Sunday, November 21, 2010

ရည်ရော်မှန်း အိုင်စမ်းရေပြာ အပိုင်း (၄)

 ဦးဖေဆိုင်နှင့် ဒေါ်ငွေ က ရောက်လာသည့် ယောက်ျားနှစ်ယောက်ကို အားကိုးပါရစေ ပြောသည့်အတွက် ယောက်ျား နှစ်ယောက်လုံး ထွက်ပြောင်းကြောင်း ပြောခဲ့သည်။ ယခုမေစမ်းမြိုင် ကသူစကား မပြောတတ် သည့် ဆွံ့အနေသူဖြစ်ကြောင်း နားလည်နေသည်။
မေစမ်းမြိုင် နှင့် ပတ်သက်သော အကြောင်းတွေသည် သေးနုတ်သည့် အကြောင်းတွေ မဟုတ်ကြောင်း မခင်ရွှေ စဉ်းစားလိုက်မိသည်။

ထို့ကြောင့် .....
''ဒီနေ့ စနေနေ့ ညီမလေး၊ ညီမလေးနရဲ့ အဖေနဲ့ အမေကိုညအိပ်ထွက်သွားကြတာ တနင်္လာနေ့မနက်မှ ပြန်လာ ခဲ့မယ် လို့ ပြောသွားကြတယ်။ ညီမလေး လွတ်လွတ်လပ်လပ် အချိန် တွေရပါတယ်။ နှုတ်က စကား မပြောနိုင်ရင် စာနဲ့ရေးပြောနိုင် မလား''
''နေဦး ညီမလေး မမစာရွက်နဲ့ ခဲတံသွားယူဦးမယ်''
ဟုပြောကာ သူနေသည့် အခန်းသို့ လျင်မြန်စွာ လာခဲ့သည်။

ဗလာစာအုပ် တစ်အုပ်နှင့် ချွန်ထားပြီးသော ခဲတံတစ်ချောင်းကို ယူလာကာ မေစမ်းမြိုင်လက်ထဲသို့ ထည့်လိုက် သည်။
''ညီမလေး ရေးချင်တာတွေကို စုံစုံလင်လင် ရေးနော်၊ အကြောင်းစုံကို ရေလည်အောင်သိရမှ မမ ကူညီတဲ့ နေရာ မှာ အဆင်ပြေလွယ်ကူမှာ''
ဟု မခင်ရွှေက ပြောသောအခါ မေစမ်းမြိုင်သည် ဦးခေါင်းကို ညိတ်ပြရှာသည်။ မခင်ရွှေက မေစမ်းမြိုင် ကို သူ စာရေးသည့် ခုံကလေးကို ရွှေ့ပေးထားခဲ့သည်။ လွတ်လပ်စွာ ရေးချင်ရာရေးနိုင် အောင် မေစမ်းမြိုင် အနား မှ ထွက်လာခဲ့ပြီး ကျောင်းနှင့်ပတ်သက်သော အလုပ်တွေကို လုပ်နေလိုက်သည်။

အလုပ်ပြီး၍ ကြည့်လိုက်သောအခါ မေစမ်းမြိုင်သည် စာရေးနေဆဲပင် တွေ့ရသောကြောင့် အနှောက် အယှက် မပေးဘဲ မီးဖိုဆောင်သို့ သွားကာနှစ်ယောက်စာ ထမင်းဟင်းကို ချက်ပြုတ်သည်။ မေစမ်းမြိုင် အတွက် ကောင်းနိုးရာရာ ဖွယ်ဖွယ်ရာရာ ဟင်းလေးကို စီမံချက်ပြုတ်နေလိုက်သည်။
ညနေစာ ထမင်းစားချိန် ရောက်သောအခါမှာလည်း မေစမ်းမြိုင်သည် စာရေး၍ မပြီးသေးချေ။ ပေးထား သည့် ခဲတံတုံးနေသည်ကို တွေ့ရသောမခင်ရွှေက ယူချွန်ပေးလိုက်သည်။ နောက်ထပ် ခဲတံ အပိုတစ်ချောင်း ကိုပါ အဆင်သင့်ဖြစ်အောင် ချွန်ပြီး ပေးထားလိုက်သည်။

''ကဲ ညီမလေး ထမင်းစားကြရအောင် အချိန်လွန်သွားရင် မကောင်းဘူး။ ထမင်းစားပြီးမှ ဆက်ရေးနော်''
ဟုပြောသော အခါ မေစမ်းမြိုင်သည် မခင်ရွှေကို ကျေးဇူးတင်စွာ မော်ကြည့်ပြီး မငြင်းမဆန် ထလိုက် လာသည်။
ထမင်းစားပြီးသောအခါ မေစမ်းမြိုင်ကို ဘာမျှမလုပ်စေဘဲ စာဆက်ရေးခိုင်းလိုက်ပြီး မခင်ရွှေက လုပ်ကိုင် သိမ်းဆည်း စရာတွေကို သွက်လက်ဖျတ်လက်စွာ လုပ်ကိုင်နေလိုက်သည်။ မိးဖိုချောင် ကိစ္စပြီးသော အခါ ၀င်းတံခါး၊ အိမ်တံခါးတွေ ကို မခင်ရွှေက သေချာစွာ ဂရုစိုက်ပိတ်လိုက်ပြီး ဘုရားခန်းသို့ လာခဲ့သည်။

