Wednesday, December 22, 2010

စိမ်းနေဦးမည့် ကျွန်တော့်မြေ အပိုင်း (၉)

အပိုင်း (၂)
သွေးလှူပွဲ၏ နိဒါန်းတစ်ပုဒ်

    ၅။     အယဉ်နှင့်အရိုင်း
    ၆။     နွားတစ်ကောင်နှင့် လူတစ်ယောက်
    ၇။    ညဥ့်ဦးယံ လူရိုက်ပွဲ
    ၈။    နေမျိုးသူရိန် ဗိုလ်ကျော်ရှိန်
    ၉။    သည်းဦးပန်း နှင့် မိုးမှိုပွင့်
    ၁၁။    သွေးလှူပွဲ ၏ နိဒါန်း
   
(၅)
အယဉ်နှင့်အရိုင်း

မယဉ်နွယ် နှင့် အတူ တစ်ကျောင်းတည်းအတူ တက်ရခြင်းသည် ပျော်ရွှင်ဖွယ်ကောင်းသည့် နည်းတူ ကျောင်း အားရက် များ တွင် ကျွန်တော့်အတွက် အခြားပျော်ရွှင်ဖွယ်များ သုံးရပ်ရှိသေးသည်။
တစ်ရပ် မှာ ဦးလေးပုကြီှးနှင့် တစ်တောဝင်တစ်တောထွက် ခြေဦးတည့်ရာ သွားကြရခြင်းဖြစ် သည်။ ဦးလေးပု က သူ့ထုံးစံအတိုင်း လွယ်အိတ်ကြီးတစ်လုံးလွယ်၍ ဥသျှစ်သီးမှည့် လိုက်လံစုဆောင်းသည်။ ကျွန်တော် က တူးရွင်းတစ်လက်ထမ်းရင်း လမ်း၌တွေ့သမျှ ခြတောင်ပို့ တို့ကိုတူးသည်။

ကျွန်တော်ကြားဖူးသည် မှာ ကံကောင်းထောက်မ ပါက ခြတောင်ပို့တွင်း ၌ သပိတ်လုံးခန့်ရှိ ခြသံကို တွေ့ရ တတ်သည် ဆိုသည်။ ခြသံရသော် တုတ်ပြီး၊ ဓားပြီး… သေနတ်ပြီး ၍ ရှိန်းဆာယာပိုမောက်ကာ ကိုယ်လည်း ပျောက်နိုင် သည် ဆိုသည်။ ခြသံတွေ့ ၍ ကျွန်တော်သာ ကိုယ်ပျောက်ခဲ့သော် ကျွန်တော်လည်း လူစွမ်း ကောင် မျိုးချစ်ကြီး ဖြစ်ရမည်တည်း။

အခြားတစ်ရပ်မှာ နှင်းမှုဝိုင်းစ ဆောင်းညနေညိုရီရီတွင် ဘထွေးလေးရွှေလွန်းနှင့် တောလည် ရခြင်း ဖြစ်သည်။ တောလည်သည်ဆိုသည်မှာ သားကောင်ကြီးကြီးကို လိုက်ခြင်းတော့မဟုတ်။
ဘထွေးရွှေလွန်း သည် ခါတည်အလွန်ကောင်း၏။ သူမွေးထားသော ခါမအယဉ်ကလေး ကို သစ်ကိုင်း သစ်ရွက် များ ဖုံးအုပ်သော ထောင်ချောက်တွင်း ထားသည်။ ထို့နောက် ကျွန်တော်တို့ နှစ်ယောက် က ရေခန်း သော သဲချောင်းများတစ်လျှောက် ဖွတ်၊ ပုတက် လိုက်တန်လိုက်၊ ပျားဖွပ် တန်ဖွပ် အလျဉ်းသင့် သလို လုပ်ကြသည်။

ပျားရည်ရသော် ဘထွေး သည် မီးတောက် ချက်အရက်နှင့် စိမ်သောက်ရန်ဖြစ်သည်။ ကျွန်တော်က ပျားသလက် ကို ပိုမက်သည်။ ပျားကောင်ပေါက် ဖြူဖြူကလေးများ နှင့် ပြည့်နေသော ပျားသလက် ကို ခွေးတောက်ရွက် နှင့် ဟင်းချို ကျိုသောက် ရလျှင် အရသာအလွန် ရှိသည်။

