ဂျေမီအက်စကာလန်တီ၊ ဂျင်မီနက်ဇ်နှင့် ဂါးဖီးလ် အထက်တန်းကျောင်း၏ အမာခံဆရာများသည် အကြို တက္ကသိုလ်တန်း ကို ပို၍တွန်းအားပေးကြသည်။ ကျောင်းသားများနှင့် ပို၍ပူးပူးကပ်ကပ် နေသည်။ မနက် စောစော လည်း အတူ၊ နေ့လယ်စာစားချိုန်တွင်လည်း ရောရောနှောနှော၊ ကျောင်းဆင်းချိန်တွင်လည်း တပူးတွဲတွဲ။ ဒါကို သူတို့ကလေးတွေ မသိကျိုးကျွန် ပြု၍မရတော့။
သူတို့ကလေးတွေ အပါအ၀င် သည်ရပ်ကွက် မှ ဆယ်ကျော်သက်တို့သည် လက်ကြောတင်း အောင် အလုပ် မလုပ်ချင်ကြ။ ရိုးသား ကြိုးစားမှု၏ တန်ဖိုးကို မြတ်နိုးရမှန် မသိကြ။
ကပြားကလေးများဖြစ်၍ အမေရိကန်တွင် အနှိမ်ခံရခြင်း လူတန်းစား ခွဲခံရခြင်း တို့ကြောင့်လည်း ဖြစ်နိုင်၏။
အက်စကာလန်တီလို သေကောင်ပေါင်းလဲ အလုပ်လုပ်သူနှင့် တွေ့တော့မှ သူတို့ ပြောင်းလဲလာ ကြခြင်း ဖြစ်သည်။
၁၉၈၃ ခုနှစ်တွင် ဒေလီယာဟိုရာ ဆိုသည့် ကောင်မလေးက သူ့သူငယ်ချင်း တစ်သိုက်ကို ပြော နေပုံ ကြည့်ပါ။
"ငါ ၀ါသနာပါလွန်းလို့ ဒီအတန်းတက်တယ် ထင်သလား တက်ပြီးမှ စိတ်ပါလာတာ။ ဆရာအပင် ပန်းခံပုံ၊ သင်ကြားပုံ အတန်းကို စေတနာထားပုံ တွေ့ရမှ အရမ်းကြိုးစားချင်စိတ် ပေါက်လာတာ" တဲ့လေ။
၁၉၈၃ ခုနှစ် စာမေးပွဲကို စာကြည့်တိုက်ထဲတွင် ဖြေကြားရသည်။ တစ်ယောက်နှင့်တစ်ယောက် အဝေးကြီး နေရာချပေးသည်။ စာမေးပွဲစောင့် နှစ်ယောကက် သူတို့ လှုပ်ရှားမှုကို တစ်ရံမလတ် စောင့်ကြပ် ကြည့်ရှု့ နေသည်။
နောက်နှစ်ပတ်အကြာတွင် အောင်စာရင်းထွက်သည်။ ဆရာအက်စကာလန်တီက အောင်စာရင်းကို ကြည့်ပြီး အရမ်းကျေနပ်နေ၏။ ကျောင်းသား ၃၃ယောက်တွင် ၃၀ အောင်သည်။ အမြင့်ဆုံးအဆင့် ငါးယောက် ပါသည်။ စာစစ်အဖွဲ့ ဘာပြောဦးမည်လဲ။ ဘစာမှမလာပါ။ ဂါးဖီးလ် အရည်အချင်းကို သက်သေ ထူနိုင်ခဲ့ခြင်းပင်။ ၁၉၈၃ ခုနှစ်တွင် ဂါးဖီးလ် အထက်တန်းကျောင်း၏ လှုပ်ရှားမှုတွေ ပိုသွက်လာသည်။ ကျောင်းအုပ်ကြီး ဂရက်ဒီလက်စ် လူသိနည်းလှသော ကျောင်း၏ တက္ကသိုလ်သင်တန်း၏ သမိုင်းကျောင်းကို ပြန် ပြောပြသည်။
ထိုစဉ်က သင်တန်းဌာနမှူးမှာ ဂျွန်ဘားနက်ဇ် ဖြစ်သည်။ စုလို့ရသမျှ ကျောင်းသားငါးယောက်ဖြင့် စတင် ဖွင့်လှစ် ခဲ့၏။ ဆရာဘားနက်ဇ်နှင့် အခြားဆရာများ၏ ကြိုးစားမှုကြောင့် ဇီဝဗေဒ၊ ပြင်သစ်ဘာသာ၊ စီမံ ခန့်ခွဲမှု့ နှင့် ကွန်ပျူတာသိပ္ပံ ဘာသာရပ်များဖြင့် စတင်ခဲ့သည်ဆို၏။
အဆောင်နံပါတ် (၂၀၀)တွင် အက်စကာလန်တီနှင့် ဂျင်မီနက်ဇ်တို့ သင်္ချာဘာသာကို ဘောင်ချဲ့ပြီး သင်ဖို့ ခေါင်းချင်းရိုက်ကြသည်။ အရှေ့ပိုင်း လော့စ်အိန်ဂျဲလိစ် ကောလိပ်တွင် နွေရာသီ နှစ်လသင်တန်း ဖွင့်ပြီး အတင်းတွန်းသင်မည်။ သင်္ချာညံ့ပြီး တီဗွီကြည့်လိုက်၊ အိပ်လိုက်စားလိုက်၊ ကစားလိုက်လုပ်နေသည့် ကျောင်းများ အတွက် ဖြစ်၏။
ကျောင်းထွက်သည့်နှုန်းက ဂါးဇီးလ်တွင် ဆက်လက်များပြားနေဆဲ။ သို့သော် စောင့်ဆိုင်းစာရင်းတွင် ကျောင်းပတ်ဝန်းကျင် ရပ်ကွက်များမှ ကလေး ၄၀၀ကျော် ရှိနေ၏။
ကျောင်းကောင်စီနှင့် ဆရာမိဘအသင်းက ဆရာကြီး၏ သုံးနှစ်အတွက် သင်္ချာတန်းများ၏ လိုအပ်ချက်ကို ထောက်ခံ အတည်ပြုသဖြင့် ၀ပ်ရှော့သင်တန်းနှင့် အိမ်တွင်းမှုစီးပွားရေး သင်တန်းများကို ၁၁၂ချိန်မှ ၄၂ချိန် သို့ လျှော့ချပစ်လိုက်သည်။
ဂါးမီးလ် အထက်တန်းကျောင်းမှ အကြိုတက္ကသိုလ် စာမေးပွဲဝင်သည့် ကျောင်းသားဦးရေမှာ ၁၉၈၃ ခုနှစ်တွင် ၇၇ယောက်မှာ ၁၉၈၄ ခုနှစ်တွင် ၁၂၂ယောက် ဖြစ်လာခဲ့သည်။ ကဲကုလ စာမေးပွဲတွင် ၃၄ယောက် မှ နှစ်ဆတိုးပြီး ၆၈ယောက်ဖြစ်လာသည်။ အောင်ချက်ရာနှုန်းက ၉၃။ တစ်နိုင်ငံလုံးအောင်ချက် ရာခိုင်နှုန်းမှာ ၇၆ ဖြစ်၏။
၁၉၈၃ ခုနှစ်တွင် ဂါးဖီးလ် အထက်တန်းကျောင်းက တစ်နိုင်ငံလုံးတွင် အကြိုတက္ကသိုလ်သင်တန်း အောင်ချက် အကောင်းဆုံးကျောင်းများ တန်းစီရာတွင် နံပါတ် ၅၄၄ ချိတ်ပြီး ၁၉၈၄ ခုနှစ်တွင် နံပါတ် ၁၅၀ ထိ တက်လာခဲ့သည်။
ဆရာကြီး ဟင်နရီဂရက်ဒီ လက်စ် အရှေ့ပိုင်းမှ နိုင်ငံခြားသားများအတွက် ဖွင့်ထားသည့် အထက်တန်း ကျောင်း များ အကြောင်းလေ့လာထားသည်။ ဘော့စတွန်မှ လက်တင်နှင့် နယူးယောက်မှ စတူဝီးဗီးဆင့် ကျောင်းများဖြစ်၏။ သည်ကျောင်းများတွင်လည်း မိမိတို့လိုပင် ပြဿနာပေါင်း သောင်းခြောက်ထောင် ဖြစ်သော်လည်း သက်ဆိုင်ရာ အကူအညီက အလျှံပယ်ရလေသည်။ ထို့ကြောင့် သူတို့ကျောင်းများမှ ကလေးတွေ ၏ ဘ၀ပေါင်းများစွာ ပြောင်းလဲပေးနိုင်ခြင်းဖြစ်သည်။ လူတော် လူကောင်းတွေ၊ ကမ္ဘာကျော် တွေ မွေးထုတ်နိုင်သည်။
ဂါးဖီးလ်ကကော ဘာကြောင့် သူတို့လို မတတ်နိုင်ရမှာလဲ။
ဆရာဟင်နရီဂရက်ဒီလက်စ် တက်ကြွသလောက် အခြားသူများက လိုက်ပြီး မတက်ကြွပေ။ အများစုက သည် ကလေးတွေ ကို အသာမျှောထားပြီးသည်အတိုင်း ကြည့်နေဖို့သာ ၀ိုင်းတိုက်တွန်းကြသည်။ သည် ဆရာကြီး ဗီဘာလီတောင်ကုန်း အထက်တန်းကျောင်း ဒုက္ခရောက်သွားသည့် သတင်းကို မကြား လေရော့ သလား။
နောက်ကွယ်တွင် အမျိုးမျိုး ဝေဖန်ကြသည်။
သည်ကလေးတွေ၏ မိဘပတ်ဝန်းကျင် အဆင့်အတန်း နိမ့်ကျကြောင်းကိုလည်း သူတို့ ထည့်တွက်ကြ၏။ ဆရာကြီး က ဒါတွေကို ဂရုမစိုက်။ အကြောင်းမဟုတ်၊ ဆန်းသည့်ကိစ္စမဟုတ်၊ သည်ပြဿနာမျိုး၊ အခက်အခဲ မျိုး ကို လူမည်းရပ့်ကွက်တွင်လည်း ရှိသည်။ လူဖြူရပ်ကွက်တွင်လည်း ရှိသည်။ စပိန်နွယ်ဖွားတို့တွင် ရှိသည်သာ သည်ပြဿနာတွေကြောင့် ကျောင်းကို သည်အတိုင်း လက်ပိုက်ကြည့်နေရတော့မှာလူား။ မိဘ တွေ၊ ကျောင်းသားတွေ အပြင် ဆရာတွေကိုပါ သဘောပေါက်လာအောင် မည်သို့ စည်းရုံးရပါမည်လဲ။
ဂျေမီမအက်စကာလန်တီက ဆရာကြီးနှင့် အမြင်ချင်းတူသည်။
"သည်ကလေးတွေရဲ့ စိတ်ဓာတ်ရေးရာပိုင်းကို မြှင့်တင်ပေးရမယ်။ ခပ်တင်းတင်း ကိုင်တွယ်ရမယ်။ သူတို့ကို နားချိန်များများပေးရင် တီဗီရှေ့မှာ အချိန်ကုန်ကြတယ်။ ကဲကုလ အောင်မှတ်ရမှ သူတို့အတွက် လမ်းပွင့်မယ်"ဟူသည့် ဂျေမီသဘောထားသည် ဂါးဖီးလ်၏ စိတ်ပညာဆရာများနှင့် ထပ်တူမကျပါချေ။
အတန်းထဲမှ ကလေးများ ဆင်ခြေဆင်လက် အမျိုးမျိုးပြပြီး ကျောင်းပျက်ကြခြင်းမှာ လူကြီးတွေဆီက အတု ယူခြင်း ဟု ဂျေမီသဘောရသည်။ ဂျေမီနှင့် သဘောထားကွဲသူ ဆရာ၊ ဆရာမများကို ဆရာကြီးက "ဆရာ တို့လည်း ကိုယ့်အတန်းကိုယ်ကြည့်ပြီး ထိန်းကြ။ ဒါပေမဲ့ ဆရာအက်စကာလန်တီနဲ့ သွားပြီးမညှိနဲ့။ သူက သူ့ကိုယ်ပိုင်စိတ်ဓာတ် စစ်ဆင်ရေးမူနဲ့ သူ့ဘာသာသူထွင်ပြီး သွားနေတာ"ဟု ညွှန်ကြားလေ့ရှိသည်။
စတိဗ်ရှ်ဘဲလ်ဆိုသည့် ကျောင်းသားကိစ္စကို ကြည့်ပါ အသားညိုညို ပိန်ပိန်ရှည်ရှည် လူချော ကလေးတစ်ယောက်ဖြစ်၏။ စကားနည်းသည်။ သူတို့နေသည့် ရပ်ကွက်ကို အောက်တန်းကျစွာ ရှုပ်ပွေလွန်းသဖြင့် 'ကြွက်သိုက်'ဟု နာမည်ပေးထားကြ၏။ အဖေနှင့်အမေက ကွဲနေသည်။ အမေက ပျံကျအလုပ်များ လျှောက်လုပ်ပြီါ် ကလေးလေးယောက်ကို ကျွေးရသည်။ ပိုက်ဆံက ဘယ်တော့မှ လောက်ငသည်မရှိ။ အခန်းနှစ်ခန်းသာရှိသည့် သူတို့အိမ်ကလေး အမြဲရှုပ်ပွနေ၏။
စတိဗ်ရှ်ဘဲလ်သည် အတန်းထဲတွင် လူတော်စာရင်းဝင် ကျောင်းသားတစ်ယောက် ဖြစ်သည်။ သချာင်္ဦးနှောက် ရှိသည့် ကလေးမျိုးဖြစ်၏။ သို့သော် သူ့အတန်းပိုင် ဆရာအက်ဒ်မာတင် က ကျောင်းမှ ပေးလိုက်သည့် အိမ်စာအလုပ်တွေ မပြီးသဖြင့် သူ့ကို မကျေနပ်။ အခြားအတန်းသို့ ပြောင်းပစ်ရန် အကြိမ်ကြိမ် ကြိုးစားသည်။ ချာတိတ်က ဘာမှပြန်မပြော။ ဆရာဆူလျှင် ပခုံးတွန့်ရုံ တွန့်ပြတတ်၏။ ဘယ်ဆရာ နှင့် မှ သူစကားများများ မပြော။ သူသည် ဆရာအက်စကာလန်တီအတွက် စိတ်ဝင်စားစရာ ကျောင်းသား ဖြစ်နေ၏။
ဆယ်တန်းရောက်တော့ အက္ခရာသင်္ချာ(၂)တွင် ဆရာ အက်စကာလန်တီအတန်သို့ သူရောက်လာသည်။ နောက်ဆုံးတန်း တွင် သူထိုင်သည်။ ကျောင်းနောက်ကျသည့် ကျောင်းသားနှစ်ယောက်ကို အတန်းထဲမှ မောင်းထုတ် နေသည့် စကားဝဲတဲတဲ သည်ဆရာကို စတိဗ်သဘောကျသွားသည်။ သည်လို ဆရာမျိုး နှင့် ဆိုလျှင် ငြီးငွေ့စရာ မဖြစ်နိုင်ဟု တွေးမိလိုက်၏။
သင်္ချာဘာသာသာသည် စတိဗ်အတွက် သိပ်အားစိုက်စရာမလိုသည့် ဘာသာရပ်ဖြစ်သည်။ အိမ်အလုပ်ပြီးသည် နှင့် ကြွက်သိုက် ဆိုးပေကလေးများနှင့် လျှောက်သွားပြီး ခပ်ပေပေနေသည်။
သည့်အတွက် မျက်နှာတွင် အမာရွတ်ကလေးတွေ ရရှိခဲ့သည်။ သူက ကျောင်း ဘင်ခရာအဖွဲ့ တွင် လည်း ဒရမ် တီးသူဖြစ်သည်။ ဆူဆူညံညံ နရီသွက် တေးသွားများကို သူအကြိုက်ဆုံးဖြစ်သည်။
ကြွက်သိုက်လူငယ်သူငယ်ချင်းများကို အကြိုတက္ကသိုလ်ဝင်တန်းတွင် သူကဲကုလ သင်တန်းသား ဖြစ်ကြောင်း ပြောတော့ သရော်ကြည့်ေ လှာင်ပြောင်ကြသည်။ နောက်ပိုင်းတွင် ရိုးရိုးသင်္ချာ ကျောင်းသား အဖြစ်ဖြင့် ၀ိုးတိုးဝါးတား လုပ်ထားလိုက်သည်။
ဆရာအက်စကာလန်တီ က သူ့ကို အမျိုးမျိုး ကြိုးစားစည်းရုံးသည်။ ပခုံးပေါ်ဝဲကျနေသည့် သူ့ဆံပင် တွေ ကို အတင်းဖြတ်ပစ်မည်ဟု ခြိမ်းခြောက်သည်။ ဒါကို စတိဗ်က ဂုဏ်ယူစရာကိစ္စဟု ထင်သည်။
သည်ဆရာဟာ တကယ့်ကို ပျင်းစရာမကောင်းတဲ့ ဆရာပဲဟု အသိအမှတ်ပြုသည်။ ကစားစရာတွေ၊ သံပြိုင်တွေ၊ ကြွေးကြော်သံ တွေ အမျိုးမျိုး ဖန်တီးတတ်သော ထူးထူးခြားခြာူး ဆရာပဲ။ ထူးထွေဆန်းပြားသည့် နည်းနာ နိဿယများ ဖြင့် နားစွဲအောင် သင်တတ်သော ဆရာပေပဲဟု အမှတ်ပေးသည်။
ဆရာဂျင်မီနက်ဇ်၏ အတန်းတွင် ကဲကုလတက်ဖူးသည်။ သည်ဆရာလည်း သိပ်မဆိုး။ ဆရာအက်စကာလန်တီ နီးပါး အသင်အပြ ကောင်းပါ၏။ အထက်တန်းရောက်မှ ဆရာ အက်စကာလန်တီ၏ အကြို တက္ကသိုလ် ကဲကုလသင်တန်းကို သူပြန်ရောက်လာခြင်းဖြစ်။ နောက်ပိုင်း အချိန်ပို သင်တန်းချိန်များတွင် စတိဗ်ရှ်ဘဲလ်သည် ဆရာ့ ကို ကူညီနိုင်သည့် လက်ထောက်ဆရာအဖြစ် တာဝန်ယူနိုင်ခဲ့သည်။
ဂျေမီအက်စကာလန်တီသည် စတိဗ်အား အချိန်ရှိတိုင်း စည်းရုံးပြီး ဒေါ်လာ၅၀၀ ဆုရမည့် အင်ဂျင်နီယာ လောင်းများ စာစီစာကုံးပြိုင်ပွဲသို့ ၀င်ပြိုင်ရန် စည်းရုံးသည်။
"မင်းရမှာ သေချာတယ် စတိဗ်၊ မင်းဒေါ်လာ ၅၀၀ ရရင် ဆရာ့ကို တစ်ရာ ပေးရမယ်နော်"ဟု ပြောတော့ ချာတိတ် က သဘောတူသည်။ ဆရာ နမိတ်ဖတ်သည့်အတိုင်း စတိဗ် ပထမ ရသည်။ သည်တော့ ဂျေမီက နောက်တစ်မျိုး စမ်းပြန်သည်။
"ဆရာမင်းကို ပိုက်ဆံချေးမယ်၊ ဆုတက်ယူဖို့ မင်းအ၀တ်အစားတွေ ၀ယ်ရမယ်လေ။ အဲဒီအတွက် မင်းက ဆရာ့ ကို တစ်ခုပြန်လုပ်ပေးရမယ်။ မင်းဆံပင်ညှပ်ရမယ်၊ ဟုတ်ပြီလား"
နောက်တစ်ပတ်တွင် ဂျေမီ့ရုံးခန်း သို့ သူရောက်လာသည်။ ဘိုကေအသစ်ဖြင့် ကိုယ်ရောင်ကိုယ်ဝါ တောက်ပ စွာဖြင့်။ ရုတ်တရက် မမှတ်မိနိုင်လောက်အောင်ပင်ပင်။ သူက အလုပ်သဘော ဆန်ဆန် လေသံဖြင့်-
"ကျွန်တော် ပိုက်ဆံရလာပြီဆရာ၊ ဒီမှာဆရာ့အတွက် ဒေါ်လာတစ်ရာ"
"မယူပါဘူးကွာ၊ မင်းကို သက်သက်နောက်တာပါ၊ အဲဒါအားလုံးမင်းပိုက်ဆံပဲ"
ချာတိတ် က အထိတ်တလန့် ဖြစ်သွားသည့် အမူအရာဖြင့်
"စိတ်မကောင်းပါဘူး ဆရာ၊ ကျွန်တော် ဆရာနောက်မှန်းမသိဘူး၊ ဘယ်သူမှ ကျွန်တော်အ့အတွက် ဘာမှ လုပ်မပေး ဖူးဘူး။ ကျွန်တော့်မှာ အဖေရှိပါတယ်။ ဒါပေမဲ့ မတွေ့တာ ကြာပါပြီ။ ဆရာနဲ့ ကျွန်တော် တစ်ယောက် ကို တစ်ယောက် နားလည်ကြတယ် ဆိုတာ ခု ကျွန်တော် သဘောပေါက်ပါပြီ"
"ဆရာလည်း စိတ်မကောင်းပါဘူး စတိဗ်။ မင်းကို နားလည်အောင် ဆရာသုံးနှစ်စောင့်ခဲ့ရတယ်။ မင်းဟာ ဆရာ့ အတော်ဆုံး တပည့် တွေ ထဲမှာ တစ်ယောက် အပါအ၀င် ပါကွာ"
ဆက်ရန်
.

3 comments:
ဖတ်ပြီးစ်..
ဆရာမ ရွှေစင်အက်စကာလန်တီနှင့် ဆရာမ ဂျင်မီစစ တို့ကို ကျေးဇူးတင်ပါတယ်။
ပြန်ပြီး စာကြိုးစားတော့မယ်း))))
ဒီလိုဆရာမျိုးတွေ များလာရင် တစ်ကမ္ဘာလုံးတောင် လင်းနိုင်ပါတယ်လေ..
သိပ်တော်တဲ့ဆရာဘဲ... သူ့လိုစိတ်ဓာတ်မျိုး အားကျတယ်..
၁ ကနေ အခု ၆ ထိ..
ဆက်တိုက်ကို အလုပ် မလုပ်ဘဲ ဖတ်ပလိုက်တယ်ဗျာ။
ကြိုက်တယ် အစ်မရေ။ အဲဒီလို ဇာတ်လမ်းရှည်လေး အေးအေးဆေးဆေး ရေးချင်လိုက်တာ။
Post a Comment