Wednesday, December 1, 2010

ကောင်းခြင်းမင်္ဂလာနှင့်ပြည့်စုံသော အပိုင်း (၄)

ကလေးတော်တော်များများမှာ သူတို့ကို အ၀တ်အစားသစ်များ ၀ယ်ပေးနိုင်မည့်သူရယ်လို့ သူတို့အိမ်မှာ မရှိ။ ယုတ်စွအဆုံး သူတို့ဝတ်ပြီးသား အ၀တ်များကိုပင် လျှော်ဖွပ်ပေးမည့်သူရယ်လို့ မရှိ။ ကျွန်မ တို့ကျောင်းမှ တချို့ကလေးတွေဆို သူတို့ကျောင်းသို့ ၀တ်လာသည့် အဝတ်များဖြင့်ပင် အိပ်ရာဝင် ကြရသည်။ တချို့ကလေးတွေ၏ အိမ်တွင် ရေဘုံဘိုင်မရှိ။ လူမှုဖူလုံရေး ထောက်ပံ့ကြေးကို မှီခို စားသောက် နေရသည့် မိခင်တစ်ဦးအနေဖြင့် အကြွေစေ့ထည့်ပြီး အ၀တ်လျှော်ခိုင်းလို့ရသည့် အ၀တ်လျှော်စက်မျိုး ကိုလည်း အသုံးပြုနိုင်စွမ်းမရှိ။

သည်တော့ ကျွန်မ ကလေးတွေကို ကျွန်မအိမ်သို့ခေါ်သွားသည်။ သူတို့ကို ရေချိုးသည့် ဇလားရှည် ထဲ ထည့်ပေး သည်။ ပြီးတော့ ဆပ်ပြာရည်ပါ ထည့်ပေးသည်။ ထိုအထဲတွင် ခဏတဖြုတ် ဆော့နေကြ ဖို့ပြောသည်။ ထို့နောက် သူတို့၏ အ၀တ်အစားများကို အ၀တ်လျှော်စက်ထဲ ထည့်ထားလိုက်တော့၏။

ကျွန်မမျက်နှာလိုက်သည်စသော ဘာဘာညာညာ အပြောအဆို လွတ်အောင် ပြုစုသုတ်သင်ရန်မလိုသည့် ကလေးများ ကိုလည်း အိမ်သို့ ခေါ်သွားသည်။ ကလေးတွေက သူ့ထက်ငါ အလုအယက် ကျွန်မနှင့် လိုက်ချင် ကြသည်လေ။ ထိုသို့ သူတို့ကလေးတွေကို ကျွန်မအိမ်ခေါ်သွားခွင့်ပြုပါရန် သူတို့ မိဘများထံ ခွင့်တောင်းရာ ၌ များသောအားဖြင့် အခက်အခဲ မရှိလှပါချေ။

သို့ရာတွင် ကျွန်မထိုနည်းဖြင့် ကူညီနိုင်သည့် ကလေးအရေအတွက်မှာ နည်းလွန်းလှမည်။ တကယ်တမ်း အကူအညီ လိုအပ်နေသည့် ကလေးအရေအတွက်နှင့် နှိုင်းယှဉ်လျှင် ဘာမျှ မပြောပလောက်ပါ။ သည် အချိုးအဆ လောက်ဖြင့်တော့ တကယ်ပြောင်းလဲမှု ပြုနိုင်မည်မဟုတ်သေး။ သည်တော့ ကျွန်မတို့ လိုအပ် နေသည့် အ၀တ်လျှော်စက် တစ်လုံးနှင့် အ၀တ်အခြောက်ခံစက် တစ်လုံးဖြစ်၏ ၄င်းစက်နှစ်လုံးကို ကျောင်းမှာ ထားရမည်။ သို့ဖြင့် ၄င်းစက်နှစ်လုံးကို ၀ယ်နိုင်ဖို့ ကျွန်မစတင်ကြိုးပမ်းတော့၏။

