစီဖရန်စ္စကို က ကျေးဇူး တုံ့ပြန်သော အားဖြင့် ပေးလိုက်သော မုန့်ဖြစ်သည်။ ဂျာလီသည် ကြေးနန်းစာပို့ လုလင်တစ်ဦးဖြစ်၍ မော်တော် ဆိုင်ကယ် စီးဖို့ ဖိတ်ခေါ် လျှင် ဆူစီ က လိုက်ဖို့ အသင့်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သူယူလာသောုမန့်ကို ပင်လယ်ဓားပြက ကြိုက်လိမ့်မည်ဟု ပီလွန်က တွေးသည်။
ညသည် မှောင်နှင့် မည်းမည်း။ ပီလွန်သည် မြေကွက်လပ်များ၊ မြက်ပင်၊ ပေါင်းပင်များနှင့် ဥယျာဉ်ပျက် များကြားရှိ လမ်းကျယ်း အတိုင်း စမ်းတ၀ါးဝါးဖြင့် လျှောက်သွားသည်။
ဂဲလ်ဗက်ဇ် ၏ ခွေးဘီလူးသည် အနံ့ခံကာ ခြံပြင်ဘက်သို့ ထွက်လာသည်။ ပီလွန်က ဆီး၍ ချော့သည်။ " ခွေးလိမ္မာကလေး" ဟု အလွန်နူးညံ့ သော လေသံဖြင့်ခေါ်သည်။ " ခွေးချောခွေးလှကလေး"ဟုလည်း ခေါ်သည်။ အမှန်တော့ ထိုစကားများသည် လိမ်ပြောနေသော စကားများဖြစ်၏။ သို့သော်လည်း ခွေးဘီလူး က သဘောကျသည်။ ချက်ချင်းပင် ပြန်လှည့်ပြီး ခြံထဲသို့ ၀င်သွားလေသည်။

နောက်ဆုံးတွင် ပီလွန်သည် ပင်လယ်ဓားပြနေသော မြေကွက်လပ်ပေါ်သို့ ဆိုက်ရောက်သွားသည်။ သူတို့၏ သခင် ကို ရန်ပြုဖို့လာသည်ဟု သံသယ၀င်လျှင် ပင်လယ်ဓားပြ၏ ခွေးများသည် ၀ိုင်း၍ ဟောင်ကြဟိန်းကြ ကိုက်ကြ ခဲကြ လုပ်တတ်၏။ ဤအထာကိုသိသော ပီလွန်သည် သတိကြီးစွာထား၍ ၀င်သည်။ သို့သော်လည်း ကြက်တဲအတွင်းမှ ခွေးဟိန်းသံကို သူကြားလိုက်ရသည်။
" ပင်လယ်ဓားပြရေ "ဟု သူက အသံပေးသည်။ " မင်း သူငယ်ချင်း ပီလွန် လာလည်တာပါကွ၊ မင်းနဲ့ စကား ပြောချင် လို့ပါ"

အတွငှ်း ငြိမ်ဆတ်လျက် ရှိ၏။ ခွေးဟိန်းသံများကတော့ ရပ်သွားသည်။
" ဟေ့ ပင်လယ်ဓားပြ ငါပါကွ ပီလွန်ပါ "
အတွင်းမှ ထွက်လာသည့် အသံမှာ ကြည်ကြည်သာသာ မဟုတ်။ " မလာနဲ့တော့ဗျာ၊ ကျုပ် အိပ်တော့မလို့ ခွေး တွေလည်း အိပ်နေပြီ၊ ညဥ့်နက်နေပြီ ပီလွန်ရေ၊ အထဲမှာ မှောင်မည်းနေပြီ၊ ခင်ဗျားလည်း ပြန်အိပ် ချေတော့"

" ငါ ဖယောင်းတိုင် တစ်တိုင် ယူလာပါတယ်ကွ" ဟု ပီလွန်က ပြန်ပြောသည်။ " မင်း အိမ်ထဲမှာ မှောင် နေပေမယ့် ဖယောင်းတိုင် ထွန်းလိုက်ရင် လင်းလာမှာပေါ့။ မင်းအတွက် ကိတ်မုန့် တစ်လုံးလည်း ယူလာ တယ်"

