''ငယ်လေး ဒီစာ နင့်ဆရာကိုပေးလိုက်''
ပြောရင်းဆိုရင်း မသန်းရှင်မျက်နှာ၌ ရှက်သွေးရဲနေသည်။ မညွှန့်ရှင်သည် အားတိုင်းရှက် တတ်သော မိန်းမ တစ်ယောက် ဖြစ်လေသညတကား။
ကျွန်တော်သည် လှည်းကို ကစော်ဆိုင်သို့ ဆက်မောင်းခဲ့သည်။ ဘထွေးလေးသည် အပေါင်းအဖော်နှင့် ဆန်နီရည် သောက်ရင်း ပျော်ကောင်းတုန်းဖြစ်၏။
''ဘထွေးပြန်မယ်ဗျာ၊ နေစောင်းပြီ''
ဘထွေးသည် နီရဲသော မျက်လုံးများနှင့် ကျွန်တော့်အားမော်ကြည့်ရင်း အဓိပါယ်မရှိ ရယ်သည်။
''ငါ့လူကလည်း နေစောင်းရုံမကလို့ မိုးချုပ်တော့ ဘာဖြစ် လဲ၊ ငါ့လူက လမ်းမှာသရဲ ခြောက်မှာ ကြောက် လို့လား''
ဤသည်မှာ ဘထွေး ကျွန်တော့်အား စော်ကားခြင်းဖြစ်၏။ ထို့ကြောင့် ကျွန်တော်က ပြန်ဘုပြောသည်။
''ဘထွေး…ခင်ဗျား အရက်တွေမျိုပြီး သောက်စကားတွေ သိပ်မပြောနဲ့၊ ခင်ဗျားမလိုက်ရင် ကျုပ် တစ်ယောက် တည်း ပြန်မယ်''
ဤသည်မှာ ဘထွေးသည် ဆန်နီရည်ပုလင်း ခါးထိုး၍ ထွက်လိုက်လာသည်။ ကျွန်တော်တို့ မြို့မှ ထွက်သော အခါ နီရဲသော နေလုံးသည် မြေပြင်သို့ ငုပ်လျှိုးစပြုသည်။ ပေါင်းတလည်မြို့ တစ်ဝိုက်ထန်းတောများဆီ၌ နှင်းမြူ တို့ မှုန်တဝေေ၀ ရှိနေ၏။
အချိန်နှောင်း၍ လမ်း၌ လူသူပြတ်နေသည်။ ကျွန်တော်က စိတ်တိုတိုနှင့် နွားများကို ဖိရိုက်မောင်းလာခိုက်၊ ဘထွေး သည် ပက်လက်လှန်လျက် ဆန်နီရည်မော့ရင်း ပျော်ပျော် ရွှင်ရွှင်လိုက်လာသည်။
ချောင်းခေါင်းရွာ သင်္ချိုင်းကုန်းသို့ ရောက်သောအခါ လူသုံးယောက်ကို တွေ့ရသည်။ တစ်ဦးမှာ ကိုဘိုးဒန် ဖြစ်၍ အခြားတစ်ဦးမှာ ကျောက်ဖြုန်းရွှေနီဖြစ်၏။ တခြားတစ်ဦးကား ကျွန်တော်မသိ။ သူတို့လည်း ထန်းတော မှ မူးပြန်လာဟန် ရှိသည်။
ကျွန်တော်သည် ကိုဘိုးဒန်၏ စာဥပြောက်နွားလေးကို ပွဲစားများဝိုင်းနေသည်အား သတိရမိ သည်။ ထို့နောက် ကျေက်ဖြုန်းရွှေနီ ဖဲရှုံးနေသည်ကိုလည်း အမှတ်ရမိ၏။
''ဘထွေး…. ထကြည့်စမ်း၊ ကိုဘိုးဒန်နဲ့ ကိုရွှေနီ ထန်းရည်မူးလာကြတယ်နဲ့ တူတယ်''
ဘထွေး ထကြည့်သည်။ ထိုစဉ် ကိုဘိုးဒန်က လှမ်းအော်သည်။
''ဟေ့ကောင် ရွှေလွန်း…. မင်းလှည်း နဲ့ ငါတို့ပါလိုက်မယ်''
ကိုရွှေနီ နှင့် အခြားလူတို့က ကိုဘိုးဒန်ကိုဆွဲသည်။ ဆွဲရင်းလည်း ကိုဘိုးဒန်က လှမ်းအော်သည်။
''မလိုက်ဘူးဟေ့…ထန်းရေမူးပေမယ့် ကုန်းကြောင်းလျှောက်နိုင်တယ်၊ သွားနှင့်ကြ… သွားနှင့်ကြ''
ပထမသော်… ကျွန်တော်သည် လှည်းရပ်ပေးမည် ကြံ၏။ သို့သော်…လှည်းပေါ်၌ ဘထွေးအပါဝင် အမူးသမား လေးဦး ပါခဲ့သော်ခက်မည်။ ထို့ကြောင့် လှည်းကိုရပ်မပေးဘဲ ဆက်မောင်းလာခဲ့သည်။
ရွာသို့ ကျွန်တော်ရောက်သောအခါ မိုးစုပ်စုပ်ချုပ်ပြီး ဘထွေးလေးခြံဝ၌ လှည်းဆိုက်မိသော အခါ အရီးလေး ထွက်လာ၏။ အရက်မူးလာသော ဘထွေးအားမြင်သော် အရီးလးသည် ရန်တွေ့တော့သည်။
''ဘယ်မလဲ နွားဝယ်ခဲ့မယ်ဆိုတာ….၊ မြင်းဖြူစီး ပြန်လာခဲ့တယ်ပေါ့၊ တယ်ကောင်း၊ ငွေတွေကော ပါသေး ရဲ့လား''
အရီးလေးသည် ဘထွေး၏အိတ်ကို နှိုက်ရှာသည်။ ဘထွေး၏အိတ်၌ ငွေများပါတော့ပါ သေးသည်။ သို့ရာတွင် အရီးလေးသည် ငွေများကို ရေတွက်ပြီးနောက် ဘထွေးသျှောင်ကို ဆွဲကာချတော့၏။
''နွားလိုချင် တယ်ဆိုလို့ ငွေသုံးရာပေးလိုက်တယ်၊ အခုတစ်ရာဘယ်မလဲ၊ နွားမရရင် နင်ပဲနွားလုပ်ဟဲ့ ရွှေလွန်း ရဲ့၊ နင့်ကို နဖားထိုးပြီး ငါ ကိုယ်တိုင် မောင်းမယ်''
တစ်နေ့လုံး ပင်ပန်းခဲ့သဖြင့် အရီးလေးနှင့် ဘထွေးတို့၏ နပန်းပွဲကို မကြည့်လိုတော့သော ကျွန်တော်ကသာ အိမ်သို့ အမြန်ဆုံး ပြေးထွက်ခဲ့သည်။

အခန်း (၆)
နွားတစ်ကောင် နှင့် လူတစ်သက်
နွားတစ်ကောင် နှင့် လူတစ်သက်
နောက်တစ်နေ့နံနက်၌ ကျွန်တော်သည် အရီးလေးတို့အိမ်သို့ ရောက်ခဲ့ပြန်သည်။ နဖားထိုးခံလျက်သားနှင့် ၀က်ထရိမ်း ဟုအော်ရင်း နွားလိုရုန်းနေမည့် ဘထွေးလေးအား တွေ့ရမည်လော ထင်ခဲ့သည်။ သို့ရာတွင် ကျွန်တော့် အထင်မှာ တက်တက်စင်စင်အောင် လွဲနေသည်။ အိမ်ရှေ့မန်ကျည်းပင်ကြီးအောက်၌ ဘထွေး သည် သူ့ဆံပင်ကို ဖားလျားချရင်း ထိုင်နေသည်။ အရီးလေးက တရုတ်ဘီးစိပ်တစ်ချောင်းဖြင့် သန်းချပေး နေသည်။
'' လာဟေ့ ငယ်လေး အကြမ်းသောက်ဟေ့'' ကျွန်တော့်ကို မြင်လျှင်မြင်ခြင်း ဘထွေးလှမ်းဖိတ်သဖြင့် ကျွန်တော် က ၀င်ထိုင်ကာ သူ့တို့ရှေ့ရှိ လက်ဖက်ခြောက်ဆီတက် တက်နေသော မှိုင်းကျပ်ခိုးထူလပျစ်နှင့် မြေကရားထဲ မှ လက်ဖက်ရည်ကြမ်း ခါးခါးတစ်ခွက်ကို ငှဲ့သောက်၏။
မနေ့ညနေ က အရီးလေးသည် ကြည်လင်သမျှ အသံလည်းချိုနေသည်။
''ငယ်လေး မင်းဘထွေး မနေ့က ဆန်နီရည် ဘယ်နှစ်ပုလင်း သောက်ခဲ့သလဲ''
''ဒါတော့ ကျုပ်ဘယ်သိမလဲ လှည်းပေါ်အထိတော့ ပုလင်းတစ်လုံး မော့လိုက်လာတာပဲ''
ဘထွေးသည် ရယ်၍ ကျွန်တော့်အား ကန့်ကွက်သည်။
''ငယ်လေး ကလည်း နင့်အရီးလေး အကြိုက်ကြီးပဲ လိုက်ပြောနေတာပဲ၊ ငါသိပ်မှမသောက်ပဲ''
အရီးလေး သည် ဘထွေးအား မျက်စောင်းထိုးလျက် ...