ဤအိမ်သို့ မခင်ရွှေ ရောက်လာသည့်အချိန်က ဦးဖေဆိုင်နှင့် ဒေါ်ငွေတို့သည် မည်မျှလောက် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး ကို ကြည်ညိုလိုပ်ပါသနည်း  ဆိုသော် ဘုရားခန်းလးတစ်ခုလုံး သည်ခြေချရန်ပင် မ၀ံ့ရဲအောင် အမှိုက်တွေ ဖုန်တွေ တင်းကျပ်နေသည်။ ဘုရားဆောင်ထက်ဝယ် ဘုရားဆင်းတုတော် နှင့် ဘုရားပုံတော် ပန်းချီးကားဝေး၍ ဘုရားပန်းပင် မရှိ။ တုံးလုံးလဲနေသော မြေညောင်ရေအိုး တစ်လုံးကိသာ တွေ့ရသည်။

မခင်ရွှေ ရောက်လာပြီးမှ မခင်ရွှေသည် ဘုရားခန်းကို အထူးဂရိုစိုက်ပြီး ရှင်းလင်းသုတ်သင်သည်။ သန့်ရှင်း စင်ကြယ် အောင် ပြုပြင်သည်။ ဘုရားပုံတော် ပန်းချီကားတစ်ချပ်ကို မှန်ဘောင်သွင်းပြီး တရိုတသေ ချိတ်ဆွဲ ထားသည်။ ဖန်ညောင်ရေအိုး သုံးလုံးကိုဝယ်ကာ ဘုရားပန်းမညှိုးစေရန် အထူးဂရိုစိုက်သည်။ ညစဉ် ဖယောင်းတိုင် ထွန်းညှိပူဇော်သည်။
ထို့ကြောင့် ဘုရားဆောင်လေးသည် သပ်သပ်ရပ်ရပ်နှင့် ကြည်ညိုစဖွယ် ဖြစ်လာခဲ့သည်။

ဦးဖေဆိုင်နှင့် ဒေါ်ငွေတို့သည် မခင်ရွှေ သတိထားမိသလောက်ဆိုလျှင် ဘုရားရှိခိုးကန်တော့သည် ကို တစ်ကြိမ်မျှ မတွေ့ခဲ့ရဘူးချေ။ ဗုဒ္ဓဘာသာဝင်တွေမှ ဟုတ်ပါမည်လားဟုပင် မခင်ရွှေ တွေးလိုက် မိသေး သည်။

ယခု ဦးဖေဆိုင်နှင့်ဒေါ်ငွေ တို့ မရှိခိုက်မှာ မေစမ်းမြိုင် စာရေးနေသည်ကို အနှောင့်အယှက်လည်း ကင်းစေ စောစော ဘုရားရှိခိုး ထားပြီးလျှင် မေစမ်းမြိုင် စာရေးသည့်အခါ အေးအေးဆေးဆေး စာဖတ်နိုင်၊ စကားပြောနိုင် သည်ဟူသော စီစဉ်ချက်ဖြင့် မခင်ရွှေ က ဘုရားဆောင် သို့ လာကာ ခါတိုင်းထက် အချိန် ကြာကြာ ယူပြီး ဘုရားရှိခိုး ပုတီးစိပ်နေလိုက်သည်။
မခင်ရွှေ ဘုရားဆောင်ထဲက ပြန်ထွက်လာသောအခါတွင်မူ မေစမ်းမြိုင်သည် သူရေးသားထားပြီး သည့် စာအုပ်လေး ကို အနားမှာ ချထားကာ ဘုရားဆောင်အ၀တွင် ဒူးတုပ်ထိုင်ကာ ဘုရားရှိခိုးနေ သည်ကို တွေ့ရသည်။

မေစမ်းမြိုင်က ဘုရားကိုကန်တော့ပြီးသောအခါ သူရေးထားပြီးသည့် စာအုပ်လေးကို မခင်ရွှေလက် သို့ရိုသေစွာ  လှမ်းပေးသည်။
မခင်ရွှေက စာအုပ်လေး လှမ်းယူသည်။ အချိန်ကြာရှည်စွာ စာထိုင်ရေးနေသည့်အတွက် မစမ်းမြိုင် ပင်ပန်း ညောင်းညာ နေမည်ကို တွေးမိသည်။ ထို့ကြောင့် မေစမ်းမြိုင် အနားယူအိပ်စက်သွားသည့် အခါမှစာတွေကို အေးဆေးစွာ ဖတ်တော့မည်။ နောက်တစ်နေ့သည် ကျောင်းပိတ်သည်။ ဦးဖေဆိုင် တို့လည်း ပြန်လာမည် မဟုတ် သေးသော ကြောင့် မေစမ်းမြိုင်နှင့် စကားပြောရန် အချိန်များစွာ ရသေးသည်ဟု တွေးမိလိုက်သည်။

ထို့ကြောင့် မေစမ်းမြိုင် အတွက် မနက်က ၀ယ်ထားသည့် နွားနို့ကျိုပြီးသားလေးကို သကြားဖြင့် ဖျော်ကာ-
''ရော့ ညီမလေး သောက်ပြီး စိတ်အေးအေးထားအိပ်လိုက်ဦးနော်၊ ဒီနေ့ ညီမလေး စာတွေရေးနေ ရလို့ ညောင်းနေ ပင်ပန်း နေတယ်။ နောက်တစ်နေ့မှ တို့ညီအစ်မနှစ်ယောက် စကားဆက်ကြသေး တာပေါ့''
ဟု သာယာညင်းပေါင်း စွာ ပြောသောအခါ မေစမ်းမြိုင်သည် မငြင်းမဆန် ဦးခေါင်းညတ်ပြရှာသည်။ မခင်ရွှေက မေစမ်းမြိုင်ကို နွားနို့တိုက်လိုက်ပြီး သူ့အိပ်ရာထဲ ရောက်အောင်လိုက်ပို့လိုက်သည်။ ကလေးငယ် တစ်ယောက် ကို မိခင် က သိပ်သလို ဂရိုစိုက်ကြင်နာစွာ စောင့်သိပ်ပြီးမှ သူနေသည့် အခန်းသို့ ပြန်လာခဲ့သည်။

ဤအိမ်မှာ လျှပ်စစ်မီး မရှိချေ။ ရေနံဆီမှန်အိမ်ကိုသာထွန်းသည်။ မေစမ်းမြိုင် အခန်းမှာ မည်သည့် အခါမျှ မီးရောင် မတွေ့ခဲ့ကြောင်း မခင်ရွှေက သိခဲ့သည့်အတွက် ဦးဖေဆိုင်နှင့်ဒေါ်ငွေတို့ မရှိသည့် ဤအချိန်မှာ မခင်ရွှေ က မေစမ်းမြိုင်အခန်းမှာ မှန်အိမ်လေးကို လင်းလင်းထွန်းပေးလိုက်သည်။ ကျယ်ဝန်းသော အိမ်အိုကြီး တွင် ဘုရားဆောင်မှာ မခင်ရွှေ ထွန်းညှိပူဇော်ထားသော ဘုရားမီးရောင် မခင်ရွှေအခန်းက မှန်အိမ်မီးရောင်နှင့် မေစမ်းမြိုင်အခန်းက မှန်အိမ်မီးရောင်သာရှိပြီး အခြားနေရာ တွေမှာ မှောင်နေသည်။ ကျယ်ဝန်းသော ခြံကြီးမှာလည်း ကြီးမားသော သစ်ပင်ရိပ်များကြောင့် မှောင်မည်းနေသည်။

သို့သော် အိမ်တံခါးတွေမှာ ခိုင်ခံ့ လုံခြုံသည့်အတွက် သတ္တိကောင်းရင်းစွဲရှိသော မခင်ရွှေသည် ကြောက်စိတ် မရှိချေ။
အိမ်ခန်းတံခါး ကို သေချာစွာပိတ်ပြိးသောအခါ မခင်ရွှေသည် အိပ်ရာခေါင်းရင်းဘက်၏ ခုံလေးပေါ်မှာ ရှိနေသည့် မှန်အိမ် ကို မီးစာမြှင့်လိုက်၏။ မှန်အိမ်အလင်းရောင်က ပိုလာသည်။ မခင်ရွှေက အိပ်ရာပေါ်မှာ သက်တောင့် သက်သာ လဲလျောင်းပြီးမှ မှန်အိမ်အလင်းရောင်ဖြင့် မေစမ်းမြိုင်ရေးသားသည့် စာတွေကို ဖြည်းဖြည်း ဆေးဆေး ဖတ်လိုက်သည်။
အခန်း (၅)

    ကျေးဇူးကြီးပါသော မမကို ကျွန်မ ဘာဖြစ်ခဲ့သည် ဆိုခြင်းကိုအမှန်အတိုင်းရေးပြပါ့မယ်။
    ကျွန်မ မိဘနှစ်ပါး နာမည်က ဦးတောက်ထွန်း၊ ဒေါ်ညွှန့်ရီဖြစ်ပါတယ်။ သားသမီးဆိုလို့ ကျွန်မ တစ်ယောက်တည်း ပဲ မွေးဖွားခဲ့ကြပါတယ်။ ကျွန်မနာမည်ကိုလည်း မေစမ်းမြိုင်လို့ မှည့်ခေါ် ထားကြောင်း မေမေက ပြောပြခဲ့ဖူးပါတယ်။

    မေစမ်းမြိုင်ရေးသည့်စာကို ဖတ်နေသော မခင်ရွှေသည် ဤနေရာသို့ ရောက်သောအခါ စာကို ဆက်မဖတ်နိုင်ဘဲ ခေတ္တမျှ ရပ်ထားလိုက်မိသည်။
    "ရေပြာအိုင်ရွာ က စမ်းမြိုင်ခြံကြီး"
    မခင်ရွှေ သည် နှုတ်မှ တီးတိုးရေရွတ်လိုက်မိသည်။

    ရေပြာအိုင်ရွာမှ စမ်းမြိုင်ခြံကြီးအကြောင်းကို တပည့်လေး တစ်ယောက်၏ အဘိုး က ခရေစေ့တွင်းကျ ပြောပြ ခဲ့ဖူးသည်။  စမ်းမြိုင်ခြံကြီးကို အမွေဆက်ခံခဲ့သော ကိုမြစိန်နှင့်ဇနီးဖြစ် သူတို့ မိုက်မဲမှု၊ အဆင်ခြင် ကင်းမဲ့မှု၊ တန်ဖိုးမသိမှုတို့ကြောင့် ခြံမြေကြီး တစ်ခုလုံး ခြောက်သွေ့ သော ကန္တာရဖြစ်နေသော ခြံမြေကြီး ကို စမ်းရေပြန်လည် စိမ့်ထွက်အောင် ကြိုးစားပြုပြင်ခဲ့သည်။
    ငွေအတွက် ကြောင့် ဇာတိမာန်ပျက်ကာ အဖိုးတန်ခြံမြေကြီးကို လူမျိုးခြားလက်ထဲ ထိုးအပ် လုဆဲဆဲ ဖြစ်နေသော အမွေခံ မောင်စိန်မောင် ကို တရားဟော သိမ်းသွင်းကူညီခဲ့၏။

    ထို့ကြောင့် မောင်စိန်မောင်က သူ့ကိုမေတ္တာရှိလာခဲ့သည်။ ထို့ကြောင့်ပင် ရေပြာအိုင်ရွာသူ ရွာသားတွေ စိတ်ဝမ်းကွဲစရာ တွေ ဖြစ်လာသည်။ ထို့ကြောင့်ပင် မခင်ရွှေသည် ရေပြာအိုင်ကို စွန့်ခွာထွက်လာခဲ့သည်။ ရေပြာအိုင် ရွာ စမ်းမြိုင်ခြံကြီး နှင့် မောင်စိန်မောင်ကို မေ့ပျောက်ထားခဲ့ရာမှ ရေပြာအိုင် နှင့် မခင်ရွှေ ရေစက် မကုန်လိုက်ပုံ မှာ မတွေးထင်မမျှော်လင့်သော အကြောင်းက ထူးထူး ဆန်းဆန်း ကြုံကြိုက် တိုက်ဆိုက် ကာ ရေပြာအိုင်ရွာ ကို သတိရစရာအကြောင်းပေါ်လာပြန်တော့ သည်။

    "ဖြစ်မှ ဖြစ်ရလေ"
    မခင်ရွှေက တီးတိုးပြောလိုက်၏။
    "အခုအချိန်လောက်ဆိုရင် ကြင်ကြင်နဲ့ကိုစိန်မောင် လက်ထပ်ပြီးကြရော့မယ်၊ ငါအပင် ပန်းခံပြုစု ပျိုးထောင် ပေးခဲ့တဲ့ စမ်းမြိုင်ခြံကြီး အခြေအနေ ဘယ်လိုများဖြစ်နေလဲ။ ရွာအခြေအနေ တိုးတတ် လာသလား၊ ဆုတ်ယုတ်သွားသလား၊ ရွာကလေးငယ်တွေ ပညာရေးအဆင်ပြေရဲ့လား မသိ။ နောက် ရောက် လာတဲ့ ကျောင်းဆရာ က ငါလိုစွဲစွဲမြဲမြဲမှ နေရဲ့လား၊ အဘွားရွှေအိမ် တို့ သားအမိ နေထိုင်မှ ကောင်းပါ ရဲ့လား။ ငါချစ်တဲ့ရေပြာအိုင်ရွာ၊ ငါသံယောဇဉ်ကြီးရတဲ့ ရေပြာအိုင်ရွာ၊ ငါစိတ်ဝင်စားလာခဲ့ရတဲ့ ရေပြာအိုင်ရွာ"

    မခင်ရွှေသည် စာကိုဆက်မဖတ်နိုင်သေးဘဲ စိတ်ကနေရေပြာအိုင်ရွာသို့ ရောက်သွား သည်။ ရေပြာအိုင်ရွာ မှ သူနေထိုင်ခဲ့ရပုံတွေ၊ ပေါင်းသင်းဆက်ဆံရေးတွေ၊ တပည့်လေးတွေကို ပြန်လည် သတိရကာ များစွာလွမ်းဆွတ်မိတော့သည်။
    "သြော်-ငါဘယ်လောက်ပဲ သံယောဇဉ်ဖြစ်နေပေမယ့် သူတို့ရွာသူ ကြင်ကြင်ကြောင့် ငါ့ကို အထင်အမြင် လွဲမှားနေကြပြီပဲ။ အဝေးကနေပြီး ငါသံယောဇဉ်ဖြစ်နေ လွမ်းနေလို့လည်း အကြောင်း မထူးပါဘူးလေ" ဟု မခင်ရွှေ သည် စိတ်ကို ဖြေဖျောက် ကာ အတွေးအမျှင်ကို ဖြတ်ပြီး သင်ပြင်းချ လိုက်သည်။

    ထို့ နောက် မေစမ်းမြိုင်ရးထားသည့် စာကို ဆက်ဖတ်လိုက်သည်။
    "ကျွန်မက စာရေးတတ်ပေမယ့်  ဖတ်တဲ့လူ နားလည်ပါ့မလားလို့ စိုးရိမ်လိုက်မိပါတယ် မမရယ်။ ကျွန်မ ရေးတတ်သလိုပဲ ရေးပြပါရစေနော်၊ မမကို ဘာမှမကွယ်ဝှက်ဘဲ အားလုံးရေးပြပါ့ မယ်။
    ကျွန်မအမေဒ်ါညွှန့်ရီကစိမ်းမြိုင်ခြံကြီး ပိုင်ရှင် ဦးမြစိန်ရဲ့ အမေဘက်ကအမျိုး၊ ကျွန်မ အဖေ ဦးတောက်ထွန်း က ဦးမြစိန် ရဲ့ အဖေဘက်ကအမျိုး၊ တစ်ဖက်စီတော်ကြတာလို့ပြောခဲ့ကြ ပါတယ်။
    ကျွန်မကျောင်းနေခဲ့ရပါတယ်။ ကျွန်မအသက်ဆယ့်လေးနှစ်ထဲအ၀င် ကျောင်းရှစ်တန်း အရောက်မှာ ကျွန်မ အပြင်းအထန် ဖျားခဲ့ပါတယ်။ အပြင်းအထန်ဖျားတဲ့အရှိန်ကြောင့် ကျွန်မ စကား ပြောရတာ ကျန်းမာစဉ် ကလို မပြောနိုင်တော့ဘဲ ထစ်သွား ဆွံ့သွားခဲ့ပါတယ် မမ။

    ဒါကြောင့်လည်း အဖေနဲ့အမေကကျွန်မကိုကျောင်းက နုတ်လိုက်ပါတယ်။ အသံပြန်ကောင်း အောင် ဆရာ မျိုးစုံ၊ ဆေးမျိုးစုံနဲ့ ကုခဲ့ကြပါတယ်။
    အဖေနဲ့အမေဟာ ပစ္စည်းတော်တော်များများ ချမ်းသာတယ်လို့ ကျွန်မသိခဲ့ရပါတယ်။ ဘယ်လို ချမ်းသာ လာသလဲ ဆိုတာကို အမေက ကျွန်မကိုပြောဖူးပါတယ်။ ဒါတွေကို ကျွန်မ ရေးပြ ရတာဟာ အဖေနဲ့အမေကို သိက္ခာချသလို များဖြစ်နေလားမသိဘူး။ ဒါကို မပြောရင်လည်း ကျွန်မ တို့ ဘ၀ဖြစ်စဉ်ကို မမ ရေလည်အောင် သိမှာမဟုတ်ဘူးလေ။ မမရဲ့စိတ်သဘောနဲ့ စေတနာကို ကျွန်မစောင့်ကြည့်ခဲ့ပါတယ်။ မမစေတနာ ဟာ ဟန်ဆောင်တာမဟုတ်ဘဲ၊ တကယ်ဖြူစင်ကြောင်း သိလာရလို့၊ အခုလို ကျွန်မဘ၀ အမှန်ကိုရော၊ မိဘတွေအကြောင်းကိုရော၊ ဦးဖေဆိုင်နဲ့ဒေါ်ငွေ အကြောင်း တွေကိုရော အမှန်အတိုင်း ဖွင့်ပြချင် တဲ့ စိတ်ပေါ်လာပါတယ်။ အခါအခွင့်ကို စောင့်နေခဲ့ တာအခုရပါပြီ။

    စမ်းမြိုင်ခြံကြီးပိုင်ရှင်ဖြစ်တဲ့ ဦးမြစိန်ရဲ့မိဘတွေဆုံးကုန်ကြတော့ ဦးမြစိန်တို့ ဇနီးမောင်နှံ နှစ်ယောက်က ခြံအလုပ် ကို ပင်ပန်းလို့မလုပ်ချင်ဘူးဆိုပြီး ခြံထဲ က သစ်ပင်ကြီးတွေကို ထင်းအဖြစ် ရောင်းခဲ့ကြတယ် တဲ့ မမရယ်။
    မခင်ရွှေ သည် စာဖတ်နေရင်းမေစမ်းမြိုင်သည် အမှန်တွေကို ဖွင့်ဟနေကြောင်း သေချာစွာ သိလာသည်။ စာကို ဖတ်စက ရေပြာအိုင်ရွာနှင့်ကိုစိန်မောင်အကြောင်းကို အပေါ်ယံသာ မေစမ်းမြိုင် က ရေးပြခြင်း ဖြစ်သည်။ အဟုတ်အမှန်ဖြစ်လေသလား။ ကြားဖူးနားဝဖြင့် စိတ်ကူးတည့်ရာ ရေနေခြင်းလာဟု မယုံမရဲ စိတ်လေး က တရေးရေးပေါ်လာခဲ့မိသေးသည်။ ယခုမခင်ရွှေရေပြာအိုင် ရွာမှာနေခဲ့စဉ်က စမ်းမြိုင်ခြံကြီး အကြောင်း ကို ခရေစေ့တွင်းကျ သိလာခဲ့သည့်အတိုင်း မေစမ်းမြိုင် ရေးသည်ဖြစ်သောကြောင့် မခင်ရွှေ သည် မေစမ်းမြိုင်ဘ၀ကို စိတ်ဝင်စားသည်ထက် ၀င်စားလာ သည်။
    မခင်ရွှေက စာဆိုဆက်ဖတ်လိုက်၏။

    အဲဒီလို ထင်းအဖြစ် ရောင်းနေတဲ့အချိန် က ကျွန်မ မိဘတွေဖြစ်ကြတဲ့ဦးတောက်ထွန်းနဲ့ ဒေါ်ညွှန့်ရီ တို့က ရေပြာအိုင်ရွာမှာ မနေကြဘူး။ ရေပြာအိုင်ရွာနဲ့နှစ်မိုင်ကျော်ဝေးတဲ့ ရွာတစ်ရွာမှာ နေကြတယ်။ အဲဒီအချိန်က ဆိုရင် ကျွန်မလူမဖြစ်သေးဘူလို့ အမေကပြောပါတယ်။

    ဦးမြစိန်တို့ခြံကြီးထဲက သစ်ပင်ကြီးတွေကို ထင်းအဖြစ်ချရောင်းနေပြီဆိုတဲ့သတင်းကိုကြား တော့ ဒီခြံကြီးထဲ မှာ ရှိနေတဲ့နှစ်ချို့ပိတောက်ပင်ကြီး ကို ကျွန်မ မိဘတွေ မျက်စေ့ကျနေခဲ့ကြတာ ကြာပြီတဲ့။ ပိတောက်ပင်ကြီး က ဘယ်နှစ် ဘယ်ကာလ အချိန် က ပေါက်ရောက်ရှင်သန် နေတယ် မသိ ဘူး။ လုံးပတ်က ပုဆိုးနှစ်ပတ် လောက်တောင် ရှိနေပြီတဲ့။

    နံသာနီအစစ် ပိတောက်နှစ် လို့ ဆိုထားတဲ့ စာရှိတော့ ကျွန်မမိဘတွေက ဒီပိတောက်ပင် ကြီးကိုလှဲပြီး အတွင်းကနံ့သာနီဖြစ်နေတဲ့ပိတောက်ပင်ကြီးကို လှဲပြီးအတွင်းက နံ့သာနီဖြစ်နေတဲ့ ပိတောက်နှစ်ကို ထုတ်ယူ ရောင်းစား မယ်ပေါ့။ အပြင်သားတွေက တောအလိုက်ဘာဝ နေထိုင် ဖြစ်တဲ့ သင့်သင့်တင့်တင့် အိမ်လေးတစ်လုံး ဆောက်ဖို့ ကောင်းကောင်းကြီး လုံလောက် နိုင် တယ်လို့ပြောတယ်။
    ကျွန်မ မိဘတွေနေတဲ့ ရွာမှာလည်း လွှစင်က ရှိနေတော့ သိပ်အဆင်ပြေတယ်လို့ ပြောတယ်။ ဒါနဲ့ ဦးမြစိန် ဆီမှာ ပိတောက်ပင်ကြီးကို ပေးပါလို့ တောင်းလိုက်တယ်။ သူများတွေကို ထင်းအဖြစ် ရောင်းစားပေးမယ့် ကျွန်မမိဘတွေက နွမ်းပါးသူတွေလည်းဖြစ်တယ်။ ဆွေမျိုးလည်း  တော်နေတော့ အလကား တောင်းလိုက်တာ ပေါ့လေ။

    ဦးမြစိန်တို့ကလည်း ဒီခြံကြီးကိုမြန်မြန်ရှင်းချင်၊ လက်လွှတ်ချင်နေတော့ လွယ်လွယ်ပဲ ပေးတယ်လို့ ပြောတယ်။
    ဒါနဲ့ကျွန်မမိဘတွေကလူငှားလည်းမငှားနိုင်တော့ အဖေကသစ်ပင်ကြီးကို တဖြည်းဖြည်း ခုတ်ယူ၊ အမေက အောက်က စောင့်ကြည့်၊ အကိုင်းအခက်တွေ ကုန်လို့ကြီးမားတဲ့ ပင်စည်လုံးကြီး ပဲကျန်တော့ အဖေနဲ့အမေ နှစ်ယောက်တည်း မနေတော့ဘူးလေ။ ကူညီဖို့လူရှာရပြီ မမ။ ဒီမှာတင် ဦးဖေဆိုင်နဲ့ ဒေါ်ငွေ ကို အဖော်စပ်လိုက်မိကြတာပေါ့။

    ဦးဖေဆိုင်နဲ့ဒေါ်ငွေဆိုတာ ရေပြာအိုင်ရွာ ဇာတိလည်းမဟုတ်။ အမနဲ့အဖေတို့နေကြတဲ့ ရွာဇာတိလည်း မဟုတ်။ တစ်ရပ်တစ်ရွာက လေလွင့်ရောက်လာကြတဲ့ ရေမျောကမ်းတင် လူစားမျိုး ဆိုပါတော့ မမရယ်။ လင်မယား နှစ်ယောက်ကြုံရာကျပန်းအလုပ်ကို တွေ့မရှောင်လုပ်စားနေကြတဲ့ လူတွေတဲ့။ အဖေနဲ့ အမေ တို့ကလည်း ဆင်းရဲတော့၊ ဆင်းရဲသူအချင်းချင်းရင်းနှီးမိပြီး ခင်ခင်မင်မင် ဖြစ်ကြတယ်လို့ ပြောပါတယ်။

    ပိတောက်ပင်ကြီး ပင်စည်က ထီးထီးမတ်မတ်ကြီးကျန်နေတာကို လင်မယားနှစ်ယောက် တည်းလည်း မနိုင်၊ တန်ရာတန်ကြေး အခကြေးငွေနဲ့လည်းမငှားနိုင်တော့ ဦးဖေဆိုင်နဲ့ ဒေါ်ငွေကို ပိတောက်ပင်ကြီး လှဲချလိုက် တဲ့ ပင်စည်က အကာသားတွေကို တစ်ဝက်ပေးမယ်။ ကူညီလုပ်ပေးပါ ဆိုတော့ ဦးဖေဆိုင်နဲ့ ဒေါ်ငွေ တို့က သဘောတူတယ်တဲ့မမ။
    ပိတောက်ပင်ကြီးကို လှဲမယ်လို့အစီအစဉ်လုပ်ပြီးမှ ကျွန်မတို့အဖေ အပြင်းအထန် ဖျားလိုက်တာ လူမှန်းသူမှန်းတောင်မသိအောင်ဖြစ်တယ်လို့ပြောတယ်။ သေကံမရောက် သက်မ ပျောက်ဆိုတာလို ဆင်းရဲလို့ ထိုက်ထိုက်တန်တန် ဆေးဝါးနဲ့ မကုသနိုင်ပေမယ့် သေနေ့မစေ့သေး တော့ မသေဘဲ ပြန်ပြီးကျန်းမာလာတယ်။

    အဖေ က ကောင်းကောင်းကျန်းမာလာသည့်တိုင်အောင် ပိတောက်ပင်ကြီးကို လှဲဖို့ ဘာမှ စကားမစပ်ဘဲ တစ်ချက် တစ်ချက် ငေးငိုက်နေတတ်တာကို အမေက သတိပြုမိတယ်တဲ့။ ဒါပေ မယ့် အပြင်းအထန် ဖျားလိုက် ရတော့ စိတ်တွေက ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်သွားတာ ထင်တယ်လို့ ပေါ့ ပေါ့ပဲတွေးလိုက်မိတယ်တဲ့။
    ဒီလိုနဲ့နေ့ရွှေ့ညရွှေ့လာခဲ့တာ မိုးကျခါနီးလာပြီ။ ဦးဖေဆိုင်နဲ့ ဒေါ်ငွေတို့ကလည်း မိုးတွင်းစာ ထင်း အဖြစ် ပိတောက်ပင်ကြီးလှဲရင် ရတော့မယ်ဆိုပြီး တခြားမှာ ထင်းမရှာဘဲ နေခဲ့ ကြတော့ သစ်ပင်လှဲဖြစ်အောင် နားပူ လာကြပြီပေါ့ မမ။ အဲဒီတော့ အမေကပြောတယ်တဲ့ သစ်ပင် ကြီးမြန်မြန် လှဲကြဖို့ပေါ့လေ။

    အဖေဟာ သစ်ပင်လှဲဖို့ ပြောလိုက်တိုင်း ငေးငိုင်နေခဲ့ရာက အမေက ဦးဖေဆိုင်တို့ စိတ်ကွက်သွားရင် မကောင်းကြောင်း၊ ခင်ခင်မင်မင် ဆက်ဆံလာတဲ့လူချင်း မိတ်ပျက်သွားမှာ စိုးကြောင်း ပြောတော့မှ အဖေ ဟာ သက်ပြင်းချပြီး အမေ့ ကို တိုးတိုတိတ်တိတ် ပြောပြတယ်တဲ့။

    ဘာပြောလဲဆိုတော့ အဖေ ဖျားနေခိုက် အိပ်မက်မက်ခဲ့တဲ့အကြောင်း၊ အမှန်ကတော့ အဖေဖျားလိုက်တာ လူမှန်းသူမှန်းမသိအောင်တောင်ဖြစ်တယ်ဆိုတော့ အဖေသတိလစ်ခိုက်မှာ မြောသွားခိုက် ဆိုပါတော့ မမရယ်။ သူ့အာရုံထဲမှာ ထင်မြင်ကြားသိခဲ့ရတာနဲ့ တူပါတယ်။ အဖေ ဘယ်လိုပြောတယ်ဆိုတာ အမေက ကျွန်မ ကို ပြောခဲ့တဲ့အတိုင်း ကျွန်မပြန်ရေးပြရရင်...
    မညွန့်ရယ် မင်းကဒီသစ်ပင်ကြီးကို လှဲဖို့ ပြောနေတာမင်းကိုငါအပြစ်မတင်ပါဘူး။ ငါတို့ နှစ်ယောက် သဘောတူ တိုင်ပင်လုပ်ခဲ့ကြတဲ့ကိစ္စပဲ။ ဒါပေမယ့် ငါဖျားနေခိုက် မက်လိုက်တဲ့ အိပ်မက်ကြောင့် ဒီသစ်ပင်ကြီး ကို လှဲရကောင်းနိုး မကောင်းနိုး ဖြစ်နေတယ်။ ဒါကြောင့် ငါဆိုင်းနေ တာ မညွန့်ရဲ့။

အဖေက အဲဒီလို ပြောလိုက်တော့ အမေက ဘာကြောင့်လဲလို့ ပြန်မေးတယ်။
အဖေက ဘယ်လို ပြန်ပြောလိုက်လဲဆိုတော့ ...
ဒီသစ်ပင်ကြီး နဲ့ ပတ်သက်ပြီး ငါမက်လိုက်တဲ့ အိပ်မက်က တော်တော်ထူးဆန်းတယ်။ ကောင်းကျိုး ပေးမှာလား၊ ဆိုးကျိုးပေးမှာလား မသိနိုင်ဘူး မညွန့်ရဲ့။ ငါ့အိပ်မက်ကတော့ ဆိုပြီး အဖေက သူ့အိပ်မက်ကို ပြောပြ တယ်တဲ့။

အိပ်မက်ထဲမှာ အဖေက ပိတောက်ပင်ကြီးကိုလှဲဖို့ ပင်ခြေရင်းကို ရောက်နေတယ်။ ပိတောက်ပင်ကြီး ကိုကြည့်ရတာ အကိုင်းအခက်တွေ ခုတ်ထားလို့ ပင်စည်လုံးကြီးပဲ ထီးထီးမတ်မတ်ကြီးရှိနေတဲ့နေ ရာမှာ ပိတောက်ပင်ကြီး ကို ငါခုတ်ထားပါရက်နဲ့ ဘယ်လိုကြောင့် ပိတောက်ပင်ပျောက်ပြီး စေတီအို ကြီးကိုသာ ရပ်ကြည့် နေမိတယ်တဲ့။ ကြည့်နေရင်းပဲ စေတီအိုကြီးဟာ တဖြည်းဖြည်း ပြိုကျပျက်စီး သွားလိုက်တာ နောက်ဆုံး တော့ မြေကြီးနဲ့တစ်သားတည်း ဖြစ်အောင်ကို ပျက်စီးသွားတယ်တဲ့။ အဲဒီ နေရာဟာ စေတီတစ်ဆူ ရှိနေခဲ့တဲ့ နေရာပါလို့ ပြောရင်တောင် ယုံနိုင်စရာမရှိအောင်နေရာရှာမတွေ့ အောင် ပျောက်ပျက် သွားတယ်တဲ့။

အဖေလည်း တအံ့တသြနဲ့ ငေးကြည့်နေရာက စေတီတော်ကြီး ပြိုကျပျက်စီးသွားတဲ့နေရာမှာ သစ် ပင်လေး တစ်ပင် ပေါက်လာပြီး တဖြည်းဖြည်း ကြီးလာလိုက်တာ အဖေကြည့်နေရင်းပဲ ဒီသစ်ပင်ဟာ ပိတောက်ပင်ကြီး တစ်ပင် ဖြစ်လာတယ်။
ဒါပေမယ့် အဖေ့မျက်လုံးထဲမှာတော့ ပိတောက်ပင်ကြီးလို့ မမြင်ဘဲ သူ့မျက်စိရှေ့မှာပဲ ပြိုကျပျက်စီး သွားတဲ့ စေတီတော်ကြီး ကိုပဲ မြင်နေမိတယ်တဲ့။ နောက်ပြီး အဖေ့ကို ဘယ်သူက ပြောမှန်းမသိ အကောင်အထည် မမြင်ရဘဲ ...
" ဒီနေရာတည့်တည့်မှာ မြတ်စွာဘုရားကို လှူဒါန်းပူဇော်ထားတဲ့ ဌာပနာတိုက် ရှိနေတယ်။ ဒီသစ်ပင် ကြီး ခုတ်လှဲပစ် ဖို့ မသင့်လျော်ဘူး "

