ဇင် သည်လည်း အသွေးနှင့်ကိုယ် အသားနှင့်ကိုယ်ပဲ မဟုတ်လား။ လူတစ်ယောက်က မိမိအပေါ် သည်အထိ အာရုံ စူးစိုက် နေသည် ဆိုတော့လည်း ဥပေက္ခာပြုရမှာကို ဇင် ၀န်လေး လာသည်။
သည်တစ်ခါမှာတော့ သူ့ဖုန်းကို ပြန်ဖြေမည်ဟု ဇင် ဆုံးဖြတ်သည်။ ကာကွယ်ရေး စစ်ဗြူဟာ ကို လျှော့ချ လိုက်သည်။ ဘယ်သူက ဖုန်းဆက်လာလာ ဇင့်ကို ခေါ်ဖို့မှာကြားထားသည်။
သြော် … သည်က လျှော့ပြီး ဆိုကာမှ တစ်ဘက်က အမူပိုင်သည် ထင့်။
လာသမျှ ဖုန်းမှာ ဇင့်အတွက် မဟုတ်ခဲ့။ ဇင့်အတွက်ဆိုသော ဖုန်းကလည်း အခြားသူသာ။
ဒုတိယ နေ့ တွင် ဇင်သည် တစ်နေ့လုံးလိုလို တယ်လီဖုန်းနှင့် မနီးမဝေး တွင် ရှိနေခဲ့သည်။ မျှော် သည်၊ စောင့်သည်။ သို့သော် …. မလာခဲ့ပါ။ တတိယနေ့သည်လည်း ထိုအတိုင်း။
"ကဲ … မလာချင်လည်း နေတော့ကွယ် …၊ တယ်လီဖုန်းရယ် …"
ဇင် သည် မျှော်လင့်ချက်ကို ပယ်ဖျက်လိုက်သည်။
စိတ် မှာ လွတ်လပ်သွားသည်။ ကိုယ်မှာ ပေါ့ပါးသွားသည်။
သို့ပေမယ့် စတုတ္ထနေ့မှာတော့ နံနက်စောစောစီးစီးမှာပင် တယ်လီဖုန်း ခေါင်းလောင်းသံက ခွန်းချို နှုတ်ဆက် လာသည်။
"ဇင်ရေ … တယ်လီဖုန်း၊ ဦးတင်မောင်သန့် တဲ့"
ဘာရယ်ကြောင့်မသိ၊ ဇင်၏ ရင်သည် ခုန်လာကာ စကားပြောခွက်ကောက်ကိုင်လိုက်သော လက်က တုန်ချင် နေသည်။
"မသက်ဇင်ပါ"
"သြော် … မသက်ဇင်"
တစ်ဖက်မှ အသံသည် ညည်းညူသံပါနေသည်။ သက်ပြင်းရှိုက်သံကြားရပြီး တိတ်ဆိတ်နေ သည်။
"ပြောလေ၊ ဘာပြောမလို့လဲ"
"မသက်ဇင် ကို နေ့လယ်လောက် တွေ့လို့ရမလား"
"ဘာအတွက်ပါလိမ့် ရှင်"
"မသက်ဇင် စိတ်ဝင်စားမယ့် ကိစ္စပါ၊ စာရင်းဇယား ကိစ္စပါ "
"အမှားအယွင်းတွေများ ရှိနေလို့လား"
"ခုနှစ်ဆယ့်ငါး နဲ့ ပတ်သက်လို့ သိပ်ကျေနပ်မှု မရှိသေးဘူးတဲ့"
"ဇင် မှတ်မိပါတယ်၊ အရှုံးပြထားလို့ ဖြစ်ပါလိမ့်မယ်"
"ဒီလိုပဲလား"
"ရှင်"
"အရှုံးပြရင် မကျေနပ်ကြဘူးလား"
ဇင် ပြန်မဖြေတတ်
"ခိုင်လုံလျက်နဲ့ မကျေနပ်ဘဲ ဒီအတိုင်း ကျိတ်မှိတ်နေရတာတွေ တစ်ပုံကြီးပါ"
"ဦးတင်မောင်သန့် ဘာကို ဆိုလိုပါလိမ့်"
"ကျွန်တော်နဲ့ မသက်ဇင် တို့ ပွဲမှာ ကျွန်တော့်ဘက်က ရှုံးတယ်"
"စာရင်းဇယား မခိုင်လုံပါဘူး"
"ဒီထက် ခိုင်လုံရဦးမလား မသက်ဇင်၊ ကျွန်တော်သာ ဆယ့်ခြောက်နှစ်သားကလေး ဆိုရင် အခုလောက်ရှိ အသည်းကွဲ နေပြီ"
"ဒါကြောင့် ပြောတာပေါ့၊ အရေထူနေပြီဖြစ်တဲ့ ဦးတင်မောင်သန့် အသည်းမှာ အက်ရာတောင် ထင်မှာ မဟုတ် ပါဘူး"
"ဒါပေမယ့် အသည်းဟာ မူးရီ နေတယ်၊ မပြောကြဘူးလား တစ်နေ့တည်း ကျွန်တော် အကြိမ် သုံးဆယ် ဖုန်းဆက် တယ်"
"ဇင် မြို့ကို တစ်ကယ်ပြန်သွားတာပါ"
"နှစ်ရက် ဆက်ပြီး အရက်ချည်း သောက်နေလိုက်တယ်"
"ဇင် အရက်စကား သိပ်မကြားချင်ဘူး"
"ကိုးဆယ်ရာခိုင်နှုန်း အဲ … အခုတော့ ကျွန်တော်လည်း စာရင်းဇယားတွေနဲ့ ပြောတတ် ဆိုတတ် လာပြီဆိုပါတော့။ ကိုးဆယ့်ကိုးရာခိုင်နှုန်းသော မိန်းမတွေသာ အရက်ကို မုန်းကြ တယ်၊ အရက်ဆန့်ကျင်ရေး သမား တွေပဲ"
"ဇင်လဲ ထိပ်ဆုံးက ပါတယ်"
"သူ လဲ သောက်တတ်တာပဲလား"
"ယောက်ျားပဲရှင်"
"အရက် က မသက်ဇင်တို့ကို ခွဲခဲ့တာလား"
"ဒီအကြောင်း တစ်ယောက်တည်းကြောင့်တော့ မဟုတ်ပါဘူး၊ နေပါဦး ဇင့်အကြောင်း ဒီလောက် အစ်ထုတ် နေတာ ၀တ္ထုရေးဖို့လား"
ရယ်သံကြားရသည်။
"မသက်ဇင်ရယ် … အစက ဒီလောက် စိမ်းကားတတ်မှန်း သိခဲ့ရင် …"
"မစိမ်းတောင် ဖက်ဖူးရောင်လောက်တော့ ဖြစ်မှာပါ"
"အဲဒီလောက်တော့ ရှိချင်ရှိပါလိမ့်မယ်။ ဇင်ဟာ မိန်းမသားပါ ဦးတင်မောင်သန့်"
"ကျွန်တော် နားလည်နိုင်ပါတယ်ဗျာ၊ ခွင့်လွှတ်နိုင်ပါတယ်၊ မသက်ဇင်ကလဲ ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ဘာကြောင့် လဲ မသိဘူး၊ အခုတလော ကျွန်တော် သိပ်ကလေးဆံသလို ဖြစ်နေ တယ်"
"အနောက်နိုင်ငံ အယူအဆနဲ့ ဆိုရင် လူဆိုတာ အသက်လေးဆယ်ကျမှ စတင်လူဖြစ်သတဲ့။ ဦးတင်မောင်သန့် က လေးဆယ်တစ်နှစ် ဆိုတော့ အခါလည်သားပဲ ရှိသေးတာပဲ"
"အေးဗျာ အမိုက်အမဲ မို့ ဗွေမယူပါနဲ့လို့သာ တောင်းပန်းရတော့မှာပဲ"
"ဒီတော့ …" ဇင် စကားဖြတ်ချင်နေပြီ။
"ဒီတော့ မသက်ဇင် ပဒေသရာဇာ ကို လာမလား"
"အလုပ်ကိစ္စ အတွက် လာခဲ့ပါမယ်"
"ကောင်းပါပြီ၊ အလုပ်ကိစ္စအတွက်ပဲ လာပါ၊ ဒါပါပဲ မသက်ဇင်"
စကားပြောခွက် ကို ချသွားသည်။ ဆောင့်ကြီး အောင့်ကြီးနှင့် ဖြစ်သည်။
နေ့လယ် တွင် ဇင်သည်၊ သည် "ပဒေသရာဇာ" သို့ လာသည်။
"ဒေါ်သက်ဇင်တို့အဖွဲ့ ထွက်သွားကတည်းက ပဒေသရာဇာဟာ ခြောက်သွေ့သွားတာပဲဗျ၊ ကျွန်တော် တို့တွေ ပျင်းကျန်ခဲ့တာပဲ"
"ပဒေသရာဇာ" အဖွဲ့သားများက ဇင့်ကို ဆီးကြိုပြောကြသည်။ သည်စကားမျိုးတော့ ဇင့်တို့ ထွက်ခဲ့သော နေရာတိုင်း မှာ ကြားရမြဲ။
ဦးတင်မောင်သန့် ကို သူ၏ သီးသန့်ခန်း၌ တွေ့ရသည်။ သူသည် ရေခဲအိတ် ကို ခေါင်းပေါ်မှာ မျက်နှာသုတ် ပုဝါ ပတ်ပြီး တင်ထားသည်။ မျက်နှာမှာ ညိုနေကာ မျက်လုံးများက ရဲနေသည်။