ကျောင်းသား မိဘ များက ၀ိုင်းကူကြသည်။ သူတို့က ကံစမ်းမဲဖောက်ပြီး ရန်ပုံငွေရှာကြသည်။ ထိုစီမံကိန်းမှ ဒေါ်လာ ၆၀၀ ရသည်။ ကျွန်မတို့၏ အ၀တ်လျှော်ရေး အစီအစဉ်သည် စတင်ရုပ်လုံးပေါ်လာပြီ။

တစ်ဖက်က ရန်ပုံငွေ ရှာနေခိုက်တွင် တစ်ဖက်က အ၀တ်အစားများ စတင်ကောက်ခံ စုဆောင်းသည်။ ယခု ဆိုလျှင် ကလေးတွေ ကျောင်းသို့ ရောက်လာကြမည်။ အ၀တ်အစားများ လျှော်ဖွပ်ရန် လိုအပ်သည့် ကလေး တွေသည် ကျောင်းသို့ ရောက်သည်နှင့် အ၀တ်အစားများ လဲထားလို့ရပြီ။ ကျွန်မတို့က ရွှေ့နိုင် ပြောင်းနိုင် သော သင်ပုန်းများကို အသုံးပြုပြီး သီးသန့်နေရာတစ်ခု ဖန်တီးပေးထားသည်။ အကယ်၍ ကလေးတွေ ညစ်ပတ်ပေရေ နေလျှင် သူနာပြုဆရာမ၏ ရုံးခန်းအတွင်းရှိ ကြွေခွက်တွင် သူတို့ တိုက်ချွတ် ဆေးကြော သန့်ရှင်းနိုင်သည်။

သန့်ရှင်းပြီး အ၀တ်အစားလဲပြီးပြီဆိုလျှင် သူတို့၏ ညစ်ပတ်ပေရေနေသော အ၀တ်ဟောင်းများကို အိတ် တစ်အိတ် ထဲမှာထည့် ထိုအိတ်ကို စားပွဲတစ်လုံးပေါ်မှာ တင်ပြီးလျှင် စာသင်ခန်းသို့သွား။ ညနေပိုင်း ထိုနေရာ သို့ သူတို့ပြန်လာသောအခါ သူတို့အ၀တ်အစားများမှာ သန့်ရှင်းလတ်ဆတ်နေပြီ။ သပ်သပ် ရပ်ရပ် ခေါက်ထားပြီး။

တချို့နေ့များတွင် အ၀တ်လျှော်စက်နှင့် အခြောက်လှမ်းစက်နှစ်လုံးမှာ တစ်နေ့လုံးမနားရ။ သည်တော့ လူတိုင်း နီးပါး ၀ိုင်းကူကြသည်။ ဘယ်သူ့ကိုမျှ မကူမနေရဟု ညွှန်ကြားခြင်း၊ အမိန့်ထုတ်ထားခြင်းမရှိ။ သို့ပေမဲ့ လူတွေ လုံလုံလောက်လောက် ရှိနေပါသည်။ ကျောင်းခန်းအကူတစ်ယောက်၊ ဆရာတစ်ယောက်၊ ဆရာမ တစ်ယောက်၊ မိဘတစ်ဦး၊ ကျွန်မ…လုပ်ဖို့လိုအပ်သည့် အလုပ်ကို ကြုံရာလူက ကြုံသလို လုပ်သွားသည်။

ကျွန်မတို့ အခြားအခြားသော ၀န်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးကြသည်။ နွေကျောင်း ပိတ်ရက် အတွင်း ကျောင်းသန့်ရှင်းရေိးကု ၀ိုင်းကူလုပ်ပေးခဲ့သည့် နီးနားဝန်းကျင်မှ ဆယ်ကျော်သက်ရွယ် လူငယ် ကလေး တစ်ဦးက ကျောင်းသို့ ပုံမှန်လာသည်။ ကလေးငယ်များကို ဆံပင်ညှပ်ပေးသည်။ တချို့ အသက်ကြီးကြီး ကောင်မလေးတွေကလည်း အသေးစားကောင်မလေးတွေ၏ ဆံပင်ကို ကျစ်ဆံမြီး ထိုးပေးပြီး လုပ်အားပေးကြည်။

ကျွန်မတို့ လုပ်နေသည်ကိုကြည့်ပြီး မေးခွန်းထုတ်သည့် ဝေဖန်ရေးသမားများလည်း ရှိသည်။ ကျွန်မ တို့ကျောင်းသည် လူမှုဝန်ထမ်းဋ္ဌာန မဟတ်ုဟု သူတို့ကပြောသည်။ ကျောင်းတစ်ကျောင်းသည် ကလေး အားလုံး အတွက် လိုအပ်သရွေ့ အားလုံး ဖြည့်ဆည်းပေးနေသည့် နေရာဌာနမဟုတ်၊ ထိုသို့ ဖြည့်ဆည်း ပေးနေဖို့လည်း မလိုဟု ထောက်ပြကြသည်။

ကျွန်မ၏ အဖြေက ရိုးရိုးရှင်းရှင်းကလေးပင်။ ကျွန်မတို့သည် ကလေးတွေကို ဘယ်လို ကူညီချင်ပါသည်။ ဘယ်ရွေ့ဘယ်မျှ ကူညီချင်ပါသည်ဟု အာပေါင်အာရင်း သန်သန်ဖြင့် ပြောနေကြသည်။ သို့သော် ကျွန်မ တို့သည် ဗျူရိုကရေစီ ယန္တရားကြီးထဲတွင် နစ်မြုပ်ခွင့် ပေးနေကြသည်။ သို့ဖြင့် အကူအညီသည် အကူအညီ တကယ် လိုအပ်နေသူများထံသို့ တကယ်တမ်း ရောက်မလာတော့။ ကလေးတစ်ယောက် ဆာလောင် မွတ်သိပ်နေလျှင် သူ့ကို တစ်ယောက်ယောက်က ကျွေးမွေးရမည်။ ကလေးတစ်ယောက် ညစ်ပတ် ပေရေ နေလျှင် သူ့ကို တစ်ယောက်ယောက်က သန့်စင်ပေးရမည်။ ကလေးတစ်ယောက်မှီာ သန့်ပြန့်သော အ၀တ်အစား များမရှိလျှင် သူ့ကို တစ်ယောက်ယောက်က သန့်ပြန့်သော အ၀တ်အစားများ ပေးရမည်။

လိုအပ်သူကို လိုအပ်သလို ကူညီပါ။ ဤအတိုင်းလုပ်ပါ။ကျွန်မ တို့ လုပ်ဆောင်ရမည်မှာ ထိုမျှလောက် ရှင်းပါသည်။ လွယ်ပါသည်။ သည်လုပ်ဆောင်ချက်ကို အကူအညီခံရသည့် ကလေး၏ ကမ္ဘာကြီးကို အကြီး အကျယ် ပြောင်းလဲခြားနား သွားစေပါလိမ့်မည်။

ဆရာတစ်ဦး၏စွမ်းအား

ကျွန်မတို့က ကိုယ့်ကျောင်းမှ ကျောင်းသားကျောင်းသူများ၏ ကိုယ်ပေါ်တွင် သန့်ပြန့်သော အ၀တ်အစား များ ၀တ်ဆင်ပေးနေပြီ။ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဗိုက်ဝသော အစားအေသာက်များကို သူတို့ ကိုယ်တွင်း သို့ ထည့်ပေးနေပြီ။ ဆောက်တည်ရာမရ ဖြစ်နေသော သူတို့စိတ်တွေကို ငြိမ်သက်အေးချမ်းအောင် ဆောင်ရွက် ပေးနေပြီ။ သူတို့ကလေးတွေ၏ ကနဦး လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းသည် သူတို့အား ပညာသင်ကြားပေးရေးအတွက် မရှိမဖြစ်လိုအပ်သည့် ပထမခြေလှမ်းပင်ဖြစ်၏။

ကျွန်မ သည် ကျောင်းသို့ ရောက်လာချိန်တွင် အမှုထမ်းများခေါင်းထဲ၌ စွဲနေသည့် သဘောထားတစ်ရပ်မှာ ကျွန်မတို့သည် အနိုင်မရနိုင်သည့် တိုက်ပွဲတစ်ပွဲကို နွှဲနေရသည်ဟူ၏။ ကျွန်မတို့ ကျောင်းတွင် အရည် အသွေး အလွန်မြင့်မားသည့် ဆရာ၊ ဆရာမတချို့ရှိသည်။ သူတို့ အားလုံးနီးပါးပင် သူတို့ကိုယ် သူတို့ သိပ်မထင်ဝံ့ကြ။ ထိုနည်းတူစွာပင် သူတို့၏ တပည့်များကိုလည်း သိပ် မထင်ဝံ့ကြ။

ဆရာတွေ၊ ဆရာမတွေ စာသင်ခန်းထဲတွင် စာသင်နေသည်ကို မကြာမကြာ သွားကြည့်သည်။ လေ့လာ အကဲခတ် သည်။ များသောအားဖြင့် ကြိုတင်အသိမပေးဘဲ သွားကြည့်သည်။ ပြုပြင်ဖို့ လိုအပ်နေသည်ကို တွေ့လျှင် ထိုဆ၇ာနှင့် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းဖို့ ချိန်းလိုက်၏ ထို့နောက် နောက်ဆက်တွဲ အကဲခတ် လေ့လာမှုများ ပြုလုပ်၏။ အကယ်၍ တိုးတက်မှု မရှိလျှင် ထိုဆရာကို ကူညီဖို့ ကျွန်မမှာ အစီအစဉ် ရေးဆွဲပြီးသားရှိသည်။ 

အထောက်အကူပြုနိုင်သည့် အထူး ကျွမ်းကျင်သူများ၏ အကြံဥာဏ်များကို တောင်းခံလို့ ရသည်။ သင်ခန်းစာ၏ ရည်ရွယ်ချက်၊ ဦးတည်ချက်ကို တိကျ ပေါ်လွင်စွာ သင်ကြား နိုင်ရေး အတွက် ကျွန်မက သရုပ်ပြ သင်ကြားပိုကချမှုများ လုပ်ပြသည်။ အားပေးမှု ကူညီမှုများ ပေးပြီးသည့်တိုင် သင်ကြား ပို့ချမှု စွမ်းရည် မြင့်မားမလာသော ဆရာ၊ ဆရာမဟူ၍ မပြောပလောက်သော အရေအတွက်သာ ရှိကြောင်း တွေ့ရသည်။

ပညာရေးဝန်ထမ်းတချို့နှင့် ပတ်သက်၍မူ ကျွန်မမှာ ကြိုးစားပမ်းစား အားထုတ်ပြုပြင်ပေးရသည်။ သို့သော် ဘလိန်း တွင် အမှန်တကယ် ထူးချွန်ပြောင်မြော်ကသည့် ဆရာ၊ ဆရာမတွေ ပေါ်ထွက်လာသည်ကို တွေ့ရ၏။ သည်အတွက် ကျွန်မမှာ ၀မ်းသာ ကြည်နူးမဆုံးဖြစ်ရပါသည်။

ထိုသို့ ထူးချွန်ပြောင်မြောက်သော ဆရာတွေထဲမှ တစ်ယောက်မှာ ရေမွန်ဘရွတ်ဖြစ်၏ သူသည် လူမှု ဆက်ဆံရေး ဘာသာရပ်ကို သင်ကြားသည့် ဆရာတွေထဲတွင် အတော်ဆုံး စာရင်းဝင်ဖြစ်၏။ သူက အသင်အပြ ကောင်းရုံမကဘဲ ကလေးတွေကို စေတနာလည်း ထားသည်။ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက် များတွင် ကလေးတွေကို သူ့ယာတောကို အလည်အပတ်ခေါ်သွားလေ့ရှိသည်။ သူက ကလေးတွေကို နေ့စဉ် နှင့် အမျှ မြင်တွေ့ ကျင်လည်နေရသည့် မြို့ကြီးပြကြီး၏ လမ်းဘေးပလက်ဖောင်းပေါ်မှ ဘ၀ကို ကျော်လွန်ပြီး ကျေးလက်၏ အငွေ့အသက်ကို ခံစားသိမြင်စေချင်သည်။

အ၀တ်အစားကို သန့်ရှင်းသပ်ရပ်စွာ ၀တ်ဆင်ပြီး အလွန်တိကျသေချာသော မေရီအီးဖရီးမင်းဆိုသည့် ဆရာမ ပိန်ပိန်ကလေးရှိသေးသည်။ သူသည်လည်း ကျောင်းဆရာအလုပ်ထဲတွင် ဘ၀ကို မြှုပ်နှံ ထားသူ ဖြစ်၏ ဘယ်တော့မျှ အသံကျယ်ကျယ်လောင်ဖြင့် စာသင်ခြင်းမရှိ။ သင်ခန်းစာတစ်ခုကို သူကဦးဆောင်ပြီး ဖြတ်သန်း ခေါ်ဆောင်သွားပြီဆိုလျှင် သူ့တပည့်များသည်
အိပ်မွေ့ချခံထားရသူများပမာ သူ့နောက်မှ စီးမျောလိုက်ပါသွားရလေ့ရှိ၏။ သူ့အတန်းတွင် တစ်နှစ်ပြည့်အောင် တက်ခဲ့ရသည့် ကျောင်းသားတွေထဲတွင် စာမဖတ်နိုင်သူဟူ၍ တစ်ဦးတစ်လေမျှပင်မရှိ။
ဆာရာဘရွတ် ကတော့ စွမ်းရည်ထက်မြက်သည့် လူဖြူဆရာတွေထဲတွင် တစ်ဦးအပါအ၀င်ဖြစ်သည်။ သူသည် ဘလိန်းတွင် တစ်နှစ်ပြီးတစ်နှစ် ဆက်တိုက် သင်ကြားခဲ့၏။ မြို့တွင်းကျောင်း အတော်များများမှာ ကျောင်းပျက် သည့် ကျောင်းသားဦးရေ နာမည်ပျက်နေသည်။ ဆာရာက ဘလိန်းကျောင်းကို သည်လို နာမည်ပျက်မျိုး နှင့် မကြုံရအောင် ကူညီခဲ့သည်။

ကိုယ်လုံးကိုယ်ပေါက် သေးသေးသွယ်သွယ်ကလေးနှင့် အပြောအဆို နူးညံ့ပျော့ပျောင်းသော ဆာရာတွင် မိနစ်တိုင်း မိနစ်တိုင်း အစီအစဉ်တွေ ရှိနေသည်။ သူ့တပည့်တွေ နေ့လယ်စာစားဖို့ တန်းစီနေချိန်တွင် သူက သူတို့အား စာလုံးပေါင်းတွေ ပြန်ပြီး ရွတ်ဆိုနေစေ၏။ ချာတိတ်တွေ စုပေါင်းပြီး ဓာတ်ပုံအရိုက်ခံ နေချိန် တွင် ဆာရာက သူတို့နံဘေးတွင် ရပ်ပြီး ဂဏန်းသချာင်္ အပေါင်းအနုတ်သင်ကြားသည့် ကပ်ပြားများ ထောင်ပြ နေသည်ကို တွေ့ရ၏။

ဆာရာဘရွတ်က ကလေးတိုင်းကလေးတိုင်းသည် အတော်ဆုံး စာသင်သားဖြစ်နိုင်သည်ဟု ယုံကြည်သည်။ ခြောက်နှစ်သား အရွယ်ရှိ လယ်ရီ၏ ကိစ္စမှာပင် ဆာရာက ထိုအတိုင်း ယုံကြည်ထားခဲ့သည်။ တစ်ခါ တစ်ရံ တွင် ဗဟိုအုပ်ချုပ်ရေးစနစ်၏ ကြောင်စီစီ စည်းမျဉ်းစည်းကမ်းများက ကျောင်းဆရာများ၏ သင်ကြား ပို့ချမှု ကို အနှောင့်အယှက် အဟန့်အတားဖြစ်စေသည်။ လယ်ရီနှင့် ပတ်သက်သည့် ကျွန်မတို့၏ အတွေ့အကြုံ ကို မကြာခဏ သတိရနေပါသည်။ ထိုသို့သော စည်းမျဉ်းစည်းကမ်းများက ကျွန်မလက်အောက်ရှိ ကျောင်းဆရာ များ၏ သင်ကြားရေးကို အနှောင့်အယှက် မပေးနိုင်အောင် ကျောင်းအုပ်ဆရာမကြီး တစ်ယောက် အနေဖြင့်  အစွမ်းကုန် ကာကွယ်ရမည်ဖြစ်ကြောင်း သတိရနေစေပါသည်။

