Wednesday, December 1, 2010

ရည်ရော်မှန်း အိုင်စမ်းရေပြာ အပိုင်း (၁၃)

(၁၁)

အိမ်ရှင်အဘိုးကြီးနှင့် အဘွားကြီးသည် ဘသာပေါ်အကြောင်းကို ပြောဆိုနေရာမှ မောသွားဟန်ဖြင့် ရပ်နား လိုက်ကြသည်။
မခင်ရွှေသည် အလိုက်သိစွာ သူဝယ်ထားသည့် ဖျော်ရည်ပုလင်းကို ယူလာပြီး အဘိုးကြီးနှင့် အဘွားကြီးကို ဖျော်ရည် တစ်ဖန်ခွက်စီ ရိုသေစွာ တိုက်ကျွေးလိုက်သည်။ အဘိုးကြီးနှင့်အဘွားကြီး ဖျော်ရည်သောက်ပြီး အမောပြေ သလောက် ရှိသောအခါ မခင်ရွှေက စကားစပြန်ဖော်ပြီး မေးလိုက် သည်။

" အဘိုးသာပေါ် မိဘတွေ ဆုံးကုန်တော့မှ ရွာကထွက်ဖြစ်တာပေါ့နော် ဘိုးဘိုး "
အဘိုးကြီးက ဦးခေါင်းညိတ်ပြီး ဆက်ပြောသည်။

" ကျေးဇူးရှင် မိဘတွေ ဆုံးကုန်ကြတော့ တို့နှစ်ယောက်အသက်တွေက အရွယ်ရောက်လာကုန်ကြ ပြီလေ။ အစ်ကိုကြီးနဲ့ ရွာရှိလူကြီးကပဲ တို့နှစ်ယောက်ကို လက်ထပ်ပေးလိုက်တယ်။ ကျေးဇူးရှင် မိဘတွေ စုဆောင်းထားရှိခဲ့တဲ့ ပစ္စည်းကိုလည်း အစ်ကိုကြီးက ဘာမှမယူဘဲ တို့နှစ်ယောက်ကို အားလုံးပုံပေးထားခဲ့ပြီး အစ်ကိုကြီးက ရွာမှာမနေတော့ဘူး။ ရပ်ဝေးကိုသွားတော့မယ်ဆိုတော့ တို့နှစ်ယောက် ငိုကြရတာပေါ့။ မသွား ပါနဲ့ လို့ တောင်းပန်တော့မှ အစ်ကိုကြီးလည်း အခုတင်က ဘိုးဘိုးပြောပြခဲ့တဲ့အကြောင်းတွေကို အားလုံး စုံစေ့အောင် ပြန်ပြောပြတယ် ဆရာမရဲ့"
" အဘိုးသာပေါ်က သူ့မွေးရာပါ အမှတ်တွေအကြောင်းကို ဘိုးဘိုးနဲ့ ဘွားဘွားကိုတော့ ပြောပြ တယ်နော် "

မခင်ရွှေ က ဖြတ်ပြောလိုက်သည်။
" အေးကွယ့် ... အစ်ကိုကြီးက တို့နှစ်ယောက်ကို ညီရင်း ညီမရင်းလို ချစ်တယ်လေ။ မိဘတွေကလည်း မရှိတော့ဘူး။ နောက်ပြီး ... သူလည်း ရပ်ဝေးကို အချိန်ကာလ အကန့်အသတ်မရှိ ထွက်ခွာသွားတော့မယ် ဆိုတော့ မှ တို့နှစ်ယောက်ကို အားလုံးဖွင့်ဟသွားတာ လ
အဘိုးကြီး စကားဆုံးသောအခါ အဘွားကြီးက -

" အစ်ကိုကြီးကျေးဇူး ကြီးပါပေမယ်။ အစ်ကိုကြီး မေတ္တာ၊ စေတနာကိုတော့ ဘယ်တော့မှ မမေ့နိုင် ပါဘူး။ ရွာက ထွက်သွားပြီးတဲ့နောက် နှစ်ပေါင်း တော်တော်ကြာကြာ သတင်းအစအနမရဘဲ ပျောက်နေလိုက်တာ၊ နောက်တော့ ရေပြာအိုင်ဆိုတဲ့ ရွာမှာ မြွေကိုက်ခံရတဲ့ ဝေဒနာရှင်တွေကို ကယ်တင်နေတဲ့ ဆရာသာပေါ် ဆိုတာ ရှိတယ်လို့ ဥသျှစ်ပင်ကို ဈေးဝယ်ဆင်းရင်း သတင်းအစ ရ လိုက်တယ်။ ဒါနဲ့ အစ်ကိုကြီးနဲ့ ခွဲမနေ တော့ဘူး၊ အစ်ကိုကြီးရှိရာကို လိုက်မယ်လို့ ဆုံးဖြတ်ပြီးရှိတဲ့ ပစ္စည်းလေးတွေကို ထုခွဲပြီး လိုက်လာခဲ့ကြတာ။ ဒီမြို့လေး ကိုလည်း ရောက်ရော ဆရာသာပေါ် ရေ ပြာအိုင်က ထွက်သွားတာ ဘယ်လိုမှ သတင်း မရတော့ဘူး။ အစအန ပျောက်သွားပြီလို့ ခိုင်ခိုင်လုံလုံ သိရတော့ ရေပြာအိုင်ကို ဆက်မသွားတော့ဘဲ ဒီမြို့လေး မှာပဲ သောင်တင်နေခဲ့ကြတာ အခုထက်တိုင်ပါပဲ ဆရာမ"
ဟု နိဂုံးချုပ် လိုက်သည်။

သုံးယောက်စလုံး စကားမဆက်နိုင်ကြတော့ဘဲ အတွေးကိုယ်စီဖြင့် ငြိမ်သက်နေကြသည်။ အဘိုး ကြီးနှင့် အဘွားကြီးတို့ စိတ်ထဲမှာ မည်ကဲ့သို့ တွေးနေစဉ်းစားနေသည်ကို မခင်ရွှေ မသိသော်လည်း မခင်ရွှေ စိတ်ထဲတွင်မူ ...
" အဘိုးသာပေါ် သေသလား၊ အသက်ရှင်လျက် ရှိနေသေးလား၊ ဘွားရွှေအိမ် ပြောပြသည့် စကား အရ အိပ်မက်ထဲ တွင် လူတစ်ပိုင်း မြွေတစ်ပိုင်း တွေ့ရသည်။ ဆိုခြင်းမှာ ဘွားရွှေအိမ်၏ ခင်ပွန်း သည် သူချစ်ခင်ကြည်ညို သော ဘိုးသာပေါ်ကို စိတ်စွဲ၍ မက်ခြင်းလား၊ တကယ်လား " စသည်ဖြင့် မခင်ရွှေ တွေးနေ သော်လည်း အဖြေမပေါ်ချေ။

ရေပြာအိုင်နှင့် ပတ်သက်လာသည့် အကြောင်းတွေ ဆိုလျှင် မခင်ရွှေ ဥာဏ်မမီနိုင် ဖြစ်ခဲ့ရသည်ကို မခင်ရွှေ သည် သူ့ကိုယ်သူ အသိဆုံးဖြစ်သည်။
တိတ်ဆိတ်နေကြရာမှ အဘိုးကြီးက မေးလိုက်သည်။
" အစ်ကိုကြီးရဲ့ လျှာပေါ်မှာ မွေးရာပါ အမည်းမှတ်တွေရှိတာကို အစ်ကိုကြီးက သူမထွက်ခွာမီမှာ ပြခဲ့လို့ တို့ နှစ်ယောက် သေသေချာချာ ကြည့်လိုက်ကြပါတယ်။ လူသားတွေမှာ ဒီလို အမှတ်မျိုး ပါတတ်သလား"

မခင်ရွှေ သည် အဘိုးကြီးကို စိတ်ထဲက ကြင်နာသနားမိသည်။ အဘိုးကြီးနှင့် အဘွားကြီး စာမတတ် ကြောင်းကို မခင်ရွှေ သိခဲ့ရပြီးဖြစ်သည်။ ထို့ကြောင့် စာပေဖတ်ရှုခြင်း မရှိသည့် သူအဖို့ ဗဟုသုတ နည်းမည်ကို တွေးမိသောကြောင့် စိတ်ထဲက ကြင်နာခြင်း ဖြစ်လိုက်မိသည်။
မခင်ရွှေ က ရှင်းလင်း ပြောပြလိုက်သည်။

" မွေးရာပါ အမှတ်ဆိုတာကတော့ အချို့လူတွေမှာ ပါတတ်ကြပါတယ်။ တချို့လူတွေမှာ အနီရောင် အမှတ်လေး တွေ ပါတတ်ကြပါတယ်။ ဒါကို စာနီအမှတ်လို့ ပြောကြတယ်။ တချို့ လူတွေမှာ အမည်းရောင် အမှတ်၊ အစိမ်းရောင်အမှတ်၊ အပြာရောင်အမှတ် စသည်ဖြင့် ပါတတ်ကြပါတယ် ဘိုးဘိုး၊ ဒါပေမယ့် ဒီအမှတ်မျိုး ကတော့ ဘာမှ အမှတ်မျိုးကတော့ တကယ် ဘုန်းသမ္ဘာရှိသူ ပုဂ္ဂိုလ် မျိုးမှာသာ ရှိတတ်တဲ့ အမှတ်မျိုးပါ။ လူတစ်သိန်းမှာ တစ်ယောက် မရှိပါဘူး။