''သိပ်မသောက်လို့ တန်တော့တယ်၊ ဟဲ့...ငယ်လေးနင့်ဘထွေး မမူးတယ်မူးတယ်၊ ဆွမ်းခံချိန်ကျမှ အိပ်ရာက ထနိုင်တယ်'' ဟုဆိုသည်။
ဘထွေးတို့ အိမ်အောက်ထပ်၌ ဘထွေး၏ သားကြီးနှစ်ကောင်သည် ထန်းလက်နွားတစ်ရှဉ်း ကိုယ်စီနှင့် ထွန်းရေးငင် တမ်း ကစားနေကြ၏။ ဘထွေးသားအငယ်ဆုံးက နွားစာခွက်အနီး ကမ္ဘာဦးဗြဟ္မာကြီးများ သဖွယ်ဆောင့်ကြောင့်ထိုင်လျက် မြေသင်းခဲကို ကိုက်ဝါးစားပွဲ ထိုင်နေသည်။ အရီးလေးသည် သားငယ် ဆီထသွားလျက် တင်ပါး ကို သုံးလေးချက်ချ လိုက်ပြီးအိမ်ပေါ်သို့ လှမ်းခေါ်သည်။
''ခင်မြိုင်...ဟဲ့....ခင်မြိုင်၊ လာစမ်းကလေးကိုခေါ်စမ်း''
ဘထွေး၏ အကြီးဆုံးသမီး ခင်မြိုင်သည် အိမ်ပေါ်မှ ဆင်းလာ၍ ကလေးကိုခေါ်သွားသည်။
အရီးလေး ကျွန်တော်တို့ထံ ပြန်လာခိုက် ခြံပေါက်ဝ၌ ကိုဘိုးဒန်၏ မယားမလှမေ ရောက်လာသည်။
''လာဟေ့ ရှင်လှမေ မလာစဖူး အလာထူးလှချေလား''
အရီးလေး က ဖိတ်ခေါ်စဉ် မလှမေသည် မသာမယာသော မျက်နှာနှင့် ၀င်ထိုင်လိုက်သည်။
''ဒါထက် ကိုရွှေလွန်း၊ ညက ကိုဘိုးဒန် ပြန်မလာဘူးတော့''
ဘထွေးလေး ၏ မျက်လုံးပြူးသွားလျက် ကျွန်တော့်အား လှမ်းကြည့်သည်။ မလှမေကသာ ဆက်၍ ပြောသည်။
''မနေ့မနက်ကတည်းက ဟိုစာဥပြောက်ကလေးနဲ့ နွားပွဲထွက်သွားတာ အခုထိပြန်မလာဘူး၊ မနေ့က တော်လည်း မြို့တက်တယ်ကြားလို့ လာသတင်းစုံစမ်းတာ''
ကျွန်တော် သည် ဘထွေးမဖြေမီ ၀င်ပြောသည်။
''ကျုပ်လည်း မနေ့က မြို့တက်တယ်ဗျ၊ ကိုဘိုးဒန်ကို အသွားတုန်းက လမ်းမှာလည်း တွေ့တယ်၊ သူ့နွားလေး ကို ပွဲစားတွေ ၀ိုင်းနေတာပဲဗျာ..။
မလှမေသည် စိတ်ဝင်စားစွာဖြင့် ကျွန်တော့်အား ပြန်မေးသည်။
''ငယ်လေး ကိုဘိုးဒန်ကို နွားပဲမှာတွေ့တယ်၊ သူ့နွားရောင်းရလား''
အဲဒါတော့ ကျုပ်မသိဘူးဗျ
ကျွန်တော့် စကားမဆုံးမီ ဘထွေးလေးက ၀င်ဖြတ်ပြောသည်။
''နွားရောင်းရတယ် မရောင်းရတယ်ဆိုတာ ဒီကလေး ဘယ်သိမလဲဗျ၊ ခင်ဗျားယောက်ျားက ဘယ်ချောင် ၀င်မူး နေမှန်းမှ မသိဘဲ၊ ငယ်လေးသွားစမ်း အိမ်ပေါ်မှာ ငါးရံ့ခြောက် သွားဖုတ်ချေ၊ လက်ဖက်ရည်ကြမ်းနဲ့ သောက်ရအောင်''
ကျွန်တော့်စကား ကို ဘထွေးလေး ဘာကြောင့် ၀င်ဟန့်သည် ကျွန်တော်မသိ။ သို့ရာတွင် ဘထွေးလေး မျက်နှာထား ကြောင့် စကားဆက်မပြောဘဲ အိမ်ပေါ်သို့ တက်ခဲ့၍ ငါးခြောက်ဖုတ်သည်။
ငါးခြောက်ဖုတ်ပြီး ကျွန်တော် ပြန်ဆင်းလာသောအခါ၌ မလှမေပြန်သွားပြီ ဘထွေးသည် ကျွန်တော့်အား မျက်စောင်း ထိုး၍ ''ငယ်လေးကလေးပီပီ နေစမ်း၊ လူကြီးတွေထဲ ဟိုဝင်ပြော ဒီဝင်ပြောမလုပ်နဲ့''
''ကျုပ် ဘာစကားမှားလို့လဲ ဘထွေးရ၊ မြင်ခဲ့တာ မြင်တဲ့အတိုင်း ပြောတဲ့ဟာ....
"ငယ်လေးက မြင်တာတွေ လျှောက်ပြောလို့ ဘယ်ဖြစ်မလဲ၊ နင်ဘိုးဒန်အကြောင်းရော၊ ရွှေနီ့အကြောင်းရော သိသားပဲ၊ ဘယ်ရွာကဘယ်ကစားဝိုင်းတွေ ဆက်လိုက်နေမှန်းမှမသိ ဘဲ"
"အင်းလေဗျာ၊ ညနေက ကိုဘိုးဒန်နဲ့ ကိုရွှေနီနဲ့ မူးနေကြတာ တွေ့ခဲ့သားပဲ"
"အဲဒါပြောတာပေါ့... သူတို့ဘာသာသူတို့ ဘယ်သွားသွား ဘာဖြစ်ဖြစ်၊ ဘုန်းကြီးကမှု့ ရွာမပတ်ချင်စမ်းပါနဲ့၊ ဘိုးဒန်ပြလာလို့ လင်မယားရန်ဖြစ်တော့ တို့ကတိုက်တယ် ဖြစ်နေ ပါဦးမယ်"
ဘထွေးပြောသည်မှာ လမ်းကျသည်ဟုထင်၍ ကျွန်တော်သည်ဘာမှ ပြန်မပြောဘဲ အဝေး ဆီသို့သာ မျှော်ကြည့် မိသည်။ ကျွန်တော့်မျက်လုံးများသည် ဘထွေးတို့ခြံ၏ အနောက် ဘက် မရန်ပင်ကြီးဆီသို့ ရောက်သွား၏။ မရမ်းသီးများ ခွေးနို့စို့သကဲ့သို့ တပြွတ်ပြွတ် သီးနေ၏။ ကျွန်တော့ခေါင်းတွင်း၌ အကြံ တစ်ခု ပေါ်လာသည့်နည်းတူ လျှာ၌လည်း သွားရည်ယိုလာသည်။
"ဘထွေး မရမ်းသီးတွေတောင် အတော်ကြီးပြီ"
"အေးလေကွာ.....အဲဒါဘာဖြစ်သလဲ"
"ဘာဖြစ်ရမလဲ.........အခု ပြာသိုမဟုတ်လားဗျ.....တောင်ညို ပေါက်ပြီ"
ထိုအခါမှ ဘထွေး သည် သတိရဟန် မျက်လုံး၌ အရောင်တောက်လာသည်။
"အေးဟာ..... ငယ်လေးပြောမှ သတိရတယ်၊ ဒါဖြင့် မင်းဒီညနေ အားလား"
"ကျုပ်ဆရာ့အိမ်မှာ နည်းနည်း ရှင်းပေးစရာ ရှိတယ်၊ ညနေကျရင်တော့ အားမှာပဲ"
"ဒါဖြင့် ငါမရမ်းသီးဆွတ် ရေစိမ်ထားလိုက်မယ်၊ မင်းညနေကျလာခဲ့"
ကျွန်တော်သည် ဘထွေးတို့အိမ်မှ ပြန်လာခဲ့၍ အိမ်ပြန်ရောက်သော ဆရာ့အခန်းနှင့် စားပွဲကို ရှင်းပေးသည်။ ရေတွင်းမှရေခပ်၍ သောက်ရေအိုးဖြည့်သည်။ ထင်းပေါက်ခြမ်းများ ကို မိးဖိုတွင်ဖြည့်သည်။ ဤ ကိစ္စများပြီးသော် ညနေချမ်း၌ ဘထွေးထံသို့ ထွက်ခဲ့တော့ သည်။
ဘထွေး၏ အိမ်မှတစ်ဆင့် ဘထွေးနှင့် ကျွန်တော်သည် ရိုးပြတ်ဖုံးသော လယ်ကွင်းတို့ကို ဖြတ်၍ တောင်ခြေဘက် သို့ ထွက်ခဲ့သည်။ ဘထွေးက သီးချင်းတကြော်ကြော်ဖြင့် ရှေ့မှ သွားခိုက် ပေါက်ပြား တစ်လက် ကို ထမ်းရမ်း ကျွန်တော်က နောက်မှလိုက်သည်။ သွားလာကြ ရင်းလည်း လယ်ပြင်သို့ ဂရုတစိုက် ကြည့်မိကြသည်။ လင်ပြင်၌ နွားချေးခြောက်အရာတွေ့ လျှင် ကျွန်တော်တို့က ရပ်ကြသည်။
ဤနေရာ၌ နံနက်က ဘထွေးနှင့် ကျွန်တော်တို့ပြောခဲ့သော စကားတို့အနက်မှ မရမ်းပြာ သို တောင်ညိုပေါက် စ သည်တို့ကို ရှင်းပြလိုသည်။
ပြာသို ဆိုလျှင် ဒီပိုးတို့ တောင်ညိုပေါက်ပြီ။ ဒီပိုးတောင်ညိုပေါက် သော် မရမ်းသီးကလေး ဖြင့် အုပ်ချက် စားလျှင် အလွန်အရသာရှိ၏။
ဒီပိုး ဆိုသည်မှာ နွားချေးပိုးထိုးအကောင်ပေါက် ဖြစ်၏။ လယ်ကွင်း၌ နွားချေးကျသော်ပိုး တွယ်သည်။ ပိုးကောင်မကြီး သန္ဓေတည်ပြီးသော် ပြေးလျှိုး၏။ ဘယ်အချိန်က စလျှိုးသည် ကိုတော့ ကျွန်တော်မသိ။ လူမိန်းမ တို့ ကိုးလလွယ် ဆယ်လဖွားဟန်မျိုးတော့ မတူ။
နွားချေးရာရှိသောမြေကို ပေါက်ပြားနှင့် ရှပ်တူးသော ပက်ကြားအက်သဏ္ဌာန် ဟကွဲနေ သောမြေကို တွေ့မည်။ ဤမြေကွဲအတိုင်း အလိုက်သင့်လိုက်က မြေအတွင်း အတော်နက် နက်၌ အုန်းသီး တစ်လုံးထက် ကျယ် သော လိုဏ်ဂူတစ်ခုတွေ့မည်။ ဤလိုဏ်အတွင်း၌ သီးသီးလုံးနှင့် သဏ္ဌာန်တူသော မြေကြီးလုံး (၇)လုံး မှ (၁၀)လုံးအထိ တွေ့ရသည်။ ဤမြေကြီးလုံးအပေါ်၌ တကျည်ကျည် အော်နေသော နွားချေးပိုးထိုးမကြီး ကို တွေ့ရမည်။
