" နင် မြို့သွားပြီး ဘာလုပ်မှာလဲ၊ ဒီလို သားတစ်ကွဲမယားတစ်ကွဲနေတာ မကောင်းပါဘူးဟယ်"
" ကျွန်တော် လဲ မနေချင်ပါဘူးဗျာ "
" နင့်မိန်းမ ကလဲ နင့်မပြတ်ပါဘူးဟ၊ သူ့ အမေကြီးကြောင့် "
" ဟုတ်ပါတယ်၊ ဒီယောက္ခမကြီးကြောင့် ခက်နေတာ "
ကျွန်တော် ဦးဖြိုးအိမ်ရှေ့ရောက်သည်၌ လူချင်းခွဲ၍ ၀င်ခဲ့သည်။ ဦးဂန်ဂျားလည်း ပြန်ရောက်၊ ဟင်းလည်း ကျက်ပြီဖြစ်၍ သောက်ပွဲစရန် သူတို့ ကျွန်တော်တို့ကို စောင့်နေကြသည်။ ကျွန်တော် အိမ်ပေါ်ရောက်သည်၌ အိမ်ရှေ့မှ ...
" ဘကြီး ... ဘကြီး ... ဘကြီး မရှိဘူးလား "
ဦးဖက်ထုပ်သမီး၏ လင်ဘက်က တူမကလေး ဦးဖက်ထုပ်ကို လာခေါ်ခြင်းဖြစ်သည်။ ဦးဖက်ထုပ်က မရှိကြောင်း ပြောရန် လက်ကာပြသဖြင့် ကျွန်တော်က ...
" ဟေ့ ... ဘယ်ဘကြီး လဲ ဟ "
" ဘကြီးဖက်ထုပ် အရီးလေးက ခေါ်ခိုင်းလို့ "
" ဟေ ... နင့်ဘကြီးဖက်ထုပ် မရှဘူးဟ "
" အမယ် ... မ၀ါပါနဲ့၊ ဒီအိမ်မှာ အရက်သောက်နေသတဲ့ "
" ဟဲ့ ကောင်မလေး မဟုတ်က ဟုတ်က အိမ်ရှေ့က အော်ကြီး ဟစ်ကျယ်နဲ့"
" အော်တယ် ... အော်တယ် ... ဘာဖြစ်သလဲ၊ ဦးလေးကို တက်ပုကြီးက"
" ဟဲ့ ... ငါမရှိလို့ မရှိဘူးပြောတာပဲ "
" အမယ် ... ရှိပါတယ်၊ ကျွန်မ ၀င်ကြည့်မယ်"
သူ့အသံ စွာကျယ်ကြားသည်နှင့် ဦးဖက်ထုပ်က အခန်းထဲ ၀င်သွားပြီဖြစ်၍ ကျွန်တော်က ...
" လာကြည့်ဟယ် ... ကြည့်ဟယ် "
သူ လှေကားမှ ခေါင်းပေါ်အောင်တက်ကြည့်ပြီး မမြင်သည်၌ ပြန်လှည့်ဆင်းသွားကာ ...
" ရှိမှာပါပဲ၊ အရက်ဝိုင်း တွေ့နေတာပဲ၊ အခန်းထဲပုန်းနေမှာပါ၊ ဒီသေခါနီးကြီးက အဘိုးကြီးတန်မဲ့ နဲ့ လူများ အိမ်ခန်းထဲ ၀င်ရဲပေမယ့် ဒီက မိန်းကလေးတန်မဲ့ နဲ့ ၀င်မကြည့်ကောင်းလို့သာပေါ့၊ သင်းတို့တွေက လူကြီး ဖျက် ဆီးနေကြတာ " စသည်ဖြင် မြည်တွန်တောက်တီးသွားသဖြင့် ကျွန်တော်က အရက်ဝိုင်းဝင်ထိုင်လိုက်ပြီး ...
" ဟောဒီ ကောင်မလေးဟာဗျာ၊ ထဘီရင်လျှားကလေးဖြစ်မှ ဘယ့်နှယ် ပါးစပ်က ဗရစ်ဗတောက်များမှန်း မသိဘူး၊ နို့ပြီး တစ်ဆိတ်ရှိ အော်တတ်လိုက်တာကလဲ နားကိုစူးရော "
ဦးကြီးဖြိုး " ဟ ... တက်ကလေး ရ ဒါဟာ သဘာဝကွ၊ ကြည့်ပါလား၊ ကြက်မတမ်းမလေးဖြစ်လာလို့ ကြက်ဖ အနားကပ် ခံချင်ပြီဆိုရင် ပါးစပ်က ဂေါ် ... ဂေါ် မြည်လာတယ်၊ နို့ပြီး တစ်ခုခိုဖြစ်ရင်လဲ ရွာကျော်အောင် " ကတော် " တတ်တယ် မဟုတ်လား၊ ဒီလိုပေါ့ကွာ သူလဲ မတမ်းကလေးဖြစ်လာတော့ ဂေါ် ... ဂေါ် မြည်လာ တာပေါ့ကွ၊ အဲ ... မြည်းစမ်းဟေ့၊ မင်းကြက်သား ငါချကာနီးမှာ ခွေးတောက်ရွက်ကလေး ရိပ်ရိပ်လှီးထည့် ထားလိုက်သေးတယ် "
ကျွန်တော် တရှုပ်သောက်လိုက်ပြီး ကြက်သား ရေကလေးကချို၊ ခွေးတောက်ရွက်ဖက်ကလေးက ခါးတော့ ...
" နိုင်ပေ့ဗျာ၊ ခံတွင်းကို ရှင်းခနဲ ရှင်းခနဲ ဆွေမျိုးမေ့ သွားတာပဲ "
" ဒါပေမယ့် မင့်မယားတော့ မမေ့ဘူးမှုတ်လားကွ"
ဦးကြီးက ရယ်သွမ်းသွေးလိုက်ရာ ...
" ဟာ ... ကျွန်တော် မငွေ့မြိုင်တော့ ဘယ်မေ့ နိုင်မလဲဗျာ၊ အဆိုကလေးနဲ့ ပြောရဦးမလား "
ကျွန်တော် ရုတ်တရက် လူပျိုပေါက်က ကျက်ထားသော သီချင်းကိုသတိရ၍ ...
" တကယ် မမေ့ပါဘူး၊
ဘယ်နေ့ဘယ်အခါမှ၊
တို့နှစ်ဖြာ ပြန်ကြင်ရမည်သည့်၊
ရင်ဝမှာတဲ့ဗလောင်ဆူ။
အပူမီးငယ်နဲ့
အူသည်းတွေ ကျွမ်းကြွလုပါပဲ၊
လွမ်းပွေမှု ဖြာဖြာ လှိုင်ပေါ့၊
မာလာမြိုင်သဇင်ပန်းကိုဖြင့်၊
ဘယ်အခါ ပြန်ဆင်မြန်းရပန့်၊
တမ်းတလို့ပူ။ ။
တစ်နေ၀င် တစ်ထွေက်ပါပဲ၊
ဖြေမရွှင် ပွေရတက်ကယ်နဲ့၊
ရေတွက်ပါလို့ ရက်ကိုယူ၊
သူမှာတော့ နေနိုင်အား။ ။
စိမ်းတဲ့သူရယ်၊
တိမ်းငဲ့ကာ ငြူစူလို့၊
မကြည်ဖြူ တစ်မူထပ်ပုံဖြင့်၊
တစ်ဖက်လူ အသက်ရှူကျပ်လှချည့်၊
ဝေးရပ်မြေခြားမှာတော့ ...
(မြိုင်ရေ) မင့်ကြောင့် ဆွေးတက်တွေပွား (သြော် ... ကျွန်တော် ငတက်ပု အဖြစ်နဲ့ဆိုတော့ ဆွေးဓာတ်တွေပွားရ အောင်လို့ ဝေးရပ်မြေခြားကိုတဲ့ အခု သွားရဦးမှာကလား ဟား ... ဟား ... ဟား ... ဟား ... ဟား ... ဦးကြီးရယ် "
မိမိကိုယ် မိမိတော့ အသံဝါကြီးနဲ့ရယ်လို့ အောင်မောင်းကြီးစတိုင်မျိုး အားရပါးရကြီး ဟဲချလိုက်ပါတယ၊ တကတဲ ကိုယ့်အဆိုပြီးလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ လား လား အနား တစ်ယောက်မှ မရှိကြတော့ဘူး၊ အရက် ပုလင်း နဲ့ ကြက်သားပန်းကန် ထားပြီးတော့တောင် ပြေးကြတာကိုး။
တစ်အောင့်လောက် ကြာမှ ဦးကြီးဖြိုး ထရံပေါက်က ခေါင်းပြူလာပြီ ...
" မင့် အဆို ပြီးပလား "
" ပြီးပါပြီဗျာ "
သူ နောက်ဘက်ခေါင်းလှည့်၍ ...
" ဦးဖက်ထုပ်တို့ ဖင်ကြားကြီး တို့ လာကြတော့ဟေ့၊ ပြီးပတဲ့ "
ဦးဖက်ထုပ် (စိတ်မချသံနှင့်) " သေချာအောင်မေးပါဦးကွာ "
ကျွန်တော် စိတ်ပေါက်ပေါက်ရှိကာ ...
" ဟာ ... ဘုရားစူးရပါစေ၊ ကာလနာ တိုက်ရပါစေရဲ့၊ ခု နေနဲ့အတူ ၀င်သေပါစေရဲ့ မဆိုတော့ပါဘူးဗျာ၊ ခင်ဗျား တို့ဟာ သုခုမ အရသာ မခံစားတတ်ကြတာကိုး "
ဤမှ သူတို့အားလုံး အခန်းထဲက ထွက်လာကြကာ ဦးဂန်ဂျားက ...
" ဒီအသံညိုး တတက်နဲ့ တခါ ကြုံကြုံဘူးပေါင်ဗျာ "
ဦးဖက်ထုပ် ငါ အခု အသက် ၆၀ ကျော်ပြီကွာ၊ ဘယ်လို ဆိုဆို ဘယ်အပေါက်မှ မ၀င်တဲ့ မင့်အသံမျိုးတော့ မကြားဖူးသေးဘူး၊ ရှားတယ် ရှားတယ်၊ ဒါ ပါရမီတစ်မျိုးပေါ့၊ သူ့ပါရမီနဲ့သူဖြစ်တာ "
ဦးကြီးဖြိုး " တက်ကလေးရေ ... မင့် ငါအရင် သီချင်းဆို ခိုင်းတုန်းက မင်းက မဆိုချင်ဘူး၊ ငြင်းတာဟာ အရပ် ကံကောင်းတာပဲကွ၊ တကယ်လို့ မင်းဆိုရင်လဲပဲ၊ ပလွေမှုတ်တာက သုံးရက်ကြာမှ ပလွေကျော်ဇောဖြစ်တယ်၊ အဲဒီ သီချင်းသာ ဆိုရင်တော့လားကွာ၊ နှစ်ရက်မခံဘူးဟေ့၊ ပထမနေ့ပဲ အဆိုကျော်ဇော ဖြစ်မယ်ကွ"
"နေပါဦး ဦးကြီးဖြိုး ကျွန်တော် လာပါ လာပါ မကြည်ရဲ့ သီချင်းမှုတ်တော့ ဦးကြီးဖြိုး အသည်းစွဲ ဖြစ်ခဲ့တဲ့ ဗလကြည် များ သတိမရဘူးလား"
"ဟာ ... သူ့အတွက် ရင်ထုမနာ ဖြစ်လိုက်တာကွာ၊ ခမျာ အသေစောတာ ကံကောင်းသွားတယ်၊ သူ လူဝင်စားပါ ဖြစ်နေလို့ မင်းအသံများ ခု ထပ်ကြားရင်လား ခု ထပ်သေတယ်"
ဤသို့ သြဘာတွေ ပြုနေကြရာမှ နောက်တစ်ယောက် တိုးလာသေးသည်။ ထန်းတက်ဝိဇ္ဇာ မွန်းဗိုလ်ခို လှေကားတက် မှ ခေါင်းပြူလာပြီး ...
"ငါလခွီး၊ တက်ပု သီချင်းဆိုတာ ငါ့ အစဦး ခပ်လှမ်းလှမ်းက ကြားတော့ ဒီအိမ် ဘုန်းကြီးတွေ ပရိတ် ရွက်နေတယ် အောက်မေ့လို့ ငါက ထန်းရည်ကျည်တောက် ယူအောင် လာတာ ဖြစ်လေတော့၊ ဟာ ... မဟန်သေး ဘူးဆိုပြီး နောက်ပြန်လှည့်မယ် လုပ်နေတုန်း၊ ဘာလဲ မင်းနောက်ပိုင်း အော်ချလိုက် တာ "ပွေးသတ် မြေကြားမှာတော့ ခွေးဇာတ်တွေပွား" ဆိုလား၊ အဲဒါကြားက အသံသဲကွဲပြီး ဟာ ... တက်ပု မယားတ ရူးနေတာဆိုပြီး နားပိတ်လာခဲ့ရတာကွ၊ ဘယ်မလဲ ပေး၊ ငါ့ ရေကျည်တောက်၊ မင်း နောက်ထပ် ဆိုနေမှဖြင့် ငါမြန်မြန် ပြေးတော့မယ်"
ဦးကြီးဖြိုး "မဆိုတော့ပါဘူးတဲ့ကွာ၊ ကျိန်စာတွေ ဘာတွေ တိုက်ပြီးပါပြီ၊ ကဲ ... မင်း ထန်းရည် ကျည်တောက် အသာထားဦး၊ ဒီမှာ ပြည်တော်ဝင်သာ လိုက်ပါဦး၊ ဦးဖက်ထုပ်က ထန်းရည်နဲ့ ပထမ ပမဏာမဖွင့်ပြိး အခု ကြက်သားတွေ ဘာတွေချက်ပြီး မြမယ် နဲ့ ပြည်တော်သာနေကြတယ်၊ ကဲ ... ရော့ လုပ်"
ဗိုလ်ခို ခေါင်းခါကာ "ဟာ ... နေပါစေဗျာ၊ ခင်ဗျားတို့ လုပ်ကြပါ"
"တို့လုပ်တာ များနေပြီကွ၊ ရော့ ... လုပ်တော့ ဒီမှာ နောက်တစ်လုံး ရှိသေးတယ်"
ဦးဖက်ထုပ် "လုပ်လကွာ၊ ပေါတုန်း လှိုင်တုန်းကလေး"
ဦးဂန်ဂျား "နုတ် နုတ် ဗိုလ်ကိုရ၊ အရှင်တင့်တုန်း"
ဤတွင်မှ ဗိုလ်ခို ယူ၍ မော့၏။ ယင်းအကြိုက်တွင် အိမ်ရှေ့ လမ်းမ၌ ကျောင်းသားလွယ်အိတ် ကျောက်သင်ပုန်း တွေနှင့် တရုန်းရုန်း ပြေးလာကြသည်ကို မြင်ရသည်နှင့် ကျွန်တော် အံ့အားသင့် ကာ ...
"ဘယ့်နှယ် ဘုန်းကြီးကျောင်း မီးလောင်လို့ပဲလား၊ ကျောင်းသားတွေ အချိန်မဟုတ် ကျောင်းဖြုတ် လွတ်လိုက် ပါလား"
နောက် မှ ရောက်လာသော ဗိုလ်ခိုသ်ည အရက်ပန်းကန်ကို ပြန်ချ၍ နှုတ်ခမ်းပါးနား လျက်လိုက်ပြီး ...
"ဟိုသင်းကွာ ဒီနေ့ သူကြီးသား စံအေးလေး ကို သုံးဘီး ဘိုင်စကယ် ၀ယ်ပေးတာ၊ ရွာက ကလေး တွေ အားလုံး ကြည့်ရအောင်တဲ့၊ ကျောင်းတစ်ရက် ပိတ်ပေးလိုက်တာလကွာ၊ သူကြီးကလဲ ဒီကနေ့ ညနေအထိ ကြည့်ခွင့် ပြုမတဲ့၊ စံအေးက သူတို့တလင်းထဲ မှာ စီးပြမယ်ဆိုပဲ"
"ဟင် ... ဟုတ်လား၊ ဒီလိုဆို ကိုယ်တို့လဲ သွားကြည့်ဦးမှ ထင်ပါ့ရဲ့"
ဦးဂန်ဂျား "အမယ်နေးကွာ ... ဘာချန်းတာမှတ်နို့၊ ငါ ညို့သွားရင် တခါ ညင်ခဲ့ဘူးပါတယ်၊ သုံးဘိန်း ဘိုင်စကယ်ချိုတာက ချေ့က နှစ်ဘိန်း၊ နောက်ဘက် တဘိန်းကွ၊ ချီးတော့ရင် လူက နောက်ပြန် ကိုင် ရတယ်ကွ၊ အဲ ... လမ်းမတိုက်မိအောင် ချီးတဲ့လူက တမင်နယ်ပြန် လှည့်လှည့်ကြည့်ရတယ် ကွ"
ဦးဖက်ထုပ် "မင့်ဟာ ဟုတ်သေးမယ် မထင်ပါဘူး ဂန်ဂျားကြီးရာ၊ ကလေး နောက်ပြန်စီးနေတာ တွေ့ခဲ့ထင်ပါရဲက"
ဦးဂန်ဂျား "ဘိုင်စကယ် နောက်ပြန်ချီးလို့ ရသလား ဦးဖက်ထုပ်တဲ့၊ ကိုယ်လဲ ညို့က လူတွေ နှစ်ဘိန်း ဘိုင်စကယ် ချီးချီးနေတာ တွေ့ခဲ့ဘူးသားဘဲ"
ဦးကြီးဖြိုး "သုံးဘီးဘိုင်စကယ်က နောက်ပြန်လဲရသဟဲ့၊ မင်း စုံထောက် လုပ်နေပြီး ဘိုင်စကယ် ရှေ့မှန်း နောက်မှန်း မသိဘူး ... သွားကြည့်ထားဦး"
"ဟင် ... ဟုတ်နား၊ တွားတော့ကြည့်ရဦးမယ်လေ၊ ကိုယ်ကတော့ ဘယ်အချိန်တွားကြည့်ကြည့် ဖြစ် ပါတယ်၊ တကြီးနဲ့ ကိုယ်နဲ့ ခင်တားဘဲ၊ ကိုရင်ဖြိုး ကျုပ်တော်ပီ၊ နောက်မှလာတဲ့ ဗိုလ်ခိုကို ခွက်ဆင့် ပေးနှိုက်ပါ"
ဦးကြီးဖြိုး "လုပ်ပါ ... ဘယ့်နှယ် တော်ရမလဲ၊ နောက်တစ်လုံး ရှိနေသေးတာပဲ၊ ဗိုလ်ခိုအလှည့်ကျ တော့ ကိုယ်ခွက် ဖြည့်ပေးပါမယ်"
ဗိုလ်ခို "ဟာ ... ကျုပ်တော်ပြီ၊ ကိုရင်ဖြိုးတို့ လုပ်ပါ၊ ကျုပ် သွားမယ်"
ဖြိုး "ဘယ့်နှယ် သွားရမလဲကွယ့်၊ ဒီမှာ ထမင်းစားပါကွ၊ မင်းတို့ အရီးချစ်စုက ဒီနေ့ထီးထိုးတာ မင်္ဂလာယူပြီး မင်္ဂလာ ထမင်း ကျွေးမှာကွ"
ဗိုလ်ခိုက မီးဖိုချောင်ဘက်လှမ်း၍ ...
"ဟင် ... ဟုတ်လား အရီးချစ်စု"
သူ့လင် အိပ်မက်ကောင်းပုံနှင့် ထီပေါက်တော့မည်ဟု ၀မ်းသာနေသော ဒေါ်ရေအအာကလည်း ...
"အေး ... စားသွားဟဲ့၊ ဟင်းလဲ ကောင်းတယ်၊ ကြက်သားရယ်၊ လဲလူရွက်နဲ့ ဆူးပုပ်ရွက်နဲ့ ဟင်းချိုလေးရယ်၊ မြူရွက်သုတ် ရယ် နို့ပြီး ငါးပိထောင်း သံပရာရည်ညှစ်မယ်လေ"
"ဟာ ... တယ်ကောင်းပါလား ... မြိန်စရာကြီးပဲ"
ယင်းအခိုက် နံနက်ဆွမ်းခံဝင်ချိန် နွားများ သွင်းလာပြီ ဖြစ်၍ ကျွန်တော်က အိမ်က နွားပြန်ချည်ရန် သွားမည်အပြု ဦးကြီးဖြိုးက ...
"ဟေ့ ... မင်းမသွားနဲ့" ဆိုပြီး နွားသွင်းလာသော သူ့သားအား "ဟေး စံနဂုတ်၊ တက်ပုနွားပါ အိမ်ထဲ မောင်းသွင်းပြီး မြက်စင် အဟောင်းကလေးမှာ ချည်ထားလိုက်စမ်းကွာ၊ ဒီကနေ့က စပြီး သူ့နွား တို့အိမ် ထားရမယ်"
အိမ်အောက်နွားများ ချည်ပြီး ပုံပေါ်သည်နှင့် ဦးကြီးဖြိုးကပင် ...
"ဟဲ့ကောင်လေး ... လာ တစ်ခွက်လောက် သောက်ချင်ရင်"
ဦးဖက်ထုပ် "ဟဲ့ ... မင်းက ကလေး စဖျက်ပလား"
ဦးကြီးဖြိုး "ဒါဖျက်တာ မဟုတ်ဘူး၊ လူရည်လည်အောင်လို့ ကျင့်ပေးတာ၊ ဒီမှာ ဦးဖက်ထုပ်တဲ့ ... ပျက်မယ့် လူဆိုတာက ဘယ်လိုပဲ နှိပ်ကွပ်နှိပ်ကွပ် ပျက်တာပဲ၊ အဲ ... ပျက်မယ့်ပျက်ရင် ငယ်ငယ် ကတည်းက ပျက်ပစေ။ ကြီးမှပျက်ရင် အဖတ်ဆယ် မရတော့ဘူး၊ ကြည့်ပါလားဗျ ... မရမ်းကုန်းက မောင်တက်ပုတို့ ဦးလေး မောင်ဖိုးရီ ကို"
"အေးဗျာ၊ ဘိန်းတောင် စွဲနေပြီ လိုလိုကြားတယ်၊ ဖွလွှဲပါစေ၊ ၀ယ်ပါစေဗျာ၊ ဘိန်းတော့ မစွဲစေချင် ဘူး၊ ဘိန်းစားဖြစ်ရင် လူ့အောက်တန်းစား ဖြစ်သွားရော၊ ကျုပ် ဦးလေး လူချော သဘောကောင်း ဗျာ၊ နွားသမားတွေ ၀ိုင်းဖျက်ကြတာ ကျုပ်တို့ ဂုဏ်ယူရတာက ဒီရပ်ရွာမျိုးနေပြီး ကျုပ်တို့ သွေးထဲ မှာ ဘိန်းစား မရှိဘူးဗျ"
ဦးကြီးဖြိုး "အေး ... မင်းဦးလေး မောင်ဖိုးရီ စွဲရင်တော့ ဈေးဦးပေါက်ပေါ့ကွာ"
"အင်း ... ခုနှယ် သူစွဲရင်တော့ ခက်မယ်၊ စီးပွားကလဲ ပျက်နေတော့ ဘိန်းရှူစရာ မရှိုရင် တရုတ် အိမ်မှာ ကလေးထိန်း ရမယ်၊ အနှီးလျှော်ရမယ်၊ တရုတ်မိန်းမကို နင်းပေးရမယ်၊ ၀က်စာ ကျွေးရ မယ်"
ဦးကြီးဖြိုး "အေးလေ ... ဒါ မင့်ဦးလေး မျက်မြင် ကိုယ်တွေ့ပဲ၊ ဒါ သူသိလျက်နဲ့ မိုက်မယ်ဆိုလဲ မိုက်ပေါ့၊ သူတို့ မရမ်းကုန်း ရွာက အင်မတန် ဘိန်းစားပေါတာပဲ၊ ဘိန်းစားငယ်တော့ သူခိုး၊ ဘိန်းစားကြီးတော့ တရုတ်အိမ်မှာ ဘိန်းကျွန်ဖြစ်"
ဦးဖက်ထုပ် "နေပါဦး မရမ်းကုန်းက ဘယ့်နှယ်ကြောင့် ဒါလောက် ဘိန်းစားပေါရတယ် မသိပါဘူး"
"ဒါ ... ရပ်ရွာလူကြီးလုပ်တဲ့ လူတွေနဲ့ သူကြီး သောက်သုံးမကျမှုပေါ့ဗျ၊ ရွာထိပ်ရွာဦး တရုတ် ရောက်လာ ပြီးတော့ ဘိန်းရောင်းတာကို ရောင်းခွင့်ပေးတယ်၊ ပြောင်းခန်း ဖွင့်ခိုင်းတယ်၊ သူကြီး ကတော့ တရုတ် ဆီက ရသကိုး၊ ရပ်ရွာ လူကြီးတွေကလဲ သူကြီးကို ပြောခြင်းဆိုခြင်း မပြုကြဘူး၊ ဒါမျိုး ပြောရမှန်း ဆိုရမှန်း တားရမှန်း သိတဲ့ လူတောင်မှ သူတို့ ရွာမှာ ရှိမယ် မထင်ပေါင်ဗျာ၊ ဟို ပထမအင်္ဂလိပ်မင်း လက်ထက်ကတည်းက သူတို့ရွာမှာ ဘိန်းဆိုင် ရှိနေတာဗျ၊ ဒီတော့ ဘိန်းစား မပါဘဲ ခံနိုင်ပါ့မလားဗျာ"
ဦးဖက်ထုပ် "အင်း ... ခုခေတ် သူကြီးခန့်တာမှာ အစိုးရက အင်မတန် လူကောင်းရွေးဖို့ ကောင်းတယ်၊ တစ်ကိုယ်ကျိုးနဲ့ တစ်ရွာလုံး ပျက်မယ့် လူစားဆိုရင် ဒုက္ခ"
"ရှေးကတော့ အရေးပိုင်း ကိုယ်တိုင်သော်လည်းကောင်း၊ နယ်ပိုင်သော်လည်းကောင်း ရွာကို လာပြီး လူကြီးလူကောင်းတွေကို ဘုန်းကြီးကျောင်းခေါ်ပြီး ဘယ်သူ သူကြီး လုပ်ချင်ပါသလဲ၊ ဘယ်သူနဲ့ သင့်လျော် ပါသလဲလို့ မေးတယ်၊ ဒီတော့ လူကြီးချင်း တိုင်ပင်ပြီး ပြောကြတယ်၊ အဲဒီအခါမှာ ကိုင်း ခင်ဗျားတို့ ရွေးတဲ့လူ ခင်ဗျား တို့ သူ့အတွက် အာမခံရမယ်၊ ဒီလူ မကောင်းရင် ခင်ဗျားတို့ တာဝန် ဆိုပြီး ခန့်ပစ်ခဲ့တယ်၊ ဒီတော့ ဒီသူကြီးဟာ လူကြီးတွေရဲ့ စကားကို မဖယ်ရှားဘူးဗျ၊ လူကြီးတွေ ကလဲ သူတို့ သြဇာနာခံမယ့်လူမှပဲ ရွေးတာပဲ၊ ခုခေတ် မဲနဲ့ရွေးတဲ့ စနစ်ကတော့ သူ့သြဇာ၊ သူ့ အပေါင်းအသင်း၊ သူ့တိုက်နိုင် ကျွေးနိုင်မှုနဲ့ တက်တာ ဆိုတော့ ရွာမှာ ဗိုလ်ပေါ့ဗျာ၊ သူထင်ရာ မြင်ရာ လုပ်နိုင်တာပေါ့၊ ဘယ်ရပ်ရွာလူကြီးတွေက သူပြောဝံ့ ဦးမှာတုံး၊ ဒီတော့ ဒီစနစ်ဟာ လူကောင်း ရွေးနိုင်တာ မဟုတ်ဘူးဗျ"
ကျွန်တော် သတိရ၍ ...
"နေပါဦး ဦးကြီးရ၊ အရင် နိုင်ငံရေးဆရာကြီး တရားဟောတုန်းက ဒီစနစ်ဟာ အင်မတန် ယဉ်ကျေး တဲ့ အင်္ဂလန် အမေရိကန် ဆိုတဲ့ တိုင်းကြီး ပြည်ကြီးတွေမှာ သုံးတဲ့ ဒီမိုဂျလေဘီစနစ်တဲ့ဗျ၊ လူထု ဆန္ဒနဲ့ မြှောက်တင် ရတာတဲ့"
"ဖြိုး "ဘယ် လူထုဆန္ဒ ဟုတ်ရမလဲကွာ၊ ငွေထုဆန္ဒပါ၊ ငွေရှိ ဖြစ်တာပဲ၊ ရော့ ... သောက်၊ မင်းအလှည့်"
ကျွန်တော် တော်တော်ထွေလာပြီ။ သို့သော် အရက်ဆိုတာ မူးလေ သောက်နိုင်လေဗျ။ ကြိတ်လိုက် ... ခွက်တပ်၊ ခွက်ချွတ် အစကထက်ပင် မြန်လာလေသည်။
ကျွန်တော် နောက်ဆုံးပုလင်း ကုန်ခါနီး၌ ဗိုလ်ခိုက ...
"ကိုင်း ... အိမ်မှာ ထန်းရည် သုံးလုံးရှိသေးတယ်၊ သွားယူချေဦးမယ်"
ဦးကြီးဖြိုး ဟာ ... တော်ပြီကွာ၊ တို့သောက်တာ မနည်းတော့ဘူးကွ၊ ပထမ မင့်ဆီက ထန်းရည် ငါးလုံး၊ ခု အရက် သုံးလုံးဆိုတော့ ထမင်းစားပြီး တုံးလုံး ဖြစ်ကြတော့မယ် နို့ပြီး ထန်းရည်က ထမင်း စားခါနီးမှာ ဆိုတော့ သွားပြီး ရင်ခံလိမ့်မယ်"
ဗိုလ်ခို "မဟုတ်ဘူးလေ၊ ထမင်းစားပြီးမှ ထန်းရည်ကို ရေအစား သောက်ကြတာပေါ့၊ အခု ကျန်တာက ဟို ... ထန်းဖို လက်ငုတ်ပင် က ဟာကလေး ချိုလေးလေးနဲ့ မွှန်ခါးပြီး အာခေါင်ရှရှ သွားတာပဲ"
"ဟာ ... ဒီလိုဆို နိမ့်ပေါ့ဗျာ၊ ဘိလပ်ရည် သောက်ရသလိုပေါ့"
ကျွန်တော် က အဘိယာစက ပြုလိုက်၏။
ကျွန်တော်တို့ ဤနံနက်စာ ထမင်းပွဲကား မြိုင်လှချေသည်။
ဟင်းစပ် ဟင်းခပ်ကလည်း ထည့်၍ အရက်တွေကလည်း မူးနေကြ၍ ဦးကြီးရယ်၊ ဘကြီး ဖက်ထုပ်ရယ်၊ ဦးဂန်ဂျားရယ်၊ ဗိုလ်ခိုရယ်၊ ကျွန်တော်ရယ် ငါးယောက်သား တစ်ဝိုင်း တွယ်လိုက်ကြ ရာ ဆန်တစ်ပြည်ချက် ကျွတ်ထွက် သွားသည်။
ထမင်းအပြီး ၌ ဗိုလ်ခို့ထန်းဖို လက်ငုတ်ရေကို ရှာလပတ်ရေအဖြစ် သုံးဆောင်လိုက်ကြရာ၊ နောက်ဆုံး၌ ဦးကြီးဖြိုး ပြောသည့်အတိုင်း အသောက် နောက်ကျသွားသော ဗိုလ်ခို တစ်ယောက်မှ တစ်ပါး အားလုံး တစုတရုံးတည်း တုံးလုံးလဲကြတော့၏။ ချွေးတွေကလည်းထွက်၊ ဖျာကြမ်းပေါ်မှာ ခေါင်းအုံးမရှိ ဘာမရှိ။ ဦးကြီးအိမ် ကလည်း လေတဖြူးဖြူးနဲ့ အိပ်ကောင်းလိုက်ကြတာ။ မဖွားသက် ကလေး စပါးဝယ်တွေ ခေါ်လာ လို့ ကျွန်တော့် နှိုးခိုင်းတော့ ညနေတောင်စောင်း နေပါပကောလား။
"ဟဲ့ ... တက်ကလေး ထ၊ မင်း ဖွားသက်တို့ကို စပါးရောင်းဦးမယ်လို့ ပြောထားဆို"
ကျွန်တော် ရီဝေေ၀လေးနှင့် ထထိုင်၍ ...
"အင်း ... ဟုတ်တယ်၊ ကျွန်တော် မြို့သွားနေတော့ သုံးဖို့ငွေလေးရအောင်လို့"
ကျွန်တော် မျက်နှာသစ်ပြီး လှေကားအဆင်း၌ ဦးဖက်ထုပ်တို့၊ ဦးဂန်ဂျားတို့လည်း ထထိုင်ပြီး ဆေးလိပ်ပါ သောက်နေကြပြီ ဖြစ်၍ ကိုယ့်သောက်ဖော်ကြီးများအား ...
"ကဲ ... ကျွန်တော် နက်ဖြန်ခါတော့ မြို့သွားမယ်၊ အခု အားလုံးကို နှုတ်ဆက်တာပဲ"
သုံးယောက်လုံး က "အေး ... အေး ... အေး" ဆိုပြီး နောက် ဦးဖက်ထုပ်က ...
"ဟေ ... မောင်တက်ပု၊ ငါပြောတာ မမေ့နဲ့ ကြားလား၊
ဓာတ်စက် မောင်းတော့ မတတ်၊ တတ်အောင် သင်ခဲ့ဟေ့"
"ဟုတ်ကဲ့ ... ဘကြီးဖက်ထုပ်"
"အေး ... ငါ့လူက ဥာဏ်လဲ ကောင်းပါတယ်ကွာ၊ မကြာဘူး တတ်မှာပါပဲ"
ကျွန်တော် လှေကားပေါ်က ဆင်း၍ အိမ်ရှေ့အရောက်၌ နောက်ပြန်လှည့်ပြီး ...
"ကဲ ... သွားပြီး ဘကြီး ဖက်ထုပ်၊ ဦးဂန်ဂျား၊ ဦးကြီးဖြိုး၊ အရီး ချစ်စုရာ"
"အေး"
"အေး"
"အေး"
"အေး"
ဆက်ရန်
.

No comments:
Post a Comment