တစ်သိန်းမပြောနဲ့လေ ကမ္ဘာပေါ်မှာ ဒီလို တန်ခိုးသတ္တိရှိတဲ့ အမှတ်မျိုး ဘယ်သူမှ မပါပါဘူး။ ဘိုးသာပေါ် အင်မတန် စင် ကြယ်မြင့်မြတ်တဲ့ ပုဂ္ဂုလ်ဖြစ်လို့ ဒီလို အမှတ်မျိုးပါလာတာပါ။ ကျွန်မတို့ မြန်မာနိုင်ငံကို စိုးမိုးအုပ်ချုပ် သွားကြတဲ့ ရှင်ဘုရင်တွေဆိုတာ ဘုန်းသမ္ဘာကြီးလို့၊ ရေမြေ့ ရှင်ဘုရင်ဖြစ်ပေမယ့် ဘိုးသာပေါ်လို အမှတ်မျိုး မရှိခဲ့ကြပါဘူး ဘိုးဘိုး။ မြန်မာရာဇ၀င်မှာ ထင်ရှားတဲ့ ဘုရင်နှစ်ပါးသာ လျှာမှာ အမည်း ရောင် အမှတ် တွေ ပါတယ်လို့ ရာဇ၀င် ရှိပါတယ်။

ဒီဘုရင်နှစ်ပါးသာ ထူးထူးခြားခြား လျှာမှာ အမည်း မှတ်တွေပါလို့ မွန်ဘုရင် ရာဇာဓိရာဇ်ကို ဗသုံဗန်စက်လို့ ရာဇ၀င်မှာ စာတင်ပါတယ်။ မြန်မာဘုရင် တပင်ရွှေထီးကို ယိုးဒယားရာဇ၀င်မှာ မြန်မာဘုရင် လျှာနက်မည်းလို့ အမှတ်အသား ပြုထားပါတယ်"
မခင်ရွှေ ရှင်းပြသည်ကို အဘိုးကြီးနှင့် အဘွားကြီးသည် စိတ်ဝင်စားစွာ နားထောင်နေသည်။ သူတို့ ချစ်သော၊ ကြည်ညိုသော ကျေးဇူးရှင် အစ်ကိုကြီး ဘိုးသာပေါ်အတွက် ဂုဏ်ယူသည့်အသွင် ပေါ်နေသည်။

အတန်ကြာမှ ...
" ကဲ ... ဆရာမလည်း အစ်ကိုကြီးကို စာရေးဦး၊ ဘိုးဘိုးတို့လည်း အညောင်းဖြေလိုက်ဦးမယ်။ သြော် ... ဒါထက် ဆရာမ ဟောဒီ အစ်ကိုကြီးသဏ္ဍာန်ကို ရည်မှန်းဆွဲထားတဲ့ ပန်းချီကားကိုတော့ ဘိုးဘိုးတို့ကို ရောင်းပါ။ ဆရာမ ဘယ်လောက် ကုန်ခဲ့လဲ " ဟု အဘိုးကြီးက ပြောသည်။

" ကျွန်မ မရောင်းပါဘူး ဘိုးဘိုး။ ကျွန်မ ကြည်ညိုတဲ့ ပုဂ္ဂိုလ်ကြီးရဲ့ ညီ၊ ညီမများဖြစ်တဲ့ ဘိုးဘိုးနဲ့ ဘွားဘွားကို ကန်တော့ပါတယ်"
မခင်ရွှေက အလိုက်သိစွာ ပြန်ပြောသောအခါ အဘိုးကြီးနှင့် အဘွားကြီးသည် ၀မ်းသာစွာ သာဓု ခေါ်လိုက်ကြသည်။
ထို့နောက် အဘိုးကြီးနှင့် အဘွားကြီးက ဆက်ပြောလိုက်သည်။

" အစ်ကိုကြီး အသက် နှစ်ဆယ်အရွယ်က ဖြစ်ခဲ့တဲ့ အဖြစ်ဆိုတော့ အခုအချိန်မှာ နှစ်ပေါင်း ကိုးဆယ် ကျော်ပြီလေ။ တို့များ အသက်တောင်မှပဲ အခုရှစ်ဆယ် ပြည့်တော့မယ့်ဟာပဲ"
မခင်ရွှေသည် နားထောင်နေရာမှ စဉ်းစားလိုက်သည်။