ဤသို့ ဖွတ်၊ ပုတက်လိုက်ရင်း၊ ပျားဖွပ်ရင်း၊ အချိန်တစ်နာရီ ခန့် ဖြုန်းပြီး ထောင်ချေက်ရှိရာချုံသို့ ပြန်လာလျှင် ခါမ တွန်သံ ကြောင့် ဇောကပ်တိုးဝင်သူ ခါးထီးတစ်ကောင်လောက် မိနေတတ်၏။ ခါထီး ကို ယဉ်အောင် သင်ပေး ၍ အခွတ် ကောင်းသော် ခါချင်း ချိန်းတိုက် ရလျှင် အလွန်ပျော်သည်။

အခြားကျွန်တော်ပျော်သော လုပ်ငန်းတစ်ရပ်မှာ မြို့တက်ရခြင်းဖြစ်သည်။ မြို့သို့အကြောင်း အားလျော်စွာ ကျွန်တော် သည် တစ်လသုံးလေးခေါက် ရောက်သည်။ မြို့တရုတ်ဆိုင်မှာ ခေါက်ဆွဲပြုတ်ကို ကျွန်တော် အလွန် ကြိုက်သည်။ မြို့ကတ္တရာလမ်းဘေး ကွမ်းယာဆိုင် မှ ကွမ်းယာမွှေးမွှေး သည် အိမ်မှာ အစ်မ ယာပေးသော ကွမ်းယာ ထက် ပိုအရသာရှိသည်။
တစ်နေ့ တွင် နွားပွဲလည်းရှိသဖြင့် ဘထွေးနှင့်အတူ ကျွန်တော်မြို့တက်ခဲ့သည်။ ပေါင်းတလည် မြို့နှင့် ကျွန်တော် တို့ရွာမှာ (၇)မိုင်ခန့်ဝေးသည်။ ယခင် ဤခရီးကို ဦးလေးပုကြီးသည် နေ့စဉ် မှန်မှန် လျှောက် နေကျဖြစ်၏။ သို့သော် ဂျပန်အဖမ်းခံရ၍ ပြန်လွတ်လာကတည်းက ဦးလေးပု မြို့တက်သည်ကို မတွေ့ရ လေတော့။

ဘထွေး မှာ စက်၌ ဆန်ကြိတ်ရန်ရှိသဖြင့် စပါးလှည်းနှင့် ထွက်လာခဲ့ခြင်းဖြစ်ရာ ကျွန်တော်က လှည်းပေါ် တွင် ဇိမ်နှင့်ထိုင်လိုက်ခဲ့သည်။ စပါးကြိတ်နေစဉ်အတွင်း ဘထွေးက နွားကောင်း ကောင်းလည်း ရှာလိုသည်။
ကျွန်တော်နှင့်အတူ ချည်ကြမ်းလုံချည် ဆပ်အုပ်ခန့်ပါလာခဲ့၏။ ဤချည်ကြမ်းလုံချည် တို့မှာ ဦးလေး ကိုအုန်းမောင် က မသန်းရှင်တို့ဆိုင်သို့ ပို့ခိုင်းလိုက်ခြင်း ဖြစ်လေသည်။
မသန်းရှင် သည် ဦးလေးကိုအုန်းမောင်၏ မရီးလောင်း၊ တစ်နည်းအားဖြင့် ကျွန်တော့်ဆရာ ဦးအုန်းဖေ၏  ဇနီး လောင်း ဖြစ်သည်။

ကျွန်တော်တို့လာခဲ့ကြစဉ် မလှမ်းမကမ်း ကန်သင်းရိုးများအထက် ကြော့မော့နုပျို သော စာဥပြောက် နွားလေးတစ်ကောင် ကို ဆွဲရင်း မြို့ဆီသို့ သွားနေသော လူတစ်ဦးကိုတွေ့သည်။
''ဟေ့- ကိုဘိုးဒန်၊ ဒီကောင်လေး ထုတ်တော့မလို့လား''
''အေးလေ မင်း နဲ့ မတန်လို့ မင်းမရတာ.... ''
ကျွန်တော်တို့လှည်းက ရှေ့သို့ကျော်တက်ခဲ့သည်။ ကျွန်တော်သည် ကိုဘိုးဒန်၏ နွားလေးအား မျက်စိတဆုံး ကြည့်မိ သည်။

''တောက် ကြော့လိုက်တဲ့ နွားလေးဗျာ။ ကျုပ်လိုချင်လိုက်တာ''
''ငါလည်းလိုချင်တာပေါ့ ငယ်လေးရာ၊ ဒါပေမယ့် သူကဈေးသိပ်ကိုင်တယ်၊ နွားကလည်း ငယ်သေးတယ်''
စကား တပြောပြော ဖြင့် ကျွန်တော်တို့သည် ဆက်လာခဲ့ကြရာ မြို့ကိုစ၀င်မိသည်။

မြို့ထိပ်၌ ခေါင်းတိုင်ဝယ် မီးခိုးတလူလူဖြင့် အလကပ္ပစက်ရှိသည်။ သစ်စက်နှင့် ဆန်စက်တွဲ ထားသော စက်ဖြစ်၏။ ဆန်ကြိတ်ရန်ရှိသော ဘထွေးလေးက ဤစက်၌ နေရစ်သည်။ ကျွန်တော်က ပုဆိုးထုပ် များထမ်း၍ မြို့တွင်းဝင်ခဲ့သည်။ ရဲဌာန၀င်းကိုကျော်၍ အတန်ကြာလျှောက်မိသော် မသန်းရှင် တို့ အိမ် ရောက်သည်။

ပေါင်းတလည် ပေါက်ခေါင်း ကတ္တရာလမ်းအတိုင်း တစ်ဖက်တစ်ချက်၌ နှစ်ထပ်အိမ်များ ရှိသည့်အနက် မသန်းရှင် တို့ အိမ် မှာ တစ်ထပ်တည်းသာရှိ၍ အနည်းငယ်သိမ်ငယ်သယောင် ရှိ၏။ မသန်းရှင်အမေမှာ မုဆိုးမ ဖြစ် ၍ မုဆိုးမအိမ်သည် သိမ်ငယ်ရိုး ပင်တည်း။

မသန်းရှင်တို့ အိမ်ရှေ့ခန်းတစ်ခြမ်းမှာ ကြမ်းအမြင့်နှင့် အထည်ဆိုင်လည်း ဖြစ်သည်။ ထိုစဉ်က အောက်ပြည် အောက်ရွာ မှ အနုတ်အသိမ်းများသဖြင့် ပေါင်းတလည်မြို့၌ အထည်ရောင်း ကောင်း၏။
မသန်းရှင် သည် အထည်ပုံအနီး ၌ ထိုင်ရင်း စာရင်းရေးနေ၏။ ကျွန်တော်ကိုမြင်သော် ပြုံးရွှင်စွာ ဖြင့် ''လာ-ငယ်လေး ထိုင်'' ဟုဖိတ်ခေါ်ရင်း စာရေးခြင်းကို ရပ်လိုက်သည်။ ကျွန်တော်က ပခုံးထက် ထမ်း လာသော အထည်ထုပ် ကို ချရင်း ၀င်ထိုင်၏။

'ဦးလေးကိုအုန်းမောင်က အထည် (၂၀)ပေးလိုက်တယ်''
''အေး......အေး ....ပြီးတော့ကော''
''ပြီးတော့ ဆရာက မမရှင်ကို စာပေးလိုက်သေးတယ်.... ''
မသန်းရှင် ၏ မျက်နှာ ၌ ရှက်သွေးမသိမသာ ရဲသွားသည်။ ကျွန်တော်လှမ်းပေးသောစာကို လှမ်းယူရင်း အရှက်ပြေ သဘောဖြင့် ''မင်းဆရာ နေကောင်းရဲ့လား'' ဟုမေးသည်။
''ဆရာနေကောင်းပါတယ်၊ မမရှင်ကလည်း ဆရာ့ကို ကလေးလေးမှတ်လို့ လာတို်င်း ဒီလိုပဲမေးတာလား''