"နေမကောင်းဘူးလား"
"အရက်များ ထားတဲ့ ဒဏ်တွေလေ၊ အရက်နာကျတယ် ခေါ်တာပေါ့၊ ဘိုလိုတော့ ဖတ်စ်ကလပ် ဟင်းအိုဗာ ဆိုတာပေါ့"
"အရက်သောက်တာကိုတော့ အပြစ်မဆိုချင်ပါဘူး၊ အရက်များများ သောက်တာကိုတော့ မုန်းတယ်"
"ကျွန်တော်တို့ အရက်သမားတွေဟာလဲ ဒီအတိုင်းပါပဲ၊ အရက်တော့ သောက်ချင်တယ်၊ အရက်နာကျတဲ့ ဝေဒနာ ကိုတော့ မုန်းတယ်"
"အလွန်အကျွံ မဖြစ်စေနဲ့ပေါ့ရှင်"
"တစ်ခါတစ်ခါမှာတော့ အသိခေါက်ခက် အ၀င်နက် ဆိုသလို ထိန်းရင်းက လွန်သွားတတ် တယ်။ တစ်ခ်တစ်ခါ ဆိုတာမှာ ခံစားချက်တွေ သိပ်ပြင်းပြတဲ့အခါမျိုးကို ဆိုလိုတာပါ"
ဇင်သည် စကား ကို လွှဲပြောင်းပစ်ဖို့ တန်ပြီဖြစ်ကြောင်း ရိပ်စားမိသည်။
"ဇင် ပြန်ကြည့်ပေးရ မှာ ခုနှစ်ဆယ့်ငါးနော်"
"ဟုတ်ပါတယ်"
"ဘယ်လို ပြန်လုပ်ပေးရမလဲ၊ အရှုံးအတိုင်း ထားမလား၊ အမြတ်ပြရမလား၊ နည်းနည်းပါးပါး အမြတ်ပြခဲ့ရင် …"
"မသက်ဇင် သဘောကျသလိုသာ လုပ်ပါ"
"ဒါနဲ့များ ဇင့ိကု ဘာလို့ခေါ်ရသေးသလဲ"
"ဘာလို့ဆိုတာတော့ မသက်ဇင် သိမှာပါလေ၊ ထားပါ မသိဘူးပဲထားပါ။ သိအောင်လဲ ရှင်းမပြ တော့ပါဘူး။ အဓိက ပြောချင်တာတော့ မသက်ဇင် ကျွန်တော့်ကို အခုလို ပစ်ပစ်ခါခါကြီးတော့ မလုပ်လိုက်ပါနဲ့ဗျာ"
"ဟုတ်ကဲ့၊ ဇင် ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်ဆိုတာ သွန်သင်ပါ"
"ကျွန်တော် မသက်ဇင်နဲ့ တယ်လီဖုန်းကနေ စကားပြောချင်ပါတယ်၊ ရံဖန်ရံခါ တွေ့ချင်ပါ တယ်"
ဇင် သူ့ ကို တွေကြည့်နေမိသည်။
"ကျွန်တော့်ဘက်က ကတိပေးပါတယ် မသက်ဇင်၊ နောက်နောင် မပစ်မှားပါဘူး၊ မသက်ဇင် မကြားချင် စကား တွေ မပြောပါဘူး"
"ဦးတင်မောင်သန့် ဆိုလိုတာက ဇင်တို့ မိတ်ဆွေလို အရှည် ဆက်ဆံသွားဖို့ ထင်ပါရဲ့"
"ဟုတ် … ဟုတ်ပါတယ်"
"ဒါဆိုရင် … ဇင့်ဘက်က ဘာမှ ကန့်ကွက်စရာ မရှိပါဘူး"
"ကျွန်တော် ၀မ်းသာပါတယ် မသက်ဇင်၊ ဒီအခွင့်အရေးဟာ ကျွန်တော့်အတွက် ကြီးကျယ်တဲ့ ရလာဒ်ပါပဲ၊ အခုအတိုင်းဆိုရင်တော့ မသက်ဇင် ခုနှစ်ဆယ့်ငါးကို ပြန်ကြည့်စရာ မလိုတော့ပါ ဘူး၊ ဒီအတိုင်းပဲ ထားလိုက် ကြပါစို့ရဲ့"
"ဇင် ပြန်ပါဦးမယ်"
"နေပါဦးလား မသက်ဇင်၊ မိတ်ဆွေဖြစ် ကျွန်တော်တို့ အအေးတစ်ခွက်စီလောက် သောက်ကြရ အောင်ပါ"
ကျောက်စာတိုင် မဟုတ်သော သစ်ငုတ်သာ ဖြစ်သည့် ဇင်သည် လှုပ်လာသည်တော့ အမှန်။
သည်လို အစပျိုးခဲ့တာပဲ မဟုတ်လား။ အအေးကလေး တစ်ခွက်သောက်ရာက စခဲ့တာပဲ မဟုတ်လား။ ခဲမှန် ဖူးသော်လည်း သည်းခြေနည်းသည့် စာသူငယ်သည် သည်ကိုင်းဖျား ကိုင်းနားမှာ နားချင်တုန်းပင် ဖြစ်သည်။
အစပိုင်းတော့ ဦးတင်မောင်သန့်သည် ဇင့်ထံ တစ်နေ့တစ်ခါလောက် ဖုန်းဆက်သည်။ သာကြောင်း မာကြောင်းပါပဲ။ မနက်က ဘာဟင်းနဲ့ စားပြီး ညနေဘာဟင်းနဲ့စားသည် ဆိုရုံ လောက်ပါပဲ။
တစ်ခါတစ်ရံ "၀ါဏိဇ္ဇ" ရုံးခန်းသို့လာကာ အအေးသောက်ဖို့ ခေါ်သည်။ တစ်ခါတစ်ရံ ရုပ်ရှင် ကြည့်သည်။ တစ်ခါတစ်ရံမှာတော့ ထမင်းလိုက်ကျွေးသည်။
ဇင် ၀န်ခံပါသည်။
သည်အရာများကို ဇင် မသာယာဘူးဟု မငြင်းချင်။ သာယာမိသည် အမှန်ပင်။
တွက်လည်း ကြည့်ပါဦး။
မဟာရန်ကုန်တွင် ဇင်တို့လို အတန်းအစားမျိုးတွေ ဘယ်ပုံ ဘယ်နည်း ကျင်လည်နေကြရ သည် ဆိုခြင်းကို။
ဇင်၏ ၀င်ငွေသည် တစ်လ တစ်လတွင် အဆောင်ကြေးနှုတ်၊ ထမင်းချိုင့်ဖိုးနှုတ်၊ မုန့်ဖိုးနှုတ်၊ ဘတ်စ်ကားခ နှုတ် ကလေးနှင့်အမေထံပို့သည် စရိတ်နှုတ်။ မ၀ယ်၍လည်း မဖြစ်။ သိပ်လှချင် လွန်းလို့ မဟုတ်သော်လည်း သူများ နည်းတူ မ၀တ်နိုင် က အထင်သေးခံရသည်။
မောင့်ထံမှ မှန်မှန်ရနေသည့် ကလေးစရိတ်ကိုတော့ ငွေစုဘဏ်မှာပင် ထားရသည်။ ကလေးတွေရဲ့ နောင်ရေး အတွက်။
သည်တော့ ဇင်တို့ အရေးတကြီး ကိစ္စမရှိဘဲ တက္ကစီ ကားတွေ မစီးနိုင်။ ချွေးစော်နံသည့်၊ ကျပ်ညပ်နေသည့် ဘတ်စ်ကား ကိုပင် တိုးဝှေ့စီးရသည်။ မရှောင်နိုင်။
ရန်ကုန်ဘတ်စ်ကား ဆိုသည်ကလည်း သိကြသည့်အတိုင်း မဟုတ်လား။ ကျပ်တာညပ်တာ ချည်းသာမက ယောက်ျားယုတ်တို့၏ ပက်စက်မှုကိုလည်း အခါမလပ် ခံစားကြရသေးသည်။ သည်ကနေ့ ခေတ့်ဘတ်စ်ကား ပေါ်မှာ ဆိုသည် ကလည်း ဘာမဆို အကုန်ဖြစ်နိုင်သည်။ ကြမ်းပေါက် ကျွံကျခြင်းမှသည် မြွေကိုက် ခံ ရနိုင် သည်အထိ။
တစ်ပတ်တစ်ခါလဲသည့် ရုပ်ရှင်ကို အလွန်ပျင်းပျင်းရိရိ ရှိသည်နှင့်၊ သို့မဟုတ် ဇာတ်ဆောင် ကြိုက်လို့၊ ဇာတ်လမ်း ကြိုက် လို့ ဆိုတောင် တစ်လတစ်ကြိမ် နှစ်ကြိမ်လောက် ကြည့်ဖြစ်ဖို့ အလွန် စွန့်စားရသည်။
စားရသည့် ထမင်းချိုင့်ကလည်း ဟင်းတွေ ထပ်နေသည်။ တစ်ခါတစ်ရံ ဟင်းအမယ်သာ ပြောင်းသည်။ အနံ့အသက် ကတော့ တစ်နံတည်း။ ချက်ပြုတ်ပုံကလည်း တစ်ပုံစံတည်း။
ဆက်ရန်
.

1 comment:
ဟင်း . . . . မိုးခါးရေတွေ . . .
Post a Comment