လွန်ခဲ့သော နှစ်ပေါင်းကိုးဆယ်ကျော် အချိန်ကဆိုလျှင် ရခိုင်ရိုးမတောင်သည် မည်မျှ တောတောင် နက်ခေါင်ပြီး တောရိုင်းတောင်ရိုင်းကြီး ဖြစ်နေမည်နည်း။ ယခုခေတ်လို လူသူအသွားအလာ အပေါက် အရောက်လည်း မများဘဲ နည်းပါးလွန်းသည့်အတွက် တောရိုင်းတိရစ္ဆာန်တွေ ကြီးပွားချင် တိုင်း ကြီးပွားနေမည် မှာ သေချာသည်။ ဘသာပေါ် တွေ့လာခဲ့သည့် ငန်းပြာသာဒ်ကြီးမျိုးဆိုလဆင် မျိုးပြုတ်သွားပြီဖြစ်သည့်အတွက် ယခုလူတွေ မြင်ဖူးမည်ဝေး၍ ကြားဖူးကြမည်ပင် မဟုတ်ချေ။ မခင်ရွှေ ပင်လျှင် ဤငန်းမြွေမျိုးရှိသည်ဟု မကြားခဲ့ဘူးပဲ၊ ယခု ဘသာပေါ်၏ညီနှင့် ညီမ ပြောပြမှ တတံ့တသြ ကြားဖူး ရသည်။

ဘသာပေါ်လိုလျှာမှာ မြွေနိုင်သည့် အမှတ်အသားတွေပါသည့် လူမျိုးဆိုလျှင် ယခုခေတ် လူတွေ အနေဖြင့် ပြော၍ပင် ယုံနိုင်ကြမည် မဟုတ်။ သို့သော် ခွေး၏ လျှာမှာ အမည်းမှတ်တွေပါလျှင် ထိုခွေးမျိုးသည် မြွေကိုက်၍ မသေနိုင်သည်ကိုမူ ယခုခေတ်လူတွေက လက်ခံသည်။ သို့သော် ထို အမည်းမှတ်တွေ ပါသည့် ခွေးကား ရှားပါးလှသည်။ အကောင်တစ်ထောင်မှာ တစ်ကောင်ပင် မပါလိုချေ။ ထိုအုမှတ်မျိုးပါသည့် ခွေးကား အများအားဖြင့် တောရွာတွေမှာ မွေးသည့် မြန်မာခွေး ရိုးရိုးအမျိုးမှာသာ ပါလေ့ရှိသည်။
" ကျွန်မ ကို ခွင့်ပြုပါ "

မခင်ရွှေက အဘိုးကြီးနှင့်အဘွားကြီးကို ရိုသေစွာ ခွင့်တောင်းပြီး ဘိုးသာပေါ်အကြောင်းကို မှတ် တမ်း ရေးရန် သူ့အခန်းသို့ ပြန်လာခဲ့သည်။
    ဇာတိဇစ်မြစ်ကို မည်သူမျှ မေး၍မရဟု ဘွားရွှေအိမ် ပြောလိုက်သော မြွှေနိုင်ပုဂ္ဂိုလ်ကြီး ဘိုးသာပေါ်၏ နောက်ကြောင်း ရာဇ၀င်ကို ကံအားလျော်စွာ တိုက်ဆိုင် ကြားသိလိုက်ရသော မခင်ရွှေ၏ ၀မ်းမြောက်မှုကား ဆိုဖွယ်ရာ မရှိတော့ချေ။

    လဆန်းငါးရက် လကွေးလေးသည် ကောင်းကင်တိမ်မည်းညိုကြီးတွေ အကြားမှာ မာသာ ၀ံ့ဝံ့ သာဝံ့ဝံ့ဖြင့် မှုန်ရီရီ အလင်းရောင်လေးကို ပေးနေသည်။
မခင်ရွှေ သည် ဘိုးသာပေါ်၏ အတ္ထုပ္ပတ္တိကို ရေးသားပြီးစီးသောအခါ စာရေးခုံလေးပေါ်မှာတင်ထား သည့် လက်ပတ်နာရီ လေး ကို ကြည့်လိုက်၏။ အချိန်ကား သန်းခေါင် ဆယ့်နှစ်နာရီထိုးနေပြီကို ပြ နေသည်။

မျက်လုံးက ကြောင်သွားသဖြင့် အိပ်ချင်သော စိတ်မရှိသေး၍ မီးကို ငြိမ်းလိုက်ပြီးလျှင် အိပ်ရာ ခေါင်းရင်းတွင်ရှိသော ပြတင်းပေါက်ကို ညင်သာစွာ ဖွင့်လိုက်သည်။ အချိန်မတော်မှ အသံမြည်အောင်ဖွင့်လျှင် အိပ်နေကြသော အဘိုးကြီး အဘွားကြီးနှင့် မြေးမလေးတို့ကို အနှောင့် အယှက်ပေးသလို ဖြစ်နေမည်စိုးသောကြောင့် ဖြည်းညင်းစွာ ဖွင့်လိုက်ခြင်းဖြစ်သည်။
မှောင်ထဲမှာပင် ပြတင်းဘောင်ကိုမှီကာ သစ်ပင်ရိပ်တွေကြောင့် မှောင်သည့် နေရာကမှောင်၊ လရောင် ပြောက်ကျား ကျသည့်နေရာက ကျနေသည့် ခြံဝိုင်းလေးကို တိတ်ဆိတ်စွာ ငေးမောကြည့် ရင်း စိတ်က ရေပြာအိုင်သို့ ရောက်သွားပြန်သည်။

    ရေပြာအိုင်သို့ စိတ်က ရောက်သွားသည်ဆိုလျှင်ပင် မောင်စိန်းမောင်၏ ပုံသဏ္ဍာန်ကို ဖျတ်ခနဲ မြင်လိုက်မိတော့သည်။ ရေပြာအိုင်ကို နောက်ဆုံး ခွဲခွာထွက်လာစဉ်က မိုးလုံးမှိုင်း သစ်ခွပန်းတွေကို တစ်ပွေ့တစ်ပိုက်ကြီး လက်ဆောင်ပေးလိုက်သော မောင်စိန်းမောင်၏ ...
" ဆရာမ နှစ်သက်တဲ့ မိုးလုံးမှိုင်းဆိုတဲ့ သစ်ခွပန်းနာမည်လို ကျွန်တော့်ဘ၀ မိုးကောင်းကင် တစ်ခုလုံး ဟာလည်း ဆရာမကို လက်လွှတ်ဆုံးရှုံးတာကြောင့် တစ်ဘ၀တာအဖို့ ကြည်လင်မှုကင်း ပြီး မှိုင်းမှိုင်းဝေေ၀ ဖြစ်ရတော့မှာပါ။ သွားပေဦးတော့ ဆရာမ။ ကြေကွဲသော ခွဲခွာခြင်းပါပဲ"

ဟူသော မောင်စိန်းမောင်၏ ကြေကွဲလှိုက်လှဲသော အသံနှင့် လှည်းလမ်းကြောင်းဘေးတွင် ရပ်ငေး ကာ ကျောက်ရုပ်တစ်ရုပ်လို မခင်ရွှေ စီးသွားသော လျည်းကို ပူဆွေးလွမ်းဆွတ်စွာ မျှော်ငေးကြည့် နေသော မောင်စိန်းမောင်၏ သဏ္ဍာန်သည် မျက်လုံးထဲမှာရော နားထဲမှာပါ မြင်ယောင်ကြားယောင် လာမိပြန်တော့သည်။
မခင်ရွှေသည် သက်ပြင်းကို လေးလေးကြီးချလိုက်သည်။

" ဘယ်လိုမှ မဖြစ်နိုင်တဲ့ ဇာတ်လမ်းကို ဘာကြောင့် ငါသတိရနေပါသလဲ "
မခင်ရွေသည် စိတ်ကိုဖြေဖျောက်ကာ အိပ်ရာထဲသို့ ပြန်ဝင်တော့မည်ဟု ပြတင်းတံခါးရွက်ကို ပိတ်ရန် ဟန်ပြင်လိုက်သော လက်သည် ပြတင်းတံခါးရွက်ကို မပိတ်နိုင်တော့ဘဲ သူ့မျက်စိရှေ့မှာ ပေါ်လာသည့် သဏ္ဍာန်ကို စူးစမ်းသော မျက်လုံးဖြင့် ကြည့်နေမိသည်။

မခင်ရွှေ မြင်လိုက်သည့် သဏ္ဍာန်ကား ခြံဝိုင်းထဲသို့ ကြောင်တစ်ကောင်လို တိတ်ဆိတ်ညင် သာစွာ ၀င်လာသော ယောက်ျားပျို တစ်ယောက်၏ သဏ္ဍာန်ဖြစ်သည်။ မခင်ရွှေက ကြည့်နေစဉ်မှာ တစ်ခုသော ခြံကြီးအကွယ်မှ အိမ်ရှင် ဘိုးဘွားတို့၏ မြေးမလေးက ရောက်လာသော ယောက်ျားပျို ကိုဆီးကြိုလိုက်သည်ကို မြင်လိုက်ရသည်။

မခင်ရွှေသည် သူတစ်ပါး၏ လျှို့ဝှက်ချက်ကို ချောင်းကြည့်သည်မှာ မသင့်လျော်ကြောင်းကို စဉ်းစား မိသော်လည်း မြေးမလေးက ရောက်လာသော ယောက်ျားပျိုကို ဆီးကြိုလိုက်သည်ကို မြင်လိုက်ရ သည်။
မခင်ရွှေသည် သူတစ်ပါး၏ လျှို့ဝှက်ချက်ကို ချောင်းကြည့်သည်မှာ မသင့်လျော်ကြောင်းကို စဉ်းစား မိသော်လည်း မြေးမလေး၏ ငိုရှိုက်သံသဲ့သဲ့ကို အမှတ်မထင် ကြားလိုက်ရသောအခါ အံ့အားသင့် သါားသည်။ ကြည့်မြဲတိုင်း ကြည့်နေမိသည်။

ချစ်မြတ်နိုးသော သမီးရည်းစားတို့ တိတ်တဆိတ်ချိန်းချက်တွေ့ဆုံကြလျှင် ကြည်နူးပျော်ရွှင်သင့်ပါလျက်နှင့် အဘယ်ကြောင့် မြေးမလေးသည် ၀မ်းမသာနိုင်၊ မကြည်နူးနိုင်ဘဲ ငိုကြွေးရပါသနည်း။ စိတ်မချမ်းသာစရာ အကြောင်းတစ်ခု ရှိနေလေပြီဟု မခင်ရွှေ တွေးလိုက်သည်။
ရောက်လာသော ယောက်ျားပျို၏သဏ္ဍာန်သည် သောကဗျာပါဖြစ်နေဟန်တူသော ချစ်သူကို တစ်စုံ တစ်ရာ အားပေးနှစ်သိမ့်ခြင်းငှာ မစွမ်းနိုင်သည့်အလား၊ မြေးမလေး၏ ပခုံးနှစ်ဖက်ကို ကိုင်ကာ ဦးခေါင်း ငိုက်စိုက်ချ နေသည်ကို တွေ့ရသည်။

လ မြင်ရချက်ကတော့ စိတ်ချမ်းသာစရာ မရှိဘူးလေ။ ဒါပေမယ့် သူတို့ ချစ်သူနှစ်ယောက် တိတ်တ ဆိတ် ချိန်းတွေ့နေတာကို ငါက ဘာကြောင့် ကြည့်နေ၊ ငေးနေရမျာလဲ မသင့်တော်ဘူး "
ဟူသော အတွေးဖြင့် ပြတင်းတံခါးရွက်ကို အသံမမြည်အောင် ဖြည်းညင်းစွာ ပိတ်လိုက်ပြီး အိပ်ရာ ပေါ်သို့ လဲလျောင်းလိုက်သည်။ သို့သော် မခင်ရွှေ အိပ်မပျော်နိုင်တော့ချေ။ သူ့ စိတ်အာရုံတွင် ရေ ပြာအိုင်နှင့် သောကဗျာပါ ဖြစ်နေဟန်တူသော မြေးမလေးတို့ နှစ်ယောက်သာ ထွေးလုံးးရစ်ပတ် ဖြစ်နေကာ လင်းအားကြီး အချိန်နီးမှ အိပ်ပျော်သွားတော့သည်။

နံနက်လင်းသောအခါ မြေးမလေး၏ အမူအရာကို မခင်ရွှေမသိမသာ အကဲခတ်လိုက်သည်။ မိန်း ကလေးသည် ခါတိုင်းကဲ့သို့ပင် အိမ်အလုပ်ကို စီကာစဉ်ကာ လုပ်နေသော်လည်း မျက်နှာကမူ အတွင်းသောက အပူကို ဖုံးထားသည့် အမူအရာမျိုးဖြစ်သည်ဟု မခင်ရွှေ ထင်မိသည်။
မခင်ရွှေက မသိဟန်ပင် ဆောင်နေလိုက်သည်။ စိတ်ထဲတွင်မူ မိန်းကလေးနှင့် တွေ့သောသူသည် လူကောင်းလား၊ လူဆိုးလား၊ အဘိုးကြီးနှင့် အဘွားကြီးကို ပြောရလျှင်သင့်မည်လား စသည်ဖြင့် တွေးရင်း ကျောင်းသို့လာခဲ့သည်။

မခင်ရွှေ ကျောင်းက ပြန်လာသောအခါ၊ ဧည့်ခန်းတွင် ခံ့ညားချောမောသော လူမျိုးခြားသွေး တော်တော် များများ ရောထားသည့် ရုပ်ရည်ပိုင်ရှင် အသက်သုံးဆယ်ကျော်ကျော် လူတစ်ယောက်နှင့် အဘိုးကြီး အဘွားကြီးတို့ စကားပြောနေကြသည်ကို တွေ့ရသည်။ ဧည့်သည်၏ မျက်နှာထားက မာသည်။ အဘိုးကြီးနှင့် အဘွားကြီးမျက်နှာထားကညိုးနေသည်။
မဆိုင်သော ကိစ္စကို စပ်စုရန် မသင့်ကြောင်း စဉ်းစားမိသော မခင်ရွှေက အဘိုးကြီးနှင့် အဘွားကြီးကို တစ်ချက်မျှ ကြည့်ကာ သူ့အခန်း ရှိရာသို့ လာခဲ့သည်။ အ၀တ်အစားလဲပြီး ချက်ရေး ပြုတ်ရေး လုပ်နေသော မြေးမလေး ကို ကူညီရန် မီးဖိုဆောင်သို့ လာခဲ့သည်။ မြေးမလေးသည် မခင်ရွှေ ၀င်လာသည်ကို မြင်သော အခါ ဖြိုင်ဖြိုင်စီးကျနေသော မျက်ရည်တွေကို ကပျာကသီ သုတ်လိုက်၏။ သို့သော် မခင်ရွှေ ကောင်းကောင်းမြင်လိုက်သည်။

" ဘာဖြစ်လို့လဲ ညီမလေး "
မြေးမလေးကို ကြင်နာစွာဖက်ပြီး မခင်ရွှေ မေးသောအခါမှ မြေးမလေးသည် ပိုပြီး ၀မ်းနည်းလာဟန် ဖြင့် မျက်ရည်တွေ ကျလာပြန်သည်။
" ပြောပါ ညီမလေးရယ်၊ မမ ကူညီနိုင်တာဆိုရင် ကူညီပါ့မယ် "
ညက တွေ့ခဲ့သည့် မြင်ကွင်းနှင့် ယခု အိမ်ရှေ့မှာ မြင်ခဲ့ရသည့် မြင်ကွင်းသည် ဆက်စပ်မှုရှိနေကြောင်း မခင်ရွှေ က တွေးလိုက်မိသည်။ ထို့ကြောင့် လှိုက်လှဲသော စေတနာဖြင့် မေးလိုက်ခြင်းဖြစ်သည်။ မြေးမလေး က သိုဝှက်နိုင်စွမ်း မရှိတော့သော စိတ်ဖြင့် သိသိသာသာ ငိုရှိုက်ကာ အိမ်ရှေ့ဘက်ကို မေးငေါ့ပြပြီး ...

" ကျွန်မကို အိမ်ရှေ့ ခန်းမှာရှိတဲ့ လူက ယူမယ်တဲ့ မမ၊ ကျွန်မ မကြိုက်ဘူး၊ သူ့ မယူချင်ဘူး "
ဟု တု့းတိတိ ပြောကာ ငိုလိုက်သည်။
" ဘယ်သူလဲ ညီမလေး၊ ဘာဖြစ်လို့လဲ "
မခင်ရွှေ အိမ်ရှေ့ဘက်ကို တစ်ချက်လှမ်းကြည့်ပြီး မေးသည်။
" အိမ်ရှေ့မှာ ဘိုးဘိုးတို့နဲ့ စကားပြောနေတဲ့လူပေါ့။ အသက်လည်းကြီးသေးတယ်၊ နောက်ပြီး သူတို့ ထုံးစံအတိုင်း လိုက်နေရမယ်တဲ့မမ။ နောက်ပြီး ဒီလူက လူပျိုလည်း မဟုတ်ဘူး "
ပြောရင်းငို ငိုရင်းပြောနေသော မြေးမလေးကို မခင်ရွှေက သေသေချာချာ မေးသောအခါမှ ဇာတ် ရည်လည်လာတော့သည်။

အဘိုးကြီးနှင့် အဘွားကြီးတို့သည် အစ်ကိုကြီး ဖြစ်သူ ဘသာပေါ်ကို သတင်းနားထောင် လိုက်လာခဲ့ ကြစဉ်က တစ်ယောက်တည်း မွေးထားသော သမီးနှင့်သမက်ပါ လိုက်လာခဲ့ကြသည်။ ဘသာပေါ်တို့ကား မြေပြန့်ချင်း အမျိုးသားများ ဖြစ်ကြသည့်အလျောက် သမီးနှင့် လက်ဆက်ထား သောသမက်ဖြစ်သူကလည်း ချင်းအမျိုးသား ပင်ဖြစ်သည်။

ရွာမှာ ချမ်းသာသမျှကို ထုခွဲရောင်းချကာ လိုက်လာခဲ့ကြရာမှ ဘသာပေါ်သတင်း အစသတ်သွား သော ဤမြို့လေးမှာပင် ဤအိမ်လေးကိုဆောက်ကာ အခြေစိုက် နေထိုင်ခဲ့ကြသည်။ သမီးနှင့် သမက် ဆုံးပါးသွားသောအချိန်က မြေးယောက်ျားလေး တစ်ယောက် ကျန်ရစ်ခြ့သည်။ ထို မြေး ယောက်ျားလေးသည် ဤမြို့မှာ နေထိုင်လုပ်ကိုင် စားသောက်ရင်းပင် ဆွေမျိုးမဲ့ဆင်းရဲသော မိန်းကလေး တစ်ယောက်နှင့် အကြောင်းပါကာ ယခု မိန်းကလေးကို မွေးခဲ့သည်။ မိန်းကလေး ဆယ်နှစ်အရွယ်မှာ ဇနီးမောင်နှံ နှစ်ယောက်လုံး ကွယ်လွန်ခဲ့ကြသည်။

အမှည့်တ၀င်းဝင်း အကင်းတဖြိုက်ဖြိုက် ဆိုသည့်အတိုင်း အဘိုးကြီးနှင့် အဘွားကြီးသာ အသက်ရှစ် ဆယ်နားနီးအောင် အသက်ရှည်လာခဲ့ကြသည်။ သားသမီးမြေးများကား ကွယ်လွန်ကုန်ကြလေပြီ၊ အသက်အရွယ် ကြီးရင့်လာသည့်အခါ မလုပ်နိုင် မကိုင်နိုင် ဖြစ်လာကြ သည်။ ထိုအခါ ရှာဖွေစုဆောင်းထားခဲ့သည်များကိုသာ ထိုင်စားလာခဲ့ကြရာမှ လွန်ခဲ့သောသုံးနှစ် ယောက်ကစ၍ ငွေကြေး ကျပ်တည်းလွန်းခြင်း၊ အဘိုးကြီးနှင့် အဘွားကြီးတို့ ကျန်းမာရေး ချွတ်ယွင်း လာခြင်းတို့ကြောင့် ဤအိမ်လေးကို အိမ်ပြန်ငွေပြန် သဘောမျိုးဖြင့် ပေါင်ထားခဲ့ရသည်။

ထိုငွေမှာလည်း စား၍ ကုန်သည်နှင့် အဘိုးကြီးနှင့် အဘွားကြီးကို ဆေးကုခဲ့ရသည်နှင့် ပြောင်စင် သလောက် အခြေအနေရောက်နေခိုက်မှာ မခင်ရွှေက ထမင်းလခပေးစားရန် ရောက်လာသည့်အတွက် မသေထမင်း၊ မသေဟင်းကို အလျဉ်မီ စားနေနိုင်လိုက်ခြင်းဖြစ်သည်။

ငွေရှင်သည် သူ့ငွေကို မည်သည့်နည်းနှင့်မျှ ပြန်ဆပ်နိုင်သည့် အင်အား အခြေအနေမရှိကြောင်းကို အစကပင် သိခဲ့ပြီးဖြစ်သည်။ ဤသို့ မြော်မြင်စရာ အင်အားမရှိသော အဘိုးကြီး အဘွားကြီးနှင့် မြေးမလေး လူမမည် ကို မည်သူကမျှ ငွေကြေးမထုတ်ပေးချင်၊ မချေးငှားချင်သည်ကို ရေရှည်စီမံကိန်း အမြော်အမြင်ကြီးလျသော လူမျိုးခြားငွေရှင်က ရက်ရက် ရောရော ထုတ်ပေးခဲ့ သည်။

ဆက်ရန်
.

2 comments:

သိင်္ဂါကျော် said...

ပြီးတော့မှပဲ အစ အဆုံး လာဖတ်တော့မယ်နော်..

Anonymous said...

ကျန်တဲ့ အပိုင်းတွေ မြန်မြန် တင်ပေးပါ..တားတား ဖတ်ချင်လှပီ..