ဆောင်းဦးရာသီ ကျောင်းဖွင့်ပြီး သီတင်းပတ် သုံးပတ်မျှ ကြာသောအခါ ကျွန်မတို့ ကျောင်းသို့ မြို့နယ် ပညာရေးမှူး တစ်ဦးရောက်လာသည်။ သူက သီးသန့်ပညာသင်ရေး ကျောင်းသားများ ကိစ္စကို လာရောက် စစ်ဆေးခြင်းဖြစ်၏ သူကိုင်လာသည့် စာရင်းစာရွက်ထဲတွင် လယ်ရီ၏ နာမည်ပါဝင်နေသည်။ သို့သော် သီးသန့် ပညာသင်ပေးရေးအတန်းတွင် လယ်ရီမရှိ။ လယ်ရီသည် ထိုနှစ်ကျောင်းဖွင့်ကတည်းက သူ့အတန်း သို့ လာရောက်ခြင်းမရှိဟု အတန်းပိုင်ဆရာမက ပြောသည်။

ကျွန်မသည် လယ်ရီ့အိမ်သို့ တယ်လီဖုန်းဆက်သည်။ လယ်ရီ့မိခင်သည် မိနစ်ပိုင်းအတွင်း ကျောင်းသို့ ရောက်လာသည်။ အတော်ကြီးစိတ်ကသိကအောက် ဖြစ်နေပုံလည်း ရသည်။ သူ့သား နေ့စဉ်နေ့တိုင်း ကျောင်းတက် နေသည်ကို သူသိသည်။ အကြောင်းမှာ သူ့သားကို သူကိုယ်တိုင် ကျောင်းဝအထိ လိုက်ပို့ နေကျဖြစ်သောကြောင့်ပင်။ သည်တော့ သူ့သား ဘယ်ရောက်နေသည် ဆိုသည်ကို သိလိုသည်။ သူ့သား ကို ချက်ချင်း ရှာပေးဖို့ တောင်းဆိုသည်။

    ထိုအချိန်တွင် လူထု ဆက်သွယ်ရေးမှူး လစ်မက်ကိန်းရောက်လာသည်။
    "သြော်…ဆရာမကြီးတို့ လယ်ရီအကြောင်း ပြောနေကြတာလား။ သူက အခန်းနံပါတ် ၂၀၂ မှာလေ"
    ပြောပြောဆိုဆို သူက ကျွန်မတို့အား ဆာရာဘရွတ်၏ အခန်းသို့ ဦးဆောင်ခေါ်သွားသည်။

ထိုနှစ်အတွင်းက ဆာရာဘရွတ်၏ အတန်းသို့ ကျွန်မအကြိမ်ကြိမ်ရောက်ခဲ့၏။ ထိုသို့ရောက်တိုင်း အဆိုပါ ကလေး တစ်ယောက် အပေါ်သို့ ခါးကိုင်းပြီး ဂရုတစိုက် တွန်းအားပေးပြီး သင်ကြားနေသည်ကို တွေ့ရ တတ်၏။ တခြားအချိန်များတွင် ထိုကလေးကို လက်တွဲပြီး စင်္ကြံလမ်းအတိုင်း လျှောက်လာတတ်သည်။ ပါးစပ်ကလည်း ခါးကိုဆန့်ပြီး မားမားမတ်မတ် လမ်းလျှောက်ဖို့ တဖွဖွ တိုက်တွန်းနေသည်ကို တွေ့ရသည်။

သည်ကလေး၏ နာမည်ကို ကျွန်မမသိ။ သည်ကလေးမှာ မွေးကင်းစအရွယ်ကတည်းက နှလုံးကို ခွဲစိတ် ကုသခဲ့ရကြောင်း၊ နောက်ပိုင်းတွင်လည်း ခွဲစိတ်ကုသမှု အကြိမ်ကြိမ်ခံခဲ့ရကြောင်း၊ သည်ကလေးသည် ကြွေရုပ် ကလေးတစ်ရုပ် လို ကျိုးပဲ့ပျက်စီးသွားနိုင်သည်ဟု သူ့မိခင်က သဘောထားကြောင်းတို့ကို ကျွန်မ မသိ။ လယ်ရီကို လေ့ကျင့်ပေးနိုင်သော ဥာဏ်လေးသူတစ်ဦးအဖြစ် သတ်မှတ်ထားကြောင်း၊ သူ့ကို သီးသန့် ပညာသင်ပေးရေး အတန်းတွင် တက်ရောက်စေရမည်ဖြစ်ကြောင်းတို့ကိုလည်း ကျွန်မမသိ။

သီးသန့်ပညာပေးရေး ကျောင်းသားများကို မြို့နယ် ပညာရေးမှူးရုံးက သတ်မှတ်ပြီး ခွဲတမ်းချပေးသည်။ သို့သော် လယ်ရီနှင့်ပတ်သက်သည့် မှတ်တမ်းများ ကျွန်မထံသို့ ရောက်မလာ။ သည်တော့ ကျောင်းစဖွင့် ကတည်း က လယ်ရီအား ဆာရာ့အခန်းသို့ ပို့ထားခဲ့သည်။

သည်အကြောင်းတွေကို ဆာရာလည်းမသိ။ လယ်ရီသည် တစ်မူထူးခြားနေသည် ဆိုတာကိုတော့ သိသည်။ လမ်းလျှောက်လျှင် သူ့လက်နှစ်ဖက်သည် ကိုယ်ခန္ဓာတွင် ဂဟေဆော်ထားသလို ကပ်နေသည်။ ပြီးတော့ ရှူနာ ရှိုက်ကုန်း အဘိုးအို တစ်ယောက်လို ကွေးတိကွေးကောက်ဖြစ်နေသည်။ ဆာရာ က လယ်ရီသည် ဥာဏ်ရည် လေးကွေး သည့် ပထမတန်း ကျောင်းသား တစ်ယောက်အဖြစ် မှတ်ယူခဲ့သည်။

သူမားမားမတ်မတ် မတ်တတ်ရပ်လာအောင် ဘယ်သူကမျှ အားမထုတ်ခဲ့။ သူ့ကို စာရေးစားပွဲမှာ ထိုင်စေပြီး သူ့လက်ချောင်း တွေကို ဆွဲဖြန့်ပေးပြီး သူ့လက်ထဲသို့ ခဲတံတစ်ချောင်းထည့်ကာ ဘယ်လိုစာရေးရမည်ဟု သင်ကြား ပေးသူ ဘယ်သူမျှ မရှိခဲ့။ သည်ကိစ္စတွေကို သည်ကလေး လုပ်ဆောင်နိုင်စွမ်းရှိသည်ဟု ဘယ်သူမျှ အတွေး မပေါက်ခဲ့။ သို့သော် ဒါတွေကို သည်ကလေး မလုပ်နိုင်ဟု ဆာရာက မတွေးချင်။ မထင်ရက်။

ဆက်ရန်
.

2 comments:

လသာည said...

ဖတ်ပြီးစ်..

အင်တာနက် မကောင်းတဲ့ ကြားက တင်ပေးနေတာ ကျေးဇူး အများကြီး အများကြီး တင်ပါတယ်

ကိုဇော် said...

ဖတ်စ် . .
( အားဝူး... နေကောင်းဝူး...ဖစ်နေတယ်ဂျာ )