Sunday, November 21, 2010

တစ်ကမ္ဘာလုံးတော့ မလင်းပါ သို့သော်.... အပိုင်း (၂)

ဂျေမီ က မိန်းမစကား ကို နားထောင်သည်။ ပါဆာဒီနာရှိဘာရှာ လျှပ်စစ်ကော်ပိုရေးရှင်း တွင် အလုပ် ၀င်လုပ်သည်။ ပစ္စည်းထိန်းဌာန တွင် ၀င်ပြီး မကြာခင် ၁၉၇၂ခုနှစ်တွင် ကြီးကြပ်ရေးမှူးရာ ထူးတိုးပေးသည်။ သို့သော် မက်ဆီကို စက်ရုံသို့ ပြောင်းရမည်ဖြစ်၍ ကြီးကြပ်ရေးမှူးရာထူးကို လက်လွှတ်လိုက် သည်။ ကလေးတွေ ပညာရေး ကမောက်ကမ အဖြစ်မခံနိုင်။ (ဒုတိယသား ဖာနန်ဒိုက ၁၉၆၉ခုနှစ်တွင် မွေးသည်။)

ဖာဗီယိုလာ သဘောကျသည့် လျှပ်စစ်လုပ်ငန်း တွင် ဆက်လုပ်ဖို့ တဖြည်းဖြည်း စိတ်ပျက် လာသည်။
ဤသို့ဖြင့် ၁၉၇၃ခုနှစ်သို့ ရောက်ခဲ့၏။ အေးမြမြ ဇန်န၀ါရီ ညတစ်ညတွင် ကုတ်အကျီင်္ကြယ်သီတွေ အစုံ တပ်ပြီး ညကျောင်း မှ အိမ်သို့ ကားမောင်ပြန်ဖို့ ပြင်ဆင်သည်။
ပါမောက္ခ လုပ်သူ ဆရာတစ်ဦးက သူ့ကိုစိုက်ကြည့်နေ၏။ ဘာများပါလိမ့်၊ ဂျေမီ ဇဝေဇ၀ါ ဖြစ်သွားသည်။

"ဆရာ တစ်ခုမေးမယ် ဂျေမီ"
"ဟုတ်ကဲပါ ဆရာ၊ ကျွန်တော်ဖြေဖို့ အသင့်ပါပဲ"
"မင်းဘွဲ့ရပြီးရင် ဘ်ာလုပ်မယ် စိတ်ကူးသလဲ"
"ကျွန်တော် ကျောင်းဆရာလုပ်မှာပါဆရာ"
ဆရာ အရမ်း အံ့သြသွားသည်။

"ကျွန်တော် ဘိုလစ်ဗီးယား မှာတုန်းက ရူပဗေဒ နဲ့ သင်္ချာ သင်ခဲ့ဖူးပါတယ် ဆရာ။ ခုလုပ်နေတဲ့ အလုပ်ထက် စာရင်တော့ ကျွန်တော့အတွက် ကျောင်းဆရာ အလုပ်က ပိုပြီးခွင်ကျတယ် ဆရာ"
"ဒါပေမဲ့ ခုအလုပ် က မင်းအတွက် တက်လမ်းတွေ အများကြီးပဲ"
"ကျွန်တော် စာပဲသင်ချင်တယ်ဆရာ၊ ၀ါသနာလည်းပါတယ်"
ဂျေမီက ခေါင်းမာစွာ ပြန်ပြောသည်။ သူ့စိတ်ဓာတ် ကို ရိပ်မိသွားသည့် ဆရာက အမျိုးသားသိပ္ပံ  နှင့် အခြေခံ အဖွဲ့ အကြောင်း ပြောပြသည်။ သည်အဖွဲ့တွင် အလုပ် ရလျှင် တစ်နှစ်တက်ရုံဖြင့် ဆရာဖြစ် သင်ဘွဲ့ ရမည်တဲ့။

ဖာဗီယိုလာနှင့် ရင်ဆိုင်ဖို့ ဖြစ်လာတော့၏။
"ကိုယ် စမ်းကြည့်ချင်တယ်။ ကိုယ့်အတွက် အခွင့်အရေးကောင်းပဲ။ အလုပ်ရဖို့ စာမေးပွဲ ဖြေရမယ် ဆိုလည်း ကိုယ် မကြောက် ပါဘူး"
ဖာဗီယိုလာ က လင်တော်မောင်ကို စိတ်ပျက်လက်ပျက် ကြည့်ပြီး........
"ဒီက အထက်တန်းကျောင်းတွေ အကြောင်းရှင်ကြားပြီးသားပဲ ဂျေမီ၊ ကလေးတွေက ဘိုလစ်ဗီး ယား ကလေး တွေ မဟုတ်ဘူးနော်၊ ဆရာမှန်း သမားမှန်းလည်း သိတာတွေ မဟုတ်ဘူး၊ ဘယ်လိုပြဿနာတွေ ဖြစ်လာ နိုင်တယ် ဆိုတာ ရှင်သိသားနဲ့"
ဂျေမီ က ဇနီး လုပ်သူ ကို နားချသည်။

"မိန်းမရယ်....... ကိုယ်က စာသင်နေရရင်ပျော်တယ် လေကွယ်။ ခုအလုပ်က တစ်နေ့လာလည်း ဒီ စာရွက် တွေ၊ နောက်တစ်နေ့လည်း ဒီပုံစံတွေ ကိုယ်အရမ်း ငြီးငွေ့လာပြီ"
ဖာဗီယိုလာ ဘာမှဆက်မပြောတော့၊ အမျိုးသားသိပ္ပံ အခြေခံအဖွဲ့ တွင် သူ ၀င်ခွင့် ရတော့လည်း အသာကြည့် နေလိုက်သည်။

ဤသို့ဖြင့် တစ်နှစ်သင်တန်း ပြီးသွားသည်။ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၁၆,၀၀၀ မှာ ၁၃,၀၀၀ သို့ လျှော့ကျ သွားမည့် ကိစ္စ ကိုလည်း ဖာဗီိယိုလာ မဆွေးနွေးတော့ လင်တော်မောင် စာသင်ခန်းထဲတွင် ဘယ်လောက်ပျော်သည် ကို မျက်စိထဲ မြင်လာသည်။ ဘောသင်ပုန်း တစ်ဝိုက်တွင် လူလားခေါက်ပြန် နှင့်။ ဧရာမ သင်ပုန်းကြီး တစ်ချပ်လုံး ပုံတွေ ဇယားတွေနှင့် ပြည့်နေတတ်၏။ သူ က အလွန်ရှုပ် ထွေးသည့် အဆင့်မြင့် သင်္ချာ ပုစ္ဆာများ ကို ရိုးရိုးရှင်းရှင်းကလေးဖြစ်အောင် တွက်ချက်ရာတွင် အဟုတ်တော်သူ ဖြစ်သည်။ အားလုံး လက်ဖျားခါ ရလောက်အောင် ပါရမီရှိသူဖြစ်သည်။

လမ်းသရဲပျိုးဥယျာဉ်

ဂါးဖီးလ် အထက်တန်းကျောင်း မှာ လော့စ်အိန်ဂျဲလိစ် အရှေ့ပိုင်းတွင် ရှိသည်။ အတ္တလန်တိတ် လမ်းမကြီး နှင့် တစ်ပြသာဝေး၏။ ကားဟောင်း ၀ပ်ရှော့တွေ၊ ဘော်ဒီအလုပ်ရုံတွေ၊ စားသောက်ဆိုင် တွေ၊ အရက်ဆိုင် တွေ အလွန်ပေါ သည့် ရပ်ကွက်ဖြစ်သည်။

၁၉၇၄ ခုနှစ်တွင် သည်ကျောင်းသို့ ဂျေမီအက်စကာလန်တီ ရောက်လာခဲ့ခြင်းဖြစ်သည်။ ကျောင်း၏ အခြေအနေက ပျက်စီးလုဆဲဆဲ ဖြစ်နေချိန်။ ကျောင်းသား အများစုမှာ မက်ဆီကိုနှင့် တောင်အမေရိ ကအနွယ်များဖြစ်ပြီး မိဘတွေက လက်လုပ်လက်စားများ ဖြစ်သည်။

တစ်နှစ် တစ်နှစ် ကျောင်းဆက် မတတ်နိုင်သဖြင့် ထွက်သွားသည့် ရာခိုင်နှုန်းက ၅၅လောက်ရှိ သည်။ လမ်းသရဲ ပုံစံဖြင့် အုပ်စုဖွဲ့ပြီး စာသင်းခန်းတကာ လျှောက်သွားရင်း ဆရာ ဆရာမများအား စာသင်၍ မရအောင် အနှောင့်မယှက် ပေးသည့် လူစုက အင်အားကောင်းလှသည်။
အလုပ် ၀င်ပြီး နှစ်ပတ်အကြာတွင် ဂျေမီအတန်းပိုင်ဆရာ ဖြစ်သွား၏။ စာသင်ခန်းက ဖြစ်ချင်တိုင်း ဖြစ်နေ သည့် အခန်းမျိုး၊ စာမေးပွဲကြီးပြီးလျှင် ထွက်တော့မည်ဟု စိတ်ကူးသော်လည်း ဂျေမီသည် အလုပ်တစ်ခုကို မဆုတ်မနစ် လုပ်တတ်သူဖြစ်သည်။ ဘယ်တော့မှ ရေသာခိုတတ်သူ မဟုတ်။

တိုရေရှားရေနိုင်လှသော ခိုင်းလို့ရမည့် ကျောင်းသားတချို့၏ အကူအညီဖြင့် အခန်းကို ဆေးပြန် သုတ်သည်။ ကျောင်းနံရံတွင် သူတို့ လက်စွမ်းပြထားသည့် ပိုစတာပေါင်းစုံ ကြွေးကြော်သံ ပေါင်းစုံ ကိုဤနည်းဖြင့် ရှင်းပစ်ရ၏။

ဆရာကြီး က အခန်းကို လာကြည့်ပြီး ချီးကျူးစကားဆိုသည်။ သူကမူ သန့်ရှင်းသွားသော အခန်းကို ကြည့်ပြီး နောက်နှစ် ဆက်မလုပ်နိုင်သည့် အတွက် စိတ်မကောင်းဖြစ်နေ၏။ အချိန်ကို တန်ဖိုးအရှိ ဆုံး သုံးမည့်ဟု ဆုံးဖြတ် ထားသည့် အလျောက် ဘိုလစ်ဗီးယား မှ အတွေ့အကြုံများကို အခြေပြု ပြီးသင် ကြားဖို့ စိုင်းပြင်းသည်။ ဂါးဖီလ်တွင် ဆရာများကို ကျောင်းမှ သင်ကြားမှု အထောက်အကူ ပစ္စည်းများ မပေးနိုင်။ သူတို့ ကလေးတွေ စိတ်ဝင်စားအောင် မြေဖြူတောင့်နှင့် ကျောက်သင်ပုန်း ကိုသာ အားကိုးကြရ၏။ သမားရိုးကျ သင်းကြားခြင်း ကို ဂျေမီက မကြိုက်။

ဥပမာ၊ သင်္ချာသင်စဉ် ဆိုပါစို့။ သူတို့ကျောင်းထွက်လျှင် ၀င်လုပ်ရမည့် လုပ်ငန်းခွင်နှင့် ဆက်နွှယ်ပြီး သင်သည်။ ကိန်းတစ်ခု နှင့် တစ်ခု မြှောက်ခိုင်းလျှင် သူတို့ စိတ်မ၀င်စားကြ။ သည်တော့ ဂျေမီက ကျောက်သင်ပုန်းကြီး တွင် စက်ရုံးသုံး အလုပ်ကတ်ပြား ပုံစံအတိုင်း ဇယားကွက် များ ဆွဲချလိုက်သည်။

ကျောင်းတွင် စာသင်ချိန်ကို တစ်နာရီလျှင် တစ်ပဲနိ ရမည်။ အိမ်တွင် ကျောင်းစာ လုပ်သည့် အချိန်ကို ပဲနိဝက် ရမည်ဟု သတ်မှတ်၍ ကျောင်းသားများကို တစ်ယောက်ချင်း ထပြီးသင်ပုန်းတွင် ကွက်လပ်ဖြည့်ခိုင်း သည်။ ပြီးမှ "ကဲ...မင်း ဒီနေ့ နေ့တွက် ဘယ်လောက်စီသလဲ" ဟူသည့် မေးခွန်းမျိုး မေးသည်။
အားကစား တွင်လည်း ထိုနည်းလည်းကောင်းပင်။ သူတို့သည် ဘိုလစ်ဗီးယား ကျောင်းသားများ လို ပင် အပြိုင်အဆိုင် ကို သဘောကျကြသည်။

ဆက်ရန်
(ရိုက်ပြီးသားနည်း သွားလို့ နောက်နေ့မှ များများတင်ပါမယ်)
.