မြေကြီးလုံး တစ်လုံးကိုယူ၍ ခွဲလိုက်ပါ ကတ္တီပါဘောလုံးတစ်လုံးကို ခွဲလိုက်သကဲ့သို့ အတွင်း၌ အခေါင်း ရှိသည်။ အခေါင်းတွင်း၌ ဒီပိုးကိုတွေ့ရမည်။ ဒီပိုး၏သဏ္ဌာန်မှာ နွားချေးပိုးနှင် ထပ်တူညီမျှဖြစ်၏။ သို့ရာတွင် အရောင်အဆင်း မှာ ရွှေရောင်တ၀င်းဝင်း ရှိ၏။ ယခုလိုပြာသိုသဆိုလျှင် အတောင်ညိုတို့ ပေါက်စပြုလာပြီ။ ပြာသို ၏ ရွှေရောင်ဝင်းသော အတောင်ညိုပေါက် ဒီပိုးကို မရမ်းသီးလေး ဖြင့်အုပ်၍ ချက်စားသော် ထူးကဲသော အရသာ အား မြို့သားတို့ ခံစားဖူးကြလိမ့်မည် မဟုတ်။
ဘထွေးနှင့် ကျွန်တော်တို့သည် ဒီပိုးတွင်း သုံးတွင်းခန့်တွေ့သဖြင့် ဒီပိုးအကောင် နှစ်ဆယ်ခန့်ရသည်။ တော်လောက် ပေပြီ။ ထို့ကြောင့် ဘထွေးနှင့် ကျွန်တော်တို့သည် ထုံးစံအတိုင်း သဲချောင်းတစ်လျှောက် ပျားဖွပ်ထွက် ကြပြန်၏။
ဆောင်းညနေ၏ နေရောင်သည် ဖျော့ဖျော့သာရှိလေသည်။ မြူနှင်းတို့ဝေနေ၏။ အင်တိုင်း ကို ဖြတ်တိုက် လာသော မြောက်လေသည် အေးချမ်းသည်။
ဤမြောက်လေကို အနံခံကြည့်လျှင် ပျားအုံဘယ်အနား၌ရှိသည် ကိုတော့ဘထွေးရော ကျွန်တော် ပါသိသည်။
သဲချောင်းတစ်လျှောက် ကြာကြာမလျှောက်ကြပါ။ ပေါက်ပင်ပျို အကိုင်းတစ်ခုထက် ပျားအုံတစ်အုံကို တွေ့ရသည်။ ပျားအုံဆိုသောလည်း ယင်းပျားအုံဖြစ်၍ သိပ်တော့ မကြီးလှ။ ယင်းပျားဖွပ်ရသည်မှာလည်း အလွန် လွယ်သည်။
ဘထွေးသည် သစ်ပင်ခွဆုံသို့တက်၍ အဆင်သင့်ပါလာသော ဆေးပြင်းလိပ်ကို မီးညှိ သည်။ ထို့နောက် ပုဆိုးခေါင်းမြီးခြုံ၍ ဆေးပြင်းလိပ်ငွေ့ဖြင့် ပျားအုံကိုမှုတ်သည်။ ဆေးပြင်း လိပ်ငွေ့ကြောင့် ပျားတို့ ပျံပြေးသော် သစ်ကိုင်းကို ဓားမနှင့်ချိုင်၍ ပျားအုံကို အာက်သို့ ချပေးသည်။ ကျွန်တော်က မိအောင်ဖမ်းရ၏။
ဘထွေးသည် ၀ိုင်းအုံလာသော ပျားတို့အား ဆေးပြင်းလိပ်ငွေ့ဖြင့် မှုတ်ရင်းပုဆိုးကိုလည်း ခေါင်းမြီးခြုံလျက် သူ့ဖင်ပြောင်ကြီး အပေါ်သားဖြင့် သစ်ပင်ပေါ်မှ ဒရောသောပါး ဆင်းရသည်။
အောက်၌ ပျားအုံကိုင်ထားသော ကျွန်တော့်တွင်လည်း ရန်မကင်း၊ တပ်စုခွဲ၍ တိုက်စစ်ဆင် လာသော ပျားတို့ကို အဆင်သင့် မီးညှိထားပြီးသော ဆေးပြင်းလိပ်တစ်လိပ်ဖြင့် ခုခံရ၏။ ကျွန်တော်နှင့် ဘထွေးလေး တွင် လွယ်အိတ်တစ်လုံးပါသည်။
လွယ်အိတ် အတွင်း၌ မီးတောက် ချက်အရက်တစ်လုံး ပါလာသည်။ ပျားတို့နှင့် ဝေးရာရောက်သော် အရက် ပုလင်းထဲ သို့ ပျားလပို့ညှစ်၍ ပျားရည်တို့ကိုထည့်သည်။ ပျားရည်တို့ကို ညှစ်ပြီးသော အခါပျားရည် တို့သမအောင် ပုလင်းလှုပ်ပေးရ၏။ တစ်ယောက်တစ်ကျိုက်ဆီမော့ကြည့် သောအခါပူရှိန်းရှိန်း ချိုမြမြဖြင့် အလွန် အရသာရှိ၏။
ချောင်းရိုး အတိုင်း ဘထွေးနှင့် ကျွန်တော်တို့ပြန်လာခဲ့သည်။ တစ်နေရာ၌ ဆီးချုံကို နွယ်တက်နေသော ခွေးတောက်ရွက် များကို တွေ့ရသည်။
"အတော်ပဲ ဘထွေး၊ ပျားသလက်နဲ့ချက်ဖို့ ခွေးတောက်ရွက်ကို ကျုပ်သွားခူးဦးမယ်"
"ခူးလကွာ.... အတော်ပဲ ငါလည်းပျားတစ်အုံ ဟိုမှာတွေ့ပြန်ပြီ"
ဘထွေးက ပျားအုံရှိရာသစ်ပင်ဆီသို့ သွားသည်။ ကျွန်တော်က ခွေးတောက်ရွက်ခူးရန် ထွက်လာသည်။
ဆီးချုံရှိရာမှာ တော်အနည်းငယ်ထူသည်။ မူလက ခွေးတောက်ရွက်ခူးရန် သွားသော်လည်း ချုံကြား၌ ကျွန်တော် အတပ်မက်ဆုံးသော အရာတစ်ခု ကို တွေ့ရသည်။
ခြတောင်ပို့တစ်ခု ၏ အစွန်းအစတည်း။
ပေါက်တူးသည် အဆင်သင့်ပါသဖြင့် ခြတောင်ပို့ကိုဖြိုရန်ကျွန်တော်လည်း ချုံကိုတိုး၍ ၀င်၏။ သို့ရာတွင် ချုံအတွင်း တောင်ပို့ဘေး၌ အရာတစ်ခုကြောင့် ကျွန်တော်သည် ထိတ် လန့်တကြားအော်လုမတက် ဖြစ် သွား၏။
လည်ပင်းပြတ်လု ဓားဒဏ်ရာနှင့် မရှုမလှသေနေသော အလောင်းတစ်လောင်းတည်း။
"ဘထွေးလာဗျ.......လာဗျ၊ အလောင်းကြီး....အလောင်းကြီး၊ ကိုးဘိုးဒန် အလောင်းကြီးဗျ"
ကျွန်တော်၏ ထိတ်လန့်တကြား အော်သံကြောင့် ပျားဖွပ်နေရာမှ ဘထွေးသည် အပြေးအလွှား ရောက်လာသည်။ သူ့နောက်ကလည်း ပျားတို့သည် တိုက်လေယာဉ် တို့သဖွယ် ထိုးဆင်းလိုက်လာ၏။
ပျားသုံးလေးကောင် ကျွန်တော်တို့လည်ကုပ်ကို တုပ်သည်ကိုပင် အမှတ်မပြုနိုင်ဘဲ ဘထွေး နှင့် ကျွန်တော် သည် ရှေ့မှ အလောင်းကို မျက်လုံးအပြူးသားနှင့် ကြည့်နေကြ၏။
ဆက်ရန်
.
No comments:
Post a Comment