ဆိုတဲ့ အသံကို ပြတ်ပြတ်သားသား ကြားတယ်တဲ့။ အဖေလည်း အိပ်ပျော်ရာက နိုးလာတော့ အမှန် ကတော့ မမ ရယ် သတိလစ် မြောသွားရာက ပြန်သတိရလာတာနဲ့ တူပါတယ်။ သူ့အိပ်မက် ဆိုပါ တော့လေ။ ဒီ ပိတောက်ပင်ကြီး နဲ့ ပတ်သက်ပြီး သူမတ်တဲ့ အိပ်မက်ကို ဖျောက်လို့မရနိုင်အောင် ဖြစ်ပြီး ပိတောက်ပင်ကြီး ကို ခုတ်လှဲဖို့ စိတ်ထဲ မှာ ၀န်လေးနေမိတယ်လို့ အမေ့ကို ပြောပြတယ်တဲ့ မမရယ်။
အမေ ကတော့ အဖေပြောပြတာကို လေးလေးနက်နက် သဘောမထားခဲ့ဘူးတဲ့။ ရှင့်ဘာသာရှင် အဖျား အရှိန်ကြီး လို့ ထင်မိထင်ရာတွေ အိပ်မက်တာပါ။ စိတ်ထဲမှာ စွဲလမ်းခြင်းမဖြစ်နေပါနဲ့။ အခုလက်ငင်း အခြေအနေ မှာ ကျုပ်တို့အိမ်လေး ပြင်ဆောက်ဖို့ အရေးကြီးနေပြီ။မိုးတွင်းစာ ထင်းလည်းမရှိတော့ ဘူး ဆိုတာ ရှင်အသိသားပဲ။ နောက်ပြီးရှင့်အိပ်မက်က ဟုတ်မှန်းမသိ မဟုတ်မှန်းမသိ၊ ကိုဖေဆိုင်တို့ကို စကားလွန် ထားပြီးမှ မလုပ်ရင် သူတို့ကို ထင်းမပေးချင်လို့ ထင်ပြီးငြိုးလိုက်ရင် မကောင်းဘူးနော်။ ဒီ လင်မယား မိုက်ရူးရဲတွေ။ ခြေမြန် လက်မြန်နဲ့။ ဘယ်သူ့ကိုမှ ထောက်ထားတာ မဟုတ်ဘူး။ ရှင်စဉ်းစားပါလို့ အမေ က ပြောခဲ့တယ်တဲ့။

ဟုတ်တယ်မမရဲ့၊ ဦးဖေဆိုင်နှင့် ဒေါ်ငေတို့ လင်မယားက လူမိုက်လင်မယား။ သတ္တိရှိတာရော ခြေမြန် လက်မြန် နဲ့ လူတစ်ဖက်သားကို ရိုက်တတ်နှက်တတ်တာရော။ နောက်ပြီး တစ်ကောင်ကြွက် တွေဆိုတော့ ဘယ်ဆွေမျိုး ဘယ်မျက်နှာမှထောက်စရာမရှိတော့ သူတို့ကိယ်ကို သူတို့သေလူလို သဘောထားပြီး မိုက်စွမ်း ပြတဲ့ လင်မယားတဲ့။ တစ်ခုတော့ ရှိတာပေါ့ မမရယ်၊ သူတို့ကတော့ ဘယ်သူ့ကိုမှ စတင်ပြီး ရန်စခြင်း ကျူးလွန်စော်ကားခြင်းတော့ မလုပ်တတတ်ဘူးတဲ့။ ခိုင်းတဲ့လူ ကျေနပ်အောင် ပေးတားတဲ့ အခ ကြေးငွေ နဲ့ တန်အောင် လုပ်ကိုင်ပေးတတ်တယ်။ သူတို့ကို အရေးမစိုက်ဘူးဆိုတဲ့ သဘောမျိုး၊ တစ်ပတ်ရိုက် တဲ့ သဘောမျိုး လုပ်လာရင်တော့ ဘယ်သူ့ကိုမျ မခံဘူးတဲ့။ သိပ်လက်ရဲတယ်လို့ ပြောတယ်။

အဖေကလည်း ဦးဖေဆိုင်တို့ လင်မယားအကြောင်းကို သိတယ်။ နှစ်ရှည်လများ ပေါင်းသင်း ဆက်ဆံ လာသူ တွေဆိုတော့ မိတ်ပျက်ဆွေပျက်၊ မျက်နှာပျက်အောင် မလုပ်ချင်ပါဘူး။ ဒါပေမယ့် အိပ်မက်ကြီးကြောင့် သစ်ပင်ခုတ် ဖို့ အရေးကို တွေးဆနေတာ ဖြစ်တယ်။
နောက်တော့ လည်း အမေပြောတာတွေက စဉ်းစားစရာလည်းဖြစ် ဦးဖေဆိုင်တို့ လင်မယားကိုလည်း ငဲ့ရ၊ ဆင်းရဲတော့လည်း အိပ်မက် တာတွေ ဘာတွကို ဇွတ်မှိတ်ဖျောက်ဖျက်ပြီး ပိတောက်ပင်ကြီးကို ခုတ်ကြ တယ် မမ ရယ်။

ဆက်ရန်
.

2 comments:

ဧပရယ်လ်ပူး@ပူးတေ said...

စိတ်ဝင်စားဖို့ကောင်းလာပြီ မမ....စောင့်ပြီး ဖတ်နေတယ်နော် သိလားမမ...

စာတွေအများကြီးရိုက်တင်ပေးတာ ကျေးဇူးတင်ပါတယ်နော်...

မြစိမ်းပြာကမာရွတ်လဲ ပြီးသွားပြီ... ဘွန်တော ကြက်သူခိုးနဲ့ အခု အိုင်စမ်းရေပြာနဲ့ ဆက်ဖတ်နေတယ်...

ချစ်သောညီမလေး
ပူးတေ

ငွေစန္ဒာ said...

မရွှေစင်ရေ စောင့်ဖတ်နေပါတယ်နော်။