ကြက်တဲအတွင်းမှ လှုပ်ရှားလူးလွန့်သံများ မသဲမကွဲ ကြားရသည်။ " ဒီလိုဆိုလည်း လာခဲ့ဗျာ "ဟု ပင်လယ်ဓား ပြ ကပြောသည်။ " ခွေးတွေကို နားလည်အောင် ပြောလိုက်ဦးမယ် "
သူ မြက်ပင်များကြားမှဖြတ်၍ ရှေ့သို့ တိုးသွားနေခိုက်တွင် ပင်လယ်ဓားပြက သူ့ခွေးများအား " ပီလွန်ပါကွ၊ ရန် ပြုမယ့်လူ မဟုတ်ပါဘူး" ဟု ပြောသံကြားရသည်။ ပီလွန် သည် ကြက်တဲဝင်ပေါက် အနီးတွင် မီးခြစ်ကို ခြစ်လိုက် ပြီး ဖယောင်းတိုင်ကို ညှိသည်။

ပင်လယ်ဓားပြ သည် ညစ်ပတ်ပေရေနေသော ကြမ်းပြင်ပေါ်၌ ထိုင်လျက်ရှိပြီး သူ့ခွေးများက သူ့အနီးတွင် ၀ိုင်းရံ လျက်ရှိကြသည်။ အင်ရီခွေး က ပီလွန်ကို တစ်ချက်ကြည့်လိုက်ပြီး ဟိန်းသည်။ " ဒီအကောင်က တခြားကောင် တွေလို မပါးနပ်ဘူးဗျ" ဟု ပင်လယ်ဓားပြက ပြောသည်။ သူ့မျက်လုံးများသည် ပျော်ရွှင်မြူးတူး နေသော ကလေးငယ် တစ်ယောက် ၏ အကြည့်မျိုး ကို ဖော်ပြနေသည်။ သူ ပြုံးလိုက်သည့်အခါ ဖြူဖွေး နေသော သွားများ သည် ဖယောင်းတိုင် မီးရောင်တွင် လက်ခနဲ ဖြစ်သွားလေသည်။

ပီလါန်က လက်ထဲမှ အိတ်ကို လှမ်းပေးသည်။ " ရော့ မင်းဖို့ ယူလာတဲ့ ကိတ်မုန့် "
ပင်လယ်ဓားပြ က အိတ်ကို လှမ်းယူပြီး အတွင်းသို့ ငုံ့ကြည့်သည်။ ထို့နောက် ပြုံးလိုက်ပြီး အိတ်ထဲမှ မုန့်ကို ထုတ် သည်။ ခွေးများက သူ့မျက်နှာကို မော့ကြည့်ကာ သွားရည်တများများ ဖြစ်လာကြသည်။ ပင်လယ်ဓားပြ သည် ကိတ်မုန့် ကို ခုနစ်ခု အညီအမျှ ဖဲ့သည်။ ပထမဆုံးအပိုင်းကို သူ့ဧည့်သည် ပီလွန်အား လှမ်းပေးသည်။ " ကဲရော့ အင်ရီကွေး၊ ဒီဟာက မင်းဖို့ " ဟု ပြောသည်။ " ရော့ ဖလက်၊ ဒါက မင်းအတွက် ဆီညော် အလက်သွန် မဆင်က ဒါကိုယူ" ခွေးများသည် သူတို့ရသော ဝေစုကို ချက်ချင်း ၀ါးမျိုပစ်လိုက်ကြပြီးနောက် နောက်ထပ် မျှော် ကြပြန်သည်။

ပင်လယ်ဓားပြ သည် သူ့လက်ထဲ၌ ကျန်နေသည့် သူ့ဝေစု ကို သူ့ပါးစပ်ထဲ ထည့်လိုက်ပြီး ခွေးများကို သူ့လက်နှစ်ဖက်ဖြင့် ခါပြသည်။ " မင်းတို့မြင်တဲ့ အတိုင်းပဲ၊ မရှိတော့ဘူးကွ" ဟု ပြောသည်။ ခွေးများ သည် ချက်ချင်းပင် သူ့ဘေးပတ်ပတ်လည်တွင် ပြန်ခွေကြသည်။

ဆက်ရန်
.

No comments: