(၇)
မေစမ်းမြိုင်မှာ အကြောင်းကိစ္စရှိ၍ ပြောချင်ဆိုချင်လျှင် သိရအောင် မခင်ရွှေက မေစမ်းမြိုင်အား ဗလာ စာအုပ် တစ်အုပ်နှင့်ခဲတံကို ပေးထားခဲ့သည်။ သို့သော် မေစမ်းမြိုင်သည် မည်သည့်အကြောင်း ထူးမျှ မရှိ ထင်သည်။ မခင်ရွှေထံကို မည်သည့်အကြောင်းမျှ စာမရေးသေးချေ။
သို့နှင့်ပင် တစ်ရက်ပြီးတစ်ရက် ကုန်လွန်လာခဲ့သည်။
" ညီမလေးရေ၊ သန်ဘက်ခါဆိုရင် မမတို့ကျောင်းမှာ အစည်းအဝေးရှိတယ်၊ မမ အစည်းအဝေးကို တက်ရမယ်။ အဲဒီ အစည်းအဝေးပြီးရင် မမ ခွင့်ယူလို့ရပြီ၊ ခွင့်ယူပြီး ရေပြာအိုင်ရွာကိုရောက်အောင် မမ သွားမယ်။ ညီမလေးအဖို့ အရင်းနှီးဆုံး ဆွေမျိုးဖြစ်တဲ့ ကိုစိန်းမောင် ကို ပါအောင် မမ ကြိုးစားခေါ် လာခဲ့မယ်။ ညီမလေး ဒုက္ခနွံ ထဲက လွတ်ချိန်နီးပါပြီ ညီမလေးရယ်၊ စိတ်ချမ်းချမ်းသာ သာနေနော် "
ဦးဖေဆိုင် နှင့် ဒေါ်ငွေ အလစ်မှာ မခင်ရွှေ က မေစမ်းမြိုင်ကို တိုးတိတ်စွာ ပြောဆိုလိုက်သည်။ မေစမ်းမြိုင်၏ မျက်နှာလေး သည် မည်သည့်အတွက်ကြောင့် မသိ၊ ရွှင်ရွှင်လန်းလန်းမရှိချေ။ မခင်ရွှေကို စိုက်ကြည့် နေသည်။ ထို့နောက် မခင်ရွှေခြေရင်းမှာ ထိုင်ချလိုက်ပြီး မခင်ရွှေ ခြေဖမိုးကို သူ့နဖူးဖြင့်ထိကာ ရှိခိုးရင်း သည်းထန်စွာ ငိုကြွေးလိုက်သည်။
" ဘာဖြစ်လို့လဲ ညီလေး ဦးဖေဆိုင်နဲ့ ဒေါ်ငွေ တို့က ရိုက်လို့လား "
မခင်ရွှေက မတ်တတ်ရပ်နေရာမှ ထိုင်ချလိုက်ကာ သူ့ခြေကို ဖက်ငိုနေသော မေစမ်းမြိုင်ကို ကြင်နာစွာ ဖက်ပြီး မေးသည်။
မေစမ်းမြိုင်က မခင်ရွှေမျက်နှာကို မျက်ရည်ပြည့်သော မျက်လုံးဖြင့် မော်ကြည့်လိုက်ကာ ဦးခေါင်း ခါပြသည်။
" မမ ပြောတာ ညီမလေး ၀မ်းမသာဘူးလား "
မခင်ရွှေက မေးသည်။
မေစမ်းမြိုင်သည် မျက်ရည်ဖြိုင်ဖြိုင်ကျလျက်က ဦးခေါင်းကို ခါပြလိုက်သောအခါ မခင်ရွှေသည် များစွာ အံ့အားသင့် သွားတော့၏။ ဤ ၀ဋ်ဒုက္ခမှ အလွန်အမင်း ကျွတ်လွတ်လိုသော မေစမ်းမြိုင်လေးသည် ယခု သူ့ဘ၀ အဖို့ စိတ်ချမ်းသာမှုရတော့မည့် အချိန်အခါရောက်မှ ၀မ်းမသာ ဘူးဆိုသည်ကို မခင်ရွှေက မစဉ်းစား တတ်အောင် ပင် ဖြစ်တော့သည်။
မေစမ်းမြိုင်က သူ စာရေးပြမည်ဖြစ်ကြောင်း။ လက်ဟန်ဖြင့် ပြောသည်။ မခင်ရွှေက နားလည်သည့် မျက်နှာ ဖြင့် ဦးခေါင်းကို ညိတ်ပြလိုက်သောအခါ မေစမ်းမြိုင်သည် မျက်ရည်ကျလျက်က သူ့အခန်း ရှိရာသို့ ပြန်ထွက် သွားသည်။
မခင်ရွှေသည် သူ့အနားမှ ထွက်သွားသော မေစမ်းမြိုင်ကို ကြည့်နေပြီးမှ မေးမြန်းနေရန် အချိန် ကလည်း မရှိ သောကြောင့် ကျောင်းသို့ထွက်လာခဲ့၇သည်။
ကျောင်းမှာ အစည်းအဝေးတွင် ပြောဆို ရေးမှတ်နေရသော်လည်း စိတ်ကို မနည်းချုပ်နေရသည်။
မခင်ရွှေ ၏ စိတ်သည် အခါများစွာ ကျောင်းအစည်းအဝေးခန်းထဲမှ ထွက်ခွာပြီး အိမ်ပြန်ရောက်ကာ။ မေစမ်းမြိုင် ကို စိတ်ထဲမှာ စွဲနေသည်။
ထိုအခိုက် အစည်းအဝေးခန်းထဲမှ လူတွေ ထိတ်လန့်တကြားအော်သံကြောင့် အစည်းအဝေးနှင့် ပတ်သက် သော စာကို ရေးမှတ်နေသည့် မခင်ရွှေသည် စာငုံ့ရေးနေသည့် ဦးခေါင်းကို မော့ကြည့် လိုက်သည်။ စိတ်ထဲ ကမူ -" ဘာဖြစ်ကြတာပါလိမ့် "ဟု တွေးမိ၏။
" ဟိုမှာ ဆရာမ။ ဆရာမနေတဲ့အိမ် မီးလောင်နေပြီ "
တစ်ယောက်တစ်ခွန်း အော်ဟစ်ပြောသံကြောင့် စာသင်ကျောင်းမှ ကောင်းကောင်း လှမ်းမြင်နေရသော မေစမ်းမြိုင်ရှိနေသည့် အိမ်ကို မခင်ရွှေက ထိတ်ထိတ်ပျာပျာဖြင့် ကြည့်လိုက် သည်။
သစ်ပင် တွေ ပြုန်းတီးကုန်ပြီဖြစ်၍ ရေပြာအိုင်ရွာက စမ်းမြိုင်ခြံပျက်ကြီးလို ဖြစ်နေသော ခြံကြီးထဲရှိ မခင်ရွှေနေသော အိမ်ကြီးသည် မီးခိုး၊ မီးတောက် မီးလျှံများ ဖုံးနေသည်ကို တွေ့ရသည်။
မီးငြှိမ်းသတ်ရန် လူတွေ ပြေးလွှားကြသည်။ ကျောင်းခန်းထဲမှာ စည်းဝေးနေကြသော လူတွေသည် အစည်းအဝေး ကို မဆက်နိုင်တော့ဘဲ မီးလောင်သည့်နေရာသို့ ကူညီရန် ပြေးကြသည်။
" ဆရာမ၊ ဘာဖြစ်လို့ ကြောင်ကြည့်နေတာလဲ ဆရာမ ပစ္စည်းတွေ ပါကုန်ရောပေါ့ "
ကြောင်ကြည့်နေမိသော မခင်ရွှေကို လူတစ်ယောက်က ပြောပြောဆိုဆိုဖြင့် ကျောင်းခန်းထဲက ထွက်ပြေး သွားသည်။ ထိုအခါ အံ့အားသင့်သလို ဖြစ်နေသော မခင်ရွှေသည် မီးလောင်နေသော အိမ်ကြီးရှိရာသို့ ပြေးလာခဲ့သည်။
မခင်ရွှေ ၏ ပစ္စည်းသည် များများစားစားရှိသည်မဟုတ်၊ အ၀တ်အစား ထည့်သည့် လက်ဆွဲသေတ္တာ တစ်လုံး၊ အိပ်ရာလိပ် တစ်ခုနှင့် သနပ်ခါး၊ ကျောက်ပြင်၊ ဘီး၊ မှန်နှင့်ရေခွက်၊ ဆပ်ပြာခွက် ထည့် ထားသည့် ကြိမ်လက်ဆွဲခြင်း ခပ်ကြီးကြီးတစ်လုံးသာဖြစ်သည်။
မခင်ရွှေ သည် သူ့ပစ္စည်းကို စိတ်မစော၊ ဒုက္ခိတမလေး မေစမ်းမြိုင်ကိုသာ စိတ်စောနေမိသည်။
" ကောင်မလေး အချိန်မီ မီးထဲက ထွက်နိုင်ပါ့မလား။ အော်ဟစ်နိုင်တာလည်း မဟုတ်ဘူး။ အိမ်ထဲမှာ ပိတ်မိ ကျန်ခဲ့ရင် ဘယ်သူမှ သိမှာမဟုတ်ဘူး။ မသေသင့်ဘဲ သေရှာတော့မယ် "
ဟူသော အတွေးဖြင့် လျင်မြန်စွာ ပြေးလာခဲ့သည်။
ဝိုင်းအုံရောက်လာာကသည့် လူတွေက ဖြစ်သည့်နည်းဖြင့် မီးကို ငြှိမ်းသတ်နေကြသည်။ သစ်ကိုင်း တွေဖြင့် ရိုက်ချ ကြသည်။ မြေကြီး တွေ သဲတွေဖြင့် ကျုံးပက်ကြသည်။
" ရေနဲ့ပက်ကြပါဟ"
အော်သူက အော်ကြသည်။
" ဘယ်လိုလုပ် ခပ်မှာလဲ၊ စက်သီးရော ရေပုန်းရော။ ကြိုးရော အားလုံး ရေတွင်းထဲ ပြုတ်ကျသွား ပြီ"
ပြန်အော်သူက အော်သည်။
အနီးဆုံးနေရာမှာ ရှိနေသည့် စာသင်ကျောင်းဝင်းထဲသို့ ပြေးကာ ရေပုန်းဖြင့် ရေခပ်သူက ပြေးခပ် သည်။ သို့သော် မျက်စိအောက်မှာပင် ငြှိမ်းသတ်ရင်းဖြင့် အိမ်ကြီးသည် အဟုန်ပြင်းစွာ တောက် လောင်နေသော မီးထဲ မှာ ပြာကျသွားသည်။
လူတွေ ၀ိုင်းအုံနေကြသည့် အထဲတွင် ဦးဖေဆိုင်၊ ဒေါ်ငွေနှင့် မေစမ်းမြိုင်တို့ကို တစ်ယောက်မျှ မတွေ့ရသည်ကို မခင်ရွှေနှင့်တကွ အားလုံးက သတိထားမိလာကြသည်။ ထို့ကြောင့် ဤအိမ်ပေါ် နေသူများ ထဲက မခင်ရွှေ တစ်ယောက်သာရှိနေပြီး ကျန်လူသုံးယောက်ကို ရှာမတွေ့ဘဲ ဖြစ်နေ သောအခါ လူတွေ သည် ထင်ကြေးအမျိုးမျိုး ပေးနေကြသည်။
လောင်ကျွမ်းသွားသော အိမ်ကြီးနှင့် တော်တော်ဝေးသည့် တစ်နေရာ၊ နွယ်တွေဖုံးနေသည့် ချုံကြီး ဘေးတွင် မခင်ရွှေ လက်ဆွဲသေတ္တာကို နေရာမပျက် ပိတ်ရက်သား ပြန်တွေ့ကြရသောအခါ လူ တွေသည် များစွာ အံ့သြ ကြတော့သည်။ မခင်ရွှေ ကိုယ်တိုင်ပင် မစဉ်းစားတတ်အောင် ဖြစ်မိတော့ သည်။
မေစမ်းမြိုင်သည် တမင်ပင် ကြိုတင်စီမံချက်ဖြင့် မခင်ရွှေ၏ လက်ဆွဲသေတ္တာကို ဘေးလွတ်ကင်းရာ ပို့ထားလိုက်ပြီးမှ အိမ်ကြီးကို ရှို့လေသလား။ ဦးဖေဆိုင်နှင့် ဒေါ်ငွေတို့အနေဖြင့် မည်သည့်နည်းနှင့် မျှ အဆုံးမခံ၊ မီးရှို့မည်မဟုတ်ဟု မခင်ရွှေက တွေးမိသော်လည်း မေစမ်းမြိုင်တို့ မိသားစု၏ ဘ၀ဖြစ်စဉ်ကို လူသိသွားမည်စိုးသည့်အတွက် မည်သည့် ထင်မြင်ချက်မျှ မပေးဘဲ တပည့်လေး တစ်ယောက် ယူပေးသည့် လက်ဆွဲ သေတ္တာကိုသာ ကျောင်းမှာ သွားထားရန် ပြောလိုက်ရသည်။
သေချာစွာ မီးငြိမ်းသွားသောအခါမှ သက်ဆိုင်ရာ တာဝန်ရှိသူတွေက မီးလောင်မြေကို စစ်ဆေးရှာ ဖွေကြည့်ကြသည်။ ထိုအခါမှ မီးလောင်ကျွမ်းနေသည့် လူရိုးတွေကိုသာ တွေ့ကြရသည်။ ထိုအခါမှ ဦးဖေဆိုင်၊ ဒေါ်ငွေနှင့် မစမ်းမြိုင်တို့ ပျောက်ကွယ်နေခြင်း အဓိပ္ပာယ်ပေါ်လာကြတော့သည်။
သစ်ပင်တွေ ပြုန်းတီးပြီး ပျက်စီးနေသော ခြံပျက်ကြီးထဲက မီးလောင်ပြင်ကြီးသည် မြင်ရသူအဖို့ ကြေ ကွဲစရာပင် ကောင်းသေးတော့သည်။ ကျောင်းနှင့် အနီးကပ်ဆုံးဖြစ်သော နေရာမှာ မီးလောင် လိုက်သည့်အတွက် ပြေးလွှားကြ၊ မီးသတ်ကြ၊ ထိတ်လန့်တကြား ဖြစ်ကြသဖြင့် အစည်းအဝေးသည်လည်း ပျက်သွားလေသည်။ နောက်နေ့မှ အစည်းအဝေး ပြန်စရန် ဆုံးဖြတ် လိုက်ကြသည်။
နေလက်စ နေရာ ပျောက်သွားသည့် မခင်ရွှေသည် သူ့အတွက် ကျောင်းအုပ်ဆရာကြီး ရှာပေးထား သည့်အိမ် ကို အဆင်သင့် ပြောင်းနေလိုက်သောကြောင့် နေထိုင်ရေးမှာ ကသီလင်တ မဖြစ်၊ မီး လောင်ရာမှာ ပါသွားသည့် သူ့ပစ္စည်းကလည်း တန်ဖိုးရှိသည့်ပစ္စည်းမဟုတ်။
သူချမ်းသာသရွေ့ ထည့်သိုထားသည့် လက်ဆွဲသေတ္တာထဲမှာ သူပအ၀တ်တွေအားလုံး မဆုံးမရှုံး ရှိနေသည်။ သူစုဆောင်းထားသည့် ငွေကြေးလည်း တစ်ပြားမျှ မပျောက်မပျက်ရှိနေသည်။ ထို့ကြောင့် မခင်ရွှေအနေဖြင့် မည်သို့မျှ ထိခိုက်မှုမရှိသော်လည်း မေစမ်းမြိုင်အတွက်ကိုမူ မခင်ရွှေ သည်စိတ်ထဲမှာ တော်တော် ထိခိုက်လိုက်သည်။
မခင်ရွှေသည် သူ အသစ်နေထိုင်ရမည့် အိမ်သို့ ပြောင်းရွှေ့ရောက်လာသောအခါ စိတ်ထဲမှာ မကောင်းလွန်း သောကြောင့် အိမ်ရှင်က ပြင်ကျွေးသည့် ညနေစာထမင်းကိုပင် လုံးဝ မစားတော့ဘဲ သူ့အတွက် ပေးထားသည့် အခန်းထဲသို့ တန်းဝင်လာခဲ့သည်။ သူ့လက်ဆွဲသေတ္တာကို တစ်ယောက် အိပ်ကုတင် ပေါ်တွင်ချကာ သေတ္တာကိုမှီပြီး ခြေဆင်းထိုင်လိုက်သည်။
သူ့အိပ်ရာခင်းမှာ မီးထဲပါသွားပြီဖြစ်သည်။ ယခု နေထိုင်ရမည့် အိမ်သည် မေစမ်းမြိုင်တို့အိမ်မှာလို အိမ်ထောင်ပရိဘောဂ ဘာတစ်ခုမျှ မရှိဘဲ ကြမ်းပြင်ပေါ်မှာသာ အိပ်ရမည့် အိမ်မျိုးပင်ဖြစ်သည်။
သူ့အတွက် ပေးထားသည့်အခန်းထဲမှာ တစ်ယောက်အိပ် အိပ်ရာလေး ပြင်ပေးထားသည်။ မခင်ရွှေ၏ ပစ္စည်းတချို့ မီးလောင်သည့် အထဲမှာ အိပ်ရာပါသွားောကာင်း သိသဖြင့် ယာယီအိပ်ရာ အဖြစ် ပြင်ဆင်ပေးထားရာ သင်ဖြူးဖျာ ချောချောတစ်ချပ်၊ ခေါင်းအုံးတစ်လုံး၊ ချည်စောင်တစ်ထည်၊ ခြင်ထောင်တစ်လုံး ရှိနေသည်။
မခင်ရွှေသည် သေတ္တာကို မှီထိုင်ရင်း မေစမ်းမြိုင်အကြောင်းကို စဉ်းစားနေရာမှ မီးမလောင်မီ တစ်နေ့က သူ့ဘ၀ ကောင်းရာကောင်းကြောင်းဖြစ်တော့မည်ဟု ပြောသည်ကို ၀မ်းမသာနိုင်ဘဲ မခင်ရွှေခြေကို ဖက်ကာ ရှိုက်ကြီးတငင် ငိုခဲ့သည်ကိုလည်းကောင်း၊ သူ ဘာဖြစ်သည်ကို စာရေးပြမည်ဟု အမှတ်သညာ ပြုခဲ့သည် ကို လည်းကောင်း၊ တစ်အိမ်လုံး မီးလောင်ကုန်ပါလျက်နှင့် မခင်ရွှေ၏ လက်ဆွဲသေတ္တာ တစ်လုံးသာလျှင် ဘေးကင်း ရန်ကင်း ပြန်ရသည်ကို လည်းကောင်း မခင်ရွှေသည် စဉ်းစားမရအောင် ဖြစ်နေသည်။
လက်ဆွဲသေတ္တာတစ်လုံးနှင့် ပတ်သက်ပြီး လူတွေက အံ့ာသကြသော်လည်း မခင်ရွှေအပေါ်မှာ မည်သူမျှ သံသယမဖြစ်ကြချေ။
သံသယ ဖြစ်စရာ အကြောင်းကလည်း ဘာမျှ မရှိခဲ့။
သတင်းစကားတစ်ခုတော့ ရလိုက်သည်။ မီးမလောင်မီက ဦးဖေဆိုင်နှင့် ဒေါ်ငွေတို့ထံ ထင်း ၀ယ်ထားသူ တစ်ယောက်က ထင်းဖိုးငွေနှင့်ပတ်သက်ပြီး ပြောစရာရှိ၍ သွားခဲ့ကြောင်း။ ထိုအခါ အိမ်ကြီးပေါ်မှ မေစမ်းမြိုင် ၏ ကြေကွဲဝမ်းနည်းစွာ ငိုကြွေးသံ။ ဦးဖေဆိုင် နှင့် ဒေါ်ငွေတို့ တစ်ယောက် တစ်ခွန်း ကြိမ်းမောင်းသံ နှင့် ရိုက်နှက်သည့် အသံမျိုးလို ကြားခဲ့ရသည်။
ထို့ကြောင့် ထင်းဖိုးငွေ စကားပြောစရာရှိသူသည် အိမ်ပေါ်မတက်ဘဲ ပြန်လာခဲ့သည်ဟူသော သတင်းစကား ပင် ဖြစ်သည်။
သို့ဖြစ်လျှင် မေစမ်းမြိုင်သည် စိတ်နာနာဖြင့် မီးရှို့လိုက်လေသလားဟု တွေးလိုက်မိသည်။
သို့သော် ထိုအတွေးသည် မဖြစ်နိုင်ပေ။ သီးဖေဆိုင်နှင့် ဒေါ်ငွေနှစ်ယောက်စလုံးရှိနေပါလျက်နှင့် မေစမ်းမြိုင် ထိုသို့ မည်သည့်နည်းနှင့်မျှ လုပ်နိုင်မည် မဟုတ်ပေ။
မခင်ရွှေ သည် စိတ်မကောင်းစွာ တွေးနေရာမှ အ၀တ်လဲရန် ထလိုက်သည်။ သူ့သေတ္တာကို ဖွင့်မည် ဟု ကိုင်လိုက်သောအခါ သေတ္တာအပြင်ဘက်ဘေးတွင် ဇစ်တပ်ထားသော အိတ်ကပ်လေးကို မျက်လုံးက ရောက် သွားသည်။
ထို အိတ်ကပ်လေးထဲမှာ အဖိုးတန် ပစ္စည်းမရှိ။ လိုလျှင် ရစေရန် စာအိတ်အလွတ်။ စာရေးစက္ကူ ကတ်တစ်ခု နှင့် တံဆိပ်ခေါင်းငါးလုံးသာ ရှိသည်။
ထို အိတ်ကပ်လေးဇစ်ကို မခင်ရွှေ ဖွင့်ခဲ့သည်။
ထို့ကြောင့် ထိုအိတ်ကပ်လေးသည် အစဉ်ပိတ်လျက် ရှိနေသည်။ ယခု ထိုအိတ်ကပ်လေး၏ ဇစ် သည် တစ်ဝက်ပွင့်လျက် ရှိနေသည်ကို မခင်ရွှေ မြင်ရသည်။
သို့သော် အထွေအထူး မထင်။ မီးလောင်သည့် အိမ်ပေါ်မှ တစ်စုံတစ်ဦးက ကပျာကသီ ဆွဲယူ ပစ် ချလိုက် သည့် အတွက် ထိခိုက်မိပြီး ပွင့်နေခြင်းသာ ဖြစ်မည်ဟု မခင်ရွှေက ပေါ့ပေါ့တွေးကာ ဇစ်ကို ပြန်ပိတ်ရန် ဆွဲလိုက်သည်။
သို့သော် ဇစ်သည် အိတ်အတွင်းက တစ်စုံတစ်ခုက ခံနေဟန်ဖြင့် ဆွဲမရဘဲ ဖြစ်နေသည့်အတွက် မခင်ရွှေက အိတ်ထဲ ကို လက်ဖြင့် နှိုက်စမ်းလိုက်သောအခါ ဇစ်သွားလမ်းကြောင်းတွင် ဗလာစာအုပ် တစ်အုပ်အဖုံးက ခံနေကြောင်း သိရသည်။ ထို့ကြောင့် -
" ဒီ အိတ်ထဲကို ဗလာစာအုပ် ဘယ်အခါကမှ မထည့်ခဲ့ဘူး ဘယ်တုန်းက ရောက်နေပါလိမ့် "
ဟု တွေးကာ ဆွဲထုတ်လိုက်သည်။
အပြင်ဘက် ကို စာအုပ်ရောက်သောအခါမှ ထိုစာအုပ်သည် မေစမ်းမြိုင်ကို ပေးထားခဲ့သည့် စာအုပ် ဖြစ်ကြောင်း သိရသည်။ စာအုပ်အကြားတွင် မေစမ်းမြိုင်ကို သူပေးထားခဲ့သည့် ခဲတံလေးက ညှပ် လျက်သားရှိနေသည်။
စာအုပ်အဖုံးပေါ်တွင်မူ
ကျေးဇူးရှင်မမသို့
ဟူသော စာလေးကို ရေးထားသည်။
မခင်ရွှေသည် နေ့လယ်က မေစမ်းမြိုင်မီးထဲပါ သေဆုံးခဲ့ကြောင်းကို သေချာစွာ သိခဲ့ရသဖြင့် စိတ်ထဲမှာ များစွာ ထိခိုက်ခြင်းဖြစ်ရသည် မှန်သော်လည်း စိတ်ခိုင်သောသူဖြစ်၍ မျက်ရည်မကျခဲ့ပေ။
ယခု သွားလေသူ၏ လက်ရေးလေးကို မြင်လိုက်ရသောအခါ ရင်ထဲမှာ ဆို့သွားသည်။ ငိုမည်ဟု မရည်ရွယ် ဘဲလျက် နှင့် စိတ်ထဲမှာ လှိုက်လှဲသော ကြေကွဲဝမ်းနည်းခြင်းဖြင့် မျက်ရည်ကျမိသည်။
သူ ဘာဖြစ်သည်ကို စာရေးပြမည်ဟု အမှတ်အသား လုပ်သွားသည်ကို ပြန်သတိရလိုက်သောအခါ သိလိုသော စိတ်ဇောကြောင့် အ၀တ်လဲမည်ဟူသော စိတ်ကူးပျောက်သွားသည်။ စာအုပ်ကိုဖွင့်ကာ စိတ်ဝင်စားစွာ ဖတ်လိုက်သည်။
ကျေးဇူးရှင် မမရှင့် -
ကျွန်မ ခံစားနေရတဲ့ ဒုက္ခဆင်းရဲက လွတ်အောင် ကယ်တင်ဖို့ ကြိုးစားတဲ့ မမစေတနာကို ဒီဘ၀ မှာ ကျေးဇူးမဆပ်နိုင်သော်လည်း နောင်ဘ၀တွေမှာ ကြုံကြိုက်တွေ့ဆုံပြီး ကျေးဇူးဆပ်နိုင်ပါစေလို့ ဆု တောင်း သွားပါတယ် မမ။
မမရဲ့ ကယ်တင်မှုကို ကျွန်မ စိတ်ဇောကြီးစွာနဲ့ စောင့်နေခဲ့ပါတယ်။ ဒါပေမယ့် ကုသိုလ်ကံ နည်းပါး လွန်းတဲ့ ကျွန်မ ကို မမ ကယ်တင်ဖို့ရာ အခွင့်မရှိတော့ပါဘူး။ မမ ကယ်တင်မယ့် အချိန်ကို စောင့်နေ ရင်လည်း ကျွန်မ ကို အကြောင်းပြုပြီး မမ ဒုက္ခတွေ့ရတော့မယ်၊ ဘာကြောင့်လဲဆိုတော့ ဟိုလူယုတ်မာ ဖေဆိုင် ကြောင့် ဖြစ်တယ် မမ။
မမ အနေနဲ့ မြို့ထဲမှာ ပြောင်းနေရင် ဖြစ်နိုင်ရက်သားနဲ့ ကျွန်မကို ငဲ့ပြီး မမ ဇွတ်မှိတ်နေတယ် ဆိုတာကို ကျွန်မ ရိပ်မိပါတယ်။
မမက ကျောင်းအစည်းအဝေးပြီးရင် ခွင့်ယူ၊ ရေပြာအိုင်ကို သွားမယ်လို့ ပြောတဲ့နေ့က ကျွန်မဘာ ကြောင့် ၀မ်းမသာ နိုင်ဘဲ ငိုရတယ်ဆုတာကို စာရေးပြရင် မမကတော့ ယုံမှာပါ။ အခြားလူတွေသာဆိုရင် အရူးပီပီ တွေ့ကရာ တွေ ရေးတယ်လို့ ဆိုကြမှာပဲ။
ကျွန်မ အမေကို နှိပ်စက်၊ ကျွန်မကို နှိပ်စက်နေကြတဲ့ လူယုတ်မာ လင်မယား ဖေဆိုင်နဲ့ မငွေတို့ မမ အပေါ် မှာ ယုတ်ယုတ်မာမာ ကြံစည်နေကြတာကို သိရလို့၊ ကျွန်မ ငိုရတာပါ။
သူတို့ အနေနဲ့ ပေါ့ပေါ့နေ ပေါ့ပေါ့စားလာခဲ့ကြတာက ကြာတော့ အလုပ်ပင်ပင်ပန်းပန်း လုပ်မစား ချင်ကြတော့ဘူး မမ။ ပတ္တမြားကို ရဖို့ကလည်း မျှော်လင့်ချက် မရှိသလောက်ဖြစ်နေတာ သူတို့ စဉ်းစား မိပါလိမ့်မယ်။
ဒီတော့ အလုပ်မလုပ်ဘဲ ထိုင်စားနေနိုင်အောင် သူတို့က ကြံကြပြီ။
ဘယ်လို ကြံလဲဆိုတော့၊ မမကို ဖေဆိုင်ဆိုတဲ့ လူယုတ်မာကြီးက အပိုင်စီးမယ်တဲ့လေ။ သူ အပိုင်စီး ကျင့်ကြံ တာ ခံလိုက်ရတဲ့ မမအနေ နဲ့ ဘယ်နည်းနဲ့မှ လူသိခံဝံ့မှာ မဟုတ်ဘူး။ ရှက်ပြီး မြုံနေမှာပဲ။ ဒီတော့ သူ့မယား ဖြစ်ပြီ ဆိုတာ ကို လူသိမခံချင်ရင်၊ မမရတဲ့လခ ကို သူတို့လက်ထဲ အကုန်အပ်။
တကယ်လို့ မမက နှုတ်ဆိတ်မနေဘဲ သက်ဆိုင်ရာကို တိုင်ကြားမယ်ဆိုရင် ဒေါ်ငွေက သူ့လင်မှာ အပြစ် မရှိကြောင်း၊ မမက သူ့ လင်ကို ခိုးပြီး မယားငယ်ခံနေတာ ကြာပြီဖြစ်ကြောင်း၊ အခုမှ မမ နောက်ယောက်ျား လိုချင် လို့ သူ့လင်ကို အပြစ်ရှာလီဆယ်တိုင်ကြားခြင်း ဖြစ်ကြောင်းကို မဟုတ်သေချာလုပ်ကြံပြောပြီး အရှက်ခွဲ မယ်ပေါ့။
သူတို့လင်မယား နှစ်ယောက် အခုလို ပိုင်ပိုင် ကြံလိုက်ရင် မမ ဘယ်နည်းနဲ့မဆို အရှုံးပေးပြီး မြံနေရ တော့မယ် လို့ တွက်ကြတယ်။
အဲဒီတော့ ကျွန်မ စဉ်းစားမိပါတယ် မမ။ ကျွန်မကို ကယ်တင်လိုတဲ့ စေတနာနဲ့ ဒီအိမ်ပေါ်မှာ ကြာရှည် ဆက်နေ ရင် မမ ဘ၀အဖို့ အညွန့်ကျိုးတော့မယ်။ သူတို့ကတော့ ဒီအတိုင်း ကြံနေကြတာ၊ သူတို့အိမ်ပေါ်မှာ မနေတော့ ဘဲ လွတ်ရာလွတ်ကြောင်းကို မမထွက်သွားရင်လည်း သူတို့ ဒီအတိုင်း ပြောမယ်လို့ တိုင်ပင် ကြတယ်။
အချုပ် ကတော့ မမ လူသိမခံဝံ့တဲ့၊ အရှက်ကိုငဲ့ပြီး သူတို့ကို တစ်သက်လုံး လုပ်ကျွေးသွားဆိုတဲ့ သဘော မျိုးပေါ့။
သူတို့ ယုတ်ယုတ်မာမာ တိုင်ပင်နေကြတာကို ကျွန်မ ချောင်းနားထောင်လို့ အားလုံး သိလိုက်ရတော့ -
မမ က ဒီအိမ်ပေါ်က ပြောင်းရွှေ့သွားသည့်တိုင်အောင် သူတို့က မမကို မစားရတဲ့အမဲ သဲနဲ့ပက်တဲ့ သဘောမျိုး ထားပြီး အကျိုးယုတ် အရှက်ကွဲအောင် ပြောကြရင် မမ အနေနဲ့ တစ်သက်လုံး ကောင်း နိုင်ပါ တော့မလား။ ကျွန်မကို ငဲ့မိလို့ မမအတွက် အခုလို လူယုတ်မာ လင်မယားက မကောင်းကြံ တာကို ကျွန်မ ကယ်မယ် မမ။
ကျွန်မ အနေနဲ့လည်း လူ့ပြည်လောကမှာ နေလိုတဲ့ စိတ်လည်း မရှိတော့ပါဘူး မမရယ်၊ ကိုယ့်ဘ၀ကို ငြီးငွေ့လာတာတစ်ကြောင်း၊ လွန်ခဲ့တဲ့ နှစ်ရက်ကစပြီး အမေ့ကိုချည်း မျက်လုံးထဲမှာ မြင်နေတယ်၊ အမေ နဲ့ လိုက်နေချင် တဲ့ စိတ်က အလိုလို ပြင်းပြင်းထန်ထန် ပေါ်နေတယ် မမ။
ကျွန်မအပေါ် မှာ စေတနာ မွန်မြတ်လွန်းတဲ့ မမရဲ့ နာမည်သိက္ခာကို ကျွန်မ အသက်နဲ့လဲပြီး ကာကွယ် ခြင်းဖြင့် ကျွန်မအပေါ်မှာ မမထားခဲ့တဲ့ စေတနာ၊ မေတ္တာ၊ ကျေးဇူးကို တတ်နိုင်သလောက် ဆပ်ခဲ့ပါတယ် မမ။ ကျွန်မ မရှိတော့တဲ့နောက် မိဘများရဲ့ ဆွေမျိုးများရှိရာ နေရာ ရေပြာအိုင်ကို မမ ရောက်ခဲ့သည်ရှိသော် မမ ပြောပြခဲ့တဲ့ ကျွန်မရဲ့ အနီးကပ်ဆုံး ဆွေမျိုးဖြစ် တဲ့ ကိုကိုစိန်းမောင် ဆိုတာကို ကျွန်မတို့ မိသားစု ဘ၀ဖြစ်စဉ် တွေ ပြောပြပါ မမရယ်။ စေတီဟောင်း နေရာကို တတ်နိုင်သမ ပြုပြင်ကိုးကွယ်ပါလို့။
ဒီစာကို ကျွန်မရေးပြီး မမသေတ္တာရဲ့ ဘေးအိတ်လေးထဲမှာ ထည့်ထားခဲ့ပါမယ်၊ မမကို နောက်ဆံး ကန်တော့သွားပါတယ် မမ။
မေစမ်းမြိုင်စာက ဤနေရာမှာ ဆုံးသွားလေသည်။ သူ သံယောဇဉ်ကြီးသလောက် ခင်မင်တွယ်တာ လျက် နှင့် စိတ်မကောင်းစရာအကြောင်းပေါ်ကာ ခွဲခွာလာခဲ့ရသော ရေပြာအိုင်ရွာကို မေ့ပျောက်ထား ခဲ့ပါလျက် နှင့် ရေပြာအိုင်ရွာ၏ အဆက်အနွယ်ကို ထူးဆန်းစွာ ကြုံကြိုက်တိုက်ဆိုင် တွေ့လိုက်ရပြန်သည်။
တွေ့ကြုံရပြန်တော့လည်း စိတ်မကောင်းစရာပင်ဖြစ်နေသည်။ မခင်ရွှေသည် စာကို သေတ္တာဘေး အိတ်ကပ်လေး ထဲ ပြန်ထိုးထည့်လိုက်သည်။ သေတ္တာကို ဖွင့်ချင်သောစိတ် မရှိတော့ချေ။ အ၀တ်လဲ လိုသော စိတ်လည်း မရှိတော့ချေ။
မေစမ်းမြိုင် သည် ဤစာကို မရေးမီကပင် တစ်စုံတစ်ခုကို စွန့်စွန့်စားစားလုပ်ရန် စိတ်ကိုဆုံးဖြတ်ပြီး ဖြစ်ပေမည်။ ထို့ကြောင့် စာကိုရေးသည်။ မခင်ရွှေ၏ သေတ္တာဘေးအိတ်ကပ်လေးထဲထည့်သည်။ ထို့နောက် သေတ္တာကို ခြံထဲမှာ သွားထားခြင်းဖြစ်မည်။ ဦးဖေဆိုင်နှင့် ဒေါ်ငွေကို မည်သည့်နည်းဖြင့် နိုင်နင်းအောင် စီမံ လိုက်သနည်း။ တစ်ခုတော့ရှိသည်။ ဦးဖေဆိုင်နှင့် ဒေါ်ငွေတို့သည် နံနက်စာ စား သောက်ပြီးသည့်အခါ နေ့စဉ် မဟုတ်သော်လည်း များသောအားဖြင့် ထမင်းလုံးစီ အိပ်စက်လေ့ရှိကြ သည်။
ဦးဖေဆိုင်နှင့် ဒေါ်ငွေတို့ အိပ်နေစဉ် မီးဖိုဆောင်ထဲမှာရှိနေသော ရေနံဆီကို ယူလောင်းပြီး မီးရှီု့ လိုက်ခြင်းဖြစ်မည်ဟု မခင်ရွှေကတွေးသည်။ သို့ဖြစ်လျှင် ဦးဖေဆိုင်နှင့် ဒေါ်ငွေတို့ကို သေချာပေါက် နိုင်နင်း ထားပါလျက် နှင့် မေစမ်းမြိုင် အဘယ်ကြောင့် ကိုယ်လွတ်ဆင်းမပြေးနိုင်ရသနည်း။ ရေနံဆီ လောင်းမီးရှို့နေစဉ် မှာ ဦးဖေဆိုင်နှင့်ဒေါ်ငွေ နိုးလာပြီး သူတို့ မလွတ်သည့် အတူတူ မေစမ်းမြိုင်ကိုပါ ဆွဲထား လိုက်သည် ထင်သည်။
သို့သော် မေစမ်းမြိုင်စာထဲတွင် သူ့ဘ၀ကို ငြီးငွေ့သည်။ သူ့မိခင်ကိုချည်း မြင်နေသည်။ သူ့မိခင် နောက်ကို လိုက်ချင်နေသည်ဟူသော အချက်ပါနေသည်။ သူ့ဘ၀ကိုလည်း အဆုံးသတ်လိုခြင်း၊ ဦးဖေဆိုင် တို့ကို လက်စားချေ ရာလည်းရောက်၊ မခင်ရွှေကို ကျေးဇူးဆပ်ရာလည်းရောက်အောင် ပြု လုပ်သွားခြင်းလား။ ရေပြာအိုင် နှင့် ပတ်သက်လာလျှင် မခင်ရွှေသည်တွေး၍ ဥာဏ်မမီနိုင်တော့ချေ။ မည်သို့ပင်ဖြစ်စေ မခင်ရွှေ သည် ယုတ်ယုတ်မာမာ ကြံစည်သော ဦးဖေဆိုင်တို့ ဇနီးမောင်နှံလက်ထဲက လက်မတင်လေး လွတ်မြောက်လာခဲ့ရသည့်အတွက် သွားလေသူ မေစမ်းမြိုင်၏ ကျေးဇူးကို မမေ့နိုင်အောင် ဖြစ်ရသည်။
ထို့ကြောင့် မေစမ်းမြိုင်အတွက် ရည်စူးသော အလှူဒါနလေး ပြုလုပ်ကာ အမျှဝေမည်ဟု စိတ်ထဲက စီစဉ်လိုက်ပြီး မိမိအတွက် ပေးထားသည့် အခန်းလေးကို သန့်ရှင်းအောင် ပြုပြင်နေလိုက်သည်။
-----------------------------------
ဆက်ရန်
.

4 comments:
ကျွန်တော်ထင်တာက...
မေစန်းမြိုင်မသေဘူး ထင်ပါတယ်။
အမရေ ကောင်းခန်းရောက်နေပြီ၊မေစမ်းမြိုင်လေးသနားစရာနော်။
နေ့တိုင်းဖတ်ဖြစ်တယ်အစ်မ
ကျေးဇူးပါနော်
မြစ်ကျိုးအင်း
ကြောက်စရာကြီးနော်... ဖတ်ရင်းနဲ့ ဘာကိုမှန်း မသိ တော်တော်လေး ထိတ်လန့်မိတာတော့ အမှန်ပဲ.... အပေါ်က ကိုအဖြူလေးပြောထားသလို မေစန်းမြိုင်က တကယ်မသေဘူးလားဟင်... ဒီလို လူတွေရော အိမ်ပါ မီးလောင်တာ ရဲတွေဘာတွေက အမှုလေးပါလားဖွင့် မစုံစမ်းကြဘူးလားဟင်... ဖြစ်စေချင်တာတွေ ပြောကြည့်တာပါ...
Post a Comment