မသန်းရှင် သည် ကျွန်တော့်အားမဖြေဘဲ ဆရာ့စာကို ဖတ်နေသည်။ ကျွန်တော်ကသာ စာငုံ့ဖတ်နေသော မသန်းရှင် ကို တောသားပီပီ စူးစိုက်ကြည့်မိသည်။
မြို့သူနှင့် ရည်းစားဖြစ်ရသော ဆရာသည် အလွန်ကံကောင်းသည်။ အကြောင်းမှာ ကျွန်တော့် မျက်စိထဲ၌ မသန်းရှင်သည် အလွန်လှနေသောကြောင့်တည်း။
မသန်းရှင်၏ အသားအရေများက ၀င်းဝင်းဝါ၀ါ ဖြစ်သည်။

တော၌ မယဉ်နွယ်သာ ၀တ်သည် တွေ့ဖူးသော ပဒုမ္မာဖြူဖြူပါးပါးကလေးကို ၀တ်ထားရာ မသန်းရှင်သည် အလွန်ကျက်သရေရှိ နေ၏။ မသန်းရှင်၏ မျက်လုံးများမှာ ကြည်၍၊ မျက်တောင်တို့မှာ ကော့သည်။ ဤ မျက်တောင် ကော့တို့သည် မီးခြစ်ဆံတစ်ချေင်းကို ကောင်းကောင်းတင်ထားနိုင်လိမ့်မည် ဟု ကျွန်တော်ထင် မိ၏။ မသန်းရှင် စကားပြောလျှင် ပြုံး၍ပြောတတ်သည်။ ပြုံးလိုက်လျှင် သွားဖြူဖြူကြည်ကြည် တို့မှာလည်း လက်ခနဲ လက်ခနဲရှိ၏။ ဆရာ့ စာကို ကိုင်ဖတ်နေသော မသန်းရှင်၏ လက်ချောင်း သွယ်သွယ်ပြည့်ပြည့် တို့မှာ ဖယောင်းတိုင်လေးများ သဖွယ် ချောမွတ်နေ၍ မွေးညင်းကလေးများ လွှမ်းနေသည်။ သူတို့မြို့သူ များသည် ခြေမွေးမီးမလောင် လက်မွေးမီးမလောင် နေရသည်နှင့် တူသည်။

မသန်းရှင်အား စူးစမ်းစိုက်ကြည့်ရင်း မယဉ်နွယ်ကြီးလာလျှင် ဤအတိုင်းမြို့သူကဲ့သို့လှမည်ဟု ကျွန်တော် စဉ်းစား မိသည်။
စာဆုံးသွားသောအခါ မသန်းရှင်က ကျွန်တော့်အား မော့ကြည့်၍ မေးသည်။
''မင်းဆရာ သိပ်နေနိုင်တယ်ကွယ်၊ တစ်လတစ်ခေါက်တောင် မြို့မတက်နိုင်ဘူး... အလုပ်များ လို့တဲ့၊ သူ.. ဘာတွေ အလုပ်များနေလဲ''
''မသိဘူးဗျာ....စာသင်ရတာနဲ့ သူ...သခင်အစည်အရုံးအတွက် လုပ်ရတာတွေ ဖြစ်မှာပေါ့''

မသန်းရှင် သည် ငိုင်ငိုင်လေး ဖြစ်သွားသည်။ ထို့နောက်မှ သက်ပြင်းရှိုက်ရင်း မေးသည်။
''ငယ်လေး.... ဘယ်ချိန်ပြန်မလဲ''
''ဘထွေးဆန်ကြိတ်ပြီးမှ ပြန်မယ်...ညနေပေါ့''
''ဒါဖြင့် ငယ်လေး မပြန်ခင် ၀င်ခဲ့ဦးနော်''
''ဟုတ်ကဲ့.... ဒါထက် ကိုမြင့်ဦးရော''
''ဟိုရှေ့က အသင်းတိုက်မှာ''

ကျွန်တော်သည် ထရန်ပြင်သည်။ ထိုအခါကျမှ မသန်းရှင်သည် တစ်စုံတစ်ခု သတိရဟန်... သြော်... ငယ်လေး ခဏနေဦး'' ဟုဆို၏။
မသန်းရှင် သည် အံဆွဲတစ်ခုဖွင့်၍ ဂျပန်ငွေ ကျပ်တန်တစ်ရွက်ထုတ်ပြီး ကျွန်တော့်အားပေး သည်။ ကျွန်တော် သည် မဆိုင်းမတွ လှမ်းယူလိုက်သည်။ နေ့တွက်စီခဲ့သဖြင့် ပေါ့ပါးရွှင်လန်းစွာ ဖြင့် အိမ်မှ ထွက်ခဲ့ သည်။

မြို့ရောက်သော် ၀တ္တရားအရ ကျွန်တော်ဝင်နေကျ အခြားအိမ်နှစ်အိမ် ရှိသေးသည်။ တစ်အိမ်မှာ မသန်းရှင်တို့ အိမ် နှင့် မျက်စောင်းထိုး လမ်းတစ်ဖက်မှ ဘကြီးဇေယျဓမ္မဦးတင် ဖြစ်သည်။ အခြား တစ်အိမ် ကား မသန်းရှင် တို့ အိမ် နှင့် လေးအိမ်ကျော်မှ ဘကြီးဦးဘိုးခတို့အိမ် ဖြစ်သည်။
ယနေ့.... ကျွန်တော်က ဘကြီးဇေယျဓမ္မဦးတင်တို့အိမ် ၀င်သည်။ အိမ်ပေါ်ရောက်သော် ကြီးတော်က နှုတ်ဆက် သည်။

''ဟဲ့ ...သန့်ဇင်၊ နင်ကအခု လောကဓာတ်ကျောင်းသား ဖြစ်နေပြီဆို၊ ပျားတွေ ဘာတွေ ဖွပ်တုန်းပဲလား''
''တစ်ခါ တလေတော့ ဖွပ်တာပေါ့ ကြီးတော်ရာ....၊ ကျုပ်အမြဲမဖွပ်ပါဘူး''
စာဖတ်နေရာ မှ ဘကြီးဦးတင်သည် မော်ကြည့်၍ .....
''ပျားဖွပ် သားထိုး....မယားခိုး....၊ အပြစ်သိပ်ကြီးတယ်ကွ၊ တစ်ခါတလေလည်း မလုပ်ရဘူး'' ဟုဆိုသည်။

ဘကြီးနှင့် ကြီးတော်သည် ထုံးစံအတိုင်း ဆုံမစကားဆိုရာ ကျွန်တော်က ဘာမှပြန်မပြောဘဲ အိမ်နောက်ဖေး သို့ ထွက်ခဲ့သည်။
ခြံ တွင် စံပယ်ပင်များ အနီး၌ဘကြီးဦးတင်၏ သမီးမမြကြည် ကို တွေ့သည်။
''ဟဲ့....ငသန့်ဇင် .... ငါမှာလိုက်တာပါလား''
''ပါ..... ပါတယ်ဗျာ၊ ကျုပ်ကမမေ့တတ်ပါဘူး''

မမြကြည်လည်း မယဉ်နွယ်ကဲ့သို့ အလွန်ဆီးသီးကြိုက်သည်။ ကျွန်တော်က အဆင်သင့်ယူလာ သော ဆီးသီးထုပ် ကို မမြကြည်အား ပေးသည်။
''ငယ်လေးကတော်သားပဲ၊ ငါက နင့်ဆရာကတော်သာ နင်သတိရတယ်မှတ်လို့''
''ခင်ဗျားကြီးက ပြောရော့မယ်၊ ကျုပ်ဆရာကတော် မဟုတ်သေးပါဘူးဗျ၊ သူတို့ညားမှမညား သေးဘဲ''
မမြကြည် သည် ရယ်မောရင်း ကျွန်တော်ပေးသော ဆီးသီးကို ၀ါးနေသည်။ ကျွန်တော်က ထုံးစံအတိုင်း မမြကြည် ကို စူးစူးစိုက်စိုက် ကြည့်မိပြန်သည်။

သူတို့မြို့သူတိုင်း လှသည်ဟု ထင်၏။ မသန်းရှင် သွယ်သွယ်ပျောင်းပျောင်းနှင့် လှသကဲ့သို့ မမြကြည် သည် ပြည့်ပြည့် တင်းတင်း လှသည်။ မသန်းရှင်က ရှက်တက်၍ စကားကို တိုးတိုးပြောတတ်ပြီး၊ မမြကြည်က ရဲတင်း ၍ ဟောဟောဒိုင်းဒိုင်း ပြောတတ်သည်။
''ဒါထက် နင့်ဆရာ တို့ ဘယ်တော့ လက်ထပ်ကြမလဲ''
''ဒါ...ကျုပ်အပူ မှ မဟုတ်ဘဲ၊ ဘယ်သိမလဲဗျ''

''မသိရင်နေ...ငါကပူလို့ပြောတာ''
''ခင်ဗျားက ဘာပူတာလဲ''
မမြကြည် ၏ လေသံမှာ တိုး၍လေးနက်စွာဆိုသည်။
''မသန်းရှင် ကို ငါသနားတယ်ဟယ် ...ဂျပန်စစ်ဗိုလ်က ရန်ရှာနေတယ်''
''ဂျပန်စစ်ဗိုလ်က ဘာလို့် ရန်ရှာရတာလဲ''

''ဂျပန်စစ်ဗိုလ်ဆိုတာ အပျိုချောချောဆို ရန်ရှာတာပဲ၊ နင်မသိဘူးလား၊ ဒါကြောင့် ငါတောင် လင် ယူတော့ မလို့''
''လုပ်ပြီးခင်ဗျားကြီးက ...ခင်ဗျားတကယ် လင်ယူတော့မလို့လား''
မမြကြည်သည် ဘာမျှမပြောဘဲ ရယ်၍သာနေသည်။

ကျွန်တော်သည် ခေတ္တမျှ စကားစမြည် ဆက်ပြောနေပြီးနောက် မမြကြည်တို့ အိမ်ခေါင်းရင်းရှိ အာရှလူငယ် အသင်းတိုက် ဆီ ထွက်ခဲ့သည်။
အသင်းတိုက် အတွင်း ၌ မသန်းရှင်၏မောင် ကိုမြင့်ဦးသည် သံပြားအ၀ိုင်းကြီးကိုမ၍ ရှေ့မှ လူငယ် သုံးလေးဦး အား ရှင်းပြနေသည်။ ကိုမြင့်ဦး သည် ကာယဗလမှူးဆို၏။
ကိုမြင့်ဦး သည် ကျွန်တော့်ကိုမြင်သော် စကားရပ်၍ လျှောက်လာခဲ့သည်။

''မောင်သန့်ဇင် အိမ်ဝင်ခဲ့ပြီးပလားဟေ့''
''၀င်ခဲ့ပြီးပြီ၊ ခင်ဗျားကလည်း ရွက်ဘက်ကိုမလာဘူး''
ကိုမြင့်ဦး မျက်နှာ သည် တည်ကြည် သွားသည်။
''လာချင်တာ ပေါ့ကွာ၊ ….လာလို့ မဖြစ်သေးလို့''
''ဘာလို့ မဖြစ်တာလဲ''

ကိုမြင့်ဦးမျက်နှာမှာ တစ်စုံတစ်ခုကြောင့် မခံချင်ဟန်ပြ၍ တင်းမာသွားသည်။
''ဒါတွေ မင်းမသိပါဘူးကွာ….. ဒါထက် …..မင်းထမင်းဘယ်မှာစားမှာလဲ''
''ကျုပ်မမရှင်ဆီက ငွေတစ်ကျပ်ရခဲ့တယ်၊ ထမင်းမစားတော့ဘူး၊ ခေါက်ဆွဲပြုတ် ၀ယ်သောက်မလို့၊ ဒါပေမယ့် ကျုပ် ခင်ဗျား တို့ အသင်းကလိုချင်တာ တစ်ခုရှိတယ်''
ကျွန်တော် ၏ ထူးထူးဆန်းဆန်း စကားကြောင့် အံ့သြဟန် ကိုမြင့်ဦးသည် စူးစိုက်ကြည့်သည်။

ဆက်ရန်
.

No comments: