Thursday, December 23, 2010

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၁၂)


ဒုစရိုက်သမား သုံးဦးသည် နောင်တရကာ ငြိမ်းချမ်းမှုကို ရရှိသွားကြခြင်း၊ ဒင်နီ၏ သူငယ်ချင်းများ က ရဲဘော်ရဲဘက်ဘ၀ ကို ပြန်လည် တည်ဆောက်ရန် သစ္စာဆိုကြခြင်း

နေသည် ထင်းရှးပင်များ အထက်သို့ ရောက်သွားခဲ့လေပြီ။ မြေပြင်သည် ပူနွေးလာသည်။ ညပိုင်း က ရေမွှေးပန်း များပေါ် ၌ တွဲလွဲခိုနေခဲ့ကြသော နှင်းသီးနှင်းပေါက် များသည် ခြောက်သွေ့ကုန်ကြပြီဖြစ်၏။ ဒင်နီ သည် အိမ်ရှေ့ ဆင်ဝင် ၌ ထွက်၍ထိုင်ကာ နေစာလှုံရင်း လမ်းပေါ်မှ ဖြစ်ပျက်သမျှကို လှမ်းမျှော်ကြည့် လျက် ရှိ၏။ သူသည် ရှူးဖိနပ်များ ကို ချွတ်လိုက်ပြီး ခြေထောက်များကို ဆင်ဝင်တန်းပေါ်သို့ လှမ်းတင် ထားသည်။

သူသည် ယနေ့နံနက် အစောကြီး ထကာ သူ့အိမ်၏ မီးလောင်မြေ နှင့် မြေပေါ်မှ ကောက်ကွေးနေသော ရေပိုက် များကို သွား၍ ကြည့်ရှု ခဲ့သည်။ သူ့အနေ နှင့် နမော်နမဲ့ နိုင်လွန်းလှသော သူငယ်ချင်းများအပေါ် ထုံးစံ အတိုင်း ဒေါသဖြစ်မိရုံမျှ မက ဆုံး ရှုံးသွားခဲ့ရသော ပစ္စည်းအတွက် နှမြောတသခြင်းဖြစ်မိသည်။ တကယ်တော့ လည်း ရုပ်ဝတ္ထုပစ္စည်း သည် စိတ် ပိုင်းဆိုင်ရာ တိုးတက်မှုကို တန်ဖိုးရှိလာအောင် ပြုလုပ် ပေးတတ် သည် မဟုတ်ပါလော။

အိမ်တစ်လုံး ငှား၍ စား နေနိုင်သော လူတစ်ယောက် ၏ဘ၀ ပျက်စီးရသည့် အဖြစ်ကိုကား သူ မတွေးတော ဘဲ မနေနိုင်။ ဤလိုအပ်ချက် များသည် စိတ်၏ သာယာမှုကို ဖြစ်စေခဲ့၏။ သို့သော်လည်း ယခုအခါ ဤအရာ များ သည် ပျက်သုဉ်းသွားခဲ့ရလေ ပြီ။ မည်သို့ပင်ဖြစ်စေ နောက်ဆုံးကျတော့လည်း သူ့စိတ်သည် နဂိုမူလ ရှိရင်းစွဲ အတိုင်း ပုံမှန် အနေအထား သို့ ပြန်လည်ရောက်ရှိလာသည်။ အနည်းဆုံး သူ့အပေါ်၌ ပိနေသည့် တာဝန်များ ထဲမှ အိမ်တစ်လုံးကို ထိန်းသိမ်းစောင့်ရှောက်ရခြင်းတည်းဟူသော တာဝန်တစ်ခု ကတော့ လျော့သွားပြီ ဟု တွေးကာ သူ့စိတ်သူ ဖြေနိုင်လာခဲ့လေသည်။

" တကယ် လို့ ဒီအိမ်ရှိနေမယ်ဆိုရင်လည်း ငါ့အနေနဲ့ အိမ်လခကို မက်မောနေဦးမှာပဲ " ဟုတွေးသည်။ " ငါ့ သူငယ်ချင်း တွေ ကလည်း ငါ့ကို ပိုက်ဆံပေးစရာ ရှိနေတာနဲ့ သိပ်ပြီး ကပ်ကြမှာမဟုတ်တော့ဘူး၊ အခု ကျတော့ ဒီ အနှောင်အဖွဲ့ တွေက လွတ်မြောက်သွားပြီး အရင်ကလိုပဲ ပျော်ပျော်ပါးပါး ပြန်ပြီး နေနိုင် ကြတော့မယ်"

သို့သော်လည်း ဒင်နီသည် ရှေ့လျှောက်ပြီး သူငယ်ချင်းများနှင့် ပေါင်းသင်းဆက်ဆံရာ၌ သူ့ဘက်က စည်းကမ်း ကလနား ထား၍ ပေါင်းသင်းသွားမှသာ ဖြစ်တော့မည်ဟု သဘောပေါက်သည်။ ထိုကဲ့သို့ မလုပ် ပါက သူတို့က သူ့အား လူပျော့လူညံ့ တစ်ယောက်ဟု ယူဆကြပေလိမ့်မည်။ ထို့ကြောင့် သူသည် အိမ်ရှေ့ ဆင်ဝင်၌ထိုင်၍ သူ့ အပေါ်လာ၍ နားရန် အားထုတ်နေကြသော ယင်ကောင်များကို လက်တစ်ဖက် ဖြင့် ယမ်း ၍ ခြောက်ရင်း သူ့ သူငယ်ချင်းများက သူ၏ ခင်မင်မှု အရိပ်အာဝါသကို ပြန်လည် ခိုလှုံခွင့်မပြုမီ ကြိုတင် ပြောထားသင့် သည့် အချက် အလက် များကို စဉ်းစားစိတ်ကူးနေသည်။

သူသည် သူတို့လို သမျှအတွက် အမြဲတမ်း မှီခိုရမည့် လူတစ်ယောက် မဟုတ်ကြောင်း သိသွားအောင် ပြမှဖြစ်လိမ့်မည်ဟုလည်း တွေးသည်။ မည်သို့ပင်ဖြစ်စေ ဟိုတစ်ချိန်တုန်းကလို လူတိုင်းကချစ်သော ဒင်နီ၊ ၀ိုင်တစ်ဂါလန် သို့မဟုတ် အမဲသားစလေး တစ်စနှစ်စ ရှိလာသည့်အခါ မရမက လိုက်ရှာပြီး အတိုက်ခံရ အကျွေးခံ ရသော ဒင်နီ၏ ဘ၀ကို ပြန်၍ ရလိုသည့်ဆန္ဒကတော့ ပြင်းပြင်းပြပြ တောင့်တနေဆဲပင်ဖြစ်သည်။ အိမ်နှစ်လုံး ပိုင်ရှင်တစ်ဦး အနေဖြင့် သူ့ကို လူချမ်းသာတစ်ဦးဟု အများက ထင်ခဲ့ကြ သည်။ ထို့ကြောင့်လည်း သူသည် အမြည်းကောင်းများ ပါသော ပွဲကြီးပွဲကောင်းအရက်ဝိုင်း အမြောက် အမြားကို လက်လွှတ်ခဲ့ရ၏။

ပီလွန်၊ ပက်ဘလိုနှင့် ဂျီးဆပ်စ်မေရီယာတို့သည် ထင်းရှူးတောထဲ၌ နာရီပေါင်းများစွာ အိပ်နေခဲ့ကြသည်။ မနေ့ ည က ကြုံခဲ့ရသော အဖြစ်သည် ကြောက်စရာ ကောင်းလှသည်ဖြစ်ရာ သုံးဦးစလုံး ကိုယ်ရောစိတ်ပါ ပင်ပန်းပြီး အိပ်မောကျသွားခဲ့ခြင်းဖြစ်၏။ သို့သော်လည်း နောက်ဆုံးတွင် မွန်းတည့်နေ၏ ပြင်းထန်သော အပူရှိန် သည် သူတို့ မျက်နှာများထက် သို့ ကျလာသည်။ ပုရွက်ဆိတ်များကလည်း သူတို့ကိုယ်ပေါ်တွင် တရွရွ လျှောက်သွား နေကြသည်။ အပြာရောင် ဗွတ်ကလုံငှက် နှစ်ကောင်ကလည်း သူတို့ဘေး မြေပြင်ပေါ်၌ နားကာ တကျီကျီ တကျာကျာ ဖြင့် ဆူညံစွာ အောမြည်လျက် ရှိကြသည်။ ထိုအခါ အိပ်ပျော်နေရာမှ လန့်နိုး လာကြသည်။ သို့သော် လည်း လွတ်လွတ် ကျွတ်ကျွတ် နိုးလာခြင်းမျိုး မဟုတ်၊ အိပ်မှုန့်စုံမွှားသာ ဖြစ်သည်။

သူတို့လူစု လွတ်လွတ် ကျွတ်ကျွတ် နိုးလာခြင်းမှာ သူတို့ အိပ်နေသော ချုံတစ်ဖက်၌ ပျော်ပွဲစား ထွက်လာ သည့် အဖွဲ့တစ်ဖွဲ့က နေရာယူပြီး နေ့လယ်စာ စားခြင်းကြီးကို ဖွင့်လိုက်သောအခါ ခြင်းထဲမှ အစားအသောက် များ ၏ အနံ့မျိုးစုံ သူတို့ထံရောက်လာ၍ ဖြစ်သည်။ သူတို့သည် နိုးလာလျှင်လာချင်း ထထိုင် ကြသည်။ ထို့နောက် သူတို့ ရင်ဆိုင်နေရသည့် ပြဿနာကို သတိရလာကြလေသည်။
" မီး က ဘယ်လိုဖြစ်ပြီး စလောင်တာလဲ " ဟု ပီလွန်က စိတ်မကောင်းသံဖြင့်မေးသည်။ မည်သူမျှ အဖြေမပေး နိုင်ကြချေ။

" ငါတို့သုံးယောက် အခုလောလောဆယ် တခြားမြို့တစ်မြို့ကို သွားပြီး ခဏတစ်ဖြုတ်လောက် နေရင် ကောင်းလိမ့်မယ်၊ ဆိုကြပါစို့၊ ၀တ်ဆန်ဗီးလ်မြို့နဲ့ ဆလိုင်းနကစ်မြို့တွေကိုပေါ့၊ အဲဒီမြို့တွေဟာ နေလို့ထိုင်လို့ ကောင်း တဲ့ မြို့တွေပဲ" ဟု ဂျီးဆပ်စ်မေရီယာက ပြောသည်။

ပီလွန် က အိပ်ကပ်ထဲ မှ ဘရာစီယာ ကို ထုတ်လိုက်ပြီး နူးညံ့သော အပေါ်သားကို လက်ချောင်းများဖြင့် ပွတ်နေ ပြန်သည်။ ထို့နောက် ဘရာစီယာကို နေရောင်တွင် ထောင်၍ ကြည့်နေသည်။
" အဲသလို လုပ်လိုက်ရင် ပြဿနာကို မရှင်းဘဲ အချိန်ဆွဲနေသလို ဖြစ်သွားမှာကွ" ဟု သူက ပြောသည်။ " ငါတို့ အနေ နဲ့ သားသမီး တွေက ဖအေဆီသွားပြီး တောင်းပန်သလို ဒင်နီဆီသွားပြီး ကိုယ့်အမှားကိုယ် ၀န်ခံ လိုက်ရင် အကောင်းဆုံးဖြစ်မယ်လို့ ထင်တာပဲ၊ ဒါဆိုရင် သူ့အနေနဲ့ စိတ်ထိခိုက်ရုံက လွဲပြီး ဘာမှပြောနိုင်မှာ မဟုတ်တော့ဘူး၊ ပြီးတော့ ဟောဒီဘရာစီယာကို မစ္စက်မော်ရေးအတွက် လက်ဆောင်အဖြစ် ပေးနိုင်တယ် "

သူ့ သူငယ်ချင်းများက သဘောတူကြောင်း ခေါင်းညိတ်ပြကြသည်။ ပီလွန်၏ မျက်လုံးများသည် ပျော်ပွဲစားထွက် လာသည့် အဖွဲ့ဆီသို့ ရောက်သွားသည်။ အထူးသဖြင့် နေ့လယ်စာ ထည့်ထားသော ခြင်းကြီးဆီမှ မခွာနိုင်။ ထိုခြင်းထဲမှ လာနေသော ကြက်ဥကြော် အနံ့သည် ဆွဲဆောင်မှု အပြည့်ရှိနေသည်။ ပီလွန်၏ နှာခေါင်းသည် ယုန်တစ်ကောင်၏ နှာခေါင်းသဖွယ် ရှုံ့ချီပွချီဖြစ်နေသည်။ ပြီးတော့ သူ့အတွေး နှင့်သူ ပြုံးသည်။ " ကဲ သူငယ်ချင်းတို့ ငါ ဟိုဘက်နား လမ်းလျှောက်လိုက်ဦးမယ်၊ သိပ်မကြာပါဘူး၊ မင်းတို့နဲ့ ကျောက်ကျင်းနား မှာ ဆုံကြတာပေါ့၊ တစ်ခုတော့ မှာခဲ့ပါရစေ၊ ဖြစ်နိုင်ရင် ခြင်းကိုတော့ မယူခဲ့ပါနဲ့ "

ပီလွန် ထိုင်ရာမှထပြီး သစ်ပင်ချုံပင်များကြားမှ တိုးဝှေ့သွားနေသည်ကို ပက်ဘလိုက ကြည့်နေသည်။ သူသည် ပျော်ပွဲစား ထွက်လာသည့် အဖွဲ့နှင့် နေ့လယ်စာ ခြင်းကြီးရှိရာနေရာနှင့် အလှမ်းမဝေးလှသော ထောင့်ဘက် သို့ ဦးတည်၍ သွားနေခြင်းဖြစ်၏။ အတန်ကြာသောအခါ ခွေးတစ်ကောင် ဟောင်သံ၊ ကြက်ဖ တစ်ကောင် တွန်သံ၊ စူးစူးရှရှ ရယ်သံ၊ ကြောင်တစ်ကောင် မန်ဖီသံနှင့် အလန့်တကြားအော်လိုက်သည့် အသံတစ်သံ စသည်များ ကို ဆက်တိုက်ကြားရသည်။ ဤအသံများကို ကြားရသောအခါ ပက်ဘလိုနှင့် ဂျီးဆပ်စ်မေရီယာ တို့ အဖို့ အဆန်းမဟုတ်သော်လည်း ပျော်ပွဲစားအဖွဲ့အတွက်တော့ အလွန်အံ့သြ စရာ ကောင်းပြီး ဆွဲဆောင်မှု အပြည့်ရှိသော အရာများဖြစ်နေသည်။ ပျော်ပွဲစားအဖွဲ့မှ ယောက်ျားနှစ်ယောက်နှင့် မိန်းမနှစ်ယောက် သည် ခြင်း တောင်းကြီးကို ထားခဲ့ပြီး အသံမျိုးစုံ လာနေရာဘက်သို့ အပြေးအလွှား ထွက်သွားကြလေသည်။

ပက်ဘလို နှင့် ဂျီးဆပ်စ်မေရီယာသည် ပီလွန်မှာခဲ့သည့် စကားကို ရိုသေလေးစားစွာ လိုက်နာကြသည်။ သူတို့ သည် ခြင်းကြီး ကို မယူ၊ သို့သော်လည်း ခြင်းထဲမှ ပစ္စည်းများသည် သူတို့ ဦးထုပ်များနှင့် ရှပ်အင်္ကျီများ အတွင်းသို့ ရောက်ကုန်ကြသည်။

မွန်းလွဲပိုင်း သုံးနာရီထိုးခန့်တွင် နောင်တရနေကြသော လူသုံးယောက်သည် ဒင်နီ၏ အိမ်ဆီသို့ ခပ်ဖြည်းဖြည်း လျှောက်လာနေကြသည်။ သူတို့လက်များထဲတွင် ငြိမ်းချမ်းရေး ကမ်းလှမ်းရန်အတွက် ယူဆောင် လာသော လက်ဆောင်ပစ္စည်းများဖြင့် ပြည့်လျက်ရှိသည်။ လက်ဆောင်များမှာ အမည်စုံလှ၏။ လိမ္မော်သီး များ၊ ပန်းသီးများ၊ ငှက်ပျောသီးများ၊ သစ်သီးရည်ပုလင်းများ၊ ၀က်ပေါင်ခြောက်ညှပ်ထားသည့် ပေါင်မုန့်များ၊ ကြက်ဥ ကြော်ညှပ် ပေါင်မုန့်များ၊ ဆိုဒါပုလင်းများ၊ အာလူးကြော်အိတ်များနှင့် စနေအထူးထုတ် အီးဗင်းနင်းပို့စ် သတင်း စာတစ်စောင်။
သူတို့ လာနေကြသည်ကို ဒင်နီက မြင်သည်။ သူသည် မတ်မတ်တောင့် တောင့်ရပ်ကာ သူပြောဖို့ စဉ်းစားထား သည့် စကားများကို ပြန်၍ သတိရအောင် အားထုတ်လျက်ရှိသည်။ သူတို့သည် ဒင်နီရှေ့သို့ ရောက် လာသော အခါ ခေါင်းငိုက်စိုက်ချ၍ ရပ်နေကြသည်။

သတို့ကို ဒင်နီက " ခွေးဝဲစားတွေ၊ သူခိုးတွေ" ဟု ဆီး၍ခေါ်သည်။ သူတို့၏ အမေများကို နွားမကြီးတွေဟု နာ မည်ပေးပြီး သူတို့ အဖေများကို သိုးနာကြီးတွေဟု နာမည်ပေးသည်။
ပီလွန် က သူကိုင်လာသည့် အိတ်ကိုဖွင့်ပြီး အထဲမှ အသားညှပ်ပေါင်မုန့်များကိုပြသည်။ ဒင်နီက မိတ်ဆွေ အပေါင်းအသင်း များ အပေါ်တွင် ယုံကြည်မှုမရှိတော့။ သူ၏ ယုံကြည်မှုများမှာ အပေါင်းအသင်းများ၏ အနင်း အခြေ အဖျက်အဆီး ကို ခံခဲ့ရပြီဟု ပြောသည်။

ဆက်၍ ပြောရန် ကြိုတင်စဉ်းစားထားသည့် စကားများကို ပြန် တွေးနေခိုက် ပက်ဘလိုက သူ့ရင်ဘက် အတွင်း၌ ၀ှက်၍ ယူလာသော ကြက်ဥပြုတ်များကို ပြလိုက်သဖြင့် ဘာ တစ်ခုမှ စဉ်းစား၍ မရတော့ဘဲ ဖြစ်သွားသည်။ သို့သော်လည်း ဒင်နီသည် ချက်ချင်းပြန်၍ ဣနြေ္ဒဆည်ကာ ရှေး ဘိုးဘွားဘီဘင် လက်ထက် က အမျိုးသား အမျိုးသမီးများ၏ စိတ်နေစိတ်ထားမြင့်မြတ်မှုနှင့် အကျင့်စာရိတ္တ ကောင်းပုံကို တသီကြီး လျှောက်ပြော ပြန်သည်။

ပီလွန်က သူ့အိတ်ကပ်ထဲမှ ပန်းရောင်ဘရာစီယာကို ထုတ်၍ မြှောက်ပြသည်။ ဘရာစီယာသည် သူ့လက်ထဲ တွင် တွဲလောင်း။
ထိုအခါ ဒင်နီသည် အားလုံးကို မေ့သွားပြီး ဆင်ဝင်တွင် ထိုင်ချလိုက်၏။ သူ့ သူငယ်ချင်းများကလည်း သူနှင့်အတူ ရော၍ ထိုင်လိုက်ကြပြီး သူတို့ယူလာသည့် အထုပ်များကို ဖြေကြသည်။ အစားအစာများကို စားစတွင် စကားမပြောကြ။ မတင်မကျ ရှိနေသည့်ပုံမျိုးဖြင့် စားသောက်နေကြခြင်းဖြစ်၍ သာယာမှုမရှိ။ နောက် တစ်နာရီခန့် ကြာသောအခါ နေမှုထိုင်မှု အသားကျလာသည်။ ထိုအခါ ဒင်နီက " မီး ဘယ်လို စ လောင်တာလဲ" ဟု မေးသည်။

လ ငါတို့လည်း မသိဘူး" ဟု ပီလွန်က ဖြေသည်။ " ငါတို့လည်း အိပ်ပျော်သါားရော မီးထလောင်တာပဲ၊ တို့ကို မုန်းနေ တဲ့ ရန်သူတွေ ရှိချင်ရှိနေမှာ"
" ငါကတော့ ဒီကိစ္စမှာ ဘုရားသခင်တောင် ပါချင်ပါလိမ့်မယ် ထင်တယ်" ဟု ပက်ဘလိုက ပြောသည်။
" ဘုရားသခင် အနေနဲ့ အဲသလို မလုပ်ဘူးလို့ကော ဘယ်သူပြောနိုင်မှာလဲ" ဟု ဂျီးဆပ်စ်မေရီယာက ၀င် ပြော သည်။

ပီလွန်က မစ္စက်မော်ရေးအတွက် လက်ဆောင်ဟု ပြောကာ သူ့လက်ထဲမှ ဘရာစီယာကို ဒင်နီအား လှမ်းပေး သည်။ ဒင်နီကတော့ မတုန်မလှုပ် နှုတ်ဆိတ်လျက်ရှီသည်။ သူသည် ဘရာစီယာကို မသင်္ကာသော မျက်လုံး များ ဖြင့်ကြည့်နေသည်။ " အဲဒီမိန်းမက လက်ဆောင်ပေးရမယ့် မိန်းမတစ်ယောက် မဟုတ်တော့ ဘူးကွ" ဟု ပြော သည်။ " ငါတို့အနေနဲ့ မိန်းမတွေကို ပိုးခြေအိတ်ပေးပြီး ကပ်နေမိကြတာက များတယ် " ဟု ဆိုသည်။ အိမ်တစ်လုံးတည်းပိုင်သည့် လူတစ်ယောက်အဖြစ်သို့ ရောက်သွားချိန်မှစ၍ သူနှင့် မစ္စက်မော်ရေး တို့ ၏ ဆက်ဆံရေး အေးစက်စက် ဖြစ်သွားရသည်ကိုမူ သူ့ သူငယ်ချင်းများအား ဖွင့်မပြော။

" ဘာပဲဖြစ်ဖြစ်ပေါ့လေ၊ ငါ ဘရာစီယာကို သိမ်းထားမယ် " ဟု ထပ်ပြောသည်။ " တစ်နေ့ကျရင် တခြား မိန်းမ တစ်ယောက် အတွက် အသုံး ၀င်ချင် ၀င်မှာ"
ညမိုးချုပ်၍ အမှောင်ရိပ် များ ကျလာသောအခါ သူတို့အားလုံး အိမ်ထဲသို့ ၀င်ကြပြီး မီးမွှေးကြသည်။ ဒင်နီက သူ့ သူငယ်ချင်းများကို ခွင့်လွှတ်ကြောင်း သက်သေပြသည့်အနေဖြင့် စပျစ်ဝိုင်နှင့် ဧည့်ခံသည်။
သူတို့သည် ပြန်လည် တည်ဆောက်လိုက်သည့် ဘ၀သစ်ထဲတွင် အလွယ်တကူနှင့်ပင် အသားကျ သွားကြသည်။ " မစ္စက်မော်ရေး ရဲ့ ကြက်မတွေ သေကုန်တာကတော့ ဆိုးတယ်နော် " ဟု ပီလွန်က ထင်မြင်ချက် ပေးသည်။

" တနင်္လာနေ့ကျရင် သူ ကြက်မနှစ်ဒါဇင် ထပ်ဝယ်လိမ့်မယ်" ဟု ဒင်နီက ပြောသည်။
ပီလွန် က ပြုံး၍ " မစ္စက်ဆိုတိုရဲ့ ကြက်မတွေကတော့ မနိပ်ပါဘူး" ဟု ပြောသည်။ " ငါက မစ္စက်ဆိုတိုကို ပြော တယ်။ ခင်ဗျား ကြက်မ တွေကို ယောက်သွားခွံတွေ ကျွေးဖို့ လိုတယ်လို့၊ ဒါပေမယ့် သူက ငါပြောတာကို လုံးဝ ဂရုမစိုက်ဘူး"

သူတို့သည် စပျစ်ဝိုင် ကို သောက်ကြသည်။ စပျစ်ဝိုင်မှာ သူတို့၏ ရဲဘော်ရဲဘက်စိတ်ကို ပြန်လည် ရှင်သန် လာဖို့ အတွက် ကတော့ လုံလောက်သည်။
" သူငယ်ချင်း အပေါင်းအသင်း ရှိတာကတော့ ကောင်းတယ်ကွ" ဟု ဒင်နီက ပြောသည်။ " သူငယ်ချင်း အပေါင်း အဖော် တစ်ယောက် မှ မရှိဘဲ တစ်ယောက်တည်း စပျစ်ဝိုင်သောက်နေရမယ်ဆိုရင် ဘယ်လောက် များ အထီးကျန် နိုင်လိုက် မလဲ "

" အသားညှပ်ပေါင်မုန့်ကို တစ်ယောက်တည်း စားရရင်လည်း အတူတူပါပဲကွာ" ဟု ပီလွန်က ဖြည့်စွက် ပေးသည်။
ပက်ဘလိုကတော့ အိမ်မီးလောင်ခြင်းသည် ကောင်းကင်ဘုံနှင့် အဆက်အစပ် ရှိနေသည်ဟု သံသယ ဖြစ်ဆဲ။ "က္ဘာလောက အားလုံးမှာ မင်းလိုသူငယ်ချင်းမျိုးဟာ နည်းနည်းပဲရှိမယ်၊ ဒီလိုကောင်းတဲ့ လူမျိုး ကတော့ ဘယ်တော့မှ များများစားစား မပေးဘူးကွ" ဟု ပြောသည်။

ဒင်နီသည် သူ့သူငယ်ချင်းများ၏ လေလုံးမိုးလုံးနှင့် လှိုင်းလုံးများအောက်သို့ နစ်မြှုပ်မသွားမီ သတိပေး စကားတစ်ခွန်းကို ပြောသည်။ မင်းတို့ အားလုံးကို ငါပြောထားမယ်၊ ငါ့အိပ်ရာပေါ်ကိုတော့ တစ်ကောင်မှ တက်မအိပ် ရဘူး၊ အိပ်ရာ က ငါတစ်ယောက်တည်းပဲ အိပ်မယ်၊ ဘယ်သူ့ကိုမှ ခွဲဝေမပေးနိုင်ဘူး"
မည်သူကမှ ဖွင့်ဟ၍မပြောကြသော်လည်း လေးဦးစလုံး၏ စိတ်က သူတို့အားလုံး ဒင်နီ၏ အိမ်၌ နေကြ ရတော့ မည်ဟု သိနေကြသည်။

ပီလွန်က အလွန်စိတ်လက် ပေါ့ပါးသွားဟန်ဖြင့် သက်ပြင်းချသည်။ အိမ်လခအုတွက် ပူစရာမလိုတော့၊ အကြွေး ဆပ်ရမယ့် တာဝန်လည်း လုံးဝမရှိတော့၊ အခုချိန်မှစ၍ သူသည် အိမ်ငှားတစ်ယောက် မဟုတ်တော့။ ဧည့်သည် တစ်ယောက် ဖြစ်သွားပြီ။ သူ့စိတ်ထဲတွင် မီးလောင်ခြင်းကို ကျိတ်၍ ကျေးဇူးတင်လျက်ရှိလေသည်။
" ငါတို့အားလုံး အတူတူနေကြရရင်တော့ သိပ်ကိုပျော်မှာပဲ ဒင်နီရာ "ဟု ပီလွန်က ပြောသည်။ " ညတိုင်း ငါတို့ လူစု မီးဖိုဘေးမှာထိုင်၊ တို့မိတ်ဆွေ သူငယ်ချင်းတွေက လာလည်ကြ၊ တစ်ခါတလေ မိတ်ဖြစ်ဆွေဖြစ် သဘော နဲ့ ၀ိုင်တွေဘာတွေသောက်၊ ဟုတ်ဘူးလားကွာ"

ထိုအခါ အရူးအမူး ကျေးဇူးတင်နေသော ဂျီးဆပ်စ်မေရီယာက အဆင်အခြင် ကင်းမဲ့သော ကတိတစ်ခုကို ပေး သည်။ ယင်းကဲ့သို့ လုပ်လိုက်ခြင်းသည် စပျစ်ဝိုင်ကြောင့်ဖြစ်၏။ " ဟောဒီအိမ်ထဲမှာ ဒင်နီအတွက် အစားအစာ အမြဲ တမ်းရှိနေအောင် လုပ်ပေးရမယ့် တာဝန်ကို ငါတို့က ယူမျာပေါ့" ဟု သူက စိတ်အားထက်သန်စွာဖြင့် ပြော သည်။ လ ငါတို့က တို့သူငယ်ချင်းကို ဘယ်တော့မှ မငတ်စေရဘူး" ဟု ကြုံးဝါးလိုက်သေးသည်။

ပီလါန်နျင့် ပက်ဘလိုက အလန့်တကြား မော့ကြည့်သည်။ သို့သော်လည်း ကတိစကားက ပြောပြီးနေပြီ။ အလွန် လှပပြီး အလွန်ရက်ရောသော စကားဖြစ်ပါ၏။ ဤစကားမျိုးကို မည်သူကမှ ဖျက်ဆီးနိုင်မည် မဟုတ်။ သို့သော် လည်း ထိုစကားကို ပြောအပြီးတွင် ပြောသူ ဂျီးဆပ်စ်မေရီယာကိုယ်တိုင် သူ့စကား၏ အတိုင်းအတာ ပမာဏကို ကောင်းစွာနားလည်နေသည်။ သူတို့အဖို့ မျှော်လင့်စရာဆို၍ တစ်ခုတည်းသာ ရှိတော့၏။ တခြားမဟုတ်၊ အခု ဂျီးဆပ်စ်မေရီယာ ပြောလိုက်သည့် စကားကို ဒင်နီမေံသွားရန်ပင် ဖြစ်သည်။

" ခက်ပြီ" ဟု ပီလွန်က တစ်ယောက်တည်း ကျိတ်၍တွေးသည်။ " တကယ်လို့သာ ဒီကတိ အတည်ဖြစ်သွားရင် ဒီအလုပ်က အိမ်လခထက်အများကြီးဆိုးမှာ၊ ကျွန်ခံနေရမယ့် အလုပ်ပါလား "
" ငါတို့ သစ္စာပြုတယ် ဒင်နီ" ဟု ပီလွန်က ပြောသည်။

သူတို့သည် မျက်ရည်များ ၀ိုင်းကာ မီးဖိုဘေး၌ ထိုင်နေကြသည်။ တစ်ယောက်အပေါ် တစ်ယောက် ချစ်ခင်ကြင် နာသော စိတ်သည် များစွာကြီးမားပြင်းထိန်လျက်ရှိလေသည်။
ပက်ဘလို က သူ့မျက်လုံးထဲ၌ ပြည့်နေသော မျက်ရည်များကို လက်ခုံဖြင့် ပွတ်၍ သုတ်လိုက်ပြီး ပီလွန်၏ လေသံ ကို လိုက်၍ " ငါတို့အားလုံးစုပြီး ဒီအိမ်မှာ အတူတူနေကြရင် သိပ်ကိုပျော်ကြမှာပဲ" ဟု ပြောလေ သည်။
------------------------------------

ဆက်ရန်
.

No comments: